Showing posts with label သရော်စာ. Show all posts
Showing posts with label သရော်စာ. Show all posts

06 August 2011

တကယ် တတ်မတတ် _ ၂

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာတော့ သင်တဲ့စာအုပ်တွေက တကယ်ကောင်းပါတယ်။ အထူကြီးတွေ(ခေါင်းအုံးအုံးအိပ်ဖို့ အတော်ပဲ း) )။ lab ခန်းထဲ တခါပဲလား ဝင်ဖူးတယ်။ ကွန်ပျူတာတွေကလည်း စုတ်နေတာ များပါတယ်။ ပရိုဂရမ်တွေကို စာရွက်မှာပဲ ရေးကြတာ။ ကျက်စာတွေဆို အလွတ် ကျက်ကြတာ။ ခလုတ်တိုက်ရင် မေ့ရော။ ကျောင်းသာ ပြီးသွားတယ် ခေါင်းထဲ ဘာမှ မကျန်ခဲ့၊ ကွန်ပျူတာတောင် ကောင်းကောင်း မရိုက်တက်၊ ပရိုဂရမ်ဆိုတာကို ဘယ်လိုရေးရမှန်းမသိ။ ဘုရားစူး ကွန်ပျူတာ။ thesis ဆိုလည်း shadow နဲ့ ရေးတာများပါတယ်။ တကယ်လုပ်၊ တကယ်တတ်တဲ့လူလည်း ရှိမှာပါ။ အများစုကတော့ သူလိုကိုယ်လိုပါပဲ။ UCSY မှာ ၅နှစ်လောက် တက်ခဲ့လို့ပဲ NUS မှာ တက်ခွင့်ရတာပါ။ မဟုတ်ရင် undergraduate poly တက်နေရမှာ။

မြန်မာပြည်မှာကလည်း အလုပ်အကိုင်ရှားပါးတော့ သင်ယူထားတဲ့ ဘာသာနဲ့ လုပ်ကိုင်ဖို့ အတော်ခက်ပါတယ်။ chemistry၊ physis၊ maths တို့နဲ့ ဘွဲ့ရထားသူတွေ ဘာလုပ်ရမလဲ။ ဒီလိုနဲ့ ကျောင်းပြီးတော့ မိဘလုပ်ငန်းကိုပဲ ဦးစီးချင် ဦးစီး၊ ကုမ္ပဏီ အလုပ်ဝင်ချင်ဝင်၊ အစိုးရဝန်ထမ်း လုပ်ချင်လုပ်။ ကိုယ်တတ်ထားတာတဲ့ ပညာနဲ့ပတ်သက်တဲ့ အလုပ်ရတာ အတော်ကံကောင်းလို့မှတ်။ ဒါဆို မတတ်မဲ့ အတူတူ ဘာလို့ ကျောင်းတက်မှာလဲလို့ မေးစရာ ရှိတယ်။ ဘွဲ့လား လိုတာပေါ့။ ဧည့်ခန်းမှာ ဓာတ်ပုံချိတ်ဖို့။ ဘွဲ့လေးမှ မရရင် ဂုဏ်ငယ်တာပေါ့။ လူတိုင်းဘွဲ့ရနေတဲ့ ခေတ်ကြီးမှာ။ အဝေးသင်တက်တဲ့သူတွေကတော့ ဘယ်လိုနေတယ်မသိ။ ကိုယ်တွေ day သမား နေ့တိုင်း ကျောင်းတက်နေတာတောင်။

နိုင်ငံခြားက ပညာရေးကတော့ အပြန်အလှန် ဆွေးနွေး။ homework တွေ အများကြီး။ individual project၊ group project၊ presentation။ နားလည်အောင် စာတွေဖတ်။ အတန်းပြီးရင် လေ့ကျင့်ဖို့ ကွန်ပျူတာ တယောက်တလုံး။ စာကြည့်တိုက်မှာလည်း စာအုပ်တွေက အများကြီး။ အလွတ်ကျက်လို့ မရပါဘူး။ တကယ်နားလည် သဘောပေါက်မှ ဖြေလို့ရတာပါ။ တကယ်တတ်မတတ်ဆိုတာ ကောင်းမွန်တဲ့ ပညာရေး၊ သင်ကြားနည်း စနစ်၊ လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်နှုန်း၊ ကျောင်းသားတွေရဲ့ သင်ယူလေ့လာနိုင်စွမ်းတွေပေါ် မူတည်ပါတယ်။

ကျောင်းတကျောင်းရဲ့ အရည်အသွေးကို နိုင်ငံခြားကျောင်းသားတွေ လာတက်နှုန်း၊ ကျောင်းပြီးရင် အလုပ်ရနှုန်း၊ သုတေသနလုပ်ငန်းတွေမှာ ပါဝင်နှုန်း၊ ကျောင်းဆင်းရဲ့ လက်တွေ့ဘဝတွေမှာ အောင်မြင်မှုနှုန်း၊ သင်ယူထားတဲ့ ပညာနဲ့အသက်မွေးနှိုင်နှုန်းတွေနဲ့ တိုင်းတာပါတယ်။ ကျောင်းကောင်းမကောင်း၊ တကယ်တတ်မတတ် ဆိုတာ ပြောစရာမလိုဘဲ အချိန်တန်ရင် သိလာမှာပါ။

နိုင်ငံခြားမှာ ကျောင်းပြီးသွားကြသူတွေ မြန်မာပြည်ကို ပြန်ပြီး လုပ်ငန်းခွင် ဝင်ချင်ကြပေမဲ့ အလုပ်အကိုင်၊ လစာရှားပါးတော့ နိုင်ငံခြားမှာပဲ အခြေချကြတာ များပါတယ်။ ကလေးရှိသူတွေဆို ကလေးတွေ ပညာရေးအတွက် နိုင်ငံသားခံယူလိုက်ကြတာ များပါတယ်။ နိုင်ငံသားနဲ့ နိုင်ငံခြားသားက အခွင့်အရေးက အတော်ကွာတာကိုး။

မြန်မာပြည်မှာနေတုန်းကတော့ နွားခြေရာခွက်ထဲက ဖားလို အိုင်ထဲကရေကို ပင်လယ်ထင်နေတာပါ။ သူများတိုင်းပြည်တွေ တိုးတက်နေတာတွေ့ပေမဲ့ ကိုယ်နဲ့ လားလားမှ မဆိုင်။ နိုင်ငံခြားတိုင်းပြည်လည်းရောက်ရော သူများတိုင်းပြည်တွေ တိုးတက်နေတာတွေ မြင်ရတော့ ကိုယ်ချစ်တဲ့ တိုင်းပြည်ကြီးကိုလည်း အဲလို တိုးတက်စေချင်ပါတယ်။ ခုမှ ပင်လယ်ကြီးကို တကယ်မြင်ဖူးတာ း) ။

အာဆီယံညီလာခံမှာ မြန်မာပြည်က ပညာရေးဝန်ကြီးက မြန်မာပြည်မှာ တက္ကသိုလ်ပေါင်း ၁၀၀ကျော်ရှိတယ်လို့ ကြွားပါတယ်။ တကယ်လည်း ရှိပါတယ်။ သူမို့ မရှက်။ တို့ကတော့ သူ့အစား ရှက်လိုက်တာ။ ကမ္ဘာ့အဆင့် ၂၀ကျော်၊ ၄၀ကျာ် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် ၁၀၀ထဲမှာ ပါတဲ့ တက္ကသိုလ်တွေ ရှိတဲ့ စင်္ကာပူက မကြွားရဘဲ ဒင်းက ကြွားနေလို့လေ။ ပြောလိုက်ချင်တယ် အရည်အတွက်ထက် အရည်အသွေးက အဓိကပါလို့။

သူများနိုင်ငံတွေက ပညာရေးအတွက် ဘတ်ဂျက်တွေ အများကြီး သုံးနေချိန်မှာ တဦးအတွက် ၁၀ ဒေါ်လာလောက်ပဲ သုံးနေတော့လဲ တိုးတက်ဦးမယ်။ ပညာရေးစနစ်ကို ကိုယ်မပြောင်းနိုင်တော့လည်း ပြောင်းနိုင်တာက ကိုယ့်ကိုကိုယ်ပဲ ရှိတယ်။ အဆင်ပြေရင် နိုင်ငံခြားကျောင်းသွားတက်၊ အင်္ဂလိပ်စာကို ကောင်းအောင်လုပ်ပြီး စကော်လားရှစ်လျှောက်။ အချိန်အခါ မသင့်သေးရင်တော့ အင်္ဂလိပ်စာကို ကောင်းအောင်လုပ်ပြီး ကြိ ုးစားနေမယ်ဆိုရင်တော့ တနေ့နေ့တော့ အခွင့်အရေးဆိုတာ ပေါ်လာမှပါ။

ရုပ်ရည်ချောမောလှပမှုတွေက အသက်ကြီးလာရင် ပျောက်ကွယ်သွားနိုင်သလို၊ ရည်းစားဆိုတာလည်း အဆင်မပြေတဲ့ တချိန်ချိန်မှာ ကိုယ့်ကို ထားသွားနိုင်ပါတယ်။ မပျောက်ကွယ်ဘဲ ကိုယ့်ဆီမှာ အမြဲရှိနေပြီး တန်ဖိုးရှိနေမှာက ပညာပါပဲ။

စန်းထွန်း
သြဂုတ် ၆၊ ၂၀၁၁။

တကယ် တတ်မတတ် _ ၁

မြန်မာပြည်က ပညာရေးစနစ်ကတော့ ကြက်တူရွေး နှုတ်တိုက်ကျက်သလို ကျက်နိုင်မှ အမှတ်ကောင်းတာပါ။ ခလုတ်တိုက်ရင် မေ့သွားရော။ ဘာလက်တွေ့မှလည်း မရှိတော့ နောက်တတန်းသာ တက်သွားတယ်။ ခေါင်းထဲမှာ ဘာမှ မကျန်ခဲ့။

နိုင်ငံခြားမှာတော့ အားကစား တခုခု၊ ဂီတ တခုခု၊ ဘာသာစကား တခုခု မယူမဖြစ် ယူရပါတယ်။ ကလေးတွေ ပန်းချီဆွဲဖို့၊ လူမှုရေးလုပ်ငန်းတွေမှာ ကူညီတတ်အောင် ကျောင်းကနေ လူအိုရုံတွေ သွားပြီး ကူညီလုပ်ကိုင်တာမျိုးတွေ၊ ရန်ပုံငွေရအောင် အလှုငွေခံတာမျိုးတွေ၊ လက်ဆောင်လေးတွေ လုပ်ပြီး ရောင်း၊ ရောင်းရငွေကို လှုတန်း။ စင်္ကာပူကို ရောက်တော့ တွေးမိတာလေးက ငယ်ငယ်တုန်းကရောက်ရင် ကောင်းသားလို့။ အဲလိုမျိုး ဂီတ၊ အားကစား၊ ဘာသာစကား တခုခု တတ်ချင်တာလေ။

ခုတော့ အားကစားလား ရေ ကူးတတ်ပါဖူး(ဟိုယက် ဒီယက်တော့ ရတယ်။ ဟိုင်းကြီးမှာတုန်းက ဘော့သီးနှစ်လုံးကို ကြိုးချည်ပြီး ကူးဖူးတယ်)၊ ဘတ်စ်ကတ်ဘော၊ ဘော်လီဘော ပုတ်တတ်ဖူး။ ကြက်တောင် နယ်မှာနေတုန်းက ဆောင်းရာသီဆို ဟိုရိုက်ဒီရိုက်။ လေတိုက်လို့ ကြက်တောင်ဘောလေးကို ကောက်ရတာများများ။ စားပွဲတင်တင်းနစ် လုံးဝပဲ။ ဒါဆို အားကစားနဲ့ပတ်သက်လို့ ဘာလုပ်တတ်လဲ။ အာလူးကောက်တတ်တယ်(ချထားတဲ့ ကျောက်ခဲလေးကို ပြေးပြေးကောက်ပြီး အိတ်ထဲ ထည့်ရတာ)၊ ထုပ်စီးကောင်းကောင်း ထိုးတတ်တယ်။ စိန်ပြေးတတ်တယ်။ မီတာ ၁၀၀၊ ၂၀၀၊ ၅၀၀ ပြေးတတ်တယ် ငယ်ငယ်တုန်းက။ ခုတော့ မပြေးနိုင်တော့ဘူး အသက်ကြီးလာလို့ း) ။

ဂီတလား လက်ခုပ်တော့ စီးဝါးကျအောင် တီးတတ်တယ် း) ။ activities လား အတန်းဥယာဉ် မြေဆွတာတို့၊ အပင်ရေလောင်းတာတို့၊ ပုသိမ်မြို့အဝင် အရုပ်ကြီးဖွင့်ပွဲတို့ ပါဖူးတယ်။ ဘာသာစကားလား တရုတ်ကားတွေ ကြည့်တော့ ရှဲ့ရှဲ့နီ ၊ ဂျပန်ကားတွေ ကြည့်တော့ အိုဟိုင်းရိုး ဂိုစိုင်းမတ်၊ ကိုရီးယားကားတွေကြည့်တော့ အညော်ရော်ဟတ်ဆိုင်ရိုး၊ အိုပါး၊ အိုနီး၊ အိုမား၊ ဆာရားငယ်တော့ ပြောတတ်တယ်။ ကျောင်းမှာလား သင်ပါဘူး။ သင်ချင်ရင် အပြင်မှာ သင်တန်းသွားတက်။

စာကြည့်တိုက်ဆိုလည်း ကလေးတွေအတွက် စာအုပ်တွေ အတော်များပါတယ်။ ရောင်စုံကာတွန်းလေးတွေနဲ့ ကလေးစာအုပ်လေးတွေကို စန်းထွန်းတို့တောင် ယူဖတ်ရတယ်။ မြန်မာပြည်က ကလေးတွေကတော့ ဒီလို အခွင့်အရေး မရှိရှာပါဘူး။ စာကြည့်တိုက် ဆိုတာလည်း ရွေးချယ်စရာ၊ ဖတ်စရာ သိပ်မများ။ စာကြည့်တိုက် ဆိုတာလည်း သိပ်မရှိ။ နိုင်ငံခြားမှာတော့ နေရာတိုင်းမှာ စာကြည့်တိုက်တွေ ရှိပါတယ်။ စာအုပ်တွေကလည်း အများကြီး။

တိုင်းပြည်တပြည်မှာ ပညာရေးက အရေးကြီးပါတယ်။ ပညာမြင့်မှ လူမျိုးမြှင့်မှာ။ စင်္ကာပူ တည်ထောင်သူ လီကွမ်ယုဆို သောက်စရာ ရေတောင် မရှိတဲ့ တိုင်းပြည်ကို ပညာရေးနဲ့ တိုင်းပြည်ကို တိုးတက်အောင် လုပ်မယ်ဆိုပြီး တည်ထောင်တာပါ။ သဘာဝသယံဇာတ အရင်းအမြစ်တွေက တချိန်ကျရင် ကုန်ခမ်းသွားနိုင်ပေမဲ့ လူ့အရင်းအမြစ်သာ မကုန်ခမ်းနိုင်တာ။ ခု ရေတွင်းတူး ခုချက်ချင်း ရေကြည်သောက်လို့ မရပါဘူး။ စင်္ကာပူ ဒီလိုဖြစ်လာအောင် နှစ် ၄၀လောက် အချိန်ပေးခဲ့ရတာ။ ခုချိန်မှာတော့ ပညာရေးကောင်းလို့ အာရှက လူတွေ လာတတ်နေရပြီ။

စင်္ကာပူက ကလေးတွေက အင်္ဂလိပ်စကားပြောနေမေဲ့ Grammer အားနည်းတယ်။ I goes. We has တို့ သုံးတတ်တယ်။ သင်္ချာလည်း အားနည်းတယ်။ မြန်မာတွေကတော့ Grammer ၊ သင်္ချာ အားသာပါတယ်။ ခုခေတ် ကလေးတွေတော့ မသိ။

ရန်ကုန်တက္ကသိုလ်ဆိုရင်လည်း အရင်တုန်းက အရှေ့တောင်အာရှက နာမည်ကြီးကျောင်းမှာ ပါပါတယ်။ နိုင်ငံခြားသားတွေတောင် လာတက်ရတာ။ ဝင်ခွင့်က ခက်တယ်တဲ့။ ခု မြန်မာပြည်က တက္ကသိုလ်တွေကတော့။

ဒဂုံတက္ကသိုလ်မှာ ကျောင်းတက်တဲ့ မောင်မောင် ကျောင်းသွားဖို့ တော်တော်စိတ်ညစ်တယ်။ ဆရာတွေက မလာ။ ဝထ္ထုစာအုပ်ယူသွားပြီး ဖတ်နေတော့တာ။ မသွားလို့လည်း မရ ရိုးကော( roll call) မရဘူးလေ။ ကျူတိုရီရယ် စာအုပ်ဖွင့်ပြီး ကူးကြတာ။ စာမေးပွဲကျလား။ ကန်တော့လိုက်ရင် အောင်တယ်။ မေးခွန်းလိုချင်လား ကျူရှင်တက်ရင် ရတယ်။ တကယ်စိတ်ရင်းနဲ့သင်တဲ့ ဆရာတွေ ရှိပါတယ်။ ဒါပေမဲ့ အဲဒါက လူနည်းစုဆိုတော့ အားလုံးကို ဝါးလုံးရှည်ကို ယမ်းလိုက်တာပါပဲ။

စန်းထွန်း
ြသဂုတ် ၆၊ ၂၀၁၁။