ကျွှန်မ၏ မေမေ - ၁

မေမေ သိပ်ရက်စက်တယ်

သမီးလေး ငိုသံက ကျွန်မနှလုံးသား တခုလုံး ဆွဲဆုတ်ယူနေသလို ခံစားရသည်။ မမြင်ရက်သည့်အဆုံး တံခါးပိတ်ကာ ပြတင်းပေါက်ဆီသို့လျှောက်ရင်း ကောင်းကင်မှာ သာနေသည့် လမင်းကြီးကို ငေးကြည့်မိသည်။ အေးမြသော လရောင်သည်၎င်း၊  တသွဲ့သွဲ့တိုက်ခတ်နေသော လေပြေလေညှင်းသည်၎င်း၊  မွှေးထုံနေသော ပန်းရနံ့သည်၎င်း ကျွန်မရင်ကို ငြိမ်းအေးအောင် မစွမ်းဆောင်နိုင်။

လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်ခန့်က ကျွန်မလည်း သမီးလေးလို ငိုကြွေးခဲ့ဖူးသည်။

******************************************************************

မေမေ့စာကို ဖတ်ပြီး  ဝမ်းနည်းကြေကွဲစွာ ကျွန်မ ငိုကြွေးမိသည်။ မေမေ၏ နှလုံးသွေးဖြင့် ရေးဖွဲ့ထားသော  ဤစာလေးသည် ကျွန်မ၏ တွေဝေမှုများ၊ မပြတ်သားမှုများကို တိကျပြတ်သားစေခဲ့သည်။ နောက်ထပ် ငိုကြွေးစရာ မျက်ရည်များ မကျန်တော့လောက်အောင် ငိုကြွေးပြီးနောက် ကျွန်မ တည်ငြိမ်သွားခဲ့သည်။ ဘာလုပ်ရမည်ဆိုသည်ကို ရှင်းလင်းပြတ်သားစွာ သိသွားခဲ့သည်။

မြစ်ဝကျွှန်းပေါ်ဒေသရှိ မြို့ကလေးတမြို့မှ စက်ပစ္စည်းများ ရောင်းချသော မေမေနှင့် သင်္ဘော မာလိန်မှုး ဖေဖေ၊ ညီမလေး၊ မောင်လေးနှင့် ကျွန်မတို့ မိသားစုသည် သာယာပျော်ရွှင်သော သာမန်မိသားစုလေးသာ ဖြစ်သည်။ ကျွန်မ ဆယ်တန်း ဂုဏ်ထူးများနှင့် အောင်တော့ ဆရာဝန်မရှိသော မိသားစုအသိုင်းအဝိုင်းမို့ ဆရာဝန်ဖြစ်ချင်ခဲ့သည်။ ဆေးအမှတ်မမှီသောအခါ စီးပွားရေးမေဂျာကို ကျွန်မ ရွှေးချယ်ခဲ့သည်။

မေမေ့ညီမ တီတီလေး၏ ပွဲရုံလုပ်ငန်းများကို ကျောင်းပိတ်ရက်များတွင် ကူညီလုပ်ကိုင်ရင်း စီးပွားရေးတက္ကသိုလ် (ရန်ကုန်)တွင် ကျွန်မ ပညာသင်ကြားခဲ့သည်။ ခုနစ်တန်းကျောင်းသူ ညီမလေး၊ လေးတန်းကျောင်းသား မောင်လေး၊ တက္ကသိုလ်ကျောင်းသူ  ကျွန်မ၏ ကျောင်းစရိတ်များနှင့် ကျွန်မတို့ မိသားစု အတော် ခြိုးခြံ‌ချွှေတာခဲ့ရသည်။

ဖေဖေ့သင်္ဘော ရန်ကုန်ဆိုက်ကပ်တိုင်း ကျွန်မဆီ ဖေဖေ ရောက်လာပြီး မုန့်ဖိုးပေးလေ့ရှိသည်။ မေမေ့ စီးပွားရေးအကြောင်း၊ ညီမလေးနှင့် မောင်လေး စာကြိုးစားကာ လိမ္မာသည့်အကြောင်း၊ ရွာအကြောင်းများဖြင့် သားအဖတွေ စကားသံတွေ ဝေစီခဲ့သည်။ မသုံးဘဲစုထားသော မုန့်ဖိုးဖြင့် လက်ဆောင်ဝယ်ပြီး အိမ်ပြန်သောအချိန်များသည် ကျွန်မအတွက် တနှစ်လုံးပင်ပန်းသမျှ အတိုးချကာ နားရချိန်ဖြစ်သည်။ မေမေ ချက်ကျွှေးသော အရသာရှိသော ဟင်းလျာများကို စားသောက်ရင်း၊ ဖေဖေ ပြောပြသော သင်္ဘောမောင်း အတွေ့အကြုံများအကြောင်း၊ မောင်လေး၊ ညီမလေး ပြောပြသော သူတို့သူငယ်ချင်းများ အကြောင်းသည် ကျွန်မအတွက် အိပ်ယာဝင်ပုံပြင်ဖြစ်သည်။

ကျွန်မတို့ မြို့လေးတွင် ရန်ကုန်မှ အဝယ်ဒိုင်လာဖွင့်သော ကိုအောင်နှင့် ကျွန်မ ဆုံတွေ့ခဲ့သည်။ ကျွန်မမှလွဲ၍ ဟိတ်ဟန်မရှိ ပွင့်လင်းရိုးသားကူညီသော ကိုအောင်နှင့် ကျွန်မတို့မိသားစုမှာ ဆွေမျိုးပမာ ခင်မင်လှသည်။ မြို့မှာ ကျောင်းတက်နေသော ကျွန်မနှင့်တော့ ခုမှ သိကျွှမ်းခင်မင်ရသည်။ ကျွန်မထက် ၈နှစ်ကြီးသော ကိုအောင် ကျွန်မကို စိတ်ဝင်စားမှန်း မိန်းကလေးသဘာဝ ကျွန်မရိပ်မိသလို ငယ်ရာကကြီးလာသော ကျွန်မ မိဘများလည်း ရိပ်မိမှာဖြစ်သည်။

ကိုအောင် ရန်ကုန်ကို ရောက်လျှင်တော့ ကျွန်မဆီကို လာလည်တတ်သည်။ ကိုအောင့်မွေးနေ့ ကြေးအိုးကျွှေးချင်သည်ဟု ခွင့်ပန်လာသောအခါ တီတီလေးက အသာတကြည် ခွင့်ပြုခဲ့သည်။ ရွှေတိဂုံဘုရားဖူးရင်း ဘုရားမတက်တာ အတော်ကြာပြီ ကိုယ်မြတ်နိုးရတဲ့  မိန်းကလေးနဲ့ ရွှေတိဂုံဘုရားတက်ချင်တာ ဒါပထမဆုံးပဲလို့ ကိုအောင် မေတ္တာဖွင့်ဟလာသာအခါ ကျွန်မ ရင်ခုန်ပျော်ရွှင်ခဲ့ရသည်။

ရတဲ့ သင်္ဘောနဲ့ ချက်ချင်း ပြန်လာခဲ့ဟုဆိုကာ မေမေဖုန်းဆက်လာတော့ ကျွန်မ သဘောပေါက်မိသည်။ သည်သတင်း မေမေ့ထံ ရောက်သွားပြီဟု။ မောင်အောင့်ကို မေမေ ချစ်ပါတယ်။ ဒါပေမယ့် သမက်တော့ မတော်နိုင်ဘူး စကားတခွန်း ယတိပြတ်ဆိုကာ ကျွန်မကို  ရန်ကုန်ပြန်ခိုင်းခဲ့သည်။

မြို့ဆီ ပြန်မှာမို့အန်တီ (ကျွန်မမေမေ)တို့ဆီ လူကြုံများပါးချင်သလားဟုဆိုကာ ကိုအောင် ကျွန်မဆီလာလည်တော့ ခြံထဲတွင် ကျွန်မတို့ စကားပြောဖြစ်သည်။ မျက်နှာမကောင်းတဲ့ ကျွန်မမျက်နှာကိုမြင်တော့ လူရည်လည်သော ကိုအောင် ရိပ်မိမှာမလွဲဖြစ်သည်။ ကိုအောင် ကျွန်မကို လာတွေ့သည့်သတင်း တီတီလေးဆီမှ မေမေ့ထံ ရောက်ဟန်တူသည်။ မေမေ့ဆီက စာတစောင် ကျွန်မရရှိခဲ့သည်။ အိမ်မှုကိစ္စ၊ ဆိုင်ကိစ္စ၊ ရပ်ရွာကိစ္စများနှင့် အလုပ်များသော မေမေ ဒီစာကို အချိန်ယူရေးရဟန်တူသည်။

သို့
ချစ်သမီးကြီး

ကျောင်းစာတွေ၊ ပွဲရုံအလုပ်တွေနဲ့ သမီးပင်ပန်းတယ်ဆိုတာ မေမေ သိပါတယ်။ ကျန်းမာရေးကို ဂရုစိုက် သမီး။

သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်ကြတာ ဓမ္မတာပါပဲ။ မေမေလည်း ငယ်ရာက ကြီးလာတာပဲ။ မောင်အောင်ဟာ စိတ်သဘောထားကောင်း၊ ကူညီတတ်တဲ့ လူငယ်တယောက်ပါ။ မောင်အောင့်ကို မေမေတင် မဟုတ်ပါဘူး ဒီမြို့ကလူတွေ အကုန်လုံး ချစ်ခင်ကြတယ်။ မောင်အောင်ဟာ အတန်းပညာမရှိပေမယ့် စီးပွားရှာတဲ့ပညာရှိတယ်။ သူတို့မိသားစုဟာ ဘိုးစဉ်ဘောင်ဆက် ချမ်းသာလာတာ မဟုတ်ဘူး။ ဘာမှမရှိတဲ့ ဘဝကနေ စလာတာ။ ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းတယ်။  မောင်အောင့် အကြောင်းကို သမီးထက် မေမေပိုသိတယ် သမီး။

ဒါဆို ဘာလို့ သဘောမတူတာလဲလို့ မေးစရာရှိတယ်။ မောင်အောင်နဲ့ မေမေတို့ မတူဘူး သမီး။ တချို့ယောကျ်ားလေးတွေက ချစ်ရုံသာချစ်ပြီး သားမှတ်မှတ်၊ မယားမှတ်မှတ် ပေါင်းချင်တာ မဟုတ်ဘူး။ အိမ်ထောင်ပြုတယ်ဆိုတာ နှစ်ယောက်ပေါင်းစည်းတာ မဟုတ်ဘူး။ မိသားစု အသိုင်းအဝန်းနှစ်ခု ပေါင်းစည်းတာ။

မောင်အောင်သောက်တဲ့ သိန်းချီတန်တဲ့ အရက်ပုလင်းဆို လှလွန်းလို့ မေမေဆို မြင်ဖူးတယ်ရှိအောင်ဆိုပြီး ကြည့်ယူရတယ်။ မေမေတို့အတွက် တသိန်းဆိုတဲ့ ပိုက်ဆံဆိုတာ တလလုံး ပင်ပင်ပန်းပန်း နဖူးကချွှေး ခြေမကျအောင် လုပ်တာတောင် မရနိုင်ဘူး။ မေမေဆို  သိန်းချီတန်တဲ့ အရက်သောက်မယ့်အစား လိုအပ်တဲ့နေရာမှာ လှုလိုက်ရင် ဘယ်လောက်ကောင်းမလဲလို့ တွေးမိတယ်။  မောင်အောင်ကတော့ သူရှာတာ သူသုံးဖို့လို့ တွေးမှာပေါ့။

အပေါင်းအသင်းတွေနဲ့ ညနေတိုင်း အရက်ဝိုင်း၊ ဖဲဝိုင်း၊ ကာရာအိုကေဝိုင်းရှိတယ်။ မောင်အောင် ချမ်းသာပေမဲ့ အဓိပ္ပာယ်မရှိ သုံးဖြုန်းနေတာတော့ မေမေ မကြိုက်ဘူး။ မောင်အောင်နဲ့ ဆိုရင် ငွေပုံပေါ်ထိုင်နေရပေမယ့်သမီး စိတ်ဆင်းရဲနေရလိမ့်မယ်။

မောင်အောင်မှာ ရည်စားရှိခဲ့ဖူးတယ် သမီး။ မေမေတို့မြို့ကိုတောင် သူ့မိဘတွေနဲ့အတူ လာလည်ဖူးတယ်။ ကောင်မလေးက အစိုးရဝန်ထမ်းအရာရှိ၊ ခေတ်ပညာတတ်၊ ရည်ရည်မွန်မွန်လေးနဲ့ ချောတယ်။ ကောင်မလေးက ဖုန်းတွေ ဆက်ပေမယ့် မောင်အောင်က အဆက်ပြတ်တယ်။ မေမေ မေးတော့ သူတို့နဲ့ ကျွန်တော် မတူဘူး အန်တီ။ သူက ချွှေတာခြိုးခြံရတဲ့ အစိုးရဝန်ထမ်း။ ကျွန်တော်က ငွေလိုရေလိုသုံး စီးပွားရှာရသူတွေ။ တစ်နေ့ထိပ်တိုက်တွေ့လိမ့်မယ်တဲ့။ မောင်အောင် တော်တယ်သမီး။

အချစ် ဖြစ်လာတယ့်အချိန် ဦးနှောက်ထဲမှာ ဓာတ်တမျိုးထုတ်လုပ်တယ်
ဆိုတာ သမီး ဖတ်ဖူးမှာပေါ့။ အလွန်ဆုံး ၂လကနေ ၂နှစ်ထိခံတယ်။ အရွယ်ရောက်လာရင် အချစ်ဆိုတာ ရင်ထဲရှိလာတာပဲ။ မဖြစ်သင့်တဲ့ အချစ်ဆိုရင်တော့ အသိညဏ်နဲ့ ချွှန်းအုပ်ရမယ် သမီး။ နှလုံးသားမှာ ဒဏ်ရာဖြစ်သွားပေမယ့် အချိန်တန်ရင် အနာကျက်သွားမှာပဲ။ ဘဝမှာ အချစ်ထက် အရေးကြီးတာတွေ ရှိသေးတယ်။

ဖြစ်ချင်တာထက် ဖြစ်သင့်တာကို စဉ်းစားပြီး လုပ်သင့်လုပ်ထိုက်တာကို မဆိုင်းမတွလုပ်မှ လူတော် သမီး။ မေမေ့သမီးက လိမ္မာရေးခြား၊ ဆင်ခြင်တုံတရားရှိတဲ့ မေမေအမြဲတမ်းအားကိုး ဂုဏ်ယူရတဲ့၊ မောင်လေး၊ ညီမလေးတွေရဲ့ လေးစားအတုယူရတဲ့ သမီးကြီးဆိုတာ မေမေ ယုံကြည်တယ်။

သမီးသွားမယ့်လမ်းကို မှန်ကန်စွာ ရွေးချယ်နိုင်လိမ့်မယ်လို့ မေမေ ယုံကြည်တယ်။ ဘာလို့လဲဆိုတော့ သမီးဟာ မေမေ့သမီး ဖြစ်နေလို့ပါပဲ။

ချစ်တဲ့
မေမေ

ဆက်ရန်...

စန်းထွန်း
ဖေဖေါ်ဝါရီ  ၂၆၊ ၂၀၁၂။

ချစ်သူ၏သမီး...


ဆရာတယောက် အရေးပေါ်ခွင့်ယူသွားသည်နှင့် ဘယ်အချိန်ကတည်းက ချောင်းနေသည်မသိသော သူငယ်ချင်းညိုက အကူအညီတောင်းလာသည်။ ကလေးတွေကို မေ သင်နိုင်ပါသည်ဟု ထပ်ခါတလဲလဲ ပြောကာ စည်းရုံးလာတော့ မေ့မှာ ငြင်းရန် အားမရှိ။ ဖြစ်မှဖြစ်ပါ့မလား စိတ်တထင့်ထင့် ရှိနေရာက တကယ်သင်တော့လည်း အပြစ်ကင်းစင်သည့် ကလေးတွေကြားထဲ မေ ပျော်ဝင်သွားခဲ့သည်။ စူးစမ်းစပ်စုတတ်သည့် အရွှယ်တွေမို့ သူတို့လေးတွေရဲ့ မေးခွန်းတွေက တခါတခါ မေ့ကို ဦးနှောက်ခြောက်စေသည်။

မျက်ခုံးတန်းတန်းလေးအောက်က ပိတ်သယောင် ထင်ရပေမဲ့ မျက်အိမ်ကြီးကြီး၊ မျက်သားပြာပြာ၊  နှာတံချွှန်ချွှန်လုံးလုံး၊ နှုတ်ခမ်းဖူးဖူးပြည့်ပြည့်၊ မေးစေ့ခွျှန်ခွျှန်၊ ဆံပင်နက်နက်စင်းစင်း၊ အသားဝါဝါလေးနှင့် ကလေးမလေးက ချစ်စရာကောင်းလှသည်။ စာသင်ခန်းထဲမှာလည်း သွက်သွက်လက်လက်၊ ချက်ချက်ချာချာ၊ ရည်ရည်မွန်မွန် ရှိလှသည်။

ကိုမောင့်ကို ကြိုဖို့ နောက်ကျနေပြီမို့ ခပ်သုတ်သုတ်လေး ကျောင်းကအထွက်

ဆရာမကို ဒီဒီ့ ဖေဖေနဲ့ မိတ်ဆက်ပေးရဦးမယ်။ ဖေဖေရေ ဒီမှာ ဒီဒီ့ကို အင်္ဂလိပ်စာသင်တဲ့ ဆရာမ

ဒီဒီ ကမ်းလင့်လာတဲ့ လက်ကလေးကို လှမ်းချိတ်ရင်း ဒီဒီညွှန်ရာ လှမ်းကြည့်လိုက်သည့် အခါ

အိုး သူ..

ပြန်ဆုံလိမ့်မည်ဟု မထင်ထားသည့်သူတယောက်နှင့် မထင်မှတ်ထားသည့် နေရာတွင် အမှတ်တမဲ့ ဆုံတွေ့လိုက်သည့်အခါ နယူတန်၏ ဆွဲငင်အားများ ခေတ္တခဏ ရပ်ဆိုင်းသွားသည်။

ဆရာမ ဖေဖေ့ကို သိလား

ဒီဒီသည် သူနှင့် ချွှတ်စွပ်တူလှသည်။ အသားဝါဝါ၊ ဆံပင်စင်းစင်းလေးကတော့ သူ့မေမေဆီမှ ရထားဟန် တူသည်။ သမီးလေးအား ချစ်မြတ်နိုးစွာ ကြည့်နေသည့် သူ့အား ကြိုးစားပြုံးပြရင်း

သိတာပေါ့ ဒီဒီရဲ့ ။ ဒီဒီ့ဖေဖေနဲ့ ဆရာမက တက္ကသိုလ် အတူတူတက်ခဲ့တာ ဒီဒီရဲ့။ မတွေ့တာ တော်တော်ကြာပြီနော်။ သမီးလေးက အမေတူမို့လို့ ချောတယ်ထင်ပါရဲ ့။

ဟက်ခနဲ သူ တချက်ရယ်လိုက်သည်။ လူကို မထိတထိ လှောင်ရယ်ဟန်က အရင်အတိုင်း မပြောင်းလဲ။

ပြန်ရောက်နေတာ ကြာပြီလား။ နိုင်ငံခြားထွက်သွားတယ်လို့ ကြားလိုက်တယ်။

မကြာသေးဘူး။  ချိန်းထားတာလေးရှိလို့ သွားလိုက်ဦးမယ်နော်။ နောင်ကြုံရင် ဆုံကြတာပေါ့။ ဒီဒီ ဘိုင့်ဘိုင်။

စကားတွေ ပြောမဆုံး ရယ်သံတွေ ဝေစီနေတဲ့ သားအဖကို လက်ပြနှုတ်ဆက်ရင်း လေဆိပ်ဆီသို့။ လက်ကနာရီဆီ အကြည့်ရောက်ရင်း ကိုမောင်တို့ လေယာဉ်များ ဆိုက်နေပြီလား။ နောက်များကျနေပြီလား။ လေယာဉ်ပေါ်က ဆင်းဆင်းခြင်း မေ့ကို မတွေ့ရလို့ ကိုမောင် စိတ်များပူနေပြီလား။ သစ်ပင်ရိပ်တွေ တရိပ်ရိပ် ကျန်နေခဲ့သလို မေ့ အတွေးများကလည်း ဟိုးလွန်ခဲ့သော အတိတ်ကာလများဆီသို့...

*********************************************************************************
ကျောင်းလည်းအတူတူ၊ နှစ်လည်းအတူတူ၊ ကျောင်းကခရီးထွက်တော့လည်း ကားအတူတူ၊ တောင်တက်ခဲ့တာလည်း အတူတူ ဖြစ်ရဲ့သားနှင့် သူ့ကို မေ မသိခဲ့သလို၊ သူကလည်း  မေ့ကို သတိမထားမိသည်ကတော့ ထူးဆန်းလှသည်။ အယောက်၂၀လောက်ရှိသည့် ယောကျ်ားလေးအုပ်စုထဲတွင် မိန်းကလေးတွေနဲ့ စကားပြောရမှာ ကြောက်၊ စကားနည်းတဲ့သူ့ကို သိသူနည်းသလို ၁၀ယောက်ရှိသည့် မိန်းကလေးအုပ်စုထဲတွင် သာမာန်ရုပ်ရည်၊ခပ်ကုပ်ကုပ်လေးနေသည့် မေ့ကိုလည်း သိသူနည်းလှသည်။

တနေ့ ရေဘူးရေဖြည့်ရင်း မော့ကြည့်လိုက်သည့် အချိန် အဝေးကနေ လမ်းလျှောက်လာသည့် သူမျက်ဝန်းနှင့် ခလုတ်တိုက်မိသွားသည်။ သူဆိုတာ မေ သတိထားမိသွားသည့်အချိန် သူကလည်း မေ့ကို သတိထားမိသွားသည်။ မေတို့အတန်းတွင်ရှိသည့် သူ့သူငယ်ချင်းများထံ သူလာရောက်လည်ပတ်ရင်း မေ့ကို တိတ်တခိုး  ကြည့်တတ်သလို  မေကလည်း သူတို့အုပ်စုဖြတ်သွားချိန် သူ့ကို တိတ်တခိုး  ကြည့်တတ်သည်။ မျက်ဝန်းအကြည့်များမှတဆင့် တိတ်တခိုးလေး သံယောဇဉ်တွယ်ခဲ့ကြသည်။

သူကလည်း သူ့သူငယ်ချင်းများနှင့် အတူတူရှိနေခဲ့သလို မေကလည်း မေ့သူငယ်ချင်းများနှင့်သာ ရှိနေခဲ့သည်။ သူ့သူငယ်ချင်းတချို့နှင့် မေ သူငယ်ချင်းဖြစ်ခဲ့ပေမဲ့ သူနဲ့တော့ မေ ဝေးကွာနေခဲ့သည်။ သူ မေ့ကို စိတ်ဝင်စားနေမှန်း သူ့သူငယ်ချင်းများ သိသလို မေ့သူငယ်ချင်းများလည်း ရိပ်မိလာခဲ့သည်။ သူ့သူငယ်ချင်းများမှတဆင့် သူ့အကြောင်း မေသိလာခဲ့သည်။

၅ပေ ၉လက်မခန့်ရှိသော မြင့်မားသော အရပ်အမောင်း၊ ပိန်ပိန်ရှည်ရှည်၊ အသားညိုညို၊ မျက်ခုံးတန်းတန်းအောက်က အနည်းငယ်ပိတ်သော မျက်လုံး၊ နှာတံလုံးလုံး၊ မျက်နှာပေါက်လုံးလုံး၊ တိုတိုကပ်ကပ် ဆံနွယ်ခွေများနှင့် ယောကျ်ားဆန်သည်။ ဆေးလိပ်ကြိုက်သော၊ ဂီတဝါသနာပါသော၊ ဘောလုံးကန်ကောင်းသော၊ အာဆင်နယ်အသင်းကို အားပေးတတ်သော၊ ကချင်လွယ်အိတ်အနီရောင်လေးနှင့် ပုဆိုးတိုတိုဝတ်တတ်သော၊ အဝတ်အစား စမတ်ကျကျ မဝတ်တတ်သော၊ စကားလုံးများနှင့် ပစ်ပေါက်တတ်သော ယောကျ်ားတယောက်ဖြစ်သည်။

တခါက ရဟန်းဝတ်ပြီးတဲ့နေ့ညနေမှာတင် လူဝတ်လဲချင်သည်ဆိုသော သတင်းကြား၍ မေ ရယ်မောခဲ့ရဖူးသည်။ သူ့အကြောင်း  ပြောပြသော သူ့သူငယ်ချင်းများကြား၊ စနောက်နေသော မေ့သူငယ်ချင်းများကြား မေ တိတ်တခိုးရင်ခုန်မျှော်လင့်နေခဲ့ဖူးသည်။

အမှတ်တမဲ့ စနောက်လိုက်သော စကားတခွန်းကြောင့် မေ သူ့ကို နာကြည်သွားခဲ့သည်။ မိန်းကလေးတယောက်အား မစနောက်သင့်သော စကားတခွန်းကြောင့် သူနှင့် မေ ပိုဝေးကွာခဲ့သည်။ မေ ဂုဏ်ထူးတန်းတက်ချိန် သူကလည်း အစိုးရအရာရှိစာမေးပွဲဖြေဖို့ ကြိုးစားနေခဲ့သည်။ သူ ချစ်သူရှိပြီဆိုသော သတင်းကြားသည့်နေ့က မေအသည်းကွဲရင်း ငိုကြွေးနေခဲ့သည်။ သူသည် မေ၏ တိတ်တခိုး မျှော်လင့်ရသော ချစ်သူသာ ဖြစ်သည်။

နိုင်ငံခြားကျောင်းတက်ဖို့ အလုပ်များနေချိန် သူ့မင်္ဂလာသတင်း သိရတော့ မေ့ရင်ထဲတွင် ဘာခံစားချက်မှ မရှိ ရှင်းလင်းနေခဲ့သည်။  မင်္ဂလာဆုတောင်းကို တိုးတိတ်စွာ ဆုတောင်းပေးခဲ့ဖူးသည်။ တွေဝေတတ်သော သူသည် ဒီတခါတော့ သူလိုချင်သည်ကို တိကျပြတ်သားစွာ ရွေးချယ်သွားခဲ့သည်။ သူသည် မေ့အတွက် ကျောင်းတုန်းက ရင်ခုန်ရဖူးသော လူတယောက်သာ ဖြစ်သည်။

တခါတလေ သူနှင့်ဆင်သော ကောင်လေးများကို တွေ့လျှင်တော့ မေ ငေးကြည့်နေခဲ့ဖူးသည်။ ရာသီစက်ဝန်း အကြိမ်ကြိမ်လည်ပတ်သွားချိန် မေ့အခက်အခဲများကို ကူညီသော၊ မေ့ခံစားချက်များကို မျှဝေသော ကိုမောင်နှင့် မေ ဆုံစည်းခဲ့သည်။ အလိုက်တသိ အရိပ်တကြည့်ကြည့် စောင့်ရှောက်တတ်သော ကိုမောင် မေတ္တာကမ်းလင့်လာသောအခါ မေ ခေါင်းညိမ့်ခဲ့သည်။

အကယ်၍များ သူနှင့်သာ မေတ္တာလမ်းခင်းခဲ့မည်ဆိုလျှင် ကိုမောင်နှင့် မေ ဆုံစည်းခဲ့မည်မထင်။ မေ့အတွက်တော့ ဘဝတွင် အကျေနပ်ဆုံးက ကိုမောင်နှင့် ဆုံစည်းခဲ့ရခြင်းပင် ဖြစ်သည်။ ကိုမောင်သည် မေ့အဖို့ ချစ်သူတယောက်၊ သူငယ်ချင်းတယောက်၊ မိတ်ဆွေတယောက်၊ အကိုတယောက်၊ ရဲဖော်ရဲဖက်တယောက် ဖြစ်သည်။ ကိုမောင်နှင့် အတူရှိနေချိန်များသည် မေ့အတွက် လုံခြုံစိတ်ချနေခဲ့သည်။

သူနှင့် အမှတ်မထင်ဆုံခဲ့သည်ကို  ပြောပြလျှင် ကိုမောင့်နှုတ်ခမ်းမှာ အပြုံးငွေ့ငွေ့ တွဲခိုနေမည်လား၊ သဝန်များ တိုနေမည်လား ဆိုသည်ကို မေသိချင်မိသည်။

စန်းထွန်း
ဖေဖေါ်ဝါရီ ၂၁၊ ၂၀၁၂။

ရပ်ကွက်ထဲမှာတော့ဗျာ - ၉

ကျောင်းပြီးလို့ အလုပ်ရှာနေချိန်ဆိုတော့ ကျောင်းတက်တုန်းကလို မပင်ပန်းပေမဲ့ စိတ်တော့ ပင်ပန်းသား။ ဘယ်ဆီရောက်လို့ ဘယ်ဆီပေါက်မယ်မသိ။ ဆူနမ်၊ ရာမား၊ မိုင်းတို့လို ရင်ဖက်ခြင်းဖလှယ် ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင် သူငယ်ချင်းကောင်းတွေ ရှိခဲ့သလို  Yanzi ၊ Chantrea ၊ Biao ဆိုတဲ့ ကြံ ုရင် တွဲတဲ့ ပန်ဒါ၃ကောင် ရှိခဲ့ပါတယ်။ ဆရာမဂျူးရဲ ့ ပင်လယ်နှင့်တူသော မိန်းမများကို အားကျလို့စန်းထွန်းချစ်သော ပန်ဒါများ လို့ ပို့စ်နာမည်ပေးရင် ကောင်းမလား။  ဆရာမလွန်းထားထားရဲ ့ကွျှန်တော်နှင့် ပန်းသုံးပွင့်ကို အားကျလို့ စန်းထွန်းနှင့် ပန်ဒါ၃ကောင်လို့ နာမည်ပေးရင် ကောင်းမလား။ နောက်ဆုံးမှာတော့ ရပ်ကွက်ထဲက အကြောင်းမို့လို့ ရပ်ကွက်ထဲမှာတော့ဗျာပေပဲပေါ့။

ပန်ဒါမလေး
Yanzi ကတော့ သူ့တရုတ်တွေနဲ့ပဲ အဖွဲ့ကျပေမဲ့ သူတတ်နိုင်သလောက်တော့ ဝေးဝေးကနေ ကူညီတတ်ပါတယ်။ နေ့လည်စာ ထမင်းသွား မစားဘူးဆိုရင် ပန်းသီ၊ ကိတ်မုန့်ကို ထမင်းစားဆောင်ကနေ သယ်လာပေးတာမျိုး၊ အိမ်စာတွေမရရင်  သူ ရှာတွေ့တဲ့ အင်တာနက်က ကိုးကားကို ညွှန်းပေးတာမျိုး။

Yanzi   က ကံလည်း တကယ်ကောင်းတယ်။ စာကိုလည်း သိပ်ကြိ ုးစားတာလည်း မဟုတ်ဘဲ အတန်းတိုင်း မှန်မှန်အောင်လေရဲ ့။ ကားမောင်းလိုင်စင်လည်း တခါတည်းရ။ သောက်သောက်လဲကျတဲ့ ASD ဘာသာမှာလည်း သူ့ထက်တော်တဲ့သူတွေက B- ၊ C+ ၊ NC ရတဲ့ အချိန်မှာ သူ့က ဘီရပြီး အောင်သွားလေရဲ ့။ အလုပ်လည်း တခုပဲ လျှောက်တယ်။ အဲဒီတခုကပဲ ရတယ်။ အလုပ်မဝင်ခင်လည်း သူ့အဘွားနေမကောင်းလို့ တရုတ်ပြည် ပြန်ဖို့ ခွင့်တပတ်တောင်းတာ ရုံးက ခွင့်၂ပတ်ပေးလို့  အားလုံးက So Lucky လို့ ဝိုင်းပြောရတဲ့အဖြစ်။ အလုပ်ခွင်ထဲဝင်ရင် ၆ လလောက်က ခွင့်လုံးဝ မရှိ။ Lucky is my symbol ဆိုပြီး သူ့ရဲ ့ကံကောင်းခြင်းတွေကို လက်ဝါးခြင်းရိုက်ပြီး စန်းထွန်းဆီ ထည့်ပေးသွားလေရဲ ့။

Yanzi နဲ့ အတန်းကွဲသွားရင် Chantrea ၊ Biao တို့နဲ့ ဆုံပြန်တယ်။ နောက်ကြံ  ုမှ ဒီကျောင်းရဲ ့ သင်ကြားနည်း စနစ်လေး တင်ပါဦးမယ်။ အစားကြိ ုက်တာ တူတဲ့ စန်းထွန်းတို့တွေ စနေနေ့တဝက် အတန်းပြီးချိန်ဆို တရုတ်ဘူဖေးဆီ ချီတက်လေ့ ရှိပါတယ်။ Pao Le ( ဗိုက်ဝပြီ) ဆိုပြီး ထပ်စားနေတတ်တဲ့ Yanzi ကို Chantrea က Now I know what is your strong point. Even though you said you are full, but you still keep on eating. Now you become my Panda sister လို့ ဆိုရင် Yanzi ကလည်း I am not Panda. လို့ ပြန်ပက်လေ့ရှိပါတယ်။

Pizza Ranch လို ကြက်ကြော် Fast Food ကြိ ုက်တဲ့ Yanzi ဟိုသူငယ်ချင်းနဲ့ ထွက်စားလိုက်၊ ဒီသူငယ်ချင်းနဲ့ ထွက်စားလိုက်နဲ့ ပေါင်ချိန်တိုးလာပါတယ်။ တရုတ်ကျောင်းသားတွေကလည်း များတာကိုး။ I am not Panda လို့ ဆိုသော်ငြားလည်း ဖြ ူဖြ ူဝဝ ချစ်စရာ ပန်ဒါမလေးပါ။

ပန်ဒါကြီး
Biao ကတော့ ဝဝတုတ်တုတ် ဖိုးဝရုပ် မန်နေဂျာပုံ ပေါက်ပါတယ်။ Chantrea နဲ့ Biao ဟာ နှစ်စကနေ နှစ်ဆုံးတဲ့အထိ  တခါမှ မခွဲစဖူး။ အရမ်းတွက်ချက်လွန်းတဲ့ Biao ပန်ဒါ Verzion မှာ ဖုန်းသွားဝယ်တာ တပတ်လောက် မေးမြန်းလို့မဆုံး။ မန်နေဂျာကို ကွန်ပလိမ်းလိုက်သေးတယ် အရောင်းစာရေးလေးက ဘာမှ မသိတဲ့အကြောင်း။ ဒီလိုအဖြစ်မျိုး တရုတ်ပြည်မှာဆို ဘယ်တော့မှ မဖြစ်ဘူးဆိုပဲ။ စလုံးတွေထက် ဆိုးနေသေးတယ်။ I came here to destroy USA လို့ ကြံ ုးဝါးလိုက်သေးတယ်။

နည်းပညာအသစ်ကို မြန်မြန်ဆန်ဆန် တတ်မြောက်လွယ်ပါတယ်။ Software Engineering Project တုန်းက စန်းထွန်းက Presentation တခုလုပ်၊ Tesfa က တခုလုပ်။ သူ့ဟာသုံးသင့်တယ်၊ ငါဟာ့သုံးသင့်တယ်လို့ ငြင်းကြ။ နောက်ဆုံးမှတော့ Biao က သူ့လုပ်ထားတဲ့ Presentation ကို သူ့ဘာသာ တင်သွင်း၊ သူ့ဘာသာ အတည်ပြ ုသွားပါတယ်။ ဘယ်သူ လုပ်တာကိုမှ မယုံဘဲ သူ့လုပ်တာမှ အမှန်ဆိုတဲ့ မန်နေဂျာညဉ်ဆိုးလေး ရှိပါတယ်။ တရုတ်ပြည်မှာ မြေယာဈေးကြီးတဲ့အတွက် မြေကွက်ကလေးနဲ့တော့ နေချင်ပါသတဲ့။

သူ့အင်္ဂလိပ်စာ အသံထွက်ကတော့ တကယ်ဆိုးပါတယ်။ ကျောင်းကို အင်တာဗျူးလာတဲ့ ကုမ္ပဏီတိုင်း သူ့Resume မှာ အမှားတွေ အများကြီးလို့ ပြောရတဲ့အဖြစ်။ တခါကလည်း အာဂျီရို ဆိုလို့ ကိုယ်တွေမှာ စဉ်းစားလိုက်ရတာ။ အသံထွက်ပြီး ပေါင်းခိုင်းတဲ့အထိ ဘယ်သူမှ နားမလည်။ နောက် ရှင်းပြလို့ ရေးတေးတေး သဘောပေါက်သလို ရှိမှ Agile (အယ်ဂျိုင်း) Software Development Life Cycle ကို ပြောနေတာကိုး။ အဲဒီကတည်းက သူ့ကို စချင်ရင် စန်းထွန်းရယ်၊ Yanzi ရယ်၊ Chantrea ရယ် ၃ယောက်ပေါင်းကာ အာဂျီရိုလို့ ဝိုင်းအော်ကြတော့ပါပဲ။ သူ ကတော့ မချိပြံ ုးကြီး မိန့်မိန့်ကြီးပြံ ုးလို့။

တွေ့ရင် သတ်ကြတဲ့ Yanzi နဲ့Biao အိုဟိုင်းရိုးပြည်နယ် ကုမ္ပဏီတခုတည်းက Offer ရကြသလို အလုပ်ကလည်း Biao က Application Engineer ၊ Yanzi က Associate Application Engineer  အထက်အောက်။ အင်း အလုပ်ထဲမှာလည်း သတ်နေကြမှာ မြင်ယောင်သေးတယ်။ တရုတ်ကျာင်းသားတွေဆို သူတို့အမျိုးသမီးကို ခေါ်ရင် ဗီဇာလွယ်ပါတယ်။ တခြားနိုင်ငံသားခံယူလိုက်ရင် တရုတ်ပြည် ပြန်ဝင်ဖို့ ခက်လို့တဲ့။ ကျောင်းပြီးရင် တရုတ်ပြည်ပြန်မဲ့သူတွေကြီးပဲ။

ပန်ဒါလေး
Chantrea ကတော့ အမြဲ တဟဲဟဲ ရယ်နေတတ်တဲ့ ကမ္ဘောဒီယားလေးပါ။  Biao အနိုင်ကျင့်သမျှခံပြီး စိတ်သဘောကောင်း ကူညီတတ်သူပါ။ စာမေးပွဲကျပေမဲ့ အလုပ်အရင်ရသွားလို့ Texas ကို တန်းသွားရသူပါ။ Samnang Cheng ဆိုရင်လည်း တဟားဟားနဲ့ ရယ်ရစေသူပါ။ မချက်မပြ ုတ်တတ်ပေမဲ့ ဒီကျောင်းမှာ အခန်းတွင်း ခိုးကြောင်ခိုးဝှက် ချက်ပြ ုတ်တတ်သွားတယ်။ တရုတ်ဘူဖေးဆိုင်တွေရဲ ့ Big Customer တွေပါ။


မြန်မာနဲ့တော်တော်တူပါတယ်။ ကမ္ဘောဒီယားမိန်းကလေးတွေ ထမီဝတ်တာ၊ ငါးပိ စားတာ။ အမေစုကို သိတယ်တဲ့။ သူတို့ အတိုက်အခံခေါင်းဆောင်ကို အမေစုနဲ့ နှိုင်းတတ်လို့တဲ့။ ခမာနီမျိုးတုန်းသတ်ဖြတ်မှုတွေ၊ အစိုးရခြစားမှုတွေ ရုန်းကန်းနေရဆဲပါ။အစိုးရအရာရှိ အလုပ်တွေက အဆက်အသွယ်ကောင်းမှ ရတာပါတဲ့။

နိုင်ငံမတိုးတက်တော့ နိုင်ငံခြားကို ထွက်အလုပ်လုပ်ရပါတယ်။ တခြားနိုင်ငံခြားသားတွေက စတိတ်ဗီဇာ ၁နှစ်ရချိန်မှာ ကမ္ဘောဒီးယားတွေက ၃လသာရသာ ကြည့်တော့။ စလုံးတွေဆို ကောင်းပါ့။ စတိတ်ကို ဗီဇာမလိုဘဲ ၆လ လာလည်လို့ရတယ်။ အဲ အိန္ဒိယသွားရင်တော့ စလုံးတွေ ဗီဇာလိုပါသတဲ့။ စလုံးအစိုးရနဲ့အိန္ဒိယ အစိုးရ သိပ်ကြည်ပုံ မရဘူး။ Chantrea သူ့အမျိုးသမီးကို စတိတ်ကို အလည်ခေါ်ဖို့တောင် ဗီဇာခက်ပါသတဲ့။ စတိတ်ကို အလည်သွားဖို ့တောင် ဗီဇာကို Greend Card ပိုင်ရှင်တွေနဲ့ဟန်ဆောင်လက်ထပ်၊ ပိုက်ဆံတွေ အများကြီး ပေးရပါသတဲ့။

ငြိမ့်ညောင်းသာယာသော Apsara အက၊ နာရီပေါင်းများစွာ မလှုပ်ဘဲ အရုပ်လေးလို ရပ်နေနိုင်ပါတယ်။ နှစ်ပေါင်းများစွာ လေ့ကျင့်သင်ကြားရပါတယ်တဲ့။
မြန်မာမှာတော့ နှစ်သစ်ကူးအတာသြင်္ကန်ပေမဲ့ ခမာတွေကတော့ နှစ်သစ်ကူးပွဲတော်က သက်သက်၊ ရေကစားပွဲတော်က သက်သက်။ ထင်ရှားတဲ့ အန်ကောဝတ် ၊ မျက်မှာလေးဖက်ရှိတဲ့ Bayon Temple၊ ပြင်သစ်ဆီက လွတ်လပ်ရေးရတဲ့ အထိမ်းအမှတ် မုခ်ဦးရှိပါတယ်။ နီပေါ၊ ထိုင်း၊ မလေးရှားတို့လို တိုင်းပြည်ရဲ့ အဓိက ဝင်ငွေက ကမ္ဘာလှည့် ခရီးသွားတွေဆီက ရတာပါ။ ခမာစာ၊ စကားက ယိုးဒယားနဲ့ ဆင်တူပါတယ်။

နာမည်ကြီး Angkor Wat Temple
ခမာသူ‌လေး Phirada ဆီက လက်ေဆာင်

Bayon Temple with four faces
၁၉၅၃ မှာ ပြင်သစ်ဆီက လွတ်လပ်ရေးရတဲ့ အထိမ်းအမှတ် Independence Monument ကမ္ဘောဒီးယားမြို့တော် Phnom Penh မှာ ရှိပါတယ်။
ယိုးဒယားစာနဲ ့ တူတယ်ေနာ့
လိုင်စင်ရှိရင် ပိုက်ဆံအများကြီး ပေးရတော့ လိုင်စင်မရှိဘဲ မောင်းကြပါသတဲ့။ တိုက်မိလည်း ရဲကို ပိုက်ဆံပေးလိုက်ရုံပါပဲတဲ့။ ဒီတော့လည်း ဒီတိုင်းကြဲကြလေသတည်း။ Chantrea ဆို လိုင်စင်မရှိဘဲ ကားမောင်းပါတယ်တဲ့။ လိုင်စင်လိုချင်ရင် ဝယ်လို့ရပါသတဲ့။

ဘလော့ဂါ ဝါခေါင်မိုးဆီ သွားလည်ရင်တော့ ခမာပြည်အကြောင်း စုံလင်စွာ သိရပါလိမ့်မယ်။ မြန်မာနဲ့ ဘယ်လောက်တူလဲဆိုတာ။

ဆိုက်တူဂိုက်တူတဲ့ ပန်ဒါ၃ကောင်ကို တိုက်ဆိုင်မှုတွေ ရှိရင် သတိရနေဦးမှာပါ။

ေရှ ့တန်း Yanzi  Luo ၊ Chantrea Wattanakla ၊ San Htun ေနာက်တန်း Biao Lee
မိုင်းကုမ္ပဏီမှာ အလုပ်ရတဲ့ ဆူနမ်ရယ်၊ မိုင်းဆီလာပြီး အလုပ်ရှာနေတဲ့ စန်းထွန်းရယ် သုံးယောက်ပေါင်းပြီး ဘယ်လောက်တောင် လောင်းကျော်နေကြမလဲလို့ တွေးတာကြည့်ပေတော့။ အချက်အပြုတ် မကျွှမ်းတဲ့ သုံးကောင်သား တယောက်အစားအစာ တယောက်မစားနိုင်။ ခေါက်ဆွဲပြုတ်ကိုတောင် ဗီယက်နမ်စတိုင်၊ နီပေါစတိုင်၊ မြန်မာစတိုင် ကိုယ့်စတိုင်နဲ့ကိုယ် ပြုတ်ကြတာပါ။ ဘော့စတွန်မှာ တယောက်တည်းကျန်နေခဲ့တဲ့ ရာမားက တို့၃ကောင်ကို မနာလိုတိုရှည် ဖြစ်လို့နေလေရဲ့။

ရပ်ကွက်ထဲမှာတော့ဗျာ အပိုင်း ၁ ကနေ ၉ အထိ စဉ်ဆက်မပြတ် အားပေးဖတ်ရှုလာခဲ့တဲ့ စာဖတ်ပရိသတ်ကို ကျေးဇူးစကားဆိုရင်း ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်။

ပျော်ရွှင်ချမ်းမြေ့ပါစေ။

စန်းထွန်း
ဖေဖေါ်ဝါရီ ၁၆၊ ၂၀၁၂။

Love Songs ...

နှစ်ခြုက်မိတဲ့ သီချင်းလေးတွေ အတူတူနားထောင်ရအောင်လို့ ရှယ်လိုက်ပါတယ်။



 

 

စာဖတ်တဲ့သူတယောက် ညွှန်းသွားတဲ့ သီချင်းလေးပါ။



ပျော်ရွှင်သောနေ့ကလေး ဖြစ်ပါစေ။
စန်းထွန်း
ဖေဖေါ်ဝါရီ ၁၃၊ ၂၀၁၂။

အမှတ်တရနေ့စွဲများ (တဂ်ပို့စ်) ...

ပထမဆုရတဲ့‌နေ့

"သူများသားသမီးတွေ သတင်းစာ ဖတ်တတ်နေပြီ။ မေ့သမီး ခုထိ မဖတ်တတ်သေးဘူး" လို့ မကြီးက မေ့ကို တိုင်ရင် စန်းထွန်းတယောက်ကတော့ တုပ်တုပ်မှမလှုပ်။ ကျူရှင်က ပြန်လာတာနဲ့ လွယ်အိတ်ကလေး ဘုတ်ကနဲပစ်ချ။ မောင်နှမနှစ်ယောက် ဆော့ဖို့ပြေးတော့တာပဲ။

ရွာအလှပျက်တယ်  ဖျက်လို့ ဗိုလ်ချုပ်တယောက်က   ညွှန်ကြားသွားတော့  ဆောက်လက်စ ပျဉ်းကတိုးနှစ်ထပ်အိမ်ကြီးခမျာ အပေါ်ထပ်ကြမ်းခင်းလေးတောင် မခင်းလိုက်ရရှာ။ ဟိုင်းကြီးရွာသစ်ဆိုတဲ့ လယ်ကွင်းထဲမှာ ရွာတည်တဲ့နေရာကို ပြောင်းရပါတယ်။ အဲဒီမှာ လေးတန်းတက်တော့ ၇ယောက်တည်းသာရှိသော အတန်းမှာ ပထမရတယ်။ အနူတောမှာ လူချောစန်းထွန်းကွ။

ပထမဆုဆိုတဲ့ အရသာကို သိသွားလို့ဟိုင်းကြီးကျောင်း၊ စံပြကျောင်းတွေမှာ ၇တန်းအထိ ဆုတွေရနေခဲ့ဖူးတယ်။ ပုသိမ်ထ၂လည်းရောက်တော့ ကိုယ့်ထက်တော်သူတွေ အများကြီးမို့ ပထမဆုမပြောနဲ့အဆင့်၂၀ အတွင်း ဝင်အောင်တောင် မနည်း။

သင်္ဘောမှားစီးတဲ့နေ့


မေ၊ မောင်မောင်နဲ့ ပုသိမ်ကအပြန် ဟိုင်းကြီးသင်္ဘောမရှိလို့ ပြင်ခရိုင်ဖက်ကနေ လှည့်ပြန်မယ်ဆိုပြီး သင်္ဘောပေါ်မှာ နေရာခင်း၊ ပစ္စည်းတွေချ။ သင်္ဘောထွက်ခါနီး စန်းထွန်းပေါက်စလေး သိရှိသွားတာက  ပြင်ခရိုင်ကို သွားမဲ့သင်္ဘောမဟုတ်ဘဲ လပွတ္တာကို သွားမဲ့သင်္ဘော။ သင်္ဘောတွေကလည်း ပုံစံရော၊ ဆေးရောင်ပါ အတူတူကိုး။  မေကြီးရေ သဘောၤက လပွတ္တာကို သွားမဲ့သင်္ဘော၊ ဘဘောၤခွာနေပြီ၊ မြန်မြန်ပြောင်းရအောင် ဆိုပြီး အထုပ်တွေယူ ဟိုဖက်သင်္ဘောကို ခုန်ကူး။ မေ၊ မောင်မောင် လာမြန်မြန်ဆိုတဲ့ အချိန် သင်္ဘောက ခွာနေပြီ
သင်္ဘောတစီးလုံးလည်း ကျွှတ်ကျွှတ်ညံ၊ စန်းထွန်းပေါက်စလေးက ကျွှတ်ကျွှတ်ညံအောင် အော်ငို။ ပုသိမ်ကနေ ငပုတောရောက်တဲ့အထိ ၂နာရီလုံးလုံး ငိုလိုက်၊ မောလာရင် အိပ်ပျော်သွားလိုက်၊ နိုးလာရင် ပြန်ငိုလိုက်နဲ့။ တော်တော် ဝမ်းနည်းပက်လက်ငိုခဲ့တာတော့ ခုထိမှတ်မိသေးတယ်။

ငပုတောကို သင်္ဘောကပ်တဲ့အချိန် အရင်ရောက်နှင့်နေတဲ့ မေ၊ မောင်မောင်နဲ့ စန်းထွန်းတို့ ပြန်ဆုံစည်းခန်းကတော့ ဘဘောၤ၂စီးလုံးက စိတ်ဝင်တစားရှိကြတာတော့ အသေအချာပါပဲ။ မေဆို စန်းထွန်းရေထဲပြုတ်ကျသွားတယ်လို့ ထင်တာတဲ့။ ပြင်ခရိုင်ရောက်တဲ့အထိ စန်းထွန်းကို မျက်စိအောက်က အပျောက်မခံဘဲ မေ မျက်ရည်တွေ ကျနေခဲ့တာကိုတော့ သေသေချာချာ မှတ်မိနေသေးတယ်။

စက်ဘီးရတဲ့နေ့


လေးတန်းနှစ်မှာ ရွာသစ်က တာဘောင်တွေမှာ ဖေ့စက်ဘီးအကြီးကြီးနဲ့ စက်ဘီးစီး သင်ပါတယ်။ စန်းထွန်း စွတ်နင်းသမျှ ဖေ နောက်ကနေ အသားကုန်ပြေးလိုက်၊ မြောင်းထဲကျသွားမှာစိုးလို့ လိုက်ထိန်း၊ ပါးစပ်ကနေလည်း မနားတမ်းသင်။ ခုပြန်တွေးကြည့်တော့ ဖေ တော်တော်ပင်ပန်းမှာပဲလို့ တွေးမိတယ်။ ဂိုက်ကို ထိန်းနိုင်ပေမဲ့  စက်ဘီးက လူထက် ကြီးနေတော့ စက်ဘီးမနိုင်ဘူးဖြစ်နေတယ်။

ဖေက ပထမဆုရလို့ ဘာလိုချင်လဲတဲ့။ လက်စွပ်ရယ်၊ စက်ဘီးရယ်လို့။ ဖေ ပုသိမ်ကနေ ပြန်လာတော့ အိမ်ရှေ့မှာ သမီးစက်ဘီးလေး ထောင်ထားတယ် ဆိုလို့ ပြေးကြည့်တယ်။ ဆိတ်ငါးကောင် မိန်းမစီး အနီရောင်ဘီးလေးမြင်တော့ ဝမ်းသာလို့ ထခုန်တာ ကြမ်းပြင်ကျိုးသွားတယ်။ အဲဒီနေ့တင်ပဲ စက်ဘီးစီးတတ်သွားတယ်။ ဖေ ကတိတည်ပါတယ်။ လက်စွပ်လည်း ပေးတယ်။

ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့




တမှတ်သည် တဘဝ။ ဘဝကို အဆုံးအဖြတ်ပေးတဲ့ အောင်စာရင်းထွက်တာမို့ စိတ်လှုပ်ရှားခဲ့တဲ့နေ့ပါပဲ။ စာမေးပွဲဖြေပြီးကတည်း ဂုဏ်ထူး၂လုံးလို့ ပြောထားတာ မှန်မလား။ မှားမလား။ မနက်စောစော ၅နာရီလောက်ကတည်းက အောင်စာရင်းသွားကြည်ဖို့ မေနဲ့ မခင်ခင်လှိုင်က တက်ကြွနေကြတယ်။ တိုးမပေါက်တဲ့ လူအုပ်ကြားထဲ ခုံနံပါတ်ပြောပြီး သိရတာ ဂုဏ်ထူး၃ခု။ ထွက်မယ်မထင်တဲ့ မြန်မာစာ၊ သချာၤ၊ သိပ္ပံ။ ထင်တဲ့အတိုင်း ဝိဇ္ဖာတွဲက မထွက်ဘူး။ အိမ်ပြန်ရောက်လို့ တော်တော်ကြာမှ သူများပြောတာ မယုံဘူး၊ ကိုယ့်မျက်စိနဲ့တပ်အပ်မြင်ချင်တယ်ဆိုပြီး မေနဲ့ ထပ်ချီတက်ပြန်တယ်။

အဲဒီနှစ်က ဆေးမှတ်ကလည်းတော်တော်မြှင့်သွား၊ အင်ဂျင်နီယာကလည်း GTC ကနေ ကူးရမှာ၊ ဆေးဘက်ပညာသည်လည်း မတက်ချင်၊ စံပြအင်ဂျင်နီယာဆိုတာကြီးကိုလည်း မန္တလေးဖက်မှာ သွားမတက်ချင်၊ အီကိုက ကွန်ပျူတာထက်အမှတ်နည်းတော့ အဲဒီနှစ်က ဆေးပြုတ်တော်တော်များများ ကွန်ပျူတာရောက်တယ်။

တနိုင်ငံလုံး မေးခွန်းတခု စနစ်ကနေ တိုင်းနဲ့ပြည်နယ် တခုစီ မေးခွန်းတခုစီ စနစ်ပြောင်းလိုက်တယ်။ အဲဒီနှစ်က ပုသိမ်မေးခွန်းက ရန်ကုန်ထက်လွယ်တယ်လို့ ဆိုကြတယ်။ ၉တန်းအေခန်းတုန်းက သူငယ်ချင်းတော်တော်များများ ဆေးရောက်ကုန်တာက သက်သေထူပါတယ်။ စန်းထွန်း နင်သာ ဆယ်တန်းကို ပုသိမ်မှာတက်ခဲ့ရင် ဆေးရောက်ချင်ရောက်မှာတဲ့။ နို့မို့ စန်းထွန်းတယောက် နားကြပ်ကြီးတကားကားနဲ့ မြင်ယောင်သေး။ ခုတော့ ကွန်ပျူတာကြီး တကားကားနဲ့။

ကွန်ပျူတာတက္ကသိုလ် ပထမဆုံးနေ့



ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (ရွှေပြည်သာ) ဆိုတာသာ သိတယ်။ ဘယ်ဆီဘယ်ဝယ်မှန်းမသိ။ ညီအမနှစ်ယောက် မေးမြန်းပြီး မြို့ထဲကနေ တညင်းကုန်းအထိ ကားစီး၊ တညင်းကုန်းကနေ ကျောင်းဂိတ်အထိ ကားတဆင့်ပြောင်းစီး၊ ဂိတ်ကနေ ကျောင်းဝင်းနားအထိ ဗိုက်ပူချက်ပလက်ကားကြီး စောင့်စီး။

သစ်ပင်ဆိုလို့ သဘောၤပင်၊ ဆန်ပုပ်နံ့တွေနဲ့ မွှေးကြိုင်နေတဲ့ ရွှေအိုးအရက်ချက်စက်ရုံ၊ ဖူဂျီဆပ်ပြာစက်ရုံကြားက စက်ရုံကြီးကို ကျောင်းယောင်ဆောင်ထားတာ တွေ့လိုက်ရတဲ့သကာလ ရုပ်ရှင်တွေကြည့်ပြီး တက္ကသိုလ်ဆိုတာကြီးကို စိတ်ကူးယဉ်နေတဲ့ ကျောင်းသူလေးခမျာ စိတ်ကူးနဲ့ ကွာဟလေတော့ ကျောင်းသွားဖို့ကို တီကောင်ဆားပက်သလို။ ဒုတိယနှစ်ကျတော့ RollCall က ပထမနှစ်ကလို  မချောင်တော့လို့ ကျောင်းတက်ရာကနေ ကျောင်းပျော်ကြီး ဖြစ်သွားပြန်ရော။

ဘွဲ့ယူတဲ့နေ့


ပညာအမွေပဲ ပေးနိုင်တယ်ဆိုတဲ့ မိဘတွေ ပျော်တပြုံးပြုံးဖြစ်ချိန်မှာ စန်းထွန်းကတော့ ဘွဲ့ယူဖို့ ပြင်ဆင်ရတာ ပင်ပန်းလွန်းလို့ နောက်များဆို အဝေးရောက်ဘွဲ့ယူချင်မိသွားတယ်။

နာဂစ်မုန်တိုင်းတိုက်တဲ့နေ့



ရန်ကုန်မှာလည်း ကော့နေအောင် ခံရသလို ဟိုင်းကြီးကျွှန်းက မိဘနှစ်ပါးအတွက်လည်း  အသက်ရှင်သလား မသိရလို့ အထိတ်တလန့်လန့်။ စိတ်ကြိုက်မုန့်ထုပ်၊ ကျားပျံကိတ်မုန့်လေး ကျွှေးတော့  ရေစိုတဲ့ဆန်နဲ့ ချက်ထားတဲ့ ထမင်းဝါဝါကြီးရယ်၊ ငါးပိဖုတ်လေးနဲ့ စားနေရတာ သုံးရက်ရှိပြီ။ မုန့်လေးက စားလို့ကောင်းလိုက်တာ ဆိုပြီး တလုတ်စာပေးပဲဖြစ်ဖြစ် စားစေချင်တဲ့စိတ်နဲ့ သူ့တပည့်တွေကို  မျှဝေနေတဲ့ ဖေ့ကို တွေ့တော့ ရင်ထဲမကောင်းလိုက်တာ။ အသက်ရှိနေသေးရင် ပစ္စည်းဥစ္စာက ဘယ်အချိန်ချိန်ပြန်ရှာရှာ ရှာလို့ရတယ်လို့ သဘောပေါက်သွားချိန်၊ ကမ္ဘာပျက်သွားချိန်၊ ရက်စက်ယုတ်မာမှု၊ လူသားဆန်စွာ အသက်ရှင်သန်လိုမှုတွေကို မျက်ဝါးထင်ထင်မြင်လိုက်ရတဲ့အချိန်ပေါ့။

စင်္ကာပူကို လာတဲ့နေ့



လေယာဉ်ဆိုတာ ပထမဆုံးစီးဖူးတဲ့နေ့။ မေကတော့ ပြောပါတယ် စန်းထွန်းမွေးပြီး ၆လသမီးမှာ ရခိုင်ပြည်နယ်ကနေ ရန်ကုန်လာတော့ လေယာဉ်စီးဖူးတယ်ဆိုပဲ။ ပိစိကွေးဆိုတော့ ဘယ်မှတ်မိမှာတုန်း။ မကြီးကြိုက်တဲ့ သရက်သီးတွေ HandCarry အပြည့်သယ်ခဲ့တာတော့ မှတ်မှတ်ရရ။

စင်္ကာပူမှာဘွဲ့ယူတဲ့နေ့


မြန်မာပြည်မှာတုန်းကလို မဟုတ်ဘဲ ပျော်ပျော်ပါးပါး ဘွဲ့ယူတဲ့ နေ့လေးပါပဲ။ ကျောင်းသားတွေအားလုံး ဘွဲ့ဦးထုပ်ကို မြှောက်ပြီးဖမ်း၊ လက်ဝှေ့ရမ်းပြီး ဓာတ်ပုံရိုက်ခဲ့ရတာ ပျော်ဖို့အကောင်းသား။ မိသားစုစုံစုံညီညီရှိတာကြောင့်လဲ ပါမယ်ထင်ပါတယ်။

စတိတ်လာတဲ့နေ့

စင်္ကာပူကနေ ဟောင်ကောင်ရောက်တဲ့အထိ ၃နာရီလုံး ဝမ်းနည်းကြေကွဲစွာ ငိုကြွေးနေခဲ့ပါတယ်။ ဟောင်ကောင်ကနေ ချီကာဂိုလေယာဉ်ပြောင်းတော့ နံှပြည်စုတ်သာသာ လေယာဉ်တွေစီးဖူးတဲ့ စန်းထွန်းတယောက် ဘိုးအင်းနှစ်ထပ် လေယာဉ်အကြီးကြီးကို တွေ့တော့ ငိုတာတွေရပ်လို့ စူးစမ်းပါတော့တယ်။ ခပ်တည်တည်နဲ့ အပေါ်ထပ်ကို မှားတက်သယောင်နဲ့ စပ်စုလိုက်သေးတယ်။ ခုံတိုင်း ကွန်ပျူတာတွေနဲ့ ကျယ်ပါ့ ။

ပစိဖိတ်သမုဒ္ဒရာကြီးကို ဖြတ်နေတယ်လို့ ဖန်သားပြင်မှာတွေ့တော့ ဒီအချိန် လေယာဉ်ပျက်ကျရင် ငါတော့ ဂန့်ပြီလို့ တွေးကြောက်လိုက်သေးတယ်။ မီးသီးခလုတ်လေးနှိပ်လိုက်တော့ မီးလင်းလာတယ်။ နားကြပ်လေးက နားထောင်ဖို့။ ဟုတ်ပြီ လူပုံလေးက ဘာပါလိမ့်။ နှိပ်တယ် ဘာမှမထူးခြားဘူး။ ထပ်နှိပ်တယ်။ နောက်တော့မှ လေယာဉ်မယ်လေးက ဘာအလိုရှိပါသလဲရှင်တဲ့။

ဝမ်းနည်းကြေကွဲမှု၊ စိုးရိမ်ထိတ်လန့်မှုတွေနဲ့အတူ စူးစမ်းချင်မှုတွေနဲ့ ရင်မောနေရလို့ အမှတ်တရနေ့စွဲလေးပါပဲ။ ကျောင်းရောက်လို့ ခုတင်ပေါ် ပစ်လှဲမှပဲ စိတ်ဒုံးဒုံးချနိုင်တော့တယ်။

ကားမောင်းလိုင်စင်ရတဲ့နေ့

အခက်အခဲတွေ၊ စိတ်ပျက်လက်ပျက်ဖြစ်တာတွေ၊ ခံပြင်းမှုတွေနဲ့အတူ ဆူနမ်တို့တွေက ၄ ကြိမ်မြောက်မှာ ရပေမဲ့ သူများထက် ပိုခက်ခဲလေ့ရှိတဲ့ စန်းထွန်းထုံးစံအတိုင်း ၆ကြိမ်မြောက်မှာတော့ ရရှိသွားပါတယ်။ ဒါတောင် တခြားပြည်နယ်တွေမှာ လိုင်စင်လျှောက်ဖို့ အရမ်းခက်လို့၊ အကြိမ်ကြိမ်ကြိုးစားနေလို့၊ သနားငဲ့ညှာသောအားဖြင့် မပေးချင်ပေးချင်နဲ့ ကျောင်းကမထွက်ခွာခင် ၂ရက်အလိုမှာမှ ရလိုက်တာပါ။

ချောကလက်တထုပ်ဝယ်ပြီး တွေ့သမျှသူငယ်ချင်းတွေကို ပေးကာ ဒီနေ့ ကားမောင်းလိုင်စင်ရလို့ ကွန်ကရက်လုပ်နေတာဆိုပြီး ပါးစပ်နားရွှက်ချိတ်လုမတတ် ပြုံးဖြီးဖြီးနဲ့ စန်းထွန်းတယောက် တရွက်ကွက်လုံးကြားအောင် မောင်းထုနေခဲ့ပါတယ်။

ကျောင်းကထွက်ခွာတဲ့နေ့


နေသားတကျရှိနေတဲ့နေရာကနေ  ထွက်ခွာသွားရမယ်ဆိုတော့ ဝမ်းနည်းမူတွေနဲ့အတူ ဆူနမ်၊ မိုင်းတို့ကို တွေ့ရမှာမို့ ပျော်ရွှင်မှုတွေရယ် လွန်ဆွဲနေတဲ့ အမှတ်တရနေ့စွဲလေးပါပဲ။

ကဲ သမံစီးရေ ရေးပြီးပြီနော်။ တို့မောင်လေးကို အပိုင်မစီးနဲ့တော့။
အကယ်၍များ စာလာဖတ်နေသူသည် ဝါသနာအရ ဘလော့တွင် စာရေးသားနေသူဖြစ်ပါက စာဖတ်သူအား တဂ်လိုက်ပါသည်။

(ကျောင်းမှ ထွက်ခွာသောနေ့ အမှတ်တရ ဒီပို့စ်လေးကို ရေးသားပါသည်)

စန်းထွန်း
ဖေဖေါ်ဝါရီ ၁၀၊ ၂၀၁၂။

ချစ်သူရဲ့မြို့...


ဟိုး မိုင်းသောင်းချီအဝေးကနေ ထိုမြို့လေးဆီသို့ သူမရောက်လာချိန်တုန်းက ဆောင်းအကုန် နွေအကူးကာလမို့ သစ်ပင်များ အရွက်မရှိ မဲခြောက်ခြောက်နဲ့ ရုပ်ဆိုးလွန်းလှသည်။ မိသားစုသိုက်မြုံကနေ မခွဲခွာဖူးသော သူမ ဝမ်းနည်းကြေကွဲမှုတွေနဲ့အတူ ကမ္ဘာသစ်ဆီသို့ စူးစမ်းချင်စိတ်တွေနဲ့ ပြည့်နှက်နေခဲ့သည်။

ထိုမြို့လေးသည် နိုင်ငံ၏ အလည်ဗဟိုတွင် ရှိသည်။ သူမ မွေးဖွားရာနိုင်ငံမှ မိုးများသော၊ ပင်လယ်များ ဝန်းရံနေသော၊ စပါးကျီဟု တင်စားရသောနယ်လေးမှ မြို့လေးတမြို့နှင့် ဆင်တူလွန်းလှသည်။ ကျေးလက်မြို့ငယ်လေးမို့ မြို့သူမြို့သားများသည် ရိုင်းပင်းကြသည်။ ကူညီကြသည်။ ပျူငှာကြသည်။ နွေးထွေးကြသည်။ ထိုမြို့လေးတွင် ကမ္ဘာအရပ်ရပ်မှ လူမျိုးပေါင်းစုံ ဆုံစည်းကြသည်။  မတူညီသော အသားအရောင်၊ ဓလေ့ထုံးစံ၊ လူမျိုး၊ သာသာစကား၊ ကိုးကွယ်ယုံကြည်မှုများ တူညီသွားကြသည်။


ရှုံးနိမ့်မှုနှင့်အတူ  ဝမ်းနည်းကြွေကွဲစွာ  ထိုမြို့လေးဆီက  သူမ ထွက်ပြေးခဲ့ဖူးသည်။  နောင်ဘယ်တော့မှ ခြေဦးမလှည့်ဟုဆိုကာ ထိုမြို့လေးကို သူမ မုန်းတီးခဲ့ဖူးသည်။ ဖြူဖြူဖွေးဖွေး နှင်းစက်များသည် သူမအတွက် အေးစက်လွန်းလှသည်။ သည်းသည်းမဲမဲ ရွာသွန်းသော မိုးရေစက်များသည် သူမအတွက် စိုစွတ်လွန်းလှသည်။ တောက်ပသော နေရောင်ခြည်များသည် သူမအတွက်  ပူလောင်လွန်းလှသည်။

ဒီအချိန်ဆို စာသင်ခန်းထဲမှာ၊ ဒီအချိန်ဆို ထမင်းစားဆောင်ထဲမှာ၊ ဒီအချိန်ဆို မြေအောက်ထပ်မှာ အရုပ်တွေနဲ့ ဘောလုံးကန်၊ ဘိလိယက်ထိုး၊  ဒီအချိန်ဆို တနေရာမှာ စုပေါင်းချက်ပြုတ်စားသောက်၊ ဒီအချိန်ဆို ဘိုးလင်းကစား၊ ဒီအချိန်ဆို ငါးသွားမျှားပြီး တကောင်တည်းရတဲ့ ငါးကို ကြည့်ပြီး ဟားနေကြမှာဖြင့် ထူးဆန်းစွာပင် ထိုမြို့လေးကို သူမ လွမ်းနေခဲ့သည်။


သူမ ပြန်လာတော့လည်း  ထိုမြို့လေးက မိတ်ဆွေရင်းခြာတယောက်လို နွေးထွေးစွာ ကြိုဆိုခဲ့သည်။ နွေဦးကာလရောက်ပြီဖြစ်၍ စိမ်းလန်းဝေဆာနေသော သစ်ပင်များ၊ မွှေးထုံအီနေသော ပန်းရနံ့များဖြင့် ထိုမြို့လေးသည် ချစ်စရာကောင်းနေခဲ့သည်။

ထိုမြို့လေး၏ အဓိကလုပ်ငန်းမှာ စိုက်ပျိူးရေးလုပ်ငန်းဖြစ်သည်။ မြို့ပြင်ထွက်လိုက်လျှင် မျက်စိတဆုံး ကျယ်ပြန့်သော ပြောင်ဖူးစိုက်ခင်း၊ အလေ့ကျပေါက်နေသော ဝါရွှေနွယ်ပန်းခင်းကြီးကို တွေ့ရမည်။ ဥသြဆွဲပြီး ဖြတ်သန်းသွားသော ရထားသည် ထိုမြို့လေးတွင် ဘယ်သောအခါမှ မရပ်ပေ။


နေသာလိုက်၊ လေထန်လိုက်၊ မိုးရွာလိုက်၊ မြူခိုးဝေလိုက်၊ နှင်းကျလိုက်နှင့် ထိုမြို့လေးတွင် ရာသီဥတုမျိုးစုံ တွေ့ရသည်။ မြောက်ပိုင်းကျသောကြောင့် ထိုမြို့လေး၏ ဆောင်းတွင်းသည် အသည်းခိုက်အောင် အေးသည်ဟု နာမည်ကြီးလှသည်။ မုန်တိုင်းလမ်းကြောင်းကျသော်လည်း ထို မြို့လေးသည် မုန်တိုင်းဒဏ်မှ ကင်းလွတ်နေခဲ့သည်။

လစဉ်လတိုင်း ပထမပတ်၏ သောကြာနေ့၌ မြို့လယ်ကောင်ရင်ပြင်တွင် ပွဲတော်ဆင်ယင်ကျင်းပလေ့ရှိသည်။ သို့သော် သူမသည် ဘယ်သောအခါမှ ပါဝင်မဆင်နွှဲခဲ့။၂လတခါ နောက်ဆုံးပတ်၏ သောကြာနေ့တွင်  ကျောင်း၌ Open Mic ကျင်းပလေ့ရှိသည်။ ကျောင်းသားကျောင်းသူများ၏ တင်ဆက်မှုကို လက်ခုပ်ပင်ဖြောင့်အောင် မတီးတတ်သော သူမ ဝေဖန်လေကန်လေ့ရှိသည်။ အလကား တီးခွင့်ရှိသော ပွဲတော်များကိုတော့ သူမ တက်ကြွစွာ မပျက်မကွက် တက်ရောက်လေ့ ရှိသည်။


သူငယ်ချင်းများနဲ့ အတူ ပြောစရာစကားတွေ မကုန်နိုင်အောင် ရှိနေခဲ့ဖူးသည်။ တရုတ်ဘူဖေးတဘူး၊ အိန္ဒိယဘူဖေးတဘူးဝယ်ကာ သူငယ်ချင်းများနှင့် မြိန်ရေရှက်ရေ စားခဲ့ဖူးသည်။ ဝိုင်သောက်ရင်း ပိုကာပါတီ ဆင်နွှဲခဲ့ဖူးသည်။ တခြားမြို့တွေဆီ လည်ပတ်ခဲ့ဖူးသည်။ လည်ပတ်စရာ သိပ်မရှိသော၊ သေးငယ်သော မြို့လေးတွင်  ခြေရာများစွာထင်ကျန်ခဲ့သည်။

သစ်ပင်များ အဝါရောင်၊ အနီရောင်ပြောင်းကာ ရွှက်ဝါကြွေချိန်  သူမ၏ ချစ်သူငယ်ချင်များသည်လည်း ဆောင်းလေနှင့်အတူ ထွက်ခွာသွားခဲ့သည်။ သူမ၏ ပျော်ရွှင်မှုရွက်ဝါလေးသည်လည်း ဖြုတ်ခနဲ ကြွေလွင့်ခဲ့သည်။ ရိုးတံကြဲကြဲ သစ်ပင်များ ဆောင်းဒဏ်ကြံ့ကြံ့ခံချိန် သူမသည်လည်း ဝမ်းနည်းအားငယ်မှုများကို ကြံ့ကြံ့ခံခဲ့သည်။


နွေတုန်းက ဖူးပွင့်ခဲ့သော ပန်းပင်များ မြေကြီးအောက် ငှပ်လျှိုးကာ ဆောင်းအအေးဒဏ်နှင့် နေသားတကျရှိနေချိန် သူမသည်လည်း သူငယ်ချင်းအသစ်များနှင့် နေသားတကျရှိနေခဲ့သည်။ အအေးကြောက်သော သူမ ဆောင်းနှင်းပွင့် ဖြူဖြူဖွေးကို ချစ်သွားသလို သူငယ်ချင်းအသစ်များကိုလည်း ချစ်ခင်တွယ်တာသွားခဲ့သည်။

ထိုမြို့လေးတွင်ပင် သူမ ချစ်သူကို အမှတ်တမဲ့ တွေ့ဆုံခဲ့သည်။ ချစ်သူ၏ မျက်ဝန်းလဲ့လဲ့၊ အပြုံးတပွင့်၊ စကားတခွန်းသည်ကိုပင် ကော်ဖီပူပူလေးတခွက် သောက်ရသလို သူမ ခုံခုံမင်မင်၊ နှစ်နှစ်ခြိုက်ခြိုက်၊ မက်မက်မောမော သောက်သုံးနေခဲ့သည်။


ထိုမြို့လေးတွင် သူမ ပျော်ရွှင်ခဲ့သည်။ စိတ်ဓာတ်ကျခဲ့သည်။ မျှော်လင့်ချက်တွေနဲ့ တက်ကြွနေခဲ့သည်။ ဝမ်းနည်းကြေကွဲခဲ့သည်။ ရှုံးနိမ့်ခဲ့သည်။ အထီးကျန်နေခဲ့သည်။ ငိုကြွေးခဲ့သည်။ သူမအတွက်တော့ ထိုမြို့လေးသည် ချို၊ ချဉ်၊ ဖန်၊ ခါး၊ စပ် အရသာမျိုးစုံ ပေးစွမ်းနိုင်သာ ဟင်းတခွက် ဖြစ်သည်။

ခဏတာခိုနားခဲ့သော ထိုမြို့လေးသည် သူမအတွက် အိမ်ဖြစ်နေခဲ့သည်။ ထိုမြို့လေးသည် ရိုးစင်းသည်။ ပွင့်လင်းသည်။ ပကာသနကင်းသည်။ အေးချမ်းသည်။ ချစ်သူနေထိုင်သော မြို့ဖြစ်သောကြောင့်ပင် သူမကို ညှို့ငင်ဖမ်းစားနိုင်လွန်းသည်။ သူမအတွက်တော့ ထိုမြို့လေးသည် ကြီးကျယ်ခမ်းနားသည်။ ချစ်စရာကောင်းသည်။ ဂန္တဝင်မြောက် လှပသည်။


နေရောင်ခြည်များနှင့် နွေးထွေးလင်းလက်သည်။ ဆောင်းနှင်းပွင့်များနှင့် ဖြူဖွေးလှပသည်။ သစ်ပင်များနှင့် စိမ်းလန်းဝေဆာသည်။ ပန်းပွင့်များနှင့် မွှေးရနံ့ထုံအီသည်။ ငှက်ကလေးများ၏ တေးသံသာများနှင့် သာယာနာပျော်သည်။ စမ်းရေစီးသံ တသွင်သွင်နှင့် အေးချမ်းသည်။ ရေကန်များနှင့် ကြည်လင်သည်။ တောင်တန်းများနှင့် မြဲမြံသည်။


မျှော်လင့်ချက်၊ စိတ်ကူးယဉ်အိမ်မက် တပွေ့တပိုက်ဖြင့်  ထိုမြို့လေးမှ သူမ ထွက်ခွာခဲ့ပြန်သည်။ ချစ်သူ၏မြို့လေးသည်ကား ရောက်လာသူများ၊ ထွက်ခွာသူများကို အမြဲတစေ နွေးထွေးစွာ ကြိုဆိုနေမည်။


စန်းထွန်း
ဖေဖေါ်ဝါရီ ၅၊ ၂၀၁၂။

တိုးတိတ်လွမ်းလို့ နေပါတယ်...


သူမ အိပ်ယာမှ နိုးထလာခဲ့ချိန်  အခန်းထဲမှာ လရောင်ဖြာလဲ့နေခဲ့သည်။  ညဉ့်နက်အောင် ကျောင်းသင်ခန်းစာတွေကို သင်အံနေချိန်တုန်းက သူမ လမင်းကြီးကို မေ့လျော့နေခဲ့သည်။  သူမ သတိထားမိလောက်အောင် လရောင်က ရွှန်းမြလွန်းလှသည်။ လရောင်ရဲ့ ဖျားယောင်းမှုကြောင့် သူမ ပြတင်းပေါက်နားရပ်ကာ ဝင်းဝင်းပပသာနေသည့် လမင်းကြီးကို ငေးကြည့်ရင်း တစုံတယောက်သောသူကို သတိရမိသည်။ ဒီအချိန်ဆို မိုင်ထောင်ချီဝေးတဲ့ သူ့ဆီမှာ မနက်ပေါ့။ မြူခိုးဝေ့တဲ့ ဆောင်းမနက်မှာ သူအရင်လို စက်ဘီးစီးနေမလား။

တရေးနိုးချိန်
မိုး၏မီးအိမ်၊ ဝင်းပြည့်ထိန်သော်
စိန်ကြယ်သေးညွှန်း၊ မိုးလုံးလွန့်သော်
ခင်ပြန့်ပန်းလွှာ၊ ဝရန်ကာ၏
တစ်ရာသီအေး၊ တစ်ညမွှေး၌
ပူဆွေးယဲ့ပန်း၊ ဘာမှန်းမသိ
ထိုင်မိထိုင်ရာ၊ နာရီကြာလည်း
ကြာသည်ကိုမေ့၊ မချမ်းမြေ့ဘူး။

**********************************************************************************

ကျောင်းသူဖြစ်တဲ့ သူမနဲ့ သရုပ်ပြဆရာဖြစ်တဲ့ သူ စာသင်ခန်းမှာပဲ ရိုးရိုးလေးတွေ့ခဲ့ကြပါတယ်။ ဌာနမှာ အသက်အငယ်ဆုံးဖြစ်သလို ပြေပြစ်တဲ့ ရုပ်ရည်ရှိတဲ့ သူဟာ ကျောင်းသူတွေကြားထဲမှာ ရေပန်းစားလှပါတယ်။ စာသင်ကောင်းသလို ကျောင်းသားတွေကို ဂရုတစိုက် ရှိတယ်လို့ သတင်းမွှေးပါတယ်။ Undergraduate တွေကို သင်နေရာက Post Graduate သင်ဖို့ သူမတို့အတန်းကို ရောက်လာပါတယ်။ သူ့ရဲ့ ပထမဆုံးသင်တဲ့ အတန်းဖြစ်လို့ အတော်လေး အားထုတ်ပါတယ်။

သူမကတော့ သူနဲ့တကယ့်ကို တခြားစီ။ ရုပ်ရည်က သာမန်၊ ဆံပင်က စုတ်ဖွားဖွား၊ ပုလင်းဖင် မှန်ကြောင်လေးပါ။ သူမဆီမှာ သူမအကြိုက်ဆုံးဆိုလို့ သူမမေမေ ပေးထားတဲ့ မေမိုးမာန်ဆိုတဲ့ ထက်မြက်တဲ့ နာမည်လေးက လွဲရင်။ နာမည်စီးတာလားမသိ။ သူမကတော့ နာမည်နဲ ခြားနားစွာ မထက်မြက်။ သူစာသင်ချိန်မှာ မျက်မှန်ကွယ်ပြီး ခိုးငိုက်ရင် သူကလည်း ပါးနပ်စွာ စာမေးပါတော့တယ်။ အိပ်ချင်စိတ်တွေ ဘယ်ရောက်သွားမှန်မသိ အသည်းအသန် စဉ်းစားကာ ပေါက်ကရတွေ ဖြေရင် ပြုံးတုံ့တုံ့နဲ့ မဟုတ်သေးဘူးလို့ ဆိုတတ်ပါတယ်။

မေက သူငယ်ချင်းတွေ တရုန်းရုန်းနဲ့ ဗရုတ်ကျတတ်သူ၊ ယောကျ်ားလေးတွေနဲ့ အပြိုင်ငြင်းခုန်တတ်သူ၊ စနောက်အော်ဟစ်နေတဲ့သူ။ ဗရုတ်ကျနေတဲ့ မေတို့အုပ်စုကို သူ တခါတလေ နှုတ်ဆက်တတ်တယ်။ မေ့ကို မဟုတ်ဘူး။ မေ့သူငယ်ချင်း ကောင်လေးတွေကို။ သူလည်း မေတို့လို ဗရုတ်ကျချင်တယ် ထင်ပါရဲ့။ ဆရာမို့လို့ ရုပ်တည်ကြီးကို ဟန်လုပ်ပြီး နေရရှာတာ။ အသက်ကလည်း မေတို့ထက် ကြီးလှ နှစ်နှစ်ပေါ့။

မျက်ခုံးနက်နက်၊ မျက်လုံးနက်နက်လေးတွေနဲ့ဆံပင်တွေက ရွှေညိုရောင်။ သူဆီမှာ မေအကြိုက်ဆုံးက ဖြောင့်စင်းပြီး ပေါ်လွင်လှတဲ့ နှာတံလေး။ အဖျားလေးမှာ ကော့ပြီး အနားသတ်ထားတယ်။ နဖူးပေါ်ဝဲနေတဲ့ ဆံနွယ်လေးတွေ သပ်တင်လိုက်ရင် ပေါ်လာတဲ့ ဇင်ယော်တောင်ပံမျက်ခုံးလေးတွေကို မြင်ရတိုင်း မေသာဆို ဒီလို မျက်ခုံးလှလှလေးတွေကို ဖုံးမထားဘူး။ ဖေါ်ထားမှာလို့ မချင့်မရဲ တွေးမိတယ်။

ကျောင်းတက်ခါနီးမှ အိပ်ယာက ထ၊ အသည်းအသန်ကျောင်းကိုပြေးတဲ့ မေတယောက် စောစောနိုးလာတဲ့တနေ့ လမ်းလျှောက်နေတုန်း စက်ဘီးစီးလာတဲ့ သူနဲ့ ဆုံပါတယ်။ ရုံးဝတ်စုံမဟုတ်ဘဲ ဆွယ်တာရိုးရိုးလေးနဲ့ သူ လူငယ်လေးတယောက်လို နုနယ်ပျိုမြစ်နေပါတယ်။

"ဟိုင်း ပရော်ဖက်ဆာ ဂွတ်မောနင်း"
"ဂွတ်မောနင်း"

သင်တန်းပြီးသွားလို့ မေနဲ့သူ မဆုံတော့ပါဘူး။ တခါတလေ ကျောင်းသားတွေနဲ့ စကားပြောနေတဲ့ သူ့ကို မေတို့ အတန်းဆင်းချိန် ဖျတ်ခနဲ  တွေ့လိုက်ရတာကလွဲရင်။ သင်တန်းပြီးတိုင်း ကျေးဇူးတင်အီးမေးလ်တွေကို သင်ကြားတဲ့ ပရော်ဖက်ဆာတွေကို ပို့တတ်တာ မေ့အကျင့်။

သူ့အပြုံးက နှလုံးစွဲစိမ့်
ရင်တွင်းငြိမ်းငဲ့ မိုသိမ့်ကြက်သီး
ချမ်းမပြီးဘူး...
ယောင်တိယောင်တ ရယ်ရမလို
နှုတ်ချိုခွန်းစ ဆက်ရမလို
သူ့ကိုသာမှတ် ပြုံးရုံတတ်သည်...

မေ ကျောင်းပြီးခါနီး Management Course ယူတော့ သူနဲ့ပြန်ဆုံတယ်။ သူ မေ့ကို မှတ်မိတယ်။

"မေ ဟုတ်တယ်မလား" တဲ့။

နွေရာသီတုန်းက နစ်ကတိုင်ဆန်းဆန်းလေးတွေ ဆင်ယင်တတ်သူ ဆောင်းရာသီမှာတော့ ဆွယ်တာလှလှလေးတွေနဲ့ ရှင်းသန့်နေပါတယ်။ မေကတော့ အမြဲ ပိုသီပတ်သီ၊ ဗြုတ်စဗျင်းတောင်း၊ မေ့တတ်လျော့တတ်တာလည်း မေ့အပြင် နှစ်ယောက်မရှိ။ ပြသနာတပုံးတခေါင်းနဲ့ ရှိနေတတ်သူ။ အိပ်ချင်မူးတူးနဲ့ မှုန်မှိုင်းနေတဲ့သူ။ သူကတော့ မေနဲ့ ခြားနားစွာ အမြဲတိကျသေစွာ၊ စေ့စပ်၊ ထက်မြက်ပြီး ရှင်းသန့်နေတတ်သူ။ မေ သူ့ကို နှစ်သက်သဘောကျတာတော့ အမှန်ပါ။

သူ့ကိုမြင်လျှင်
ရင်ဒိတ်ဒိတ်တိုး၊ တစ်မျိုးမရိုး
စိုးထိတ်ဖွယ်လည်း၊ မရှိဘဲနှင့်
တင်းဆဲဝှက်ကြောက်၊ တုန်ယင်တတ်သည်...
ရင်တလှပ်လှပ်၊ ထပ်ထပ်မောမိ
မြကြောလျက်တင် ပွင့်စင်ရွှန်းတင့်
ပန်းပွင့်ကျွှန်မ ဖြစ်ပါရစေ...

မနက်တိုင်း သူ့ကို မြင်ရတာနဲ့ မေရဲ့တနေ့တာ ပြီးပြည့်စုံပါတယ်။ သူ့ရဲ့ချိုသာတဲ့ အသံလေးကို ကြားရတာက မေ့အတွက်တာ့ ကဗျာတပုဒ် နားထောင်ရသလိုပါပဲ။ တရက်မှာတော့ စာသင်နေတာ သူမဟုတ်လို့ သိရတာက သူ့ဖေဖေ အသည်းအသန်ဖြစ်လို့ သူအမြန်ဆုံး လိုက်သွားရတယ်။ နှုတ်မဆက်ဘဲ ထွက်သွားတဲ့ သူ့ကို မေ သတိရမိပါတယ်။

သူသွားတော့မည်
ပွေ့ချောထွေးလည်း၊ ဝမ်းနည်းရုံမျှ
မှုန်ဝါးမျက်နှာ၊ မျက်ရည်ကာစီး
ပြန်လာပါဦး၊ ခွဲချင်ဘူးကွယ်
မူးယစ်ဝေည၊ မွှေးထုံသဆဲ
ခဏတွေ့မော၊ ရင်ခုန်ရောယှက်
ပြောချင်စကား၊ မေးခွန်းများစွာ
မေ့ထားခဲ့ပြီး၊ ပြန်ချိန်နီးမှ
ငိုညည်းတဝက်၊ မမီလက်ကမ်း
နှုတ်ဆက်ဝါးဝါး၊ ပြေးထွက်သွားမှ
တံခါးရပ်မှီ ငေးခဲ့ပြီ။

အချစ်ဆိုတာလည်း အံ့သြဖို့ကောင်းသား။ ဘာကြောင့် ချစ်တယ်လို့အကြောင်းအရာ မယ်မယ်ရရ ပြောစရာမရှိ။  သူ့ခွင့်ပြုချက် မလိုဘဲ တိုးတိတ်စွာ ချစ်လို့ရတယ်။ သူ့ခွင့်ပြုချက်မလိုဘဲ တိတ်တိတ်လေး လွမ်းနေလို့ရတယ်။ မေနှစ်ခြိုက်မိတဲ့ စာသားလေးက "မိတ်ဆွေဆက်ဆံရေးသည် လုံခြုံမှု၊ ကိုယ်နှုတ်စောင့်စည်းမှုနှင့် လိမ္မာပါးနပ်မှုအပေါ် မူတည်၍ အချစ်ကတော့ စိတ်အားထက်သန်မှု၊ ကြည်နူးမှုနှင့် ယုံကြည်စိတ်ချမှုအပေါ် တည်သည်"တဲ့။

တွယ်ငြိခြင်းသည်
ဆင်းရဲအစ၊ သံသာရဟု
ချမ်းမြသိလည်း၊ တွယ်ငြိမြဲပင်
ရဲဝံ့သည်လား၊ ကြောက်သည်လားဟု
ငြင်းပွားစိတ်တွေ အဖြေခက်သည်..

ရေအောက်ထက်နိမ့်လို့ ရေကာတာတွေကာထားပြီး အမြဲထကြွဝီရိယရှိတဲ့၊ ရှေးဟောင်းအဆောက်အဦးတွေ၊ ဗိသုကာမြောက်ခန့်ညားလှတဲ့ ဘုရားရှိခိုးကျောင်းကြီးတွေ၊ လေရဟတ်ကြီးတွေကို ရှိတဲ့ သူမွေးဖွားရာ နိုင်ငံကို မေ အလည်တခေါက်လောက်တော့ ရောက်ဖူးချင်မိသည်။ ပေးဆပ်ခြင်း၊ ပိုင်ဆိုင်လိုခြင်း မရှိသောကြောင့် မေ့အချစ်သည် မနက်ရှိုင်းဟု ဆိုချင်ဆိုကြမည်။ မေ ဝန်ခံပါသည်။ တချိန်ချိန်ကျလျှင် မေ သူ့ကို မေ့သွားကောင်းမေ့သွားနိုင်သည်။

နောက်ထပ် ဆုံဆည်းဖို့ဆိုသည်မှာ အခြေအနေ၊ အချိန်အခါ၊ ကံတရားပေါ်တွင် မူတည်၍ ဆုံဆည်းခွင့်ကိုတော့ မေ မမျှော်လင့်တော့ပါ။ တကျွှန်းခြင်း၊ တမြေစီခြားနေသူခြင်း လမင်းကို မော့ ကြည့်မိရင်း မျက်နှာခြင်း ဆုံနိုင်ပါသည်။ နွေဦးသည် ဥသြနဲ့ ပန်းပွင့်များကို တပါတည်း သယ်ဆောင်လာဘိသကဲ့သို့ အချစ်ဆိုသော အရာသည် အလွမ်းများကို တပါတည်း ဆောင်ကြဉ်းလာပါသည်။ ကမ္ဘာမြေ၏ တထောင့်တနေရာမှာ ရှိနေသော နေသန်ဆိုသော လူတယောက်ကို မေ လွမ်းနေမိသည်။ တမ်းတမိသည်။ သတိရမိသည်။ သူနဲ့ မေ ကမ္ဘာမြေကြီး၏ တမိုးအောက်မှာ ရှိတယ်ဆိုသော အသိကြောင့်ပင် မေ ကျေနပ်မိသည်။

တစ်ကျွှန်းစီနေ
တစ်မြေစီခြားသူရယ်
မျက်နှာချင်းကိုလ
လမင်းမှာ ဆုံစို့ကွယ်။

(ဆရာမ ခင်ခင်ထူးရဲ့ ပန်းကြာဝတ်မှုန် ဝထ္ထုဖတ်ရင်း နှစ်ခြိုက်မိတဲ့ ဆရာမကြည်အေး ကဗျာများကို သုံးထားပါတယ်။ ပထမဆုံး ရေးဖွဲ့တဲ့ အက်ဆေးမို့လို့ အမှားပါရင် ဝေဖန်ထောက်ပြပေးပါဦး။ ဆရာမ ဂျူး၊ ဆရာမ ခင်ခင်ထူး နှစ်သက်သူမို့ သူတို့ရဲ့ ရေးဟန်တွေ လွှမ်းမိုးနေတာကတော့ အသေအချာပါ။)

စန်းထွန်း
ဖေဖေါ်ဝါရီ ၂၊ ၂၀၁၂။