အက်ပီတန် ဝိတ်ဂိမ်း...

ငယ်ငယ်တုန်းက မကြီးနဲ့မောင်မောင်က ထမင်း ၁ ပန်းကန်ပဲ စားပေမဲ့ ကိုယ်က ၃ ပန်းကန်တောင် စားတယ်။ အိမ်မှာ ဘိုးဘိုးက ထမင်းအရင်စားတယ် ပြီးရင် အဖေနဲ့အမေ ပြီးရင် ဆန်းဝင်း၊ လှဋ္ဌေး၊ အိမ်ကအလုပ်သမားတွေ စားတယ်။ ကိုယ်က ဘိုးဘိုးဝိုင်း၊ အဖေအမေဝိုင်း၊ အလုပ်သမားဝိုင်း သုံးဝိုင်းဆက်အောင် စားတယ်။ ဟင်းကောင်းတယ်ဆိုရင် ရှေ့နောက်မကြည့်ဘူး အကုန်စားထည့်လိုက်တာပဲ။ မိဘတွေကလည်း သူ့သားသမီးတွေ စားနိုင်တာကိုကြည့်ပြီး ပီတိဖြစ်နေတာ။ ပုသိမ်မှာ ကျောင်းတက်တော့ အသိဆရာမအိမ်မှာနေ ထမင်းလပေးစားတော့မှ စည်းနဲ့ကမ်းနဲ့ နေတတ်သွားတယ် အပိုးကျိုးသွားတယ် ဆိုပါတော့။ ကိုယ့်ခန္ဓာကိုယ်က မပိန်မဝ အနေတော်။ သူများတွေက စာမေးပွဲနီးရင် စိတ်ဖိစီးလို့ ပိန်တယ်။ ကိုယ်က အိပ်လိုက် စားလိုက်နဲ့ ဝိတ်တက်လာတယ်။ အူအတက်ရောင်တော့ ဆရာဝန်က ခွဲမလား၊ ဆေးသောက်မလားလို့မေးတယ်။ စာမေးပွဲကလည်း နီးနေပြီ ခွဲရင် ဘတ်စ်ကားစီးလို့မရဘူး ချုပ်ရိုးပြေသွားမှာစိုးလို့တဲ့။ ဒီတော့ ဆေးသောက်တယ် ၁၀ရက်လောက် အရည်ပဲသောက်ရတော့ ပိန်ကျသွားတယ်။ ကိုယ့်သူငယ်ချင်းတွေက ပိန်သွားတဲ့ကိုယ့်ကိုမြင်တော့ စိတ်မကောင်းဘူးတဲ့။ စင်္ကာပူရောက်တော့ အစ်မတွေက ကိုယ့်ကိုဝိတ်ချခိုင်းတယ်။ ဝိတ်ချခိုင်းရအောင် ကိုယ်က ဝနေတာမှ မဟုတ်တာ ဗိုက်ပူနေလို့တဲ့ အင်္ကီျအကျပ်တွေဝတ်ရင် မလှဘူးတဲ့။ ကိုယ်က အရင်ကတည်းက အလှအပကို သိပ်စိတ်ဝင်စားတဲ့သူမှ မဟုတ်တာ don't care ။

၂၀၀၂ ဒုတိယနှစ်ပြီးတော့ ကျောင်းကနေ ပုဂံ၊ ပုပ္ဗား လေ့လာရေးခရီး ထွက်တယ်။ ပုပ္ဗားတောင်ကလပ်နဲ့ တောင်မကြီး ဘယ်ဟာတက်မလဲ ရွေးကြတော့ တောင်ကလပ်က ၁ နာရီလောက်နဲ့တင် တက်လို့ပြီးတယ်။ နောက်တစ်ခေါက် လာရင်လည်း တက်ဖို့လွယ်တယ်။ တောင်မကြီးကတော့ ၄ နာရီလောက် တက်ရမှာ ဂိုက်နဲ့တက်မှဆိုတော့ တောင်မကြီးတက်ဖို့ ရွေးလိုက်ကြတယ်။ တောင် ၃ ၊ ၄ တောင်လောက် ဖြတ်ပြီးမှ တောင်မကြီးဆီရောက်တယ်။ ကိုယ်၊ ဝေ၊ အိကေ ကိုယ်တို့သုံးယောက်က တောင်မကြီးကို ပထမဆုံးရောက်တဲ့ မိန်းကလေးအဖွဲ့။ မြတ်မွန်က လူတိုင်းနဲ့ စကားပြောနေတော့ ဘယ်နေရာမှာ ပြတ်ကျန်ခဲ့သလဲမသိ။ ကိုယ်တို့ရှေ့မှာ အောင်ကြီးတို့အဖွဲ့ပဲ ရှိတယ်။ ကိုယ်တို့အိတ်တွေ သယ်ပေး၊ ရေတိုက်၊ အောင်ကြီးလွယ်အိတ်ကို ဆွဲပြီးတက်၊ လေးဖက်ထောက် တက်ရတဲ့နေရာရောက်တော့ ဝတုတ်လေးကျော်သူက အထက်ကနေ မိန့်မိန့်ကြီးထိုင်နေတော့ လက်ကမ်းပြီး ဆွဲကူမလားမှတ်တယ် ဒင်းက ရောက်တော့မယ်ဟ တက်ပါဟနဲ့ ပါးစပ်ကလေးနဲ့ပဲ အားပေးရှာတယ်။ တောင်ထိပ်မှာ ဘုန်းကြီးကျောင်း၊ တာဝါတိုင်ရှိတယ်။ တောင်ထိပ်ကနေ မြင်ရတဲ့မြင်ကွင်းက အင်မတန်လှတယ်။ မြန်မာပြည်အလယ်ပိုင်းရဲ့ အိုအေစစ်ပုပ္ဗားတဝိုက်က စိမ်းလဲ့နေလိုက်တာ။ ၄ နာရီလောက် ပင်ပင်ပန်းပန်း တက်ခဲ့ရတဲ့အမောတွေ ပြေသွားတယ်။ တိမ်တွေ ဝင်တိုက်သွားတဲ့အခါ ရင်ထဲအေးကနဲ ဖြစ်သွားတယ်။ ပြန်ဆင်းတော့ မြန်တယ် ၄၅ မိနစ်လောက်ပဲကြာတယ် မနည်းဘရိတ်အုပ်ပြီး ဆင်းရတယ်။

ပုပ္ဗားတောင်ကလပ်ကနေ မြင်ရတဲ့ ပုပ္ဗားတောင်မကြီး
ညာဖက်အစွန်ဆုံးမှာ ပုပ္ဗားတောင်ကလပ်ကို မြင်ရတယ်

တတိယနှစ်ရောက်တော့ အောင်ကြီး၊ ဘကြီး၊ ကျော်ကြီး၊ အလီ၊ အထွန်း၊ ဇေယျာဝင်းတို့နဲ့ ခင်တယ်။ အီးကြောင်လို့ ချစ်စနိုးခေါ်ကြတဲ့ အောင်ကြီးကို အခင်ဆုံး။ ခုတော့ အိကေရဲ့ ချစ်ခင်ပွန်း။ ဂုဏ်ထူးတန်း၊ မာစတာရောက်တော့ ဘကြီးတစ်ယောက်ပဲ ကျန်တော့တယ်။ ဘကြီးဆိုတာ နာမည်ရင်း မဟုတ်ဘူး ငါ့ဘကြီးဘုန်းကြီးကလေလို့ ပြောတတ်လို့ ဘကြီးဘုန်းကြီးလို့ နာမည်ပြောင် ရတာကနေ ဘကြီးလို့ပဲ ခေါ်ကြတော့တယ်။ ဘကြီးက စာတော်တယ် စာအုပ်ကြီးတွေ ဖတ်တယ် စာသင်တယ် အင်မတန်ပိန်တယ်။ လက်မောင်း၊ ခြေသလုံးက တကယ့်ပလွေရိုး။ ဗလတောင့်တောင့်၊ ကြွက်သားအမြောင်းမြောင်း၊ 6 packs ရှိတဲ့သူဆို ကောင်မလေးတွေက ရင်ခုန်စရာ။ စွပ်ကျယ်လေးဝတ်၊ ဒူးလောက်ဘောင်းဘီတိုလေးနဲ့ ဘောလုံးကန်နေတဲ့ ဘကြီးကို မြင်ရရင် ရင်ခုန်ရုံတင် မကဘူး ရင်ပါတုန်သွားစေရမယ်။ ကိုယ်တို့သူငယ်ချင်းတွေစု မဖြစ်စလောက် မုန့်ဖိုးလေးပေးပြီး ဘကြီးကို ပရိုဂရမ်းမင်း သင်ခိုင်းတယ်။ အိမ်စာပေးရင် ဘယ်တော့မှ မလုပ်ဘူး ဘကြီးကိုပဲ ပြန်လုပ်ခိုင်းတယ်။ စာအုပ်ငှားပြီး ပြန်မပေးလို့ ဘယ်သူငှားမှန်းလည်း မမှတ်မိ ကိုယ်တို့အုပ်စုထဲက ငှားမှန်းတော့ သိတယ်။ ဘကြီးက စာအုပ်ပြန်တောင်းရင် ကိုယ်တို့က မငှားပါဘူး နင် အမှတ်မှားနေတာနေမှာ ငါ မငှားတာတော့ သေချာတယ်။ တစ်နှစ်အကြာ ကိုယ့်သူငယ်ချင်းက စာအုပ်တွေ ပြန်ရှင်းလို့ အဲဒီစာအုပ် ပြန်တွေ့တော့မှ ပြန်ပေးဖြစ်တယ်။ တကယ့်ဆိုးဆိုးဝါးဝါးလေးတွေ။

မာစတာတက်တော့ ဘကြီးကိုကြိုက်တဲ့ ခိုင်ဆိုတဲ့ ကောင်မလေးတစ်ယောက် ရှိတယ်။ သူကြိုက်တာကိုလည်း တတန်းလုံး သိတယ်။ အဲဒီတုန်းက ကိုယ်တို့မာစတာတစ်တန်းတည်း ဖွင့်တာ။ တောင်ငူ၊ ပုသိမ် ကွန်ပျူတာတက္ကသိုလ်ကနေ မာစတာဝင်တဲ့သူတွေ ရန်ကုန်မှာ လာတက်ရတာ။ ကျောင်းသား အယောက် ၁၀၀ ကျော်မှာ ယောကျာ်းလေးက ၁၀ ယောက်တောင် မပြည့်ဘူး။ ကိုယ်တို့ကျောင်းကားဘေးနား ဘကြီးတို့ကျောင်းကား ဖြတ်သွားရင် ဟေး ... ခိုင် ဟိုမှာဘကြီး။ ခိုင်က ဒိုင်နာကားနောက်မှာ တွယ်စီးနေတဲ့ ဘကြီးကို လက်တွေပြ၊ ဖလိုင်းကစ်တွေပေးရင် ကိုယ်တို့တကားလုံး တဝါးဝါး တဟားဟား။ ခိုင် နင် ဘယ်လိုကနေစပြီး ဘကြီးကို ခိုက်သွားတာလဲ ကိုယ်တို့ကဗျူးရင် ခိုင် ပြန်ဖြေတာတွေကို ကိုယ်တို့က တဟားဟား။ ခိုင် နောက်ပိုးတာက ဘကြီးကို လိုက်စနေသလိုပဲ။ ခိုင်က ငါ ဘကြီးကို အပျော်ကြံတာ မဟုတ်ရပါဘူး အတည်ကြံတာပါဆိုလို့ ကိုယ်တို့မှာ ရယ်လိုက်ရတာ။ ဘီယာသောက်ပြီး မူးလာရင် ကားပေါ်ကနေ ခုန်ချဖို့လုပ်လို့ ခိုင့်ကို ဘီယာမတိုက်ရဲဘူး။ ခိုင်က တကယ့်ငပြောင်။ အဲဒီတုန်းက အက်ပီတန်ဝိတ်ဂိမ်း ကာတွန်းကြေငြာလေးတစ်ခု ရှိတယ်။ ပူဖောင်းလေးတွေ ကိုင်လာတဲ့ ပိန်ပိန်ညောင်ညောင်ကောင်လေး လေပြင်းတိုက်တဲ့အခါ ကောင်လေးက ပူဖောင်းနဲ့အတူ လွင့်သွားလို့ အက်ပီတန်ဝိတ်ဂိမ်း သောက်ပါတဲ့။ အဲဒီကြေငြာလည်းတွေ့ရော ဘယ်သူ့ကို ပြေးမြင်ယောင်တယ် ထင်သလဲ။

ပုဂံရှေးဟောင်းသုသေတနပြတိုက်ရှေ့

နောက်နေ့ စာသင်ဝိုင်းမှာ ဟေ့ ဘကြီး နင် ကြေငြာမင်းသားလုပ်ဖို့ ဝင်လျှောက်သင့်တယ်။ မျက်လုံးလေး ပေကလပ် ပေကလပ် အူကြောင်ကြောင် ဖြစ်သွားတဲ့ပုံနဲ့ ဘာကြေငြာလဲဟင် အက်ပီတန်ဝိတ်ဂိမ်းကြေငြာလေ နင်နဲ့ဆို အံကိုက်ပဲ တိန် ။ တကယ်ပြောတာ နင်နဲ့ဆို အသင့်တော်ဆုံးပဲ။ ကိုယ် ဘကြီးကို ဖဲ့နေတာကို ဘေးက သူငယ်ချင်းတွေက တဝါးဝါး တဟားဟားနဲ့ပေါ့။ ဘာမှတော့ ပြန်မပြောဘူး ဘကြီးခမျာ အောင့်သက်သက်နဲ့ ခံလိုက်ရမှာပဲ။ ဝဋ်ဆိုတာများလေ နောင်ဘဝထိတောင် မစောင့်ဘူး အဲဒီအဖြစ်အပျက်တွေဖြစ်ပြီး ဆယ်နှစ်အကြာ။ ကိုယ့်မှာလူးပက်စ် ဖြစ်နေတယ်လို့ သိလိုက်ရတာ ၂၀၁၄ ဒီဇင်ဘာ အဲဒီတုန်းက ၁၁၆ ပေါင်။ လူးပက်စ် Active ဖြစ်ရင် လည်ချောင်းတွေနာ၊ အစားအသောက်တွေပျက်၊ တစ်ယောက်တည်းသမားဆိုတော့ ဖွယ်ဖွယ်ရာရာ လုပ်မစား၊ အပြင်စာတွေ ဝယ်စားတဲ့သူ၊ ချက်ဖို့ပြ ုတ်ဖို့ ပျင်းတဲ့လူ။ ဒီလိုနဲ့ ဝိတ်တွေကျလာလိုက်တာ ၂၀၁၅ ဒီဇင်ဘာလည်းရောက်ရော ၉၆ ပေါင်ပဲ ရှိတော့တယ်။ ပေါင် ၂၀ တောင် ကျသွားတော့ တွေ့တဲ့သူတိုင်းက ပိန်သွားလိုက်တာလို့ ပြောကြတယ်။ ရှေ့လက အိမ်ပြောင်းတာ ပစ္စည်းတွေသိမ်းဆည်းရ၊ ထုပ်ရပိုးရ ပင်ပန်းလို့ ၃ ပေါင် ထပ်ကျသွားတာ ၉၃ ပေါင်။ နေလို့မကောင်းဘူး အားနည်းတယ် မောမောနေတတ်တယ်။ ဝိတ်တက်အောင်လို့ ရုံးကို အစားအစာတွေ အများကြီးသယ် တနာရီခြားတခါ နည်းနည်းစီစားတယ်။ ရုံးကတရုတ်မ ယန်းကို ငါ ပေါင် ၂၀ တောင် ကျသွားတယ်လို့ပြောတော့ သူက မယုံချင်သလို။ တစ်နေ့ ဟင် ... နင် ပေါင် ၂၀ ကျသွားတယ်ဆိုတာ တကယ်ပဲ ငါအခုမှ ခံစားမိတယ် ကြည့် နင့်လက်မောင်းရင်းက ငါ့လက်မောင်းဖျားလောက်တောင် မရှိဘူး။ ဘေးက ရုရှကြီးကလည်း အေး ဟုတ်ပါရဲ့။ အင်္ကီျအကျပ်တွေ မဝတ်နဲ့ နည်းနည်းပွပွလေးဝတ်။ ယန်းပြောတော့မှပဲ ကိုယ်လည်း ခန္ဓာကိုယ်အတိအင်္ကီျတွေ မဝတ်တော့ဘူး။ တော်ကြာ ကိုယ့်ဗလကို မြင်သွားရင် အားကိုးချင်စိတ် ပေါက်သွားမှာစိုးလို့။

နေ့လည်စာ pantry ထဲမှာစားတော့ အမေရိကန်တွေ ကယ်လိုရီသိပ်တွက်တဲ့ အကြောင်းပြောကြရင်း ဂျော်ဒန်ကြီး ဂျမားက စန်းစန်းရေ မင်းကတော့ ကယ်လိုရီကိစ္စ ပူစရာမလိုဘူးနော် ကောင်းလိုက်တာ။ ကယ်လိုရီကိစ္စ မပူရပေမဲ့ ဝိတ်ကိစ္စ ပူရတယ်အေ့ ပေါင်ချိန်စက်မှာ ဘယ်နှစ်ပေါင်တက်သလဲလို့ အမြဲတိုင်းရတယ်။ ပေါင်တက်လာရင် ဝမ်းသာတယ် ကိုယ်က ဝိတ်တက်အောင် ကြိုးစားနေတာ။ အယ်မလေး မင်းက ငါတို့နဲ့ပြောင်းပြန် ငါတို့က ဝိတ်ကျအောင် ကြိုးစားနေရတာ။ ပွာတိုရီကိုသူ လီဆာက ငါတို့အိမ်ကိုလိုက်ခဲ့ လက်ဖျောက်တီးလိုက်ရင်း အဲဒီလို ဖြစ်သွားစေရမယ်။ အမေရိကန်စာတွေစား ဝိတ်တက်လိမ့်မယ် အမေရိကန်စာမှ မကြိုက်တာ ဒါဆို အီတလီစာတွေစား ရုရှကြီးက ပေါင်မုန့်စားတဲ့။ ကိုယ်တို့ရုံးက ဝေါထရိတ်စင်တာရဲ့ တဖက်ကမ်းမှာ ပင်လယ်နဲ့နီးတော့ လေတအားတိုက်တယ်။ တိုက်အမြင့်ကြီးတွေကို သွေဖယ်ပြီး တိုက်လာတော့ ရုံးဘေးက ကားလမ်းက လေအရမ်းထန်တယ်။ တခါတလေ လူကရွေ့သွားတယ်။ တနေ့ မန်နေဂျာပေါလ်က စန်းစန်းနဲ့ယန်း မင်းတို့နှစ်ယောက် ရုံးဘေးကလမ်းကိုကူးရင် သတိထားပြီးကူး လွင့်ပါသွားလိမ့်မယ်။ ယန်းက ကိုယ်ဒီလောက် မပိန်ပါဘူး စန်းစန်းက အပိန်ဆုံး။ လီဆာ၊ အေမီကပါ ဟုတ်တယ် စန်းစန်း။ စန်းစန်းရေ သတိထား လေတိုက်ရင် တွေ့ရာတိုင်ဖြစ်ဖြစ် တခုခုကိုဖက်ထား။ အင်း ကိုယ်လည်း စဉ်းစားနေတာ တံမြက်စည်းဝယ်ရင် ကောင်းမလားလို့ ဟယ်လီပေါ်တာလိုလေ တံမြက်စည်းစီးပြီး ရုံးလာရင် ကောင်းမလားလို့။ ဟား ... ဟား ဝတ်ဇတ်တွေ လိုမျိုးပေါ့။ ကိုယ့်ရုံးဘေး ပြတင်းပေါက်နားမှာ ဖလပ်ဖလပ်နဲ့ ပျံသွားရင် စန်းစန်းပဲ။



အသက် ၃၅ နီးလာပြီ ကိုယ့်သူငယ်ချင်းကောင်လေး တော်တော်များများ ဘီယာဗိုက်တွေကိုယ်စီနဲ့။ ဘကြီးကတော့ ကလေးအဖေ ဖြစ်လာပေမဲ့ အရင်အတိုင်း အက်ပီတန်ဝိတ်ဂိမ်း ကြေငြာမင်းသားလုပ်လို့ ရနေဆဲ။ ခုဆို ဘကြီးကတော့ ပြောတော့မှာပဲ နင်လည်း အက်ပီတန်ဝိတ်ဂိမ်း ကြေငြာမင်းသမီးလုပ်လို့ ရပြီလို့။

စန်းထွန်း
ဧပြီ ၂ ၊ ၂၀၁၆။

3 comments:

Unknown said...
This comment has been removed by the author.
Anonymous said...

ထမင်းသာများများစား။ ၀ိတ်ကတက်ပါတယ်။
အသားလည်းစား။
မမအို်င်အိုရာ

San San Htun said...

Anonymous said...
ထမင်းသာများများစား။ ဝိတ်ကတက်ပါတယ်။
အသားလည်းစား။
မမအိုင်အိုရာ
April 18, 2016 at 9:42 PM