"သူများသားသမီးတွေ သတင်းစာ ဖတ်တတ်နေပြီ။ မေ့သမီး ခုထိ မဖတ်တတ်သေးဘူး" လို့ မကြီးက မေ့ကို တိုင်ရင် စန်းထွန်းတယောက်ကတော့ တုပ်တုပ်မှမလှုပ်။ ကျူရှင်က ပြန်လာတာနဲ့ လွယ်အိတ်ကလေး ဘုတ်ကနဲပစ်ချ။ မောင်နှမနှစ်ယောက် ဆော့ဖို့ပြေးတော့တာပဲ။
ရွာအလှပျက်တယ် ဖျက်လို့ ဗိုလ်ချုပ်တယောက်က ညွှန်ကြားသွားတော့ ဆောက်လက်စ ပျဉ်းကတိုးနှစ်ထပ်အိမ်ကြီးခမျာ အပေါ်ထပ်ကြမ်းခင်းလေးတောင် မခင်းလိုက်ရရှာ။ ဟိုင်းကြီးရွာသစ်ဆိုတဲ့ လယ်ကွင်းထဲမှာ ရွာတည်တဲ့နေရာကို ပြောင်းရပါတယ်။ အဲဒီမှာ လေးတန်းတက်တော့ ၇ယောက်တည်းသာရှိသော အတန်းမှာ ပထမရတယ်။ အနူတောမှာ လူချောစန်းထွန်းကွ။
ပထမဆုဆိုတဲ့ အရသာကို သိသွားလို့ဟိုင်းကြီးကျောင်း၊ စံပြကျောင်းတွေမှာ ၇တန်းအထိ ဆုတွေရနေခဲ့ဖူးတယ်။ ပုသိမ်ထ၂လည်းရောက်တော့ ကိုယ့်ထက်တော်သူတွေ အများကြီးမို့ ပထမဆုမပြောနဲ့အဆင့်၂၀ အတွင်း ဝင်အောင်တောင် မနည်း။
သင်္ဘောမှားစီးတဲ့နေ့
မေ၊ မောင်မောင်နဲ့ ပုသိမ်ကအပြန် ဟိုင်းကြီးသင်္ဘောမရှိလို့ ပြင်ခရိုင်ဖက်ကနေ လှည့်ပြန်မယ်ဆိုပြီး သင်္ဘောပေါ်မှာ နေရာခင်း၊ ပစ္စည်းတွေချ။ သင်္ဘောထွက်ခါနီး စန်းထွန်းပေါက်စလေး သိရှိသွားတာက ပြင်ခရိုင်ကို သွားမဲ့သင်္ဘောမဟုတ်ဘဲ လပွတ္တာကို သွားမဲ့သင်္ဘော။ သင်္ဘောတွေကလည်း ပုံစံရော၊ ဆေးရောင်ပါ အတူတူကိုး။ မေကြီးရေ သဘောၤက လပွတ္တာကို သွားမဲ့သင်္ဘော၊ ဘဘောၤခွာနေပြီ၊ မြန်မြန်ပြောင်းရအောင် ဆိုပြီး အထုပ်တွေယူ ဟိုဖက်သင်္ဘောကို ခုန်ကူး။ မေ၊ မောင်မောင် လာမြန်မြန်ဆိုတဲ့ အချိန် သင်္ဘောက ခွာနေပြီ
သင်္ဘောတစီးလုံးလည်း ကျွှတ်ကျွှတ်ညံ၊ စန်းထွန်းပေါက်စလေးက ကျွှတ်ကျွှတ်ညံအောင် အော်ငို။ ပုသိမ်ကနေ ငပုတောရောက်တဲ့အထိ ၂နာရီလုံးလုံး ငိုလိုက်၊ မောလာရင် အိပ်ပျော်သွားလိုက်၊ နိုးလာရင် ပြန်ငိုလိုက်နဲ့။ တော်တော် ဝမ်းနည်းပက်လက်ငိုခဲ့တာတော့ ခုထိမှတ်မိသေးတယ်။
ငပုတောကို သင်္ဘောကပ်တဲ့အချိန် အရင်ရောက်နှင့်နေတဲ့ မေ၊ မောင်မောင်နဲ့ စန်းထွန်းတို့ ပြန်ဆုံစည်းခန်းကတော့ ဘဘောၤ၂စီးလုံးက စိတ်ဝင်တစားရှိကြတာတော့ အသေအချာပါပဲ။ မေဆို စန်းထွန်းရေထဲပြုတ်ကျသွားတယ်လို့ ထင်တာတဲ့။ ပြင်ခရိုင်ရောက်တဲ့အထိ စန်းထွန်းကို မျက်စိအောက်က အပျောက်မခံဘဲ မေ မျက်ရည်တွေ ကျနေခဲ့တာကိုတော့ သေသေချာချာ မှတ်မိနေသေးတယ်။
စက်ဘီးရတဲ့နေ့
လေးတန်းနှစ်မှာ ရွာသစ်က တာဘောင်တွေမှာ ဖေ့စက်ဘီးအကြီးကြီးနဲ့ စက်ဘီးစီး သင်ပါတယ်။ စန်းထွန်း စွတ်နင်းသမျှ ဖေ နောက်ကနေ အသားကုန်ပြေးလိုက်၊ မြောင်းထဲကျသွားမှာစိုးလို့ လိုက်ထိန်း၊ ပါးစပ်ကနေလည်း မနားတမ်းသင်။ ခုပြန်တွေးကြည့်တော့ ဖေ တော်တော်ပင်ပန်းမှာပဲလို့ တွေးမိတယ်။ ဂိုက်ကို ထိန်းနိုင်ပေမဲ့ စက်ဘီးက လူထက် ကြီးနေတော့ စက်ဘီးမနိုင်ဘူးဖြစ်နေတယ်။
ဖေက ပထမဆုရလို့ ဘာလိုချင်လဲတဲ့။ လက်စွပ်ရယ်၊ စက်ဘီးရယ်လို့။ ဖေ ပုသိမ်ကနေ ပြန်လာတော့ အိမ်ရှေ့မှာ သမီးစက်ဘီးလေး ထောင်ထားတယ် ဆိုလို့ ပြေးကြည့်တယ်။ ဆိတ်ငါးကောင် မိန်းမစီး အနီရောင်ဘီးလေးမြင်တော့ ဝမ်းသာလို့ ထခုန်တာ ကြမ်းပြင်ကျိုးသွားတယ်။ အဲဒီနေ့တင်ပဲ စက်ဘီးစီးတတ်သွားတယ်။ ဖေ ကတိတည်ပါတယ်။ လက်စွပ်လည်း ပေးတယ်။
ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့
တမှတ်သည် တဘဝ။ ဘဝကို အဆုံးအဖြတ်ပေးတဲ့ အောင်စာရင်းထွက်တာမို့ စိတ်လှုပ်ရှားခဲ့တဲ့နေ့ပါပဲ။ စာမေးပွဲဖြေပြီးကတည်း ဂုဏ်ထူး၂လုံးလို့ ပြောထားတာ မှန်မလား။ မှားမလား။ မနက်စောစော ၅နာရီလောက်ကတည်းက အောင်စာရင်းသွားကြည်ဖို့ မေနဲ့ မခင်ခင်လှိုင်က တက်ကြွနေကြတယ်။ တိုးမပေါက်တဲ့ လူအုပ်ကြားထဲ ခုံနံပါတ်ပြောပြီး သိရတာ ဂုဏ်ထူး၃ခု။ ထွက်မယ်မထင်တဲ့ မြန်မာစာ၊ သချာၤ၊ သိပ္ပံ။ ထင်တဲ့အတိုင်း ဝိဇ္ဖာတွဲက မထွက်ဘူး။ အိမ်ပြန်ရောက်လို့ တော်တော်ကြာမှ သူများပြောတာ မယုံဘူး၊ ကိုယ့်မျက်စိနဲ့တပ်အပ်မြင်ချင်တယ်ဆိုပြီး မေနဲ့ ထပ်ချီတက်ပြန်တယ်။
အဲဒီနှစ်က ဆေးမှတ်ကလည်းတော်တော်မြှင့်သွား၊ အင်ဂျင်နီယာကလည်း GTC ကနေ ကူးရမှာ၊ ဆေးဘက်ပညာသည်လည်း မတက်ချင်၊ စံပြအင်ဂျင်နီယာဆိုတာကြီးကိုလည်း မန္တလေးဖက်မှာ သွားမတက်ချင်၊ အီကိုက ကွန်ပျူတာထက်အမှတ်နည်းတော့ အဲဒီနှစ်က ဆေးပြုတ်တော်တော်များများ ကွန်ပျူတာရောက်တယ်။
တနိုင်ငံလုံး မေးခွန်းတခု စနစ်ကနေ တိုင်းနဲ့ပြည်နယ် တခုစီ မေးခွန်းတခုစီ စနစ်ပြောင်းလိုက်တယ်။ အဲဒီနှစ်က ပုသိမ်မေးခွန်းက ရန်ကုန်ထက်လွယ်တယ်လို့ ဆိုကြတယ်။ ၉တန်းအေခန်းတုန်းက သူငယ်ချင်းတော်တော်များများ ဆေးရောက်ကုန်တာက သက်သေထူပါတယ်။ စန်းထွန်း နင်သာ ဆယ်တန်းကို ပုသိမ်မှာတက်ခဲ့ရင် ဆေးရောက်ချင်ရောက်မှာတဲ့။ နို့မို့ စန်းထွန်းတယောက် နားကြပ်ကြီးတကားကားနဲ့ မြင်ယောင်သေး။ ခုတော့ ကွန်ပျူတာကြီး တကားကားနဲ့။
ကွန်ပျူတာတက္ကသိုလ် ပထမဆုံးနေ့
ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (ရွှေပြည်သာ) ဆိုတာသာ သိတယ်။ ဘယ်ဆီဘယ်ဝယ်မှန်းမသိ။ ညီအမနှစ်ယောက် မေးမြန်းပြီး မြို့ထဲကနေ တညင်းကုန်းအထိ ကားစီး၊ တညင်းကုန်းကနေ ကျောင်းဂိတ်အထိ ကားတဆင့်ပြောင်းစီး၊ ဂိတ်ကနေ ကျောင်းဝင်းနားအထိ ဗိုက်ပူချက်ပလက်ကားကြီး စောင့်စီး။
သစ်ပင်ဆိုလို့ သဘောၤပင်၊ ဆန်ပုပ်နံ့တွေနဲ့ မွှေးကြိုင်နေတဲ့ ရွှေအိုးအရက်ချက်စက်ရုံ၊ ဖူဂျီဆပ်ပြာစက်ရုံကြားက စက်ရုံကြီးကို ကျောင်းယောင်ဆောင်ထားတာ တွေ့လိုက်ရတဲ့သကာလ ရုပ်ရှင်တွေကြည့်ပြီး တက္ကသိုလ်ဆိုတာကြီးကို စိတ်ကူးယဉ်နေတဲ့ ကျောင်းသူလေးခမျာ စိတ်ကူးနဲ့ ကွာဟလေတော့ ကျောင်းသွားဖို့ကို တီကောင်ဆားပက်သလို။ ဒုတိယနှစ်ကျတော့ RollCall က ပထမနှစ်ကလို မချောင်တော့လို့ ကျောင်းတက်ရာကနေ ကျောင်းပျော်ကြီး ဖြစ်သွားပြန်ရော။
ဘွဲ့ယူတဲ့နေ့
ပညာအမွေပဲ ပေးနိုင်တယ်ဆိုတဲ့ မိဘတွေ ပျော်တပြုံးပြုံးဖြစ်ချိန်မှာ စန်းထွန်းကတော့ ဘွဲ့ယူဖို့ ပြင်ဆင်ရတာ ပင်ပန်းလွန်းလို့ နောက်များဆို အဝေးရောက်ဘွဲ့ယူချင်မိသွားတယ်။
နာဂစ်မုန်တိုင်းတိုက်တဲ့နေ့
ရန်ကုန်မှာလည်း ကော့နေအောင် ခံရသလို ဟိုင်းကြီးကျွှန်းက မိဘနှစ်ပါးအတွက်လည်း အသက်ရှင်သလား မသိရလို့ အထိတ်တလန့်လန့်။ စိတ်ကြိုက်မုန့်ထုပ်၊ ကျားပျံကိတ်မုန့်လေး ကျွှေးတော့ ရေစိုတဲ့ဆန်နဲ့ ချက်ထားတဲ့ ထမင်းဝါဝါကြီးရယ်၊ ငါးပိဖုတ်လေးနဲ့ စားနေရတာ သုံးရက်ရှိပြီ။ မုန့်လေးက စားလို့ကောင်းလိုက်တာ ဆိုပြီး တလုတ်စာပေးပဲဖြစ်ဖြစ် စားစေချင်တဲ့စိတ်နဲ့ သူ့တပည့်တွေကို မျှဝေနေတဲ့ ဖေ့ကို တွေ့တော့ ရင်ထဲမကောင်းလိုက်တာ။ အသက်ရှိနေသေးရင် ပစ္စည်းဥစ္စာက ဘယ်အချိန်ချိန်ပြန်ရှာရှာ ရှာလို့ရတယ်လို့ သဘောပေါက်သွားချိန်၊ ကမ္ဘာပျက်သွားချိန်၊ ရက်စက်ယုတ်မာမှု၊ လူသားဆန်စွာ အသက်ရှင်သန်လိုမှုတွေကို မျက်ဝါးထင်ထင်မြင်လိုက်ရတဲ့အချိန်ပေါ့။
စင်္ကာပူကို လာတဲ့နေ့
လေယာဉ်ဆိုတာ ပထမဆုံးစီးဖူးတဲ့နေ့။ မေကတော့ ပြောပါတယ် စန်းထွန်းမွေးပြီး ၆လသမီးမှာ ရခိုင်ပြည်နယ်ကနေ ရန်ကုန်လာတော့ လေယာဉ်စီးဖူးတယ်ဆိုပဲ။ ပိစိကွေးဆိုတော့ ဘယ်မှတ်မိမှာတုန်း။ မကြီးကြိုက်တဲ့ သရက်သီးတွေ HandCarry အပြည့်သယ်ခဲ့တာတော့ မှတ်မှတ်ရရ။
စင်္ကာပူမှာဘွဲ့ယူတဲ့နေ့
မြန်မာပြည်မှာတုန်းကလို မဟုတ်ဘဲ ပျော်ပျော်ပါးပါး ဘွဲ့ယူတဲ့ နေ့လေးပါပဲ။ ကျောင်းသားတွေအားလုံး ဘွဲ့ဦးထုပ်ကို မြှောက်ပြီးဖမ်း၊ လက်ဝှေ့ရမ်းပြီး ဓာတ်ပုံရိုက်ခဲ့ရတာ ပျော်ဖို့အကောင်းသား။ မိသားစုစုံစုံညီညီရှိတာကြောင့်လဲ ပါမယ်ထင်ပါတယ်။
စတိတ်လာတဲ့နေ့
စင်္ကာပူကနေ ဟောင်ကောင်ရောက်တဲ့အထိ ၃နာရီလုံး ဝမ်းနည်းကြေကွဲစွာ ငိုကြွေးနေခဲ့ပါတယ်။ ဟောင်ကောင်ကနေ ချီကာဂိုလေယာဉ်ပြောင်းတော့ နံှပြည်စုတ်သာသာ လေယာဉ်တွေစီးဖူးတဲ့ စန်းထွန်းတယောက် ဘိုးအင်းနှစ်ထပ် လေယာဉ်အကြီးကြီးကို တွေ့တော့ ငိုတာတွေရပ်လို့ စူးစမ်းပါတော့တယ်။ ခပ်တည်တည်နဲ့ အပေါ်ထပ်ကို မှားတက်သယောင်နဲ့ စပ်စုလိုက်သေးတယ်။ ခုံတိုင်း ကွန်ပျူတာတွေနဲ့ ကျယ်ပါ့ ။
ပစိဖိတ်သမုဒ္ဒရာကြီးကို ဖြတ်နေတယ်လို့ ဖန်သားပြင်မှာတွေ့တော့ ဒီအချိန် လေယာဉ်ပျက်ကျရင် ငါတော့ ဂန့်ပြီလို့ တွေးကြောက်လိုက်သေးတယ်။ မီးသီးခလုတ်လေးနှိပ်လိုက်တော့ မီးလင်းလာတယ်။ နားကြပ်လေးက နားထောင်ဖို့။ ဟုတ်ပြီ လူပုံလေးက ဘာပါလိမ့်။ နှိပ်တယ် ဘာမှမထူးခြားဘူး။ ထပ်နှိပ်တယ်။ နောက်တော့မှ လေယာဉ်မယ်လေးက ဘာအလိုရှိပါသလဲရှင်တဲ့။
ဝမ်းနည်းကြေကွဲမှု၊ စိုးရိမ်ထိတ်လန့်မှုတွေနဲ့အတူ စူးစမ်းချင်မှုတွေနဲ့ ရင်မောနေရလို့ အမှတ်တရနေ့စွဲလေးပါပဲ။ ကျောင်းရောက်လို့ ခုတင်ပေါ် ပစ်လှဲမှပဲ စိတ်ဒုံးဒုံးချနိုင်တော့တယ်။
ကားမောင်းလိုင်စင်ရတဲ့နေ့
အခက်အခဲတွေ၊ စိတ်ပျက်လက်ပျက်ဖြစ်တာတွေ၊ ခံပြင်းမှုတွေနဲ့အတူ ဆူနမ်တို့တွေက ၄ ကြိမ်မြောက်မှာ ရပေမဲ့ သူများထက် ပိုခက်ခဲလေ့ရှိတဲ့ စန်းထွန်းထုံးစံအတိုင်း ၆ကြိမ်မြောက်မှာတော့ ရရှိသွားပါတယ်။ ဒါတောင် တခြားပြည်နယ်တွေမှာ လိုင်စင်လျှောက်ဖို့ အရမ်းခက်လို့၊ အကြိမ်ကြိမ်ကြိုးစားနေလို့၊ သနားငဲ့ညှာသောအားဖြင့် မပေးချင်ပေးချင်နဲ့ ကျောင်းကမထွက်ခွာခင် ၂ရက်အလိုမှာမှ ရလိုက်တာပါ။
ချောကလက်တထုပ်ဝယ်ပြီး တွေ့သမျှသူငယ်ချင်းတွေကို ပေးကာ ဒီနေ့ ကားမောင်းလိုင်စင်ရလို့ ကွန်ကရက်လုပ်နေတာဆိုပြီး ပါးစပ်နားရွှက်ချိတ်လုမတတ် ပြုံးဖြီးဖြီးနဲ့ စန်းထွန်းတယောက် တရွက်ကွက်လုံးကြားအောင် မောင်းထုနေခဲ့ပါတယ်။
ကျောင်းကထွက်ခွာတဲ့နေ့
နေသားတကျရှိနေတဲ့နေရာကနေ ထွက်ခွာသွားရမယ်ဆိုတော့ ဝမ်းနည်းမူတွေနဲ့အတူ ဆူနမ်၊ မိုင်းတို့ကို တွေ့ရမှာမို့ ပျော်ရွှင်မှုတွေရယ် လွန်ဆွဲနေတဲ့ အမှတ်တရနေ့စွဲလေးပါပဲ။
ကဲ သမံစီးရေ ရေးပြီးပြီနော်။ တို့မောင်လေးကို အပိုင်မစီးနဲ့တော့။
အကယ်၍များ စာလာဖတ်နေသူသည် ဝါသနာအရ ဘလော့တွင် စာရေးသားနေသူဖြစ်ပါက စာဖတ်သူအား တဂ်လိုက်ပါသည်။
(ကျောင်းမှ ထွက်ခွာသောနေ့ အမှတ်တရ ဒီပို့စ်လေးကို ရေးသားပါသည်)
စန်းထွန်း
ဖေဖေါ်ဝါရီ ၁၀၊ ၂၀၁၂။
14 comments:
ချစ်တဲ့
jasmine
နာဂစ်အမှတ်တရ၊ သဘောင်္လွဲ၊ အိမ်ရွှေ့ ခံရတာကလွဲရင်အားလုံး စိတ်လှုပ်ရှားစရာ
ပျော်ရွှင်စရာ
အိုင်အိုရာ
စန်းစန်းလိုစာတော်ချင်ခဲ့တာ ဒါပေမယ့်မှတ်ဥာဏ်က
မေတ္တာဖြင့်
အန်တီတင့်
ဘလော့ဂါတွေက....
ချစ်ခင်လျှက်
မိစံ
စံပယ်ချို said...
ဘဝရဲ့ ဖြတ်သန်းခဲ့ရပုံ
ရိုးရိုးရှင်းရှင်းလေးရေးပြထားတာကြိုက်တယ်
မိသားစုပုံလေးကိုလဲ သဘောကျမိပါတယ်
ချစ်တဲ့
jasmine
February 10, 2012 at 4:54 AM
ဘိုဖြူ said...
မိသားစုပုံထဲမှာကြည့်ရတာ အမစန်းထွန်းက အမေတူထင်တယ်
မိသားစုတွေ ပျော်စရာကြီး
February 10, 2012 at 7:01 AM
Rita said...
စန်းထွန်းရေးတာလေးတွေကို ဖတ်ရတာ ကြိုက်တယ်။ ဖတ်ဖို့တွေ ကျန်သေးတယ်။
February 10, 2012 at 7:40 AM
Angelhlaing(May everybody be happy and healthy! said...
ကျေနပ်ဖွယ် အမှတ်တရလေးတွေပါလာ းစန်းထွန်းရေ.. ပျော်စရာကြီး...:):)
February 10, 2012 at 9:35 AM
ပျိုးယုဝသုန် (Pyo Yu Wathone) said...
ရေးထားတာလေးဖတ်ကြည့်ရုံနဲ့တင်သတိထားမိတာကမိသားစုကိုတော်တော်သံယောဇဉ်ကြီးတဲ့မိန်းကလေးပဲ
February 10, 2012 at 2:49 PM
Anonymous said...
နာဂစ်အမှတ်တရ၊ သဘောၤလွဲ၊ အိမ်ရွှေ့ခံရတာကလွဲရင်အားလုံး စိတ်လှုပ်ရှားစရာ
ပျော်ရွှင်စရာ
အားကျစရာတွေပါ စန်းထွန်းရေ။
အိုင်အိုရာ
February 10, 2012 at 3:48 PM
mstint said...
စန်းစန်းလိုစာတော်ချင်ခဲ့တာ ဒါပေမယ့်မှတ်ဉာဏ်က
ငယ်ငယ်ထဲကနည်းလွန်းတယ်လေ း)စန်းစန်းက
စာတော်တဲ့သူတွေကြားမှာ အဆင့် ၂၀။ တီတင့်က
စာမေးပွဲတိုင်း မျဉ်းစီးပြီးထွက်တာလေ :P
သူများတွေစာတော်တာကိုအရမ်းအားကျခဲ့တယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
February 10, 2012 at 8:14 PM
ညီရဲ said...
အားကျဖွယ် အမှတ်တရလေးတွေကို လာဖတ်သွားပါတယ်ဗျာ...
February 11, 2012 at 12:15 AM
ဟန်ကြည် said...
စန်းထွန်းက ဦးဟန်ကြည်တို့ထက် ဂျူနီယာကျတာကိုး...
စန်းထွန်းရဲ့ အမှတ်တရတွေဖတ်ရင်း ကိုယ့်ဘဝရဲ့ အမှတ်တရတွေကိုပါ ပြန်တွေးမိသွားတယ်...
ပုသိမ်မှာသွားဖြေလို့ နားကြပ်ကြီး တကားကားဖြစ်ရင် ဦးဟန်ကြည်တို့လို စိတ်ညစ်နေရမှာပေါ့ကွယ်...သက်မဲ့ကွန်ပျူတာပဲ ချစ်စရာကောင်းပါတယ်...း)
February 11, 2012 at 10:19 PM
Anonymous said...
တက်ပို့တွေဖတ်ရင်းဖတ်ရင်းသိလာရတယ်
ဘလော့ဂါတွေက....
ပေါ့သေးသေးတော့ဟုတ်ဘူးဆိုတာ.. း)
နောက်နှစ်ရက်မြောက်နေ့ရောက်ရင်
အမှတ်တရ..ဘာရေးဦးမှာလဲနော် း)
ပျော်ရွှင်ပါစေ..မကြီးစန်းရေ...
ချစ်ခင်လျှက်
မိစံ
February 12, 2012 at 6:29 AM
မေဓာဝီ said...
ဒီပို့စ်လေးက ချစ်ဖို့လဲကောင်း၊ ပျော်ဖို့လဲ ကောင်း၊ စိတ်လှုပ်ရှားစရာလဲ ကောင်းတယ်။ ရသစုံပဲ။
စန်းထွန်းက ငယ်ကတည်းက တော်တယ် ... ။ ရှေ့လျှောက်လဲ အစစ အဆင်ပြေပါစေ စန်းထွန်းလေး ... ။
February 12, 2012 at 9:45 AM
မအိမ်သူ said...
ဒီပို့စ်လေးက အရမ်း စိတ်ဝင်စားဖို့ကောင်းတယ်။ ဘဝရဲ့ အမှတ်တရနေ့စွဲလေးတွေကို ပီပီပြင်ပြင်ခြယ်မှုန်းထားလို့.. ဖတ်လို့ကောင်းလိုက်တာ။
ကျောင်းကထွက်ခွာပြီဆိုတော့ လက်တွေ့ဘဝထဲ ဝင်ရတော့မယ်ပေါ့။ အရာရာအောင်မြင်ပါစေလို့ ဆုတောင်းပေးတယ်ညီမရေ။
February 13, 2012 at 10:10 AM
မြစ်ကျိုးအင်း said...
နောက်ထပ် အမှတ်တရနေ့တွေ ထပ်ပေါ်လာရင် ဒီပို့စ်ထဲမှာဖြစ်ဖြစ် ထပ်တိုးသွားပေါ့။ တခါတခါတော့ ငယ်ငယ်က အကြောင်းတွေ သတိရတယ်။ တခါတခါ ပြန်စဉ်းစားတော့လည်း မေ့သွားပြန်ရော။ သတိရတိုင်း မှတ်ထားရမလို ဖြစ်နေပြီ။
February 14, 2012 at 2:07 PM
Post a Comment