လက်ခံခြင်း အနုပညာ...

ဝိုင်းက  ဗီယက်နမ်တနိုင်ငံလုံးမှာ ဒုတိယရပြီး ဝင်ခွင့်အင်မတန်ခက်တဲ့ နိုင်ငံတကာဆက်ဆံရေး တက္ကသိုလ်တက်တယ်။ ကျောင်းတက်နေတုန်းမှာ ပြင်သစ်စာသင်ယူခဲ့တယ်။ ကျောင်းပြီးတော့ National Assembly မှာ အလုပ်ရတယ်။ သူ့သူငယ်ချင်းတော်တော်များများ နိုင်ငံခြားမှာ ကျောင်းသွားတက်ကြတော့ နိုင်ငံခြားမှာ ကျောင်းသွားတက်မယ်ဆိုပြီး ကျောင်းတွေလျှောက်တာ ထိုင်းနိုင်ငံ AIT တက္ကသိုလ်မှာ အမ်ဘီအေကို စကော်လားရှစ်အပြည့်ရတယ်။ ဘာသာစုံအေရပြီး ဗီယက်နမ်သတင်းစာမှာတောင်ပါလို့ သူ့အဖေက အဲ့ဒီသတင်းစာကိုညှပ်ပြီး အိမ်မှာကပ်ထားတယ်တဲ့။ နောက်ဆုံးနှစ်ကို ပဲရစ်က နာမည်ကြီးတက္ကသိုလ်မှာ သွားတက်တယ်။ အင်တန်းရှစ်ကို ဘန်ကောက်က Siemens မှာ ဆင်းတယ်။ ယူအန်အီတလီရုံးခွဲ မန်နေဂျာက အလုပ်ရှိတယ် ထောက်ခံပေးချင်တဲ့သူရှိလားဆိုပြီး ဝိုင်းရဲ ပရော်ဖက်ဆာကို ဆက်သွယ်တယ်။ ဝိုင်းရဲ့ပရော်ဖက်ဆာက ထောက်ခံပေးလို့ အင်တာဗျုးဖြေ အီတလီမှာ ၆ နှစ် အလုပ်လုပ်ခဲ့တယ်။ နယူးယောက်ရုံးကို ပြောင်းလာတာ ၄ နှစ်လောက်ရှိပြီ။ မနှစ်က နယ်သာလန် နာမည်ကြီးတက္ကသိုလ်တခုမှာ ပီချိတ်ဒီတက်ပြီး တစ်နှစ်နဲ့ထွက်လိုက်တယ်။ ခုလည်း အင်္ဂလန်မှာ သင်တန်းတွေသွားတက်၊ စပိန်စကား သင်နေတယ်။ ဝိုင်းအစ်မလတ်က စီးပွားရေးပညာနဲ့ ကျောင်းပြီးတယ် မဟာဘွဲ့ဆက်တက်တယ်။ ခုနိုင်ငံခြားဘဏ်တစ်ခုမှာ ရာထူးခပ်ကြီးကြီး။ ဝိုင်းကျောင်းတက်နေချိန်မှာ သူ့အစ်မလတ်က ပိုက်ဆံထောက်ပံ့တယ်။ ဗီယက်နမ်မြောက်ပိုင်း ဟနွိုင်းမြို့မှာ ဈေးကြီးတဲ့ကွန်ဒိုတိုက်ခန်းပိုင်ပြီး ဟနွိုင်းလာရင် သူ့ဆီလာတည်းဖို့ ဖိတ်တယ်။ ဝိုင်းဟာ သူ့အစ်မလတ်ကို သိပ်ဂုဏ်ယူတယ် ခဏခဏပြောလေ့ရှိတယ်။ ဗီယက်နမ်တောင်ပိုင်း ဟိုချီမင်းစီးတီးမှာနေတဲ့ ကလေး၃ယောက်အမေ သူ့အစ်မအကြီးဆုံးအကြောင်းကိုတော့ သိပ်မပြောဘူး။ ဝိုင်းအစ်မအကြီးဆုံးဟာ ဘွဲ့ရပြီးတာနဲ့ အိမ်ထောင်ကျတာဆိုတော့ မဟာဘွဲ့ဆက်တက်ပုံမရဘူး အိမ်ရှင်မဖြစ်ပုံရတယ်။ သူ့တို့ညီအစ်မနှစ်ယောက်လို  ထက်မြက်ပုံမရဘူး။ အစ်မအကြီးဆုံးရဲ့ သမီးက ၁၅ နှစ် အထက်တန်းစာမေးပွဲမှာ မြို့နယ်အဆင့်လောက်ပဲဝင်တယ်။

ဝိုင်းလို တနိုင်ငံလုံးမှာ ဆုမရတော့ ဝိုင်းက ကိုယ့်တူမကို ကိုယ်ချစ်ပါတယ်။ ဒါပေမယ့် ကိုယ့်တူမဖြစ်ရဲ့သားနဲ့ ဘာလို့မတော်မထက်မြက်ရတာလဲဆိုတာ နားမလည်နိုင်တော့ဘူး။ လက်ခံဖို့အတော်ကြိုးစားလိုက်ရတယ်။ သူ့အမေကလည်း စည်းကမ်းမတည်းကျပ်ဘူး။ မေးလိုက်ရင် သူ့သမီး တော်တယ်ဆိုတာကြီးပဲ။ အယ်မလေး ... မင်းက ခုမှ ကိုယ်ကလွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက လက်ခံဖို့အတော်ကြိုးစားခဲ့ရတာ။ ကိုယ့်အဖေဆိုရင် လှေလေးတစီးကနေ သင်္ဘောတွေ အများကြီးပိုင်အောင် ကြိုးစားခဲ့တဲ့သူ။ ကိုယ့်အမေဆိုရင် မကုန်သင့်တာ မကုန်ရအောင် သိမ်းဆည်းတာ အရမ်းတော်တဲ့သူ၊ အလုပ်အရမ်းလုပ်တဲ့သူ။ အမေက ရေဒီယိုမှာ ဖူးဘရိုက်စကော်လားရှစ်တွေ ခေါ်နေတယ်လို့ကြားရင် ကိုယ့်ကိုဝင်ဖြေခိုင်းတယ်။ ဒီလိုထက်မြက်တဲ့မိဘနှစ်ပါးကနေ ဒီလိုချာတူးလန်တဲ့ မောင်မောင် ထွက်လာတာ ကိုယ်ဖြင့်မယုံနိုင်ဘူး။ ကိုယ်တို့ညီအစ်မနှစ်ယောက်ဆို နှစ်တိုင်းဆုတက်ယူရတယ်။ မောင်မောင်ကျတော့ စာမေးပွဲတွေကျလို့ ဆရာမကခေါ်တွေ့။ ဆယ်တန်းစတက်တော့ ဂုဏ်ထူးနှစ်လုံးထွက်မယ်လို့ ပြောနေလို့ နင့်လိုကြိုးစားမှုနဲ့ ဂုဏ်ထူးထွက်မယ်ဆို လူတိုင်းဂုဏ်ထူးထွက်နေမှာပေါ့လို့ ပြောယူရတယ်။ ဆယ်တန်းစာမေးပွဲလည်း ဖြေရော မအောင်တော့ပါဘူး ခြစ်ချတော့မယ် လုပ်နေလို့ ခြစ်တော့မချပါနဲ့ ရသလောက်ဖြေပါလို့ ပြောယူရတယ်။ ကိုယ်တို့ညီအစ်မတွေ ဆယ်တန်းအောင်တာ မိဘတွေ ဘာမှမသိလိုက်ရဘူး။ မောင်မောင့်အလှည့်ကျတော့ ကျူရှင်ကို အဝေးကြီးမှာ မထားရဲဘူး လမ်းထိပ်မှာ နှစ်ယောက်ဝိုင်းထားတယ်။ ဒါတောင် ကျူရှင်ကိုမရောက်သေးလို့ ဆရာမကဖုန်းလှမ်းဆက်တယ်။ စာကြည့်ဖို့ကို တအိမ်လုံးက ဝိုင်းဆူရတယ်။ ကံကောင်းလို့ ဆယ်တန်းကို တစ်နှစ်တည်းနဲ့အောင်တယ်။ တက္ကသိုလ်တက်ဖို့စောင့်နေချိန် အင်္ဂလိပ်စာသင်တန်းတွေတက်ဖို့ လိုက်အပ်ပေးတာ တစ်ရက်ပဲသွားတက်တယ်။ နောက်ရက်ဆို သွားမတက်တော့ဘူး။

ဒေးမှာ မေဂျာတွေပြောင်း ဒေးကနေ အဝေးသင်ပြောင်း စာမေးပွဲတွေဖြေသွားတာ မသိလိုက်။ ပထမနှစ်ကို လေးနှစ်တက်တယ် ခုထိဘွဲ့မရသေးဘူး။ ဂိမ်းဆိုင်မှာ လိုက်ခေါ်ရင်ရှက်တယ် ဘောလုံးပွဲအကြောင်းကိုတော့ အကုန်သိတယ်။ ကိုယ့်မောင်ပဲ အဲ့ဒီလိုဖြစ်တယ်ထင်နေတာ မကြီးသူငယ်ချင်းမောင်လည်း အဲ့ဒီလိုပဲ။ ခေတ်ကိုက အဲ့ဒီလိုဖြစ်ကုန်တာလား မသိတော့ဘူး။ မောင်မောင့်ကို စင်္ကာပူမှာကျောင်းတက်မလား ကိုယ်တို့ညီအစ်မ ထောက်ပံ့မယ်ပြောတော့ ဟင့်အင့်းတဲ့။ နိုင်ငံခြားမှာ ပညာသင်ဖို့ အရည်အချင်းမရှိသလို နိုင်ငံခြားမှာ ဘော်ကြော့နေလို့မရဘူး ပင်ပန်းတယ်ဆိုတာ သူသိတယ်။ မောင်မောင့်မိန်းမက ကွန်ပျူတာတက္ကသိုလ်ကျောင်းဆင်း။ ဝင်ငွေသိပ်မကောင်းတဲ့ ကျူရှင်ဆရာမဆိုတော့ မကြီးက သူ့ဘွဲ့ကို နှမြောနေတယ်။ သင်တန်းတွေတက်ပြီး အိုင်တီအလုပ်လုပ်ရင် ဝင်ငွေနည်းနည်းကောင်းမှာကိုး။ ကလေးတဖက်၊ ရန်ကုန်မှာမွေး ရန်ကုန်မှာကြီးပေမဲ့ ဘတ်စ်ကားမစီးတတ်တဲ့ ရန်ကုန်သူဆိုတော့ ဘယ်လိုလုပ်သင်တန်းတက်နိုင်မှာလဲ။ ဟဲ့ ... သွားပြောမနေနဲ့ ကိုယ့်မောင်ကိုတောင် ဘွဲ့ရအောင်လုပ်လို့ ပြောလို့ရတာမဟုတ်ဘူး။ သူ့အစ်မတွေလောက် မတော်မထက်မြက် မကြိုးစားတဲ့မောင်မောင်ကို နားလည်လက်ခံပေးနိုင်ဖို့ ကြိုးစားခဲ့ရတယ်။ နိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့ အခွင့်အရေးရှိပေမယ့် မတက်၊ မကြိုးစားတဲ့သူကို တွေ့ရတဲ့အခါ မချင့်မရဲဖြစ်မိပေမယ့် ကိုယ်ကအစားဝင်ပြီး ကျောင်းတက်ပေးလို့ရတာမဟုတ်။ ကိုယ့်မောင်နှမတွေကို နိုင်ငံခြားမှာ ကျောင်းတက်စေချင်ပေမဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေကို မျိုသိပ်လို့ သူတို့ကမှ မတက်ချင်တာ မကြိုးစားချင်တာပါလားလို့ လက်ခံရတယ်။ ကိုယ့်မောင်နှမပေမယ့် မတော် မထက်မြက်ရကောင်းလားဆိုတဲ့ ဒေါသစိတ်ကလေးကို မျိုသိပ်လို့ အရှိကိုအရှိအတိုင်း လက်ခံနိုင်ဖို့လည်း လိုသေးတယ်။

စန်းထွန်း
ဇန်နဝါရီ ၂၆၊ ၂၀၁၈။

၂၀၁၈ စက်တင်ဘာ Central Park ထဲက English Garden ကို သွားတုန်းက ရိုက်ထားတဲ့ပုံပါ
ရေစက်ကလေးတွေ လွင့်နေတာလေးကို သိပ်သဘောကျတာပဲ 

ကြယ်တွေကြွေနေဆဲ ...

ကြယ်ကြွေချိန်မှာ ဆုတောင်းရင် တောင်းတဲ့ဆုပြည့်တယ်လို့ ပြောကြတယ်။ တကယ်လို့များ တောင်းဆုပြည့်ရင် ကြယ်ကြွေချိန် တောင်းဆုတခု ပြုချင်မိတယ်။ တမ်းတလို့ တောင်းတဲ့ဆုတွေ နှလုံးသားထဲ မနည်းတော့ဘူး။ ဘယ်သူတွေ အရင်က တောင်းဆုပြည့်သလဲ မတွေးတတ်တော့ဘူး။ ကိုယ့်တစ်ယောက်တည်း ကံဆိုးလွန်းနေတာလား။

ယုံကြည်နေတာတွေ မြေပေါ် ပဲ့ကြွေဆဲ ...
မျှော်လင့်နေတာတွေ မြေပေါ်ပဲ့ကြွေဆဲ...
တမ်းတနေတာတွေ မြေပေါ်ပဲ့ကြွေဆဲ...
လပြည့်ညတခုရဲ့ ကောင်းကင်က ကြယ်တွေကြွေနေဆဲ အချစ်လေး ...

စန်းထွန်း
ဇန်နဝါရီ ၂၀၊ ၂၀၁၉ ။

******************************************************

ကြယ်ရောင်တွေမြင်ရင် တိတ်တိတ်မျက်ရည်ဝဲ
တောင်းဆုများပြုခဲ့ဘူးတဲ့ ညလိုပဲ
ကြယ်ကြွေတာမြင်ရင် တောင်းဆုပြ ုပါတယ်
တမ်းတလို့တောင်းတဲ့ဆုတွေ
နှလုံးသားထဲ မနည်းတော့ဘူး
အတိတ်က အရိပ်တို့ ခြောက်လှန့်ခဲ့ပါတယ်
ယုံကြည်နေတာတွေ မြေပေါ်ပဲ့ကြွေဆဲ...

အိုး ....ကြယ်ကြွေသလို ရင်ကို အသည်းပန်းလေးကြွေ
မသိဘူးချစ်တဲ့သူ
ဘယ်သူတွေ အရင်က တောင်းဆုပြည့်နေ
ကိုယ်လဲမတွေးတတ်ဘူး
ကိုယ့်တစ်ယောက်တည်း ကံဆိုးလွန်းပြီ
လပြည့်ညတခုရဲ့ ကောင်းကင်က
ကြယ်တွေကြွေနေဆဲ အချစ်လေး...

နေရောင်လာချိန်ကို တောင့်တမိပေမဲ့
အဆုံးသတ်လို့မရတဲ့ အမြဲတမ်းညလိုပဲ
ကံဇာတာငယ်သူ တို့တစ်ယောက်တည်းကြေကွဲ
အစားထိုးလို့ မရတဲ့အချစ်တွေ
တို့ဘဝအတွက် မရှိတော့ဘူး
ကြိုးစားပြီးတော့ မေ့ပစ်ကြည့်ပါတယ်
ရောင်နီလာချိန်လို ကြုံလာညတွေပဲ...

အိုး....ကြယ်ကြွေသလို ရင်ကို အသည်းပန်းလေးကြွေ
မသိဘူးချစ်တဲ့သူ
ဘယ်သူတွေ အရင်က တောင်းဆုပြည့်နေ
ကိုယ်လဲမတွေးတတ်ဘူး
ကိုယ့်တစ်ယောက်တည်း ကံဆိုးလွန်းပြီ
လပြည့်ညတခုရဲ့ ကောင်းကင်က
ကြယ်တွေကြွေနေဆဲ အချစ်လေး...

အိုး .... အတိတ်က အရိပ်တို့ ခြောက်လှန့်ခဲ့ပါတယ်
ယုံကြည်နေတာတွေ မြေပေါ်ပဲ့ကြွေဆဲ...

************************************************************


တယောတီးခြင်း အနုပညာ ...

၂၀၁၅ တုန်းက ၈၀ နဲ့ ဝယ်ထားတဲ့ တယော... ၂၀၁၈ ကျမှ တယောတီး သင်ဖြစ်သွားတယ် 

ကိုယ်တကယ်တီးချင်တာက စန္ဒရား သင်နေတာတွေက ဂစ်တာ၊ တယော။ တက္ကသိုလ်ကျောင်းပိတ်ရက် ဟိုင်းကြီးပြန်တော့ ဂစ်တာတီး  တရက်သင်ဖူးတယ်။ သင်ပေးတဲ့ဆရာက ဂစ်တာကလွယ်တယ် ကီး၃ခုလောက်တတ်ရုံနဲ့ ဇော်ပိုင့်သီချင်းတွေ တီးလို့ရပြီတဲ့။ ဂစ်တာကြိုးတွေကို လက်နဲ့ဖိရတာ အင်မတန်နာလို့ နောက်ထပ်မသင်ဖြစ်တော့ဘူး။ တယောဦးတင်ရီဆီမှာ တယောတီးသင်ကြတာ ခေတ်စားတော့ တယောတီးသင်ချင်တယ်။ သူငယ်ချင်းက သင်တန်းကြေး စုံစမ်းပေးတယ်။ တယောဝယ်မယ်ဆိုရင် သူ့သူငယ်ချင်းဆီမှာ ဈေးသက်သက်သာသာနဲ့ ဝယ်လို့ရတယ်။ အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာသင်တန်း တက်ဖို့သာ အိမ်ကပိုက်ဆံပေးတာ တယောတီးသင်တန်းတက်ဖို့ ပိုက်ဆံမပေးဘူး။ မေရီလန်းရောက်တော့ ဆူနမ်၊ ရာမား၊ အမ်းထရူးမှာ ဂစ်တာရှိတယ်။ ကိုယ်လည်း အားကျမခံ ဂစ်တာဝယ်ပြီး ယူကျူကနေ ဂစ်တာတီးသင်တယ်။ ကီး၃ခုသိပေမဲ့ ကီးတခုကနေတခု ပြောင်းတဲ့နေရာမှာ တစ်နေတယ်။ ဆောင်းရာသီရောက်လို့ ဂစ်တာတီးပြန်သင်တိုင်း ကီးပြောင်းတဲ့နေရာမှာ အဆုံးသတ်သွားတယ်။ ၂၀၁၅ တုန်းက တယောနဲ့ဓာတ်ပုံရိုက်မယ်ဆိုပြီး အမေဇွန်ကနေ ဈေးပေါတဲ့တယော ဝယ်လိုက်တယ်။ ဝိုင်းက ပီယာနိုနည်းနည်း တီးတတ်တယ်။ ဝိုင်းက ဂီတာတီးသင်ဖို့ လုံးဝစိတ်မဝင်စား တယောတီးသင်ရအောင်လို့ပြောလာတယ်။ ဒီလိုနဲ့ပဲ တယောတီး သင်ဖြစ်သွားတယ်။ ၂၀၁၅ မိန်းပြည်နယ် အကေဒီးယားသွားတုန်းက တိုးကားပေါ်မှာ သိခဲ့တဲ့ ထိုင်ဝမ်မြန်မာအန်တီကြီးသမီးက တယောတီးသင်တဲ့ ဆရာမဆိုတာ သတိရသွားတယ်။ အန်တီကြီးကို ဆက်သွယ်မေးမြန်းကြည့်တော့ တနာရီ ၅၀ အယ်မလေး ... ဈေးကြီးလိုက်တာ။ ဝိုင်း ရှာဖွေထားတဲ့ ကျောင်းက ဈေးသက်သာတယ် ၂ လ ၃၀၀။ ကျောင်းအပ်ပြီးတဲ့အခါ ကိုယ်တို့ဝယ်ထားတဲ့တယောနဲ့ သင်လို့ရမရ တယောဆိုင်မှာ သွားမေးကြတယ်။ အဲ့ဒီဆိုင်မှာ ဈေးအပေါဆုံးတယောက တထောင်ကျော်။ ကိုယ်တို့တယောက တရာကျော်တန် ဒစ်စကောင့်နဲ့ ၈၀ ပေးရတယ်။ တယောက လုံးဝသုံးစားလို့ မရဘူး ကြိုးတွေ ပြန်လဲရတယ် ကြိုးအသစ်က ၈၀၊ တယောထိုးတံအသစ်က ၁၀၀၊ ပခုံးပေါ်မှာ တယောမြဲစေတဲ့ shoulder rest က ၃၅။

အကျင့်မရှိသေးတော့ ငါးမိနစ်လောက်ကြာတဲ့အခါ ပခုံးပေါ်ကတယောဟာ အင်မတန်လေးလံလာတယ်လို့ ခံစားရတယ်။ ပခုံးပေါ်မှာ တယောကို မှန်ကန်တဲ့အနေအထားရဖို့ ခက်တယ်။ ဂစ်တာကို ယူကျူကနေ သင်လို့ရပေမဲ့ တယောတီးတတ်ဖို့ဆိုတာ ဆရာမပါဘဲ မဖြစ်နိုင်ဘူး။ တခြားကြိုးတွေကို မထိဘဲ တီးတတ်ဖို့၊ rhythm သိဖို့၊ နှုတ်စ်တွေသိဖို့ လေ့ကျင့်လေ့လာရတယ်။ စိတ်ဖိစီးမှုများတဲ့သူတွေမို့ တယောတီးတဲ့အခါ သက်တောင့်သက်သာ ညင်ညင်သာသာ ပျော့ပျော့ပျောင်းပျောင်းမရှိဘဲ ကြိုးတွေကို တအားဖိ အားနဲ့တီးတတ်လို့ ဆရာက စိတ်လျှော့ relax လို့ ဘေးကနေပြောယူရတယ်။ အတန်းဖော်တယောက်က စာရင်းကိုင် အလုပ်အင်မတန်များတဲ့သူ။ ည ၇ နာရီ တယောသင်တန်းပြီးရင် ရုံးကိုပြန် အလုပ်လုပ်ရတယ်။ တခါတလေ မနက် ၂ နာရီအထိ အလုပ်လုပ်ရတယ်။ သူ့လိုသာ အလုပ်လုပ်ရတော့လို့ကတော့ အသက်ထွက်သွားမလားမသိ။ သင်တန်းကို မှန်မှန်မတက်နိုင်ဘူး တယောလေ့ကျင့်ခန်းကို မှန်မှန်မလုပ်ဘူး။ သူလာရင် ဆရာက အရင်ဟာတွေပဲ ပြန်သင်ပေးနေရတော့ ၂ လ သင်တန်းနဲ့ ပြီးသင့်တာတွေ မပြီးလို့ နောက်ထပ်တလ ထပ်တက်ရတယ်။ ခုထက်ထိ ဆရာတီးနေတာ ဘယ်ကြိုး ဘယ်နှုတ်စ်ဆိုတာ ခန့်မှန်းလို့မရသေးဘူး။ တယောတီးသင်တာ ၃ လရှိသွားပြီဆိုတော့ ခု 1b အတန်း တက်နေတယ်။ 1b တက်ဖို့ တယောတီးတာ အခြေခံ ၂ လရှိဖို့ရှိတယ် သီချင်း ၄ ပုဒ်လောက် တီးတတ်ဖို့လိုတယ်။ ၂ လသင်တန်းပေမဲ့ ဖေဖေါ်ဝါရီမှာ ကိုယ်တို့တွေ ကိုယ့်တိုင်းပြည် အလည်ပြန်ကြမှာဆိုတော့ ဇန်နဝါရီတလပဲ တက်နိုင်တယ်။ ဝိုင်းက သူ့အလုပ်ကိစ္စနဲ့ အီသီယိုးပီးယား၊ တရုတ်နိုင်ငံတွေကို ခရီးတွေထွက်ပြီးလို့ မတ်လပြန်လာတဲ့အခါမှာ ကျန်တဲ့ 1b သင်တန်း ဆက်တက်ကြမယ်။ 1b အတန်းမှာ သင်တန်းသူ ၅ ယောက်ရှိတယ်။ ၂ ယောက်က တော်တော်တီးတတ်တယ်။ အန်တီကြီး၊ ဝိုင်းနဲ့ကိုယ်က ယက်ကန်ယက်ကန်။ ကိုယ့်ကြောင့် နှောင့်နှေးတာ မဖြစ်စေဖို့ ကြိုးစားပြီး လေ့ကျင့်ရတယ်။ လူညီလို့ ဆရာက အပတ်တိုင်း အသစ်တွေသင်ပေးတယ်။

ခု နှုတ်စ်ကြည့်ပြီး သီချင်းလေးပုဒ်လောက် တီးတတ်ပြီ။ တပတ်ကို ၂၊ ၃ ရက် နာရီဝက်လောက် လေ့ကျင့်ဖို့လိုတယ်။ တယောတီးကျင့်ရင် နှုတ်မှန်ဖို့၊ rhythm မှန်ဖို့၊ တခြားကြိုးတွေ မထိအောင် အာရုံစူးစိုက်ရတယ်။ တယောတီးလေ့ကျင့်ချိန်မှာ တခြားအတွေးတွေ မဝင်ဘူး။ တယောတီးသင်ရတာ လေ့လာသင်ယူစရာ အသစ်သစ်တွေနဲ့ စိတ်ဝင်စားစရာ ကောင်းတယ်။ ဂစ်တာ၊ စန္ဒရားဆိုရင် ကီးမှားဦးတော့ သာယာတဲ့အသံထွက်တယ်။ တယောကတော့ အသံမညှိထားရင်၊ လက်မငြိမ်ရင်၊ ကီးမှားရင် အင်မတန်နားဝင်ဆိုးတဲ့ အသံထွက်တယ်။ တိုက်ခန်းမှာနေတဲ့ ဝိုင်းက ညည်းတယ် အိမ်နီးနားချင်းတွေ ကွန်ပလိမ်းတက်မလားမသိဘူးတဲ့။ ည ၁၁ အထိ တီးခွင့်ရှိတယ် ကွန်ပလိမ်းလို့ မရဘူး။ သူ့အခန်းဖော်ရဲ့ ရည်းစားလာတဲ့နေ့ဆိုရင် ဝိုင်း တယောတီး မလေ့ကျင့်ဘူး။ အင်မတန်နားဝင်ဆိုးတဲ့ တယောသံနဲ့ မနှိပ်စက်ချင်လို့တဲ့ :) ။ ကိုယ့်အခန်းက လုံးခြင်းအိမ်အောက်ထပ် ဘေးအိမ်တွေနဲ့ နည်းနည်းလှမ်းတော့ တော်သေးတယ်။ ဘော့စ်က ရုံးမှာ talent show ရှိတယ် ဝင်ပြိုင်ပါလားတဲ့။ အင်း ... ဆရာမကြီးဒေါ်ခင်မျိုးချစ် စကားငှားသုံးရမယ်ဆိုရင် The only kind of comment I got from my long suffering friends was "If you give shuch performances, you'll soon build yourself a brick mansion from the brick-bats people throw at you!" ကိုယ် တယောတီးဖျော်ဖြေလို့ကတော့ လူတွေပစ်တဲ့ အုတ်ခဲကျိုးတွေနဲ့ အိမ်ကြီးရခိုင် ဆောက်လို့ရမလားဘဲ။

စန်းထွန်း
ဇန်နဝါရီ ၁၂၊ ၂၀၁၈။

ဂီတမှာ အင်မတန်ညံ့တဲ့ အတန်းထဲမှာ ဘိတ်ချီး တယောကျောင်းသူ 

မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၁၁


ဘုကြည့် မိုက်ကြည့်
ရှိတ်စပီးယား မွေးတဲ့အိမ်ရှိတဲ့ Stratford-upon-Avon မြို့လယ်ခေါင် 

၂၀၁၈ စက်တင်ဘာလကုန် အင်္ဂလန်ကိုသွားလည်တော့ အပြန်မှာ လက်ဆောင်တွေ ဝယ်ကြတယ်။ ၁ ကျပ်တန် ကီးချိန်းလေးတွေ၊ လန်ဒန်အထင်ကရ နေရာ၊ အဆောက်အဦးတွေပါတဲ့ မတ်ခွက်၊ လက်ဖက်ခြောက်ထုပ်။ အဖေက သူ့မြေးအတွက် ဦးထုပ်ဝယ်ဆိုလို့ ဦးထုပ်ဝယ်ကြတော့ အဖေက ပန်းရောင်ဖျော့ဖျော့၊ အပြာရောင်ဖျော့ဖျော့ လန်ဒန်ဦးထုပ် ရွေးပေးတယ်။ မန်ချက်စတာမြို့က အိုးထရန်ဖို့ကွင်းကို သွားလည်တော့ အဖေက မန်ယူမာဖလာ၊ မကြီးက ကျောပိုးအိတ်၊ မောင်မောင့်အတွက် ဦးထုပ်၊ ကိုယ်က ဦးထုပ်၊ ကျောပိုးအိတ်ဝယ်တယ်။ နေရောင်မထိဖို့ ဦးထုပ်အကြီးကြီးတွေ ဆောင်းရတဲ့ကိုယ်ဟာ ကပ်ဦးထုပ်ကို ဆောင်းဖြစ်မှာမဟုတ်လို့ မဝယ်ဖို့မကြီးက တိုက်တွန်းသေးတယ်။ ကိုယ်က အမှတ်တရအဖြစ် ဝယ်ချင်နေတာရယ်၊ ခရီးသွားရင် မိုးရွာတဲ့အခါ ကပ်ဦးထုပ်ဆောင်းတတ်တော့ ဝယ်လိုက်တယ်။ အဖေ ဦးထုပ်ဝယ်ပါလားမေးတော့ သူ့ဆီကနေ တောင်းမဲ့သူတွေ အများကြီး မယူဘူးတဲ့။ တူတော်မောင်က လန်ဒန်ဦးထုပ်ကို သိပ်ကြိုက်တယ် ဖေ့ဖေ့ဦးထုပ်က မလှဘူး သားသားဦးထုပ်က လှတယ်တဲ့။ စည်းကမ်းမရှိ ပစ္စည်းအမြဲပျောက်တတ်တဲ့မောင်မောင် ဘယ်တော့ဦးထုပ် ပျောက်မလဲမသိဘူး။ ယောင်းမက ဟုတ်တယ်အမရေ သူက စည်းကမ်းမရှိဘူး။  နှစ်သောင်းခွဲတောင် ပေးရတာနော် မပျောက်စေနဲ့။ ဘယ်လောက်ခံမလဲ စောင့်ကြည့်ရဦးမယ် ဟွန်း ... ။ မောင်မောင်နဲ့သူ့သား ဦးထုပ်ဘယ်သူအရင် ပျောက်မလဲမသိဘူး။ မောင်မောင် အရင်ပျောက်မှာ သေချာတယ်။ အဲ့ဒီလို  လက်ဆောင်ပေးပြီး ကြိမ်းမောင်းနေတဲ့ အစ်မဖြစ်သူကြောင့် မောင်မောင့်ခမျာ ဦးထုပ်ကို မဆောင်းရဲဘူး သိမ်းထားတယ်တဲ့။

တူတော်မောင်ဟာ ကားကို အင်မတန် သဘောကျတယ်။ အဖေ့ဆီလာတိုင်း ကားရုပ်ဝယ်ပေးဖို့ တောင်းလေ့ရှိတယ်။ ဘိုးအေဖြစ်သူကလည်း တဦးတည်းသော မြေးလေးကို အင်မတန်ချစ်တယ်။ တောင်းတိုင်း ဝယ်ပေးတယ်။ တူတော်မောင်က လူလည် သူ့အမေ၊ အဖေဆီမှာ မတောင်းဘူး ။ သူ့အဖေနဲ့အမေမှာ ပိုက်ဆံမရှိဘူးတဲ့။ ဒီတော့ အဘိုးဆီမှာပဲတောင်းတယ်။ သူ့ပစ္စည်းကိုလည်း သိပ်သိတယ်။ အိမ်အလုပ်တွေကို ကူလုပ်ပေးတယ် (လုပ်တာနည်းနည်း ရှုပ်တာများများနေမှာ)။ တော်ပါသေးရဲ့ ကိုယ့်မောင် သူ့အဖေ မောင်မောင်နဲ့ လုံးဝ လုံးဝ မတူလို့။ အဖေချော အမေချောဆိုတော့ တူတော်မောင်က ခပ်ချောချော အရပ်လည်းရှည်တယ်။ သနပ်ခါးဘဲကြား လိမ်းပေးလို့မရဘူး မှုန်မှုန်လေး လိမ်းပေးရတယ်။ အလှကြိ ုက်တယ် မှန်ကြိုက်တယ်။ မှန်ကြိုက်တာတော့ ကိုယ့်အစ်မ ကြီးတော်ခင်စန်းနဲ့ တူတာနေမှာ။ သူ ကြီးတော် (သူ့အမေရဲ့အစ်မ) နောက်က တကောက်ကောက်လိုက်တယ်။ ချီဖို့လည်း မတောင်းဘူး တနေကုန် လမ်းလျှောက်နိုင်တယ်။ ကြီးတော်တွေဆီက ကောင်းတဲ့အကျင့်တွေ ရထားတယ်။ အဲ့ဒီကြီးတော်နဲ့က တအိမ်တည်း မတည့်အတူနေ။ ကြီးတော်ခင်စန်းကိုတော့ ချစ်တယ် ကြီးတော်ခင်စန်းကလည်း တူတော်မောင်ကို အတော်ချစ်တယ်။ ကြီးတော်စန်းထွန်းက ချစ်တော့ချစ်ပေမဲ့ အပြင်မှာ တခါမှမမြင်ဖူးတော့ ဖာသိဖာသာ။ တူတော်မောင်ကလည်း ကြီးတော်စန်းထွန်းကို စိမ်းနေတယ်။ မောင်မောင်ဟာ သူရန်ကုန်ရောက်ရင် ဗွီဒီယိုကောခေါ် စကားပြောလေ့ရှိတယ်။ တူတော်မောင်က ဒင်ဆမ်းစားချင်လို့ လိုက်ကွျှေးတာတဲ့။ ကြီးကြီးကို နှုတ်ဆက်လိုက်ဆိုတော့ ဘာမှမပြောဘူး။ ဟဲ့ ကလေးက လူကြီးကိုနှုတ်ဆက်လိုက်လို့ ပြောတာကို နှုတ်မဆက်ဘူး။ အဲ့တာ ရိုင်းတယ်နော် လူကြီးကို နှုတ်ဆက်တတ်အောင် သင်ထားဦး။ မောင်မောင်နဲ့ ယောင်းမကိုပြောတော့ ဟုတ်ကဲ့တဲ့။

အဖေ့ဆီလာတိုင်း ကားဝယ်ခိုင်းနေတယ် မဝယ်ခိုင်းနဲ့။ တစ်နှစ်မှာ သင်္ကြန်၊ သီတင်းကျွှတ် အခါကြီးရက်ကြီးတွေမှာ ဝယ်ပေး။ လာတိုင်း ဝယ်ခိုင်းနေလို့ ဖြစ်မလား။ တော်ကြာ ကလေးက လွယ်လွယ်နဲ့ တောင်းတိုင်းရတယ် ထင်သွားဦးမယ်။ အဘိုးကလည်း အလိုလိုက် ကလေးကို ဖျက်ဆီးနေတယ်။ အဖေ့ကို မဝယ်ပေးဖို့ ပြောရဦးမယ်။ မောင်မောင်နဲ့ ယောင်းမကိုလည်း တူတော်မောင် ကားရုပ်မတောင်းဖို့ ဆုံးမခိုင်း။ လန်ဒန်က ပြန်လာတုန်းက ကားရုပ်တောင်းတော့ အဖေက ဘိုးဘိုး လန်ဒန်မှာ လမ်းလျှောက်တာများလွန်းလို့ ဒူးနာနေတယ် လမ်းမလျှောက်နိုင်ဘူးလို့ပြောတော့ မတောင်းတော့ဘူးတဲ့။ တူတော်မောင်က လူလည်ပါဆို။ ကိုယ် မတ်ဆေ့ရိုက်ထားတော့ ကိုယ်ပြောတော့မှာ သိနေတယ်။ ဖုန်းဆက်ရင် အဖေက အမေ့ဆီကို ဖုန်းအရင်ဆုံး လှမ်းပေးတယ်။ အဖေ့ကို ပြောဖို့အချိန်မရှိလိုက်လို့ အမေ့ကိုပြောပြတော့ အမေက ဟုတ်တယ် ဟုတ်တယ်လို့ ထောက်ခံတယ်။ နောက်နေ့ ဖုန်းပြောရင်း အဖေ့ကို ပြောလိုက်တော့ လေသံပျော့လေးနဲ့ နောက်မဝယ်ပေးတော့ပါဘူးတဲ့။ တစ်နှစ်မှ နှစ်ခါလောက်ပဲ ဝယ်ပေး။ ကလေးကို အလိုမလိုက်နဲ့ ဖျက်ဆီးမနေနဲ့ ဟွန်း... ။ အဝေးကြီးမှာနေ၊ ကျန်းမာရေး သိပ်မကောင်းတဲ့ ကိုယ်ဆူသမျှ စောဒကမတက် အင်း အင်း ဟုတ်ကဲ့ ဟုတ်ကဲ့ ပြောကြတယ်။ ပြီးတော့ သူတို့လုပ်ချင်တာ လုပ်ကြလေသလားမသိ။ အဲ့ဒီလို ကိုယ်က ခပ်ပေပေ ခပ်ဆိုးဆိုး ဆိုးပေကြီးတယောက်ပါဆို။

စန်းထွန်း
ဇန်နဝါရီ ၆၊ ၂၀၁၉ ။