အီးကေဂျီ ...
Photo from Google
အိမ်မှာ အဖေက စည်းကမ်းအရှိဆုံး ဘယ်ပစ္စည်း ဘယ်နေရာမှာ ထားတယ်၊ ပိုက်ဆံဘယ်အုပ်က ဘယ်လောက်လျော့နေတယ် ဆိုတာကအစ သိတယ်။ လူ့အရိပ်အကဲလည်း သိတယ် သမီးရေ ကြောင်အန်တော့မယ်လို့ သတိပေးရင် သတိပေးတဲ့အတိုင်း တကယ်အန်တော့တာပဲ။ ကိုယ်တို့သားအမိတွေက ဘယ်ပစ္စည်း ဘယ်နေရာမှာ ရှိသလဲဆိုတာ အကုန်မသိပေမဲ့ တော်တော်များများတော့ သိတယ်။ အဲ အဖေ့လိုတော့ ပိုက်ဆံဘယ်အုပ်က ဘယ်လောက်လျော့နေမှန်းတော့ မသိဘူး။ အိမ်မှာ စည်းကမ်းမရှိဆုံးက မောင်မောင် ဖိနပ်ကို ညီညီညာညာ ချွှတ်ပါလို့ ဘယ်လောက်သင်သင် မရဘူး။ ကျောင်းအပ်ကတည်းက ဖတ်စာအုပ်၊ ဗလာစာအုပ် နှစ်စုံဝယ်ရတယ် ပျောက်လွန်းလို့။ ဈေးဝယ်ခိုင်းလိုက်ရင် ဈေးဆိုင်က ပြန်အမ်းတဲ့အတိုင်း ယူတယ်။ ဘယ်လောက်ပေးတယ်၊ ဘယ်လောက်ကျတယ်၊ ဘယ်လောက်ပြန်အမ်းတယ်ဆိုတာ ဘယ်တော့မှ မစစ်ဘူး။ အမေက အိမ်မှာ ကိုယ်တို့ပစ္စည်း မဟုတ်တဲ့ဟာ ရောက်နေရင် သိတယ်။ မောင်မောင်က သူ့သူငယ်ချင်းနဲ့ ကျောပိုးအိတ်၊ ဦးထုပ် လဲဆောင်းကြတယ်။ အမေက ညီအစ်မချင်း တယောက်အင်္ကီျ တယောက်ယူဝတ်တာတောင် ကြိုက်တာမဟုတ်ဘူး။ အမေ ရန်ကုန်လာရင်  မောင်မောင့်ပစ္စည်း မဟုတ်တာတွေ အကုန်ပြန်ပေးပဲ။ မောင်မောင့်ရာဇဝင်မှာက ပစ္စည်းပျောက်တယ်ဆိုတာ ရိုးနေပြီ။ ဟိုးတလောတုန်းက ပုသိမ်ကိုအသွား ကျောပိုးအိတ် အခွဲခံရပြီး ပိုက်ဆံ၁၀သိန်း ပါသွားတယ် နင့်ကို အဖေ ပြောပြလား ဟင့်အင်း။ အဖေ၊ အမေက ကိုယ့်ကို ကောင်းတဲ့ကိစ္စ၊ သိသင့်တဲ့ကိစ္စလောက်ပဲ အသိပေးတယ်။
ကျန်းမာရေး သိပ်မကောင်းတဲ့ကိုယ့်ကို စိတ်အနှောင့်အယှက် မဖြစ်စေချင်လို့နဲ့ တူပါရဲ့။ အဲဒီ ၁၀ သိန်းကိစ္စမှာ မောင်မောင့်ကို အပြင်မတင်ကြဘူး။ အလစ်သုတ်သမားတွေက အိတ်ထဲမှာ ပိုက်ဆံပါတာကို သိတယ်တဲ့။ အလစ်သုတ်သမားဆိုတာ အရိပ်အခြေအနေကို အမြဲကြည့်နေပြီး အလစ်ကိုချောင်းနေတာ ဆိုတော့လေ ကိုယ်တွေဆိုရင်လည်း ခံရမှာပါပဲ။ ပိုက်ဆံအိတ်ကို ရင်ဘတ်နဲ့မကွာ ပိုက်ထားရမလိုဘဲ။ ခုလည်း ဟိုင်းကြီးကို ပိုက်ဆံလွှဲတော့ မောင်မောင်က ပုသိမ်ကို ညဖက်ကားစီးပြီး သူသွားပေးမယ်ဆိုလို့ အမေနဲ့မကြီး နားဝင်အောင် အာပေါက်လုမတတ် အကြာကြီး မနည်းဖျောင်းဖျလိုက်ရတယ်။ ပိုက်ဆံတွေက အများကြီး၊ ပြီးတော့ညဖက် အယ်မလေး ပိုက်ဆံတွေကို လုယူသွားရုံတင်မကဘဲ လူကိုသတ်သွားမှဖြင့် ဒုက္ခ။ ခုခေတ်လူဆိုးတွေက ရဲကိုတောင် ပြန်သတ်နေတဲ့ခေတ်။ ဘေးကင်းအောင် ပွဲရုံကနေပဲ လွှဲပါတော့မယ် လွှဲခက သိန်းတရာကို တသောင်းကျော်။ မောင်မင်းကြီးသားက လွှဲခတသောင်းကျော်ကို နှမြောလို့တဲ့။ သြော် သြော် တော်တော်နှမြော တတ်ပါပေတယ် ၁၀ သိန်း ပါသွားတာကိုတော့ မနှမြောဘူးလားမသိ။ အဖေ့အတွက် ကိုယ်ပေးတဲ့ ကင်ဒမ်ဖိုင်းရားနဲ့ ကင်မရာကိုလည်း ဖျောက်ပစ်တယ်။ ကိုယ့်ကို အတော်ကြာမှ အသိပေးတယ် ဒေါသထွက်လို့ ဆတ်ဆတ်တောင်တုန်တယ်။ နားရွက်တွေနီ ခန္ဓာကိုယ်တခုလုံး ပူလာပြီး အနားမှာသာ မောင်မောင်ရှိရင် ကန်ကျောက်မိမှာပဲ ဒေါသထွက်လို့ တညလုံး အိပ်လို့မရဘူး။ ပြန်လျော်ပေးပါမယ်တဲ့ အဲဒီကင်နွန်ပါဝါလျှော့ ကင်မရာလေ စန်းထွန်း ဝယ်တုန်းက စင်္ကာပူဒေါ်လာ ၅၅၀ ပေးရတယ်ဆိုတော့မှ ဟင်တဲ့။
အဖေ့ဖုန်းကို နှစ်ရက်လောက်ရှိပြီ ခေါ်မရတာ ဟိုင်းကြီးကိုများ အားချင်းဆင်းသွားသလား။ ဟိုင်းကြီးကို ဆင်းမယ်ဆိုလဲ ကိုယ်တို့ကို အသိပေးနေကြပါ။ နောက်မှ သိလိုက်ရတာက အဖေ့ဖုန်းပျောက်သွားလို့တဲ့ ကိုယ်တွေမှာ အံ့တွေသြလို့ အဖေ ဖုန်းပျောက်တယ်ဆိုတော့လေ။ အဖေနဲ့ ဖုန်းပြောတော့ အေးလေ သမီးရယ် အင်္ကီျအိတ်ထဲ ထည့်ထားတာ ပူလာလို့ ပေါင်ပေါ်တင်ထားတာ မှတ်တိုင်ရောက်လို့ ဆင်းလိုက်တဲ့အခါ ကျကျန်ခဲ့တယ်နဲ့ တူပါရဲ့။ ဒီလောက် သတိထားနေရဲ့သားနဲ့ မှ ဖြစ်ရတယ်လို့။ အဖေက နှမြောတသဖြစ်နေလို့ အဲဒီဖုန်းက သုံးတာ ၃ နှစ်လောက်ရှိနေပြီ ဈေးလည်းတအားမကြီးပါဘူး ထွက်စရာရှိလို့ ထွက်တယ်လို့မှတ်ပါလို့ ကိုယ်တွေက ပြန်ပြီးနှစ်သိမ့်နေရတယ်။ အိုင်ဖုန်း 5s ရတော့ အဖေ့မှာ သင်စရာတခု တိုးသလိုပဲ ဖုန်းကိုင်တတ်အောင်၊ ဓာတ်ပုံရိုက်တတ်အောင်၊ ဘိုင်ဘာကနေ ဓာတ်ပုံတွေ ပို့တတ်အောင်၊ နှိုးစက်ပေးတတ်အောင် သမီးတွေဆီကနေ သင်ရတယ်။ သူလည်း သိပါတယ်ဆိုပြီး သမီးတွေဆီ ဓာတ်ပုံတွေရိုက်ပြီး ပို့တတ်တယ်။ ဖုန်းပျောက်တယ်ဆိုတာ သိသိချင်း ဖုန်းခေါ်ပေမဲ့ ဖုန်းပိတ်လိုက်ပြီ။ Find my iphone နဲ့ ရှာရအောင်လည်း ကွန်နက်ရှင်ကမကောင်း။ ဖုန်းပျောက်ပြီဆိုတာနဲ့ ပြန်ရဖို့ အခွင့်အရေးနည်းတယ် ဆုံးပြီလို့ပဲ သဘောထားလိုက်တော့တယ်။ အမေက အိုင်ဖုန်းအစား ဈေးနည်းတဲ့ ရိုးရိုးဖုန်းပဲ ကိုင်တော့တဲ့ စမတ်ဖုန်းသုံးပြီးတဲ့သူက စမတ်ဖုန်းပဲ သုံးချင်မှာပေါ့။ မောင်မောင့်လိုမျိုး ခဏခဏ ပျောက်တတ်တဲ့လူဆိုရင်တော့ ဈေးပေါတဲ့ဖုန်းပဲ ကိုင်သင့်တာပေါ့။ အဖေက ပစ္စည်းပျောက်ခဲတဲ့သူဆိုတော့ စမတ်ဖုန်း ကိုင်ပါစေ။
ဟိုတလောက ဘယ်ဖက်စောင်းအိပ်ရင်နာ၊ ညာဖက်စောင်းအိပ်ရင်နာ၊ ဒေါက်တာချန်ကို သွားပြတော့ muscle cramps ကြွက်သားတွေ ညှစ်မိတာနေမှာပါတဲ့။ သူ့ဆီက ပြန်လာပြီးကတည်းက လဲတော့တာ ခွင့် ၄ ရက်ယူ နားလိုက်ရတယ်။ ဒေါက်တာလင်းဆီ သွားပြတော့ အထဲမှာ ယောင်နေတာနေမှာတဲ့ ယောင်ယမ်းတာတွေ သက်သာတဲ့ဆေး ပေးလိုက်တယ်။ အိမ်ပြောင်းတော့ ပင်ပန်းပြီး ထပ်ဖြစ်ပြန်ရော။ ဒီတခါ ဒေါက်တာချန်က အဆုပ်ကို X ray ရိုက်ခိုင်းတယ်။ ဒေါက်တာလင်းက လူးပက်စ်ရောဂါက နှလုံးကို တိုက်တတ်တာမို့ နှလုံးဆရာဝန်မနဲ့ ပြခိုင်းတယ်။ ဆရာဝန်မက သဘောကောင်းတယ် ပထမတခေါက်ကတော့ လူများနေလို့ Echo မရိုက်ခဲ့ရဘူး။ Echo က X ray လိုပါပဲ ဘယ်ဖက်ရင်အုံမှာ ဂျယ်တွေသုတ်ပြီး စက်ကလေးနဲ့ နှလုံးအဆို့ရှင်တွေ အလုပ်ကောင်းကောင်း လုပ်မလုပ်တာကို ကြည့်တာ။ နှလုံးထဲက အတံလေးက မွေးကတည်းက မပါလာဘူး အမောမခံနိုင်ဘူးနဲ့ တူတယ်တဲ့။ တအားကြီးတော့ အမောမခံနိုင်ဘူး ဒါပေမဲ့ Jogging မိနစ် ၂၀ လောက် မရပ်မနား ပြေးနိုင်တယ်၊ လမ်း ၇ မိုင် လျှောက်နိုင်တယ်၊ တောင် ၃ မိုင် တက်နိုင်တယ်၊ ပစ္စည်းအလေးတွေ သယ်နိုင်တယ် အဲ လူးပက်စ် မဖြစ်ခင်တုန်းက ဆိုပါတော့။ လူးပက်စ်သမားတွေက နှလုံးနံရံ ထူလာတတ်တယ် သမီးက မထူဘူး အကုန်ကောင်းတယ်။ လူးပက်စ်သမားတွေ ဖြစ်တတ်တဲ့ နှလုံးမှာ ရေဝင်တယ်ဆိုတာ ဘယ်နေရာမှာလဲဟင် နှလုံးအောက်နား ဒီနားလေးမှာ။ နှလုံးခုန် မြန်နေတာကိုစစ်ဖို့ EKG နှလုံးခုန်တိုင်းစက် တပ်ပေးလိုက်မယ်။ ဒီနေ့ နေ့လည် ၁ နာရီမှာ စတပ်တယ်ဆိုတော့ နောက်နေ့ နေ့လည် ၁ နာရီမှာ ဖြုတ်ရမယ်။ ဟောဒီလို  ဖွင့်ပြီး ဘထ္ထရီဖြုတ်လိုက်ရင် ရပြီ။ တနင်္ဂနွေနေ့ဆိုတော့ ဆေးခန်းပိတ်တယ် ဒါပေမဲ့ ဆေးခန်းရှေ့ကပုံးမှာ လာထည့်လို့ရတယ်။
ဒေါက်တာလင်းက နှလုံးခုန်နည်းနည်းမြန်နေလို့ EKG တပ်မယ်ဆိုတော့ ကောင်မလေးတစ်ယောက်က ဝါယာကြိုးတွေနဲ့ ချိတ်ဆက်ထားတဲ့ ဘထ္ထရီကလစ်ပြားတွ ယူလာတယ်။ ငါ့ ခန္ဓာကိုယ်ထဲကို လျှပ်စစ်တွေနဲ့ လျှော့ရိုက်မလားဆိုပြီး လန့်သွားတယ်။ အီးကေဂျီက လန့်စရာကြီးလို့ပြောတော့ ကောင်မလေးက စိတ်မပူပါနဲ့ လုံးဝမနာပါဘူးတဲ့။ မနာမကျင် ဘယ်လိုမှမနေတော့မှ အီးကေဂျီ ဆိုတာကြီးကို မကြောက်တော့တာ။ ဘာဆိုဘာမှ မကြောက်မလန့်တတ်တဲ့ သတ္တိခဲစန်းထွန်း ကြောက်တဲ့အရာတွေလည်း ရှိပါသေးတကား။ ရင်ဘတ်နားမှာ အဝိုင်းပြားတွေတပ် ခါးနားမှာ ဝေါ်ကီတော်ကီ ဖုန်းလေးကို ကြိုးတွေနဲ့ ပတ်ထားရတယ် ရေချိုးလို့မရဘူးတဲ့။ လမ်းကြုံနေလို့ ရင်ဘတ်ကို Xray ဝင်ရိုက်တော့ ရိုက်လို့မရဘူးတဲ့  နောက်နေ့မှ ပြန်လာရိုက်ပါတဲ့။ နာမည်ခေါ်တဲ့အန်တီကြီး ရှင်းပြတာကို လက်မခံချင်မှန်းသိတော့ အန်တီကြီးက Xray ခန်းထဲက တစ်ယောက်ကို ခေါ်မေးပေးတယ်။ သူက Xray ရိုက်ရင် အဲဒီစက် ရပ်သွားမှာလို့ ရှင်းပြတော့မှ လက်ခံတော့တယ်။ အဲဒီလို တော်တော်နဲ့ လက်မခံချင် ခေါင်းမာတဲ့ညဉ်ဆိုးက တခါတခါမှာ ခေါင်းပြူထွက်လာတတ်သေးတယ်။ ခါးမှာ ဝေါ်ကီတော်ကီပတ်ထားတော့  အိပ်ရတာ သိပ်အဆင်မပြေဘူး။ နောက်နေ့ နေ့လည် ၁ နာရီ စက်ကိုဖြုတ် မေစီအိတ်လေးထဲထည့် ဘေးလွယ်အိတ် မလွယ်တော့ပါဘူး။ ပိုက်ဆံအိတ်နဲ့ဖုန်း၊ သော့၊ မတ်ထရိုကဒ်ကို အနွေးထည်အိတ်ထဲ ထည့်လိုက်တယ်။ အမှိုက်တခါတည်း ပစ်မယ်ဆိုပြီး ညာဖက်မှာ အမှိုက်အိတ် နှစ်အိတ်၊ ဘယ်ဖက်မှာ မေစီအိတ် ကိုင်ထားတယ်။ တံခါးဖွင့်တော့ ညာဖက်က အမှိုက်အိတ် ၂ အိတ်ကို ဘယ်ဖက် ပြောင်းကိုင်တယ်။ တံခါးပိတ် ဓာတ်လှေကားခလုတ်ကိုနှိပ်ပြီး အမှိုက်ပစ်တဲ့ အဖုံးကိုဖွင့်ပြီး အမှိုက်ပစ်တယ်။ ဓာတ်လှေကားက ရောက်နေပြီ အမှိုက်က အောက်ကို မကျသေးဘူးဆိုတော့ အမှိုက်အဖုံးကို စောင့်ပိတ်လိုက်သေးတယ်။ အမှိုက်တွေ ကျသွားပြီဆိုတာ သေချာတော့မှ ဓာတ်လှေကားတံခါးဖုကို ဆွဲဖွင့်လိုက်တယ်။
ဟင် အီးကေဂျီ ထည့်ထားတဲ့ မေစီအိတ်က ဘယ်မှာပါလိမ့် အမှိုက်အိတ်တွေနဲ့ ရောပစ်လိုက်ပြီလား။ ဘုရား ဘုရား မဟုတ်ပါစေနဲ့ တံခါးပြန်ဖွင့် ကိုယ့်အခန်း၊ ဧည့်ခန်း၊ မီးဖိုချောင်မှာရှာတော့ မေစီနဲ့တူတဲ့အိတ်ဆိုတာ မတွေ့။ ဘုရားရေ သေချာပြီ အမှိုက်အိတ်နဲ့ ရောပစ်လိုက်ပြီ ဒုက္ခပါပဲ။ ဓာတ်လှေကားရဲ့ ဘေးနားမှာ အမှိုက်ပစ်တာဆိုတော့ မြေအောက်ထပ် ဓာတ်လှေကားရဲ့ ဘေးမှာ အမှိုက်ကန် ရှိမှာပဲ အဲဒီမှာ သွားရှာရမယ်။ မြေအောက်ထပ် ဓာတ်လှေကားဘေးက အခန်းကိုတော့ တွေ့ပါရဲ့ သော့ခတ်ထားတယ်။ အိမ်ရှင်ကောင်မလေးကို အကျိုးအကြောင်း ပြောပြပြီး စူပါ့ (တိုက်ခန်းကြီးကြပ်ရေးမှုး) ဖုန်းနံပါတ်တောင်းတော့ သူ့မှာမရှိဘူးတဲ့။ ဒါပေမဲ့ မြေအောက်ထပ်မှာ စူပါ့ရုံးခန်း ရှိတယ် သူ့ရုံးခန်းရှေ့မှာတော့ သူ့ဖုန်းနံပါတ်ရှိလိမ့်မယ်။ သူပြောတဲ့အတိုင်းပါပဲ စူပါ့ရုံးခန်းရှေ့မှာ စူပါ့ဖုန်းနံပါတ်တွေ့တယ်။ အကျိုးအကြောင်း ပြောပြတော့ သူက နယူးယောက်ရဲ့ ၂ နာရီအဝေးမှာ ဒီနေ့ တနင်္ဂနွေ၊ တနင်္လာနေ့ မနက် ၈ နာရီ လာခဲ့ပါ အမှိုက်ကောင်လေး အမှိုက်လာသိမ်းတဲ့အခါ ရှာပေါ့တဲ့။ တော်တော့်ကို စိတ်ရှုပ်သွားတယ် အဲဒီစက်က ဈေးကြီးလိမ့်မယ်။ အသိအစ်မကို ဖုန်းဆက်ပြောပြတော့ ဟောတော့ စန်းထွန်းတို့ကတော့ ဖြစ်ရမယ်။ အီးကေဂျီစက်တွေက မော်ဒယ်အမျိုးအစားပေါ် မူတည်ပြီး ဈေးလည်းကွာတယ်။ အမှိုက်ပုံးထဲ လွှင့်ပစ်မိတာလို့ မပြောနဲ့ ဘတ်စ်ကားပေါ်မှာ မေ့ကျန်ခဲ့တယ်လို့ပြောပေါ့။ တချို့အာမခံတွေက ပစ္စည်းပျောက်တာတွေကို ကာဗာဖြစ်တာ ရှိတယ်။ ဆရာဝန် ဒစ်စကောင့်နဲ့ဆို သက်သာတာတွေ ရှိပါလိမ့်မယ်။ စူပါက ပြောဖူးတယ် အမှိုက်တွေကို အမျိုးအစားခွဲပြီး ရီဆိုင်ကယ်လုပ်သင့်တာလုပ်၊ မီးရှို့သင့်တာတွေ မီးရှို့တယ်တဲ့ ပြန်ရမှာပါ။
အင်တာနက်မှာ ရှာကြည့်တော့ အီးကေဂျီ စက်တန်ဖိုးက ၃၀၀ ကနေ ၅၀၀ ကြား။ အောင်မလေး သတိတချက် လွတ်တာနဲ့ ပိုက်ဆံကုန်ပေါက်။ မကြီးက သူလည်း ယောင်ပြီး နားကြပ်ကို ပစ်မိလို့တဲ့။ နားကြပ်ပစ်မိတာက တော်သေးတယ် အီးကေဂျီစက်ကို ပစ်မိတာက တော်တော်ဆိုးတာ။ သြော် ဒါကြောင့် ဘုရားက ဟောတာ အမြဲသတိကပ်ပါလို့။ မတွေ့ရင်လည်း လျော်ရမှာပေါ့ ရှောင်ပြေးလို့မှ မလွတ်တာ။ အင်း မနက်ဖြန်မနက် အမှိုက်ပုံးထဲ ခေါင်းစိုက်နေတဲ့ စန်းထွန်းဖြစ်အင်ကို မြင်ယောင်မိသေးတယ်။ အစကတော့ နေ့တဝက် ခွင့်ယူမလားလို့ နောက်တော့ စက်တွေ့ရင် ပြန်သွားပေးရမယ်၊ အဆုပ်ကိုလည်း Xray ရိုက်ရဦးမယ်၊ သွေးလည်း ဖောက်ရဦးမယ်ဆိုတော့ ခွင့်တရက် ယူလိုက်တယ်။ အမှိုက်ပုံးထဲ ရှာရမှာဆိုတော့ လျှော်မဲ့အဝတ်တောင်းထဲက အင်္ကီျတွေဝတ်၊ မနက် ၈ နာရီ စူပါ့ရုံးခန်းနားစောင့်၊ တံခါးလာဖွင့်တဲ့သူကို စူပါလားမေးတော့ မဟုတ်ဘူးတဲ့၊ အကျိုးအကြောင်းပြောပြတော့ သူက အမှိုက်တွေကို တာဝန်ယူတဲ့သူတဲ့၊ မေစီအိတ်ထဲမှာ ထည့်ထားတာ မေစီအိတ်ကလည်း အပွင့်လက်ကိုင်အိတ် ကျွှတ်ကျွှတ်အိတ်လို ချည်ထားတာ မဟုတ်ဘူး။ အမှိုက်ပစ်ရင်း တစစီများ လွှင့်ထွက်သွားပြီလား မသိဘူး။ ဖုန်းထဲက ဓာတ်ပုံကိုပြပြီး အဲဒီလို အဝိုင်းပြားလေးတွေကို ဝါယာကြိုးနဲ့ ချိတ်ထားတာ၊ ဝေါ်ကီတော်ကီလိုမျိုးလေး။ အားလုံးက တစုတစည်းတည်း ချိတ်တွဲထားတာလား ဟုတ်တယ်။ အဲဒီစက်က ဈေးကြီးတယ် ဆရာဝန်မကို ပြန်ပေးရမှာ မတွေ့ရင်တော့ လျော်ရတော့မှာပဲ။ အိုကေ သတိထားပြီး ရှာပေးမယ် ကျေးဇူးတင်ပါတယ် ကူရှာပေးရမလား နိုး နိုး ဘယ်အခန်းမှာ နေသလဲ 4T အိုကေ တွေ့ရင် လာပေးမယ် ကျေးဇူး။
အဆုပ်ကို Xray သွားရိုက်ပြီးအပြန် စူပါ့ရုံးခန်းကိုသွားတော့ အမှိုက်ဦးလေးကြီးကို တွေ့တယ်။ နင့်ညီမကို ပေးခဲ့တယ် ကျေးဇူးတင်ပါတယ် တဖ်စ် နိုး နိုး မလိုပါဘူး ယူပါ ကျေးဇူးတင်လွန်းလို့ပါ။ အခန်းများ မှားပေးခဲ့ရင် ဒုက္ခ တခေါက်ပြန်လှည့်ပြီး ဦးလေးကြီး အခန်းနံပါတ် 4T ကို ပေးခဲ့တာနော် ဟုတ်တယ် 4T။ ထမင်းစားခုံမှာရှာတာ မတွေ့လို့ အိမ်ရှင်ကောင်မလေးကို ဖုန်းဆက်မေးကြည့်တော့ ကိုယ့်အခန်းဝမှာ ချထားတယ်တဲ့။ ညစ်ပတ်ပေတူးနေတဲ့ မေစီအိတ်လေးကို မြင်လိုက်ရချိန်မှာ ကိုယ်ဘယ်လောက် ဝမ်းသာသွားတယ် ထင်သလဲ ဟူး ခုမှပဲ အပူလုံးကြီး ကျသွားပြီ။ မေစီအိတ်ထဲမှာ ဘတ္တရီတောင် ပါသေးတယ် ကိုယ်က လွှင့်ထွက်သွားပြီလို့ထင်တာ။ အသိအစ်မက ဖုန်းခေါ်ထားတယ် စက်ပြန်ရမရ သိချင်လို့တဲ့။ သတင်းကောင်းကို အစ်မတွေကို အသိပေး။ နောက်နေ့မနက် ရုံးတက်တော့ တရုတ်မယန်းက နင့်နှလုံးစစ်တာ ဘယ်လိုလဲလို့ မေးတယ်။ စနေနေ့မှာ ကိုယ့်နှလုံးကို Echo နဲ့စစ်မှာကို သူ့ကို ပြောပြထားတော့ နေများမကောင်းလို့ ခွင့်တရက်များ ယူသလားပေါ့။ နှလုံးကကောင်းတယ် အီးကေဂျီစက်ကို အမှိုက်ပုံးထဲ ပစ်မိလို့ ရှာနေရတာနဲ့ ခွင့်ယူလိုက်ရတာ။ ဟောတော့ စန်းစန်းကတော့ ဖြစ်ရမယ်။ အင်း နောက်နောင် နမော်နမဲ့ သတိလက်လွတ် မဖြစ်ရလေအောင် အထူးသတိထားရမယ်။ ကိုယ်လား အဲဒီလို ဖြစ်လိုက်ရင် ကြားရသူတွေမှာ ရင်ထိတ်စရာ။
စန်းထွန်း
ဧပြီ ၁၀၊ ၂၀၁၆။
3 comments:
Lorem Ipsum said...
ဆုမြတ်
Anonymous said...
မမအို်င်အိုရာ
San San Htun said...
ဆုမြတ်မိုး said...
ပြန်တွေ့လို့တော်သေးတာပေါ့အမရယ်...။ ကျန်းမာရေးဂရုစိုက်နော်...လမ်းလေးဘာလေး ဖြေးဖြေးချင်းပြန်လျှောက်ပြီး အားပြန်မွေးယူဦး ။ ဘာလို့ဆိုတော့လှုပ်ရှားမှ ခံနိုင်ရည်ရှိလာမယ် ကိုယ်ခံအားပိုကောင်းလာမှ ရောဂါတိုက်ထုတ်တာတွေပိုပြန်လာမှာပေါ့နော် ။
ဆုမြတ်
April 11, 2016 at 11:47 PM
Anonymous said...
တော်သေးတာပေါ့စန်းထွန်းရယ်
ဆရာဝန်မကတော့ထင်မှာ ဒီစက်က အနံ့တမျိုးပါလာတယ်လို့..ဟား ဟား
မမအိုင်အိုရာ
April 18, 2016 at 9:46 PM