အသက် ၃၀ လောက်ပဲ ရှိသေးတဲ့ လူငယ်လေးတစ်ယောက် အရက်သောက်လွန်းလို့ အသည်းရောဂါနဲ့ သေဆုံးသွားတဲ့ သတင်းကြားရတယ်။ အသက် ၂၀ ကျော် တက္ကသိုလ်တက်တည်းက အရက်သောက် အလုပ်မလုပ်။ အရက်ဖိုးကို မိဘဆီကတောင်း နေမကောင်းဖြစ်ရင် မိဘကဆေးကုသပေး။ အဖေ ကိုယ်တိုင်က အရက်သောက်၊ အမေက သွန်သင်ဆုံးမမှုမရှိ တခါတလေ အမေကိုယ်တိုင် မူးနေတယ်လို့ကြားတယ်၊ ကိုယ်တိုင်ကလည်း ကောင်းမွန်အောင် နေထိုင်မယ်လို့မရှိ။ မိသားစုထဲမှာ အရက်သမား အဲလေ ယမကာလုလင် ပါလာရင် အတော်စိတ်မချမ်းသာစရာဘဲ။ အိမ်နီးနားချင်းမိသားစုက သားကြီးဟာ ဂျီတီအိုင်တက်တာနဲ့ အရက်သမားလုံးလုံး ဖြစ်တော့တာပဲ။ တက္ကသိုလ်တွေက အဝေးမှာဆိုတော့ လုပ်ချင်တာလုပ်။ အရက်၊ ဂိမ်း၊ လက်ဖက်ရည်ဆိုင်ထိုင်၊ ဘောလုံးပွဲလောင်းတာကလွဲရင် ဘာမှလုပ်စရာမရှိ။ ဘီယာဆိုင်တွေက လမ်းတိုင်းနီးပါးမှာရှိတယ်။ အရက်အလွယ်တကူ ဝယ်ယူနိုင်သလို ဈေးကလည်း သက်သာတယ်။ ခေတ်ဆိုးကြီးမှာ ကြီးပြင်းရသူတွေ လူငယ်တွေကို အညွှန့်ချိုးလိုက်သလိုပဲ။ တိုင်းပြည်တိုးတက်တယ် အလုပ်အကိုင် အခွင့်အလမ်းတွေရှိတယ်ဆိုရင် ဒီလိုဖြစ်မယ်မထင်ဘူး။ သူငယ်ချင်းတစ်ယောက်ရဲ့ မောင်ဆိုရင်လည်း အမွေခွဲလို့ ရတဲ့အမွေနဲ့ ကားကြီးတစ်စီးဝယ် တက္ကစီမောင်း။ ကားကြီးကနေ ကားသေးဖြစ်။ မိန်းမယူဆိုတော့လည်းမယူ အိမ်ပေါ်ကဆင်းဆိုတော့လည်း မဆင်း။ တလောက အရက်ကြောင်လို့ ဆေးရုံတက်ဖြတ်ရတယ်လို့ ကြားတယ်။ တော်သေးတယ် မောင်မောင်က အရက်မသောက်လို့။ ကိုယ်တို့က မောင်မောင် မကြိုးစားဘူးလို့ပြောရင် အဖေက သူ့သားက အရက်မသောက် ဆေးလိပ်မသောက် ကိုယ်တို့ညီအစ်မလို မကြိုးစားတာကလွဲရင် သူများတွေထက် အများကြီးသာတယ်တဲ့။ မိသားစုထဲမှာ အရက်သမားပါလာရင် ဘယ်လောက်စိတ်ညစ်ရမလဲ မသိဘူး။ မိသားစုဆိုတော့ သံယောဇဉ်လည်း မဖြတ်နိုင် အမှိုက်လို စွန့်ပစ်လိုက်လို့လည်းမရ။ ဟိုးအတိတ်ဘဝက ဝဋ်ကြွေးပါလာလို့ ဆပ်ရတာနေမှာ။
စန်းထွန်း
ဂျူလှိုင် ၂၉ ၊ ၂၀၁၈။
No comments:
Post a Comment