10 April 2016

အီးကေဂျီ ...

Photo from Google

အိမ်မှာ အဖေက စည်းကမ်းအရှိဆုံး ဘယ်ပစ္စည်း ဘယ်နေရာမှာ ထားတယ်၊ ပိုက်ဆံဘယ်အုပ်က ဘယ်လောက်လျော့နေတယ် ဆိုတာကအစ သိတယ်။ လူ့အရိပ်အကဲလည်း သိတယ် သမီးရေ ကြောင်အန်တော့မယ်လို့ သတိပေးရင် သတိပေးတဲ့အတိုင်း တကယ်အန်တော့တာပဲ။ ကိုယ်တို့သားအမိတွေက ဘယ်ပစ္စည်း ဘယ်နေရာမှာ ရှိသလဲဆိုတာ အကုန်မသိပေမဲ့ တော်တော်များများတော့ သိတယ်။ အဲ အဖေ့လိုတော့ ပိုက်ဆံဘယ်အုပ်က ဘယ်လောက်လျော့နေမှန်းတော့ မသိဘူး။ အိမ်မှာ စည်းကမ်းမရှိဆုံးက မောင်မောင် ဖိနပ်ကို ညီညီညာညာ ချွှတ်ပါလို့ ဘယ်လောက်သင်သင် မရဘူး။ ကျောင်းအပ်ကတည်းက ဖတ်စာအုပ်၊ ဗလာစာအုပ် နှစ်စုံဝယ်ရတယ် ပျောက်လွန်းလို့။ ဈေးဝယ်ခိုင်းလိုက်ရင် ဈေးဆိုင်က ပြန်အမ်းတဲ့အတိုင်း ယူတယ်။ ဘယ်လောက်ပေးတယ်၊ ဘယ်လောက်ကျတယ်၊ ဘယ်လောက်ပြန်အမ်းတယ်ဆိုတာ ဘယ်တော့မှ မစစ်ဘူး။ အမေက အိမ်မှာ ကိုယ်တို့ပစ္စည်း မဟုတ်တဲ့ဟာ ရောက်နေရင် သိတယ်။ မောင်မောင်က သူ့သူငယ်ချင်းနဲ့ ကျောပိုးအိတ်၊ ဦးထုပ် လဲဆောင်းကြတယ်။ အမေက ညီအစ်မချင်း တယောက်အင်္ကီျ တယောက်ယူဝတ်တာတောင် ကြိုက်တာမဟုတ်ဘူး။ အမေ ရန်ကုန်လာရင်  မောင်မောင့်ပစ္စည်း မဟုတ်တာတွေ အကုန်ပြန်ပေးပဲ။ မောင်မောင့်ရာဇဝင်မှာက ပစ္စည်းပျောက်တယ်ဆိုတာ ရိုးနေပြီ။ ဟိုးတလောတုန်းက ပုသိမ်ကိုအသွား ကျောပိုးအိတ် အခွဲခံရပြီး ပိုက်ဆံ၁၀သိန်း ပါသွားတယ် နင့်ကို အဖေ ပြောပြလား ဟင့်အင်း။ အဖေ၊ အမေက ကိုယ့်ကို ကောင်းတဲ့ကိစ္စ၊ သိသင့်တဲ့ကိစ္စလောက်ပဲ အသိပေးတယ်။

ကျန်းမာရေး သိပ်မကောင်းတဲ့ကိုယ့်ကို စိတ်အနှောင့်အယှက် မဖြစ်စေချင်လို့နဲ့ တူပါရဲ့။ အဲဒီ ၁၀ သိန်းကိစ္စမှာ မောင်မောင့်ကို အပြင်မတင်ကြဘူး။ အလစ်သုတ်သမားတွေက အိတ်ထဲမှာ ပိုက်ဆံပါတာကို သိတယ်တဲ့။ အလစ်သုတ်သမားဆိုတာ အရိပ်အခြေအနေကို အမြဲကြည့်နေပြီး အလစ်ကိုချောင်းနေတာ ဆိုတော့လေ ကိုယ်တွေဆိုရင်လည်း ခံရမှာပါပဲ။ ပိုက်ဆံအိတ်ကို ရင်ဘတ်နဲ့မကွာ ပိုက်ထားရမလိုဘဲ။ ခုလည်း ဟိုင်းကြီးကို ပိုက်ဆံလွှဲတော့ မောင်မောင်က ပုသိမ်ကို ညဖက်ကားစီးပြီး သူသွားပေးမယ်ဆိုလို့ အမေနဲ့မကြီး နားဝင်အောင် အာပေါက်လုမတတ် အကြာကြီး မနည်းဖျောင်းဖျလိုက်ရတယ်။ ပိုက်ဆံတွေက အများကြီး၊ ပြီးတော့ညဖက် အယ်မလေး ပိုက်ဆံတွေကို လုယူသွားရုံတင်မကဘဲ လူကိုသတ်သွားမှဖြင့် ဒုက္ခ။ ခုခေတ်လူဆိုးတွေက ရဲကိုတောင် ပြန်သတ်နေတဲ့ခေတ်။ ဘေးကင်းအောင် ပွဲရုံကနေပဲ လွှဲပါတော့မယ် လွှဲခက သိန်းတရာကို တသောင်းကျော်။ မောင်မင်းကြီးသားက လွှဲခတသောင်းကျော်ကို နှမြောလို့တဲ့။ သြော် သြော် တော်တော်နှမြော တတ်ပါပေတယ် ၁၀ သိန်း ပါသွားတာကိုတော့ မနှမြောဘူးလားမသိ။ အဖေ့အတွက် ကိုယ်ပေးတဲ့ ကင်ဒမ်ဖိုင်းရားနဲ့ ကင်မရာကိုလည်း ဖျောက်ပစ်တယ်။ ကိုယ့်ကို အတော်ကြာမှ အသိပေးတယ် ဒေါသထွက်လို့ ဆတ်ဆတ်တောင်တုန်တယ်။ နားရွက်တွေနီ ခန္ဓာကိုယ်တခုလုံး ပူလာပြီး အနားမှာသာ မောင်မောင်ရှိရင် ကန်ကျောက်မိမှာပဲ ဒေါသထွက်လို့ တညလုံး အိပ်လို့မရဘူး။ ပြန်လျော်ပေးပါမယ်တဲ့ အဲဒီကင်နွန်ပါဝါလျှော့ ကင်မရာလေ စန်းထွန်း ဝယ်တုန်းက စင်္ကာပူဒေါ်လာ ၅၅၀ ပေးရတယ်ဆိုတော့မှ ဟင်တဲ့။

အဖေ့ဖုန်းကို နှစ်ရက်လောက်ရှိပြီ ခေါ်မရတာ ဟိုင်းကြီးကိုများ အားချင်းဆင်းသွားသလား။ ဟိုင်းကြီးကို ဆင်းမယ်ဆိုလဲ ကိုယ်တို့ကို အသိပေးနေကြပါ။ နောက်မှ သိလိုက်ရတာက အဖေ့ဖုန်းပျောက်သွားလို့တဲ့ ကိုယ်တွေမှာ အံ့တွေသြလို့ အဖေ ဖုန်းပျောက်တယ်ဆိုတော့လေ။ အဖေနဲ့ ဖုန်းပြောတော့ အေးလေ သမီးရယ် အင်္ကီျအိတ်ထဲ ထည့်ထားတာ ပူလာလို့ ပေါင်ပေါ်တင်ထားတာ မှတ်တိုင်ရောက်လို့ ဆင်းလိုက်တဲ့အခါ ကျကျန်ခဲ့တယ်နဲ့ တူပါရဲ့။ ဒီလောက် သတိထားနေရဲ့သားနဲ့ မှ ဖြစ်ရတယ်လို့။ အဖေက နှမြောတသဖြစ်နေလို့ အဲဒီဖုန်းက သုံးတာ ၃ နှစ်လောက်ရှိနေပြီ ဈေးလည်းတအားမကြီးပါဘူး ထွက်စရာရှိလို့ ထွက်တယ်လို့မှတ်ပါလို့ ကိုယ်တွေက ပြန်ပြီးနှစ်သိမ့်နေရတယ်။ အိုင်ဖုန်း 5s ရတော့ အဖေ့မှာ သင်စရာတခု တိုးသလိုပဲ ဖုန်းကိုင်တတ်အောင်၊ ဓာတ်ပုံရိုက်တတ်အောင်၊ ဘိုင်ဘာကနေ ဓာတ်ပုံတွေ ပို့တတ်အောင်၊ နှိုးစက်ပေးတတ်အောင် သမီးတွေဆီကနေ သင်ရတယ်။ သူလည်း သိပါတယ်ဆိုပြီး သမီးတွေဆီ ဓာတ်ပုံတွေရိုက်ပြီး ပို့တတ်တယ်။ ဖုန်းပျောက်တယ်ဆိုတာ သိသိချင်း ဖုန်းခေါ်ပေမဲ့ ဖုန်းပိတ်လိုက်ပြီ။ Find my iphone နဲ့ ရှာရအောင်လည်း ကွန်နက်ရှင်ကမကောင်း။ ဖုန်းပျောက်ပြီဆိုတာနဲ့ ပြန်ရဖို့ အခွင့်အရေးနည်းတယ် ဆုံးပြီလို့ပဲ သဘောထားလိုက်တော့တယ်။ အမေက အိုင်ဖုန်းအစား ဈေးနည်းတဲ့ ရိုးရိုးဖုန်းပဲ ကိုင်တော့တဲ့ စမတ်ဖုန်းသုံးပြီးတဲ့သူက စမတ်ဖုန်းပဲ သုံးချင်မှာပေါ့။ မောင်မောင့်လိုမျိုး ခဏခဏ ပျောက်တတ်တဲ့လူဆိုရင်တော့ ဈေးပေါတဲ့ဖုန်းပဲ ကိုင်သင့်တာပေါ့။ အဖေက ပစ္စည်းပျောက်ခဲတဲ့သူဆိုတော့ စမတ်ဖုန်း ကိုင်ပါစေ။

ဟိုတလောက ဘယ်ဖက်စောင်းအိပ်ရင်နာ၊ ညာဖက်စောင်းအိပ်ရင်နာ၊ ဒေါက်တာချန်ကို သွားပြတော့ muscle cramps ကြွက်သားတွေ ညှစ်မိတာနေမှာပါတဲ့။ သူ့ဆီက ပြန်လာပြီးကတည်းက လဲတော့တာ ခွင့် ၄ ရက်ယူ နားလိုက်ရတယ်။ ဒေါက်တာလင်းဆီ သွားပြတော့ အထဲမှာ ယောင်နေတာနေမှာတဲ့ ယောင်ယမ်းတာတွေ သက်သာတဲ့ဆေး ပေးလိုက်တယ်။ အိမ်ပြောင်းတော့ ပင်ပန်းပြီး ထပ်ဖြစ်ပြန်ရော။ ဒီတခါ ဒေါက်တာချန်က အဆုပ်ကို X ray ရိုက်ခိုင်းတယ်။ ဒေါက်တာလင်းက လူးပက်စ်ရောဂါက နှလုံးကို တိုက်တတ်တာမို့ နှလုံးဆရာဝန်မနဲ့ ပြခိုင်းတယ်။ ဆရာဝန်မက သဘောကောင်းတယ် ပထမတခေါက်ကတော့ လူများနေလို့ Echo မရိုက်ခဲ့ရဘူး။ Echo က X ray လိုပါပဲ ဘယ်ဖက်ရင်အုံမှာ ဂျယ်တွေသုတ်ပြီး စက်ကလေးနဲ့ နှလုံးအဆို့ရှင်တွေ အလုပ်ကောင်းကောင်း လုပ်မလုပ်တာကို ကြည့်တာ။ နှလုံးထဲက အတံလေးက မွေးကတည်းက မပါလာဘူး အမောမခံနိုင်ဘူးနဲ့ တူတယ်တဲ့။ တအားကြီးတော့ အမောမခံနိုင်ဘူး ဒါပေမဲ့ Jogging မိနစ် ၂၀ လောက် မရပ်မနား ပြေးနိုင်တယ်၊ လမ်း ၇ မိုင် လျှောက်နိုင်တယ်၊ တောင် ၃ မိုင် တက်နိုင်တယ်၊ ပစ္စည်းအလေးတွေ သယ်နိုင်တယ် အဲ လူးပက်စ် မဖြစ်ခင်တုန်းက ဆိုပါတော့။ လူးပက်စ်သမားတွေက နှလုံးနံရံ ထူလာတတ်တယ် သမီးက မထူဘူး အကုန်ကောင်းတယ်။ လူးပက်စ်သမားတွေ ဖြစ်တတ်တဲ့ နှလုံးမှာ ရေဝင်တယ်ဆိုတာ ဘယ်နေရာမှာလဲဟင် နှလုံးအောက်နား ဒီနားလေးမှာ။ နှလုံးခုန် မြန်နေတာကိုစစ်ဖို့ EKG နှလုံးခုန်တိုင်းစက် တပ်ပေးလိုက်မယ်။ ဒီနေ့ နေ့လည် ၁ နာရီမှာ စတပ်တယ်ဆိုတော့ နောက်နေ့ နေ့လည် ၁ နာရီမှာ ဖြုတ်ရမယ်။ ဟောဒီလို  ဖွင့်ပြီး ဘထ္ထရီဖြုတ်လိုက်ရင် ရပြီ။ တနင်္ဂနွေနေ့ဆိုတော့ ဆေးခန်းပိတ်တယ် ဒါပေမဲ့ ဆေးခန်းရှေ့ကပုံးမှာ လာထည့်လို့ရတယ်။

ဒေါက်တာလင်းက နှလုံးခုန်နည်းနည်းမြန်နေလို့ EKG တပ်မယ်ဆိုတော့ ကောင်မလေးတစ်ယောက်က ဝါယာကြိုးတွေနဲ့ ချိတ်ဆက်ထားတဲ့ ဘထ္ထရီကလစ်ပြားတွ ယူလာတယ်။ ငါ့ ခန္ဓာကိုယ်ထဲကို လျှပ်စစ်တွေနဲ့ လျှော့ရိုက်မလားဆိုပြီး လန့်သွားတယ်။ အီးကေဂျီက လန့်စရာကြီးလို့ပြောတော့ ကောင်မလေးက စိတ်မပူပါနဲ့ လုံးဝမနာပါဘူးတဲ့။ မနာမကျင် ဘယ်လိုမှမနေတော့မှ အီးကေဂျီ ဆိုတာကြီးကို မကြောက်တော့တာ။ ဘာဆိုဘာမှ မကြောက်မလန့်တတ်တဲ့ သတ္တိခဲစန်းထွန်း ကြောက်တဲ့အရာတွေလည်း ရှိပါသေးတကား။ ရင်ဘတ်နားမှာ အဝိုင်းပြားတွေတပ် ခါးနားမှာ ဝေါ်ကီတော်ကီ ဖုန်းလေးကို ကြိုးတွေနဲ့ ပတ်ထားရတယ် ရေချိုးလို့မရဘူးတဲ့။ လမ်းကြုံနေလို့ ရင်ဘတ်ကို Xray ဝင်ရိုက်တော့ ရိုက်လို့မရဘူးတဲ့  နောက်နေ့မှ ပြန်လာရိုက်ပါတဲ့။ နာမည်ခေါ်တဲ့အန်တီကြီး ရှင်းပြတာကို လက်မခံချင်မှန်းသိတော့ အန်တီကြီးက Xray ခန်းထဲက တစ်ယောက်ကို ခေါ်မေးပေးတယ်။ သူက Xray ရိုက်ရင် အဲဒီစက် ရပ်သွားမှာလို့ ရှင်းပြတော့မှ လက်ခံတော့တယ်။ အဲဒီလို တော်တော်နဲ့ လက်မခံချင် ခေါင်းမာတဲ့ညဉ်ဆိုးက တခါတခါမှာ ခေါင်းပြူထွက်လာတတ်သေးတယ်။ ခါးမှာ ဝေါ်ကီတော်ကီပတ်ထားတော့  အိပ်ရတာ သိပ်အဆင်မပြေဘူး။ နောက်နေ့ နေ့လည် ၁ နာရီ စက်ကိုဖြုတ် မေစီအိတ်လေးထဲထည့် ဘေးလွယ်အိတ် မလွယ်တော့ပါဘူး။ ပိုက်ဆံအိတ်နဲ့ဖုန်း၊ သော့၊ မတ်ထရိုကဒ်ကို အနွေးထည်အိတ်ထဲ ထည့်လိုက်တယ်။ အမှိုက်တခါတည်း ပစ်မယ်ဆိုပြီး ညာဖက်မှာ အမှိုက်အိတ် နှစ်အိတ်၊ ဘယ်ဖက်မှာ မေစီအိတ် ကိုင်ထားတယ်။ တံခါးဖွင့်တော့ ညာဖက်က အမှိုက်အိတ် ၂ အိတ်ကို ဘယ်ဖက် ပြောင်းကိုင်တယ်။ တံခါးပိတ် ဓာတ်လှေကားခလုတ်ကိုနှိပ်ပြီး အမှိုက်ပစ်တဲ့ အဖုံးကိုဖွင့်ပြီး အမှိုက်ပစ်တယ်။ ဓာတ်လှေကားက ရောက်နေပြီ အမှိုက်က အောက်ကို မကျသေးဘူးဆိုတော့ အမှိုက်အဖုံးကို စောင့်ပိတ်လိုက်သေးတယ်။ အမှိုက်တွေ ကျသွားပြီဆိုတာ သေချာတော့မှ ဓာတ်လှေကားတံခါးဖုကို ဆွဲဖွင့်လိုက်တယ်။

ဟင် အီးကေဂျီ ထည့်ထားတဲ့ မေစီအိတ်က ဘယ်မှာပါလိမ့် အမှိုက်အိတ်တွေနဲ့ ရောပစ်လိုက်ပြီလား။ ဘုရား ဘုရား မဟုတ်ပါစေနဲ့ တံခါးပြန်ဖွင့် ကိုယ့်အခန်း၊ ဧည့်ခန်း၊ မီးဖိုချောင်မှာရှာတော့ မေစီနဲ့တူတဲ့အိတ်ဆိုတာ မတွေ့။ ဘုရားရေ သေချာပြီ အမှိုက်အိတ်နဲ့ ရောပစ်လိုက်ပြီ ဒုက္ခပါပဲ။ ဓာတ်လှေကားရဲ့ ဘေးနားမှာ အမှိုက်ပစ်တာဆိုတော့ မြေအောက်ထပ် ဓာတ်လှေကားရဲ့ ဘေးမှာ အမှိုက်ကန် ရှိမှာပဲ အဲဒီမှာ သွားရှာရမယ်။ မြေအောက်ထပ် ဓာတ်လှေကားဘေးက အခန်းကိုတော့ တွေ့ပါရဲ့ သော့ခတ်ထားတယ်။ အိမ်ရှင်ကောင်မလေးကို အကျိုးအကြောင်း ပြောပြပြီး စူပါ့ (တိုက်ခန်းကြီးကြပ်ရေးမှုး) ဖုန်းနံပါတ်တောင်းတော့ သူ့မှာမရှိဘူးတဲ့။ ဒါပေမဲ့ မြေအောက်ထပ်မှာ စူပါ့ရုံးခန်း ရှိတယ် သူ့ရုံးခန်းရှေ့မှာတော့ သူ့ဖုန်းနံပါတ်ရှိလိမ့်မယ်။ သူပြောတဲ့အတိုင်းပါပဲ စူပါ့ရုံးခန်းရှေ့မှာ စူပါ့ဖုန်းနံပါတ်တွေ့တယ်။ အကျိုးအကြောင်း ပြောပြတော့ သူက နယူးယောက်ရဲ့ ၂ နာရီအဝေးမှာ ဒီနေ့ တနင်္ဂနွေ၊ တနင်္လာနေ့ မနက် ၈ နာရီ လာခဲ့ပါ အမှိုက်ကောင်လေး အမှိုက်လာသိမ်းတဲ့အခါ ရှာပေါ့တဲ့။ တော်တော့်ကို စိတ်ရှုပ်သွားတယ် အဲဒီစက်က ဈေးကြီးလိမ့်မယ်။ အသိအစ်မကို ဖုန်းဆက်ပြောပြတော့ ဟောတော့ စန်းထွန်းတို့ကတော့ ဖြစ်ရမယ်။ အီးကေဂျီစက်တွေက မော်ဒယ်အမျိုးအစားပေါ် မူတည်ပြီး ဈေးလည်းကွာတယ်။ အမှိုက်ပုံးထဲ လွှင့်ပစ်မိတာလို့ မပြောနဲ့ ဘတ်စ်ကားပေါ်မှာ မေ့ကျန်ခဲ့တယ်လို့ပြောပေါ့။ တချို့အာမခံတွေက ပစ္စည်းပျောက်တာတွေကို ကာဗာဖြစ်တာ ရှိတယ်။ ဆရာဝန် ဒစ်စကောင့်နဲ့ဆို သက်သာတာတွေ ရှိပါလိမ့်မယ်။ စူပါက ပြောဖူးတယ် အမှိုက်တွေကို အမျိုးအစားခွဲပြီး ရီဆိုင်ကယ်လုပ်သင့်တာလုပ်၊ မီးရှို့သင့်တာတွေ မီးရှို့တယ်တဲ့ ပြန်ရမှာပါ။

အင်တာနက်မှာ ရှာကြည့်တော့ အီးကေဂျီ စက်တန်ဖိုးက ၃၀၀ ကနေ ၅၀၀ ကြား။ အောင်မလေး သတိတချက် လွတ်တာနဲ့ ပိုက်ဆံကုန်ပေါက်။ မကြီးက သူလည်း ယောင်ပြီး နားကြပ်ကို ပစ်မိလို့တဲ့။ နားကြပ်ပစ်မိတာက တော်သေးတယ် အီးကေဂျီစက်ကို ပစ်မိတာက တော်တော်ဆိုးတာ။ သြော် ဒါကြောင့် ဘုရားက ဟောတာ အမြဲသတိကပ်ပါလို့။ မတွေ့ရင်လည်း လျော်ရမှာပေါ့ ရှောင်ပြေးလို့မှ မလွတ်တာ။ အင်း မနက်ဖြန်မနက် အမှိုက်ပုံးထဲ ခေါင်းစိုက်နေတဲ့ စန်းထွန်းဖြစ်အင်ကို မြင်ယောင်မိသေးတယ်။ အစကတော့ နေ့တဝက် ခွင့်ယူမလားလို့ နောက်တော့ စက်တွေ့ရင် ပြန်သွားပေးရမယ်၊ အဆုပ်ကိုလည်း Xray ရိုက်ရဦးမယ်၊ သွေးလည်း ဖောက်ရဦးမယ်ဆိုတော့ ခွင့်တရက် ယူလိုက်တယ်။ အမှိုက်ပုံးထဲ ရှာရမှာဆိုတော့ လျှော်မဲ့အဝတ်တောင်းထဲက အင်္ကီျတွေဝတ်၊ မနက် ၈ နာရီ စူပါ့ရုံးခန်းနားစောင့်၊ တံခါးလာဖွင့်တဲ့သူကို စူပါလားမေးတော့ မဟုတ်ဘူးတဲ့၊ အကျိုးအကြောင်းပြောပြတော့ သူက အမှိုက်တွေကို တာဝန်ယူတဲ့သူတဲ့၊ မေစီအိတ်ထဲမှာ ထည့်ထားတာ မေစီအိတ်ကလည်း အပွင့်လက်ကိုင်အိတ် ကျွှတ်ကျွှတ်အိတ်လို ချည်ထားတာ မဟုတ်ဘူး။ အမှိုက်ပစ်ရင်း တစစီများ လွှင့်ထွက်သွားပြီလား မသိဘူး။ ဖုန်းထဲက ဓာတ်ပုံကိုပြပြီး အဲဒီလို အဝိုင်းပြားလေးတွေကို ဝါယာကြိုးနဲ့ ချိတ်ထားတာ၊ ဝေါ်ကီတော်ကီလိုမျိုးလေး။ အားလုံးက တစုတစည်းတည်း ချိတ်တွဲထားတာလား ဟုတ်တယ်။ အဲဒီစက်က ဈေးကြီးတယ် ဆရာဝန်မကို ပြန်ပေးရမှာ မတွေ့ရင်တော့ လျော်ရတော့မှာပဲ။ အိုကေ သတိထားပြီး ရှာပေးမယ် ကျေးဇူးတင်ပါတယ် ကူရှာပေးရမလား နိုး နိုး ဘယ်အခန်းမှာ နေသလဲ 4T အိုကေ တွေ့ရင် လာပေးမယ် ကျေးဇူး။

အဆုပ်ကို Xray သွားရိုက်ပြီးအပြန် စူပါ့ရုံးခန်းကိုသွားတော့ အမှိုက်ဦးလေးကြီးကို တွေ့တယ်။ နင့်ညီမကို ပေးခဲ့တယ် ကျေးဇူးတင်ပါတယ် တဖ်စ် နိုး နိုး မလိုပါဘူး ယူပါ ကျေးဇူးတင်လွန်းလို့ပါ။ အခန်းများ မှားပေးခဲ့ရင် ဒုက္ခ တခေါက်ပြန်လှည့်ပြီး ဦးလေးကြီး အခန်းနံပါတ် 4T ကို ပေးခဲ့တာနော် ဟုတ်တယ် 4T။ ထမင်းစားခုံမှာရှာတာ မတွေ့လို့ အိမ်ရှင်ကောင်မလေးကို ဖုန်းဆက်မေးကြည့်တော့ ကိုယ့်အခန်းဝမှာ ချထားတယ်တဲ့။ ညစ်ပတ်ပေတူးနေတဲ့ မေစီအိတ်လေးကို မြင်လိုက်ရချိန်မှာ ကိုယ်ဘယ်လောက် ဝမ်းသာသွားတယ် ထင်သလဲ ဟူး ခုမှပဲ အပူလုံးကြီး ကျသွားပြီ။ မေစီအိတ်ထဲမှာ ဘတ္တရီတောင် ပါသေးတယ် ကိုယ်က လွှင့်ထွက်သွားပြီလို့ထင်တာ။ အသိအစ်မက ဖုန်းခေါ်ထားတယ် စက်ပြန်ရမရ သိချင်လို့တဲ့။ သတင်းကောင်းကို အစ်မတွေကို အသိပေး။ နောက်နေ့မနက် ရုံးတက်တော့ တရုတ်မယန်းက နင့်နှလုံးစစ်တာ ဘယ်လိုလဲလို့ မေးတယ်။ စနေနေ့မှာ ကိုယ့်နှလုံးကို Echo နဲ့စစ်မှာကို သူ့ကို ပြောပြထားတော့ နေများမကောင်းလို့ ခွင့်တရက်များ ယူသလားပေါ့။ နှလုံးကကောင်းတယ် အီးကေဂျီစက်ကို အမှိုက်ပုံးထဲ ပစ်မိလို့ ရှာနေရတာနဲ့ ခွင့်ယူလိုက်ရတာ။ ဟောတော့ စန်းစန်းကတော့ ဖြစ်ရမယ်။ အင်း နောက်နောင် နမော်နမဲ့ သတိလက်လွတ် မဖြစ်ရလေအောင် အထူးသတိထားရမယ်။ ကိုယ်လား အဲဒီလို ဖြစ်လိုက်ရင် ကြားရသူတွေမှာ ရင်ထိတ်စရာ။

စန်းထွန်း
ဧပြီ ၁၀၊ ၂၀၁၆။

02 April 2016

အက်ပီတန် ဝိတ်ဂိမ်း...

ငယ်ငယ်တုန်းက မကြီးနဲ့မောင်မောင်က ထမင်း ၁ ပန်းကန်ပဲ စားပေမဲ့ ကိုယ်က ၃ ပန်းကန်တောင် စားတယ်။ အိမ်မှာ ဘိုးဘိုးက ထမင်းအရင်စားတယ် ပြီးရင် အဖေနဲ့အမေ ပြီးရင် ဆန်းဝင်း၊ လှဋ္ဌေး၊ အိမ်ကအလုပ်သမားတွေ စားတယ်။ ကိုယ်က ဘိုးဘိုးဝိုင်း၊ အဖေအမေဝိုင်း၊ အလုပ်သမားဝိုင်း သုံးဝိုင်းဆက်အောင် စားတယ်။ ဟင်းကောင်းတယ်ဆိုရင် ရှေ့နောက်မကြည့်ဘူး အကုန်စားထည့်လိုက်တာပဲ။ မိဘတွေကလည်း သူ့သားသမီးတွေ စားနိုင်တာကိုကြည့်ပြီး ပီတိဖြစ်နေတာ။ ပုသိမ်မှာ ကျောင်းတက်တော့ အသိဆရာမအိမ်မှာနေ ထမင်းလပေးစားတော့မှ စည်းနဲ့ကမ်းနဲ့ နေတတ်သွားတယ် အပိုးကျိုးသွားတယ် ဆိုပါတော့။ ကိုယ့်ခန္ဓာကိုယ်က မပိန်မဝ အနေတော်။ သူများတွေက စာမေးပွဲနီးရင် စိတ်ဖိစီးလို့ ပိန်တယ်။ ကိုယ်က အိပ်လိုက် စားလိုက်နဲ့ ဝိတ်တက်လာတယ်။ အူအတက်ရောင်တော့ ဆရာဝန်က ခွဲမလား၊ ဆေးသောက်မလားလို့မေးတယ်။ စာမေးပွဲကလည်း နီးနေပြီ ခွဲရင် ဘတ်စ်ကားစီးလို့မရဘူး ချုပ်ရိုးပြေသွားမှာစိုးလို့တဲ့။ ဒီတော့ ဆေးသောက်တယ် ၁၀ရက်လောက် အရည်ပဲသောက်ရတော့ ပိန်ကျသွားတယ်။ ကိုယ့်သူငယ်ချင်းတွေက ပိန်သွားတဲ့ကိုယ့်ကိုမြင်တော့ စိတ်မကောင်းဘူးတဲ့။ စင်္ကာပူရောက်တော့ အစ်မတွေက ကိုယ့်ကိုဝိတ်ချခိုင်းတယ်။ ဝိတ်ချခိုင်းရအောင် ကိုယ်က ဝနေတာမှ မဟုတ်တာ ဗိုက်ပူနေလို့တဲ့ အင်္ကီျအကျပ်တွေဝတ်ရင် မလှဘူးတဲ့။ ကိုယ်က အရင်ကတည်းက အလှအပကို သိပ်စိတ်ဝင်စားတဲ့သူမှ မဟုတ်တာ don't care ။

၂၀၀၂ ဒုတိယနှစ်ပြီးတော့ ကျောင်းကနေ ပုဂံ၊ ပုပ္ဗား လေ့လာရေးခရီး ထွက်တယ်။ ပုပ္ဗားတောင်ကလပ်နဲ့ တောင်မကြီး ဘယ်ဟာတက်မလဲ ရွေးကြတော့ တောင်ကလပ်က ၁ နာရီလောက်နဲ့တင် တက်လို့ပြီးတယ်။ နောက်တစ်ခေါက် လာရင်လည်း တက်ဖို့လွယ်တယ်။ တောင်မကြီးကတော့ ၄ နာရီလောက် တက်ရမှာ ဂိုက်နဲ့တက်မှဆိုတော့ တောင်မကြီးတက်ဖို့ ရွေးလိုက်ကြတယ်။ တောင် ၃ ၊ ၄ တောင်လောက် ဖြတ်ပြီးမှ တောင်မကြီးဆီရောက်တယ်။ ကိုယ်၊ ဝေ၊ အိကေ ကိုယ်တို့သုံးယောက်က တောင်မကြီးကို ပထမဆုံးရောက်တဲ့ မိန်းကလေးအဖွဲ့။ မြတ်မွန်က လူတိုင်းနဲ့ စကားပြောနေတော့ ဘယ်နေရာမှာ ပြတ်ကျန်ခဲ့သလဲမသိ။ ကိုယ်တို့ရှေ့မှာ အောင်ကြီးတို့အဖွဲ့ပဲ ရှိတယ်။ ကိုယ်တို့အိတ်တွေ သယ်ပေး၊ ရေတိုက်၊ အောင်ကြီးလွယ်အိတ်ကို ဆွဲပြီးတက်၊ လေးဖက်ထောက် တက်ရတဲ့နေရာရောက်တော့ ဝတုတ်လေးကျော်သူက အထက်ကနေ မိန့်မိန့်ကြီးထိုင်နေတော့ လက်ကမ်းပြီး ဆွဲကူမလားမှတ်တယ် ဒင်းက ရောက်တော့မယ်ဟ တက်ပါဟနဲ့ ပါးစပ်ကလေးနဲ့ပဲ အားပေးရှာတယ်။ တောင်ထိပ်မှာ ဘုန်းကြီးကျောင်း၊ တာဝါတိုင်ရှိတယ်။ တောင်ထိပ်ကနေ မြင်ရတဲ့မြင်ကွင်းက အင်မတန်လှတယ်။ မြန်မာပြည်အလယ်ပိုင်းရဲ့ အိုအေစစ်ပုပ္ဗားတဝိုက်က စိမ်းလဲ့နေလိုက်တာ။ ၄ နာရီလောက် ပင်ပင်ပန်းပန်း တက်ခဲ့ရတဲ့အမောတွေ ပြေသွားတယ်။ တိမ်တွေ ဝင်တိုက်သွားတဲ့အခါ ရင်ထဲအေးကနဲ ဖြစ်သွားတယ်။ ပြန်ဆင်းတော့ မြန်တယ် ၄၅ မိနစ်လောက်ပဲကြာတယ် မနည်းဘရိတ်အုပ်ပြီး ဆင်းရတယ်။

ပုပ္ဗားတောင်ကလပ်ကနေ မြင်ရတဲ့ ပုပ္ဗားတောင်မကြီး
ညာဖက်အစွန်ဆုံးမှာ ပုပ္ဗားတောင်ကလပ်ကို မြင်ရတယ်

တတိယနှစ်ရောက်တော့ အောင်ကြီး၊ ဘကြီး၊ ကျော်ကြီး၊ အလီ၊ အထွန်း၊ ဇေယျာဝင်းတို့နဲ့ ခင်တယ်။ အီးကြောင်လို့ ချစ်စနိုးခေါ်ကြတဲ့ အောင်ကြီးကို အခင်ဆုံး။ ခုတော့ အိကေရဲ့ ချစ်ခင်ပွန်း။ ဂုဏ်ထူးတန်း၊ မာစတာရောက်တော့ ဘကြီးတစ်ယောက်ပဲ ကျန်တော့တယ်။ ဘကြီးဆိုတာ နာမည်ရင်း မဟုတ်ဘူး ငါ့ဘကြီးဘုန်းကြီးကလေလို့ ပြောတတ်လို့ ဘကြီးဘုန်းကြီးလို့ နာမည်ပြောင် ရတာကနေ ဘကြီးလို့ပဲ ခေါ်ကြတော့တယ်။ ဘကြီးက စာတော်တယ် စာအုပ်ကြီးတွေ ဖတ်တယ် စာသင်တယ် အင်မတန်ပိန်တယ်။ လက်မောင်း၊ ခြေသလုံးက တကယ့်ပလွေရိုး။ ဗလတောင့်တောင့်၊ ကြွက်သားအမြောင်းမြောင်း၊ 6 packs ရှိတဲ့သူဆို ကောင်မလေးတွေက ရင်ခုန်စရာ။ စွပ်ကျယ်လေးဝတ်၊ ဒူးလောက်ဘောင်းဘီတိုလေးနဲ့ ဘောလုံးကန်နေတဲ့ ဘကြီးကို မြင်ရရင် ရင်ခုန်ရုံတင် မကဘူး ရင်ပါတုန်သွားစေရမယ်။ ကိုယ်တို့သူငယ်ချင်းတွေစု မဖြစ်စလောက် မုန့်ဖိုးလေးပေးပြီး ဘကြီးကို ပရိုဂရမ်းမင်း သင်ခိုင်းတယ်။ အိမ်စာပေးရင် ဘယ်တော့မှ မလုပ်ဘူး ဘကြီးကိုပဲ ပြန်လုပ်ခိုင်းတယ်။ စာအုပ်ငှားပြီး ပြန်မပေးလို့ ဘယ်သူငှားမှန်းလည်း မမှတ်မိ ကိုယ်တို့အုပ်စုထဲက ငှားမှန်းတော့ သိတယ်။ ဘကြီးက စာအုပ်ပြန်တောင်းရင် ကိုယ်တို့က မငှားပါဘူး နင် အမှတ်မှားနေတာနေမှာ ငါ မငှားတာတော့ သေချာတယ်။ တစ်နှစ်အကြာ ကိုယ့်သူငယ်ချင်းက စာအုပ်တွေ ပြန်ရှင်းလို့ အဲဒီစာအုပ် ပြန်တွေ့တော့မှ ပြန်ပေးဖြစ်တယ်။ တကယ့်ဆိုးဆိုးဝါးဝါးလေးတွေ။

မာစတာတက်တော့ ဘကြီးကိုကြိုက်တဲ့ ခိုင်ဆိုတဲ့ ကောင်မလေးတစ်ယောက် ရှိတယ်။ သူကြိုက်တာကိုလည်း တတန်းလုံး သိတယ်။ အဲဒီတုန်းက ကိုယ်တို့မာစတာတစ်တန်းတည်း ဖွင့်တာ။ တောင်ငူ၊ ပုသိမ် ကွန်ပျူတာတက္ကသိုလ်ကနေ မာစတာဝင်တဲ့သူတွေ ရန်ကုန်မှာ လာတက်ရတာ။ ကျောင်းသား အယောက် ၁၀၀ ကျော်မှာ ယောကျာ်းလေးက ၁၀ ယောက်တောင် မပြည့်ဘူး။ ကိုယ်တို့ကျောင်းကားဘေးနား ဘကြီးတို့ကျောင်းကား ဖြတ်သွားရင် ဟေး ... ခိုင် ဟိုမှာဘကြီး။ ခိုင်က ဒိုင်နာကားနောက်မှာ တွယ်စီးနေတဲ့ ဘကြီးကို လက်တွေပြ၊ ဖလိုင်းကစ်တွေပေးရင် ကိုယ်တို့တကားလုံး တဝါးဝါး တဟားဟား။ ခိုင် နင် ဘယ်လိုကနေစပြီး ဘကြီးကို ခိုက်သွားတာလဲ ကိုယ်တို့ကဗျူးရင် ခိုင် ပြန်ဖြေတာတွေကို ကိုယ်တို့က တဟားဟား။ ခိုင် နောက်ပိုးတာက ဘကြီးကို လိုက်စနေသလိုပဲ။ ခိုင်က ငါ ဘကြီးကို အပျော်ကြံတာ မဟုတ်ရပါဘူး အတည်ကြံတာပါဆိုလို့ ကိုယ်တို့မှာ ရယ်လိုက်ရတာ။ ဘီယာသောက်ပြီး မူးလာရင် ကားပေါ်ကနေ ခုန်ချဖို့လုပ်လို့ ခိုင့်ကို ဘီယာမတိုက်ရဲဘူး။ ခိုင်က တကယ့်ငပြောင်။ အဲဒီတုန်းက အက်ပီတန်ဝိတ်ဂိမ်း ကာတွန်းကြေငြာလေးတစ်ခု ရှိတယ်။ ပူဖောင်းလေးတွေ ကိုင်လာတဲ့ ပိန်ပိန်ညောင်ညောင်ကောင်လေး လေပြင်းတိုက်တဲ့အခါ ကောင်လေးက ပူဖောင်းနဲ့အတူ လွင့်သွားလို့ အက်ပီတန်ဝိတ်ဂိမ်း သောက်ပါတဲ့။ အဲဒီကြေငြာလည်းတွေ့ရော ဘယ်သူ့ကို ပြေးမြင်ယောင်တယ် ထင်သလဲ။

ပုဂံရှေးဟောင်းသုသေတနပြတိုက်ရှေ့

နောက်နေ့ စာသင်ဝိုင်းမှာ ဟေ့ ဘကြီး နင် ကြေငြာမင်းသားလုပ်ဖို့ ဝင်လျှောက်သင့်တယ်။ မျက်လုံးလေး ပေကလပ် ပေကလပ် အူကြောင်ကြောင် ဖြစ်သွားတဲ့ပုံနဲ့ ဘာကြေငြာလဲဟင် အက်ပီတန်ဝိတ်ဂိမ်းကြေငြာလေ နင်နဲ့ဆို အံကိုက်ပဲ တိန် ။ တကယ်ပြောတာ နင်နဲ့ဆို အသင့်တော်ဆုံးပဲ။ ကိုယ် ဘကြီးကို ဖဲ့နေတာကို ဘေးက သူငယ်ချင်းတွေက တဝါးဝါး တဟားဟားနဲ့ပေါ့။ ဘာမှတော့ ပြန်မပြောဘူး ဘကြီးခမျာ အောင့်သက်သက်နဲ့ ခံလိုက်ရမှာပဲ။ ဝဋ်ဆိုတာများလေ နောင်ဘဝထိတောင် မစောင့်ဘူး အဲဒီအဖြစ်အပျက်တွေဖြစ်ပြီး ဆယ်နှစ်အကြာ။ ကိုယ့်မှာလူးပက်စ် ဖြစ်နေတယ်လို့ သိလိုက်ရတာ ၂၀၁၄ ဒီဇင်ဘာ အဲဒီတုန်းက ၁၁၆ ပေါင်။ လူးပက်စ် Active ဖြစ်ရင် လည်ချောင်းတွေနာ၊ အစားအသောက်တွေပျက်၊ တစ်ယောက်တည်းသမားဆိုတော့ ဖွယ်ဖွယ်ရာရာ လုပ်မစား၊ အပြင်စာတွေ ဝယ်စားတဲ့သူ၊ ချက်ဖို့ပြ ုတ်ဖို့ ပျင်းတဲ့လူ။ ဒီလိုနဲ့ ဝိတ်တွေကျလာလိုက်တာ ၂၀၁၅ ဒီဇင်ဘာလည်းရောက်ရော ၉၆ ပေါင်ပဲ ရှိတော့တယ်။ ပေါင် ၂၀ တောင် ကျသွားတော့ တွေ့တဲ့သူတိုင်းက ပိန်သွားလိုက်တာလို့ ပြောကြတယ်။ ရှေ့လက အိမ်ပြောင်းတာ ပစ္စည်းတွေသိမ်းဆည်းရ၊ ထုပ်ရပိုးရ ပင်ပန်းလို့ ၃ ပေါင် ထပ်ကျသွားတာ ၉၃ ပေါင်။ နေလို့မကောင်းဘူး အားနည်းတယ် မောမောနေတတ်တယ်။ ဝိတ်တက်အောင်လို့ ရုံးကို အစားအစာတွေ အများကြီးသယ် တနာရီခြားတခါ နည်းနည်းစီစားတယ်။ ရုံးကတရုတ်မ ယန်းကို ငါ ပေါင် ၂၀ တောင် ကျသွားတယ်လို့ပြောတော့ သူက မယုံချင်သလို။ တစ်နေ့ ဟင် ... နင် ပေါင် ၂၀ ကျသွားတယ်ဆိုတာ တကယ်ပဲ ငါအခုမှ ခံစားမိတယ် ကြည့် နင့်လက်မောင်းရင်းက ငါ့လက်မောင်းဖျားလောက်တောင် မရှိဘူး။ ဘေးက ရုရှကြီးကလည်း အေး ဟုတ်ပါရဲ့။ အင်္ကီျအကျပ်တွေ မဝတ်နဲ့ နည်းနည်းပွပွလေးဝတ်။ ယန်းပြောတော့မှပဲ ကိုယ်လည်း ခန္ဓာကိုယ်အတိအင်္ကီျတွေ မဝတ်တော့ဘူး။ တော်ကြာ ကိုယ့်ဗလကို မြင်သွားရင် အားကိုးချင်စိတ် ပေါက်သွားမှာစိုးလို့။

နေ့လည်စာ pantry ထဲမှာစားတော့ အမေရိကန်တွေ ကယ်လိုရီသိပ်တွက်တဲ့ အကြောင်းပြောကြရင်း ဂျော်ဒန်ကြီး ဂျမားက စန်းစန်းရေ မင်းကတော့ ကယ်လိုရီကိစ္စ ပူစရာမလိုဘူးနော် ကောင်းလိုက်တာ။ ကယ်လိုရီကိစ္စ မပူရပေမဲ့ ဝိတ်ကိစ္စ ပူရတယ်အေ့ ပေါင်ချိန်စက်မှာ ဘယ်နှစ်ပေါင်တက်သလဲလို့ အမြဲတိုင်းရတယ်။ ပေါင်တက်လာရင် ဝမ်းသာတယ် ကိုယ်က ဝိတ်တက်အောင် ကြိုးစားနေတာ။ အယ်မလေး မင်းက ငါတို့နဲ့ပြောင်းပြန် ငါတို့က ဝိတ်ကျအောင် ကြိုးစားနေရတာ။ ပွာတိုရီကိုသူ လီဆာက ငါတို့အိမ်ကိုလိုက်ခဲ့ လက်ဖျောက်တီးလိုက်ရင်း အဲဒီလို ဖြစ်သွားစေရမယ်။ အမေရိကန်စာတွေစား ဝိတ်တက်လိမ့်မယ် အမေရိကန်စာမှ မကြိုက်တာ ဒါဆို အီတလီစာတွေစား ရုရှကြီးက ပေါင်မုန့်စားတဲ့။ ကိုယ်တို့ရုံးက ဝေါထရိတ်စင်တာရဲ့ တဖက်ကမ်းမှာ ပင်လယ်နဲ့နီးတော့ လေတအားတိုက်တယ်။ တိုက်အမြင့်ကြီးတွေကို သွေဖယ်ပြီး တိုက်လာတော့ ရုံးဘေးက ကားလမ်းက လေအရမ်းထန်တယ်။ တခါတလေ လူကရွေ့သွားတယ်။ တနေ့ မန်နေဂျာပေါလ်က စန်းစန်းနဲ့ယန်း မင်းတို့နှစ်ယောက် ရုံးဘေးကလမ်းကိုကူးရင် သတိထားပြီးကူး လွင့်ပါသွားလိမ့်မယ်။ ယန်းက ကိုယ်ဒီလောက် မပိန်ပါဘူး စန်းစန်းက အပိန်ဆုံး။ လီဆာ၊ အေမီကပါ ဟုတ်တယ် စန်းစန်း။ စန်းစန်းရေ သတိထား လေတိုက်ရင် တွေ့ရာတိုင်ဖြစ်ဖြစ် တခုခုကိုဖက်ထား။ အင်း ကိုယ်လည်း စဉ်းစားနေတာ တံမြက်စည်းဝယ်ရင် ကောင်းမလားလို့ ဟယ်လီပေါ်တာလိုလေ တံမြက်စည်းစီးပြီး ရုံးလာရင် ကောင်းမလားလို့။ ဟား ... ဟား ဝတ်ဇတ်တွေ လိုမျိုးပေါ့။ ကိုယ့်ရုံးဘေး ပြတင်းပေါက်နားမှာ ဖလပ်ဖလပ်နဲ့ ပျံသွားရင် စန်းစန်းပဲ။



အသက် ၃၅ နီးလာပြီ ကိုယ့်သူငယ်ချင်းကောင်လေး တော်တော်များများ ဘီယာဗိုက်တွေကိုယ်စီနဲ့။ ဘကြီးကတော့ ကလေးအဖေ ဖြစ်လာပေမဲ့ အရင်အတိုင်း အက်ပီတန်ဝိတ်ဂိမ်း ကြေငြာမင်းသားလုပ်လို့ ရနေဆဲ။ ခုဆို ဘကြီးကတော့ ပြောတော့မှာပဲ နင်လည်း အက်ပီတန်ဝိတ်ဂိမ်း ကြေငြာမင်းသမီးလုပ်လို့ ရပြီလို့။

စန်းထွန်း
ဧပြီ ၂ ၊ ၂၀၁၆။

26 March 2016

မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၉

အမေရိကန်မှာ တစ်ကောင်ကြွက် ဖြစ်နေတဲ့ကိုယ့်ကို အဖေက အိမ်ထောင်ပြ ုစေချင်တယ်။ အဖေကသာ အိမ်ထောင်ပြုစေချင်တာ သမီးဖြစ်သူက ရည်းစားတောင်မရှိ။ သူများတွေများ နိုင်ငံခြားရောက်တာနဲ့ အထီးကျန်လို့ အမကျန်လို့နဲ့ အွန်လိုင်းကနေ ရည်းစားရ။ ကိုယ့်မှာတော့ ကျောင်းတက်တုန်းက မနက် ၁ နာရီထိ စာလုပ်ရလို့၊ အလုပ်လုပ်တော့လည်း အလုပ်တွေပိ၊ အပတ်စဉ် အဆိုင်းမန့်၊ တလခွဲတခါ စာမေးပွဲတွေပိ၊ မြန်မာသူငယ်ချင်းမရှိ၊ အွန်လိုင်းကနေလည်း မဒိတ်ချင်နဲ့အရွယ်တော်တစိတ်ဟိုင်းလို့ အပျိုကြီးစာရင်း ဝင်လာပြီ။ နယူးယောက်မြို့ နွေရာသီရုံးပိတ်ရက် မနက်စာစားပြီးတော့ သတင်းနားထောင်နေတဲ့  သမီးဖြစ်သူကို အဖေလုပ်သူက "လှလှပပ ပြင်ပြင်ဆင်ဆင်နေမှ ယောကျ်ားတွေက ကြိုက်မှာပေါ့"။ လှလှပပ ပြင်ပြင်ဆင်ဆင် နေတာပဲ ဘီဘီကရမ်လိမ်း၊ မျက်ခုံးမွှေးဆွဲ၊ နှုတ်ခမ်းနီဆိုး ဒီထက်အပြင် ဘာများအလှပြင်ရဦးမှာလဲ။ ရုံးမသွားခင် ဆိုးထားတဲ့ နှုတ်ခမ်းနီက မနက်မုန့်စားပြီးတာနဲ့ ပျက်ကုန်ရော။ အိုင်လိုင်နာဆိုးရင် မျက်ခွံမို့လို့ပေ မက်စ်ကာရာဆိုးရင် မျက်လုံးယားလို့။ စက်ဆီဖြစ်တောင် အတိုဝတ်ဖို့ကလည်း ကိုယ့်ခြေသလုံးတွေက ကရင်မခြေသလုံးလို တုတ်တုတ်ခဲခဲ။ ငယ်ငယ်တုန်းက မျောက်ရှုံးအောင်ဆော့၊ စက်ဘီးစီး၊ စကူတာစီးလို့ လဲကျတဲ့ဒဏ်ရာတွေ၊ ခြင်ကိုက်လို့ကုတ်တဲ့ ဒဏ်ရာတွေက ခြေသလုံးမှာ။ မောင်မောင်ကဆို စကပ်တို မဝတ်ပါနဲ့စန်းထွန်းရာတဲ့။ ခုလူးပက်စ်ဖြစ်တော့ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ပဲ ဝတ်ရတော့တယ်။ သမီးလူးပက်စ်က ဒီလောက်ကိုက်ခဲနေတာ ဘယ်လိုလုပ် အိမ်ထောင်ပြုမှာတုန်း။ "ယောကျ်ားယူပြီး ကလေးမွေးလိုက်ရင် သွေးသားပြောင်းပြီး ပျောက်ချင်ပျောက်သွားမှာပေါ့" ။

ဒီရောဂါက ပျောက်သွားမဲ့ရောဂါမှ မဟုတ်တာ။ အိမ်ထောင်ပြုရင် ယောက်ျားကို ပြုစုရမှာ ခုတောင် ပင်ပန်းလို့ အများကြီး အနားယူရတာ သမီး ယောကျ်ားကို မပြုစုနိုင်ဘူး အဖေ။ "အိုး ... ယောကျ်ားက ပြုစုမှာပေါ့"။ ယောကျာ်းဆိုတာမျိုးက အိမ်ထောင်ကျရင် မိန်းမချက်‌ကျွှေးတာစားမယ်၊ မိန်းမဆင်ပေးတာ ဝတ်မယ်၊ မိန်းမပြုစုတာခံမယ်လို့ပဲ ကြားဖူးတယ်။ သမီးတသက် မိန်းမကို ပြုစုဖို့ အိမ်ထောင်ပြုတဲ့ယောကျ်ားလို့ မကြားဖူးဘူး။ ဒီရောဂါနဲ့ အိမ်ထောင်ပြုလို့ မဖြစ်ပါဘူး အဖေရာ။ လက်ထပ်ရမဲ့သူမရှိတော့ လူးပက်စ်ကို အကြောင်းပြပြီး ငြင်းနေတယ်။ အိမ်ထောင်ပြုချင်လာရင် အဖေ မတားနဲ့တော့ သိကြားမင်း ဆင်းတားတောင် မရတော့ဘူးလို့ ပြောနေမလားဘဲ။ ကိုယ့်မှာဖြစ်နေတဲ့ လူးပက်စ် Lupus ရောဂါဆိုတာ autoimmune disorder ကိုယ်ခံအားစနစ်က ဘတ်တီးရီးယားတွေ၊ မကောင်းတဲ့ဆဲလ်တွေ တိုက်ထုတ်ရမဲ့အစား ကောင်းတဲ့ဆဲလ်တွေကို ပြန်တိုက်တဲ့ရောဂါ။ မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်ကြောင့် ဖြစ်နိုင်တယ်လို့ ယူဆကြပေမဲ့ ဘာကြောင့်ဖြစ်မှန်း မသိသလို ပျောက်ကင်းအောင် ကုသနိုင်တဲ့ဆေးဝါး မရှိသေးဘူး။ ဆေးနဲ့ သက်သာအောင်ထိန်းပြီး သာမန်လူတွေလို အိမ်ထောင်သားမွေးပြု သက်တမ်းစေ့ နေသွားနိုင်တယ်။ အဆစ်အမြစ်တွေကိုက်၊ အရေပြားအကွက်ထ၊ မျက်နှာမှာ butterfly rash ထ၊ ကျောက်ကပ်၊ နှလုံးကို တိုက်ခိုက်တတ်တယ်။ အယ်မလေး အဖေက မိန်းမကိုပြုစုမဲ့ ယောကျာ်းတဲ့။ ဟဲ့
 ...  အမေ  နေမကောင်းရင် အဖေပြုစုတယ်လေ။ နေမကောင်းတဲ့အချိန်တော့ ပြုစုမှာပေါ့ တချိန်လုံးနေမကောင်းဖြစ်နေရင် ဘယ်ယောကျာ်းက ပြုစုမှာလဲ။

ဗောဓိရိပ်ငြိမ် ဆရာတော်၊ မှော်ဘီ ဝါးနက်ချောင်း
မနှစ်က နိုဝင်ဘာ ကိုယ့်မွေးနေ့အလှုလုပ်မယ် ဘာမှာလှုရင် ကောင်းမလဲ စဉ်းစားကြတယ်။ အရင်တုန်းကတော့ မှော်ဘီဝါးနက်ချောင်းက ဗောဓိရိပ်ငြိမ်ဆရာတော်ကို လှုနေကြ။ ဆရာတော့်မှာ သူဋ္ဌေးဒါကာ၊ ဒကာမတွေ အများကြီး တကယ်လိုအပ်တဲ့နေရာမှာ လှုမယ်လို့ စိတ်ကူးထားတယ်။ ကန်ဒီ့ဘလော့မှာ ဖတ်လိုက်ရတယ် မျက်မမြင်ကျောင်းမှာ မနက်စာလှုမဲ့အကြောင်း။ ခဝဲခြံနဲ့ ကြည့်မြင်တိုင် မျက်မမြင်ကျောင်း ဘယ်ကျောင်းကို လှုရင်ကောင်းမလဲ ဝိုင်းစဉ်းစားပေးကြပါဦး။ နောက်နေ့ကျတော့ အဖေက သမီးရေ အဖေ့မှာ အိုင်ဒီယာတစ်ခုရှိတယ် မျက်မမြင်ကျောင်းကို လှုမဲ့အစား အဖေ့ဘုရားကို လှုပါလား။ အဖေ့ဘုရားကို ခေါင်းလောင်းလှုဖို့ရှိတယ် သမီးတို့နာမည်တွေလည်း ပါတာပေါ့။ အွမ် ... သမီးက အဖေ့ဘုရားကို မလှုချင်သေးဘူး တကယ်လိုအပ်တဲ့ နေရာတွေကို လှုချင်တာ။ အဖေ့ဘုရားကနောက် မျက်မမြင်ကျောင်းကို အရင်လှုလိုက်ဦးမယ် အဖေ ခေါင်းလောင်းလှုတဲ့အခါလည်း သမီးအလှုငွေ ထည့်ပါ့မယ်။ အယ်မလေး မကြီးရေ အဖေကလေ စကားဆယ်ခွန်းမှာ အဖေ့ဘုရား အဖေ့ဘုရားဆိုတာက ၃ ခွန်းလောက်ပါတယ် သူ့ဘုရားကို သိပ်စွဲနေတာပဲ။ အဲဒါ အဖေတင်မဟုတ်ဘူးအေ့ အသိသူဋ္ဌေးတစ်ယောက်ဆိုရင်လည်း သူ့ဇာတိမြို့မှ သူဇာတိမြို့။ သေရင်တောင် သူ့ဇာတိမြို့မှာ မြှပ်ပါတဲ့။ သူ့မိန်းမကတော့ ရှင်းတယ် ဘယ်နေရာမှာမြှပ်မြှပ်။ ကြည့်ရတာ ယောကျာ်းတွေကများ အတ္တပိုကြီးသလား မသိဘူးနော်။

၂၀၁၀ လောက်က အဖေ့ဇာတိရွာမှာ ဘုရားပြိုပျက်ကိုပြင်ဖို့ အမျိုးတွေထဲမှာ အလှုရှင်ရှာတော့ အဖေက လှုမယ်တဲ့။ အဲဒီဘုရားအတွက် လိုအပ်တာတွေ ဝယ်ပို့ ဘုရားထီးတင်ပွဲလုပ်တော့မှ အဖေလည်း ဇာတိရွာကို တစ်ခေါက်ပြန်ရောက်တော့တယ်။ ကိုယ့်ကိုမွေးပြီး ဗမာပြည်တက်လာကတည်းက ရခိုင်ပြည်ကို မပြန်တော့တာ  ကိုယ့်တသက်ပဲဆိုပါတော့။ ဆရာမကြီးဒေါ်ခင်နှင်းယုဝထ္ထုထဲမှာ ဖတ်လိုက်ရတယ် အဘွားကြီးက သေခါနီးဆဲဆဲ လက်ကိုပဲ ဝိုင်းပြနေတော့ ညီမဖြစ်သူက သူ့အစ်မတော့ တခုခုကို စွဲနေတာနေမှာ။ ဂျာမန်ဆေးလား၊ ဘာလား အသက်ကယ်ဆေးလိုဟာမျိုးထိုးပြီး မေးကြည့်တော့ စိန်ထုပ်တဲ့။ သူ့စိန်ထုပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတာများ မနည်းဖြည်ရတယ်။ စိန်ထုပ်ကို ထုခွဲရောင်းချပြီး ဘယ်တွေမှာ လှုလိုက်ပါလို့ မမှာသွားဘူး။ အဖေလည်း သူ့ဘုရားကို စွဲနေရင် ဒုက္ခပါပဲ တရားထိုင်ဖို့၊ တရားစခန်းဝင်ဖို့ ပြောရဦးမယ်။ မျက်မမြင်ကျောင်းတွေက ဘယ်မှာမှန်းမသိ။ ကန်ဒီဘလော့မှာ တင်ထားတဲ့ ခဝဲခြံမျက်မမြင်ကျောင်း ဖုန်းနံပါတ်ကို အဖေ့ကိုပေး ဆက်ခိုင်းတော့ ဖုန်းတခုပဲ ဆက်လို့ရတယ် ဒါပေမဲ့ မကိုင်ဘူး။ အွန်လိုင်းကနေ ကျောင်းလိပ်စာ၊ ဖုန်းနံပါတ်ရှာပြီး ပေးလိုက်တယ်။ သမီးရေ ခဝဲခြံမျက်မမြင်ကျောင်းကို ရောက်ခဲ့ပြီ ဇန်နဝါရီ ၁ ရက်နေ့မှာ ဆရာတွေနဲ့ ကျောင်းသားတွေကို နေ့လည်စာ ကြက်သားဟင်းနဲ့‌ကျွှေးမယ်။ ဟင် အဖေဘယ်လိုများ မျက်မမြင်ကျောင်းကို ရှာတွေ့သွားတာလဲ။ ခဝဲခြံကိုသွားပြီး မျက်မမြင်ကျောင်း ဘယ်မှလဲလို့ မေးလိုက်တာ သိတဲ့လူက ညွှန်လိုက်တော့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားတာပေါ့။ သြော် ကောင်းလိုက်တာ ဂူဂယ်မတ်နဲ့ ရှာစရာမလိုဘူး။

ခဝဲခြံ မျက်မမြင်ကျောင်း
ကလေးတွေက နေ့လည်စာမစားခင် အလှုရှင်တွေကို ဆုတောင်းမေတ္တာပို့တဲ့ ဓမ္မတေးသံကို ကြားရတော့ အဖေက မျက်ရည်ကျတယ်တဲ့။ မျက်မမြင်တွေ စက်ဘီးစီးနေတာကို အမေက အံ့သြလို့။ စားပြီးရင် လက်လေးတွေတွဲပြီး ကျောင်းဆောင်ဆီကို သွားကြတယ်။ စားကောင်းလားလို့မေးတော့ ဒီနေ့ပိုစားကောင်းတယ်တဲ့။ တကယ်လှုသင့်တဲ့နေရာပဲ သမီးရေ မကြီးတို့ကိုလည်း လှုခိုင်းမယ်။ အဖေ အဖေ့ခေါင်းလောင်း လှုတာထက် ပိုသဒ္ဓါမြောက်တယ်မလား။ အရင်တုန်းကဆို အမေက မျက်ရည်လွယ်တယ်။ သူ့ရွာကလူတွေရောက်လာရင် ခဏလေး တချက်လောက်တော့ ငိုတယ်။  JFK လေဆိပ်မှာ ကိုယ့်ကိုတွေ့တော့ အဖေက မျက်ရည်ကျတယ်။ ကိုယ်လူးပက်စ် Active ဖြစ်နေလို့ လည်ချောင်းတွေနာ၊ မစားနိုင်တာကို အဖေက မျက်ရည်ကျတယ်။ နာကျင်ကိုက်ခဲနေလို့ လမ်းကောင်းကောင်း မလျှောက်နိုင်၊ အထိုင်အထ ခက်တာကိုတွေ့တော့ အဖေက မျက်ရည်ကျတယ်။ အသက်ကြီးလာတော့မှ အဖေက မျက်ရည်လွယ်နေသလားမသိ။ မတ်လ ၁ ရက်နေ့က ကိုယ့်တူတော်မောင် ၁ နှစ်ပြည့်တယ်။ မကြီး မြန်မာပြည်ပြန်တာနဲ့ကြံကြုံလို့ မွေးနေ့လက်ဆောင်တွေ ထည့်ပေးလိုက်တယ်။ ကြီးဒေါ်ကြီးက သူ့တူကို ချစ်လိုက်တာ ဖုန်းသန့်ခေါင်လေးရေ အားဝါးပေး ဟိုကလေးကလည်း ဟိုဖက်ဒီဖက် အာဝါးပေး။ အဲဒါကို ကြီးဒေါ်ငယ်က ဟဲ့ ကလေးက အားဝါးမပေးချင်တာကို အတင်းမပေးခိုင်နဲ့။

ခွေးခေါ်ဖို့ လက်ဖျောက်တီးတတ်တယ် သီချင်းကို တဝါးဝါး အော်ဆိုတတ်တယ် မတ်တပ်ရင်ချင်နေချင်ပြီ။ မိန်းကလေးလားလို့ မေးကြတယ် ဖိုးပြုံးချိုလေးရေ အမြဲပြုံးနေတာပဲ။ အဲဒါ ပြုံးတာမှမဟုတ်တာ သူ့ပါးစပ်က ပြုံးတဲ့ပုံလေး ဖြစ်နေတာ။ ချစ်စရာလေးဟဲ့ အေး ခုတော့ ချစ်စရာလေး နောက်ဆို ခြစ်စရာကြီး ကြီးလေချဉ်လေ သံပုရာသီးမျိုး ဖြစ်လာတော့မှာ။ ကြီးဒေါ်ကြီး (မကြီး) ပြောသမျှကို ကြီးဒေါ်ငယ် (ကိုယ်) က ဂွတိုက်နေတာများ အဖေ့အဖေ ကိုယ်တို့အဘိုး လူ့ဂွစာကြီးနဲ့ တူလိုက်တာ။ လွန်ခဲ့တဲ့ ၄ လလောက်က အမေ့ညီမ အငယ်ဆုံး ချေချေမဟန် (ရခိုင်လို ချေချေဆိုတာ အဒေါ်လို့ခေါ်တာ) ဆေးရုံတက်ရတယ်။ အမေ့ညီအငယ် ချေချေကြီးတို့ အိမ်နားက ဆေးခန်းမှာ ပြနေတာ မသက်သာလို့ ရန်ကုန်ဆေးရုံကြီး တက်တယ်။ လည်ချောင်းကင်ဆာတဲ့ အဲဒါဆိုရှိတဲ့ရွှေတွေရောင်းပြီး ဘန်ကောက်က ဘာမင်ဂရပ်ဆေးရုံမှာ သွားကုမလား စဉ်းစားကြတယ်။ နေပါဦး ဆေးစစ်ချက်အဖြေ ကြည့်ပါဦး ခွဲစိတ်ကုသလို့ရရင် ဘယ်လောက်ကုန်မှာပဲ ခွဲစိတ်ကုသလို့မရဘူးဆိုင်ရင် ဘယ်လောက်ခံမှာလဲ စောင့်ကြည့်ပါဦး။ ကင်ဆာဆိုတာမျိုးက နှစ်စဉ်ဆေးစစ်ချက်မှာ ရှာတွေ့လို့ စောစောစီးစီး ကုသရင် အသက်ရှင်တယ်။ များသောအားဖြင့်ကတော့ ရောဂါကျွှမ်းမှ သိကြတာကိုး။

ကိုယ့်တူတော်မောင်
ခွဲစိတ်ဖို့ အားနည်းနေလို့ အိမ်ကို ၂ ပတ်နားခိုင်းလိုက်တယ်။ နာကျင်လွန်းလို့နဲ့ တူပါရဲ့ ခေါင်းကိုမလှုပ်နဲ့ဆိုတာကို ခေါင်းကိုတအားလှုပ်တယ်။ ချေချေမဟန်က ပြန်မပြောနားမထောင် အတော်ဆိုးတယ်။ အသုံးအစွဲကလည်း ကြီးပါဘိ ဘယ်တော့မှ မလောက်ဘူး။ ပိုက်ဆံလာတောင်းတော့ အဖေက ဟိုတပတ်ကပဲ ထုတ်ပေးထားသေးတယ် ကုန်ပြီလားလို့ မေးတာကို ကက်ကက်လန်အောင် ရန်တွေ့တယ်လေ။ နင်နေတဲ့အိမ်ကို ငါ ဆောက်ပေးတာဆိုတော့ အဲဒီအိမ်က မီးလောင်သွားပြီး ငါ့ယောက်ျားက ငါ့သဘော။ အဖေ့ကို ပြန်ပြောလို့ အမေကပါ စိတ်ဆိုးပြီး အဆက်အစပ် မလုပ်တော့တာ။ အမေ့အမေ အဘွားဆုံးတော့ အဘိုးက နောက်မိန်းမယူတယ်။ အမေ့အသက် ၁၉  နှစ် အိမ်ထောင်ပြုတော့ ချေချေကြီးက ၁၅ နှစ်လောက်၊ အမေ့မောင် မင်းချေ (ရခိုင်လို ဦးလေးကို ဘေးချေလို့ ခေါ်ရမှာ သူ့ညီမဖြစ်သူတွေက မောင်းချေ အစ်ကိုလို့ခေါ်တာကို ကိုယ်တွေက လိုက်ခေါ်ရင်း မင်းချေ ဖြစ်သွားတယ်) က ၁၂ နှစ်လောက်၊ ချေချေမဟန်က ၈ နှစ်သမီးလောက်။ အဖေက မိန်းမတစ်ယောက်ယူတာ ကလေး ၃ ယောက် ပါလာတယ်လို့ ပြောဖူးတယ်။ ချေချေတို့တွေ နားပေါက်ဟောင်းလောင်း ဖြစ်နေလို့ အဖေကပဲ နားကပ်ဝယ်ဆင်ပေးခဲ့ရတာတဲ့။ အဖေက သူတို့အတွက် အကိုကြီး အဖရာပါပဲ။ ၂ ပတ်အိမ်မှာနားပြီး ဆေးရုံပြန်တက်တော့ ခွဲလို့မရတော့ဘူး ကင်ဆာက ဦးနှောက်အထိ ပြန့်နေပြီတဲ့။ ပုသိမ်အထိ အောက်ဆီဂျင်ပါတဲ့ လူနာတင်ယာဉ်လိုမျိုးငှား၊ ပုသိမ်ကနေ ဟိုင်းကြီးအထိ ပဲ့ထောင်ငှားပြီးသယ်။ အိမ်ရောက်ပြီး ၁ ပတ်လောက်အကြာမှာ ဆုံးတယ်။

ကယောင်ကတမ်းပြော သေခါနီးကျတော့ ဝေဒနာတအားမခံစားရဘဲ အသက်ထွက်သွားတယ်တဲ့။ တရားခွေတွေ ဖွင့်ပေးထားဖို့ မှာရသေးတယ်။ ချေချေမဟန်ဆုံးတယ်ဆိုတော့ မကြီးက မျက်ရည်ဝဲမိတယ်တဲ့။ ကိုယ်ကတော့ မတွေ့တာလည်း ၁၀ နှစ်လောက်ရှိပြီ အရင်ကတည်းကလည်း ချစ်တဲ့အဒေါ်မဟုတ်တော့ ဘာမှမခံစားမိဘူး။ မိခင်မဲ့သွားတဲ့ ညီမဝမ်းကွဲနှစ်ယောက်ကိုတော့ သနားမိတယ်။ ချေချေမဟန်သာ အမေရိကန်မှာဆိုရင် ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ နောက်ဆုံးပေါ် ကင်ဆာကုထုံးတွေနဲ့ဆိုတော့ ခုလို အသက် ၄၇ နှစ်လောက်နဲ့ သေမယ်မထင်ဘူး။ အကြီးမက သူ့အမေလို ပြန်မပြောနားမထောင် လူ့ကိုကြည့်ရင် ခေါင်းစောင်းပြီး ကြည့်တတ်တယ်။ ဖုန်းကဂိမ်းကို ဆော့နေတာ ခေါ်မကြားအော်မကြား ဖြစ်နေလို့သူ့အမေက တုတ်နဲ့ပေါက်တာခံရတဲ့သူ။ အငယ်မ လူလည် ကိုယ်နောက်ဖေးမှာ အရွက်သင်နေတုန်း ထမင်းအိုးဆူရင် မမရေ ထမင်းအိုးဆူနေပြီလို့ လာအသိပေးတယ်။ အကြီးမက ထမင်းအိုးဆူတာကို ငုတ်တုတ်ထိုင်ကြည့်နေတယ်။ စကားလည်းတတ်တော့ အငယ်ကို ပိုချစ်တတ်တယ်။ သူ စိတ်ကောင်းဝင်ရင် အဖေ့ကို တက်နင်းပေးပေမဲ့ တခါတလေ သမီးအဖေမှ မဟုတ်တာ ဘာလို့နင်းပေးရမလဲလို့ ဂျစ်တိုက်သေးတယ်။ ချေချေမဟန်က အမေ့ညီမအငယ်ဆုံး၊ သူ့အမျိုးသားက အဖေ့ညီတဝမ်းကွဲဆိုတော့ အဲဒီကလေးတွေက ကိုယ်တို့နဲ့ အမျိုးတအားတော်တယ် ဆိုပါတော့။ အမေတို့မောင်နှမငါးယောက်ထဲမှာ ချေချေမဟန်က အရပ်အရှည်ဆုံး၊ ပြန်မပြော နားမထောင်၊ ခေါင်းအမာဆုံး။



ရန်ကုန်မှာ ချေချေကြီးနဲ့နေပြီး စက်ချုပ်သင်နေတာ နောက်တော့ ဘာဖြစ်လို့လဲမသိ ဟိုင်းကြီးကိုလိုက်ဖို့ ဖြစ်သွားတယ်။ အဲဒီတုန်းက ရွှေတိဂုံဘုရားမှာ ရိုက်ထားတဲ့ဓာတ်ပုံကို ကိုယ်မှတ်မိနေသေးတယ် အဖေ၊ မကြီး၊ ကိုယ်၊ ချေချေမဟန်၊ အဖေ့ညီတဝမ်းကွဲ။ ကိုယ်တို့ထိုင်စောင့်နေပေမဲ့ ချေချေမဟန်ကတော့ ပေါ်မလာခဲ့ဘူး။ ဟိုင်းကြီးကို မလိုက်ချင်လည်း ပွင့်ပွင့်လင်းလင်းပြောပေါ့ ခုတော့ လူကြီးတွေကို ထိုင်စောင့်ခိုင်းတယ်။ ဟိုင်းကြီးရောက်တော့ အဖေ့ညီတဝမ်းကွဲနဲ့ အိမ်ထောင်ကျ။ ချေချေမဟန်က ယောကျာ်းရ အတော်ကံကောင်းတယ် ဘေးချေက ဘာမှမပြောဘူး ကလေးတွေကိုလည်း အကုန်လုပ်ပေးတယ်။ ဝက်သားထုတ်ထိုးကို ငါးထောင်ဖိုး ထိုင်စားတယ်။ သူများခေါင်းဆောင်မိန်းမတွေဆို သူတို့သားသမီးကို မြို့ကဘယ်ကျောင်းမှာ ထားမယ်၊ ဘယ်ကျူရှင်မှာထားမယ် အပြိုင်အဆိုင်။ ချေချေမဟန်က အကြီးမ ဆယ်တန်းကျလို့ကတော့ နောက်နှစ်ထပ်မထားဘူး ထုတ်ပစ်မယ်တဲ့ ပညာရေးကို အားပေးပုံများ။ ရပ်ကွက်ထဲမှာလည်း ဘယ်သူနဲ့မှ အဆင်မပြေ ကတောက်ကဆ ဖြစ်ထားတဲ့သူချည်း။ သာရေးနာရေး သွားတယ်လို့လည်းမရှိ။ ကလေးတွေကိုလည်း ပြောလို့မရရင် ဆော်ပလော်တီးတယ်။ ကလေးတွေက အဖေကိုပဲ ကပ်တယ်။ ရန်ကုန်ကိုလာတုန်းက အကြီးမက နှစ်နှစ်သမီး မနက်မိုးလင်းရင် အိပ်ယာမှာ သေးပေါက်လို့ ကလေးကိုရိုက်တယ်။ အဲဒါကလေးကို အမေဖြစ်သူက ကျင့်ပေးရာမှာ တရေးနိုးရင် ကလေးကိုသေးတည် ငါ့ကလေးတွေဆိုရင် နှစ်နှစ်လောက်ဆို အိပ်ယာပေါ်မှာ သေးပေါက်တာ မရှိတော့ဘူးလို့ အမေကပြောတယ်။ သေပြီးသွားသူရဲ့ ကောင်းကြောင်းကိုပဲ ပြောရမှာ ကိုယ်တို့ကတော့ပြောင်းပြန်။

ချေချေဆုံးပြီး အိမ်ကိုသွားရှင်းတော့ အမေ အတော်စိတ်မချမ်းမသာ ဖြစ်သွားတယ်။ ဒန်အိုးတွေဆိုတာလည်း အပေါက်တွေချည်းပဲ တခုမှအကောင်းမရှိဘူး။ ခွက်တွေကလည်း တရုတ်ထုတ် ဈေးပေါတဲ့ဟာတွေ၊ ကြောင်အီးအတွက် လုပ်ထားတာလည်း အကျယ်ကြီး၊ ခေါင်းအုံး၊ စောင်၊ ဖျာ အပိုမရှိ။ ခေါင်းဆောင်မိန်းမဆိုတော့ လစာကလည်း မနည်းပါဘူး။ အမေနဲ့ ချေချေကြီးက သိပ်စစ်စီတာ အပိုကုန်မှာကို နှမျောလို့။ ဒီလိုအစ်မတွေနဲ့နေပြီး အကျင့်ကောင်းတွေ သင်ယူခဲ့ပုံမရဘူး။ ရန်ကုန်တက်လာတော့ စမ်းချောင်းက မင်းချေတို့အိမ်မှာ တည်းတယ်။ နောက်တော့ ယောက်မဖြစ်သူက သိပ်မကြည်ချင်တော့ ကိုယ့်တို့အိမ်ရောက်လာတယ်။ စမ်းချောင်းအိမ်မှာတည်းတော့ ရွှေထုပ်ကို မင်းချေဆီမှာ အပ်ထားတယ်။ အခြေအနေမကောင်းတော့ဘူး ဟိုင်းကြီးကိုသယ်မှ အဖေ့ကို ရွှေထုပ်အပ်တယ်။ ဟိုင်းကြီးရောက်လို့ ရွှေထုပ်ကိုဖွင့်တော့ အဖေက သိပ်မသင်္ကာဘူး ဆွဲကြိုး၁ကုံးက ယိုးဒယားရွှေများလားပေါ့။ ဟိုဖက်ကမ်းကျောက်ချောင်းက ရွှေဆိုင်မှာ စစ်တော့ ယိုးဒယားရွှေတဲ့။ မင်းချေတို့ကများ လဲထားသလား အမေကတော့ မဖြစ်နိုင်ဘူး မင်းချေတို့က သူဋ္ဌေးတွေ လုပ်မှာမဟုတ်ဘူး  ချေချေလဲထားမှာနေမှာ။ ချေချေသူငယ်ချင်းက ချေချေ ယိုးဒယားရွှေ ဝယ်တယ်လို့ကြားတယ်။ ဗီရိုမှာညှပ်ထားတဲ့ ဘောက်ချာတစ်ခုတွေ့တယ် ရွှေပေါင်ထားတာ။ ချေချေ ချဲထိုးတယ်လို့လည်း မကြားမိဘူး အိမ်မှာလည်း အိမ်ထောင်ပရိဘောကအသစ်၊ ကလေးတွေမှာလည်း အင်္ကီျကောင်းကောင်း ဝယ်ဝတ်တာလည်း မတွေ့ဘူး။


အမေက ကလေးတွေဆီမှာ တော်ကြာ နားကပ်အသစ်တစ်မျိုး၊ တော်ကြာ နောက်တစ်မျိုး တွေ့ပြန်ပြီ။ နားကပ်ကို ပြင်တော့ လျော့တွက်ကလည်းဆုံး အသုံးအစွဲမတတ်တာ။ ဘေးချေက ငါမသိ ငါမသိဆိုပြီး မျက်နှာကို လက်နဲ့ကာထားလေရဲ့။ သူ့မိန်းမလုပ်သွားတာကို ရှက်မှာပေါ့လေ။ အဖေ အမြဲနောက်နေတဲ့ ပုံပြင်လေးရှိတယ်  သေခါနီးတော့ အဘွားကြီးက ရွှေထုပ်ပိုက်ထားတယ်။ တူ၊ တူမ၊ မြေးတွေက ရွှေထုပ်လိုချင်တော့ ပြ ုစုကြတာပေါ့။ အဘွားကြီ သေပြီးတော့ ရွှေထုပ်ကို ဖွင့်လိုက်တဲ့အခါ တကယ့်ရွှေအစစ် မဟုတ်တော့ တူ၊ တူမတွေ ပက်လက်လန်ကြကုန်တယ်။ အခုလည်း ချေချေလုပ်ပုံကြောင့် အားလုံးပက်လက် လန်ကြတယ်။ အမေက သူ့ညီမလို့ ပြောရမှာကို ရှက်လို့တဲ့။ အဲဒါကို သမီးအလိမ္မာတုံးလေးက ဘလော့ကနေ ကြေငြာမောင်းခတ်နေလေရဲ့။

စန်းထွန်း
မတ် ၂၆၊ ၂၀၁၆။

ရေးခဲ့ပြီးတာတွေက
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၁
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၂
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၃
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၄
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၅
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၆
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၇
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၈

20 March 2016

Living with Lupus - 3

ညဖက် ထမင်းစားပြီးရင် ညာဖက်ရင်အောက်ဖက်က အောင့်လာတတ်တယ်။ ခဏကြာရင် ပျောက်သွားတယ်။ ဆရာဝန်ကိုပြောတော့ muscle cramps ကြွက်သားတွေ ညှစ်မိတာ နေမှာပါတဲ့။ ကိုယ့်မွေးစားအစ်မ သမီးအငယ်ကို မေးကြည့်တော့ သူမခံစားဖူးဘူး muscle cramps များလားတဲ့။ ဒီလိုနဲ့ ညာဖက်ကို စောင်းအိပ်လို့မရ၊ ဘယ်ဖက်ကို စောင်းအိပ်လို့မရ၊ တည့်တည့်အိပ်မှပဲ အိပ်လို့ရတော့တယ်။ ထိုင်နေရင်၊ မက်တပ်ရပ်နေရင်၊ တည့်တည့်အိပ်ရင် အကောင်း။ ကိုယ်ကလည်း အိပ်ရင် ဘယ်တော့မှ တည့်တည့်ငြိမ်ငြိမ်လေး မအိပ်ဘူး။ ညာဖက်စောင်း၊ ဘယ်ဖက်စောင်း၊ တခါတလေ ကြမ်းပြင်မှာ ဆင်းအိပ်သေးတယ်။ တရေးနိုးတော့ ကျောနာတယ်ဆိုပြီး ကုတင်ပေါ်ကို တက်အိပ်တယ်။ ကြသပတေးနေ့ကတည်းက အောင့်နေတာ။ သောကြာနေ့က ရာသီဥတုကလည်းအေး အထဲကလည်းအောင့်တော့ အိပ်လို့မရ။ ရုံးကလူတွေ တရုတ်နှစ်သစ်ကူး ဂျပန်ဆိုင်မှာ သွားစားကြတာ မလိုက်နိုင်တော့ဘူး။ Bento box ပဲ မှာလိုက်တော့တယ်။ စနေနေ့ လူးပက်ဆရာဝန် သွားပြတော့ နေလို့မကောင်းဘူး အောင့်တယ်လို့ပြောတော့ ကျောကုန်း၊ ရင်ဘတ်တွေကို နားကြပ်ကြီးနဲ့ သေသေချာချာ နားထောင်တယ်။ ထုံးစံအတိုင်း muscle cramps နေမှာပါတဲ့။ သွေးဖောက်၊ အရင် ၆ လုံး သောက်နေတဲ့ဆေးကို ၈ လုံး တိုးသောက်ခိုင်းတယ်။ ၁ လခွဲနေရင် ပြန်လာခဲ့တဲ့။

ဒေါက်တာချန်ဆီက ပြန်လာပြီးကတည်းက အိပ်ယာထဲ လဲတော့တာပဲ။ အထဲကအောင့်လို့ အိပ်လို့မရတာ ၃ ရက်တောင် ရှိနေပြီဆိုတော့ လူက နေလို့ထိုင်လို့မကောင်း။ မနက် ၃ နာရီလောက်မှာ ခေါင်းထိုးကိုက်လို့ နိုးလာပြီးအန်၊ ရေသောက်၊ ထိုင်လျက်အိပ်။ အစားသောက်ပျက်၊ စားစရာလည်း မရှိတော့ အိမ်ရှင့် နွားနို့၊ ပေါင်မုန့်တွေယူစား၊ နာလို့ငိုနဲ့ အတော်ခံလိုက်ရတယ်။ ခွင့် ၄ ရက်ယူနား၊ ကိုယ့်အစ်မသူငယ်ချင်းရဲ့ သူငယ်ချင်း၊ မွေးစားအစ်မတွေက အစားအစာတွေလာပေး။ ဒေါက်တာထွန်းလင်းဆီ သွားပြတော့ တစ်နှစ်တောင်ရှိပြီဆိုတော့ ဆေးမှတ်တမ်းတွေ ပြန်ဖတ်။ ပေါင်ချိန်ကြည့်တော့ ၉၆ ပေါင်၊ မနှစ်တုန်းက ၁၁၆ ပေါင်ဆိုတော့ ပေါင် ၂၀ တောင် ကျသွားတယ်။ ဒေါက်တာက ညည်းတော်တော်ပိန်သွားတာပဲတဲ့။ ပလပ်ကွင်းဆေးကိုသောက်ရင် တော်တော်များများ ဝလာကြတယ် ညည်းကျတော့ ပြောင်းပြန်။ ဟေမိုကလိုဘင်တွေ တက်လာပေမဲ့ သွေးအားက ဘာလို့နည်းနေပါလိမ့်။ ဧရာဝတီတိုင်းမှာ ဆန်တွေရှိနေပေမဲ့ ရှမ်းပြည်နယ်ကို မရောက်နိုင်သေးသလို သွေးအားက ပုံမှန်ပေမဲ့ ကြွက်သားတွေဆီ မရောက်ဘူး ဖြစ်နေတယ်။ အထဲက ဘယ်နေရာကမှန်းမသိ အောင့်တာကတော့ အထဲမှာ ယောင်ယမ်းနေတာဖြစ်တယ်။ အင်ဒိုမက်ဒီကေးဆေးကို တနေ့ ၃ ကြိမ် ၁၀ ရက် သောက်ခိုင်းတယ် သွေးဖောက်တယ်။ ညည်းကို လူးပက်စ်ဒေါက်တာက ကိုလက်စထရော စစ်လား။ မစစ်ဘူး လူကဒီလောက်ပိန်နေတာ ကိုလက်စထရော ဘယ်ရှိပါ့မလဲ။

ပိန်တာနဲ့မဆိုင်ဘူး။ ဒေါက်တာချန်က တော်တယ်နော် တော်ပါတယ် ဆေးပေးနည်းတာကလွဲရင်။ ဘာမှမစားမသောက်ဘဲ သွေးဖောက်ချင်တယ် တရက်လောက် သွေးလာဖောက်ပါလား။ ဒေါက်တာချန်က ဖုန်းဆက်လာတယ် ကိုယ့်သွေးထဲမှာ ဆားဓာတ်နည်းနေလို့ ဆားငန်တဲ့အစားအစာတွေ စားပေးပါတဲ့။ တလခွဲချိန်းထားတာကို နှစ်ပတ်ကြာရင် ပြန်လာတွေ့ဖို့ ချိန်းတယ်။ သွေးဖောက်ဖို့ စနေနေ့မနက် ၈ နာရီ ဆေးခန်းရောက်တော့ ကိုယ့်ရှေ့မှာ ၈ ယောက်လောက် တန်းစီနေတယ်။ ဒေါက်တာလင်းဆီမှာ သွေးဖောက်ပြီး ဒေါက်တာချန်ဆီရောက်တော့ သွေးဖောက်မလို့တဲ့။ မနက်ကပဲ ဖောက်ပြီးပြီ နောက်ထပ်ဖောက်လို့မရတော့ဘူးလို့ပြောလိုက်တော့ မဖောက်တော့ဘူး။ သူ့ပြောတဲ့ ဆေးအသစ်အကြောင်း ဖတ်ပြီးပြီလား။ ဖတ်ပြီးပြီ ဆိုးကျိုးတွေ အများကြီးပဲ မသောက်ချင်ဘူး။ ဒီလိုပါပဲ ရီပို့တွေကတော့ ဆိုးတာတွေပြောတာပေါ့။ သူ့လူနာတွေ သောက်ပြီးပြီ သက်သာလာတယ်။ side effect က infusion ဖြစ်မှာပဲ စိုးရိမ်ရတယ်။ တခုပဲ ဈေးကြီးလို့ အာမခံက ကာဗာမဖြစ်မှာဘဲ စိုးတယ်။ ဘယ်လောက်တောင် ဈေးကြီးလို့လဲ တနှစ်လုံးစာ ဒေါ်လာနှစ်သောင်း ဘုရားရေ။ ဆေးအသစ်သောက်ဖို့ စဉ်းစားသင့်တယ်။ ကိုယ့်အစ်မသူငယ်ချင်းကတော့ ဆေးအသစ်ကို မသောက်စေချင်ဘူး။ ကိုယ်လည်း နေမကောင်းဖြစ်တော့မှ တစ်ယောက်တည်း နေလို့မဖြစ်ဘူး။ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ နီးနီးနားနား နေမှဖြစ်တော့မယ်ဆိုပြီး အိမ်ရှာတာ ကိုယ့်အစ်မသူငယ်ချင်း၊ မွေးစားအစ်မတို့ရဲ့ တိုက်က မြန်မာအိမ်မှာ အခန်းရတယ်။

ဂျပန်အိမ်ကို နို့တစ်ပေးပြီး ပြောင်းဖို့ပစ္စည်းတွေ သိမ်းဆည်းတော့မှ ပစ္စည်းတွေ မရှိဘူးမရှိဘူးနဲ့ ထွက်လာလိုက်တာ။ လက်ကေ့အိတ် ၂ အိတ်၊ အိတ်ကြီး ၅ အိတ်။ ဒါတောင် ကိုယ့်မှာ မွေ့ယာ၊ မိုက်ခရိုဝေ့စ်၊ ဖုန်စုပ်စက်တွေ မရှိဘူး။ မီးဖိုချောင်သုံးပစ္စည်းဆိုလို့ ထမင်းပေါင်းအိုး သေးသေးလေးရယ်၊ အိုးတစ်လုံး၊ ထမင်းဘူးထည့်တဲ့ ဖန်ခွက်တွေ ဒီလောက်ပဲ။ လွှင့်ပစ်သင့်တာတွေကို လွှင့်ပစ်။ အိမ်ပြောင်းရမယ်ဆိုတော့ အိမ်အသစ်မှာ အဆင်ပြေပါ့မလား၊ ပစ္စည်းတွေလည်း သိမ်းရဆည်းရဆိုတော့ stress တော့ ရှိမှာပါပဲ။ နည်းနည်းအောင့်လို့ အိပ်မပျော် မနက် ၃ နာရီလောက် နိုးပြီးအန်၊ အိပ်ရေးမဝတော့ လူကမကြည်လင်၊ ခွင့်ယူပြီး နားမလား အဲလိုဆိုရင်လည်း အိပ်ပြီးရင် အိပ်နေတော့မှာ။ ဒါဆို ညဖက်အိပ်တော့မှာ မဟုတ်ဘူး။ အယ်မလေး ဒုက္ခ ... ဒုက္ခ ရုံးသွားမှ ဖြစ်မှာပါလေဆိုပြီး ရုံးသွား။ ရုံးရောက်တော့ မနက်စာ ပန်းသီးကရိုဆွမ် တကိုက်ကိုက်တာနဲ့ ပြန်အန်ထွက်တယ်။ မနက် ၁၁ နာရီလောက် ငှက်ပျောသီးတကိုက်ကိုက်တော့လည်း ပြန်အန်ထွက်တယ်။ အထက်လှန်ဖြစ်နေတာ အောက်မလျှောတာဘဲ ကံကောင်း။ ကျားတံဆိပ် မဟာဖြေဆေးစား ညနေ ၃ နာရီလောက်ကျတော့ နေလို့နည်းနည်း ကောင်းလာတာရော၊ ဗိုက်ဆာလာတာရောကြောင့် ပန်းသီးကရိုဆွမ်၊ ငှက်ပျောသီးတစ်လုံးတော့ စားဝင်သွားတယ်။ ကြာသပတေးနေ့မှာ မီးဖိုချောင်သုံးပစ္စည်းတွေ သိမ်းမယ်ဆိုပေမဲ့ နေမကောင်းတော့ မသိမ်းနိုင်ဘူး။ စနေနေ့ပြောင်းမှာကို သောကြာနေ့ကျမှ မီးဖိုချောင်သုံးပစ္စည်းတွေ သိမ်းရတယ်။ ကျန်တာတွေက သိမ်းပြီးသားဆိုတော့ ၉  နာရီလောက်ဆို ပြီးသွားပြီ။

မနက် ၆ နာရီခွဲ နိုးနေကျဆိုတော့ မနက်စာစား၊ ပြင်ဆင်ပြီးတဲ့အချိန် ၇ နာရီခွဲပဲ ရှိသေးတယ်။ mover က မနက် ၈ နာရီ လာမယ်ဆိုတော့ ပြောင်းရတာလည်းမြန်အောင် အထုပ်တွေကို အောက်ထပ်က Lobby ချ။ မွေးစားအစ်မက ဆူနေတယ် ဘာလို့အထုပ်အလေးကြီးတွေကို သယ်နေတာလည်း mover က လုပ်မှာပေါ့ ကိုယ်က နေသိပ်ကောင်းတာလဲမဟုတ်ဘဲနဲ့။ mover ဦးလေးကြီးက ကိုယ့်အိမ်ရှင်အသစ်ရဲ့ ဦးလေး အခန်းကိစ္စ သူနဲ့ဖုန်းပြောဆက်သွယ်ရတာ။ အခန်းခ ဈေးလျော့ခိုင်းတာကို သူ့အခန်းက ပြတင်းပေါက်နှစ်ပေါက်ပါတယ်လေး  ဘာလေးနဲ့ အခန်းတိုင်းမှာ ပြတင်းပေါက်နှစ်ပေါက် ပါတာပဲဟာကို။ စိတ်ရင်းကောင်းတယ် ကူညီတတ်တယ် စကားဖွတတ်တယ်။ စကားပြောကြည့်လိုက်တာနဲ့တင် တော်တော်အမြင်ကပ်စရာ ကောင်းတယ်။ ကိုယ်က လွန်ခဲ့တဲ့နှစ်နှစ် အိမ်ပြောင်းတုန်းက mover အစ်ကိုကြီးကို ခေါ်မလို့။ အိမ်ရှင်ဦးလေးနဲ့ အဲဒီ mover အစ်ကိုကြီးတို့ ဓာတ်လှေကားမှာ ထိုးကြကြိတ်ကြတာ ဟိုးလေးတကျော် ဖြစ်သွားတယ်ဆိုပဲ။ အိမ်ရှင်ဦးလေးကိုပဲ mover ခေါ်လိုက်ပါလို့ မွေးစားအစ်မက အကြံပေးလို့ ခေါ်လိုက်တာ အဆင်ပြေပေမဲ့ ၁၀၀ တောင် တောင်းလို့ နင်သွားတာပဲ ၆၀၊ ၇၀ လောက်ပဲ တောင်းမယ်ထင်ထားတာ။ တော်တော်ရိတ်တဲ့ ဦးလေးကြီး နောက်တခေါက်ပြောင်းရင် တခြား mover ပဲ ခေါ်တော့မယ်။ အိမ်ပြောင်းသမျှထဲမှာ ဒီတခေါက် အိမ်ပြောင်းတာ အပင်ပန်းဆုံးပဲ ကိုယ်ကလည်း နေသိပ်မကောင်းတော့လေ။

မွေးစားအစ်မအိမ်မှာ မနက်စာ၊ နေ့လည်စာ၊ ညစာစား၊ ခေါင်းအုံး၊ စောင်လောက်ပဲ ထုတ်ပြီး အနားယူရတယ်။ လက်ဆစ်တွေယောင်၊ ခန္ဓာကိုယ်က လှုပ်လိုက်ရင် အထဲက နှလုံး၊ အသည်း၊ အဆုတ်တွေက လိုက်လှုပ်သလိုပဲ နာတယ်။ နှလုံးခုန်မြန်နေပြီး အသက်ကို ပင်ပင်ပန်းပန်း ရှူရတယ်။ စကားကို လေစပ်အောင် မပြောနိုင်ဘူး။ အသက်ရှင်ရတာ ပင်ပန်းလိုက်တာ။ နာလွန်းလို့ငို ဘုရားမှာ သစ္စာဆို။ မင်းကွန်းဆရာတော်ဘုရားရဲ့ ပရိတ်ကြီး ၁၁ သုတ်၊ တောင်တန်းသာသနာပြုဆရာတော်ဘုရားရဲ့ ရေဆူပရိတ်ကို အမြဲဖွင့်ထားရတယ်။ လမ်းကို ဖြေးဖြေးလေး လျှောက်ရတယ် ရေဘူးအမြဲဆောင်ရတယ်။ insomia ဖြစ်လို့ တညလုံး အိပ်မပျော်ဘူးလို့ ထင်တာပဲ။ ဒါပေမဲ့ ၃ ၊ ၄ နာရီလောက်တော့ အိပ်ဖြစ်တယ်ထင်တယ်။ ခု somia ဖြစ်နေပြန်ပြီ ည ၈ နာရီခွဲ၊ ၉  နာရီလောက်ကတည်းက အိပ်ချင်နေတယ်။ ခုတော့  နေတော်တော် ကောင်းလာပါပြီ ရေဘူးမပါဘဲ ရုံးတက်လို့ရပြီ။ အိမ်ပြောင်းတာ ၃ ပေါင်ကျသွားလို့ ဝိတ်တက်အောင် လုပ်နေရတယ်။ ၉၃ ပေါင်ဆိုတော့ အားမရှိဘူး တခုခုလုပ်ပြီးရင် အနားယူရတယ်။ ကိုယ်က ဘယ်တော့မှဝိတ်မကျ၊ ဝိတ်ကျဖို့ကိုလည်း တခါမှမကြိုးစားခဲ့တဲ့သူ။ ပိန်ညောင်နေတဲ့ ကိုယ်ခန္ဓာကိုယ်ကိုကြည့်ပြီး စိတ်တိုင်းမကျဘူး။ ကိုယ်က အရင်လို ပြည့်ပြည့်ဖြိုးဖြိုးလေး ဖြစ်ချင်တာ။ ကိုယ်ကတစ်ခန်း၊ အိမ်ရှင်တွေက တစ်ခန်း။ အိမ်ရှင်တွေက ကိုယ့်အဖေအမေအရွယ်နီးပါး လင်မယားနဲ့ အသက် ၂၀ ကျော် သမီး ၂ ယောက်။ အိမ်ရှင်အမနဲ့ သမီးနှစ်ယောက်က မနက် ၄ နာရီထ၊ ၅ နာရီဆို အလုပ်သွားပြီ ဆူရှီဆိုင်မှာ လုပ်တယ်။ အိမ်ရှင်ဦးလေးက ကျောက်ကပ်မကောင်းလို့ တပတ်မှာ ၆ ရက်လောက် ဆေးရုံးမှာသွားပြီး ကျောက်ကပ်ဆေးရတယ်။

မနက်မိုးလင်းတာနဲ့ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာထိုင်ပြီး တရုတ်ကားတွေကို ထိုင်ကြည့်တယ်။ ညနေ အိမ်ပြန်ရောက်တာနဲ့ တီဗွီဖွင့်ပြီး တရုတ်ကားကြည့်တာ ညအိပ်တဲ့အထိ။ ကိုယ့်အိပ်ခန်းရှေ့က ဧည့်ခန်းဆိုတော့ ကိုယ်အသံမကြားရအောင် တီဗွီကို တိုးတိုးလေးဖွင့်တယ်။ အင်း ကိုယ်လည်း အဲဒီအသက်အရွယ်ရောက်ရင် တီဗွီရှေ့မှာထိုင်ပြီး ဗွီဒီယိုကားတွေ ကြည့်နေမလား။ ဝိုင်းကို ပြောပြတော့ ဝိုင်းက တကယ့်ကို misearable life တဲ့။ အပြင်ထွက်လည်ဖို့ ကျန်းမာရေးကမကောင်း၊ ကျန်းမာရေးကောင်းရင်တောင် အင်္ဂလိပ်စကားမပြောတတ်၊ ပိုက်ဆံကလည်း မရှိဆိုတော့ ဧည့်ခန်းထဲမှာထိုင်ပြီး တီဗွီကြည့်ရုံမှတပါး အခြားမရှိ။ ကိုယ့်တိုင်းပြည်မှာဆိုရင်တော့ အသိမိတ်ဆွေ၊ အမျိုးတွေဆီသွားလည်း၊ ဘုန်းကြီးကျောင်းသွား နည်းနည်းတော့ လုပ်စရာရှိနေမှာပဲ။ အမေရိကန်တွေကတော့ အငြိမ်းစားယူရင် ကိုယ့်ဝါသနာပါတာလေးလုပ်၊ ပင်စင်လစာနဲ့လည်း နေဖို့စားဖို့အဆင်ပြေ၊ ကျန်းမာရေးမကောင်းရင် အစိုးရက ကုပေးဆိုတော့ စုဆောင်းထားရင် ခြိုးခြံ‌ချွှေတာစွာနဲ့ အငြိမ်းစားယူပြီးမှ ခရီးတွေထွက်နိုင်သေးတယ်။ မနှစ်က ပိတ်ရက်တွေဆိုရင် meet up အဖွဲ့တွေနဲ့နယူးယောက်တခွင် လမ်းလျှောက်တော့ မန်ဘာတွေက များသောအားဖြင့် အငြိမ်းစားတွေ များတယ်။ ကိုယ်နေဖူးသမျှအိမ်ထဲမှာ ဒီအိမ်ပစ္စည်းတွေ အရှုပ်ဆုံးပဲ။ အရင်နေခဲ့တာက ဂျပန်အိမ်ဆိုတော့ ရှင်းလင်းနေတယ်။ နတ်ဆုနဲ့ မိုချီလေးကို သတိရမိတယ်။ သူတို့လည်း ကိုယ့်ကို လွမ်းနေမလား။ အိမ်အသစ်က အဆင်ပြေပေမဲ့ လူများတော့ အိမ်သာပြသနာ နည်းနည်းရှိတယ်။ ရုံးမဆင်းခင် တခါအိမ်သာသွားထားပေမဲ့ ရထား ၁ နာရီစီးပြီးလို့ အိမ်ရောက်တဲ့အခါ ရှူးပေါက်ချင်တယ်။

ည ၇ နာရီခွဲလောက်ကနေ ၈ နာရီခွဲလောက်အထိ အိမ်ရှင်မိသားစု ၄ ယောက်က တန်းစီရေချိုးကြတော့ အဲဒီအချိန် ရှူးပေါက်ချင်ရင် အောင့်ထားရတယ်။ မအောင့်နိုင်ရင် အခန်းထဲက ဗန်းလေးမှာ ကိစ္စရှင်းရတယ်။ သြော် ဂျပန်အိမ်ကို လွမ်းမိပါဘိ။ ဂျပန်အိမ်လို အရာအားလုံး အဆင်ပြေတဲ့အိမ်ကတော့ ရှားပါဘိ။ ကိုယ့်အတွက် ကျန်းမာရေးက အရေးကြီးတော့ ကျန်တာတွေ သည်းခံရတာ့မှာပေါ့။ လူးပက်စ်က နှလုံးနဲ့ကျောက်ကပ်ကို တိုက်တတ်တယ် အရင်တပတ်တုန်းက ညည်းနှလုံးက ဖလပ်ဖလပ်ဖြစ်နေတော့ ခုတော့အကောင်း။ အဲဒီတုန်းက အားနည်းနေလို့ဖြစ်မယ်။ ဒေါက်တာထွန်းလင်းညွှန်လို့ နှလုံးအထူးကု ဒေါက်တာဒေါ်ခင်စီ သွားပြတော့ နှလုံးခုန်တာ မြန်နေတယ် Echo ရိုက်ရမယ်တဲ့။ နေမကောင်း ၂ ခါဖြစ်တော့မှ ဆေးအသစ်သောက်ဖို့ ဆုံးဖြတ်လိုက်တယ်။ လူးပက်စ်က All about medication သင့်တော်တဲ့ဆေးတွေ့ရင် သာမန်လူလိုပဲ နေထိုင်သွားနိုင်တယ်။ ကိုယ်လူးပက်စ်ဖြစ်တာ တစ်နှစ်ကျော်ပြီ ကိုယ့်လူးပက်စ်ကပဲ ပြင်းတာလား (ဆရာဝန်ကတော့ mild လို့ပြောတာပဲ)၊ ဆရာဝန်ကပဲ မစွမ်းတာလာတော့မသိ ပိုပိုဆိုးလာသလိုပဲ။ ၂၃ ပေါင် ကျသွားတာ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူး။ ဧပြီလမှာ မွေးစားအစ်မရဲ့ သမီးပြတဲ့ ဆရာဝန်နဲ့ပြဖို့ စီစဉ်ထားတယ်။ ပြကြည့်တာပေါ့လေ ၃ လလောက်ဆိုရင်ပဲ ဆရာဝန် စွမ်းမစွမ်း သိနိုင်ပါတယ်။ တိုက်အောက်က Laundary Room မှာ အဝတ်သွားလျှော်တော့ အစ်ကိုကြီးတစ်ယောက်နဲ့ဆုံတယ်။ အရင်တိုက်မှာတုန်းက အကြွေစေ့သုံးပြီး ခုတိုက်က ကဒ်သုံးတော့ မလုပ်တတ်တာကို အဲဒီအစ်ကိုကို မေးကြည့်တော့ ရှင်းပြတယ်။ အစကတော့ အင်္ဂလိပ်လိုပြောနေတာ နောက်တော့ မြန်မာလားဆိုတော့ အင်း။

အကို့ကို မွေးစားအကိုရဲ့အဖေ ၁ လပြည့်အလှုလုပ်တော့ ဆုံဖူးပါတယ် အကို့မိန်းမမှာ လူးပက်စ်ရှိတယ်။ အဲဒီတုန်းက မွေးစားအကိုက သူ့သမီးနဲ့ကိုယ့်ကို လူးပက်စ်တွေလို့ မိတ်ဆက်ပေးဖူးတာကိုး။ မှတ်မိပြီ အကို့မိန်းမ နေကောင်းလား ကီမိုသွင်းလိုက်တာ သက်သာလာတယ် ဘယ်ဆရာဝန်နဲ့ ပြနေလဲ။ အကို့မိန်းမ ဒီတိုက်ကို စရောက်တုန်းက ဒီမှာ အဝတ်တခါလျှော်တာ flare up ဖြစ်သွားတယ်။ flare up ဆိုတာ လူးပက်စ် active ဖြစ်တာကို ဆိုလိုပါတယ်။ နောက်တော့ ဆရာဝန်က သူ့ကျောကုန်းမှာ ဇကာပေါက်ကပ် တပတ်ကြာလို့ ပြန်ခွာတော့ အဲဒီဇကာမှာ chemical တွေတွေ့တယ်။ အဲဒီ chemical တွေက လူးပက်စ်ကို ပိုဆိုးစေတယ် အဲဒါကြောင့် အကို အဝတ်လျှော်ဖို့တာဝန်ယူရတယ်။ ပန်းကန်ဆေးရင်လည်း လက်အိတ်နဲ့ဆေး၊ ဒါမှမဟုတ် ပန်းကန်းဆေးစက်နဲ့ဆေး။ အခုအိမ်မှာ ပန်းကန်ဆေးစက် မရှိဘူး။ ဂျပန်အိမ်မှာတုန်းက ပန်းကန်ဆေးစက် ရှိတာတောင် ကိုယ်က မသုံးဘူး။ အကို့မိန်းမကတော့ ကျောက်ကပ်ကို ထိတယ် ဆီးထဲမှာ ပရိုတင်းတွေများလို့ သွားပြရသေးတယ်။ butterfly rash ဖြစ်တယ်။ ကိုယ့် butterfly rash က တော်တော်ဆိုးတယ် ခုထိ မျက်နှာမှာ မည်းမည်းတွေ ကျန်နေတုန်း ခုထိ ဆေးလိမ်းနေရတုန်း။ အလုပ်လုပ်နေတုန်းလား အကို့မိန်းမကတော့ အလုပ်ကနေ ထွက်လိုက်ရတယ်။ အင်း လုပ်နေတယ် အိမ်မှာနေရင် ပိုကိုက်ခဲတယ်။ အတော်ကြီးနေမကောင်းတော့မှ ခွင့်ယူတယ်။ ကိုယ့်အလုပ်ကလည်း ခန္ဓာကိုယ်အားကို သိပ်သုံးစရာမလိုဘဲ ကွန်ပျူတာရှေ့ ငြိမ်ငြိမ်လေးထိုင် စဉ်းစားရတဲ့အလုပ်မို့သာ တော်တော့တယ်။ ဒီလိုပဲ လှုပ်တုပ်လှုပ်တုပ် နှေးစိနှေးစိနဲ့တော့ သွားနေတာပဲ။

အကို့မိန်းမက တရားထိုင်တယ်။ ကိုယ်လည်း အရင်က မနက် ၅ နာရီခွဲကနေ ၆ နာရီခွဲအထိ တရားထိုင်တယ်။ စထိုင်ခါစက မိနစ် ၂၀ လောက်ဆို ခြေထောက်တွေ နာလာတယ်။ ခုတော့ ၁ နာရီလုံးလုံး မနာမကျင်ဘဲ ထိုင်နိုင်ပြီ။ ဒါပေမဲ့ နှာသီးဝကလေကို မှတ်နိုင်တာ ၁၅ မိနစ်လောက်ပဲ ရှိတယ်။ တရားထိုင်ရင် ဦးနှောက်ကနေ နာကျင်တာတွေ သက်သာစေတဲ့ဓာတ်တမျိုး ထုတ်ပေးတယ်တဲ့ ဆရာတော်ဦးဇောတိကစာအုပ်မှာ ဖတ်လိုက်ရတာ။ ဘာပဲဖြစ်ဖြစ် တရားထိုင်တာ ကောင်းတဲ့အလုပ်ပါပဲ။ ခုတော့ မထိုင်ဖြစ်ဘူး။ ညဖက်အိပ်မပျော်ရင် လက်ကိုချလိုက်၊ ရင်ဘတ်ပေါ်တင်လိုက်၊ ခြေထောက်ကိုကွေးလိုက်၊ ဆန့်လိုက်နဲ့ တရားမှတ်ဖို့နေနေသာသာ နာတာကိုပဲ စိတ်ရောက်နေတော့လေ။ အသက်ထွက်ခါနီးချိန်ဆို အင်မတန်နာကျင်မှာ ဘယ်လိုလုပ်ပြီးများ တရားမှတ်နိုင်ပါ့မလဲနော်။ တရားအလေ့အကျင့်ရှိတဲ့သူမှပဲ နာကျင်တဲ့ဝေဒနာကို ခံစားချိန်မှာ တရားမှတ်နိုင်ပါ။ လူးပက်စ် active ဖြစ်နေတဲ့အချိန် တယောက်တည်းနေရတာမှာ ခက်ခဲမှပဲ။ ဟုတ်တယ် အိပ်ပျော်နေပြီ မီးက မပိတ်ရသေးဘူး။ စားဖို့သောက်ဖို့လည်း တယောက်တည်း လုပ်ရတယ်။ ပင်ပန်းနေပေမဲ့လည်း စားစရာမရှိဖြစ်မှာစိုးလို့ ဈေးဝယ်ရတယ်။ လူးပက်စ်သမားတွေက မိသားစု၊ မိတ်ဆွေ အကူအညီမယူလို့ မရဘူး အဲဒါကြောင့် ပြောင်းလာတာ။ ဆေးခန်းမှာ လူးပက်စ်သမားတွေမှ အများကြီး ရွယ်စုံဆိုဒ်စုံ။ အသက် ၁၃ နှစ်လောက် ကလေးမလေး မျက်နှာကလေးကလည်း ချစ်စရာလေး အဖေါ်လိုက်လာပေးတယ် ထင်နေတာ လူးပက်စ်ဖြစ်နေတာတဲ့။

ကိုယ့်သူငယ်ချင်း ဗီယက်နမ်မလေး မိုင်းဖန် လူးပက်စ်ရှိတယ်။ ခု ကိုယ်ဝန် ၂ လ ကိုယ်ဝန်က သူ့ကို ပိုပြီး strong ဖြစ်စေတယ်ဆိုပဲ မိခင်စိတ်ကြောင့်နေမှာ။ စတိတ်မှာမို့ တော်သေးတယ်နော် medicare ဆေးအလကားကုခွင့်ရလို့ မြန်မာပြည်မှာဆို ကုနိုင်မှာမဟုတ်ဘူး။ စတိတ်မှာက ဂရင်းကဒ်သမား၊ low income family ဝင်ငွေနည်းတဲ့ မိသားစုဆိုရင် medicare လျှောက်လို့ရပါတယ်။ အဲဒီ ဂရင်းကဒ်ရဲ့ မိဘတွေဟာလည်း ဆေးအလကားကုခွင့် ရှိပါတယ်။ စင်တီးဇင်ဖြစ်သွားရင် မောင်နှမတွေကို ခေါ်လို့ရတယ် ၈ နှစ်လောက်တော့ ကြာပါသတဲ့။ ကိုယ်ကတော့ ဂရင်းကဒ်လည်းမဟုတ်တော့ medicare လျှောက်လို့မရဘူး။ အလုပ်ထွက်ပြီး နားဖို့ပြောကြပေမဲ့ အလုပ်ထွက်ရင် ကိုယ့်နေစားကျန်းမာရေးစရိတ် ဘယ်သူပေးမလဲ။ ဂရင်းကဒ်လျှောက်နေတုန်းဆိုတော့ အလုပ်ထွက်လို့ မဖြစ်ပြန်ဘူး။ အလုပ်လုပ်နေမှ ကိုယ်စားချင်တာ၊ ကိုယ်ဝတ်ချင်တာ၊ လှုချင်တာလေး လှုနိုင်မှာကိုး။ ကိုယ်နဲ့ကိုက်တဲ့ဆေး၊ ဆရာဝန်တွေ့ပြီး ကျန်းမာလာဖို့ မျှော်လင့်ရတာပဲလေ။

စန်းထွန်း
မတ် ၂၀၊ ၂၀၁၆။

ရေးခဲ့ပြီးတာက
Living with Lupus - 1
Living with Lupus - 2

28 February 2016

ယူအက်စ်သွား တောလား - ၁၅

ဂျူလှိုင် ၁၂ တနင်္ဂနွေနေ့မနက် ၇ နာရီခွဲ ဟိုတယ်ကနေ ထွက်ခွာမယ်လို့တိုးဂိုက်က မှာထားတော့ ၇ နာရီ မခွဲခင်မှာပဲ ဟိုတယ်ကနေ ချက်အောက်လုပ်၊ ဟိုတယ်ရှေ့မှာ ဓာတ်ပုံတွေ ရိုက်ဖြစ်ပါတယ်။ ဟိုတယ်က တော်တော်ကြီးတယ် ရဲတိုက်လားလို့ ထင်ရတယ်။ ဟိုတယ်ကနေ ဘော်စတွန်ကို ၄၂ မိုင် ၄၅ မိနစ်လောက် မောင်းရပါတယ်။ စောနေသေးလို့နဲ့ တူပါရဲ့ ဘော်စတွန်မြို့ထဲမှာ လူတွေကားတွေ ရှင်းလို့။ ဘော်စတွန်ဟာဘားခရူစ်စီးဖို့ နာရီဝက်လောက် နေပူထဲမှာ တန်းစီစောင့်လိုက်ရတယ်။ ဟာဘားခရူစ်စီးတော့လည်း အပေါ်ထပ်က မြင်ကွင်းကောင်းတယ်ဆိုပြီး အပေါ်ထပ်က စီးတယ်။ အဖေက နေပူလို့တဲ့ အောက်မှာသွားစီးတယ်။ နေလား အမြဲပူနေတာဆိုပြီး အပေါ်ထပ်မှာ စီးပေမဲ့ ကြာလာတော့ အပူချိန်ကြောင့် ခေါင်းကိုက်လာလို့ အောက်ထပ်ကို ဆင်းပြေးရတယ်။ အင်ဒိုနီးရှားသားအဖကတော့ တယောက်တလှည့် ဓာတ်ပုံရိုက်ကြနဲ့ အဖေနဲ့သမီး အတော်လေး ချစ်ကြပုံရတယ်။ သူများတွေက ဘော်စတွန်မြို့ နောက်ခံရူခင်းနဲ့ ဓာတ်ပုံတွေ တဖျပ်ဖျပ် ရိုက်နေချိန်မှာ ကိုယ်တွေက ထိုင်ရာကနေတောင် မထချင်။ ဘော်စတွန်ဟာဘားခရူစ်ကို ဒုတိယအကြိမ် စီးဖြစ်တာပါ။ ပထမအကြိမ်တုန်းက အကေဒီးယားကို တကိုယ်တော်တိုးထွက်တုန်းက။ အဲဒီတုန်းက မိုးသည်းသည်းမဲမဲ ရွာနေတော့ ဘော်စတွန်မြို့ကို သိပ်မမြင်ရဘူး။ ခုတခေါက်ကတော့ နေသာတော့ ဘော်စတွန်မြို့ပတ်ဝန်းကျင်၊ အထင်ကရ ကြိုးတံတားကို မြင်ရတယ်။

‌ဘော်စတွန်
‌ဘော်စတွန်

အကေဒီးယားကို ဒုတိယအကြိမ် ဝိုင်းနဲ့သွားတုန်းက ဝိုင်းက ဘော်စတွန်ဟာဘား ခရူစ်စီးနေချိန်မှာ ကိုယ်က ပင်လယ်ကမ်းစပ်က တံတားပေါ်မှာထိုင်လို့ ဖြတ်သွားဖြတ်လာတဲ့ သင်္ဘောတွေ၊ ဇင်ယော်တွေကို ငေးကြည့်နေခဲ့တာပေါ့။ အဲဒီလို ငေးကြည့်နေရတာကို ပိုကြိုက်တယ်။ ကိုယ်တကယ်စီးချင်တာက Wales Watching ခရူစ်သင်္ဘော။ ဘော်စတွန်ကနေ သုံးနာရီလောက် ပင်လယ်ဖက်ကို ထွက်ပြီး ဝေလငါးတွေကြည့်တာ။ တိုးခရီးစဉ်တွေမှာ Wales Watching မပါတော့ ကိုယ်လည်း မရောက်ဖြစ်ဘူး။ Wales Watching ကြည့်ဖို့ ကိုယ့်ဘာသာ ဘော်စတွန်ကို သွားမှပဲ ကြည့်ဖြစ်တော့မယ် ထင်ပါရဲ့။ မိန်းပြည်နယ် အကေဒီးယား အမျိုးသားဥယျာဉ် Mount Dessert Island ဘေးကနေ Nature Cruise ခရူစ်သင်္ဘော စီးခဲ့ရတာကိုတော့ တကယ်သဘောကျတယ်။ တိုးဂိုက်က သိမ်းငှက်တွေအကြောင်း၊ လော့စ်စတာတွေကို ဘယ်လိုဖမ်းတယ်ဆိုတာ လော့စ်စတာဖမ်းတဲ့ခြင်းတောင်း၊ လော့စ်စတာရုပ်တွေနဲ့ ရှင်းပြတာ အတော်စိတ်ဝင်စားဖို့ကောင်းတယ်။ ဘော်စတွန်ဟာဘား ခရူစ်စီးပြီးတော့ ကမ်းနားမှာပဲရှိတဲ့ နယူးအင်္ဂလန် ရေသတ္တဝါပြတိုက်ကို သွားလည်ပါတယ်။ အထပ် ၄ ထပ်လောက်ရှိပြီး သိပ်မကြီးပေမဲ့ စုံသား။ ရေသတ္တဝါပြတိုက်မှာ ၁ နာရီခွဲလောက် လည်ပြီးတော့ နေ့လည်စာစားဖို့ Quincy Market ကို သွားကြပါတယ်။ ကမ်းနားနဲ့ Quincy Market က သိပ်မဝေးဘူး။ Quincy Market က ရှေးဟောင်းဈေး။ ထမင်းကြော်၊ ခေါက်ဆွဲကြော် ဝယ်စားပေမဲ့ အစားအသောက် ပျက်နေတဲ့ကိုယ်က အသီးအနှံတွေပဲ စားနိုင်တယ်။

မိန်းပြည်နယ် အကေဒီးယား သွားတုန်းက ဝိုင်း ဘော်စတွန်ဟာဘားခရူစ် စီးတာကို စောင့်နေချိန်
‌ဘော်စတွန်

၁၂ နာရီခွဲ ဈေးရှေ့မှာ ဆုံမယ်လို့ တိုးဂိုက်က ပြောထားပေမဲ့ ဘာမှဝယ်စရာမရှိ၊ ဆိုင်တွေကို လိုက်မကြည့်ချင်တာနဲ့ပဲ ဈေးထိပ်မှာပဲ စောင့်နေဖြစ်တယ်။ အဖေက ဈေးဘေးအတော်ဝေးနေတဲ့ နေရာမှာ တိုးကားတွေ ရပ်ထားတာမြင်လို့ သွားကြည့်တော့ ကိုယ်တို့တိုးကားကို တွေ့တယ်။ တိုးကားဆီရောက်တော့ တိုးဂိုက်က အံ့သြလို့ ကိုယ်တို့တွေ ဘယ်လိုလုပ် တိုးကားကို ရှာတွေ့ပါလိမ့်ပေါ့ ကိုယ့်အဖေ ရှာတွေ့တာလေ။ နောက်တော့ တိုးဂိုက်က ခရီးသည်တွေကို သွားခေါ်တယ်။ ခရီးစဉ် ပြီးဆုံးပြီမို့ နယူးယောက်ကို ပြန်ပါပြီ။ နယူးယောက်ကို ၂၁၆ မိုင်၊ လေးနာရီသာသာ မောင်းရပါတယ်။ ၂ နာရီလောက် မောင်းပြီးရင် Rest Area တွေမှာ ရှူးရှူးပေါက်ဖို့ ရပ်ပေးပါတယ်။ ကားလမ်းသိပ်မပိတ်တာနဲ့ ဖလပ်ရှင်းကို ဝင်တာစောတော့ mini's shabu shabu မှာ ဟော့ပေါ့သွားစားဖြစ်တယ်။ ညရောက်လို့ မျက်နှာသစ်တော့ ကိုယ့်မျက်နှာတခုလုံး ရဲပလောင်းခတ်နေတာပဲ။ အမေကတော့ ပြောသား သမီးမျက်နှာ နီရဲနေတယ်တဲ့။ ကိုယ်က နေပူလို့ ထင်နေတာ။ နောက်နေ့ ရုံးတက်တော့ ရုံးကလူတွေက လာလာမေးကြတယ် နေကောင်းရဲ့လား မျက်နှာကနီနေလို့လေ။ သူတို့က နေရောင်ခြည်ကြောင့် sun burn ဖြစ်တယ်လို့ ထင်ကြပေမဲ့ ကိုယ်ကသိတယ် လူးပက်စ်ကြောင့် butterfly rash ဖြစ်တာလို့။

One World Observatory

ညနေတိုင်း အဖျားနည်းနည်းတက်ပြီး fatigue ပင်ပန်းနွမ်းနယ်လို့ ည ၉  နာရီလောက်ဆို အိပ်ငိုက်နေပြီ။ နောက်တပတ် အရေပြားဆရာဝန်နဲ့ သွားပြတော့ သောက်ဆေး၊ လိမ်းဆေးတွေ ပေးလိုက်တယ်။ နီရဲနေတာတွေက မဲပြီးကျန်ခဲ့တော့ မျက်နှာပြင်တခုလုံး မည်းနေတာများ လူတွေက လိုက်ကြည့်ကြတယ်။ ကိုယ့်မျက်နှာကို ကိုယ်ပြန်မကြည့် ချင်လောက်အောင်ပါပဲ။ ၆ လလောက် ကုယူတော့မှ နည်းနည်းလေး ပြန်ဖြူလာတယ်။ ဒါတောင် နှာခေါင်းနဲ့ ပါးစပ်အပေါ်ကြား၊ ညာဖက်နဖူးထောင့်၊ ပါးပြင်တွေမှာ အမည်းကွက်လေးတွေ ရှိနေတုန်း။ ဆောင်းရာသီပေမဲ့ sun screen တွေ လိမ်းရတယ်။ ခုနွေရာသီရောက်တော့မယ်ဆိုတော့ ဆရာဝန်မကမှာတယ် sun screen များများလိမ်း၊ ဦးထုပ်ဆောင်း၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီလက်ရှည်ဝတ်နော်။ ဘော်စတွန်ဟာဘား ခရူစ်စီးတုန်းကလို မဖြစ်စေနဲ့လို့ သတိပေးနေသေးတယ်။ အဖေတို့က ဗီဇာ ၆ လ ရပေမဲ့ ၃ လလောက်နေမယ်လို့ မှန်းထားတာ မောင်မောင်က ဖုန်းတဂွမ်ဂွမ်ဆက်၊ အဖေ့အလုပ်တွေကို ကောင်းကောင်းမဦးစီးနိုင်လို့ အဖေ့စက်လှေတွေ မထွက်နိုင်။ ဒီတော့ နောက်တပတ် ပြန်ပါတော့မယ် ဖြစ်ပါလေရာ။ လေယာဉ်လက်မှတ်ကို ရက်ပြန်ချိန်းတော့ ၂၅ ကျပ် ပေးရတယ်။ ဇူလှိုင် ၁၉  တနင်္ဂနွေနေ့ ရန်ကုန်ပြန်မယ်ဆိုတော့ ဇူလှိုင် ၁၈ စနေနေ့မှာ World Trade Center ရဲ့ One World Observatory ကို လိုက်ပို့ဖြစ်ပါတယ်။


အဲဒီနေ့မှာ အရေပြားဆရာဝန်နဲ့ ပြရမယ်ထင်လို့ သွားတာ နောက်နေ့မှတဲ့။ တရုတ်တန်းက ဝေါထရိတ်စင်တာကို ရထားစီးတာ ရထားက traffic ကြောင့် မသွားတော့ဘူးဆိုလို့ဆင်း နောက်ရထားတစီးကိုစောင့်တာ နာရီဝက်လောက်ကြာတဲ့အထိ ရထားမလာလို့ အပေါ်ကိုပြန်တက် တက္ကစီငှားပြီး သွားလိုက်တော့တယ်။ ဝေါထရိတ်စင်တာနားမှာ ရပ်ပေးပြီး တက္ကစီခက ၁၀ ကျော်လောက်ပဲကျတယ်။ ၁၂ : ၄၅ လက်မှတ်ကို ၃ နာရီ ကျော်မှပဲရောက်တယ်။ ဒါပေမဲ့လည်း တန်းစီစောင့်စရာ မလိုပါဘူး တခါတည်း ဝင်လို့ရတယ်။ အထပ်တရာကျော်ကို တမိနစ်တည်းနဲ့ရောက်တဲ့ ကမ္ဘာပေါ်မှာ အမြန်ဆုံးဓာတ်လှေကား၊ ၁၀၃ ထပ် အမြင့်ကနေ နယူးယောက်ပတ်ပတ်လည် ၃၆၀ ဒီဂရီ ပတ်ပတ်လည်၊ မက်ဟန်တန်၊ ကွင်းစ်၊ ဘရွှတ်ကလင်း၊ နယူးဂျာစီ၊ စတေတန်အိုင်လန်၊ ဂါဘနာအိုင်လန် မြင်ရတယ်။ Tunnel မြေအောက်လှိုဏ်ခေါင်းအတွက် လေဝင်လေထွက် ကောင်းမွန်အောင် မြစ်တဖက်တချက်စီမှာ ဆောက်လုပ်ထားတဲ့ လေရဟတ်အဆောက်အဦးတွေကိုပါ မြင်ရတယ်။ အောက်မှာ ဥဒဟိုသွားလာနေတဲ့ ကားတွေကို မြင်ရတာ အသည်းယားစရာ။ ဝေါထရိတ်စင်တာကနေ နယူးဂျာစီဖက်ကို သွားတဲ့ရထားစီး တဘူတာ ဟိုဖက်ကမ်းက Exchange Place ဘူတာမှာဆင်းပြီး မက်ဟန်တန် skyline ကို ကြည့်တယ်။ ကိုယ့်ကလိုင်းရင့်ရုံးက အဲဒီကို မကြာခင်ရွှေ့တော့မှာဆိုတော့ ကိုယ်ရုံးတက်ရမဲ့နေရာ ဆိုပါတော့။


အိမ်ပြန်ရောက်တော့ အထုပ်တွေသိမ်း။ အဖေရေ ဗမာတွေဆိုရင် မိတ်ဆက်ပြီး အကူအညီတောင်းနော်လို့ မှာထားတယ်။ ကံကောင်းချင်တော့ ကိုယ့်မွေးစားအစ်ကိုက သူ့အဖေ နေမကောင်းလို့ပြန်မှာ အဖေတို့နဲ့ လေယာဉ်တစီးတည်းဆိုတော့ လုံးဝစိတ်မပူတော့ဘူး။ ဘုရင့်နောင်ပွဲရုံက သူဋ္ဌေးပွဲစားက အိမ်မှာခိုင်းဖို့ ကောင်မလေးတွေခေါ် ပျော်အောင်ဆိုပြီး ရွှေတိဂုံဘုရားတွေလိုက်ပြ၊ ရန်ကုန်တခွင် အနှံ့လိုက်ပြပြီးတော့ ကောင်မလေးတွေက ပြန်ပါတော့မယ် ဖြစ်ပါလေရာ။ ခုလည်း အမေရိကန်တခွင် နှံ့ပြီမို့ ပြန်တော့မယ်လို့ အဖေကပြောလို့ ကိုယ့်မှာရယ်လိုက်ရတာ။ အမေရိကန်မှာ ၁ လနဲ့ တစ်ပတ်နေသွားတာမှာ ရက် ၂၀ လောက်က ခရီးသွားနေတာ။ ဒီလောက် ခရီးကြမ်းနှင်နေတာ အဖေနဲ့အမေ နေမကောင်း မဖြစ်တာ တော်သေးတယ်။ ကိုယ် အဖေတို့ကို လိုက်ပို့ချင်တဲ့၊ ကိုယ်သွားလည်ချင်တဲ့ ခရီးတွေဆိုတော့ ပိုက်ဆံကုန်ရကျိုး၊ ပင်ပန်းရကျိုးနပ်ပါတယ်။ နောက်နှစ်တွေမှာလည်း အဖေတို့ လာလည်ခဲ့ရင် ယူအက်စ်သွားတောလားတွေ အနေနဲ့ တင်ပါဦးမယ်။ ဘလော့ကို ပစ်ထားတာ အတော်ကြာပြီ လွန်ခဲ့တဲ့နှစ်ပတ်က ရင်ညွန့်အောင့်၊ နံရိုးအောက်ကအောင့်၊ ထိုင်နေ၊ မတ်တပ်ရပ်နေရင် အကောင်း၊ လှဲအိပ်ရင်အကောင်း၊ လှဲအိပ်လို့ ညာဖက်ကိုစောင်းရင်အောင့်၊ ဘယ်ဖက်ကိုစောင်းရင်အောင့်လို့ ၃ရက်လောက် အိပ်မပျော်။ ခံတွင်းပျက်လို့ မစားနိုင်၊ ဈေးမသွားလို့ စားစရာမရှိ၊ အိမ်ရှင်ဆီက နွားနို့၊ ပေါင်မုန့်တွေစား၊ နာလို့ငိုနဲ့ ခွင့် ၄ ရက် ယူလိုက်ရတယ်။

Jersey City, New Jersey

မကြီးက သူ့ငယ်သူငယ်ချင်းရဲ့ သူငယ်ချင်းအစ်မနဲ့ ကိုယ့်မွေးစားအစ်မကို လှမ်းဖုန်းဆက်တော့ သူတို့တွေလာကြပြီး အစားအစာတွေ လာပေး၊ ကိုယ့်မွေးစားအစ်မက ခံတွင်းလိုက်အောင်လို့ မရမ်းသီးထောင်း၊ ချဉ်ပေါင်ကြော်၊ ဝက်သားနဲ့မျှစ်ချဉ်၊ ပုဇွန်ထုပ်၊ ပန်းဂေါ်ဖီဟင်းချိုတွေ လာပေးပြီး လာကြည့်တယ်။ နောက်နေ့ကျတော့ ကြာဇံဟင်းခါး၊ သုပ်စားဖို့ဟာတွေ၊ ဘူးသီးနဲ့ ကြက်သား၊ အာဗြဲခြောက်ကြော်တွေ လာပို့တယ်။ ကိုယ်လည်း ဆုံးဖြတ်လိုက်တယ် သူတို့နဲ့ နီးနီးနေမှ ဖြစ်မယ်လို့။ ခုဂျပန်အိမ်မှာ ကိုယ်နေမကောင်းတာကို အိမ်ရှင်တွေမသိ အိမ်ရှင်တွေကလည်း အိမ်မကပ်။ တဘူတာဝေးတော့ ကိုယ့်အစ်မသူငယ်ချင်းနဲ့ မွေးစားအစ်မတွေက လာဖို့ခက်တယ်။ သူတို့တိုက်မှာပဲ အခန်းရှာပြီး နောက်တပတ်မှာ ပြောင်းတော့မယ်။ ခုအိမ်မှာ ၂ နှစ်ကျော် အဆင်ပြေပေမဲ့ ကိုယ့်ကျန်းမာရေးကြောင့် နတ်ဆုနဲ့ မိုချီတို့ကို ခွဲရတော့မယ်။ အိမ်အသစ်မှာ အဆင်ပြေပါ့မလား၊ ငါးနှစ်တောင်ရှိပြီဆိုတော့ ပစ္စည်းတွေကများ။ ဒါတောင် ကိုယ်က ဆူနမ်တို့လို မွေ့.ယာ၊ ဖုန်စုပ်စက်၊ မိုက်ခရိုဝေ့စ်၊ အိုးခွက်ပန်းကန်၊ ထိုင်ခုံတွေဘာတွေ ဘာမှမရှိဘူး။ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့က ဆူနမ်ကလည်း သူ့အခန်းဖော်တွေ အလုပ်ပြောင်းလို့ အိမ်ပြောင်းမယ်၊ စာချုပ်ကလည်း ပြည့်ပြီမို့လို့ အခန်းရှာနေပါတယ်တဲ့။ ကိုယ့်ကို လာမေးနေတယ် အခန်းဘယ်လိုရှာတာလဲတဲ့ ကိုယ်ကတော့ Craigslist ကနေ ရှာတာပဲ။



ဝိုင်းကလည်း သူ့အခန်းဖော် တရုတ်မက အလုပ်ပြောင်းနိုင်တာမို့ အလုပ်နဲ့နီးတဲ့ နေရာကိုပြောင်းမှာမို့ သူလည်း အခန်းရှာရတော့မယ်ထင်တယ်။ အခန်းတွေဘာတွေ သိရင်ပြောပါဦးတဲ့။ သူကတော့ ယူအန်ရုံးနဲ့နီးတဲ့ မက်ဟန်တန်မှာပဲ ရှာရပါမှာ။ ကိုယ်တို့သူငယ်ချင်းတွေလည်း ဘယ်လိုဖြစ်ပြီး အတူတူ အခန်းတွေ ရှာနေရပါလိမ့်။ ကိုယ်ကြုံခဲ့တဲ့ အိမ်ရှင်တွေက အတော်ကောင်းလို့ အိမ်ရှင်တွေနဲ့ ပတ်သက်ရင် ကိုယ်ကံကောင်းတယ်လို့ ဆိုရမယ်။ ကန်တက်ကီအိမ်ရှင်မဆိုရင်လည်း ကိုယ်ကား မဝယ်နိုင်ခင်တုန်းက သက်သာတဲ့နှုန်းထားနဲ့ ကြိုပို့လုပ်ပေး၊ အာရှဆိုင်တွေကို လိုက်ပို့ပေး၊ ကိုယ့်ကားဘီးပေါက်လို့ လေပြားနေတာကို လေဖြည့်၊ သူကိုယ်တိုင်မောင်းပြီး ဝပ်လျှော့ကိုလိုက်ပို့၊ ပြန်ယူလာနဲ့ ညီမလေးတစ်ယောက်လို  စောင့်ရှောက်တယ်။ မေရီလန်းအိမ်ရှင်လည်း သဘောကောင်းတယ်။ နယူးယောက်ရောက်တော့ နှစ်လနေခဲ့တဲ့ ဗမာအိမ်ရှင်တွေလည်း သဘောကောင်းတယ်။ ခု ၂ နှစ်ကျော်နေတဲ့ ဂျပန်အိမ်ရှင်တွေလည်း သဘောကောင်းတယ်။ အိမ်ရှင်တွေနဲ့ ပတ်သက်ပြီး စိတ်ချမ်းသာခဲ့ရတော့ အခုအိမ်ရှင်သစ်တွေနဲ့လည်း စိတ်ချမ်းသာဖို့ မျှော်လင့်ရတာပဲ။ စိတ်မချမ်းသာခဲ့ရင် ပြောင်းပေါ့။ ဘဝဆိုတာ ဒီလိုပါပဲ မျှော်လင့်မထားတာတွေ ဖြစ်လာတတ်တော့ ဟိုအကွေ့ရောက်ရင် ဟိုတက်နဲ့လှော်၊ ဒီအကွေ့ရောက်ရင် ဒီအတက်နဲ့လှော်ရမှာပဲပေါ့။

စန်းထွန်း
ဖေဖေါ်ဝါရီ ၂၈၊ ၂၀၁၆။