ကိုယ်နဲ့ကြုံဆုံဖူးတဲ့သူတွေထဲကမှာ သူများနဲ့မတူ တမူထူးခြားတဲ့ သူတစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။ လူသားတစ်ယောက်အနေနဲ့ အတင်းတုတ်တယ်၊ ကဲ့ရဲ့တယ်၊ အပြစ်တင်တယ်၊ ချီးမွမ်းတယ်ဆိုတာ မဆန်းပါဘူး။ ကိုယ်ကိုတိုင်လည်း အတင်းတုတ်တယ်၊ ကဲ့ရဲ့တယ်၊ အပြစ်တင်တယ်၊ ချီးမွမ်းတယ် ဆိုပါတော့။ ကိုနိုင်ဟာ ဟိုးအရင်ကတည်းက သိခဲ့တဲ့အသိမိတ်ဆွေ အစ်မတစ်ယောက်ရဲ့ ခင်ပွန်းပါ။ နွေရာသီကျောင်းပိတ်ရက် အသိအစ်မအိမ် ခဏသွားလည်တုန်း ညဉ့်နက်သန်းခေါင် ကိုနိုင် အရက်မူးပြီး အော်ဟစ်ရမ်းကားတယ်။ ရဲခေါ်ချင်တာ မကောင်းတတ်လို့ ဧည့်သည်ပီပီ ငြိမ်နေရတယ်။အသိအစ်မကတော့ အားတွေနာ မျက်နှာတွေပူတာပေါ့။ ကိုယ်လုပ်အားသွားပေးတဲ့ အဖွဲ့အစည်းက ဒါရိုက်တာအမျိုးသမီး မမီက ကိုယ့်ကိုကူညီစောင့်ရှောက်တယ်။ မမီက အရင်တုန်းက အစိုးရအတိုက်အခံအဖွဲ့မှာ ယောက်ျားတွေနဲ့ ရင်ဘောင်တန်း တာဝန်တွေယူခဲ့တဲ့သူ။ နိုင်ငံခြားရောက်တော့ ကလေးတဖက်နဲ့ ပညာကိုကြိုးစားသင်တယ်။ နောက်တော့ ကူညီပေးရေးအဖွဲ့အစည်းမှာ ဒါရိုက်တာဖြစ်လာတယ်။ အလုပ်အရမ်းကြိုးစား တော်တဲ့ထက်တဲ့ မိန်းမတစ်ယောက်။ တနေ့ ကိုနိုင်က မမီတို့များ အင်္ဂလိပ်စာကို ဘယ်လိုသင်သလဲဆိုရင် ဘိုတွေနဲ့အိပ်ပြီးသင်တာလို့ ပြောတယ်။ ဂျမ်းတဲမဲလ် လူကြီးလူကောင်း မပီသတဲ့သူကို စကားပြောချင်စိတ်ကို မရှိတော့တာ။ ပြောလိုက်ချင်တာ အဲ့ဒါဆို ခင်ဗျားလည်း ဘိုမတွေနဲ့အိပ်ပြီး အင်္ဂလိပ်စကားသင်ပါလာလို့။ ပြောတဲ့သူက မြန်မာပြည်က ဘွဲ့ရပညာတတ်။ နိုင်ငံခြားရောက်တာလည်း ၄၊ ၅ နှစ်လောက် ရှိပြီ ခုထိ အင်္ဂလိပ်စကား မပြောတတ်သေးဘူး။ ဟိုတယောက်ရဲ့ ခြေဖျားကိုတောင် မမှီတဲ့သူက ကဲ့ရဲ့ပြစ်တင် ဝေဖန်နေလိုက်တာ။ သူ့ဟာသူ ဘယ်သူနဲ့ပဲအိပ်အိပ် ဘာမှဝေဖန်အပြစ်စရာ မလိုဘူးလေ။ နောက်နှစ်သွားလည်တော့ ကိုယ့်ကိုကူညီပေးဖူးတဲ့ ကိုဝင်းကို ညွှန်ပြပြီး ကြည့် ... ကြည့် ... ကိုဝင်း ကောင်မလေးတွေကို ကြောင်နေတယ် (ပိုးပန်းနေတာ) လို့ပြောတယ်။ ဟာ ... ကြောင်ပါစေလေ သူက လူပျိုပဲ အပျိုတွေကို ပိုးပန်းမှာပေါ့။ ကြာလေ ကဲ့ရဲ့အပြစ်တင်ပြောမှန်းသိလာလေ အသိမိတ်ဆွေ မဖြစ်ချင်၊ စကားမပြောချင်လေ။ အရင်တုန်းက အဲ့ဒီအစ်မသား ဘာလို့ဆိုးပါလိမ့် သူ့အမေက စိတ်ထားကောင်းမွန်တဲ့သူ။ ခုမှ သဘောပေါက်တယ် သူ့အဖေရဲ့ ဗီဇဆိုးတွေ ရထားတာကိုး။ ကိုယ်မခင်မင်ချင်တဲ့သူနဲ့ ခဏလေးပဲ ဆုံလိုက်ရပြီး နေ့စဉ် မျက်နှာခြင်းမဆိုင်၊ စကားမပြောရတာ ကံကောင်းတယ်လို့ ဆိုရမလား။
စန်းထွန်း
ဂျူလှိုင် ၁၁၊ ၂၀၁၈။
No comments:
Post a Comment