Showing posts with label People. Show all posts
Showing posts with label People. Show all posts

18 January 2021

ဒေါ်ဒုန်း….

ဒေါ်ဒုန်းလို့ ချစ်စနိုးနာမည်ပေးထားတဲ့ အဒေါ်ကြီးကို စတင်သိကျွှမ်းခဲ့တာက နိုင်ငံခြားထွက်လာပြီး ဆယ်နှစ်ကြာမှ တရားစခန်းစဝင်တဲ့ ၂၀၁၇ နိုဝင်ဘာ နယူးဂျာစီက မဟာစည်တရားရိပ်သာမှာ။ ည ၉ နာရီ အမျိုးသမီးယောဂီဆောင် အခန်းထဲမှာ ပစ္စည်းတွေနေရာချ မျက်နှာသစ်သွားတိုက်ပြီးလို့ လှဲလျောင်းအနားယူနေတုန်း ခြေသံတဒုန်းဒုန်းကြောင့် အလန့်တကြားဖြစ်တယ်။ အမလေး ... ခြေဆောင့်နင်းသံက တော်တော်ကျယ်တာ တိတ်ဆိတ်နေတဲ့အရပ်ဒေသဆိုတော့ ပိုကျယ်နေသလို။ ခြေနင်းကြမ်းတဲ့သူ ဘယ်သူလဲလို့သိချင်နေတာ စုံထောက်ကြီးဦးစံရှား အဲလေ မမီးက ခြေသံကြားတာနဲ့ အခန်းတံခါးဖွင့်ပြီး စုံစမ်းလိုက်တာ ဘယ်သူလဲလို့သိသွားတယ်။ လူသေးသလောက် ခြေသံပြင်းတာ သူပေါ့ကွလို့ပြတော့ ကြည့်လိုက်တဲ့အခါ ဟုတ်ပါ့ အရပ်ငါးပေမပြည့် ပေါင် ၁၀၀ မရှိတဲ့သူရဲ့ ခြေနင်းသံက အဲ့ဒီလောက်ပြင်းမယ်လို့ မထင်ထားမိဘူး။ သဘောကောင်းဖော်ရွေတဲ့ အန်တီကြီးက ကိုယ်တို့ကိုလာမိတ်ဆက်ပြီး ကိုယ်တို့နဲ့စားအတူသွားအတူ။ ချစ်စရာကောင်းတဲ့ အန်တီကြီးမို့ အားလုံးကခင်မင်ကြတယ်။ ကိုယ်တို့ကြားထဲမှာ ဒေါ်ဒုန်းလို့ နာမည်ပြောင်ပေးထားတယ်။ ငယ်ငယ်လေးနဲ့ တရားစခန်းဝင်တဲ့ ကိုယ်တို့ကို ဒေါ်ဒုန်းက ချီးကျူးပြီး ဦးဂိုအင်ကာတရားစခန်းဝင်တဲ့ ဒေါ်ဒုန်းကိုလည်း ကိုယ်တို့က အားကျတယ်။ မျက်ခုံးမွှေးမဆွဲရ မနေနိုင်လို့ဆွဲပြီး မှန်မကြည့်ခဲ့ရလို့ မျက်ခုံးမွှေးတခြား ခဲဆွဲတာတခြားဖြစ်နေလို့ ရယ်လိုက်ရတာ။ ကိုယ်အလုပ်ရှာနေမှန်းသိလို့ သူ့သားမက်ကို ဖုန်းဆက်ခိုင်းပြီး သူ့ရုံးမှာအလုပ်ရှိတဲ့အကြောင်း ဆွေးနွေးခိုင်းတယ်။ ဒေါ်ဒုန်းသားမက်က စီဗွီပို့ဖို့ ဘယ်မှာလျှောက်ဖို့ သူလည်းအိတ်ချ်ဝမ်းဗွီ အလုပ်ဗွီဇာ စပွန်ဆာရှာခဲ့သူဖို့ နားလည်တယ်တဲ့။ ကိုယ် တခြားမှာအလုပ်ရတော့ ဒေါ်ဒုန်းသားမက်ကို မတ်ဆေ့ပို့ပြီ ကျေးဇူးတင်တဲ့အကြောင်း၊ သူ့ယောက္ခမဒေါ်ဒုန်းကို ကျေးဇူးတင်တဲ့အကြောင်း ပြောခိုင်းလိုက်တယ်။ ဒေါ်ဒုန်းကတော့ ဝမ်းသာနေမှာ ဒေါ်ဒုန်းက ဝမ်းသာတယ်လို့ ပြောခိုင်းတယ်လို့ ဒေါ်ဒုန်းသားမက်က မတ်ဆေ့ပြန်ပို့လာတယ်။ နောက်တရားစခန်းဝင်တိုင်း ဒေါ်ဒုန်းတို့က အလှုလာလုပ်တော့ ဆုံတယ်။ ဒေါ်ဒုန်းက ကိုယ့်ကိုမှတ်မိတယ် တွေ့ရင်ဝမ်းပန်းတသာ လှိုက်လှိုက်လှဲလှဲ တဦးမေတ္တာ တဦးမှာ။ ခြေသံပြင်းလို့ စိတ်အနှောင့်အယှက်ဖြစ်ရပေမဲ့ ချစ်စရာကောင်းတဲ့ ဒေါ်ဒုန်းကိုတော့ ချစ်ရတာပေါ့...


စန်းထွန်း

ဇန်နဝါရီ ၁၈၊ ၂၀၂၁။


Machu Picchu, Peru, 10/31/2019.

18 December 2020

ဒေါ်ဇစ်…

တောလားစီးရီးတွေ ရေးစရာမရှိတော့ တွေ့ကြုံဖူးတဲ့သူတွေထဲက ထူးခြားပြီး အမှတ်တရဖြစ်တဲ့သူတွေအကြောင်း ပြောရဦးမယ်။ ၂၀၀၆ သင်္ကြန်မှာ မှော်ဘီဝါးနက်ချောင်း ဗောဓိရိပ်ငြိမ်တောရမှာ ပထမဆုံးတရားစခန်းဝင်ဖြစ်တယ်။ လှည်းတန်းက ဆရာကြီးဦးမြကြိုင် အင်္ဂလိပ်စာသင်တန်းကျောင်းမှာ တက်နေတဲ့မကြီးသူငယ်ချင်းက ဆရာကြီးက တရားစခန်းဝင်ချင်တဲ့ရှိရင်ခေါ်ခဲ့ ဝင်မလားတဲ့။ တရားစခန်း တခါမှမဝင်ဘူးလို့ အဖေါ်ကောင်းတာနဲ့ လိုက်သွားတာတာ ဆရာတော်ကို ကြည်ညိုလို့ ၂၀၀၇ သင်္ကြန်မှာ သီလရှင်ဝတ်နဲ့ တရားစခန်းဝင်တယ်။ ဘုန်းကြီးကျောင်းကို သွားလေ့မရှိပေမဲ့ ဗောဓိရိပ်ငြိမ်ဆရာတော်ကို ကြည်ညိုလို့ အစ်မတွေဆွမ်းသွားကပ်မယ်ဆိုရင် လိုက်တယ်။ ဆရာတော်က နိုင်ငံခြားရောက်ရင် တရားအားထုတ်ဖြစ်မှာ မဟုတ်ဘူး အခုတရားအားထုတ်ထားလို့မိန့်တာ သိပ်မှန်တာပဲ။ ဆယ်နှစ်ကြာမှ ၂၀၁၇ ကျေးဇူးတော်ပိတ်ရက်မှာ မမီးခေါ်လို့ နယူးဂျာစီပြည်နယ်က မဟာစည်ရိပ်သာမှာ တရားစခန်းဝင်ဖြစ်တယ်။ ရွှေတိဂုံစေတီငယ် တည်ထားပြီး ဓမ္မာရုံ၊ ဆွမ်းစားဆောင်၊ အမျိုးသား၊ အမျိုးသမီးယောဂီဆောင် ကျယ်ကျယ်ဝန်းဝန်း၊ အလှုရှင်တွေကလည်း သဒ္ဓါတရားကောင်း၊ ဝေယျာဝစ္စ လိုလေးသေးမရှိ ပြည့်စုံတယ်။ အဲ ... အဆင်မပြေတာက ဓမ္မာရုံထဲမှာ တရားစုထိုင်ကြရင် အမျိုးသမီးယောဂီတယောက်က အိတ်ကိုဖွင့်လိုက်ပိတ်လိုက်လုပ်ပြီး ပစ္စည်းရှာတာ အတော်ဆိုးတယ်။ တရားထိုင်နေကျမဟုတ်လို့ မျက်စိမှတ်ထားပေမဲ့ စိတ်တွေက ဟိုရောက်ဒီရောက်။ ဂယောက်ဂယက် စုစည်းလို့မရ၊ နာကျင်တဲ့ဝေဒနာနဲ့ နပန်းလုံးနေရလို့ တရားမှတ်လို့မရတဲ့အထဲ ဇစ်သံကတမှောင့်။ တိတ်ဆိတ်နေတော့ ဇစ်သံကအတော့်ကို ကျယ်တယ် တခါတည်းဖွင့်တာလည်းမဟုတ်။ ဖွင့်လိုက်ပိတ်လိုက်နဲ့ အတော်အနှောင့်အယှက်ဖြစ်တယ်။ တစ်ရှူး၊ ပရုတ်ဆီယူမယ်ဆိုရင်လည်း ဇစ်ဖွင့်ထားလို့ ရပါတယ် တရားစခန်းမှာ ဘယ်သူမှမခိုးပါဘူး။ ဇစ်ကိုဖွင့်လိုက်ပိတ်လိုက်မလုပ်ရင် အိပ်ငိုက်ပြီးဟောက်သံက တခေါခေါ။ ဟောက်သံမခံမရပ်နိုင်အောင် ကျယ်လာလို့ ပခုံးကိုပုတ်ပြီး အသိပေးရတယ်။ အန်တီကြီးက အသက်ငါးဆယ်ကျော် ဖြူဖြူပုပု တရုတ်မ မျက်နှာလေးက ကလေးလေးလိုပဲ။ သူ့ဇစ်သံကြောင့် သူများ‌တွေ အနှောင့်အယှက်ဖြစ်မှန်း သိပုံမရဘူး။ ပြောလိုက်ချင်တာ မကောင်းတတ်လို့။ သဘောကောင်းပြီး ခင်မင်တတ်တဲ့ပုံပေါက်ပေမဲ့ သူ့ဇစ်သံကြောင့် မခင်ချင်တော့ဘူး။ ဒေါ်ဇစ်ကိုကြည့်ပြီး သူ့လိုမဖြစ်ချင်ဘူး၊ ကိုယ့်အပြုအမူကြောင့် သူတပါးစိတ် အနှောင့်အယှက်မဖြစ်စေချင်ဘူး၊ ဒေါ်ဇစ်ကိုကြည့်ပြီး သင်ခန်းစာရတယ်။ နယူးဂျာစီကျောင်းမှာ တစ်နှစ်တကြိမ်လောက် တရားစခန်းဝင်ဖြစ်ပေမဲ့ ဒေါ်ဇစ်နဲ့ နောက်တခါမှ မဆုံတော့ဘူး။ ဒေါ်ဇစ်ကြောင့် သူတပါးစိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူတွေမလုပ်ဖို့ သတိထားဆင်ခြင်မိတယ်။


စန်းထွန်း

ဒီဇင်ဘာ ၁၈၊ ၂၀၂၀။


Isla del Sol (Sun Island), Lake Titicaca, Bolivia, 11/04/2019.

04 September 2020

ဝေးနေရက်နဲ့ နီးတဲ့သူ - ၂ …

ကိုဗစ်မဖြစ်ခင် ပုံ့ပုံ့ မြန်မာပြည်ကို အပြီးပြန်သွားပြီးကတည်းက အဆက်အသွယ်ပြတ်သွားတာ ခြောက်လအတွင်း ဘိုင်ဘာကနေ နှစ်ခါလောက်ပဲ စကားပြောဖြစ်တော့တယ်။ ဒါတောင် အဖေတို့အတွက် လူကြုံထည့်ပေးလိုက်တဲ့ ပစ္စည်းတွေကို ပဲခူးကနေရန်ကုန်ကို ဘယ်လိုထည့်ပေးရမလဲ အရေးကြီးလို့။ အင်တာနက်ကောင်းတဲ့ စတိတ်မှာနေတုန်းကတောင် ဖုန်းတခြားလူတခြားဆိုတော့ အင်တာနက်သိပ်မကောင်းတဲ့ မြန်မာပြည်ကိုလည်းရောက်တော့ ပုံ့ပုံ့တို့များ ဖုန်းမကိုင်တော့သလောက်ဘဲ။ မှာချင်တာတွေ ဘိုင်ဘာမှာစာရိုက်ထား သူဘိုင်ဘာကို တက်လာမှပဲ ပြောရတော့တယ်။ ပုံ့ပုံ့နဲ့ ကိုယ်က ၂၀၀၅ မာစတာတက်တော့ သိကြတာ။ ပုံ့ပုံ့တို့က ပဲခူးသူတွေ တောင်ငူမှာတက်ရတယ် မာစတာရောက်တော့ ရန်ကုန်မှာလာတက်ရတယ်။ သီရေတာမှာ သူတို့က အလယ်တန်းရှေ့ဆုံးခုံမှာထိုင်ပြီး ကိုယ်တို့အုပ်စုက ဘယ်ဖက်နှစ်တန်းမြောက်မှာ ထိုင်တယ်။ ထောက်ကြံ့က ကိုယ့်သူငယ်ချင်းကို ကျောင်းကားတူတဲ့ သရဲမလို့ကိုယ်တို့ခေါ်တဲ့ ကောင်လေးက လာ,လာစတယ်။ ကိုယ့်သူငယ်ချင်းက သဘောမနောကောင်း ဘာမှပြန်မပြောဘူး။ ကိုယ်ကသာ ဘေးကနေ မနေနိုင်မထိုင်နိုင် ကက်ကက်လန် ရန်တွေ့တယ်။ ပုံ့ပုံ့က သရဲမကို ခရှက်စ်နေတာ ကိုယ့်ကိုလာမေးတယ် သရဲမနဲ့ဘယ်လိုလဲတဲ့။ ဘယ်လိုမှမနေဘူး ငါ့သူငယ်ချင်းကို လာ,လာစနေလို့ဟေ့။ အောင်ကြီးသူငယ်ချင်း ဘကြီးနဲ့နည်းနည်းခင်တယ် ဘကြီးက ကိုယ်တို့ကိုစာသင်ပေးတယ်။ အပေါက်ဆိုးတဲ့ဘကြီးကို အက်ပီတန်ဝိတ်ဂိမ်း မင်းသားလုပ်လို့ရပြီဆိုပြီး ကိုယ်ကပြန်နှက်တယ်။ ပုံ့ပုံ့သူငယ်ချင်းက ဘကြီးကိုခရှက်စ်နေတယ် ကိုယ့်ကိုလာမေးတယ် ဘကြီးနဲ့ဘယ်လိုလဲတဲ့။ ဘယ်လိုမှမနေဘူးဟေ့ ဒင်းကငါ့သူငယ်ချင်းတွေကို နှက်နေလို့ ပြန်နှက်နေတာ။ အဲ့ဒီလို စွံတယ်လို့ထင်ကြတယ်။ မာစတာမှာ ကျောင်းသားကျောင်းသူ တရာကျော်တယ် တခန်းတည်းတက်ရတာဆိုတော့ သိနေကြတာပေါ့။ ၂၀၀၈ စင်္ကာပူမှာကျောင်းလာတက်တော့ ပဲခူးသူဘနဲ့ တဖွဲ့တည်း၊ အိမ်နီးနားချင်း။ ပုံ့ပုံ့က ကိုယ့်ထက်တစ်နှစ်နောက်ကျပြီးမှ စင်္ကာပူကျောင်း လာတက်တယ်။ coding မရေးတတ်ရင် ဘဆီပြေးပြီး အကူအညီတောင်းနေကျဆိုတော့ ဘအိမ်မှာနေတဲ့ ပုံ့ပုံ့နဲ့ဆုံပြန်တယ်။ ဆယ်နှစ်ကြာတဲ့အခါ စတိတ်က ကိုယ်တက်တဲ့ကျောင်းမှာ လာတက်တယ်။ မင်းကိုယ့်နောက်များ လိုက်နေတာလား‌လို့မေးတော့ မရည်ရွယ်ပါဘူးတဲ့။ ကိုယ်ကဖေ့ဘွတ်ကနေ ဆက်သွယ်တော့မှ အဆက်အသွယ်ရပြီး စကားတွေပြောရင်းနဲ့ ခင်သွားလိုက်ကြတာ နောက်ဆိုတပတ်တခါ တနာရီကျော်ဖုန်းပြောကြတယ်။ တက်ခဲ့တဲ့တက္ကသိုလ်တွေတူ၊ ကိုယ့်သူငယ်ချင်းသူသိ၊ သူ့သူငယ်ချင်းကိုယ်သိ၊ အတွေးအခေါ်၊ အယူအဆ၊ စိတ်ဓာတ်တူ၊ တရားထိုင်တာ စိတ်ဝင်စားတာလည်းတူလို့ ငယ်ပေါင်းကြီးဖော်လို ခင်သွားကြတယ်။ နယူးဂျာစီ၊ နယူးယောက်က ကိုယ်နေခဲ့တဲ့အိမ်တွေကို အများဆုံးရောက်ဖူးတဲ့သူ။ ကိုယ်က ဂရင်းကဒ်ရပြီးမှ ပြန်စေချင်ပေမဲ့ သူကဆုံးဖြတ်ချက် ချပြီး‌နေပြီ ဘယ်လိုနားချချ မရတော့ဘူး။ အဖေ၊ အမေ၊ မကြီးက သဘောကောင်းပြီး ရိုးသားတဲ့ပုံ့ပုံ့ကို ချစ်ကြတယ်။ ဘယ်တော့ပြန်ဆုံမယ်မှန်းမသိ ဖုန်းမပြောစကားမပြော ဖေ့ဘွတ်မှာမတွေ့ မိုင်သောင်းချီဝေးပေမဲ့ စိတ်ထဲမှာနီးနေတုန်း။ နီးနေရက်နဲ့ ဝေးတဲ့သူ၊ ဆုံနေလျက်နဲ့ လွမ်းတဲ့သူရှိသလို ဝေးနေရက်နဲ့ နီးတဲ့သူလည်းရှိတယ်။

စန်းထွန်း
စက်တင်ဘာ ၄၊ ၂၀၂၀။

၂၀၁၉ ဇွန် ယူအန်
၂၀၁၆ ဇွန် တိုင်းစကွဲ နယူးယောက်
၂၀၀၉ စက်တင်ဘာ NUS ISS SA 29 Graduation Day
ဘယ်အစွန် ဒုတိယမြောက်က ပုံ့ပုံ့ ၊ ‌လေးယောက်မြောက်က စန်းထွန်း

24 July 2020

ရက်ဘက်ကာ - ၂

ရက်ဘက်ကာက ဒီရုံးမှာ လုပ်သက် ၁၀ နှစ်ကျော် အသက် ၆၇ နှစ်။ သူ့နေရာမှာ ကိုယ့်ကိုအစားထိုးဖို့ ခေါ်လိုက်တာထင်ပြီး ကိုယ့်ကိုမကြည်ဘူး။ ပေါင်းသင်းဆက်ဆံရခက်တဲ့ ရက်ဘက်ကာနဲ့ ထိပ်တိုက်တိုးပြန်တယ်။ အိမ်သာမှာဆုံရင် ရက်ဘက်ကာက ကိုယ့်မိသားစုအကြောင်း မေးပေမဲ့ ကိုယ့်ကတော့ သူ့အကြောင်း မမေးဘူး။ ကိုယ်မှမခင်ချင်တဲ့သူကို အလာဘသလာဘ စကားပြောနှုတ်ဆက်ရုံကလွဲရင် စကားမပြောချင်ဘူး။ အောက်ထပ်က အင်ဂျင်နီယာဌာနမှာ ထမင်းသွားစားရင် ထမင်းစားခန်းထဲ ဝင်လာသမျှ သိတဲ့သူတွေကို နှုတ်ဆက်ပြုံးပြ စကားတွေဒိုင်ခံပြောလို့ ဂျမားက ကိုယ့်ကိုပေါင်းသင်းဆက်ဆံရေး ကောင်းတယ်နော်လို့ ပြောတယ်။ ဂျမားရေ အဲ့ဒါ အလုပ်ထဲမှာမို့လို့ အိမ်မှာဆို ဧည့်သည်လာရင် စကားပြောချင်မှ ပြောတာ။ တနေ့ အစည်းအဝေးခန်းထဲမှာ ထိုင်စောင့်နေရင်း ရက်ဘက်ကာက ကွန်ထရပ်တာဖာနီ ဘာလို့အလုပ် မဆင်းတာလဲလို့မေးတယ်။ ကိုယ်နဲ့ဖာနီက ပရောဂျက်အတူလုပ်နေတော့ ကိုယ်သိမယ်ထင်နေတာ။ အမှန်က ကိုယ်လည်း သေသေချာချာ မသိဘူး။ မန်နေဂျာ၊ တခြားကွန်ထရပ်တာ ပြောနေတာအရဆိုရင် ဗီဇာကိစ္စကြောင့် ဖြစ်မယ်ထင်တယ်။ ကိုယ်လည်း ကျောင်းသား F1 ဗီဇာကနေ အိတ်ချ်ဝမ်းဘီ H1B အလုပ်ဗီဇာ လျှောက်တုန်းက အလုပ်ပြောင်း၊ ပြည်နယ်ပြောင်း ဒုက္ခမျိုးစုံ ကြုံခဲ့ရတော့ နားလည်တယ် ကိုယ်ချင်းစာတယ်။ အခု သမ္မတထရန့်က အိတ်ချ်ဝမ်းဘီဗီဇာကို သေသေချာချာ ကိုင်တွယ်နေပြီး ပိုကျပ်တယ်။ ရက်ဘက်ကာက အီတလီနိုင်ငံနားက သူ့နိုင်ငံမှာ စစ်ဖြစ်တော့ ဒုက္ခသည်အဖြစ် စတိတ်ကို ရောက်လာကြတယ်။ ကလေးတဖက်နဲ့ ဆိုင်မှာ အရောင်းစာရေး၊ ဆောက်လုပ်ရေးမှာ ဝန်ထမ်း၊ နောက်ဆုံး တက္ကသိုလ်မှာ သင်တန်းတက်ပြီး Associate ဘွဲ့ယူတာ ခုမှအကြွေးဆပ်လို့ ပြီးတယ်တဲ့။ နင်တို့က အသက်ငယ်ငယ် ဘွဲ့ကလည်း ကွန်ပျူတာဘွဲ့ ဗီဇာအခက်အခဲတခုတည်း သူ့မှာက ကလေးနှစ်ယောက်ကို ကျွှေးမွှေးပြုစုရတာ ပင်ပန်းခက်ခဲတယ်။ သူ့ဒုက္ခက ကိုယ့်ဒုက္ခထက် များတယ်လို့လာ‌ပြောနေလို့  အေး နင်လည်း ဂရင်းကဒ်ရှိပေမဲ့ နင့်အခက်အခဲနဲ့နင်။ ငါတို့လည်း ကျောင်းပြီးပေမဲ့ ဗီဇာအခက်အခဲ ကိုယ့်အခက်အခဲနဲ့ကိုယ် တယောက်တမျိုး အခက်အခဲအမျိုးမျိုး။ သူသာ ဂရင်းကဒ်မရရင် မလာဘူးတဲ့ ကိုယ်တို့ကတော့  ဂရင်းကဒ်မရှိပေမဲ့ စတိတ်ကိုလာရတယ်။ ကိုယ်တို့တိုင်းပြည်က ဆင်းရဲလို့ စတိတ်ကိုမှ မလာရင်မဖြစ်ဘူးလို့ ပြောလိုက်တယ်။ နောက် စကားမပြောချင်တော့လို့ ဖုန်းပွတ်နေလိုက်တယ်။ နောက်ဆို မေးထူးခေါ်ပြောလောက်ပဲ ကိုယ့်ဆီစကား လာလာပြောတယ် ကိုယ်က လိုအပ်တာပဲပြောတယ်။ ပြီးရင် အရေးတကြီး ဖုန်းခေါ်စရာရှိလို့ဆိုပြီး စကားဖြတ်တယ်။ သူ့မှာ အခက်အခဲရှိလို့ ကိုယ့်ကိုလာမေးတယ် ကိုယ်ကမသိဘူး ဖာနီသိတယ် သူ့ကိုမေး သူက ကူညီတတ်တယ်လို့ပြောတော့ နင့်မို့လို့ ကူညီတာတဲ့။ သူကလည်း ကူညီချင်စရာမှ  မကောင်းတာ သူမသိဘူး။ တခုခုဆို အပြစ်တင်တာကအရင် ကိုယ်က ဘာပြသနာတွေရှိတယ်၊ ဘယ်သူ့အကူအညီလိုတယ်၊ ဘာတွေဆက်လုပ်ရမယ်ဆိုတာ အကြောင်းပြန်တယ်။ အဲ့ဒါကြောင့် သူ့အီးမေးလ်ဆို ဘယ်သူမှမပြန်ဘူး ကိုယ့်အီးမေးလ်ပဲ ပြန်ကြတယ်။ ဒါရိုက်တာ၊ မန်နေဂျာတွေကို အပြစ်သွားတင်လို့ဖြစ်မလား သူတို့က အောက်ကလူတွေရဲ့ အခက်အခဲ၊ အခြေအနေတွေကို မသိဘူး။ ကိုယ်တွေပြောပြမှ သိတဲ့အခါ သူတို့တတ်နိုင်တာ လုပ်နိုင်တာ လုပ်ပေးမှာပေါ့။

ကိုယ်တို့ရုံးက probation အစမ်းခန့်ကာလက တစ်နှစ် အရင်ရုံးတွေက သုံးလ၊ ခြောက်လပဲ။ ပထမတစ်နှစ်အတွင်းမှာ အလုပ်မယ်မယ်ရရ မရှိတော့ ကိုဗစ်ကာလအတွင်းမှာ အလုပ်ပြုတ်မှာ စိတ်ပူတာပေါ့။ တခြားအဖွဲ့က ကွန်ထရပ်တာသုံးယောက် ကွန်ထရပ်ထပ်မတိုးလို့ ဂွတ်ဘိုင်လုပ်သွားကြတယ်။ ကိုယ်တို့ဌာန ဘက်ဂျက်ဖြတ်တာ ၉ မီလီယံ ပရောဂျက် ရပ်သင့်တာရပ် အကုန်အကျသက်သာအောင် လုပ်နေကြတဲ့အချိန်။ အလုပ်ပြုတ်တဲ့သတင်း၊ အလုပ်တော့မဖြုတ် လစာမပေး forlough ၊ လစာ ၂၀၊ ၃၀ ရာခိုင်နှုန်းလျှော့တဲ့ သတင်းတွေကြားတော့ စိတ်ပူတာပေါ့။ တရုတ်မယန်းကိုပြောပြတော့ စိတ်မပူနဲ့ ပီအေက အမြဲတမ်းဝန်ထမ်းကို ဖြုတ်တယ်လို့ မကြားဖူးဘူး။ ဖြုတ်မယ့်ဖြုတ် ကွန်ထရပ်တာတွေပဲ ဖြုတ်တာတဲ့။ ကိုယ်က ပီအေရုံးမှာ ကွန်ထရပ်တာလုပ်ဖူးတော့ အဲ့ဒီအကြောင်း ကောင်းကောင်းသိတယ်။ အလုပ်ဝင်တာ တစ်နှစ်ပြည့်ခါနီး မန်နေဂျာက ကိုဗစ်ထိလို့ ၃ လလာက် ခွင့်ယူတယ်။ မန်နေဂျာမရှိတော့ ဒါရိုက်တာမက ကိုယ့်ကို မန်နေဂျာအလုပ်တွေ ခိုင်းတယ်။ ခုတော့ အလုပ်များလို့ နေ့လည်ဟင်းချက်ချိန် မရှိဘူး ထမင်းစားချိန်‌တောင် မနည်းလုယူနေရတယ်။ vendor တွေ သက်တမ်းတိုးတာ ဆက်သွယ်ရမဲ့ဟာလည်းမရှိ ကိုယ့်မှာ finance ဌာနကလူတွေကိုဆက်သွယ် အကူအညီတောင်း။ vendor တွေကို ဆက်သွယ်တော့ ကိုယ်ကစာရင်းမှာမပါလို့ ကွန်ထရပ်သတင်းတွေ မပေးနိုင်ဘူး။ မန်နေဂျာရဲ့ ထောက်ခံမှုရမှ ပေးမယ်တဲ့ မန်နေဂျာက ဆေးခွင့်ယူထားတဲ့ဟာကို။ အဲ့ဒါဆို ကိုယ့်ကို primary contact အဖြစ်ပြောင်း ဒါရိုက်တာမ ခွင့်ပြုချက် form နဲ့တင်။  renewal process ဆိုတာ ဘာမှန်းမသိလို့မေးမြန်း၊ အီးမေးလ်တွေပို့၊ ဖုန်းတဂွမ်ဂွမ်ခေါ်။ မန်နေဂျာ ဆက်သွယ်လို့မရလို့ လက်‌လျော့ထား တခြားဟာအစားထိုး သုံးမယ်လို့ပြော‌နေရတဲ့ vendor ကို ကိုယ်ကနှစ်ရက်တည်းနဲ့ ဆက်သွယ်လို့ရလို့ အားလုံးအံ့ဩကြတယ်။ ရမှာပေါ့ ကိုယ်က ဖုန်းတဂွမ်ဂွမ်ခေါ်၊ ပို့လို့ရမျှ အီးမေးလ်လိပ်စာတွေကို လိုက်ပို့၊ မက်ဆင်ဂျာ၊ လင့်ခ်အင်ကနေ ဆက်သွယ်တာကိုး။ ခုတော့ vendor renewal အားလုံး ကိုယ့်ကိုခိုင်းကြတော့တယ်။ ရက်ဘက်ကာက အတွေ့အကြုံများပေမဲ့ ဦးဆောင်မလုပ်ဘူး ကိုယ်က လုပ်လို့မရရင် တခြားဌာနကသိတဲ့လူတွေကို အကူအညီတောင်းပြီး ဦးဆောင်တယ်။ အလုပ်တခုဆို ဘယ်အဖွဲ့ကလုပ်တာလဲဆိုတာ လိုက်မေး၊ ဖုန်းဆက်၊ သူတို့အဖွဲ့ကလည်း ကိုယ်တို့ဌာနက လုပ်ရမှာ၊ ကိုယ်ကလည်း ဘာလုပ်ရမှန်းမသိ၊ အစည်းအဝေးခေါ်။ ကိုယ်လုပ်ရတာက နည်းနည်းလေး ဒါပေမဲ့ ကိုယ်ဦးဆောင်လုပ်တယ်ဆိုတာ သိကြတယ်။ ရက်ဘက်ကာက အီးမေးလ်မှာ သူက to list ထဲ မပါလို့ cc list ထဲပါလို့တဲ့ သူက cc ထဲမှာဆိုရင် မကြိုက်ဘူး။ တခါတုန်းကလည်း မန်နေဂျာကိုပြောလို့ မန်နေဂျာကို နင့်ကို to အီးမေးလ်နဲ့ပို့မယ် နင်လုပ်ဆိုပြီး စိတ်တိုရဖူးတယ်။ ရက်ဘက်ကာ သူက နင့်ဆီကို cc နဲ့ ပြန်မယ်လို့ တွေးတာမဟုတ်ဘူး အားလုံးကိ reply all ဆိုပြီး ပြန်လိုက်တာပဲ။ နင်ဘာလို့ အဲ့ဒါတွေ စိတ်ထဲထားနေတာလဲ။ ငါလည်း အစည်းအဝေးထဲမှာ မပါဘူး ငါ့ကိုလိုအပ်ရင် ဖုန်းဆက်ပြီး လှမ်းခေါ်ရတာပဲ။ အခုလုပ်နေတဲ့ဟာမှာ နင်က အတွေ့အကြုံများတယ် နင့်ကိုမေးရမှာပေါ့လို့  စိတ်တိုတိုနဲ့ အော်ရတော့တယ်။ မန်နေဂျာက ကိုယ့်ကို နာရီဝက်လောက်ပဲ ပြပေးတယ် ကိုယ်က ကိုယ့်ဘာသာကိုယ် ဖြေရှင်းတယ်။ ရက်ဘက်ကာကို သင်ပေးရတာ အသေးစိတ် အထပ်ထပ် အခါခါ သင်ရတယ် မောတယ်။ မမှတ်မိလို့ ထပ်ခါထပ်ခါ ပြောပြရတယ် အသက်ကလည်း ကိုယ့်မိဘထက်‌တောင် ကြီးတာကိုး။ အီးမေးလ်လာရင် စောင့်ကြည့်ပြီး လိုတာထောက်ပြရတယ်။ ဒါရိုက်တာမက ကိုယ့်ကိုသဘောကျတယ် ကိုယ်ဦးဆောင်လုပ်တယ်ဆိုတာ သိနေတော့ ရက်ဘက်ကာ ကိုယ့်ကို ကလန်ကဆန် မလုပ်ရဲတော့ဘူး ခုတော့ လေးလေးစားစား ဆက်ဆံလာပြီ။

စန်းထွန်း
ဇှုလှိုင် ၂၄၊ ၂၀၂၀။

ရေးပြီးတာက
ရက်ဘက်ကာ - ၁

Casa Chocolate ice cream shop, on the way to Cajon del Maipo from Santiago, Chile on November 12th, 2019.

22 May 2020

ရန်သူတော် နံပါတ်ဝမ်း...

၂၀၁၉ ဇွန် ၁၆ ပီအေရုံးမှာ အလုပ်ဝင်ပြီး တပတ်အကြာ ကိုယ်အလုပ်လုပ်ခဲ့ဖူးတဲ့ အောက်ထပ်အင်ဂျင်နီယာဌာနက ကိုယ့်ဘော်ဒါတွေကို သွားနှုတ်ဆက်တော့ မြန်မာတယောက်ရှိတယ်ဆိုပြီး မိတ်ဆက်ပေးလို့ ဝမ်းနဲ့သိခဲ့တယ်။ အရပ်မြင့်မြင့် အသားမဖြူမညို အိန္ဒိယနွယ်ဖွား အစ်ကိုကြီးတယောက် မြန်မာနဲ့လုံးဝမတူဘူး။ နောက်တော့ ဂျမားက အရင်တုန်းကလို နေ့လည်စာလာစားဖို့ ဖိတ်ခေါ်တာနဲ့ရော ကိုယ့်ဌာနထမင်းစားခန်းက အိန္ဒိယသားတွေက မဖော်ရွေတာနဲ့ရော အောက်ထပ်မှာ နေ့လည်စာသွားဖြစ်တယ်။ ထမင်းစားခန်းထဲမှာ ရေလာဖြည့်၊ ကော်ဖီလာနွေးတတ်တဲ့ ဝမ်းနဲ့ စကားတွေ ပြောဖြစ်တယ်ဆိုပါတော့။ ဝမ်းနာမည်က ထွန်းထွန်း ကိုယ့်နာမည်က စန်းစန်းဆိုတော့ မင်းတို့မြန်မာနာမည်တွေကလည်း နာမည်တူနှစ်လုံး စန်းစန်း၊ ထွန်းထွန်းတဲ့ အင်း…နောက်မြန်မာတယောက်လာရင် ဝင်းဝင်း ဖြစ်လိမ့်မယ်ဆိုပြီး ရယ်ရသေးတယ်။ ဝမ်းမိဘတွေက ပန်ဂျပ်နွယ်ဖွား ဗုဒ္ဓသာသာ မြန်မာစကားကို ကျွှမ်းကျွှမ်းကျင်ကျင် ပြောတတ်တယ်။ ဝမ်းက ကိုယ်နဲ့ရွယ်တူ အသက် ၄၀ မပြည့်သေးဘူးလို့ ခန့်မှန်းရတယ် အိမ်ထောင်မရှိ လူပျို။ ဖိလစ်ပိုင်ကြီးနေသန်က စန်းစန်း မင်းမှာ မြန်မာအသိ မိန်းကလေးတွေ မရှိဘူးလား… ဝမ်းကို စပ်ပေးလိုက်ပါလား…ဟင်။ ဂျမားက စန်းစန်း ဝမ်းက စိတ်ကောင်းတဲ့ လူကောင်းတယောက်ကွ လူပျို အိမ်‌ထောင်မရှိဘူး။ မင်းတို့နှစ်ယောက်ကို စပ်ပေးရမယ်…ဟမ်… လက်ကာပြလိုက်တယ်။ ဝမ်းဟာ နိုင်ငံရေး၊ ဘာသာရေး အကုန်သိတယ် ဂျမားနဲ့ ငြင်းခုန်ကြတယ်။ ကိုယ်က အမေစုထောက်ခံမယ်မှန်းသိတော့ မြန်မာပြည်ကလူအများစုက အမေစုကို ဘုရားလိုကိုးကွယ်ကြတယ်တဲ့။ သူက အမေစုကို မကြိုက်ဘူး နိုင်ငံရေးမလုပ်တတ်ဘူး မတော်ဘူး သူ့ပါတီမှာ ထောင်ထွက်တွေ ခန့်ထားတယ် ငယ်ပြီးပညာတတ်တဲ့သူတွေ နေရာမပေးဘူးတဲ့။ တခုခုဆို မေမေ ဘာမှမပြောဘူးလားနဲ့ ကိုယ့်ကိုခနဲ့တယ်။ ဂျမားက စုကြည် လာဘ်စားတယ် ထောင်ထဲထည့်မယ် ဝမ်းက စုကြည် လာဘ်မစားဘူး.. ထောင်ထဲထည့်မယ်လို့ ပြောပြီး ကိုယ့်ကို စကြတယ်။ ကိုယ်က စိတ်တိုပြီး ဂျမား ယူ ရန်သူတော် နံပါတ်တူး ဖြစ်ချင်လို့လား။ ဂျမားက ဘာလဲ အဲ့ဒါဆိုရင် ရန်သူတော်နံပါတ်ဝမ်းက ဝမ်းလားဆိုပြီး ရယ်လိုက်တာ။ ထိုင်ဝမ်ကြီးဝမ်က ဂျမားနဲ့ဝမ်း ဒင်းတို့နှစ်ယောက်ကို ထောင်ထဲထည့်လိုက်မယ် အမှန်ပဲ ဝမ်ရေ။ မေမေစု အမှားတွေ အများကြီးလုပ်ခဲ့တယ် ဥ◌ီးသန်းရွှေက စေ့စပ်ညှိုနှိုင်းရေးလုပ်မယ်ဆိုတာကို လက်မခံဘူး။ စီးပွားရေးပိတ်ဆို့ခိုင်းလို့ တိုင်းပြည်ဆင်းရဲသွားတာတဲ့။ ကိုယ်ကတော့ အမေစု မှားချင်မှားမယ် သူ့လောက်ဘယ်သူမှ တိုင်းပြည်ကို မပေးဆပ်နိုင်ဘူး။ သူ့ဘဝကိုစတေးပြီး မြန်မာပြည်သူတွေအတွက် လုပ်နေတာ။ ကဲ အဲ့ဒါဆိုရင် အမေစုမှ မဥ◌ီးဆောင်ရင် ဘယ်သူဦးဆောင်နိုင်စွမ်း ရှိသလဲ။ အဲ့ဒီလိုဘေးထိုင်ဘုပြောနေမဲ့အစား တိုင်းပြည်အတွက် တခုခုလုပ်ပေးပါလား အဲ့လိုဆိုတော့ သူက ကနေဒါနိုင်ငံသားတဲ့။ ဂျမားနဲ့ ရိုဟင်ဂျာကိစ္စနဲ့ ပြောကြတော့ ကိုယ်က ရိုဟင်ဂျာမရှိဘူး တရားမဝင် ဘင်္ဂါလီတွေတော့ ရှိတယ်လို့ပြောတော့ ဝမ်းက ဟုတ်တယ် ရိုဟင်ဂျာဆိုတာ မရှိဘူး တရားမဝင်တဲ့သူတွေတော့ ရှိတယ်လို့ သေသေချာချာ ရှင်းပြတယ်။ ကိုယ်တို့နှစ်ယောက်တည်း ရှိတော့မှ အစ်မ နောက်ဆို ရိုဟင်ဂျာမရှိဘူးလို့ မပြောနဲ့ သူတို့က လက်မခံဘူး သတင်းတွေမှာ ပုံကြီးချဲ့ထားတော့လေ။ သူတို့က လူကောင်းတွေမို့ ဘာမှပြောမှာမဟုတ်ဘူး တချို့က လူ့အခွင့်အရေးဘာညာနဲ့ ညစ်လို့ရတယ် ပြသနာဖြစ်မှာစိုးလို့ သတိပေးတာတဲ့။ ဗုဒ္ဓဘာသာအကြောင်းလည်း အကုန်သိ ပြီးတော့ ယုံမှားသံသယတွေနဲ့ ဝိပတ်သနာနဲ့ သမာဓိ မကွဲဘူးဘာဘူးလေးနဲ့။ ဆရာတော်တွေကို မေးလျှောက်ကြည့်ပါလားဆိုတော့ သူက ဘုန်းကြီးကျောင်းကို မသွားဘူး။ မြန်မာတွေက ဘုန်းကြီးကျောင်းကိုလာရင် အတင်းတုပ်နေကြတာ များတယ်တဲ့။ ဟုတ်တော့လည်း ဟုတ်ပါတယ် ဒါပေမဲ့ ကိုယ်သိချင်တာတွေကို ဆရာတော်တွေကို မေးလျှောက်မှ ရှင်းသွားမှာကို။ သူ့အိမ်အောက်ထပ်က မြန်မာတယောက် အိပ်ယာထဲမှာ ဆုံးသွားတာကို ဝမ်းက ကြောက်နေတယ်တဲ့။ ပရိတ်တရား ဖွင့်ထားပါလားလို့ အကြံပေးတာကိုလည်း လက်မခံဘူး။ တော်သေးတယ် ကိုယ်က မကြောက်တတ်ဘူး အဲ့ဒါကြောင့်လည်း တယောက်တည်းနေရဲတာ။ ဆူနမ်ဆို သရဲကြောက်တတ်လို့ တိုက်ခန်းဝယ်ဖို့ ပိုက်ဆံရှိတာတောင် မဝယ်ရဲဘူး တယောက်တည်းနေရမှာ ကြောက်လို့တဲ့။ 


Cajo’n del Maipo ‌‌ရေခဲတောင်... ချီလီနိုင်ငံ မြို့တော် ဆန်တီရာဂိုနဲ့ တနာရီခွဲအဝေး

ဝမ်းက ဂျက်ဆင်ဟိုက်မှာ နေတယ် ကိုယ်နဲ့နှစ်ဘူတာအဝေးမှာ။ ကိုယ်က အိမ်ကနေ အနှေးရထားစီးပြီး ဂျက်ဆင်ဟိုက်ရောက်ရင် အမြန်ရထား အီးကို ဂိတ်ဆုံးဝေါထရိတ်စင်တာအထိစီး။ ပြီးရင် နယူးဂျာဆီသွားတဲ့ PATH ရထား တဘူတာစီး။ တနေ့ ဘေးကဟမ်းကယ်ရီအိတ် လဲကျလို့ ဆောရီးလို့ တောင်းပန်တာကို ရပါတယ်လို့ပြောပြီး စာဆက်ဖတ်နေလိုက်တာ အစ်မ ဘာစာအုပ်ဖတ်နေတာလဲလို့ မေးလာတော့မှ မော့ကြည့်လိုက်တော့ လားလား ဝမ်းပါလား။ ချိန်းထားရင်တောင် လွဲနေဥ◌ီးမယ် ခုတော့ ဆိုက်ဆိုက်မြိုက်မြိုက် တည့်တည့်တိုး။ ကိုယ်ဖတ်နေတာက Delia Owens ရဲ့ Where the crawdads sing စာအုပ်။ စာအုပ်က ဖတ်လို့အရမ်းကောင်းနေတော့ ဘေးဘီကို သတိမထားမိဘူး။ ကိုယ်က ရထားစီးရင် စာဖတ်ရင်ဖတ်၊ မဖတ်ရင် အိပ်နေတတ်တယ်။ အချိန်ကို အကျိုးရှိရှိ အသုံးချတယ် ဆိုပါတော့။ အသိတယောက်နဲ့ ဆုံနေတာကို စာအုပ်ဆက်ဖတ်နေရင် မကောင်းတတ်လို့ ဝမ်းနဲ့စကားတွေ ပြောဖြစ်တယ်။ သူက ရုံးတရုံးမှာ သင်တန်းသွားတက်မှာ မတက်လည်းရတယ် သင်ယူချင်လို့တဲ့။ ဝမ်းက ၁၉၉၈ ဆယ်ကျော်သက်အရွယ်မှာ ြသဇီကို ကျောင်းသွားတက်တယ် mechanical engineering ။ ပြီးတော့ ကနေဒါပီအာရလို့ တိုရန်တိုမှာ ကျောင်းတက်တယ်။ ကျောင်းပြီးတော့ အလုပ်မရလို့ လူက ကြောင်တောင်တောင် ဖြစ်သွားတယ်တဲ့။ ခု အလုပ်ရတော့လည်း ကြောင်တောင်တောင် ဂေါက်တောက်တောက် ဖြစ်နေတုန်းပဲ (ဟီး ...စိတ်ထဲကနေ ပြောတာ) :) ။ ကနေဒါမှာ အန်ကယ်ကြီးတယောက်ကို အလုပ်သွင်းပေးဖို့ အကူအညီတောင်းဖူးတယ်။ သူ့သားက ဘယ်ကျောင်းထွက်၊ ဘယ်ကုမ္ပဏီမှာ ဘယ်ရာထူး အဆင့်အတန်းနဲ့ ဘာလုပ်နေတယ်ဆိုတာ ကြွားပြီးမကူညီဘူးတဲ့။ တော်သေးတယ် ကိုယ်ကတော့ စိတ်ကောင်းရှိပြီး ကူညီတတ်တဲ့သူတွေနဲ့ ဆုံတွေ့ခဲ့တာ ကံကောင်းတယ်။ အခု စတိတ်ကအလုပ်ကိုလည်း တယောက်က သွင်းပေးတာ စတိတ်မှာ တယောက်ကမသွင်းပေးဘဲ အလုပ်ရဖို့ မလွယ်ဘူးတဲ့။ ကိုယ်လား စတိတ်မှာ အလုပ်ပြောင်းတာ ငါးခုရှိပြီ ဘယ်အလုပ်ကိုမှ အဆက်အသွယ်ကောင်းလို့ ရခဲ့တာမဟုတ်ဘူး။ ခုလက်ရှိအလုပ်ကတော့ အရင်မန်နေဂျာဟောင်းတွေက ထောက်ခံပေးလို့ ရခဲ့တာ။ ကိုယ့်ကန်တက်ကီအလုပ်က လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ ဆောက်တဲ့ကုမ္ပဏီ။ ကိုယ်က mechanical ၊ thermal ၊ sturctural အင်ဂျင်နီယာတွေနဲ့ အလုပ်လုပ်ရတယ်။ HRSG (Heat Recovery Stream Generator) ရေနွေးငွေ့နဲ့ လျှပ်စစ်ဓာတ်အားထုတ်တာ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်။ ဝမ်းက သူလည်း အဲ့လိုအလုပ် လုပ်ချင်တာတဲ့။ ကိုယ်က လင့်ခ်တွေ ပို့ပေးမယ် ကိုယ့်ကို သမီးတယောက်ကို ချစ်ခင်စောင့်ရှောက်တဲ့ အန်ကယ်ကြီးက အင်ဂျင်နီယာ သူနဲ့မိတ်ဆက်ပေးမယ်လေ။ ဝမ်းက ရုံးကို အမြန်ဆုံးရောက်တဲ့လမ်းကို သိသွားတော့ နောက်ဆို ဝမ်းနဲ့ကိုယ် အဲ့ဒီသွားတဲ့လမ်းမှာ တခါတလေ ဆုံကြတယ်။ ကိုယ့်မိတ်ဆွေ အန်ကယ်ကြီးနဲ့လည်း ဖုန်းဆက်စကားတွေပြောလို့ တနေ့ဆုံဖို့ ချိန်းကြတယ် ကိုယ်ကလိုက်ပို့ပေးရမယ်။ လူပျိုလူလွတ်ဆိုရင် ကိုယ်နဲ့ပေးစားချင်တဲ့ ချစ်အစ်မက စတယ်။ မလုပ်ပါနဲ့ အစ်မရယ် လူ့ဂွစာကြီး သာမီးနဲ့မတည့်ဘူး တွေ့တာနဲ့ကိုက်ကြတော့တာပဲ တကျက်ကျက်နဲ့။ အဲ့လိုမျိုး တကျက်ကျက်တွေက ညားတတ်တယ်နော် ဟမ်မ‌‌လေး... ဒုက္ခပဲ အတင်း‌ပေးစားနေကြတယ်။ ဝမ်းနဲ့အယူအဆမတူ ငြင်းခုန်ကြပေမဲ့ ကိုယ်ကူညီနိုင်တာဆိုရင် တတ်နိုင်သလောက် ကူညီမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဟာ အခုချိန်ထိ သူများအကူအညီကို ယူနေရတုန်းမို့လို့ ကိုယ်ကူညီနိုင်တဲ့ အလှည့်ရောက်တဲ့အခါ တတ်နိုင်သလောက် ကူညီမယ်လို့ ဆုံးဖြတ်ထားလို့ပါပဲ။ ကူညီတဲ့အခါမှာလည်း ဘာမျှော်လင့်ချက်မှ မထားဘဲ စိတ်ကိုရှင်းရှင်းထားတယ်။ သူတပါးဆီက နှုတ်အားဖြင့်ဖြစ်စေ၊ ကိုယ်အားဖြင့်ဖြစ်စေ အကူအညီ ရဖူးသူချည်းပါပဲ။ ဘယ်လိုလုပ်သင့်တယ်လို့ အကြံညဏ်ပေးတာ၊ ဘယ်လိုလုပ်ကြတယ်လို့  ပြောပြတာ၊ နှစ်သိမ့်အားပေးတာ၊ အလုပ်ရှိကြောင်း သတင်းပေးတာ၊ စီဗွီကို HR ဆီပို့ပေးတာ၊ အစားအသောက် ကျွှေးမွှေးတာ။ အိုး…. ကျေးဇူးသိတတ်ရင် ကျေးဇူးတင်စရာ‌တွေ ‌ကျေးဇူးတင်ရမဲ့သူတွေမှ အများကြီး။ ကိုဗစ်ကြောင့် ရုံးတွေပိတ်လိုက်တော့ ကိုယ့်ဘော်ဒါတွေကို ကျန်းမာဖို့ ဆုတောင်းစကား၊ အွန်လိုင်းကနေ ဝယ်လို့ရတဲ့ဆိုဒ်တွေပို့တော့ ထိုင်ဝမ်ကြီးဝမ်က အကြောင်းပြန်လာတယ် ကျေးဇူးပဲ စန်းစန်းရေ…ဝမ်းနဲ့အတူ နေ့လည်စာစားတဲ့ အချိန်လေးတွေ သတိရမိတယ်။ ငါ့နှယ်နော် ဟိုလူကစလိုက် ဒီလူကနောက်လိုက် ‌ပေးစားလိုက် စပ်‌ပေးလိုက်နဲ့။ စိတ်လည်းညစ်ရ ရယ်လည်းရယ်ရပါတဲ့ ရန်သူ‌တော် နံပါတ်ဝမ်းရယ်။

စန်းထွန်း
မေ ၂၂၊ ၂၀၂၀။

စကားမစပ် ‌‌
မေ ၁၆ ၂၀၁၀ ဘလော့စဆောက်ပြီး စာတွေရေးခဲ့တာဆိုတော့ မေ ၁၆ ၂၀၂၀ မှာ စာရေးသက်တမ်း ဆယ်နှစ်ပြည့်ပြီ။ ဘလော့ဂါ တော်တော်များများက စာတွေမရေးကြတော့ပေမဲ့ ကိုယ်ကတော့ ရေးနေတုန်းပဲ။ ဖေ့ဘွတ်မှာ response မြန်တယ် စာရေးပါလားလို့ တိုက်တွန်းကြပေမဲ့ ဘလော့က သီးသန့်ဆန်ပြီး ကိုယ်ပိုင်နေရာလေးလို့ ခံစားရတယ်။ ရေးချင်တဲ့အကြောင်းအရာရယ်၊ ရေးချင်းတဲ့စိတ်ကလေးရယ်၊ ရေးဖို့အချိန်ရယ် ရှိနေသေးရင် စာတွေအများကြီး ရေးချင်ပါသေးတယ်။ :)

14 December 2019

ရေဘက်ကာ..


ဘယ်ရုံးမှာမဆို ဟယ်လင့်လိုလူမျိုး တယောက်မဟုတ်တယောက်ကတော့ ရှိနေမှာပဲ။ မန်နေဂျာက ရေဘက်ကာနဲ့ မိတ်ဆက်ပေးတော့ လက်ကမ်းမနှုတ်ဆက် ပြုံးလည်းမပြုံးပြ နှစ်လိုမှုလည်းမပြတော့ သိလိုက်ပါပြီ ဒီရုံးရဲ့ဟယ်လင်က ရေဘက်ကာပဲဆိုတာ။ သူရေးထားတဲ့ application ကို testing လုပ်တဲ့အခါ အီးမေးလ်နဲ့မေးမြန်းတာကို တော်တော်နဲ့မပြန်လို့ မန်နေဂျာက ကြားထဲကနေ မနေနိုင်မထိုင်နိုင် ရေဘက်ကာအီးမေးလ်ပြန်ပါလို့ ပြောယူရတဲ့အထိ။ သူခရီးကပြန်ရောက်ပြီး နေမကောင်းလို့ဖြစ်မှာပါလို့ မန်နေဂျာ၊ လုပ်ဖော်ကိုင်ဖက် အိန္ဒမလေးက ဖာထေးပြောပေမဲ့ သူ့စရိုက်ဆိုတာ ကိုယ်သိပါတယ်။ စိတ်ကြည်ရင် နှုတ်ဆက်ပေမဲ့ စိတ်မကြည်ရင် နှုတ်မဆက်လို့ သူ့အခြေအနေကိုကြည့်ပြီး သူနှုတ်ဆက်မှ နှုတ်ဆက်တယ်။ သူရေးထားတဲ့ application အတွက် user requirement ကို မန်နေဂျာက ကိုယ့်ကိုရေးခိုင်းတယ်။ အကျဥ◌်းပဲရေးထားလို့ အကျယ်ချဲ့ရေးခိုင်းတဲ့အခါ system ကိုသေချာမသိလို့ မရေးတာဆိုတော့ ရေဘက်ကာနဲ့ အတူရေးခိုင်းတယ်။ ရေဘက်ကာက ကိုယ်နဲ့မရေးချင်ဘူး မန်နေဂျာက အဲ့ဒါဆို မင်းဘာသာရေးမလားဆိုတော့ ဘာမှမပြောဘူး။ စန်းစန်းကို ခိုင်းရမလားဆိုတော့လည်း ဘာမှမပြော အဲ့ဒါဆိုနှစ်ယောက်အတူ ရေးမလားဆိုတော့လည်း ဘာမှမပြော။ သူ့ဆီအီးမေးလ်ပို့ပြီး မခိုင်းလို့တဲ့ အတော်လက်ပေါက်ကပ်လိုက်တာ။ မန်နေဂျာစိတ်တိုတာလည်း မပြောနဲ့ စိတ်တိုစရာကောင်းလိုက်တာ။ မန်နေဂျာက ဒီတာဝန်က မင်းတာဝန်၊ လိုအပ်ရင် စန်းစန်းကိုကူခိုင်းဆိုပြီး အီးမေးလ်ပို့လိုက်တယ်။ ကိုယ့်အလုပ်နေရာက ကိုယ့် team နဲ့ဝေးတယ်။ တနေ့သင်တန်းတက်ဖို့အတွက် လပ်တော့ကွန်ပျူတာလိုတော့ ကိုယ်က Admin တွေဆီမှာ သွားတောင်းတယ်။ ရေဘက်ကိုမေးကြည့်တော့ ကွန်ပျူတာအဆင်မပြေသေးလို့ Admin တွေဆီလိုက်ပြီး ကူညီပေးလိုက်တယ်။ အစည်းအဝေးခန်းထဲမှာ ကိုယ့်လပ်တော့ကွန်ပျူတာက ဆော့ဝဲတွေ update လုပ်နေလို့ tutorial lesson တွေကို လိုက်မလုပ်နိုင်ဘူး။ လပ်တော့ကွန်ပျူတာကို restart လုပ်တော့ internet wifi ကိုမချိတ်လို့ system administrator ကို သွားလုပ်ခိုင်းတယ်။

မကြာပါဘူး ရေဘက်ကာ့ကွန်ပျူတာလည်း ပြသနာတက်ပါလေရော။ တယောက်က လာလုပ်ပေးတော့ ရေဘက်ကာလပ်တော့က အတော်ဟောင်းနေပြီ သူ့ထက်တောင် အသက်ကြီးတယ်တဲ့။ ရေဘက်ကာက မန်နေဂျာကို အပြစ်တင်တယ်။ မန်နေဂျာခမျာ သူလည်းဘာမှမလုပ်ရဘဲ အပြစ်တင်ခံရလို့ ရေဘက်ကာ မင်း desktop ကို ဒီယူလာပြီး ထရိမ်နင်းဆက်တက်လို့ ဘုတောတယ်။ ကွန်ပျူတာအသစ်လဲပြီးပြန်တော့ network wifi မချိတ်တော့လည်း မန်နေဂျာကို အပြစ်တင်ပြန်တယ်။ ကိုယ်က system administrator လုပ်ပေးတယ်လို့ပြောတော့ မန်နေဂျာက အဲ့ဒီလူကို ခေါ်ခိုင်းလိုက်တော့ အဆင်ပြေသွားတယ်။ ကွန်ပျူတာပြသနာတက်တာခြင်းအတူတူ ကိုယ်က ကိုယ့်ဘာသာဖြေရှင်းတယ်။ ရေဘက်ကာက မန်နေဂျာကို အပြစ်တင်ပြီး လုပ်ခိုင်းတယ်။ ကိုယ့်ဘေးမှာထိုင်တဲ့ မန်နေဂျာက စာမျက်နှာဘယ်နေရာမှန်းမသိရင်၊ ဘာဆက်လုပ်ရမှန်းမသိရင် ကိုယ်ကကူညီပေးတယ်။ မန်နေဂျာက စန်းစန်း အဲ့ဒါကြောင့် မင်းဘေးမှာထိုင်တာတဲ့။ ကိုယ့်ဘေးမှာထိုင်တဲ့သူက ကိုယ့်ကိုအင်တာဗျူးတဲ့လူဆိုတော့ ကိုယ်က ကိုယ့်အင်တာဗျူးအကြောင်း မေးတယ်။ တနေ့ကော်ဖီဘယ်နှစ်ခွက် သောက်တယ်ဆိုတဲ့အကြောင်းလည်းရောက်ရော ရေဘက်ကာက သူတနေ့ကော်ဖီဘယ်နှစ်ခွက် သောက်တဲ့အကြောင်း ဝင်ပြောတယ်။ ‌ေ‌ြေသာ် … သူက အဖော်မဲ့နေရှာတာကိုး သူ့ကိုဂရုစိုက်တာ စကားပြောတာကို လိုချင်တာကိုး။ အဲ့ဒီသင်တန်းပြီးကတည်းက ရေဘက်ကာ ကိုယ့်ကိုပြုံးပြတယ် နှုတ်ဆက်တယ် စကားတွေပြောတယ်။ သူ့ application မှာ bug ပြသနာရှိတာ သတိထားမိလားဆိုပြီး သွားမေးတော့ သူ့ဥရောပခရူသဘေင်္ာတွေအကြောင်း ပြောပြတယ်။ ခုတော့ ရေဘက်ကာ ပြောင်းလဲနေပြီ ဖော်ဖော်‌ရွေရွေ ကြည်ကြည်လင်လင် ပြုံးပြနှုတ်ဆက်နေပြီ။

စန်းထွန်း
ဒီဇင်ဘာ ၁၄၊ ၂၀၁၉။

04 September 2019

ပီအေရုံးမှ မိတ်ဆွေများ - ၃

ဟယ်လင်ကြောင့် အလုပ်ရှာတော့ ပီအေရုံးမှာ လူတွေ့အင်တာဗျူးနှစ်ခုရတယ်။ ပထမအလုပ်က Data Reporting Analyst အင်တာဗျူးမအောင်ဘူး။ နောက်အလုပ်တခုက Web Developer ။ ကိုယ်အရင်လုပ်ခဲ့ဖူးတဲ့ရုံးမှာ ပထမအလုပ်ကသုံးထပ်မှာ ဒုတိယအလုပ်ကငါးထပ်မှာ။ ပီအေရုံးမှာ လူတွေ့အင်တာဗျူးဖို့ စောင့်နေတုန်း လော်ဘီမှာ တရုတ်မယန်း၊ မစ်ရှဲတို့နဲ့ဆုံတယ်။ ဟေ့ ... စန်းစန်း ဘာလာလုပ်တာလဲ အင်တာဗျူးလာဖြေတာ ငါးထပ်မှာ။ ငါ ဒီအလုပ် အရမ်းရချင်တယ် အဲ့ဒါဆိုရင် မင်းတို့နဲ့ နေ့လည်စာအတူတူ ထွက်စားလို့ရပြီလို့ပြောတော့ ကံကောင်းပါစေလို့ ဆုတောင်းပေးကြတယ်။  နောက်တပတ်ကျတော့ ယန်းက မတ်ဆေ့ပို့လာတယ်။ ကိုယ်နဲ့အလုပ်အတူတူ လုပ်ခဲ့ဖူးတဲ့ တရုတ်ကြီးလင်းမင်က မင်းကို ထောက်ခံချက်ကောင်းကောင်း ပေးနေတာကို မစ်ရှဲကြားတယ်။ မင်းတော့ မကြာခင် သတင်းကောင်း ကြားရတော့မယ်ထင်တယ်။ ဂရမ်းစင်ထရယ်နားက နယူးယောက်ပြည်နယ် မြို့တော်ဝန်ကူမိုအတွက် အလုပ်လုပ်ပေးတဲ့ရုံးကနေ အော်ဖာရတယ်။ အော်ဖာလက်မခံခင် ပီအေရုံးကိုလှမ်းမေးတယ် အင်တာဗျူးအခြေအနေ ဘယ်လိုနေလဲလို့။ အလုပ်အော်ဖာတခုရလို လက်မခံသေးခင် လှမ်းမေးတာ။ ပီအေရုံးက သဘောကျတယ် ဋ္ဌာနရဲ့အကြီးဆုံးနှစ်ယောက်နဲ့ နောက်ဆုံးဖိုင်နယ်အင်တာဗျူး ထပ်လုပ်တယ်။ ဂရမ်းစင်ထရယ်နာရုံးက အလုပ်အော်ဖာကို မြန်မြန်လက်ခံဖို့ ဆော်သြတယ်။ အစိုးရရုံးမို့လို့ ဘက်ဂရောင်းချက် စစ်ရဦးမယ်။ လုပ်ထုံးလုပ်ရိုးစဉ် နှစ်ပတ်လောက် ကြာတယ်။ မြန်မာပြည်ကို ခဏပြန်နေလို့ နောက်နှစ်ပတ်ကြာမှ အော်ဖာစာချုပ်ကို လက်မှတ်ထိုးပြီး ပို့လိုက်မယ်လို့ အချိန်ဆွဲလိုက်တယ်။ ဒီတော့ လက်မှတ်မြန်မြန်ထိုးအောင် ပီဒီဖက်ဖ်ဖိုင်နဲ့ လက်မှတ်ထိုးရအောင် လုပ်ပေးတယ်။ တပတ်ရှိနေပြီ ပီအေရုံးက အကြောင်းမပြန်သေးဘူး။ ဟ ... နှစ်ပတ်လောက်တော့ အနည်းဆုံးအချိန်ယူမှာပေါ့လို့ ဝိုင်းကပြောတယ်။ ကျူးဘားကနေအပြန် မီယာမီလေဆိပ်ကို ဆင်းတာနဲ့ ဖုန်းဝင်လာတယ် ကွန်ကရက်ကျူလေးရှင်း ပီအေရုံးက အော်ဖာပေးတယ်တဲ့။ ဝိုင်းနဲ့ကိုယ် ပြေးဖက်ကြ ထခုန်ကြတယ်။ ဟယ်လင်ကြောင့် ကိုယ်ဘယ်လောက်အလုပ်ထွက်ချင် ပီအေအလုပ်ကို ဘယ်လောက်လိုချင်နေမှန်း ဝိုင်းကသိတာကိုး။ မနေ့ကတည်းက အီးမေးလ်ပို့ထားတာ ကိုယ်ကအကြောင်းမပြန်လို့တဲ့။ မနေ့က ကျူးဘားမှာ အင်တာနက်လည်းမရှိတော့ ကမ္ဘာကြီးနဲ့အဆက်အသွယ် ပြတ်နေတာ။

ကုမ္ဗဏီကပိုကြီး လစာလည်းပိုကောင်း အခွင့်အရေးများ အစိုးရအလုပ်။ ပြီးတော့ ကိုယ်ချစ်တဲ့သူတွေ ကိုယ့်ကိုချစ်တဲ့သူတွေရှိတဲ့ရုံး။ ပုံမှန်ဆို ဘက်ဂရောင်းချက်စစ်တာ တပတ်ပဲကြာပေမဲ့ ကိုယ့်မှာတော့ တလနီးပါးကြာတယ်။ တလနို့တစ်ကို ဇွန်လဆန်း အီကွေဒေါခရီးက ပြန်လာမှပဲ နို့တစ်ပေးမယ်လို့ စီစဉ်ထားတာ အီကွေဒေါမသွားဖြစ်ဘဲ မောင်မောင်ဆုံးလို့ ရန်ကုန်ကို ချက်ချင်းပြန်လာခဲ့ရတယ်။ ရန်ကုန်မှာနှစ်ပတ်နေပြီး နယူးယောက်ပြန်ရောက်တာနဲ့ တလနို့တစ်ပေးတယ်။ နာရေးကိစ္စအတွက် ခွင့်နှစ်ပတ်ကို လစာမဲ့ခွင့်လို့ထင်ထားတာ နာရေးခွင့်၊ အားလပ်ရက်ခွင့်၊ ဆေးခွင့်တွေနဲ့ အဲဒီနှစ်ပတ်ကို လစာရအောင် ဟယ်လင်က လုပ်ပေးထားတယ်။ my favorite boss ဂျင်၊ ဂျယ်ရီ၊ ကိတ်၊ လီရာ၊ တော့တင်ဟမ်စပါး အမာခံပရိသတ် ပတ်ထရစ်ရှာတို့နဲ ခွဲခွာရမှာကိုတော့ စိတ်မကောင်းဘူး။ တွေ့ဆုံကြံကြုံကွဲ လူ့ဘဝကြီးမှာ ဆုံတွေ့ရခြင်းဟာ ခွဲခွာရဖို့ပါပဲ။ ပီအေရုံးမှာ ပထမဆုံးရုံးတက်တဲ့နေ့ တရုတ်ကုမ္ဗဏီရုံးဟောင်းက ယန်း၊ မစ်ရှဲ၊ ခဲတန်၊ ဘိုဖူတို့နဲ့ ကြိုဆိုပွဲနေ့လည်စာ စားကြတယ်။ ဘိုဖူနဲ့ကိုယ်က တရုံးတည်း မကြာခဏဆုံတယ်။ အလုပ်ဝင်ပြီး တပတ်အကြာ အောက်ထပ်လေးလွှာ ရုံးအဟောင်းကလူတွေကို သွားတွေ့တယ်။ အိုင်ဒီကဒ်က လေးလွှာတံခါးဖွင့်မရလို့ လူတယောက်ထွက်လာတာနဲ့ အသာလေးလစ်ဝင်လိုက်တယ်။ ပထမဆုံးတွေ့တဲ့သူက မတ်တပ်ရပ်ပြီး စကားပြောနေတဲ့ဂျမား။ အရင်အတိုင်း မပြောင်းမလဲ ဆံပင်ဖြူဖြူ အသားညိုညို အရပ်ရှည်ရှည် မျက်နှာဝိုင်းဝိုင်း ခပ်ဖိုင့်ဖိုင့်။ လှမ်းမခေါ်ဘဲ အသာလေးရပ်ကြည့်နေတာ ခဏနေတော့ ကိုယ့်ကိုလှည့်ကြည့်တယ်။ အံ့အားသင့်သွားပြီး စကားပြောတာရပ်ကာ ကိုယ့်ဆီလာပြီး ပွေ့ဖက်နှုတ်ဆက်တယ်။ မတွေ့တာကြာပြီ မိုင်ဒီရား ... သတိရတယ် ပိုလာလှတယ်။ ကိုယ့်ကို မိုင်ဒီယားလို့ ခေါ်တဲ့နှစ်ယောက်က ဝိုင်းနဲ့ဂျမား။ အပေါ်ထပ်မှာ အလုပ်ရတဲ့အကြောင်းပြောတော့ နေ့လည်ထမင်းလာစားပါလား အမြဲတမ်းကြိုနေတယ်နော် ဟိုတုန်းကလိုပေါ့။ ဂျမားကိုတွေ့ရတော့ ဝမ်းသာမျက်ရည်ဝဲမိတယ်။ ဂျမားက ကိုယ်အလုပ်လုပ်ခဲ့တဲ့ အဖွဲ့ထဲကမဟုတ်ဘူး။ နေ့လည်စာစားဆောင်မှာ ခင်ကြတာ။ မိသားစုနာမည်၊ အီးမေးလ် မသိဘူး။ ရုရှကြီးရှုဒီ၊ ကိုယ့်ကိုထောက်ခံချက်ပေးတဲ့ လင်းမင်၊ မန်နေဂျာဟောင်းဟိုဂမ်လင်း၊ မစ်ရှဲ၊ ခဲတန်၊ ယမ်း၊ ဖိလစ်ပိုင်ကြီးနေသန်။ ရူဒီက မြန်မာတယောက်ရှိတယ်လို့ ပြောတယ်။ လင်းမင်၊ ဟိုဂမ်တို့က ပွေ့ဖက်နှုတ်ဆက်တယ်။ ဟိုဂမ်က ပိုကျန်းမာလာတဲ့ပုံပဲတဲ့။ သွားမနှုတ်ဆက်ရဘဲ ကိုယ့်အသံကြားလို့ အပြေးကလေး ရောက်လာသူက ထိုင်ဝမ်ကြီးဝမ်ချန်။

သြဂုတ် ၂၅ နယူးဂျာဆီဘုန်းကြီးကျောင်း နိဗ္ဗာန်ဈေးပွဲတော်မှာ မခိုင် ရိုက်ပေးတဲ့ဓာတ်ပုံ 

ကိုယ့်ကိုသူတို့သုံးနေတဲ့ ဆော့ဝဲအကြောင်း ရှင်းပြပေးသူ။ ကိုယ့်အင်္ဂလိပ်စာမှားနေရင် အပြေးကလေးလာပြီး အမှန်ပြန်ပေးသူ။ ကိုယ်နဲ့နေ့လည်ထမင်းစားဆောင်မှာ ထမင်းအတူစားလေ့ရှိသူ။ ပီအေရုံးမှာ ကိုယ့်နောက်ဆုံးနေ့ဆိုတာ မသိတဲ့ဂျမားကို ညနေငါးနာရီ အမျိုးသားအိမ်သာမှာတွေ့တဲ့အခါ ပြောပြပြီး ဂျမားကိုကိုယ့်ဆီခေါ်ယူ နှုတ်ဆက်စေခဲ့တဲ့သူ။ ဝမ်ချန်ဟာ အင်မတန်ချစ်ဖို့ကောင်းတယ်။ ကွန်ထရပ်တာ မြန်မာအစ်ကိုကြီးတယောက်နဲ့ မိတ်ဆက်ပေးတယ်။ သူက အိန္ဒိယမြန်မာ သြစတေးလျမှာကြီးတာ။ မြန်မာနာမည် မြန်မာစကားပြောတာကလွဲရင် မြန်မာပုံလုံးဝ မပေါက်ဘူး။ နေသန်က သူ့ background experience က very impressive တဲ့။ စန်းစန်း ... အဲ့ဒီမြန်မာက လူပျိုလူလွတ်ကွ...မင်းလည်း လူလွတ်မဟုတ်လား။ ဟမ်...နေသန်...ဘာတွေပြောနေတာလဲ... သြော် ... လူလွတ်မြန်မာကောင်မလေးသိရင် ပြောပါဟ စပ်ပေးမလို့။ အမလေးနော် ....  တကထဲမှပဲ မြားနတ်မောင်နဲ့ လာတွေ့နေတယ်။ ယန်းနဲ့ကိုယ် နှစ်ယောက်သား မပြုံးဘဲဝါးလုံးကွဲ ရယ်လိုက်ကြတာ။ ကိုရီးယားကြီးကင်နဲ့ လမ်းမှာတွေ့တော့ သူကမျက်မှောင်ကုတ်ပြီး စဉ်းစားနေတယ်။ ဒီငတိမလေးကို မြင်ဖူးပါတယ် ဘယ်မှာမြင်ဖူးမှာပါလိမ့်လို့ စဉ်းစားနေတာနေမှာ။ ကိုယ်က စတင်မိတ်ဆက်ပြီး ရုံးအဟောင်းကလူတွေအကြောင်း ပြောကြတယ်။ နေ့လည်ထမင်းစားပြီးရင် မန်ဟက်တန်စကိုင်းလိုင်း မြင်ရတဲ့ကမ်းနားဖက်ကို နာရီဝက်လမ်းလျှောက်ထွက်တယ်။ ဓာတ်လှေကားမှာ ယန်းနဲ့ဆုံတယ် ယန်းလျှာက်နေကြလမ်းအတိုင်း လျှောက်ကြတယ်။ ယန်းက ပိုကီမွန်၊ ကန်ဒီခရှက်ဂိမ်းတွေ ဆော့တယ်။ ကိုယ်က ဂိမ်းတခါမှ မဆော့ဖူးဘူး။ လော်ဘီမှာ ဂျမားနဲ့ဆုံတယ် တခြားတယောက်နဲ့ စကားပြောနေလို့ လှမ်းမနှုတ်ဆက်ဘဲသွားလို့ ဟေ့ စန်းစန်း မိုင်ဒီယား ကြည့်စမ်း ... မြင်ရက်နဲ့မနှုတ်ဆက်ဘူး ဘယ်လစ်ပြေးမလို့လဲ။ ဟမ် ... မဟုတ်ပါဘူး တခြားသူနဲ့ စကားပြောနေလို့ မနှုတ်ဆက်တာပါ။ နေ့လည်ထမင်းလာစားပါဦးကွ...ဟိုးတုန်းကလိုပေါ့...လာမယ် တနေ့နေ့။ တနေ့ အောက်ထပ်ဆင်းပြီး နေ့လည်ထမင်းစားသွားတာ ဂျမားမရှိဘူး။ မြန်မာအစ်ကိုကြီး၊ ဝမ်ချန်၊ လင်းမင်းတို့နဲ့ဆုံတယ်။ ဂျမားက ဂျော်ဒန် အလည်သွားတယ် လေဘာဒေးပိတ်ရက်ပြီးမှ ပြန်လာမယ်တဲ့။ နောက်ဆို အောက်ထပ်ဆင်းပြီး ဂျမားနဲ့ ထမင်းအတူသွားစားဦးမယ်။ ဂျမားဟာ ဗဟုသုတအင်မတန်ကြွယ်တဲ့သူ ဘယ်အကြောင်းအရာမဆို ပြောဆိုဆွေးနွေးနိုင်တယ်။ သူ့မှာ ပြောစရာမရှိဘူးဆိုတာ မရှိဘူး။ ပြောတာတွေကလည်း  အင်မတန်စိတ်ဝင်စားဖို့ကောင်းတယ်။ ၁၉၇၉  နိုဝင်ဘာကနေ ၁၉၈၁ ဇန်နဝါရီအထိ အီရန်က အမေရိကန်သံရုံးကို ၄၄၄ ရက် ဝိုင်းထားတယ်။ အမေရိကန်တွေ အီရန်ကို ရွံကြောက်တာပေါ့။ ဂျမား လူဝီစီးယားနားကို ကျောင်းလာတက်တော့ သူ့ကို အီရန်ထင်ပြီး ကြောက်ကြတယ်တဲ့။ စန်းစန်း အဲ့ဒီတုန်းက မင်းမွေးတောင်မွေးဦးမယ် မထင်ဘူး အင်း.. မမွေးသေးဘူး။

အဲ့ဒီလို ကိုယ်မကြားဖူးတဲ့ အကြောင်းတွေမှ အများကြီး အများကြီး။ လော်ဘီထဲမှာဆုံတဲ့ အန်ကယ်ကြီးက ကိုယ့်ကိုအင်တန်းဆင်းတဲ့ ကျောင်းသူလားလို့မေးလို့ ပြုံးစိစိဖြစ်နေတယ်။ အလဲ့...တော်တော်နုတဲ့ ငါပါလား။ ကျောင်းတက်တုန်းက ကိုယ်နဲ့ရာမား ဝိုင်၊ ဘီယာဝယ်ရင် အိုင်ဒီတောင်းတယ် ၁၈ နှစ်အောက်ထင်လို့။ ဆူနမ်ဝယ်ရင် အိုင်ဒီမတောင်ဘူး အန်တီကြီးလို့ စကြတယ်။ နေ့လည်စာစားပြီးရင် လမ်းသွားလျှောက်တဲ့ ဆိပ်ကမ်းလေးကို သင်္ဘောကျတယ်။ မန်ဟက်တန်စကိုင်းလိုင်းကို မြင်ရတယ်။ လေပြေလေညှင်းလေးက ပွတ်သပ်ကျီဆယ်သွားတာကို သဘောကျတယ်။ လှိုင်းပုတ်သံ၊ သင်္ဘောသံ၊ ဇင်ယော်သံတွေ ကြားရတယ်။ ရေပြင်ကြီးနဲ့ ကောင်းကင်ပြာပြာကို မြင်ရတာ ငြိမ်းချမ်းတယ်။ သစ်ပင်စိမ်းစိမ်းလေးတွေ ရှိနေရင် သိပ်ကောင်းမှာ။ အဲဒီကိုသွားတိုင်း မောင်မောင့်ကို သတိရလို့ မျက်ရည်ကျတယ်။ ခုအလုပ်ထဲမှာ ကိုယ်နဲ့အတူတွဲလုပ်ရတဲ့သူက အသက် ၆၀ ရုရှအမျိုးသမီး ရေဘက်ကာ။ စတွေ့တာနဲ့ မပြုံးပြဘူး မကူညီဘူး။ ဟင်... လာပြန်ပြီ ဟယ်လင်။ စကားပြောတာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မပြောဘူး။ မန်နေဂျာကို ရေဘက်ကာက ခရီးကပြန်လာခါစ နေမကောင်းလို့နဲ့တူတယ် တမျိုးပဲလို့ ပြောလိုက်တယ်။ set up လုပ်ပေးဖို့ အကူအညီတောင်းတာ မကူညီဘူး။ ကိုယ်ဆို ဂျယ်ရီ၊ ကိတ် စဝင်တုန်းက ကိုယ်ကူညီလုပ်ကိုင်ပေးနိုင်တာ၊ ကိုယ်သိတာ အကုန်ပြောပြတယ်။ လူတိုင်း ကိုယ့်လို ကူညီပေးမယ် စိတ်ကောင်းရှိမယ် မထင်နဲ့လို့ ဝိုင်းပြောတာ အမှန်ပဲ။ ရေဘက်ကာ ရေးထားတဲ့ဟာကို ကိုယ်က testing လုပ်ရတယ်။ ကိုယ်မေးတဲ့အီးမေးလ်တွေကို အကြောင်းမပြန်လို့ မနေနိုင်တဲ့ မန်နေဂျာက ရေဘက်ကာ စန်းစန်းအီးမေးလ်တွေကို အကြောင်းပြန်ပါလို့ အီးမေးလ်ပို့တယ်။ ရေဘက်ကာ ရေးထားတဲ့ application အတွက် requirement document ရေးရမယ် စန်းစန်း ရေဘက်ကာနဲ့ပေါင်းပြီးရေးတဲ့။ .Net နဲ့ မရေးတတ်တဲ့ဟာကိုတဲ့။ စိတ်မရှည်နိုင်တော့တဲ့ မန်နေဂျာက ရေဘက်ကာ ဘာပရိုဂရမ်းမင်းနဲ့မှ ရေးခိုင်းတာမဟုတ်ဘူး အင်္ဂလိပ်လိုရေးခိုင်းတာ။ စန်းစန်း မင်း ရေးတတ်တယ်မလား ရေးတတ်တယ်။ ရေဘတ်ကာက အဲ့ဒါဆို သူ့ကိုဘာလို့ ဝင်ပါခိုင်းတာလဲ။ ရေဘက်ကာ မင်းကပရိုဂရမ်မာဆိုတော့ မင်းအသိဆုံး မင်းပဲ ရေးမယ်ဆိုရင်လည်းရတယ်။ ရေးမလားဆိုတော့လည်း ဘာမှမပြော စန်းစန်းကို ရေးခိုင်းရမလားဆိုတော့လည်း ဘာမှမပြော နှစ်ယောက်ပေါင်းရေးမလားဆိုတော့လည်း ဘာမှမပြော တော်တော်ပြောရဆိုရ လက်ပေါက်ကပ်တဲ့သူပဲ။ နောက်ဆုံးတော့ စန်းစန်း ပထမဆုံးအကြမ်းရေး ပြီးရင်ထပ်ထည့်မယ်။ စိတ်ကြည်တဲ့အချိန်ဆို ပြုံးပြတယ် ကိုယ့်မှာ ရေဘက်ကာ့အခြေအနေကိုကြည့်ပြီး နှုတ်ဆက်စကားပြောရတယ်။ ဟမ်မလေး ... ဟမ်လင်နောက်တယောက် လာပြန်ပြီ မန်နေဂျာမဟုတ်လို့  တော်သေးတယ်။ နေရာတိုင်းမှာ ဟမ်လင်တယောက်တော့ ရှိမှာပဲလေ။ ချော့တန်ချော့ ချဲတန်ချဲ နေတတ်ထိုင်တတ် ပေါင်းသင်းတတ်ဖို့လည်း လိုသေးတယ်။ ပီအေရုံးမှာ ကိုယ့်ကိုချစ်တဲ့သူတွေ၊ ကိုယ်ကချစ်တဲ့သူတွေနဲ့ ဆုံတွေ့ရတာ ပျော်ရွှင်စရာပါပဲ။

စန်းထွန်း
စက်တင်ဘာ ၄၊ ၂၀၁၉ ။

ပီအေရုံးမှ မိတ်ဆွေများ - ၁
ပီအေရုံးမှ မိတ်‌ဆွေများ - ၂

မျက်လုံးလေးမှိတ်ပြီး နားစွင့်လိုက်တဲ့အခါ လေတိုးနေတာတွေ လှိုင်းပုတ်သံတွေ စင်ရော်ငှက်အော်သံတွေ ကြားရတယ်
မန်ဟက်တန်စကိုင်းလိုင်းကို မြင်ရတဲ့  ကိုယ်တို့ရုံးနားက Pier
New York, concrete jungle where dreams are made of
There's nothing you can't do
Now you're in New York
These streets will make you feel brand new
Big lights will inspire you
Hear it for New York, New York, New York!
One of my favorite song - Empire State of Mind - Alicia Keys ft Jazy
လီယာနဲ့ကိတ်ပေးတဲ့ ပို့စကဒ်တွေ

01 September 2019

ဟယ်လင် ...

၂၀၁၆ ဇူလှိုင် ပီအေရုံးမှာ ကွန်းထရပ်ကုန်တော့ မစ်တောင်းမန်ဟက်တန်ရုံးချုပ်ကို ပြန်ရတယ်။ ၂၀၁၆ ဒီဇင်ဘာမှာ တရုတ်ကုမ္ဗဏီကနေ အလုပ်ပြုတ်ပြီး ၂၀၁၇ မတ်လမှာ အန်ဂျီအိုရုံးမှာ အလုပ်ရတယ်။ ဂရင်းကဒ်ကတန်းလန်း အီးအေဒီကဒ်ရှိပေမဲ့ ရှေ့နေက အီးအေဒီကဒ်ကို မသုံးခိုင်းဘူး။ တရုတ်ကုမ္ဗဏီက ဂရင်းကဒ်လျှောက်တာကို ပယ်ဖျက်လိုက်ရင် နင့်မှာစတေးတပ် မရှိတော့ဘူး။ လုံးဝ လုံးဝ အီးအေဒီကဒ်မသုံးပါနဲ့ အိတ်ချ်ဝမ်းဘီ ထရန်စဖား H1B transfer လုပ်ပါတဲ့။ ပထမဆုံးအကြိမ် အိတ်ချ်ဝမ်းဘီ လျှောက်ရတာခက်တယ်။ ဧပြီ ၁ ရက်နေ့မှာပဲ လျှောက်ရတယ် အစိုးရက သတ်မှတ်ထားတဲ့ အရေအတွက်ထက် သုံးဆလျှောက်ကြလို့ ကံစမ်းမဲ Lottery နှိုက်ရတယ်။ လော်ထရီအောင်မှ လက်ခံငြင်းပယ်တာက နောက်တဆင့် အဖြေကို အောက်တိုဘာလ နောက်ဆုံးထားပြီးသိရတယ်။ H1B tranfer ကတော့ မြန်တယ် ကြိုက်တဲ့အချိန် လျှောက်လို့ရတယ် သုံးနှစ်ပေးတယ်။ အိတ်ချ်ဝမ်းဘီနှစ်ခါ ခြောက်နှစ်ပြီးရင် စတိတ်ပြင်ပကို ထွက်ပြီးတော့မှ ပြန်လျှောက်လို့ရတယ်။ ပရိုဂရမ်မာအလုပ်ကို အင်တာဗျူးခဲ့ပေမဲ့ ကိုယ်လုပ်နိုင်တယ်ထင်လို့ database management specialist  ရာထူးပေးတယ်။  cold fusion ပရိုဂရမ်းမင်းနဲ့ ရေးထားတဲ့ဆော့ဝဲတွေ ပြုပြင်ထိန်းသိမ်းတာ လုပ်ရတော့ cold fusion လေ့လာရတယ်။ learning management system အသစ်ကိုသုံးတော့ ကိုယ်ကအရင်လေ့လာရတယ်။ ပြီးရင် ဒါရိုက်တာ၊ မန်နေဂျာ၊ ဝန်ထမ်းတွေကို သင်ကြားပြသပေးရတယ်။ commerical ဆော့ဝဲသုံးရင် ဒေတာတွေကို ဘယ်လိုရမလဲ လေ့လာရတယ်။ data analysis လုပ်ရတယ်။ ဆော့ဝဲကို ဘယ်လိုသုံးရမလဲ user guide တွေ ရေးရတယ်။ tableau reporting software လေ့လာပြီး ဝန်ထမ်းတွေ သုံးတတ်အောင် သင်ကြားပေးရတယ်။ learning managment system ရဲ့ data integration တွေ လုပ်ရတယ်။ SSRS နဲ့ reports တွေ ရေးရတယ် coding မရေးရဘူး။ ဘော့စ်ဂျင်က အမေရိကန် သဘောကောင်းတယ် ၊ စကားပြောကောင်းတယ်၊ ငယ်သားတွေကို ညှာတာတယ်၊ ကာကွယ်စောင့်ရှောက်တယ်။ သူ့ဆီကနေ စိတ်ကောင်းနှလုံးကောင်းတဲ့ အလင်းရောင်တွေ ဖြာထွက်နေတယ်လို့ ခံစားရတယ်။ မန်နေဂျာတရုတ်မဟယ်လင်က ရှန်ဟိုင်းနားက ပြည်ကြီးတရုတ်မ။ တော်တယ် အလုပ်အရမ်းလုပ်တယ် ဒါပေမဲ့ အမြဲအော်ဟစ် ဆူပူနေတတ်တယ်။ စိတ်တိုရင် စားပွဲကို တဒိုင်းဒိုင်းထု မန်နေဂျာနဲ့ ရန်ဖြစ်ရင် နံရံကို တဒုန်းဒုန်း ထုတတ်တယ်။ အမလေး ... လန့်စရာကြီး ဒေါသကြီးပြီး စိတ်မထိန်းနိုင်ဘူး လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေး မကောင်းဘူး။ အလုပ်အရမ်းလုပ်ပေမဲ့ ဟယ်လင်ဆို အော်ကြောလန်။ အိုင်တီအသင်းမှာ မိန်းကလေးဆိုလို့ ကိုယ်နဲ့ဟယ်လင် နှစ်ယောက်တည်း အားလုံးက ယောက်ျားလေးတွေ။

ကိုယ်လည်းအမှားမလုပ်ဘဲနဲ့ အစည်းအဝေးခန်းထဲမှာ အော်ဟစ်နေလို့ ဘော့စ်ကိုသွားတိုင်တယ်။ ဘော့စ်က လာတိုင်တာကို ချီးမွမ်းတယ် မှားနေရင်တောင် အော်ဟစ်ဆူခွင့် မရှိဘူးတဲ့။ စာရင်းစစ်က လာစစ်တော့မယ် ဒေတာတွေမစုံသေးဘူး ။ လက်အောက်ခံကုမ္ဗဏီတခုရဲ့စာရင်းစစ်က အသစ်ဆိုတော့ စာရင်းဟောင်းတွေမသိ။ ချော့တခါ ခြောက်တခါ တောင်းနေတာလည်းမရ။ ဟယ်လင်က ဒေတာတွေရပြီလား ဟယ်လင့်ကို စီစီအီးမေးလ်ထားပြီး တောင်းနေတာပဲ မရသေးဘူးလို့ပြောတော့ you are doing rubbish တဲ့။ ဒေါသထွက်တဲ့ မျက်လုံးနဲ့ ကြည့်တော့ ဒေါသမထွက်နဲ့ မှန်တာပြောတာ အမှိုက်တွေတဲ့။ သူ့အခန်းထဲခေါ်ပြီး တံခါးပိတ်မဆူဘဲ ကိုယ့်နေရာလာပြီး တရုံးလုံးကြားအောင် ဆူတယ်။ ဒေါသကိုမျိုသိပ်ပြီး ရအောင်လုပ်ပါ့မယ် ရရင်ချက်ချင်းအီးမေးလ် ပို့မယ်ပြောလိုက်တယ်။ နောက်နေ့ မနက်စောစော ဟယ်လင့်ကို လုပ်ပြီးတာတွေ သွားပြောတယ်။ ဟယ်လင်က မနေ့က သူမှားမှန်းသိတယ် ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ ဘယ်လိုလုပ်သင့်တယ်ဆိုတာတွေ အကြံပေးတယ် ကိုယ်ကလည်း သင်ပြပေးတာ ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်တယ်။ ဘော့စ်ကို သွားတိုင်တယ် ဘော့စ်က မနေ့က သူလည်းကြားတယ်တဲ့ ပရော်ဖက်ရှင်နယ်မဆန်ဘူး ဟယ်လင့်အကြောင်း သူသိတယ်တဲ့။ ဘော့စ်က တံခါးပိတ်ပြီး ဟယ်လင့်ကိုဆူတယ်။ ကိုယ့်ဘော်ဒါ ကိတ်၊ ဂျယ်ရီနဲ့ မတ်ဆေ့စ် အပြန်အလှန်ပို့ပြီး အတင်းတုတ်ကြတယ်။ ဂျင့်အခန်းထဲ ဝင်သွားပြီ ... ပြန်ထွက်မလာသေးဘူး ... ဘာမှမကြားရဘူး ... ဟော ... ပြန်ထွက်လာပြီ။ မကြာဘူး ကိုယ့်ကိုသူ့အခန်းထဲ လာခိုင်းတယ်။ သူ မနေ့ကဆူတာ တောင်းပန်ပါတယ်တဲ့။ ရပါတယ် ကိစ္စမရှိပါဘူး ပြောစရာတခုရှိတယ်။ ဟယ်လင် ... ယူ တော်တယ် အလုပ်အရမ်းလုပ်တယ် ဒါပေမဲ့ စကားပြောတာ အရမ်းရိုင်းတယ်။ ပရော်ဖက်ရှင်နယ်ဆန်ဆန် လူတိုင်းကို ဂုဏ်သိက္ခာ၊ လေးစားမှုနဲ့ respect and dignity ဆက်ဆံသင့်တယ်။ အဲ့ဒီနောက်ပိုင်း ဟယ်လင် အရင်ကလောက် ဒေါသမထွက် မအော်ဟစ်တော့ပေမဲ့ ကိုယ့်ကို ငြိုးတော့တာပဲ။ ဆေးခွင့်ယူရင် ယူပြန်ပြီ၊ အားလပ်ရက်ခွင့်ယူရင်လည်း ယူပြန်ပြီ၊ ဖုန်းပွတ်ပြန်ပြီ၊ ဖုန်းပြောပြန်ပြီ။ ဘာအလုပ်မှမပေးဘူး HelpDesk အလုပ်တွေ လုပ်ခိုင်းတယ် မကြိုက်ရင်ထွက် သူကတော့ အလုပ်မဖြုတ်ဘူးတဲ့။ ဒီရုံးမှာ အကျိုးအကြောင်းခိုင်လုံမှ အလုပ်ဖြုတ်လို့ရတယ်။ အလုပ်ပြုတ်တာ လုပ်ဆောင်ချက်မကောင်းလို့၊ လုပ်ဆောင်ချက်မကောင်းတာ ရုံးကထရိမ်နင် ကောင်းကောင်းမပေးလို့ဆိုပြီး ရုံးကိုပြန်တရားဆွဲတဲ့သူတွေရှိတယ်။ ဒီတော့ ဟယ်လင်က သူတော့အလုပ်မဖြုတ်ဘူး ကိုယ့်ဘာသာထွက်အောင် အမျိုးမျိုးပညာပြ ပညာရှိနည်းနဲ့ နှိပ်စက်တယ်။ ရုံးလာပြီးငုတ်တုတ် အလုပ်များချင်ဟန်ဆောင်ရတာ တကယ်ပင်ပန်းတယ်။

New York upstate ဖက် Poughkeepsie မြို့နားက လယ်တောတွေထဲ
ဘလူးဘယ်ရီ၊ ဆီးသီး၊ မက်မွန်သီး သွားခူးတုန်းက ပြောင်းဖူးခင်းထဲမှာ

အလုပ်လျှောက်၊ နေ့လည်ထမင်းစားချိန်ဆို ဖုန်းအင်တာဗျူး၊ ဆေးခွင့်တွေယူပြီး အင်တာဗျူးသွား။ စိတ်ဖိစီးတော့ ကိုယ်လက်တွေကိုက်ခဲ သြော် ... ဟယ်လင်...ဟယ်လင်.. နှိပ်စက်တာ... နှိပ်စက်တာ။ ဟိုဘဝတုန်းက ကိုယ်က ဟယ်လင့်ကို နှိပ်စက်ထားခဲ့လို့နေမှာ။ အစပိုင်းကတော့ ဟယ်လင့်မျက်နှာကို မကြည့်ချင်ဘူး နောက်တော့ တဖြည်းဖြည်း နှုတ်ဆက်ပြုံးပြလာနိုင်တယ်။ အင်တာဗျူးဖြေဖို့စာကြည့်ပြင်ဆင် ဖြေနိုင်ရင်စိတ်တက်ကြွလိုက် မဖြေနိုင်ရင်စိတ်ဓာတ်ကျလိုက်။ ဂရင်းကဒ်ရှိနေတော့ ဗီဇာအတွက်ပူစရာမလို  အလုပ်ဖြုတ်မှာမဟုတ်လို့ ပူစရာမလို အေးအေးဆေးဆေး အလုပ်ရှာနေတယ်ဆိုပေမဲ့ အလုပ်ထဲမှာအဆင်မပြေတော့ စိတ်မချမ်းသာဘူး။ ဟယ်လင်ဘေးနားက ဖြတ်သွားရင်၊ ဟယ်လင့်အသံကြားရရင်၊ ဟယ်လင်ရုံးမှာရှိတယ်ဆိုတဲ့ အသိနဲ့တင် စိတ်ဖိစီးတယ်။ မချစ်မနှစ်သက်တူနဲ့ အတူနေရတဲ့ ဆင်းရဲဒုက္ခသိပ်ကြီးတယ်။ ၂၀၁၉ ဖေဖေါ်ဝါရီ ရန်ကုန်ပြန်ဖို့ ခွင့် ၁၂ ရက်တောင်းတာ မပေးဘူး။ ခွင့်ရက်တွေလည်းရှိရက် ကိုယ့်မှာအလုပ်မရှိဘူးဆိုတာ သိရက်သားနဲ့ မပေးဘူး တမင်သက်သက်ညစ်တယ်။ ကိုယ်မြန်မာပြည်မပြန်တာ ၈ နှစ် ၂၀၁၁ ဖေဖေါ်ဝါရီ စတိတ်ကိုလာကတည်းက မပြန်တာ။ မောင်မောင်နဲ့မတွေ့တာ ၈ နှစ် တူတော်မောင်ကိုလည်း မမြင်ဖူးဘူး။ မကြီးကလည်း စင်္ကာပူကနေလာမှာ မိသားစုတွေ့ဆုံပွဲမို့လို့ ပြန်စဉ်းစားပေးပါးလို့တောင်းဆိုတော့မှပေးတယ်။ ဟယ်လင်က အပျိုကြီးလားမသိဘူးလို့ပြောလို့ ရယ်လိုက်ရတာ။ အပျိုကြီးလူပျိုကြီးဆိုရင် ဇီဇာကြောင်ပေါင်းသင်းရခက်တဲ့သူလို့ပဲ ထင်ကြတယ်။ ဒီတခါတော့ မှားသွားပြီ ဟယ်လင့်မှာ တက္ကသိုလ်တက်နေတဲ့ သားတစ်ယောက်ရှိတယ်။ ယော်ကျားအကြောင်းတော့ တခါမှပြောသံမကြားဘူး။ ကွဲနေတာလား၊ သေသွားတာလား မသိဘူး။ ဒင်းဒဏ်မခံနိုင်လို့ ထွက်ပြေးတာ၊ သေသွားတာ ဖြစ်လိမ့်မယ်ဆိုပြီး ဟားကြတယ်။ လူဆိုတာ သူစိမ်းအပေါ်မှာ ကောင်းဖို့ကြိုးစားသလောက် မိသားစုဝင်အပေါ်တွေမှာတော့ အဲ့ဒီလောက်မကောင်းနိုင်ဘူး။ ဟယ်လင်က သူစိမ်းအပေါ်မှာတောင် ကောင်းဖို့မကြိုးစားတာ အိမ်သားတွေအပေါ်မှာဆိုရင် ဘယ်လိုနေမလဲမသိဘူး။ ဂရမ်းစင်ထရယ်နားက နယူးယောက်မြို့တော်ဝန်ကူမိုအတွက် အလုပ်လုပ်ပေးတဲ့ အစိုးရရုံးက အလုပ်အော်ဖာပေးတယ်။ ပီအေရုံးက လူတွေ့အင်တာဗျူး အခြေအနေကိုမေးကြည့်တော့ သဘောကျတယ်။ ဋ္ဌာနကအကြီးဆုံးနှစ်ယောက်နဲ့ နောက်ဆုံးအင်တာဗျုး ထပ်လုပ်တယ်။ တစ်ပတ်အကြာ မေလဆန်း ကျူးဘားကနေအပြန် မီယာမီလေဆိပ်ရောက်တာနဲ့ ဖုန်းဝင်လာတယ်။ မနေ့ကတည်းက အော်ဖာအီးမေးလ်ပို့တာ အကြောင်းမပြန်လို့ ဖုန်းဆက်လှမ်းမေးတာတဲ့။ ကျူးဘားမှာ အင်တာနက်မရှိလို့ ကမ္ဘာကြီးနဲ့အဆက်အသွယ် ပြတ်နေတာ။ ဖုန်းပြောပြီးတာနဲ့ ဝိုင်းနဲ့ပြေးဖက် ထခုန်ကြတယ်။  ဟယ်လင် ဘယ်လောက်နှိပ်စက်မှန်း ကိုယ်ဘယ်လောက် အလုပ်ပြောင်းချင်နေမှန်း အားလုံးကသိနေကြတာကိုး။

ပီအေရုံးက အစိုးရရုံးမို့လို့ နောက်ကြောင်းရာဇဝင်စစ်တယ်။ ပုံမှန်ဆို တပတ်လောက်ကြာပေမဲ့ ခုတခေါက်တော့ သုံးပတ်လောက်ကြာတယ်။ ရုံးကို တလနို့တစ်ပေးရမှာဆိုတော့ ဇူလှိုင်လဆန်း အီကွေဒေါခရီးစဉ်ပြီးမှ နို့တစ်ပေးမလို့ စီစဉ်ထားတာ အီကွေဒေါမသွားခင် တရက်အလိုမှာ မောင်မောင်ဆုံးတော့ ရန်ကုန်ကိုချက်ချင်းပြန်လာရတယ်။ အရေးပေါ်ခွင့်နှစ်ပတ်မှာ အားလပ်ရက်ခွင့်သုံးရက်ကလွဲရင် ကျန်တာတွေက လစာမဲ့ခွင့်လို့ထင်တာတာ နာရေးခွင့်၊ အားလပ်ခွင့်၊ နေမကောင်းခွင့်တွေနဲ့ လစာရအောင် ဟယ်လင်လုပ်ပေးထားတယ်။ ရုံးစတက်တဲ့နေ့မှာပဲ ဟယ်လင့်ကို နို့တစ်ပေးလိုက်တယ်။ ဂျင်က ဘာလို့အလုပ်ထွက်တာလဲမေးတယ်။ ဘော့စ်က ဟယ်လင့်ကို ဆူပြီးကတည်းက ဟယ်လင်က ကိုယ့်ကိုအငြိုးထားပြီး အလုပ်မပေးတဲ့အကြောင်း၊ ဖုန်းပြောရင်ပြောပြန်ပြီ၊ ခွင့်ယူရင် ယူပြန်ပြီ။ ရီပို့တခုမှာ ပိုက်ဆံတွေအများကြီး ကွာနေလို့ ဘဏရေးဋ္ဌာနအကြီးဆုံးက ဟယ်လင်ကို လာမေးတော့ ဟယ်လင်က စန်းစန်းလုပ်တာတဲ့။ ကိုယ်က မျက်လုံးလေးပေကလပ် ပေကလပ်နဲ့ ငါလည်း ဘာရီပို့မှ မလုပ်ပါဘူး ။ data integrity တိကျသေချာတဲ့ ဒေတာတွေရအောင်ပဲ လုပ်တာကို။ ဘဏာရေးဋ္ဌာနအကြီးဆုံးက ဒါ စန်းစန်း ပထမဆုံးလုပ်တာ သူဘယ်သိပါ့မလဲ ဆူပါဗိုက်ဆာဖြစ်တဲ့ ဟယ်လင်က ကြီးကြပ်ရမှာပေါ့။ တော်သေးတယ် ဘဏာရေးဋ္ဌာနအကြီးဆုံး ရာ့ဂျ် ကယ်ပေလို့။ ဟယ်လင်က ကိုယ့်ကိုဘာမှမပြောဘူး သူ့ဘာသာလုပ်သွားတယ်။ ကိုယ့်ကိုဆူပြောလို့လည်း မရဘူးလေ ကိုယ်လုပ်တာမှမဟုတ်တာ သူလုပ်တာကို။ ဟယ်လင်က အဲ့ဒီလို ဆူပါဗိုက်ဆာကောင်းတယောက် မဟုတ်ဘူး။ ဆူပါဗိုက်ဆာကောင်းဆိုတာ လက်အားငယ်သားကြောင့် မှားခဲ့ရင်တောင် ဆူပါဗိုက်ဆာက တာဝန်ယူရတယ်။ အခု ဟယ်လင် အရင်ကလောက် စိတ်မတိုဒေါသမထွက်၊ မအော်ဟစ်တော့ဘူး။ ကိုယ့်အရေးပေါ်ခွင့်နှစ်ပတ်ကို လစာရအောင် လုပ်ပေးတယ်။ သူ ကောင်းအောင်ကြိုးစားနေတာတွေကို ကိုယ်အသိအမှတ်ပြုပါတယ်။ ကိုယ်ဟာ အလုပ်ကြိုးစားသလို ပိတ်ရက်တွေမှာ ခရီးတွေသွား တောင်တက်ပြီး life and work balance အလုပ်နဲ့ဘဝ သဟဇာတ ဖြစ်အောင်နေတာကို ဘော့စ်က အရမ်းသဘောကျတယ်။ ဟယ်လင်က အမှိုက်ဆိုပြီး ကိုယ့်ကိုခိုင်းတဲ့ပရောဂျက်တွေက ဘော့စ်တော်တော်လေး သဘောကျတဲ့ ပရောဂျက်တွေ ဖြစ်သွားတယ်။ ရုံးမှာက အားလပ်ရက်ခွင့် နာရီ ၂၁၀ ကိုပဲ နောက်နှစ်ဆီသယ်ခွင့်ရှိတယ်။ အားလပ်ရက်တွေမသုံးရင် ဇူလှိုင်လကျော်တာနဲ့ forefit ပျောက်သွားတယ်။ ဒီတော့ ဘော့စ်က အစည်းအဝေးလုပ်ပြီး အားလပ်ခွင့်တွေသုံးဖို့ အိုင်တီတသင်းလုံးကို ပြောတယ်။ ခရီးမထွက်ဖြစ်ရင်လည်း သောကြာနေ့တိုင်း ခွင့်ယူပြီး အိမ်မှာအနားယူပါတဲ့။ စန်းစန်းကိုကြည့်စမ်း ခွင့်သုံးရက်ရတာနဲ့ ခရီးသွားပြီ တော်တယ် စီမံကိန်းကောင်းကောင်းဆွဲတတ်တယ်။ ဖန်လမ်းမှာ အားလပ်ရက်တွေ အများကြီး စန်းစန်းကို ပေးလိုက်ပါလားလို့ စကြတယ်။

ဘယ်ဖက်က လီရာ၊ ကိတ် လက်ဆောင်ပေးတဲ့ ဇီးကွက်သုံးကောင်
ညာဖက်က ကော်စကာရီကာ၊ ကျူးဘားကနေ ဝယ်လာတဲ့ ဇီးကွက်နှစ်ကောင်

ဘော့စ်က ကိုယ့်ကိုမထွက်စေချင်ဘူး တခြားအလုပ် လုပ်မလား၊ သူစီအီးအိုခဏလုပ်နေတဲ့ အန်ဂျီအိုတခုမှာ အလုပ်ပေးရမလားတဲ့။ ကိုယ်က အလုပ်သစ်ကို လက်ခံပြီးပြီလို့ ငြင်းလိုက်တယ်။ ဟယ်လင်က တော်တယ် ဒါပေမဲ့ knowledge sharing မလုပ်ဘူး။ သူတယောက်တည်းလုပ်ပြီး သူတပါးကို မသင်ပြမဝေငှဘူး။ အဲ့ဒါအဖွဲ့အစည်းအတွက် မကောင်းဘူး သူမပြောင်းရင် အလုပ်ထုတ်ရမှာပဲ။ HR က ကိုယ့်ကို exit အင်တာဗျူး လုပ်ချင်တယ် ပြောချင်တာတွေပြော လွတ်လွတ်လပ်လပ် ပြောလို့ရတယ် ဂျင်ရော ဟယ်လင်ရော မသိဘူး။ ဂျင်က ဟယ်လင့်အကြောင်း exit interview မှာ ပြောစေချင်တယ်။ ကိုယ်က မပြောချင်ဘူး ကိုယ့်စကားကြောင့် ဟယ်လင်တခုခု ထိခိုက်မှာ မလိုလားဘူး။ ဂျင်ကတော့ ကိုယ်တို့ဘော့စ်ဆိုတော့ မပြောလို့မဖြစ်ဘူး ပြောကိုပြောပြ အသိပေးရမှာ။ ကိတ်၊ လီရာတို့နဲ့ နှုတ်ဆက်ပွဲ ကော်ဖီထွက်သောက်ကြတယ်။ လီရာက ၁၉၉၅ နိုင်ငံခြားသားတွေ ပထမဆုံးလာလည်ခွင့်ပြုတဲ့ အချိန်တုန်းက မြန်မာပြည်ရောက်ဖူးတယ်။ လီရာက သူ့မြန်မာပြည်ဓာတ်ပုံတွေပြတယ်။ နှစ်ပေါင်း ၂၄ နှစ်အကြာက မြန်မာပြည်ဓာတ်ပုံတွေမြင်တော့ စိတ်မကောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၄ နှစ်က မြန်မာပြည်နဲ့ ခုမြန်မာပြည် သိပ်မကွာလို့ဘဲ။ floor plan ပရောဂျက်အတွက် လီရာနဲ့အတူတူတွဲလုပ်ကြတော့ လီရာက ကိုယ်လုပ်နိုင်တယ်လို့ ဂျင့်ကို ချီးမွမ်းဖူးတယ်။ ဟယ်လင့်အကြောင်းပြောတော့ ကိတ်၊ လီရာတို့က ဟယ်လင့်အကြောင်း HR ကို တိုင်စေချင်ကြတယ်။ အရုပ်သေးသေးလေးတွေကြိုက်တဲ့ ကိုယ့်အတွက် ကိတ်၊ လီရာက ဇီးကွက်သုံးကောင် လက်ဆောင်ပေးတယ်။ ကော်စရာရီကာ၊ ကျူးဘားက ဝယ်လာတဲ့ ဇီးကွက်နှစ်ကောင်၊ ခုဇီးကွက်သုံးကောင် ထပ်ရတော့ ဇီးကွက်ငါးကောင် ရှိနေပြီ။ နောက်ဆုံးနေ့မှာ ကိုယ်လုပ်ရတဲ့အလုပ်တွေကို ဂျယ်ရီဆီ လွဲပေးရတယ်။ ခုထိကိုယ့်နေရာကို အင်တာဗျူးတုန်း လူသစ်မရသေးလို့ ဂျယ်ရီက ကိုယ့်ဆီလှမ်းမေးနေတုန်း။ ကိတ်၊ ဂျယ်ရီတို့နဲ့ မတ်ဆေ့တွေပို့ပြီး အဆက်အသွယ်မပြတ် ရုံးဟောင်းကြောင်း၊ ဟယ်လင့်အကြောင်း အတင်းတုတ်ကြတုန်း။ ဟယ်လင်က ကိုယ်လုပ်နိုင်တာ၊ တော်တာကို အသိအမှတ်ပြုတယ်။ တခုခုဆို စန်းစန်းကိုမေးလိုက် ဘာကြောင့်ဖြစ်တယ်၊ ဘယ်လိုဖြေရှင်းရမလဲဆိုတာ စန်းစန်းကျွှမ်းတယ်။ ဂျယ်ရီ စန်းစန်းကိုမေးလိုက် သူကူညီဖြေရှင်းလိမ့်မယ်။ HR exit အင်တာဗျူးမှာ ဟယ်လင့်အကြောင်း မတိုင်ခဲ့လို့ ကိတ်၊ လီရာတို့က စိတ်ပျက်သွားတယ်။ အင်တာဗျူးမှာ စာရွက်စာတမ်း ပြည့်ပြည့်စုံစုံလုပ်ဖို့၊ knowledge sharing လုပ်ဖို့ အကြံပြုခဲ့တယ်။ ဟမ်မလေး ... ဟယ်လင့်ဒဏ်မခံနိုင်လို့ အလုပ်အသစ်ရှာပါတယ်ဆိုမှ အလုပ်အသစ်မှာ ဟယ်လင်နဲ့ တန်းတိုးနေတယ်။ အစောပိုင်းတုန်းကတော့ ဂျင် my favourite boss ၊ ကိတ်၊ ဂျယ်ရီ၊ အင်္ဂလန်ပရီးမီးယားလိခ် ဘောလုံးပွဲတွေအကြောင်း စကားလက်ဆုံကြတဲ့ တာ့တင်ဟမ်စပါး အမာခံပရိတ်သတ် ဗြိတိသျှလေဒီကြီး ပတ်ထရီရှာတို့ကို သတိရတယ်။ ဘုရားရေ ... ထူးထူးခြားခြား ... ဟယ်လင်ကိုလည်း သတိရနေပါလား ...။

စန်းထွန်း
စက်တင်ဘာ ၁၊ ၂၀၁၉ ။
ကော်စကာရီကာ၊ ကျူးဘားကနေ ဝယ်လာတဲ့ ဇီးကွက်နှစ်ကောင်
နယူးအင်္ဂလန်လေကြောင်းပြတိုက်ကနေ ဝယ်လာတဲ့ ဒစ်ကာဘာရီ အာကာသယာဉ်၊ ဖိုက်တာဂျက်လေယာဉ်
အလာစကာ ဖဲဘန့်ကနေ ဝယ်လာတဲ့ Russia dolls
တရုတ်မယန်း လက်ဆောင်ပေးတဲ့ ကလေးနှစ်ယောက်ရုပ်ပါတဲ့ အကြွေစေ့ထည့်တဲ့အိတ်
ကော်စကာရီကာနေ ဝယ်လာတဲ့ ကော်ဖီစေ့တင်ထားတဲ့လှည်း
My treasures, travel souvenirs

15 July 2018

စကားလုပ်ကြံပြောသူ ...

အသိအစ်မတစ်ယောက်ဟာ စာကြိုးစားတယ်၊ အလုပ်အရမ်းလုပ်တယ်၊ သူတပါးကို ကိုယ်ရောစိတ်ပါ ကူညီတတ်တယ်၊ ချစ်စရာအသံလေးနဲ့ အားပေးကူညီတတ်တယ်။ ဒါပေမဲ့ စကားကိုလုပ်ကြံ ပြောတတ်တယ်။ သူ့အကြောင်းကို သိပေမဲ့လည်း နောက်ဆုံးသူ့အပြောမှာမြောပြီး တခြားတစ်ယောက်ကို စိတ်ဆိုး။ ဟိုတယောက်ကတည်း ငါ့ကို အဲ့လိုပြောတယ် ဒီတယောက်ကလည်း ဒင်းက ဒီလိုပြောတယ်။ အမှန်က မမလှည့်ကွက်တွေ။ နောက်ဆုံးအကြောင်းစုံ သိတော့မှ ပြန်အဆင်ပြေ မမကိုစိတ်ဆိုး မခေါ်နိုင်မပြောနိုင်ဖြစ်။ သူငယ်ချင်းတွေ ဖြစ်နေတော့လည်း ခဏပဲစိတ်ဆိုး နောက်တော့ပြန်ခေါ်။ ပြီးရင် မမက စကားလုပ်ကြံ လုပ်ကြံခံရသူတွေက စိတ်ဆိုး ပြန်ခေါ်ကြနဲ့ ဒီသံသရာစက်ကွင်းကနေ မလွတ်နိုင်ဘူး။ မမက ကိုယ့်ကို အများကြီးကူညီဖူးတယ်။  မမက အကုန်သိတဲ့သူဆိုတော့ တခုခုသိချင်တိုင်း မမကို မေးရတာပါပဲ။ မမကလည်း ချက်ချင်းမတုံ့မဆိုင်း နှုတ်ရဲ့စောင်မခြင်း ကိုယ်ရဲ့ကူညီခြင်းနဲ့ ကူညီတယ်။ မမအကြောင်း သိနေလို့ စကားကို အင်မတန်သတိထား ပြောတာတောင် ကိုယ်က ပြောပါတယ်ဆိုပြီး ပြောနေလို့ စိတ်ထဲမကျေလည်တာ ဖြစ်လိုက်သေးတယ်။ မမအကြောင်း သိနေလို့ ဟိုဖက်ဒီဖက်က စိတ်မဆိုးကြလို့သာ တော်တော့တယ် တကယ့်ရိုက်ပေါက်။ မမနဲ့ ခပ်ကင်းကင်း နေပေမဲ့ တချို့ကိစ္စတွေမှာ သူ့ဆီကသတင်း၊ အကူအညီလိုတော့ ကိုယ်ပေါင်းစိတ်ခွာ နေရတယ်။ မကင်းရာမကင်းကြောင်းမို့လို့ ပတ်သတ်ဆက်ဆံ ခင်မင်နေရပေမဲ့ ခပ်လန့်လန့်ရယ်။ ဘယ်တော့များ ကိုယ်ကပြောပြတယ်ဆိုပြီး လုပ်ကြံလီဆယ်နေမလဲလို့...။

စန်းထွန်း
ဂျူလှိုင် ၁၅၊ ၂၀၁၈။

11 July 2018

ကဲ့ရဲ့အပြစ်ပြောတဲ့သူ ...

ကိုယ်နဲ့ကြုံဆုံဖူးတဲ့သူတွေထဲကမှာ သူများနဲ့မတူ တမူထူးခြားတဲ့ သူတစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။ လူသားတစ်ယောက်အနေနဲ့ အတင်းတုတ်တယ်၊ ကဲ့ရဲ့တယ်၊ အပြစ်တင်တယ်၊ ချီးမွမ်းတယ်ဆိုတာ မဆန်းပါဘူး။ ကိုယ်ကိုတိုင်လည်း အတင်းတုတ်တယ်၊ ကဲ့ရဲ့တယ်၊ အပြစ်တင်တယ်၊ ချီးမွမ်းတယ် ဆိုပါတော့။ ကိုနိုင်ဟာ ဟိုးအရင်ကတည်းက သိခဲ့တဲ့အသိမိတ်ဆွေ အစ်မတစ်ယောက်ရဲ့ ခင်ပွန်းပါ။ နွေရာသီကျောင်းပိတ်ရက် အသိအစ်မအိမ် ခဏသွားလည်တုန်း ညဉ့်နက်သန်းခေါင် ကိုနိုင် အရက်မူးပြီး အော်ဟစ်ရမ်းကားတယ်။ ရဲခေါ်ချင်တာ မကောင်းတတ်လို့ ဧည့်သည်ပီပီ ငြိမ်နေရတယ်။အသိအစ်မကတော့ အားတွေနာ မျက်နှာတွေပူတာပေါ့။ ကိုယ်လုပ်အားသွားပေးတဲ့ အဖွဲ့အစည်းက ဒါရိုက်တာအမျိုးသမီး မမီက ကိုယ့်ကိုကူညီစောင့်ရှောက်တယ်။ မမီက အရင်တုန်းက အစိုးရအတိုက်အခံအဖွဲ့မှာ ယောက်ျားတွေနဲ့ ရင်ဘောင်တန်း တာဝန်တွေယူခဲ့တဲ့သူ။ နိုင်ငံခြားရောက်တော့ ကလေးတဖက်နဲ့ ပညာကိုကြိုးစားသင်တယ်။ နောက်တော့ ကူညီပေးရေးအဖွဲ့အစည်းမှာ ဒါရိုက်တာဖြစ်လာတယ်။ အလုပ်အရမ်းကြိုးစား တော်တဲ့ထက်တဲ့ မိန်းမတစ်ယောက်။ တနေ့ ကိုနိုင်က မမီတို့များ အင်္ဂလိပ်စာကို ဘယ်လိုသင်သလဲဆိုရင် ဘိုတွေနဲ့အိပ်ပြီးသင်တာလို့ ပြောတယ်။ ဂျမ်းတဲမဲလ် လူကြီးလူကောင်း မပီသတဲ့သူကို စကားပြောချင်စိတ်ကို မရှိတော့တာ။ ပြောလိုက်ချင်တာ အဲ့ဒါဆို ခင်ဗျားလည်း ဘိုမတွေနဲ့အိပ်ပြီး အင်္ဂလိပ်စကားသင်ပါလာလို့။ ပြောတဲ့သူက မြန်မာပြည်က ဘွဲ့ရပညာတတ်။ နိုင်ငံခြားရောက်တာလည်း ၄၊ ၅ နှစ်လောက် ရှိပြီ ခုထိ အင်္ဂလိပ်စကား မပြောတတ်သေးဘူး။ ဟိုတယောက်ရဲ့ ခြေဖျားကိုတောင် မမှီတဲ့သူက ကဲ့ရဲ့ပြစ်တင် ဝေဖန်နေလိုက်တာ။ သူ့ဟာသူ ဘယ်သူနဲ့ပဲအိပ်အိပ် ဘာမှဝေဖန်အပြစ်စရာ မလိုဘူးလေ။ နောက်နှစ်သွားလည်တော့ ကိုယ့်ကိုကူညီပေးဖူးတဲ့ ကိုဝင်းကို ညွှန်ပြပြီး ကြည့် ... ကြည့် ... ကိုဝင်း ကောင်မလေးတွေကို ကြောင်နေတယ် (ပိုးပန်းနေတာ) လို့ပြောတယ်။ ဟာ ... ကြောင်ပါစေလေ သူက လူပျိုပဲ အပျိုတွေကို ပိုးပန်းမှာပေါ့။ ကြာလေ ကဲ့ရဲ့အပြစ်တင်ပြောမှန်းသိလာလေ အသိမိတ်ဆွေ မဖြစ်ချင်၊ စကားမပြောချင်လေ။ အရင်တုန်းက အဲ့ဒီအစ်မသား ဘာလို့ဆိုးပါလိမ့် သူ့အမေက စိတ်ထားကောင်းမွန်တဲ့သူ။ ခုမှ သဘောပေါက်တယ် သူ့အဖေရဲ့ ဗီဇဆိုးတွေ ရထားတာကိုး။ ကိုယ်မခင်မင်ချင်တဲ့သူနဲ့ ခဏလေးပဲ ဆုံလိုက်ရပြီး နေ့စဉ် မျက်နှာခြင်းမဆိုင်၊ စကားမပြောရတာ ကံကောင်းတယ်လို့ ဆိုရမလား။

စန်းထွန်း
ဂျူလှိုင် ၁၁၊ ၂၀၁၈။