ဖတ်ပြီးတဲ့ စာအုပ်တွေ - ၆

ဖတ်ပြီးတဲ့စာအုပ်တွေ - ၅ ကို ၂၀၂၀ မေမှာ ရေးခဲ့တာဆိုတော့ ကိုယ်စာမဖတ်ဖြစ်တာ တော်တော်ကြာပြီ။ တလရအတွက် ဗော်လန်တီယာအလုပ်တွေနဲ့ အလုပ်များ၊ ကိုဗစ်ကာလ အိမ်ကနေ အလုပ်လုပ်တော့ စာကြည့်တိုက် မသွားဖြစ်တာလည်းပါတယ်။ ခုတော့ အရင်လိုပြန်ဖြစ်လာပြီဆိုတော့ ရုံးကိုသွားရင် စာကြည့်တိုက်မှာ စာအုပ်ဝင်ယူ၊ စာအုပ်ဝင်အပ်ဆိုတော့ အဆင်ပြေတယ်။  ၂၀၂၁ ဧပြီ ထိုင်းသွားလည်တုန်းက အဖေက အသိမ်းလွန်ပြီး Kindle ရန်ကုန်ပါသွားတယ်။ သူငယ်ချင်း၊ အသိမိတ်ဆွေတွေက ဖတ်ဖို့ညွှန်းတဲ့စာအုပ်တွေတော့ ဖတ်ဖြစ်အောင်ဖတ်တယ်။

အသိညီမ ဖေ့ဘွတ်မှာညွှန်းလို့ ဖတ်ဖြစ်ပါတယ်။ နာမည်ကျော် ဗီယက်နမ်ဘုန်းကြီး သစ်နက်ဟန်ရဲ့စာအုပ်။ ပေးချင်တဲ့ message က ကောင်းပေမဲ့ အရေးအသားက ပျင်းဖို့ကောင်းတယ်။ ဝိုင်းက သူလည်း မကြိုက်ဘူးတဲ့။

မခိုင်အမျိုးသားငှားလိုက်တဲ့ စာအုပ်လေးပါ။ အရေးအသားထိမိ အတော်ကောင်းတဲ့ စာအုပ်လေး။ ၁၉၉၉ ဆရာကြီးဦးမြကြိုင် အင်္ဂလိပ်စာသင်တန်းတက်တုန်းက စာဖတ်တဲ့သူတွေ ညွှန်းကြတဲ့စာအုပ်လေး။ အဲဒီတုန်းကလည်း ဖတ်တယ် ပျင်းဖို့ကောင်းလိုက်တာဆိုပြီး ပြီးအောင်တောင် ဖတ်ရဲ့လားမသိဘူး။ ခုဖတ်တော့ အမလေး ကောင်းလိုက်တာဆိုပြီး အိမ်ကစာအုပ်စင်မှာ ထားရမယ်ဆိုပြီး အိမ်ကိုမှာနေတယ်။

အသိညီမလေးညွှန်းလို့ ဖတ်ကြည့်တာ တော်တော်ကောင်းတယ်။ မိဘနဲ့သားသမီး၊ လင်မယား၊ ချစ်သူ၊ သူငယ်ချင်းမိတ်ဆွေတွေကြားထဲက ပေါင်းသင်းဆက်ဆံရေး အဆင်ပြေဖို့အင်မတန် အရေးကြီးပါတယ်။ အဆင်မပြေရင် စိတ်ညစ်ရတယ်။ ကိုယ့်ကိုစိတ်ဒုက္ခပေးနိုင်တာ ကိုယ့်အနီးအနားကလူတွေပဲ။ love language ကိုမသိကြတော့ အဆင်မပြေ။ စာအုပ်လေးက ပါးပါးလေး ဖတ်ကြည့်ပါ အင်မတန်ကောင်းတယ်။

ဝိုင်းညွှန်းတဲ့စာအုပ်ပါ။ အသက် ၃၀ ကျော် အရမ်းတော်တဲ့ ဦးနှောက်ခွဲစိတ်အထူးကုဆရာဝန် ဦးနှောက်ကင်ဆာဖြစ်တော့ ခံစားရတာတွေ ရေးထားတာ။ သူခံစားရတာကို နားလည်ကိုယ်ချင်းစာတယ်။ ရေးတဲ့အရေးအသားကလည်း ကဗျာတပုဒ်ဖတ်ရတာလား ထင်ရတယ်။ တချို့စာသားတွေကြိုက်လို့ နှစ်ခေါက်ပြန်ဖတ်တယ်။ သေသွားတာ နှမြောလိုက်တာ သူ့လက်ရာတွေ ဖတ်ချင်လိုက်တာ။

Happy Reading!

စန်းထွန်း

ဖေဖေါ်ဝါရီ ၂၅၊ ၂၀၂၃။

စန်ထရယ်ပါ့ခ် ၂၀၂၂ - ၂

၂၀၂၂ စက်တင်ဘာ ၂၅ စန်ထရယ်ပါ့ခ်ပန်းခြံမှာ လမ်းသွားလျှောက်ဖြစ်တယ်။ နွေရာသီဆိုတော့ သစ်ပင်ပန်းမန်တွေနဲ့ သာယာတယ်။ ဇွန်လကုန်မှာ အိမ်ပြောင်းဖြစ်တယ်။ အပင်တွေ ဝယ်တယ်၊ စိုက်တယ်၊ သေတယ်၊ သေမလိုဖြစ်တယ်၊ ပြန်ရှင်တယ်နဲ့ လုံးလည်လိုက်နေတာပဲ။ မနက်တိုင်း အစာကျွှေးတာကို စောင့်နေကြတဲ့၊ အစာခွက်ကိုင်ပြီး ထွက်လာရင် ပြေးကြိုကြတဲ့ ငှက်ကလေးတွေ သတိရမိသား။ ပြောင်းလာမဲ့သူကိုတော့ အစာမကျွှေးရင်တောင် ရေတော့တိုက်ပါလို့ မှာခဲ့တယ်။ လုံးခြင်းအိမ်နဲ့ နေရတဲ့အခါ ခွေးနှစ်ကောင်၊ ကြောင်တကောင် မွှေးမယ်။ ငှက်စာကျွှေးမယ်၊ အပင်စိုက်မယ်၊ ဒန်းလေးလုပ်မယ်လို့ စိတ်ကူးထားတယ်။

စန်းထွန်း

ဖေဖေါ်ဝါရီ ၂၀၊ ၂၀၂၃။

ဘယ်ဖက်အစွန်ဆုံး z အပင်က ရေလောင်းတာများလို့ သေမလိုဖြစ်လိုက် ပြန်ရှင်လိုက်
ဂမုန်းပင်ကတော့ အရင်ကရေထည့်ပြီးစိုက်တာ
ညာဖက် ၂ ပင်ကတော့ အသစ်ဝယ်ထားတာ
ဘယ်ဖက်အစွန်ဆုံး စံပယ်ပင်က ၂၀၁၇ ကတည်းက တခါမှမပွင့်ဘူး...
အရိုးတွေအကုန်ညှပ်လိုက်တော့မှ စံပင်ပွင့်လေး အခုထွက်လာတယ်...
ပိုးကျလို့ ယူကျူကြည့်ပြီး ဆေးတွေဖြန်းနေရတယ်...
အလယ်က ၂ ပင်က အသစ်...ညာဖက်အစွန်ဆုံး peace lily လည်း သေမလိုဖြစ်လိုက် ပြန်ရှင်လိုက်
ညာဖက်အစွန်ဆုံး ယုဇနပန်းပင်က ၂၀၁၇ ကတည်းက နွေရာသီရောက်တာနဲ့ ပွင့်ပြီပဲ...
ခုတော့ ပိုးကျလို့ သေသွားပြီ နှမြောလိုက်တာ..
စံပယ်ပင်က မြန်မာစျေးရောင်းပွဲက ၃၀ နဲ့ ဝယ်လာတာ.. ခုတော့ ပိုးနဲ့နပန်းသတ်နေတာ ရှင်မဲ့ပုံပဲ...
ivy က အသစ် palm tree က အိမ်အဟောင်းကတည်းက
အပေါ် ၂ ပင်နဲ့ အောက်ဘယ်ဖက်အစွန်က အသစ်...
snake plant က ရေလောင်းများလို့ ခုတော့ တရွက်ပဲ ကျန်တော့တယ်..
ပန်းရောင်စုံ သစ်ပင်စားပင်မျိုးစုံပွင့်တဲ့ ဥယျာဥ်လိုချင်တာ..
gardening skill ကတော့ မြင်တဲ့အတိုင်းပဲ

နွေဦးတော်လှန်ရေး - ၂၄

၂၀၂၂ စက်တင်ဘာ ၁၇ UN Credentials Campaign နယူးယောက်မှာ နေ့လည် ၁ နာရီကနေ ညနေ ၅ နာရီခွဲအထိ ချီတက်ဆန္ဒပြကြတယ်။ ယူအန်အစည်းအဝေးကျင်းပချိန် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်ထားရေး တောင်းဆိုကြတာ။ မေရီလန်း၊ ဝါရှင်တန်၊ ဗာဂျီးနီးယား၊ ပန်ဆယ်ဗေးနီးယား အနီးအနားပြည်နယ်၊ ကန်တက်ကီ၊ မစ်ချီကန်၊ ကယ်လီဖိုးနီးယား ဝေးတဲ့ပြည်နယ်တွေကလဲ လာကြတယ်။ ဘေးနားကကောင်လေးဆို ဖလော်ရီဒါပြည်နယ်ကနေ လာတာတဲ့ ချီးကျူးမိတယ်။ မက်ဟန်တန် ၁၄ လမ်းကနေ လမ်း ၅၀ အထိ ချီတက်ကြတာ လူ ၅၀၀ ကျော် လာတယ်။ ကြွေးကြော်သံတိုင်ပေးတဲ့ ကောင်မလေးက ဒီစီက။ ဒီစီပွဲတွေဆို သူတိုင်ပေးတာ အသံပါဝါကောင်းကောင်း အားမာန်အပြည့်နဲ့ မောသွားတယ်မရှိဘဲ တိုင်ပေးတာ။ ယူအန်ရုံးနားမှာ အဆုံးသတ်တော့ ထမင်းထုပ်လေးတွေ ဝေတယ်။ ဗိုက်ဆာဆာနဲ့ စားလိုက်တာ အတော်စားကောင်းတယ်။ ချဥ်ပေါင်ကြော်ထုပ်ရတဲ့ အကိုတွေအမတွေက ဝငှပေးလို့ ချဥ်ပေါင်ကြော်စားရတယ်။ အကြိုက်ဆုံးအစားအစားပဲလေ။ zoom မီတင်းမှာပဲ ဆုံကြတဲ့ ဗော်လန်တီယာမောင်နှမတွေ အပြင်မှာဆုံတော့ တွေ့ဆုံနှုတ်ဆက်ကြ။ ပွဲပြီးတော့ ဗော်လန်တီယာအဖွဲ့နဲ့ ကိုရီးယားတန်းမှာ သွားစားတယ်။ နောက်နေ့ကျတော့ ခြေထောက်နာလို့ ရေနွေး၊ ဆားခါး (Epson Salt) စိမ်ရတယ်။ ကိုယ်တွေ ပင်ပန်းတယ်ဆိုတာ PDF လေးတွေ ပင်ပန်းတာနဲ့ယှဥ်ရင် မြူမှုန်လောက်တောင် မရှိဘူး။ PDF လေးတွေက အသက်ပေး၊ ဘဝတခုလုံးပေးပြီး တလရအတွက် လုပ်နေတာ။

အရေးတော်ပုံ အောင်ရမည်!

စန်းထွန်း

ဖေဖေါ်ဝါရီ ၁၁၊ ၂၀၂၃။

နွေဦးတော်လှန်ရေး - ၂၃

၂၀၂၂ ဇူလှိုင် ၉ စနေနေ့ ကွင်းကောလိပ်အတွင်းက LeFrak Concert Hall မြန်မာနွေဦး အနုပညာညချမ်းပွဲ ရှိတယ်။ မခိုင်က သွားကြည့်ရအောင်လို့ အဖေါ်ညှိတာနဲ့ သွားကြည့်ဖြစ်တယ်။ ပန်ဆယ်ဗေးနီးယား မခိုင်သူငယ်ချင်း ၄ ယောက်အတွက်လည်း လက်မှတ်ဝယ်ပေး။ လက်မှတ်တစောင် ၁၀၀ ကနေ ၅၀၀ အထိရှိတယ်။ ၂ နာရီကျော်ဝေးတဲ့ ပန်ဆယ်ဗေးနီးယားကနေ လာဂွာရီးယားလေဆိပ်ကို မှားဝင် ကိုယ့်ကိုဝင်ခေါ် ကွင်းကောလိပ်မှာတင် မှားလို့ပတ်မောင်းနေတာ လေးခေါက်။ နောက်ဆုံးပွဲစီစဥ်တဲ့သူတွေကို လှမ်းမေးတော့မှပဲ ညနေ ၆ နာရီမှာရောက်တယ်။ ပွဲက ၅ နာရီစရမှာ နည်းပညာအခက်အခဲရှိလို့ ၆ နာရီကျော်မှ စတယ်။ SMS အဖွဲ့ကလူတွေနဲ့ ခင်နေတော့ အမှတ်တရ ဓာတ်ပုံရိုက်။ နောက်တော့ အဲ့ဒီအဖွဲ့ထဲ ဝင်ဖြစ်သွားတယ်။ ပို့စ်တင်တဲ့အခါ စာလုံးအမှား၊ အဖြတ်အတောက်တွေ တည်းဖြတ်၊ တခါတလေဝင်ရေး၊ နည်းနည်းပါးပါး ဝင်ကူဖြစ်တယ်။ ခုတော့ ဆန္ဒပြတဲ့အခါ အရင်လိုတယောက်တည်း မဟုတ်တော့ဘူး။ ဘော်ဘော်တွေနဲ့အတူ တပျော်တပါး လက်သီးလက်မောင်းတန်း အသားကုန် အော်ဟစ်နေပြီ။ အဖွဲ့ကလူတွေနဲ့ မောင်နှမတွေလိုပဲ။  အဖွဲ့ထဲက အမတယောက်၊ သူ့ညီမနဲ့အတူ မြောက်ကာရိုလိုင်းနားပြည်နယ် Outer Banks ကို ခရီးထွက်ပြီးသွားပြီ။ အဲ့ဒီအကြောင်း နောက်ပို့စ်မှပဲ တင်ပါတော့မယ်။ တောင်းပန်ရေးဝန်ကြီးဌာနလို့ ကိုယ်တို့နာမည်ပြောင်ပေးထားတဲ့အဖွဲ့မှာတော့ ရီပို့တင်း၊ တောက်တိုမယ်ရတာဝန်တွေကို ပြာတာရာထူးနဲ့ ထမ်းဆောင်ပါတယ်။ အဖွဲ့ကကြီးသလို တလရအတွက် ထောက်ပို့ငွေတော်တော်များများ ရှာဖွေပေးနိုင်အောင် လုပ်ဆောင်ပေးတယ်။ နိုင်ငံတကာက မြန်မာဗော်လန်တီယာတွေနဲ့ လုပ်ဆောင်ရတာ ဗဟုသုတအင်မတန်ရတယ်။ ဗော်လန်တီယာ အလုပ် ၂ ခုနဲ့ ပင်ပန်းပေမဲ့ ပျော်ပါတယ်။

စန္ဒရားခင်နုနု အသက် ၇၀ ကျော်တဲ့ ခပ်ဟော့ဟော့ ခပ်မိုက်မိုက်။ အကယ်ဒမီမေဝင်းမောင်က အရင်အတိုင်း အေးအေးပဲ။ သူတို့ကို သေချာမသိဘူး ကိုယ်တွေက ရန်အောင်၊ ရဲအောင်ခေတ်မှာ ကြီးတာကိုး။ နောက်ကျပြီးမှ စပေမဲ့ ၉ နာရီခွဲ ပြီးရမှာမို့ ခပ်သုတ်သုတ်ပဲ။ "ဒီဇင်ဘာည" အဆိုတော် လင်းနစ်ကိုတော့ ကြိုက်တယ်။ မယ်လိုဒီဝေါလ်အဆိုတော် ကျော်သီဟတော့ မသိဘူး။ ဘရော့ဝေးပွဲတွေလို dress code နဲ့ လှတပတ ကိုယ်ကသာ ပဲများသွားတာ အကုန်လုံးက ရိုးရိုးအဝတ်အစားတွေနဲ့။ တော်သေးတယ် အစတုန်းက ကြိုးတချောင်းနဲ့ ပဲများမလို့။ အဲ့ဒီအနက်ရောင်ဘောလုံးဂါဝန်လေးကို အရမ်းကြိုက်တယ် Marks & Spencer က။ အိတ်အနီရောင်ကတော့ Versace မကြီးမွေးနေ့လက်ဆောင်ပေးတာ။ သေးလို့ ဘာမှထည့်လို့မရဘူး ဓာတ်ပုံရိုက်ရုံအတွက်ပဲ။

အရေးတော်ပုံ အောင်ရမည် !

စန်းထွန်း

ဖေဖေါ်ဝါရီ ၄၊ ၂၀၂၃။