နွေဦးတော်လှန်ရေး - ၂၃

၂၀၂၂ ဇူလှိုင် ၉ စနေနေ့ ကွင်းကောလိပ်အတွင်းက LeFrak Concert Hall မြန်မာနွေဦး အနုပညာညချမ်းပွဲ ရှိတယ်။ မခိုင်က သွားကြည့်ရအောင်လို့ အဖေါ်ညှိတာနဲ့ သွားကြည့်ဖြစ်တယ်။ ပန်ဆယ်ဗေးနီးယား မခိုင်သူငယ်ချင်း ၄ ယောက်အတွက်လည်း လက်မှတ်ဝယ်ပေး။ လက်မှတ်တစောင် ၁၀၀ ကနေ ၅၀၀ အထိရှိတယ်။ ၂ နာရီကျော်ဝေးတဲ့ ပန်ဆယ်ဗေးနီးယားကနေ လာဂွာရီးယားလေဆိပ်ကို မှားဝင် ကိုယ့်ကိုဝင်ခေါ် ကွင်းကောလိပ်မှာတင် မှားလို့ပတ်မောင်းနေတာ လေးခေါက်။ နောက်ဆုံးပွဲစီစဥ်တဲ့သူတွေကို လှမ်းမေးတော့မှပဲ ညနေ ၆ နာရီမှာရောက်တယ်။ ပွဲက ၅ နာရီစရမှာ နည်းပညာအခက်အခဲရှိလို့ ၆ နာရီကျော်မှ စတယ်။ SMS အဖွဲ့ကလူတွေနဲ့ ခင်နေတော့ အမှတ်တရ ဓာတ်ပုံရိုက်။ နောက်တော့ အဲ့ဒီအဖွဲ့ထဲ ဝင်ဖြစ်သွားတယ်။ ပို့စ်တင်တဲ့အခါ စာလုံးအမှား၊ အဖြတ်အတောက်တွေ တည်းဖြတ်၊ တခါတလေဝင်ရေး၊ နည်းနည်းပါးပါး ဝင်ကူဖြစ်တယ်။ ခုတော့ ဆန္ဒပြတဲ့အခါ အရင်လိုတယောက်တည်း မဟုတ်တော့ဘူး။ ဘော်ဘော်တွေနဲ့အတူ တပျော်တပါး လက်သီးလက်မောင်းတန်း အသားကုန် အော်ဟစ်နေပြီ။ အဖွဲ့ကလူတွေနဲ့ မောင်နှမတွေလိုပဲ။  အဖွဲ့ထဲက အမတယောက်၊ သူ့ညီမနဲ့အတူ မြောက်ကာရိုလိုင်းနားပြည်နယ် Outer Banks ကို ခရီးထွက်ပြီးသွားပြီ။ အဲ့ဒီအကြောင်း နောက်ပို့စ်မှပဲ တင်ပါတော့မယ်။ တောင်းပန်ရေးဝန်ကြီးဌာနလို့ ကိုယ်တို့နာမည်ပြောင်ပေးထားတဲ့အဖွဲ့မှာတော့ ရီပို့တင်း၊ တောက်တိုမယ်ရတာဝန်တွေကို ပြာတာရာထူးနဲ့ ထမ်းဆောင်ပါတယ်။ အဖွဲ့ကကြီးသလို တလရအတွက် ထောက်ပို့ငွေတော်တော်များများ ရှာဖွေပေးနိုင်အောင် လုပ်ဆောင်ပေးတယ်။ နိုင်ငံတကာက မြန်မာဗော်လန်တီယာတွေနဲ့ လုပ်ဆောင်ရတာ ဗဟုသုတအင်မတန်ရတယ်။ ဗော်လန်တီယာ အလုပ် ၂ ခုနဲ့ ပင်ပန်းပေမဲ့ ပျော်ပါတယ်။

စန္ဒရားခင်နုနု အသက် ၇၀ ကျော်တဲ့ ခပ်ဟော့ဟော့ ခပ်မိုက်မိုက်။ အကယ်ဒမီမေဝင်းမောင်က အရင်အတိုင်း အေးအေးပဲ။ သူတို့ကို သေချာမသိဘူး ကိုယ်တွေက ရန်အောင်၊ ရဲအောင်ခေတ်မှာ ကြီးတာကိုး။ နောက်ကျပြီးမှ စပေမဲ့ ၉ နာရီခွဲ ပြီးရမှာမို့ ခပ်သုတ်သုတ်ပဲ။ "ဒီဇင်ဘာည" အဆိုတော် လင်းနစ်ကိုတော့ ကြိုက်တယ်။ မယ်လိုဒီဝေါလ်အဆိုတော် ကျော်သီဟတော့ မသိဘူး။ ဘရော့ဝေးပွဲတွေလို dress code နဲ့ လှတပတ ကိုယ်ကသာ ပဲများသွားတာ အကုန်လုံးက ရိုးရိုးအဝတ်အစားတွေနဲ့။ တော်သေးတယ် အစတုန်းက ကြိုးတချောင်းနဲ့ ပဲများမလို့။ အဲ့ဒီအနက်ရောင်ဘောလုံးဂါဝန်လေးကို အရမ်းကြိုက်တယ် Marks & Spencer က။ အိတ်အနီရောင်ကတော့ Versace မကြီးမွေးနေ့လက်ဆောင်ပေးတာ။ သေးလို့ ဘာမှထည့်လို့မရဘူး ဓာတ်ပုံရိုက်ရုံအတွက်ပဲ။

အရေးတော်ပုံ အောင်ရမည် !

စန်းထွန်း

ဖေဖေါ်ဝါရီ ၄၊ ၂၀၂၃။

No comments: