စင်္ကာပူသွား တောလား ...



စင်္ကာပူအမျိုးသားတက္ကသိုလ်(NUS)က ကမ္ဘာ့ပေါ်က အကောင်းဆုံး တက္ကသိုလ် ၁၀၀ထဲမှာ နံပါတ် ၂၇။ အာရှမှာတော့ နံပါတ် ၃။ Institute of System Science (ISS) ကတော့ NUS အောက်က ကျောင်းပေါ့။ မြန်မာပြည်က ကွန်ပျူတာတက္ကသိုလ်ကြီးနဲ့တော့ သွားမယှဉ်နဲ့ပေါ့။ ISS က GDipSA course တနှစ်မှာ ဖဖေါ်ဝါရီ၊ သြဂုတ် နှစ်တန်း ဖွင့်ပါတယ်။ Grading၊ Transcript နဲ့အတူ Essay နှစ်ပုဒ်ပါ တွဲတင်ရတယ်။ Non-refundable စင်္ကာပူဒေါ်လာ ၄၀ + စာရွက်စာတမ်းတွေပို့ခ ပေးရတယ်။ ပြီးရင် ဝင်ခွင့် ဖြေရပါတယ်။ ၂၀၀၇ထိ မြန်မာပြည်မှာ ဖြေလို့ရပြီး နောက်တော့ စင်္ကာပူမှာ လာဖြေရပါတယ်။ တို့ဖြေခဲ့ရတာက ၂၀၀၇ မြန်မာပြည်မှာ နောက်ဆုံးဖြေတဲ့အသုတ်။ MICT Park မှာ ACCA စာမေးပွဲတွေ ဖြေတဲ့ မကြီးက အခန်းက အေးလွန်းလို့ ရှုးတောင် ပေါက်ချင်ပါသတဲ့။ ကြိုတင်သတင်းရလို့ အနွေးထည်ယူသွားတဲ့ တို့တော့ အနွေးထည်တောင် မဝတ်လိုက်ရပါဘူး။ အဲကွန်းခန်းထဲမှာ ချွှေး‌တွေပြိုပြိုက်ကျလို့။ မေးခွန်းက ခက်တာကိုး။ ဖြေခဲ့သမျှစာမေးပွဲမှာ ISSဝင်ခွင့် စာမေးပွဲက အခက်ဆုံးပဲ။

ရေးဖြေအောင်တော့ ဖုန်းနဲ့ အင်တာဗျူးပြန်တယ်။ မြန်မာပြည်ကနေ ခေါ်ရတာ။ ကျောင်း offer ရတော့လည်း သူတို့ပေးတဲ့ website ကို ဝင်ပြီး ဖြည့်ရပြန်တယ်။ စီနီယာကိုယ့်သူငယ်ချင်း ချိုချိုတို့ဆို အကောင်းမနေရ။ တို့တွေ မေးတာ ဖြေကြားရ၊ မသိရင် တခြားသူငယ်ချင်းတွေ မေးပေးပေါ့။ ဗီဇာဝင်ဖို့ သံရုံးဘယ်နေရာမှာတောင် ရှိမှန်းမသိ။ လမ်းညွှန်တဲ့သူက ဘယ်လိုညွှန်လဲဆိုတော့ ရွှေဂုံတိုင်မီးပွိုင့်နားက ဓမ္မဇေတီလမ်းမှာ လူတရုံးရုံးနဲ့ စည်ကားနေရင်၊ Qတန်း အရှည်ကြီးပဲဆိုရင် စင်္ကာပူသံရုံးပဲတဲ့။ မနက်အစော ၆နာရီခွဲပဲ ရှိသေးတယ် ကိုယ့်ထက် ဝီရိယကောင်းသူတွေက ရောက်နှင့်နေပြီ။ Qစီနေတုန်း လေယာဉ်လတ်မှတ် မပါရင် ဗီဇာလျှောက်လို့မရပါဆိုလို့ လေယာဉ်လတ်မှတ် ပြေးယူ။ ပွဲစားနဲ့လုပ်ရင်တော့ ပိုက်ဆံကုန်ပေမဲ့ လူသက်သာတာပေါ့။ နောက် တို့ဘွဲ့ယူဖို့ ဖေ၊ မေ၊ မောင်မောင်လာတော့ ပွဲစားနဲ့ပဲ လုပ်ခိုင်းလိုက်တော့တယ်။ မနက်၆နာရီခွဲလောက်ကနေ ၉နာရီလောက်အထိ မတ်တပ်ရပ်နေရတာ လူကြီးတွေ ဘယ်ရပ်နိုင်ပါ့မလဲ။

မြန်မာပြည်မှာကလည်း နေရာတကာ ပွဲစား။ နိုင်ငံကူးလတ်မှတ် လုပ်ချင်သလား၊ နိုင်ငံကူးလတ်မှတ်လုပ်ဖို့ အခွန်ဆောင်မလား၊ D-Form လုပ်မလား၊ Notri လုပ်မလား၊ ကားဝယ်မလား၊ အိမ်ဝယ်မလား၊ အိမ်ငှားမလား၊ ကားငှားမလား၊ ဖုန်းဝယ်မလား၊ ဖုန်းငှားမလား အားလုံးပွဲစားနဲ့မှ အဆင်ပြေတယ်။ လုပ်ရိုးလုပ်စဉ်အတိုင်းသွားရင် ကြာမယ်၊ အဟောက်ခံရမယ်။

ဆေးစစ်တော့လည်း သူတို့ အသိအမှတ်ပြုထားတဲ့ ဆေးခန်းမှာမှ စစ်ရတယ်။ တို့ကတော့ အရင်က Kenbangamလို့ ခေါ်တဲ့ ဆေးခန်းမှာ စစ်လိုက်တယ်။ အလုပ်ကနေ မထွက်ဘဲ ဆေးသွားစစ်တဲ့ ပြည့်ပြည့်တယောက် ဆေးကျပါလေရော။ တီဗွီ suspect တဲ့။ အမှန်က ပင်ပန်းနေလို့လေ။ နောက်တော့ အနားယူပြီး တခြားဆေးခန်းမှာ သွားစစ်တော့မှ အောင်ပါလေရော။

တလလုံး မနားရပါဘူး။ မနက်မိုးလင်း ထမင်းစားပြီးကတည်းက ထွက်လိုက်တာ ညနေစောင်းမှ အိမ်ပြန်ရောက်တယ်။ မနက်ဖြန်ပဲ သွားရတာ့မယ် အိမ်ကို ညကိုးနာရီအထိ ပြန်မရောက်သေးဘူး။ ဖေက စိတ်ပူလို့ ထွက်မျှော်နေပြီ။ အောင်ကြီး ၊အိကေ၊ ဘကြီး၊ အေးသက်တို့ကို နှုတ်ဆက်ပွဲ ကျင်းပနေတာ ဘူတာရုံလမ်းက ဇော်ကြေးအိုးဆီချက်ဆိုင်မှာ။ ကြေးအိုးဆီချက်ကို ငါးပိထောင်းနဲ့ ဘိတ်စတိုင် စားတဲ့ ဆိုင်ကို မြတ်မွန်က မိတ်ဆက်ပေးခဲ့တယ်။ နောက်တော့ တို့တွေသာမက တို့တအိမ်သားလုံး ကြိုက်သွားလို့ ဖေ ရန်ကုန်ရောက်ရင် မစားမဖြစ်စားတဲ့ အစားအစာတခုပေါ့။ အဲ အစားအသောက်ဖက် ရောက်သွားပြန်ပြီ။

မြန်မာပြည်ကနေ နိုင်ငံခြားကျောင်းသွားတက်ဖို့ ပြင်ဆင်ရတာ အတော်အလှုပ်ရှုပ်ပါတယ်။ ကိုယ်ကိုတိုင်သာမက မိသားစုတွေပါ အကောင်းမနေရ။ ဗီဇာလျှောက်ဦးဟဲ့၊ ဆေးစစ်ဦးဟဲ့၊ လေယာဉ်လတ်မှတ် ဝယ်ဦးဟဲ့၊ အစားအသောက်စုဆောင်းဦးဟဲ့၊ သူငယ်ချင်းအရင်းကြီးတွေကို နှုတ်ဆက်ဦးဟဲ့(နို့မို့ နိုင်ငံခြားသွားတာတောင် တို့ကို နှုတ်ဆက်မသွားဘူးလို့ အတင်းတုတ်ခံနေရဦးမယ်)၊ D-Form လုပ်ဦးဟဲ့၊ လူကြုံပစ္စည်းလက်ခံဦးဟဲ့။ လူကြုံဆိုလို့ စန်းထွန်းသယ်လာတဲ့ luggage မှာ တဝက်က လူကြုံပစ္စည်း။ ကိုယ်တိုင်အတွက်ကတော့ အင်္ကျီနှစ်စုံပဲလား ပါတယ်။

အစားအသောက်ကလည်း သယ်လို့ရတာ အကုန်သယ်တာ။ ငါးပိကြော်၊ ငံပြာရည်ကျော်၊ ဘာလချောင်ကြော်၊ ချဉ်ပေါင်ကြော်၊ ငါးဖယ်ကြော်၊ ဝက်သားကြော်၊ ငါးပိကြော်၊ မရမ်းသီးငါးပိကြော်၊ ငါးကျဉ်းခြောက်ကြော်၊ ဆတ်သားခြောက်၊လက်ဖက်၊ မုန့်ဟင်းခါးခြောက်၊ မြှစ်ကြော်၊ မြင်းခွာရွက်၊ မန်းကျဉ်းရွက်၊ မုန့်ဖက်ထုပ်၊ သရက်သီးကလည်တည်၊ သရက်သီး၊ ဆေးမျိုးစုံ။ ဆိုင်တောင် ဖွင့်လို့ရတယ်။ ပလတ်စတစ်နဲ့ အသေအချာ နှစ်ထပ်သုံးထပ် ထုပ်ပိုး။ တလလောက် အခြောက်အခြမ်းနဲ့ တီးလို့ရတယ်။ အိတ်ကတော့ အနံ့ပေါင်းစုံ ထွက်နေတော့တာပဲ။ တချို့များဆို ဘုရားပန်းတောင် ပါလိုက်သေး။ ဒါ့ကြောင့် Changi Airport မှာ ကြည့်လိုက် အထုပ်တွေ အများကြီးနဲ့ဆို သေချာတယ် အဲဒါ မြန်မာ။ မြန်မာတွေက သယ်သလားမှတ်တယ်။ နီပေါတွေကမှ ပိုဆိုးနေတယ်။ သူတို့ရိုးရာ အားလူးပြုတ်တဲ့အိုးတောင် သယ်တာနော်။

ရန်ကုန်လေဆိပ်မှာတော့ ရွှေငွေတွေ၊ ဒေါ်လာတွေ သယ်မသယ် စစ်တယ်။ တီတီ အသံမြည်လို့ ကြည့်လိုက်တာ အမြဲဝတ်နေတဲ့ ရွှေဆွဲကြိုးမျှင်။ နိုင်ငံခြားကို ရွှေတကျပ်သားထပ် ပိုမသယ်ရတဲ့။ ဘယ်နိုင်ငံမှာမှ မရှိတဲ့ မြန်မာနိုင်ငံတွင်သာရှိတဲ့ လေဆိပ်ခွန်ဆိုတာလည်း ဆောင်ရတယ်။ Immigration ကို ဖြတ်ရင်လည်း အဖေနာမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်၊ သွားမဲ့နေရာရဲ့ လိပ်စာတွေ ဘာတွေ ဖြည့်ရတယ်။ ပြီးရင် ဓာတ်ပုံရိုက်တယ်။ ရန်ကုန်အပြန်ဆိုရင်တော့ အကောက်ခွန်က ကျောင်းသားတွေ၊သားသမီးတွေဆီ သွားလည်တဲ့ မိဘတွေဆို မတောင်းဘူး။ အဲ အလုပ်လုပ်နေတဲ့သူတွေဆိုရင်တော့ လက်ဆောင်ဘာပါလဲလို့ မေးမယ်။ အဲဒါကိုမှ မသိတတ်ရင်တော့ အခွန်ဆောင်ထားလား မေးမယ်။ အခွန်ဆောင်ထားတဲ့ စာရွက်ပါရင်တောင် ရစ်မယ်။ ဘာမှ မမေးခင်ကတည်းက ပိုက်ဆံပေးလိုက်တာ အကောင်းဆုံးပဲ။ အဲလိုမှ မဟုတ်လို့တော့ ပိုက်ဆံပေးရရုံသာမက အဟောက်ပါ ခံရမယ်။ တခါတလေ ရစ်ပုံများက leave form ပြတဲ့။ မြန်မာပြည်ကိုအသွားဆိုရင် Arrival Form ကို ဖြည့်ရတယ်။ ကျန်းမားရေးဋ္ဌာနရဲ့ form ပါ ဖြည့်ရတယ်။ မောင်မောင်တို့ စင်ကာပူက ပြန်လာတုန်းကဆို swine flu ဖြစ်နေချိန်ပေါ့။ ကျန်းမားရေးဋ္ဌာနက ဝန်ထမ်းတွေ ဖုန်းခဏခဏဆက်ပြီး နေကောင်းလား ဂရုစိုက်လွန်းလို့ သူတို့တွေ အိမ်ပြောင်းသွားပြီလို့ ပြောလိုက်မှာပဲ ဖုန်းဆက်တာ ရပ်တော့တယ်။

မြန်မာပြည်ကို ပြန်ရင် Arrival Form ဖြည့်ဦး၊ အကောက်ခွန်ကို ပေးရ၊ အဟောက်ခံရ၊ ဓာတ်ပုံရိုက်၊ မြန်မာပြည်က ထွက်ရင်လည်း D-Form လုပ်ဦး၊ Airport Tax ပေးရ၊ Departure Form ဖြည့်ဦး၊ ဓာတ်ပုံရိုက်နဲ့ အရှုပ်တွေ လုပ်ရပါတယ်။ ကိုယ့်မှာ pass ရှိလို့ကတော့ စင်္ကာပူအဝင်ရော၊ အထွက်ရော ရှင်းမှရှင်း။ passport၊ pass ပြလိုက်ရုံပဲ။ ဘာဆိုဘာမှ ဖြည့်စရာ၊ ပေးစရာ မလိုတာပါ။ စင်္ကာပူနိုင်ငံက ကမ္ဘာပေါ်မှာ လာဘ်စားမှု ကင်းရှင်းတဲ့နိုင်ငံထဲမှာ နံပါတ်တစ်။ အစိုးရကလည်း တကယ်အလုပ်လုပ်တာပါ။ ကွာပါ့ ကွာပါ့။

အသွားဆိုလည်း အစားအသောက်ကို သယ်ရတာ။ အပြန်ဆိုလည်း လွှင့်မပစ်ရက်ပဲ သိမ်းထားတာမှန်သမျှ အကုန်သယ်လို့ အထုပ်တွေ များနေပြန်ရော။ နိုင်ငံခြားမှာက ရှော့ပင်းထွက်ရင်တောင် အိတ်တွေက အစ လှလှလေးတွေ။ ဆွေမျိုးတွေ၊ မကင်းရာ မကင်းကြောင်းတွေ၊ သူငယ်ချင်းတွေကို လက်ဆောင်ပေးဖို့ သိမ်းထားရတာ။ discount ချိန်ဆို တန်ရာတန်ရာတွေကို ဘယ်သူ့အတွက်ဟဲ့၊ ဘယ်ဝါ့အတွက်ဟဲ့လို့ ဝယ်ထားရတာ။ တယောက်အတွက်ကတော့ လက်ဆောင်ပါပြီး တခြားတယောက်အတွက် မပါရင် မျက်နှာမကောင်းဖြစ်မှာကိုး။ အဝေမတည့် ရန်မဖြစ်ရလေအောင် အစောကတည်းက ဘယ်သူ့ကို ဘာပေးမှာလို့ စီစဉ်ထားရတယ်။ အင်္ကျီဟောင်းတွေဆိုရင်လည်း လွှင့်မပစ်ဘဲ ရန်ကုန်ပြန်ရင် ပေးဖို့ သိမ်းထားရတာ။ စင်္ကာပူမှာ ဟောင်းနေပေမဲ့ ရန်ကုန်အတွက်တော့ အကောင်းကြီးပဲ ရှိသေးတာကိုး။ ဒီလိုနဲ့ပဲ ရွှေမြန်မာများမှာ အသွားရော အပြန်ပါ အထုပ်တွဲလဲ ဖြစ်ကြလေသတည်း။

ကျောင်းရလို့ စင်္ကာပူကို သွားမယ်လို့ ရက်သတ်မှတ်ပြီးကတည်းက နားကို မနားရတာပါ။ ဇွန် ၁၂ မှာ ကျောင်း offer ရပြီး တလပြည့်တဲ့ ဇူလှိုင် ၁၂မှာတော့ စင်္ကာပူကို SilkAir လေကြောင်းနဲ့ ရောက်လာပါတော့တယ်။ အိအိနဲ့ အတူတူပေါ့။ လေယာဉ်ပေါ် ရောက်မှပဲ နားရတော့တယ် ဟူး။ လေယာဉ်က မြေပြင်ပြေးလမ်းပေါ်ကနေ ကောင်းကင်ကို အရှိန်ယူပြီးတက်တဲ့အချိန်မှာ ဘုရားတွေ၊ တရားတွေတ။ မနက်ကတည်းက ဘာမှဟုတ်တိပတ်တိ မစားထားတော့ ဗိုက်ဆာလာပြီ။ လေယာဉ်မှာ ကွျှေးတဲ့ ထမင်းတို့၊ ခေါက်ဆွဲတို့ကလည်း နည်းနည်းလေး အလှစားစာပဲ။ အဝစားတဲ့ တို့တွေ ဘယ်ဝပါ့မလဲ။ လေယာဉ်မှာ သောက်ရတဲ့ ကော်ဖီက ခါးတူးနေတာပဲ။ ဘီယာတို့၊ ဝိုင်တို့လည်း ရနိုင်ပါတယ်။ အဲ Tiger ဘတ်ဂျက်လေကြောင်းလိုင်းဆိုရင်တော့ ဘာဆိုဘာမှ မကျွှေး ရေတောင် မတိုက်။ လေယာဉ်ပေါ်မှာတော့ တွန်းလှည်းလေးနဲ့ ရောင်းတယ်။ အစားအသောက်တွေရော၊ လက်ဆောင်ပစ္စည်းတွေရော။

လေယာဉ်ပေါ်မှာ Immigration ရဲ့ Arrival Form ကို ဝေပေမဲ့ တောင်းပြီး ဖြည့်ရကောင်းမှန်း မသိဘူးလေ။ သူများတွေ လေယာဉ်ပေါ်မှာ ဖြည့်နေတာတော့ တွေ့သား။ Immigration ကျမှ မဖြည့်ရသေးလို့ ထပ်ဖြည့်ရပြန်တယ်။ ပထမဆုံး နိုင်ငံခြားသွားတဲ့ အတွေ့အကြုံဆုံတော့လည်း ကြောင်တောင်တောင်ပေါ့။ Immigration အဝင်မှာ Immigration ကလူတွေက ICA letter ကို ကိုယ့်ကို ပြန်ဖတ်ခိုင်းရတယ် FIN(Foreign Indentification Number)ကို။ ဟုတ်ပါ့ copy တန်ခိုးကြောင့် ဝါးနေလို့ ကိုယ်တောင်မနည်း ဖတ်ယူရတယ်။ တော်ပါသေးရဲ့ FIN ကို အလွတ်ရနေလို့။

လေဆိပ်မှာ မကြီးက လာကြိုနေတယ် BreadTalk မုန့်နှစ်ခုနဲ့။ လေယာဉ်မှာ ကျွှေးတဲ့မုန့်က နည်းနည်းလေးမို့ မဝဘူးလေ။ ဒါကို သိတဲ့ မကြီးက မုန့်နဲ့ စောင့်နေတာ။ ကောင်းလိုက်တာ၊ ကောင်းလိုက်တာ ပြောပြီး တီးလိုက်တာ ကုန်ရော။ တို့တင် ဗိုက်ဆာတာ မဟုတ်ဘူး။ အိအိကိုလည်း ညဏ်လင်းက ပေါင်မုန့်နဲ့ ကိုင်စောင့်နေတာတဲ့။ မြန်မာပြည်နဲ့ မတူညီဘဲ သန့်ရှင်းသပ်ရပ် ခေတ်မှီလှပ၊ စိမ်းစိုနေတဲ့ စင်္ကာပူမြို့တော်ကြီးကို ရောက်ပြန်ပြီပေါ့တခါ ။

စန်းထွန်း
ဇွန် ၂၇၊ ၂၀၁၁။

ဝအောင်လုပ်...

ရာမား၊ ဆူနမ်၊ မိုင်း။
စင်္ကာပူမှာတော့ discount ဟေ့လို့ဆိုတာနဲ့ တို့ညီအမတွေ ပြေးတော့တာပဲ။ discount ဆိုတော့လည်း သိတဲ့အတိုင်း ရွေးနိုင်မှလေ။ သက်သာချင်တော့လည်း ပင်ပန်းတာပေါ့။ သေးသွယ်တဲ့ မော်ဒယ်ကိုယ်လုံးပိုင်ရှင် မကြီးက ဝတ်တာစားတာ စမတ်ကျသလို စတိုင်လည်း ရှိတယ်။ သူ့လက်သုံးစကားက "ဘာဝတ်ဝတ် လိုက်တော့လည်း ခက်တာပဲ"။ အတိုနဲ့လှတော့ ဆိုင်ထဲဝင်တာနဲ့ မကြီးက အတိုတွေ ထားတဲ့ဖက်ကို ပြေး၊ တို့က အရှည်ဖက်ကို ပြေး။ G2000၊ New Look၊ BYSI၊ MANGO၊ ESPRIT၊ ZARA က တို့တွေ အကြိုက်ပေါ့။ ဆိုဒ်တွေကလည်း ဘယ်တံဆိပ်ဆို နံပါတ်ဘလောက် သိပြီးသား။ စင်္ကာပူမှာလည်း discount sale တွေ များပါတယ်။ Xmas & New Year Sale၊ Chinese New Year Sale၊ Mid-Year Sale၊ Pre Sale၊ Post Sale။ ဘာsale ညာsale saleပေါင်းများစွာ။ ရန်ကုန်ပြန်ရင် အင်္ကျီဟောင်းတွေ သယ်ပြီး ပေးပစ်လို့ ဗီရိုရှင်းသွားတတ်တယ်။ မကြာပါဘူး discount တန်ခိုးနဲ့ဗီရို ပြန်ပြည့်လာပြန်ရော။

ဒီမှာတော့ ဝယ်ရတာ သိပ်ဒုက္ခရောက်ပါတယ်။ အမေရိကန်တွေက ဝတုတ်ကြီးတွေ။ ဗိုက်တွေက ဝနေပေမယ့် ခြေထောက်တွေက ခန္ဓာကိုယ်နဲ့ မလိုက် သေးသေးလေးတွေ။ small ဆိုဒ်တောင် မတော်ဘူး။ xs ကို ရှာရတယ်။ တခါတလေ xs နဲ့တောင် မတော်လို့။ တင်က အတော်ဆိုရင် ခါးက ချောင်နေပြီး ခါးက အနေတော်ဆိုရင် ပေါင်က ကျပ်နေပြန်ရော။ ကလေးဆိုဒ်တွေ ဝတ်ပြန်ရင်လည်း ဘယ်နေရာက ကျပ်လို့ကျပ်နေမှန်းမသိ။ ကလေးတင်နဲ့ လူကြီးတင် ကွာသကိုး။ ခါးသေး တင်သေး ပေါင်သေးပြီး ပေါင်တံရှည်ခြေတံရှည်တဲ့ အနောက်တိုင်းသူတွေရဲ့ အဝတ်အစားတွေက ခါးကြီး တင်ကြီး ပေါင်ကြီးတဲ့ မြန်မာတွေနဲ့ ဘယ်လိုလုပ် fit ဖြစ်တော့မလဲ။

နီပေါမလေး ဆူနမ်က အရပ်မြင့်မြင့်နဲ့ အတော်လေး ဝပါတယ်။ သူ့မှာ အင်္ကျီဝယ်တိုင်း ဒုက္ခရောက်ပါသတဲ့။ မိန်းကလေးအင်္ကျီတွေနဲ့ မတော်လို့ ယောက်ျားလေးအင်္ကျီတန်းပဲ ပြေးရပါသတဲ့။ ဒီရောက်တော့ အင်္ကျီဝယ်မယ်ဆိုတိုင်း သူ့မှာ ပျော်လို့။ ရွေးစရာ အများကြီးကိုး။ အင်္ကျီတွေ ဝယ်နေတဲ့ ဆူနမ်ကို တို့တွေက မနာလိုတိုရှည် မျက်စောင်းထိုးတိုင်း သူက ပြန်ပြောတယ်။ "ငါ့လို ဝအောင်လုပ်တဲ့"။

စန်းထွန်း
ဇွန် ၂၂၊ ၂၀၁၁။

တရားထူး...

ငယ်ငယ်ကဆို သကြင်္န်ချိန်မှာ သောင်းကျန်းလွန်းလို့။ အသက်နည်းနည်းကြီးလာတော့ ရေပတ်ရမှာ၊ ရေပတ်ခံထွက်ရမှာ စိတ်မဝင်စားတော့ပါဘူး။ သကြင်္န်တွင်းမှာ ဖတ်ဖို့ စာအုပ်၂၀လောက် ငှားပြီး အပေါ်ထပ်တက်ပြီး မောင်နှမနှစ်ယောက် နှပ်နေတော့တာပဲ။ ၂၀၀၇ ခုနှစ်  သကြင်္န်မှာတော့ ပထမဆုံးအကြိမ် တရားစခန်းဝင် ဖြစ်ပါတယ်။ မှော်ဘီ ဝါးနက်ချောင်း ဗောဓိရိပ်ငြိမ်တောရမှာပါ။

ဧက ၃၀ကျော် ကျယ်ဝန်းတဲ့ ဘုန်းကြီးကျောင်းဝင်းက သစ်ပင်ရိပ်တွေနဲ့ အေးချမ်းပါတယ်။ ကျောင်းထိုင်ဆရာတော်ကို ဖူးလိုက်ရတာနဲ့ ကြည်ညိုလေးစားသွားတယ်။ ဆွမ်းကို သပိတ်ထဲ ထည့်ပြီး ဘုန်းပေးတယ်။ ဝထ္ထုငွေကို ကပ္ပိယကတဆင့်သာ ကပ်လို့ရပါတယ်။ ဝါးနက်ချောင်းမှာ ဘုန်းကြီးကျောင်းတွေ အများကြီးပဲ၊ ဘာဖြစ်လို့လဲ ဘုရားလို့ မေးတော့ ဂဝံမြေရှိတဲ့နေရာမှာ သာသနာထွန်းကားပါတယ် သထုံကိုပဲ ကြည့်တဲ့။ ကျောင်းမှာ ဝါအတော်ကြီးတဲ့ ကနေဒါသားနဲ့ အင်္ဂလန် သား ဘုန်းကြီးနှစ်ပါး ရှိပါတယ်။ မြန်မာအစားအစာ စားပြီး မြန်မာစကားပြောတတ်ပါတယ်။ မနက်လေးနာရီခွဲ အုန်းမောင်းခေါက်ရင် အိပ်ယာက ထ၊ မျက်နှာသစ်၊ သွားတိုက်ပြီး ဓမ္မာရုံဆီ သွားပြီး တရားထိုင်ရတယ်။ တနာရီ တရားထိုင်၊ တနာရီ စကြင်္န်‌လျှောက်။

နှာသီးဝကို အာရုံစိုက်ပြီး ဝင်လေ ထွက်လေကို မှတ်ရတာ။ အစက ဝင်လေထွက်လေကို မသိဘူး။ စိတ်က မငြိမ်တာကိုး ဟိုရောက်ဒီရောက်။ အသက်ခပ်ပြင်းပြင်းရှူမှ ဝင်လေထွက်လေ သိတယ်။ နောက် နည်းနည်းကြာလာတော့ သိလာပါတယ်။ စိတ်တည်ငြိမ်လာရင် ဝင်လေက အေးနေတာ ထွက်လေက ပူတာကို သိနိုင်ပါတယ်။ တချို့က ဗိုက် ပိန်တာဖောင်းတာ မှတ်ကြတယ်။ သဲအင်းဂူကတော့ အသက်ခပ်ပြင်းပြင်းရှူပြီး မှတ်ရတယ်။

ခန္ဓာကိုယ်က ငြိမ်နေပေမဲ့ စိတ်တွေက ငြိမ်မနေဘူး။ အတွေးတွေက ယောက်ကယ်ခတ်နေတာပဲ။ ထိုင်တာ ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်လောက်ဆို ခန္ဓာကိုယ်က နာကျင်တဲ့ ဝေဒနာတွေ ခံစားရတယ်။ ဘယ်လောက်တောင်လဲဆိုရင် ချွှေးသီးချွှေး‌ပေါက်‌တွေကျပြီး နေမကောင်းဖြစ်တာတောင် ဒီလောက် ဝေဒနာ မခံစားဘူး။ ခန္ဓာကိုယ် အနေအထား နည်းနည်းပြောင်းမှ သက်သာတယ်။

တခါတုန်းက ဟင်္သာတနယ်ဖက်မှာ သိပ်ချစ်ကြတဲ့ မောင်နှမရှိတယ်။ ညီမက မြို့သားနဲ့ အိမ်ထောင်ကျပြီး မြို့ကို ပါသွားတယ်။ အစားကောင်းစားရရင် ချစ်သောသူကို တမ်းတသလို တရားကောင်းစားရတော့ သူ့အကို ကိုလည်း တရားထိုင်စေချင်တာနဲ့ မြို့ကို လှမ်းခေါ်ပြီး တရားစခန်းဝင်အောင် စီစဉ်ပေးတယ်။ ခန္ဓာကိုယ် ပင်ပင်ပန်းပန်း လှုပ်ရှားသူတွေ တရားထိုင်ရင် တခြားလူတွေထက် ပိုပြီး ဝေဒနာ ခံစားရတယ်။ အမြဲလှုပ်ရှားနေတဲ့ ကြွက်သားက ငြိမ်နေရတော့ ပိုရုန်းတာပေါ့။ ဆရာတော်က ပျဉ်းမနားက လယ်သမားတွေ လက်လုပ်တောင်မှာ တရားထိုင်ရင် ဂျွှမ်းပစ်နေတာတဲ့။ ဝေဒနာခံစားရလွန်းလို့ အကိုဖြစ်သူက ငါ့ညီမ ငါ့ကို အနုနည်းနဲ့ အသေသတ်ပြီး လယ်တွေ အပိုင်စီးမလို့နဲ့ တူပါရဲ့လို့ ညည်းပါသတဲ့။ အဲဒီလောက် နာကျင်တာပါ။ မယုံရင် ထိုင်ကြည့်လိုက်။

နာကျင်ကိုက်ခဲ ဝေဒနာတွေ ခံစားရတယ်ဆိုလို့ သိပ်ကြောက်သွားသလား။ မကြောက်ပါနဲ့ :)။ သုံးရက်လောက်ဆို ပျောက်သွားမှာပါ။ သူများတွေက ခန္ဓာကိုယ်ထဲက ဆဲလ်လေးတွေ ဖြစ်ပျက်တာတွေကို မြင်လောက်အောင် သမာဓိအားတွေ တက်လာပေမယ့် တို့ကတော့ နှာသီးဝကို ရောက်အောင် မနည်းအားထုတ်နေရတယ်။ တရားတနာရီထိုင်ရင် ငါးမိနစ်လောက်ပဲ နှာသီးဝရောက်တယ်။ သမာဓိအားကောင်းပုံများ ပြောပါတယ်။

ဆွမ်းစားပြီး တရားထိုင်ရင်တော့ ငိုက်တော့တာပဲ။ ဆရာတော်ပြောတဲ့ ပုတ်သင်ညို ကမ္ပဋ္ဌာန်းဆိုတာလေ။ ခေါင်းတညိမ့်ညိမ့်နဲ့ ထောက်ခံနေလို့။ ကျောင်းက TM ချိန်ဆို နေ့လည်ထမင်းမစားခင် ဆယ့်ငါးမိနစ်လောက် တရားထိုင်ရတယ်။ ခေါ ခလူး အသံတွေ ထွက်လာရင် ကျန်တဲ့ကျောင်းသားတွေက ပြုံးစိစိပေါ့။ တယောက်ယောက်ကများ စရီရင် ရယ်ကြတာပေါ့။ အားလုံးငြိမ်နေချိန်မှာ ဗိုက်ထဲကနေ ဂွီဂွမ်ဆိုတဲ့ အသံထွက်လာရင် ဘယ်သူ့ဆီက မြည်တာလို့မှန်းပြီး စနောက်ရတာလည်း တမျိုးပျော်စရာ။ when ur mind is completely rest, ur body is also completely rest. ဆိုပြီး အိပ်ငိုက်တာက one of correct meditation ဆိုလို့ ပျော်လိုက်တာ။ ကိုယ်က အမြဲအိပ်ငိုက်တာကိုး။ တရားစခန်းဝင်တာ တရားထူးတော့ မရလိုက်ပါ။ ထိုင်ရင်းနဲ့ ငိုက်တတ်သွားပါတယ် :) ။

တရားထိုင်ရင်လည်း မျိုးစုံကြုံရတယ်။ ဆရာကောင်း လိုအပ်ပါတယ်။ အင်းအိုင်လက်ဖွဲ့ထိုးထားတဲ့ ရွှေရင်မျှော်ဂိုဏ်းဝင်တွေ တရားထိုင်ရင် ဘီလူးလိုလို အစောင့်က တင်းပုတ်ကိုင်ပြီး ပတ်နေတော့ တရားမထိုင်ရဲဘူးတဲ့။ အသိအမတယောက်ဆိုရင် တရားထိုင်ရင် ယိမ်းနေတတ်လို့ တရားစခန်းလည်းပြီးရော ယိမ်းယိမ်းအမည် တွင်ပါလေရော။ တရားထိုင်နေရင်း အသက်ခပ်ပြင်းပြင်း ရှူသံအကျယ်ကြီးကြားရတာ တရားပြဆရာတွေက ရေတွေတိုက်ပြီး သတိပေးရတာလည်း ရှိတယ်။

မော်လမြိုင် ဖားအောက်မှာ ယောက်ျားဆုံးလို့ သောကဝေနေတဲ့ မိန်းကလေး သီလရှင်ဝတ်ပြီး တရားအားထုတ်တာ သူ့အရင်ဘဝတွေ ပြန်မြင်ပြီး တသက်လုံး သီလရှင်ဝတ်သွားပါသတဲ့။

ကမ္ဘာပေါ်မှာ အမြန်ဆုံးနဲ့ အင်အားအကြီးမားဆုံးက စိတ်ပါ။ စိတ်ကိုသာ သိပြီးထိန်းချုပ်နိုင်ရင် အရာရာ အောင်မြင်တာပါပဲ။ yogi flying ဆိုတာ ရှိသေးတယ်။ တို့တွေ အမြင်ကတော့ ဖားခုန်သလိုပါပဲ။ သူတို့တွေကတော့ သိပ္ပံနည်းကျ စမ်းသပ်ထားတယ်။ အားကစားသမားတွေက အဲလို မခုန်နိုင်ပါဘူးတဲ့။ စိတ်ကို လေ့ကျင့်ထားတဲ့သူမှသာ ခုန်နိုင်တာတဲ့။ လေယဉ်ပျံတွေ မပေါ်ခင် အရင်ခေတ်တွေတုန်းက ကောင်းကင်မှာ ပျံတဲ့သူတွေရဲ့ အထောက်အထားတွေ ရှိပါတယ်။ အရင်ဘဝ၊ နောင်ဘဝတွေ ရှိတာကို လက်ခံယုံကြည်တဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက်ကတော့ လူဝင်စားတွေက မထူးဆန်းပေမဲ့ သေပြီးရင် ကောင်းကင်ဘုံ၊ ငရဲဘုံတွေမှာ ထာဝရနေသွားတယ်လို့ ယုံကြည်တဲ့ ဘာသာဝင်တွေအတွက်ကတော့ ထူးဆန်းလှပါတယ်။ ဈာန်ရတဲ့သူတွေ ကောင်းကင်မှာ ပျံနိုင်တယ်လို့ ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ပါတယ်။

တရားထိုင်မယ်ဆိုရင် ဘာသာပြောင်းစရာ မလိုပါဘူး။ ငြိမ်ငြိမ်လေးထိုင်ပြီး နှာသီးဝက ဝင်လေထွက်လေကို စောင့်ကြည့်တာက အရမ်းရိုးစင်းပြီး လက်တွေ့ကျပါတယ်။

ခုထိတော့ စန်းထွန်းကတော့ နှာသီးဝရောက်အောင်ကို အာရုံမနည်းစိုက်နေရပါကြောင်း။

စန်းထွန်း
ဇွန် ၂၁၊ ၂၀၁၁။

ကြောင်အီးပူ...

ဟိုင်း မမလို့ မောင်မောင်က နှုတ်ဆက်ရင် တို့မှာ မျက်ခုံးနည်းနည်း လှုပ်တယ်။ ဘာတွေများ ပူစာမလဲပေါ့။ ပြီးရင် link လေးပေးပြီး ဈေးစုံစမ်းပေးပါဟာလို့ ပြောမယ်။ ပြီးမှ ဝယ်ပေးပါလို့ ပူဆာမယ်။ သူတောင်းတာကို ဝယ်ပေးမှ ယူတယ်။ မဟုတ်ရင် မယူဘူး။ အီးအကြီးကျ များပါ့။

တို့များ အိတ်လိုချင်တယ်ဆို မကြီးရေ အိတ်လိုချင်တယ်လို့ ပြောလိုက်ရင် မကြီးက သင်.တော်တာကို ဝယ်ပေးလိုက်တာပါပဲ။ ဘာတံဆိပ်၊ ဘာမော်ဒယ်မှလို့ မပူဆာဘူး။ မောင်မောင်ကတော့ သူမှာတာမှ ယူတယ်။ သူမှာတာ မဟုတ်လို့ကတော့ လုံးဝ မယူဘူး။ သူတောင်းတာတွေကလည်း ကြည့်ဦး latestတွေ။ မြန်မာပြည်ကနေ အင်တာနက်မှာ ရှာပြီး ပူဆာနေတာ။ တို့တွေကတော့ discount ချမှ ဝယ်နိုင်တာပါ။

ခုလည်း nokia c6 တဲ့ မကြီးဆီမှာ ပူဆာနေတာ။ စင်္ကာပူတောင် မဝင်သေးဘူး သူက ပူဆာနေတာ။ ထုံးစံအတိုင်း တို့ညီအမတွေ သူက ရန်ကုန်ကနေ နောက်ဆုံးပေါ်တွေ ပူဆာနေတာ။ သူ့ဘာသာ ပိုက်ဆံရှာနိုင်တော့မှ ဈေးကြီးတာတွေ ဝယ်တာ မဟုတ်ဘူး ဘာဘူးနဲ့ ပွစိပွစိ ဖြစ်ကြတာပေါ့။ နောက်တော့လည်း သူတောင်းတဲ့ထဲက တတ်နိုင်တာတွေ ဝယ်ပေးပြီး မတတ်နိုင်တာတွေ မဝယ်ပေးဘူးပေါ့။ ဝင်ငွေမရှိတဲ့ ကျောင်းသူဆိုတော့ ဒီရောက်ကတည်းက မောင်မောင့်အပူက လွတ်တာပေါ့။ ဒါတောင် အဲဒီမှာ iphone တွေ ဈေးသက်သာတယ် ပြောတယ်၊ ဘယ်လောက်လဲလို့ မေးနေလို့ မဝယ်နိုင်လို့ ကြည့်လည်းမကြည့်ဘူး၊ သိလည်းမသိဘူးလို့ ပိတ်ပြောလိုက်ရတယ်။

ဟိုဟာလေးကို ဟောဒီလောက် ဟိုလိုလေးလုပ်ပေးပါလို့ တညောင်ညောင်နဲ့ ပူဆာတတ်တဲ့ သားလေးကို သူ့အန်တီလေးက နာမည်ပေးထားတယ်။ ကြောင်အီးပူ၊ နေထက်ပူပြင်းတဲ့။

ဒီလို ခြစ်စရာကောင်းတဲ့ မောင်လေးရှိသေးမှန်း မမေ့ရအောင် မောင်မောင့်ခမျာလည်း သူ့အမတွေကို ပူဆာပြီး သတိပေးနေရတာမလား။

အိအိမောင် သွားဆရာဝန်လောင်းလေးက ဟယ်လီပေါ်တာ ခရေဇီ။ ပူဆာတာက ဟယ်လီပေါ်တာ့တောင်ဝှေးတဲ့။ အိအိခမျာ စင်္ကာပူတမြို့လုံးက ဆိုင်တွေသာ ကုန်သွားတယ် မတွေ့။ ဆိုင်တဆိုင်ကတော့ USA မှာပေးလို့ရတယ်။ ပို့ခတင် တရာကျော်တဲ့။ ပူဆာကြပုံများ ပြောပါတယ်။ တယောက်တမျိုး မရိုးရပါလားနော်။

စန်းထွန်း
၂၀ ဇွန် ၂၀၁၁။

ပုသိမ်‌ရောက်ပြီ...

ဟိုင်းကြီးကျောင်းမှာတော့ သူငယ်တန်းထဲက သူငယ်ချင်းတွေက အလယ်တန်းရောက်တဲ့အထိ မပြောင်းလဲပါပဲ။ ရန်ဖြစ်လိုက်ကြ၊ ပြန်ချစ်လိုက်ကြ။ ရန်ဖြစ်ရင် စာရေးခုံတွေပေါ်မှာ မျဉ်းတွေတားပြီး နေရာမကျော်ကြေး။ ရန်မဖြစ်ရင်တော့ ဘောပင်တွေ လဲရေးကြ။ ၇တန်းရောက်တော့ ဂါဝန်တလွှားလွှားနဲ့ ကြိုးခုန်တာကို ဆရာမတွေက ကန့်သတ်လိုက်တယ်။ ဟိုင်းကြီးကျောင်းဝင်းထဲမှာ အရင်တုန်းက ညောင်ပင်ကြီးတပင် ရှိတယ်။ အရောင်မဲမဲ အမွှေးထူထူနဲ့ ခူရားကောင်တွေထိရင် ယားလို့ ဆရာမတွေက အိမ်ကိုပြန်ပြီး အိမ်ချိုးခိုင်းတယ်။ နောက်တော့ ခုတ်ပစ်လိုက်တယ်။ ကျောင်းပိတ်ရက်တွေဆို ကျောင်းထဲသွားပြီး တူပုန်းတမ်း ဆော့ကြသေးတာ။ ကျောင်းဘေးမှာ ဘောလုံးကွင်းကြီး ရှိတယ်။ ကျောင်းပိတ်ရက်တွေ ဆီးသီးတွေခူးပြီး ပျော်ပွဲစားထွက်ရာ နေရာကြီးပေါ့။ သရက်သီးသီးချိန်ဆို ငရုတ်သီးအလှော်မှုန့်၊ အချိုမှုန့်၊ ဆေးသကြားထည့်ထားတဲ့ ငံပြာရည်ထဲ သရက်သီးစိတ်တွေကို သူငယ်ချင်းတွေ လုပြီး တို့တို့စားရတာ ကောင်းမှကောင်း။ ဘောလုံးပွဲရာသီမှာ ဟိုင်းကြီးအသင်းပါတဲ့နေ့ဆို အာရှမှာ မြန်မာကသာ အနိုင်ယူ ဗိုလ်စွဲရမည်ဆိုတဲ့ သီချင်းသံ ဘောလုံးကွင်းထဲက ပျံ့လွှင့်လာရင် တရွာလုံး လူကြီးကလေးမကျန် ဘောလုံးကွင်းထဲ ရောက်နေပြီ။ ကိုယ့်ရွာကများ ဂိုးသွင်းလို့ကတော့ ကွင်းထဲပြေးဝင်ပြီး အောင်ပွဲခံကြသေးတာ။ တခါတလေ ဘောလုံးပွဲ ပြီးသွားပေမယ့် ရန်ပွဲတွေကို ဆင်နွှဲကြသေးတာ။ ဟိုင်းကြီးက နှစ်စဉ် ဒိုင်းဆုရတယ်။

မကြီးတို့ ၈တန်းကျောင်းပြီးတဲ့နှစ်မှာ အထက်တန်းကျောင်းခွဲ ရတာ့မလို ကြားရတယ်။ အရင်က ပြင်ခရိုင်မှာ သွားတက်ရတာ။ ပြင်ခရိုင်မှာ သွားတက်မလား၊ ဒီမှာပဲ ဆက်တက်ရမှာလား ဖေတို့တော်တော် ဦးနှောက်စားရတယ်။ ဖေက ပုသိမ်မှာ သွားထားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကိုယ့်ရွာမှာ ကျောင်းရတာကို တခြားမှာ သွားထားမလားပေါ့။ ဖေဆုံးဖြတ်တာ မှန်သွားတယ်။ ကိုယ့်ရွာက ကျောင်းခွဲမှာပဲ တက်ဖို့ အားခဲထားသူတွေ ကျောင်းမရတာ့ တနှစ်အောက်တယ်။ ဟိုင်းကြီးကနေ ပုသိမ်မှာ ကျောင်းစထားတာ ဖေနဲ့ဆရာမ(မကေသွယ်၊ မခိုင်တို့ အမေ)က ပထမဆုံးပေါ့။ အဲဒီကစလို့တတ်နိုင်ရင် ဟိုင်းကြီးက ကလေးတွေမှန်သမျှ ပုသိမ်၊ ရန်ကုန်တို့မှာ သွားထားတော့တယ်။ မကြီးတို့က ၉တန်းမှ ပုသိမ်ကို သွားထားပေမဲ့ စန်းထွန်းကိုတော့ ၈တန်းမှာ ပို့လိုက်တယ်။

ပုသိမ်မှာ ထ၂၊ ထ၆ က နာမည်ကြီးတယ်။ ထ၆က တရုတ်အများစု တတ်ကြပြီး ထ၂ကတော့ ဗမာများတယ်။ မကြီးတို့က ထ၂က ဆိုတော့ စန်းထွန်းလည်း ထ၂မှာပဲ။ စည်းကမ်းကောင်းသလို စာသင်ကောင်းတဲ့ ကျောင်းပါ။ ပါးကွက်မကွက်ရ၊ ဆံပင်ရှည် မထားရ၊ ကျောင်းစိမ်းမဝတ်ရင် ကျောင်းထဲမဝင်ရ၊ ကျောင်း၃ရက်လောက်ခွင့်မတိုင်ပဲ ပျက်ရင် အတန်းပိုင်ဆရာမကိုယ်တိုင် အိမ်ကိုလိုက်လာ၊ အရေးကြီးတဲ့ ၁၀တန်းဆိုရင် အချိန်ပိုတွေ ခေါ်၊ အခန်းအပြင်မှာ ဆရာမတွေ သူသင်မယ်၊ ငါသင်မယ် လုနေတဲ့ ကျောင်းပါ။ မကြီးတို့တုန်းက ထမီတိုတို ဝတ်တာ ခေတ်စားတယ်။ တိုတာများ ဒူးဝက်လောက်။ ထမီတိုတိုဝတ်လာတဲ့ ကျောင်းသူတွေဆို ကျောင်းပေါက်ဝ စောင့်တဲ့ ဆရာမက ခြေသလုံးကို ကြိမ်လုံးနဲ့ ခပ်စပ်စပ်လေးရိုက်လေ့ရှိတယ်။ ကျောင်းသူတွေက ကျောင်းပေါက်ဝ မရောက်ခင် ထမီကို ခြေသလုံးဝက်လောက်ပြင်ဝတ်ပြီး စစ်ဆေးရေးဆရာမကျော်ရင် ထမီက တိုသွားပြန်ရော။ စန်းထွန်းတို့ခေတ်ကျတော့ ထမီကို ရှည်ရှည်ဖုတ်သိမ်းဝတ်ကြတာ။ တံမြက်စည်းလှည်းစရာ မလိုဘူး ထမီနဲ့ လှည်းသွားလို့ ရတယ်။ ဆရာမတွေက ညည်းတို့အမတွေခေတ်က ထမီက တိုလို့ ညည်းတို့ခေတ်ကြတော့ ထမီက ရှည်လို့တဲ့။ ယောက်ျားလေးတွေက ချက်ပြ ုတ်ပုဆိုးဝတ်လို့။ ကျောင်းထဲက သိမ်ကြီးမှာ အတန်းလိုက် အလှည့်ကျ ဘုရားရှိခိုး၊ ပန်းကပ်၊ သစ်သီးကပ်၊ သောက်ရေလဲ လုပ်ရတယ်။ မိန်းကလေးတွေက ဘစ်စကစ်တွေ၊ သစ်သီးတွေ၊ ပန်းတွေ ကပ်ကျပေမယ့် ဘုရားရှိခိုးပြီးလို့ ဆွမ်းတော်စွန့်ပြီဆိုတာနဲ ယောက်ျားလေးတွေက ပြေးဦးကျတာပေါ့။ နိုင်ငံတော်သီချင်းကို တကျောင်းလုံး မညီမချင်း ဆိုရတာ မှတ်မှတ်ရရပါပဲ။ assembly ချိန်မှာဆိုရင် ကျောင်းသားတွေက ကျောင်းအုပ်ဆရာမကြီးက မိန့်ခွန်းပြောတယ်။

မြို့အဝင် ရုပ်ထုဖွင့်ပွဲ၊ ဘာဖွင့်ပွဲ၊ ညာဖွင့်ပွဲဆိုရင် ၈တန်း၊၉တန်း ကျောင်းသားတွေ ချီတတ်ရတယ်။ ၁၀တန်းကျောင်းသားတွေက အရေးကြီးတော့ မလိုက်ရဘူး။ မနက်အစောကြီး ကျောင်းကိုလာ၊ ကျောင်းကနေ မြို့ပြင်ကို လမ်းလျှောက်။ ဖွင့်လှစ်ပေးမဲ့ အရာရှိတွေ လာအောင်စောင့်၊ အရာရှိတွေ ဖွင့်လှစ်ပြီး ပြန်သွားတော့မှ ပြန်ရတာ။ နေကပူ၊ လမ်းမှာ ဗိုက်ကဆာ၊ ရေကဆာ၊ ရှုးရှုးပေါက်ချင်၊ အီးအီးပါချင်။ နောင်ဆို ဘာဖွင့်ပွဲမှာ မလုပ်ပါစေနဲ့ ၊ ၁၀တန်းမြန်မြန် ရောက်ပါစေလို့ ဆုတောင်းမိတယ်။ ၁၉၉၇ - ၁၉၉၈ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းနွဲ့လက်ထက်မှာ ဧရာဝတီတိုင်းရဲ့ ဘက်စုံထူးချွှန်ဆု ရတယ်။

ဧရာဝတီတိုင်းရဲ့ မြို့တော် ပုသိမ်က အေးချမ်းသာယာပြီး ရာသီဥတုကလည်း နေလို့တော်တော်ကောင်းတယ်။ အစားအသောက်ကောင်းပြီး ပုသိမ်သူပုသိမ်သားတွေက ဘာသာတရား ကိုင်းရှိုင်းလှတယ်။ ရွှေမော်ဓောဘုရားက ထီးသုံးဆင့် ရှိတယ်။ ရေကြည်၊ရေနောက်ကန်၊ ကန်သုံးဆင့်၊ ဂေါက်ကွင်း၊ ပုသိမ်တက္ကသိုလ်ရှိတယ်။ ချောင်းသာသွားရင် ပုသိမ်မှာ ခရီးတထောက်နားကြတာမို့ စည်ကားလှပါတယ်။ ခခကြီး ထမင်းဆိုင်၊ မြောက်ယာဉ်စွန်းတန်း ရေခဲမုန့်၊ ဗွက်ကြီးတန်းက ကော်ရည်၊ ထောင်ကုန်းနားက ဘိန်းမုန့်၊ ဈေးကြီးထဲက ကောက်ညှင်းအုန်းပြန်ပေါင်း၊ ကျားပျံကိတ်မုန့်၊ ရွှေမြင်းပျံ ဟာလဝါ၊ ပုသိမ်မုန့်ဟင်းခါး၊ ဝက်အူချောင်း၊ ဝါးရုံစာပေ။ ဆောင်းရာသီရောက်ရင် မြို့လယ်လမ်းမ နာရီစင်လမ်းကနေစပြီး တလိုင်းချောင်းနားအထိ ကမ်းနားလမ်းတလျှောက် ပိတ်ပြီး ညဈေးဖွင့်ပါတယ်။ မုန့်အစုံအလင်၊ ဟင်းသီးဟင်းရွက်၊ ပန်းတွေ ရောင်းကြတာ။ ကျူရှင်ကဆင်းရင် သူငယ်ချင်းတွေ ညဈေးမှာ မုန့်စားပြီး လမ်းလျှောက်ရတာ ပျော်စရာကောင်းပါတယ်။

သီတင်းကျွှတ်ဆိုရင် ကန်လမ်းကနေ စပြီး ဗျာဒိတ်ပေးကိုယ်တော်မြတ်စွာဘုရားကြီး ရပ်ကွက်အလိုက် ကြွချီလေ့ရှိတယ်။ မနက်အစောစော ထပြီး အာရုံဆွမ်း ကပ်ကြလေ့ရှိတယ်။ ဗျာဒိတ်ပေးကိုယ်တော်ကြီး ကြွချီပွဲပြီးတာနဲ့ ရှမ်းကုန်သည်ပွဲ။ နှစ်နှစ်တခါ ကျင်းပလေ့ ရှိပါတယ်။ ဗျာဒိတ်ပေးကိုယ်တော်ကြီးက ရှေ့ကကြွ နောက်က နွှားလှည်းယဉ်တွေပေါ်မှာ ချိတ်ထမီဝတ်ပြီး ပုသိမ်ထီးဆောင်းထားတဲ့ လှပျိုဖြူချောတွေ။ အချောဆုံးမိန်းကလေးနှစ်ယောက်က ပထမဆုံးလှည်းယှဉ်မှာ ဘုရင်နဲ့ မိဖုရားအသွင် ဝတ်စားပြီး ထိုင်ရတယ်။ နှစ်စဉ်နှစ်တိုင်း တလိုင်းချောင်းရပ်ကွက်က မမတွေက ဘုရင်နဲ့မိဖုရားလုပ်ရတယ်။ တလိုင်းချောင်းသူတွေက ချောတာကိုး။ နောက်ဆုံးမှ ရာဟုလာလှည်း။ တို့တွေကတော့ လှည်းယဉ်ပေါ်က မမတွေကို ငေးပြီး ဘယ်သူပိုချောတယ်နဲ့ ဝေဖန်ရေး၊ လေကန်ရေး။

နှစ်နှစ်တခါလောက် ရေကြီးရင် ကမ်းနားမှာ ရေဆော့တဲ့ ကလေးတွေနဲ့ စည်ကားနေတာပေါ့။ အရင်တုန်းက ဗိုလ်မြတ်ထွန်းတံတား မဆောက်ခင်ကတော့ ရန်ကုန်ကနေ ပုသိမ်ကို သွားရင် ညောင်တုန်း၊ စက္ကော့ရောက်ရင် ဇက်တွေနဲ့ ကူးရတယ်။ စက္ကော့က ပြောင်းဖူးပြုတ်၊ ငုံးဥပြုတ်၊ ငှက်ပျောခြောက်ကြော်တွေက တော်တော်စားကောင်းပါတယ်။ ဗိုလ်မြတ်ထွန်းတံတားဆောက်ပြီးတော့ အရင်က တနေကုန်သွားရတဲ့ ခရီးက ခုဆိုလေးနာရီပဲ ကြာတော့တယ်။ စက္ကော့မှာတော့ ခရီးတထောက် နားကြဆဲပါ။ စက္ကော့ကနေ ပုသိမ်သွားတဲ့လမ်းနဲ့ ဓနုဖြူ၊ဇလွန်သွားတဲ့လမ်း ခွဲသွားတယ်။

ဆိုင်ကယ်မပေါ်ခင်တုန်းကတော့ စက်ဘီးတဝီဝီပေါ့။ ခုတော့ ဆိုင်ကယ်တဝီဝီ ဖြစ်နေပြီ။ အဝေးသင်တွေ ဖြေချိန်ဆို တက္ကသိုလ်မှာ စည်ကားတာပေါ့။ ဆိုင်ကယ်စီး ပြိုင်ပွဲတွေတောင် ရှိတယ်။ ရန်ပွဲတွေနဲ့ မူးပြီး ဆိုင်ကယ်တွေမှောက်လို့ သေတာတွေရော ကြားရတာ အစုံပါပဲ။

မော်တင်ဘုရားပွဲချိန်ဆို ပုသိမ်ကမ်းနားမှာ မော်တင်ပွဲဆင်းမဲ့ သင်္ဘောတွေနဲ့ မမပုသိမ်သူ သီချင်းတွေ ပျံ့လွှင့်ပြီး စည်းကားနေတတ်ပါတယ်။

"ကျွန်တော့်မမ ပုသိမ်သူ ချောပုံယဉ်ပုံ လှပုံတမူ
......
ခင်မင်စရာလည်း ကောင်းလှသူ
ကျွန်တော့်မမ မမပုသိမ်သူ"

စန်းထွန်း
ဇွန် ၁၉၊ ၂၀၁၁။

ခင်မင်သူ‌တွေ ဒီလို‌ခေါ်တယ်...

ခင်မင်သူတွေ ဒီလို ခေါ်တယ် ကျွန်မကို မချို အဲလေ စန်းထွန်း။ နာမည်အပြည့်အစုံက စန်းစန်းထွန်း။ စလုံးနဲ့စလို့ အင်္ဂါသမီးလို့ မထင်လိုက်ပါနဲ့။ ဗုဒ္ဓဟီး အဲလေ ဗုဒ္ဓဟူးသမီး။ ဖေမေတို့က ဗေဒင်တွေနဲ့သေချာတွက်ချက်ပြီး နေ့သင့်နံသင့် ပေးထားပုံက အဲဒီကလေး မွေးတဲ့အချိန်မှာ မြို့က ကျောင်းဆရာမလေး မေတို့ရွာကို ရောက်လာတယ်။ ဆရာမလေးနာမည်ကို ကြိုက်တာနဲ့ ကလေးကို ဆရာမလေးနာမည် ပေးလိုက်ကြတယ်။ ရခိုင်လို ဆိုရင်တော့ စန်းစန်းထွမ်း(ထွန်းကို ရခိုင် အသံထွက်)။

ငယ်ငယ်က ပေါက်စလေးမို့ ပေါက်စလေးလို့ မကြီးက ခေါ်တယ်။ မင်းချေ(မေ့မေ့မောင်)နဲ့ ချေချေကြီး(မေ့မေ့ညီမ)တို့က ပေါက်စမလို့ ခေါ်တယ်။ မောင်ဝမ်းကွဲတွေ၊ ညီမဝမ်းကွဲတွေက မမပေါက်စတဲ့။ အဖေနာမည်တွေပါတဲ့ နာမည်တွေ ခေတ်စားတုန်းက စန်းစန်းသာထွန်းလို့ နာမည် ပြောင်းချင်တာ။ မေက မမခေါ်ဖို့ ဘာလောက်ပြောပြော မောင်မောင်ကတော့ စန်းထွန်းလို့ပဲ ခေါ်တယ်။

စန်းထွန်းလို့ ကြားရင် ယောက်ျားလေးလို့ ထင်ကြပါတယ်။ ကျောင်းမှာတုန်းကလည်း အထွန်းလို့ ခေါ်တဲ့ ကောင်လေးနားရောက်ရင် ဝေတို့က အထွန်းရေလို့ ခေါ်လေ့ရှိတယ်။ အထွန်းက လှည့်ကြည့်ရင် စန်းထွန်းကို ခေါ်တာလို့ စန်းထွန်းနာမည်ကို ခုတုံးလုပ်ပြီး စကြသေးတာ။ ကျန်းကျန်းတွန်း၊ ထွန်းထွန်းစန်းလို့ ဝေပေးတဲ့ နာမည်ပြောင်လဲ ရသေးတယ်။ တောဂေါ်လီလို့ အော်တဲ့ အောင်ကြီးတို့အုပ်စုကို သွားပြီး ဘယ်ကောင်လဲကွ တောဂေါ်လီလို့ အော်နေတာလို့ သွားရန်ထောင်ကောင်းတာ တောဂေါ်လီလို့ နာမည်ပြောင်တွင်လေရော။ စိုင်းစိုင်းရဲ့ တောဂေါ်လီက နောက်တော့မှ နာမည်ကြီးတာ။ တောဂေါ်လီဆိုတော့ ဂျမ်းဂဲဘောစိတဲ့။ တခါတုန်းက ဂျမ်းဂဲ ဂျမ်းဂဲ လှမ်းခေါ်နေတာက အောင်ကြီးတို့ အုပ်စုထဲက တယောက်။ IDCS Section 13 က သူငယ်ချင်းတွေကတော့ ဖွားစန်းတဲ့။ သူတို့ထက် တနှစ်၊ နှစ်နှစ်ပဲ ကြီးတဲ့ဟာကို။

NUS,ISS မှာ SA29 ဝင်ခွင့်ရတဲ့ ကျောင်းသားတွေ စင်္ကာပူမသွားခင် အပြန်အလှန်အီး‌မေးလ်တွေ ဆက်သွယ်နေရာက ရလိုက်တာက ကိုကြီးလို့ ခေါ်ပြီး ရောက်လာတဲ့ မောင်စိုင်းဆီက အီးမေးလ်။ အသာလေး ညီလေးလို့ စာပြန်လိုက်တယ်။ ဂျီတော့မှာ တင်ထားတဲ့ပုံကို ကိုကြီးရဲ့ ကောင်မလေးပုံ တင်ထားတာလို့ ထင်နေတာတဲ့။ နောက်ပိုင်း မိန်းကလေး သိသွားပေမဲ့လည်း ကိုကြီး ညီလေး ခေါ်နေတုန်း။ ကြိုက်တဲ့ musical songs တွေ forward ပေးတော့ reply ပြန်လာတာက ဒေါ်ရွှေဇင်မွန်ရဲ့ ko san htun, thanks u for sharing တဲ့။ အဲဒီကစလို့ သူငယ်ချင်းကောင်းကောင်းက ကိုစန်းထွန်းလို့ စတော့တယ်။ presentation နေ့တွေဆို မကြီးရဲ့ ဖန်စီဆွဲကြိုးတွေနဲ့ ရှိုးထုတ်တတ်တဲ့ စန်းထွန်းကို ကောင်းကောင်းက နာမည်ပေးတယ်။ ရာဇာစန်းထွန်း တဲ့။ တို့ကလည်း အားကျမခံ ပြန်ပေးတယ် ကောင်းကောင်းကန်းကန်းလို့။ ခုလည်း ကိုညိမ်းနိုင်က ဘလော့မှာ ရေးသွားတာက ရောက်တယ်ညီတဲ့။

နိုင်ငံခြားမှာ ကျောင်းတက်ရမယ်ဆိုတော့ အင်္ဂလိပ်နာမည်ရွေးထားတယ်။ စကားလက်။ ကိုဇော်မျိုးအောင်က စကားလက်ဂျိုဟန်ဆန်(ရုပ်ရှင်မင်းသမီး)ကို ကြိုက်လို့လားတဲ့။ မဟုတ်ဘူး စကားလက်အိုဟာရာကို ကြိုက်လို့။ ဆရာမြသန်းတင့်ရဲ့ လေရူးသုန်သုန် ဝထ္ထုထဲက စကားလက်ကို တချို့ကတော့ စကားလက်ကို အတ္တကြီးတဲ့၊ တကိုယ်ကောင်းဆန်သူအဖြစ် မြင်ကြပေမဲ့ တို့ကတော့ စကားလက်ရဲ့ အားမာန်တွေကို သဘောကျတာပါ။ နိုင်ငံခြားသားတွေက စန်းစန်းကို အလွယ်တကူ အသံထွက်နိုင်ကြပေမယ့် ထွန်းကိုတော့ ပီအောင် မထွက်နိုင်ကြဘူး။ စန်းတွန်းတဲ့။ တရုတ်လိုဆိုရင် စန်းဆိုတာ သုံးလို့ အဓိပ္ပာယ်ရသလို တောင်လို့လည်း အဓိပ္ပာယ်ရတယ်။ ဒီတော့ စန်းစန်း၊ စန်းလို့ပဲ ခေါ်ကြတော့တယ်။ စကားလက်တောင် မလက်လိုက်ရပါဘူး။

လှည်းတန်းက ဦးမြကြိုင်အင်္ဂလိပ်စာသင်တန်း သွားတက်တုန်းက သူငယ်ချင်းတွေက စန်းထွန်းလို့ ခေါ်တိုင်း အမကြီးတယောက် လှည့်လှည့်ကြည့်နေတာ။ သူ့နာမည်လည်း စန်းစန်းထွန်းပါပဲတဲ့။ မသတ်နဲ့ သတ်တဲ့ စမ်းထင်နေတာ စလုံးနသတ် စန်းပါပဲတဲ့။ စန်းထွန်းနာမည်တူသူတယောက်ကို တွေ့ခဲ့ဖူးတယ်။

မွန်လူမျိုး အေးသက်လှိုင်ကို သူ့အိမ်က ခေါ်တာက အဝတ်တဲ့။ သူ့ညီမကိုတော့ အရစ်တဲ့။ သူ့တူ၊တူမတွေက အန်တီဝတ် အန်တီဝတ် ခေါ်ရင်းကနေ အန်တီဝက် ဖြစ်ရော :)။

ဟုတ်ကဲ့ စန်းထွန်းဆိုတာ ကိုကြီး၊ ညီ၊ ကိုစန်းထွန်းလို့ အခေါ်ခံရတဲ့ ယောက်ျားလေးနာမည်နဲ့ မိန်းကလေးပါ ခင်ဗျ။

စန်းထွန်း
၁၈ ဇွန် ၂၀၁၁။

Culture Shock _ 3

လက်ထောင်ပြီး သိသလောက် ပြောပါ။
မြန်မာကျောင်းသားအများစု(ကိုယ်ကိုတိုင် အပါအဝင်)က သိရင်တောင် လက်ထောင်ပြီး ပြောရမှာ ရှက်ကြပါတယ်။ ပြောတာမှားမှာလည်း စိုးရိမ်တာကိုး။ နိုင်ငံခြားမှာတော့ ဆရာက တခုခု မေးလိုက်ရင်ပဲ ထောင်လိုက်ကြတဲ့ လက်တွေ။ ဆရာကတောင် လူရွေးပြီး ဖြေခိုင်းရတယ်။ ဆရာတွေကလည်း လက်ထောင်တဲ့ ကျောင်းသားကိုမှ အထင်ကြီးတာပါ။ ဒါကြောင့် သိသလောက် လက်ထောင်ပြီး ရွီှးသင့်တာရွီှး၊ ပွားသင့်တာပွား ရပါမယ်။ မှားလည်း ဘာမှမဖြစ်ဘူး။ ဒီသူငယ်ချင်းတွေပဲ။ လူဆိုတာ မှားမှာပဲလေ။ စာသင်ခန်းထဲမှာ အမှားလုပ်တာ ဘာမှ မဖြစ်ပါဘူး။

မေးခွန်း မေးရမယ်။
ပြီးရင် မေးခွန်း မေးတတ်ရမယ်။ ကိုယ်တွေကတော့ အားလုံးသိနေပြီးသား မေးခွန်းမေးတဲ့ကောင်တွေကို ဒီလောက်တောင် ပိန်းသလားပေါ့။ အမှန်က ဆရာတွေက မေးခွန်းမေးတဲ့ ကျောင်းသားကိုမှ challenge လုပ်တဲ့ကျောင်းသားဆိုပြီး အထင်ကြီးတာပါ။ နားလည်လို့ မေးခွန်းထုတ်တာတဲ့။ စီနီယာနီပေါအမက ဆရာ သင်ပြီးတိုင်း why လို့ မေးတဲ့။ ပြီးရင် give me an example လို့ ပြောတဲ့။ ဂျူနီယာတွေကို သင်နေတာ။ တကယ်လည်း ပြောတဲ့အတိုင်းလုပ်တဲ့ စီနီယာ့ကို ဆရာက နာမည်ပြောင်ပေးထားပါတယ်။ "why example" တဲ့။

ခါးကုန်းပြီး အရိုအသေ မပေးပါနဲ့။
တနေ့တော့ အမတယောက် ကျောင်းကအသက်အကြီးဆုံးဆရာတယောက်ရှေ့မှာ ရိုသေလေးစားသမှုနဲ့ ခါးလေးကုန်းပြီး ဖြတ်လျှောက်သွားပါတယ်။ ချက်ချင်းပဲ ဆရာက လှမ်းခေါ်ပြီး ဘာလုပ်တာလဲလို့ မေးတယ်။ ငါတို့ယဉ်ကျေးမှုအရ ရိုသေလေးစားမှုနဲ့ ခါးကုန်းပြီး အရိုအသေပေးတာဆိုတော့ သိပ်မကျေနပ်ချင်ဘူး။ အသက်ကြီးလို့ ခါးကုန်းနေတဲ့ သူ့ကို ပြောင်နေတာလို့ ထင်သွားတယ်လေ။

မတူညီတဲ့ ယဉ်ကျေးမှုကို လက်ခံပါ။
ကျောင်းမှာ တခန်းလုံးက ကျောင်းသားတွေနဲ့ စကားပြောပေမယ့် middle eastက ကျောင်းသားတွေနဲ့ကတော့ နှုတ်ဆက်ရုံလောက်ပဲ။ အီဂျစ်၊ အီရတ်၊ ဂျော်ဒန်၊ ပါလက်စတိုင်း၊ ယီမင်က ကျောင်းသားတွေက အသားဝါဝါ၊ မျက်ခုံး၊ မျက်လုံးကောင်းကောင်းနဲ့ လှကြပေမယ့် သူတို့ ယဉ်ကျေးမှုအရ မိန်းကလေးနဲ့ အရောသိပ်မဝင်ဘူး။ သူတို့ စကားပြောနေတုန်း ကိုယ်တွေ ဖြတ်သွားရင်တောင် ပြောလက်စ စကားကိုရပ်ပြီး သတိအနေအထားနဲ့။ ယောက်ျား၊ မိန်းမ ခွဲခြားမှုရှိတယ်။ ငြင်းကြ၊ ခုန်ကြရင် သူတို့ ပြောတာ အမှန်။ တကယ်လို့များ သူတို့မှားရင် မျက်နှာက မကောင်း။ အငြင်းသန်ပြီး မေးခွန်းတွေ မေးလွန်းလို့ ဆရာကတောင် နောက်မေးခွန်းတခုဆိုရင် မေးခွန်းမေးတာရပ်ပြီး စာဆက်သင်မယ်လို့ တားယူရတယ်။ လူဆိုတာ အမြဲမမှန်ပါဘူး။ တခါတလေ ကိုယ်မှားနေတာကို သူများက ထောက်ပြပေးရင် လက်ခံနိုင်ရပါမယ်။ သူများဆီက ကောင်းတာတွေ အတုယူရမယ်။ တယောက်တည်းမဟုတ်ဘဲ middle eastကျောင်းသားအများစုက အဲဒီလိုဆိုတော့ သူတို့ ယဉ်ကျေးမှုပဲလို့ နားလည်လိုက်ရတယ်။ ဟုတ်တယ်လေ သူတို့ကိုမှ မပြင်နိုင်တာ။ ကိုယ့်ကိုကိုယ်ပဲ ပြင်ရတာပေါ့။

စကားပြောရင် နားနားပြီး ပြောပါ။
ဗီယက်နမ်ကျောင်းသားတွေက စကားပြောရင် oh reallyက မပါမဖြစ်။ အစက သတိမထားမိဘူး။ နီပေါကျောင်းသားတွေ စတော့မှ သတိထားမိတယ်။ တခုခုဆို မျက်လုံးလေးပြူး တအံ့တသြ ပုံစံနဲ့ oh really လို့ ပြောပြီး နောက်လေ့ရှိကြတယ်။ စင်္ကာပူမှာတော့ monotone တလေသံထဲ ပြောပေမယ့် usမှတော့ စကားလုံး တလုံးနဲ့တလုံးကြား နားနားပြီး အသံအနိမ့်အမြင့်နဲ့ပြောလေ့ရှိပါတယ်။ တခုခုဆို spelling ပေါင်းပြ c-o-m-p-u-t-e-r သြော် ကွန်-ပြူ-တာလို့ တယောက်ကပြောရင် နောက်တယောက်က မဆီမဆိုင် oh really လို့ပြောပြီး ဗီယက်နမ်နဲ့ အမေရိကန်ကို ဟားလေ့ရှိပါတယ်။

ဘယ်ကပ်၊ညာကပ်။
ဟောင်ကောင်မှာတုန်းက စက်လှေကားစီးနေရင်း ပေါက်ပေါက်ဖောက်နေကြတာ နောက်က အန်တီကြီးက ဒေါကြီးမောကြီး ဘာတွေပြောသွားမှန်းမသိတော့ ပါးစပ်လေးအဟောင်းသားနဲ့ တယောက်နဲ့တယောက် မေးငေါ့ပြီး ဘာလဲပေါ့။ ကန်တုန်စကားတတ်တဲ့ ထိန်ထိန်က စက်လှေကားကို ဘယ်ကပ်စီးထားလို့တဲ့။ ဟောင်ကောင်မှာက ညာကပ်။ အရေးကြီးတဲ့သူတွေအတွက်က ဘယ်ကို ရှင်းပေးထားရတာ။ စင်္ကာပူမှာက ပြောင်းပြန် ဘယ်ကပ်၊ အရေးကြီးသုတ်ခြေတင်သူများအတွက်က ညာကို ရှင်းပေးထားရတာလေ။ ရောက်တဲ့နိုင်ငံက လူတွေ ဘယ်ကပ်လား၊ ညာကပ်လား ကြည့်ပြီး ကပ်ရမှာ။ အဲလိုမှ မဟုတ်လို့ကတော့ စန်းထွန်းတို့လို အပွမ်ခံရမယ်။

စန်းထွန်း
၁၇၊ ဇွန်၊ ၂၀၁၁။

Yummy ...

တရုတ်ပြည် ကွမ်ကျိုးမှာ ခွေးအရှင်လေးကို မီးကင်စားတာကို ဓာတ်ပုံနဲ့တကွ တင်ထားတဲ့ yahoo သတင်းကို ဖတ်လိုက်ရတယ်။ ရှုံ့ချတာတွေ၊ ကန့်ကွက်တာတွေနဲ့ ပွက်လောရိုက်သွားတာပေါ့။ မေ့အဖွားဆုံးလို့ မေ့တို့ရွာကို တခေါက်ရောက်ဖူးပါတယ်။ မေ့တို့ရွာနားက ချင်းရွာကို ဖြတ်တော့ ကလေးတွေ ရုတ်စုရုတ်စုဖြစ်နေတော့ မောင်မောင်က သွားစပ်စုတယ်။ ခွေးလေးကို တုတ်ထိုးပြီး ကင်စားနေတာတဲ့။

ဖေချက်ကျွေးတဲ့ ဖားသားက ကောင်းမှကောင်း။ ဇပလင်နိုင်နိုင်နဲ့။ လယ်ကြွက်သားကလည်း ကောင်းတယ် ပြောတယ်။ ခွေးသားစားရင် ပူတယ်။ ခွေးသားစားတဲ့သူလာရင် ခွေးတွေက ဟောင်တယ်လို့ ကြားဖူးတယ်။

ကျောင်းက ဗီယက်နမ်မနှစ်ယောက်ကတော့ တကယ်အစုံစားတာပါ။ ခွေးသား၊ မြွေသား၊ ကြောင်သား၊ ဖားသားအကုန် ဘာဆိုဘာမှ မကျန်အောင် စားတာပါ။ ကူး..ကူးလို့ အော်တဲ့ (ဘာငှက်မှန်း သူတို့တောင် မသိတဲ့) ငှက်မည်းမည်းရဲ့ သွေးကို အစိမ်းသောက်တာတဲ့။ ဒီတော့ နီပေါတွေက ဖားသားကြိုက်ရင် နီပေါကို လာတဲ့။ နီပေါမှာ ဖားတွေ ပေါမှပေါ။ နီပေါအစားအစာတိုင်းက အာလူးနဲ့ မဆလာပါတယ်။ အာလူး အာလူးလို့ ပြောနေတော့ "do you call the potatoes as arlu?"လားလို့ မေးတော့ "yes"တဲ့။ မဆလာကိုလဲ မဆလာလို့ ခေါ်တယ်။ ဗီယက်နမ်မှာ လမ်းဘေးကြောင်၊ လမ်းဘေးခွေး မရှိပါဘူးတဲ့။ ရန်ကုန်က စည်ပင်လို လမ်းဘေးခွေး ရှင်းလင်းရေး လုပ်စရာ မလိုဘူး။ ကိုယ့်ဘာသာရှင်းကြတာ ဗိုက်ထဲကို။

နွေဦးကျောင်းပိတ်ရက်မှာ ငါးသွားမျှားကြတော့ စီနီယာနီပေါအကိုကြီးက "do you eat crocodile?" လို့ လာမေးလို့"I am not vietanmese. I am burmese." လို့ ပြောလိုက်ရတယ်။ ဗီယက်နမ်တွေ အစားသောင်းကျန်းတာကို ကြားဖူးတဲ့ စီနီယာက ဗီယက်နမ်ထင်ပြီး လာစနေတာလေ။

Lady Night Partyမှာ စီနီယာတွေ၊ ဂျူနီယာတွေက ကိုယ့်မိသားစုအကြောင်း၊ ကိုယ့်နိုင်ငံအကြောင်း၊ ကိုယ့်အတွေ့အကြုံတွေအကြောင်း မိတ်ဆက်ရပါတယ်။ ကိုလံဘီယာနိုင်ငံသူက သူ့မိသားစုအကြောင်း မိတ်ဆက်တဲ့အခါ သူ့မှာ ခွေးလှလှလေးရှိတဲ့အကြောင်း ပြောပြပါတယ်။ အားလုံးက ချစ်စရာကောင်းတဲ့ စုတ်ဖွားလေးကို တွေးနေပေမယ့် ဗီယက်နမ်မလေးတွေကတော့ yummy.. yummy စားချင်လိုက်တာလို့ တွေးနေပါသတဲ့ :)။

စန်းထွန်း
၁၆၊ ဇွန်၊ ၂၀၁၁။

ရည်မှန်းချက် ကြီးမားပုံများ...

ဆယ်တန်းမတိုင်ခင် အထိတော့ ရည်မှန်းချက်က ဆရာဝန်ဖြစ်ဖို့။ ဂျူတီကုတ်အဖြူလေးနဲ့ လူတွေရဲ့ အသက်ကို ကယ်တင်ပေးရတဲ့ ဆရာဝန်အလုပ်က မွန်မြတ်လှပါတယ်။ အိမ်ကလည်း ဆရာဝန်ဖြစ်စေချင်တာပေါ့။ ဆရာဝန်လည်း ဖြစ်ချင်ခဲ့ပါတယ်။ ဆေးပြုတ်လို့ ကွန်ပျူတာကို ရောင်ချာချာနဲ့ ရောက်ပြန်ရော။ သီရိခင်မောင်ထွေးကတော့ ဆေးမှီတာတောင် ကွန်ပျူတာကိုပဲ ဝါသနာပါလို့ ရွေးခဲ့တာပါတဲ့။ ကွာပါ့ စန်းထွန်းနဲ့။ မာစတာတက်နေတဲ့အထိ ယောင်တောင်တောင်ပါပဲ။ အိမ်ကတော့ ကျူတာဖြစ်စေချင်တာပေါ့။ ကျူတာလည်း မလုပ်ချင်။ ဆရာမတွေ သိပ်ပင်ပန်းတာ မျက်စိရှေ့ မှာ မြင်နေရတာကိုး။ မာစတာကိုတောင် ကျူတာမလုပ်ခိုင်းပါဘူးဆိုတဲ့ ဖေ့ဆီက ကတိကိုတောင်းပြီး တက်တာ။ အလုပ်အကိုင် ရှားပါးတဲ့ မြန်မာပြည်မှာ အလုပ်အကိုင်တခုရဖို့တော့်တော့်ကို ခက်ခဲပါတယ်။ ရုံးကို နောက်ကျမှလာ အစောကြီး ရုံးဆင်း တချိန်လုံး အားယားနေတဲ့၊ တောင်းတတ်မှ၊ ဖားတတ်မှ ရတဲ့ အစိုးရအလုပ်လဲ မလုပ်ချင်။ ကုမ္ပဏီ အလုပ်ကလည်း အဆက်အသွယ်ကောင်းမှ။ ကိုင်ပိုင်ဆိုင်ဖွင့်နိုင်မှ။ အလုပ်တွေ လျှောက်ရင်း၊ ကျောင်းတွေ တက်ရင်းနဲ့ပဲ အသက်တွေက တဖြည်းဖြည်း ကြီးလာ။

စင်္ကာပူကျောင်းက တီချယ် Esterက programmer ဆိုတာ poly ကျောင်းဆင်း ၁၈နှစ် ကလေးတွေက တို့တွေထက် ပိုလုပ်နိုင်တယ်။ system analyst ကမှ လူတိုင်း မလုပ်နိုင်ဘူး။ အတွေ့အကြုံလိုတယ်။ analyst ဖြစ်အောင်လုပ်တဲ့။ တီချယ့် သြဝါဒအတိုင်း မသွေမတိုင်း လိုက်နာပြီး system analyst ဖြစ်ချင်တာပေါ့။ analyst လုပ်ပြီး programmer တွေကို ခိုင်းမယ်ပေါ့။ အလုပ်ရတော. analyst programmer။ analyst လုပ်ပြီး သူများကို ခိုင်းဖို့နေနေသာသာ leader ခိုင်းတာတွေတောင် မပြီးလို့ မနည်းပြီးအောင်ရေးနေရတယ် :)။

Bedok အိမ်ရှင် မဝါက project manager။ လုပ်သက်က ဆယ်နှစ်ကျော်။ အတွေ့အကြုံက ဂျပန်၊ အမေရိကန်မှာ။ လစာက အများကြီးရတာ မြင်ရတော့ project manager ဖြစ်ချင်ပြန်ရော။

ခုတော့ ဘာကြီးဖြစ်ချင်တယ်၊ ညာကြီးဖြစ်ချင်တယ် အသာထား စာမေးပွဲအောင်အောင် မနည်းလုပ်နေရတယ်။ ဘာကြီးဖြစ်ချင်တယ်၊ ညာကြီးဖြစ်ချင်တယ်လို့ အရင်လို လေမကျယ်နိုင်တော့ပါ :)။

မောင်မောင်ကတော့ ဆယ်တန်းစတက်တက်ချင်း ဂုဏ်ထူးလေးလုံးလို့ ကြုံးဝါးပါတယ်။ နှစ်လယ်ရောက်ရော ဂုဏ်ထူးနှစ်လုံးတဲ့။
စာမေးပွဲ ဖြေခါနီးတော့ အောင်ရင်တော်ပြီတဲ့။ အင်္ဂလိပ်စာဖြေပြီးတော့ ခြစ်ချမယ်လို့ ပြောလို့ မခြစ်ချပါနဲ့ အောင်အောင် ရှုံးရှုံးဆက်ဖြေပါလို့ ပြောယူရတယ်။ အောင်လို့ တော်သေးရဲ့။

ပြောပါတယ် တို့မောင်နှမ ရည်မှန်းချက်ကြီးပုံများ :)။

စန်းထွန်း
ဇွန် ၁၅၊ ၂၀၁၁။

မတူညီတဲ့ အကျင့်‌လေး‌တွေ...



ကိုယ့်အတွက် ဘာမှမဖြစ်တဲ့ အသေးအဖွဲ့ကိစ္စလေးတွေက တခြားတယောက်အတွက်ကတော့ သည်းညည်းမခံနိုင်တဲ့ အရာလေးတွေ ဖြစ်နေတတ်ပါတယ်။ ဖေက ကြွက်ကတိုးကို မြင်တိုင်း တုတ်တချောင်းနဲ့ လိုက်တတ်တယ်။ ကြွက်ကတိုးရဲ့ ကျွှတ်၊ ကျွှတ် အသံ၊ နှုတ်ခမ်းမွှေးကို တလှုပ်လှုပ် လုပ်နေတာ၊ ကြွက်ကတိုးရဲ့ အနံ့တွေကို အသည်းယားလို့တဲ့။ တို့တွေအတွက် ဘာမှမဖြစ်ပေမယ့် ဖေ့အတွက်ကတော့ ဘယ်လိုမှ သည်းညည်းမခံနိုင်တာပါ။ ကြွက်ကတိုးကို တုတ်တချောင်းနဲ့ လိုက်နေတဲ့ ဖေနဲ့ သူနဲ့ ဘာမှမဆိုင်သလို အိပ်မပျက်တဲ့ ဂါးဖီးကို မြင်ရတိုင်း ပြုံးမိတယ်။ ပြီးရင်း ပြောသေးတာ "သမီးကြောင် ငပျင်းတဲ့"။ ဂါးဖီးတာဝန်ကို သူယူရလို့လေ။

မကြီးကတော့ တံမြက်စည်းလှန်းတိုင်း ချောင်းဆိုးတယ်။ ဖုန်မှုန့်တွေကြောင့်လေ။ သိတဲ့အတိုင်း ရန်ကုန်ကလည်း ဖုန်ထူထူ။ Maskနဲ့ နှာခေါင်းကို ကာပြီး တံမြက်စည်းလှည်းတဲ့ မကြီးကို တခြားသူတွေ မြင်ရရင် ဘာလို့ပါလိမ့်လို့ တွေးမိကြမယ်။ အမှန်က သူ့ဒုက္ခနဲ့ သူ။



မောင်မောင်ကတော့ ခက်တဲ့(ပြည်ကြီးငါးကို ဒေသအခေါ်)က ခေါင်းပိုင်းမှာ ပါတဲ့ လက်တံတွေကို ကြောက်လို့တဲ့ မစားဘူး။ အိမ်မှာ ခက်တဲ့ချက်ရင် မောင်မောင်က အမြီးပိုင်းကိုပဲ ရွေးတီးတယ်။



ဘဲခြေထောက်မစားတဲ့ သူငယ်ချင်းတယောက် ရှိတယ်။ ဘာလို့ မစားတာလဲဆိုတော့ ဘဲခြေထောက်ကြားက အရေပြားတွေကို အသည်းယားလို့တဲ့။



အသိအမတယောက်ကတော့ ဖေ့လိုပဲ ကြွက်ကတိုးနဲ့ ဖားပြုတ်ကို မြင်တိုင်း လိုက်ရိုက်သတဲ့။ ဖားပြုတ်ရဲ့ ပြုတ်ထနေတဲ့ ကျောကုန်းကို မြင်ရတာ အသည်းယားလွန်းလို့တဲ့။ အိပ်မပျော်ရင် လျှာကို ဘယ်နားထားရမှန်း မသိဘူးတဲ့။ လျှာကို ဘယ်နားထားရမှန်း စဉ်းစားနေရတာနဲ့ အချိန်ကုန်ရောတဲ့။ ထူးထူးဆန်းဆန်းနော်။ သူတယောက်တည်းဖြစ်တယ်ထင်တာ စကားစပ်မိရင်း သူတို့ ရိုးဝမ်းကြီးလည်း အဲဒီလိုဖြစ်တယ်ဆိုမှ အဖော်ရှိတယ်ဟဆိုပြီး ဝမ်းသားအားရ ဖြစ်သွားတယ်။ နို့မို့ ငါတယောက်တည်းပဲ ဖြစ်နေတာလားဆိုပြီး ကိုယ့်ကိုကိုယ် ဂေါက်တယ် ထင်နေမှာ။

စန်းထွန်း
ဇွန် ၁၄၊ ၂၀၁၁။


စိတ်ဝိညာဥ◌် အေးချမ်းစေသော...

ဒီခေတ်မှာ နည်းပညာတွေ တိုးတက်လာတော့ အင်တာနက်က ကမ္ဘာကြီးက ရွာဖြစ်လာပြီ။ မိုင်ထောင်ချီးဝေးပေမယ့် အင်တာနက်ကြောင့် မိဘမောင်နှမ၊ ချစ်သူ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ တွေ့နိုင်တယ်။ သီချင်းဆိုဝါသနာပါတဲ့သူတွေက သီချင်းဆိုပြီး ယူကျု့ပေါ်တင်။ စာရေးဝါသနာပါတဲ့ ဘလော့ကာတွေက စာရေးပြီး ဘလော့တင်။ ဓာတ်ပုံဝါသနာပါသူတွေက ဓာတ်ပုံတွေရိုက်ပြီး ဖေ့ဘွတ်ပေါ်တင်။ ကိုယ်ဝါသနာပါရာတွေ အင်တာနက်ကနေ ရှယ်နိုင်ပါတယ်။ အင်တာနက်မှာ ကောင်းတာတွေ ရှိသလို မကောင်းတာတွေလည်း ရှိတာပါပဲ။ ရွေးချယ်တတ်ဖို့ လိုပါတယ်။

မောင်မျိုးရဲ့ ဘဝဇာတ်ခုံ ဘလော့ထဲကနေ ဒီသီချင်းလေးကို ရတာပါ။ နားထောင်ပြီးတော့ ဟတ့်ထိသွားတယ် ဆိုပါတော့။ ချိုသာတဲ့အသံလေးနဲ့ ဂီတာလေးက ဘာမှမလိုအောင် ပြီးပြည့်စုံပါတယ်။ သူငယ်ချင်းတယောက် ကိုယ့်ဘေးနားလေးမှာ ကိုယ့်အတွက် လာထိုင်ပြီး ဆိုနေသလို ခံစားရတယ်။ ဝါသနာရှင်ပေမယ့် ပညာရှင်အဆင့်ပေပဲ။ သီချင်းစာသားလေးကလည်း ကောင်းပါတယ်။ တမြေဆီ ဝေးနေကြပေမယ့် ဒီကမ္ဘာရဲ့ တမိုးအောက်ထဲမှာ တို့တွေ အတူတူ ရှိနေပါသေးတယ်။ မူရင်းအဆိုတော်က မျက်နှာသီချင်းနဲ့ နာမည်ကြီးတဲ့ IMP က ပူစူးပါ။ မူရင်းအဆိုတော်ထက် ပိုကောင်းတယ်။ ပူစူး ပရိသတ်တွေ ချောင်းရိုက်တော့မယ် :)။

ကိုယ်ကိုတိုင်ကတော့ အဆိုပါရမီ ဘယ်လောက်ရှိလဲဆိုရင် သီချင်းတပုဒ်ကိုတောင် ဆုံးအောင်မရဘူး။ ဟိုက တပိုဒ်၊ ဒီက တပိုဒ်နဲ့ရောသမမွှေဆိုတဲ့ သားစိုးကိုတောင် လက်မှိုင်ချသွားမယ်။ တို့မှ အစစ်။ စင်ပေါ်မှာဆိုတဲ့ သူတွေကို ချီးကျူးပါတယ်။ တို့သာ အဲလိုတက်ဆိုလို့ကတော့ ဘာပြောကောင်းမလဲ တိုက်ဆောက်လို့ ရသွားစေရမယ်။ ပရိသတ်က ချီးမြှင့်တဲ့ ခဲမိုးတွေနဲ့လေ။

အိကေကတော့ သီချင်းဆို ကောင်းတယ်။ မင်းချေ(မေ့မေ့မောင်)က အဆိုကောင်းတယ် ။ သူ့ညီမတွေက မောင်းချေ (အကို)လို့ ခေါ်တာကို တို့တွေက လိုက်ခေါ်ရင်း မင်းချေ ဖြစ်သွားတယ်။ အမှန်က ဘေးချေ ခေါ်ရမှာ။ ငယ်ငယ်တုန်းက ညနေတိုင်းဦးကျော်ဝင်းက မယ်ဒလင်တီးပြီး မင်းချေက သီချင်းဆိုလေ့ရှိတယ် ။ "ရွက်ဝါ ကြွေဦး နွေဦးခါစ ညနေဆည်းဆာ..." ဘယ်သူ့ဆိုတဲ့ ဘာသီချင်းမှန်း မသိဘူး။ မေ့မေ့မောင်ဝမ်းကွဲတယောက်ကတော့ သီချင်းဘယ်လောက်ကြိုက်လဲဆိုရင် ကက်ဆက်ကို ဖတ်အိပ်တာ။ တို့မောင်နှမတွေကတော့ နားပဲ ထောင်တတ်တယ်။

တခါတလေမှာ အထီးကျန်ဆန်တဲ့အခါ ဂီတကသာ ကိုယ့်ကို အဖော်ပြုပေးနိုင်တာပါ။ ဝါးလက်ခုပ်တောင် ဖြောင့်အောင် မတီးတတ်တဲ့ စန်းထွန်းက သူများတွေ ဂီတာတီးတာ၊ တယောထိုးတာတွေ တွေ့တိုင်း အားကျမိပါတယ်။ နိုင်ငံခြားမှာ secondary school လောက်က တက်ရတဲ့ ကလေးတွေက ဂီတတခု၊ အားကစားတခု၊ ဘာသာစကားတခုတော့ မတတ်မဖြစ်တတ်ရတယ်။ မြန်မာပြည်မှာ ကျောင်းတက်ခဲ့တဲ့ တို့တွေကတော့ ဂီတတို့၊ ဘာသာစကားတို့ ဘယ်တတ်ပါ့မလဲ။ အားကစားကတော့ ဘတ်စ်ကဘော၊ ရေကူး၊ တင်းနစ်တို့ မရိုတ်တတ်ပါဘူး။ ကြိုးခုန်တတ်တယ်၊ ထုပ်ဆီးကောင်းကောင်းထိုးတတ်တယ်။ တရုတ်ကလေးတွေကျတော့ ဘုံကျောင်းတက်ရတော့ တရုတ်စာတတ်ကြတယ်။ ဘုရားကျောင်းတတ်တဲ့သူတွေကတော့ ဂီတာတို့၊ တယောတို့ တီးတတ်ကြတယ်။

တချို့ကတော့ သီချင်းဆို၊ ဂီတာတီး၊ တယောထိုးတာ ဝါသနာပါတယ်။ တချို့က စာရေးတာ ဝါသနာပါတယ်။ တချို့ကတော့ စာဖတ်တာ ဝါသနာပါတယ်။ တချို့ကတော့ ချက်ပြုတ်တာ ဝါသနာပါတယ်။ တချို့ကတော့ အပင်စိုက်တာ ဝါသနာပါတယ်။ တချို့က ခွေးလေးတွေ၊ ကြောင်လေးတွေနဲ့ အချိန်ဖြုန်းတယ်။ တချို့ကတော့ ဓာတ်ပုံရိုက်တာ ဝါသနာပါတယ်။ တချို့ကတော့ ဓာတ်ပုံရိုက်ခံရတာ ဝါသနာပါတယ်။ တချို့ကတော့ လျှော့ပင်းထွက်တာ ဝါသနာပါတယ်။ တချို့က အားကစားလုပ်ရတာ ဝါသနာပါတယ်။ တချို့ကတော့ တောင်တက်ရတာ ဝါသနာပါတယ်။ တချို့ကတော့ ဂိမ်းဆော့ရတာ ဝါသနာပါတယ်။ တချို့ကတော့ လူမူရေးလုပ်ငန်းတွေမှာ ဝါသနာပါတယ်။ တချို့ကတော့ ခရီးသွားတာ ဝါသနာပါတယ်။

ကိုယ်ဝါသနာပါရာတွေကို လုပ်နေတော့ အချိန်က ကုန်မှန်းမသိ ကုန်သွားတယ်။ အလုပ်ထဲမှာ၊ ပတ်ဝန်းကျင်မှာ စိတ်ညစ်စရာတွေ ကြုံရတဲ့အခါ ပိုက်ဆံမရပေမဲ့ ကိုယ်ဝါသနာပါရာတွေကို လုပ်နေရတာတွေက ကိုယ့်အတွက် စိတ်အာဟာရတွေ ဖြစ်စေပါတယ်။ ကိုယ်ဝါသနာပါရာတွေကို လုပ်ရင်း အဓိပ္ပာယ်ရှိသော ဘဝကို ပိုင်ဆိုင်ပါစေ။ နားဆင်ခံစားကြပါဦးနော်။

စန်းထွန်း
ဇွန် ၁၃၊ ၂၀၁၁။


မြကျွှန်းညိုညို ကွန်းခိုရာ တက္ကသိုလ်မှာဆို _ ၃

ဂုဏ်ထူးတန်းရောက်တော့ သစ်သစ်၊ ဝေ၊ မြတ်မွန်၊ အေးသက်၊ အိကေ၊ စန်းထွန်း ပဲ ကျန်တော့တယ်။ အဆောင်သစ်တွေလည်း တိုးလာတယ် ။ မြေအောက်ထပ်လို့ခေါ်ကြတဲ့ အခန်းထဲမှာ ဟော့ဖြစ်တဲ့ IC သီချင်းတွေကို အော်ဆိုပြီး အခန်းထဲမှာ အနားယူနေသူကို ဝေနဲ့စန်းထွန်းက နှိပ်စက်ကြသေးတာ။ တခါတလေ အိကေကပါ ဝိုင်းကူလိုက်သေး။ နောင်တော့ ယူနီဖောင်း ဝတ်ရတော့တယ်။ ဘဏ်စာရေးမဝတ်စုံနဲ့ တူတယ်။

အိကေ၊ သစ်သစ်၊ မြတ်မွန်၊ ဝေ၊ စန်းထွန်း၊ အေးသက်လှိုင်။
ယူနီဖောင်းဝတ်ရပြီ

ဒေါ်နီလာသိန်း ပါချုပ်ဖြစ်တော့ ပိုတင်းကျပ်လာတယ်။ စာသင်ချိန်ဆို အခန်းအပြင်မှာ ထွက်မနေရ။ လင်မျှော်ဆောင်လို့ ကျောင်းသားတွေ နာမည်ပြောင်ပေးထားတဲ့ ကျောင်းမျက်နှာစာ လေသာဆောင်မှာ ဘယ်သူမှ ရှိမနေရင် သဘောပေါက် ပါချုပ်ရှိနေလို့။

တခါက ဆရာမမလာသေးလို့ အိမ်သာကို သွားကြတာ ဗြုန်းကနဲ ပါချုပ်ရောက်လာပြီး ဘယ်အတန်းကလဲတဲ့။ ဂုဏ်ထူးတန်းကလို့။ ဘယ်နှစ်နာရီရှိပြီလဲတဲ့။ နာရီကိုကြည့်တော့ အခန်းထဲမှာ ရှိရမယ့်အချိန်။ ဘယ်ဆရာချိန်လဲတဲ့။ ဘာမှပြန်မပြောဘဲ ငြိမ်ကုတ်နေလို့ အကြီးတွေဖြစ်ပြီး စည်းကမ်းမလိုက်နာဘူး ဘာဘူးပေါ့။ ပါချုပ်ထွက်သွားမှ တက္ကသိုလ်ရောက်နေပြီ စတိတ်ကျောင်းကြနေတာပဲ ဘာပဲပေါ့ ပွစိပွစိ လုပ်ကြတာပေါ့။ စာသင်နေတုန်း ပစ်တိုင်းတောင်လို့ ချစ်စနှိုးခေါ်ကြတဲ့ ဆရာမကို ပါချုပ်အခန်းက အမကြီးက လာခေါ်တယ်။ တို့တွေက ဘယ်အခန်းကလို့ ပါချုပ်လိုက်ချောင်းတယ်နဲ့တူတယ်။ ပြီးတော့ဒီအချိန် ဘယ်ဆရာမဆိုတာ သိပြီး ဆူဖို့လှမ်းခေါ်တာနေမှာ။ စိတ်မကောင်းပါဘူး တို့တွေကြောင့် ဆရာမ အဆူခံရတယ်။ အဲဒီကတည်းက ဆုံးဖြတ်လိုက်တယ် ပါချုပ်ရှိနေသရွေ့ ဆရာမ မလုပ်ဘူးလို့။

မိုးရွာတုန်း တောင်ဝင်လမ်းတလျှောက် ကလေးတွေ မိုးရေထွက်ချိုးတာ ပါချုပ်က ကားနဲ့ လိုက်ဖမ်းတာ အိမ်သာထဲ ထွက်ပြေးကြ။ တို့တွေများ ကျောင်းတက်လာတာ လေးနှစ်ရှိပါပြီ တခါမှ မိုးရေထွက်ချိုးဖို့ စိတ်တောင်မကူးမိဘူး။ ရေစိုစို အင်္င်္ကျိနဲ့ ကျောင်းကားထွက်တဲ့အထိ နေရမှာ။ နေမကောင်းဖြစ်မှ ဒုက္ခ။ တို့တွေကပဲ အသက်ကြီးသွားတာလား။ ဒီခေတ်ကလေးတွေကပဲ ခေတ်မှီနေကြတာလား။ ဆရာမတယောက်ကတော့ သူဆရာမသက်တမ်းလုပ်လာတဲ့ ၁၂နှစ်မှာ ဒီပထမနှစ်ကလေးတွေက အဆိုးဆုံးတဲ့လေ။

ဂုဏ်ထူးတန်းပြီးလို့ မာစတာတက်ချိန်မှာ သူငယ်ချင်းဆယ့်နှစ်ယောက်ကနေ လေးယောက်ပဲ ကျန်တော့တယ်။ အိကေ၊ အေးသက်၊ မြတ်မွန်နဲ့ စန်းထွန်း။ မာစတာကို theaterမှာ တက်ရတယ်။ ခုံတွေက အဆင်မပြေပါဘူး။ နယ်ကျောင်းပေါင်းစုံ ပုသိမ်၊ တောင်ငူ၊ မြိတ်က မာစတာကျောင်းသားတွေ ရောက်လာကြတယ်။ အေးသဲနဲ့ ချိုချိုကို အဲဒီမှာ ပြန်ဆုံတော့တယ်။ မာစတာကျောင်းသား ၁၀၀ကျော်မှာ ကျောင်းသားက လက်ချိုးရေလို့ရတယ်။ဆယ်ယောက်လောက်ပဲရှိတယ်။ ပဒေသာပင်တက်သီးဖို့ ယောက်ျားလေးတွေ မရှိလို့ မိန်းကလေးတွေ တက်သီးရတာ မှတ်မှတ်ရရပါပဲ။ ဆရာဦးအောင်ဇေယျခမျာ တက္ကသိုလ်ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲအတွက် လေ့ကျင့်ပေးနေရလို့ သူ့လက်ချာချိန်ကို မသင်နိုင်တော့လို့ ဆရာက လက်လေးကာပြီး အချက်ပြလိုက်တာနဲ့ ဆရာနဲ့တပည့် တက်ညီလက်ညီ အတန်းလစ်လိုက်ကြတာ ပါချုပ်သိသွားလို့ နောက်နေ့ စာသင်နေတုန်း ဆရာ့ကို လာခေါ်တယ်။ ဆရာ့ကို “မုန့်ဟင်းခါး ကျွေးတာလား ဆရာ” လို့မေးတော့ “ ဟုတ်တယ်။ အကြော်တောင် ပါလိုက်သေး” တဲ့။

AA အသင်ကောင်းတဲ့ ဒေါ်အိအိလှိုင်၊ OS သင်တဲ့ ဒေါ်သင်းသုနှိုင်၊ ဒေါ်ဋ္ဌေးဋ္ဌေးသောင်း (အေးဝတ်ရည်သောင်း၊ နှင်းဝတ်ရည်သောင်းတို့ အဒေါ်) ၊ Digital သင်တဲ့ ဦးဇော်မင်းဦး ၊ ဒေါ်ခင်စန္ဒာ၊ တီချယ့်အမ ဒေါ်ချိုချို ။ တီချယ်နေခြည်ကတော့ AI သင်တယ်။ ဒေါင်းတင်မောင်းတင် OS အဝင် ဒေါကြီးမောကြီး OS အပြီးက တီချယ် သူဇာ။ ဆရာ၊ဆရာမတွေကို သိနေပေမဲ့ နာမည်တွေ မမှတ်မိတော့ဘူး။

တလတသောင်းပေးပြီး တက်ရတဲ့ မာစတာသင်တန်းလည်း ရှိတယ်။ မာစတာလာတက်တဲ့ စစ်ဗိုလ်တွေလည်း ရှိတယ်။ ယူနီဖောင်းဝတ်ထားပေမယ့် စစ်သားကေနဲ့ လမ်းလျှောက်ပုံက မြှောက်ကြွကြွနဲ့ တခြားကျောင်းသားတွေနဲ့ မတူတာအမှန်ပဲ။ အံမယ် ဒင်းတို့က ကျူတာပေါက်စတွေမှ ချိန်တတ်ကြသေးတာ။ ကျူတာတွေချိန်တာ မရတော့ အငယ်တွေကို ချိန်ပြန်ရော။ အငယ်တွေကလည်း မကြိုက်။ ဆိုးလို့ နောင်စစ်ဗိုလ်တွေကို ကျောင်းမှာ လက်မခံတော့ဘူးလို့ ကြားတယ်။

ဘွဲ့ယူဖို့ပြင်ဆင်ကြပါတယ်။ သူတို့လျှော့ပင်းသွားတဲ့နေ့ ဒဂုံစင်တာနဲ့ ပုဇွန်တောင်ကုန်သွယ်မှုပြခန်းမှာ ဗုံးပေါက်လို့ လူတွေသေတာ အများကြီးပဲ။ သူငယ်ချင်းတွေ ဘာမှမဖြစ်ဘူးဆိုတာ သိရတော့မှပဲ ဟင်းချနိုင်တော့တယ်။ မြတ်မွန်က သူ့ဆံပင်ကို ကပိုကရို သေသေသပ်သပ်ဆံထုံးလေးထုံးချင်ပါသတဲ့။ မြန်မာပြည်မှာ မိန်းကလေးတွေ ဘွဲ့ယူရတာ ပင်ပန်းလှပါတယ်။ မိတ်ကပ်၊ ဆံပင်၊ ပန်း၊ အင်္ကျီ၊ ဖိနပ်၊ အိတ်၊ လက်ဝတ်လက်စား အစစအရာရာ ကိုက်ညီအောင် ပြင်ဆင်ရတာ ဖတ်ဖတ်ကိုမော။ မိတ်ကပ်လိမ်းဖို့ကိုလည်း အစောကြီးက လိမ်းထားရတာ cap ကိုလည်း တချိန်လုံး ဆောင်းထားရတာ။ ယောက်ျားလေးတွေပဲ ကောင်းတယ်။ ဘာမှ မလို။ စင်ပေါ်တက်ခါနီးမှ cap ဆောင်းလိုက်ရုံပဲ။ ကိစ္စရှင်းတယ်။ အဲဒါကို ဘုန်းလို့ ခေါ်တယ်။

အိကေ၊ စန်းထွန်း၊ သစ်သစ်၊ မြတ်မွန်၊ ဝေ၊ အေးသက်လှိုင်။
ရှုစားလော့ မြတ်မွန်ရဲ့ ကပိုကရို သေသေသပ်သပ် ဆံထုံး

အိကေ၊ အေးသက်၊ မြတ်မွန်၊ စန်းထွန်း၊ ဝေ။
ကျောင်းစတတ်တော့ ဖယ်ရီကို မတ်တပ်ရပ်ပြီး မစီးတတ်ဘူး။ ကျောင်းပြီးသွားတော့ ဖယ်ရီကို မတ်တပ်ရပ်၍ တမျိုး၊ စက်ဖုံးပေါ်မှ တနည်း၊ တခြမ်းပဲ ထိုင်၍ တသွယ်၊ နောက်ဆုံးတန်းမှ တဖုံ နည်းပေါင်းစုံနဲ့ စီးတတ်သွားတာ ဘီးဖတ်မလိုက်ရုံ တမယ်ပါပဲ။ အရင် ဖထီးကား၊ နောက်တော့ ကားပုပုလေး ။ လှိုင်မြို့နယ်ထဲပေမယ့် ဘုရင့်နောင်လမ်း (အောက်လမ်း) မို့လို့ ကျောင်းကားတွေက အပေါ် အင်းစိန်လမ်းကို အရင်သွား လတ်မှတ်ထိုး ပြီးမှ လာရတော့ အလုပ်ရှုပ်လို့တဲ့။ နောက်တော့ စီးသူမရှိတဲ့ ကျောက်တံတားကားက ကြိုပေးတယ်။ အခုနာမည်ကြီးနေတဲ့ မြန်မာအကတွေမှာ ရွှေတံဆိပ်ဆုတွေရတဲ့ သီချင်းဆိုတဲ့ ကောင်မလေးအုပ်စုက အဲဒီကျောင်းကားကို စီးတယ်။ တို့တွေ တက်လာရင် မျက်နှာက တမျိုး။ တို့တွေလည်း ပိုက်ဆံပေးစီးတာပဲ။ ကျောင်းသားကျောင်းသူချင်း စာနာမှုမရှိပါဘူး။ သူ့ကားကို လိုက်ကပ်စီးရတဲ့အတိုင်း။ သည်းမခံနိုင်တော့တဲ့အဆုံး လတ်မှတ်စုထိုးပြီး ကျောင်းကားတောင်းတော့မှ အဆင်ပြေသွားတော့တယ်။ နောက်တော့ အဲဒီကျောင်းကားလည်း တို့တွေလိုက်မစီးလို့ စီးမဲ့သူမရှိလို့ ပြုတ်သွားရှာတယ်။

ဖြူဖြူအောင်တို့အုပ်စု လှော်ကားသွားတာ ကားမှောက်လို့ ဆေးရုံရောက်သွားသေးတယ်။ ပန်းပဲတန်းကားက ရထားလမ်းနားမှာ မှောက်တာ မျက်စိရှေ့မှတင်ပဲ။ ကျောင်းလာခဲတဲ့ စန္ဒာ ကားမှောက်တဲ့နေ့မှ ကျောင်းလာတယ် အဲဒီကားနဲ့။ ရွှေပြည်သာကွေ့ကျော်ရင် လမ်းက မကောင်းတော့ဘူး။ ကြီးကြီးတယောက်လာမယ်ဆိုလို့ကတော့ လမ်းက ချက်ချင်းကောင်းသွားတယ်။ တို့ကျောင်းသားတွေမှာ ခြောက်လတကြိမ်လောက် အကောင်ကြီးကြီးတယောက် ကျောင်းကိုလာပါစေလို့ ဆုတောင်းရမလို ဖြစ်နေပြီ။ အခုတော့ ရထားတောင် ပေါက်နေပြီ။

Thesis လုပ်တော့ ဒေါ်ဋ္ဌေးဋ္ဌေးသောင်းက supervisor ။ တွေ့တောင် မတွေ့လိုက်ရပါဘူး ခွင့်ယူသွားလို့ နောက်ဆရာမယောက်ပြောင်းပြန်ရော။ ဒေါ်အိအိလှိုင်။ first seminar ကို တီချယ်နဲ့ ပေးပြီး တီချယ်က အချက်အလက်တွေ ထပ်ရှာခိုင်း။ ကျောင်းကို နှစ်နာရီကြာအောင် ကားစီးပြီး တီချယ်နဲ့တွေ့ရတာက မိနစ်နှစ်ဆယ်။ ဒါတောင် တီချယ် ထမင်းစားပြီးလောက်တဲ့အချိန်၊ တီချယ်တွေ အားတဲ့အချိန်တွေမှာ တွေ့ရဖို့ အပေါက်ကနေ ချောင်းပြီး စောင့်ရတာ။ ဝဋ္ဋ်လည်တာ။ အရင်ကဆို တီချယ်တွေကို  ပတ်ပြေးနေတာ။ ခုတော့ တီချယ်တွေက ပတ်ပြေးနေလို့။ တီချယ်က ဆူလိုက်ရင် နောက်နှစ်ပတ်လောက် ပျောက်သွားလို့ တီချယ်လည်း မဆူရဲတော့ဘူး။ တီချယ်က အိန္ဒိယကို သွားရလို့ တီချယ်ဒေါ်စိုးစိုးသန်းကို လွှဲရော။ Thesisကို စိတ်ကုန်နေချိန် ၊ ကျောင်းကိုသွားရတာ စိတ်ပျက်နေချိန်မှာ စင်္ကာပူကျောင်းရတော့ ဝမ်းသာအားရပေါ့။ သုံးသိန်းတသောင်း အုပ်စိုးပါသော တို့ရဲ့ ကွန်ပျူတာတက္ကသိုလ်။

ရွှေပြည်သာမှ ဝါးတရာသို့
ဝါးတရာမှ စင်္ကာပူသို့

စင်္ကာပူမှ ကွန်ပျူတာတက္ကသိုလ် ညီအကိုမောင်နှမများ
ရွှင်လန်းချမ်းမြေ့ကြပါစေ။

စန်းထွန်း
ဇွန် ၁၂။ ၂၀၁၁။

မြကျွှန်းညိုညို ကွန်းခုိရာ တက္ကသိုလ်မှာဆို _ ၂

အိကေ၊ ဝေ၊ အေးသက်၊ စန်းထွန်း၊ ခိုင်ဇာ၊ သစ်သစ်၊ မြတ်မွန်။
တတိယနှစ် ကျောင်းတက်တဲ့ ပထမဆုံးနေ့ မင်္ဂလာဒုံစစ်သင်္ချိုင်းမှာ

တတိယနှစ်ရောက်တော့ Dipတွေနဲ့ အတူတူတက်ရတယ်။ CS (Software) နဲ့CT (Hardware) ခွဲပြီ။ Dipတွေက တို့တွေလို ဝေလေလေ လုပ်လို့မရဘူး။ ညနေ သုံးနာရီကနေ ခြောက်နာရီအထိ နှစ်နှစ်ကျောင်းတက်ရတယ်။ ပြီးတော့ ဂုဏ်ထူးတွေနဲ့ အောင်မှာ လာjoinရတာ။ ဒါပေမယ့်လည်း သိတယ်မလား ဘယ်နေရာမှာမဆို Dipတွေက အနှိမ်ခံရတာပဲ။ တို့အုပ်စုက ကျောင်းတက်ရင် ဘယ်တော့မှ စောစောမအပ်ဘူး။ ဒီတန်းလောက်ရောက်မှ ၃၀၀ ကျော်နေပြီဆိုမှ အပ်တာ။ အေတန်းက စာလုပ်တဲ့သူတွေနေတဲ့ အခန်း။ အမြဲနေရာလုကြတာ။ နေရာလုစရာမလိုတဲ့ စာမလုပ်တဲ့ စီ၊ ဒီအတန်းက တို့တွေအကြိ ုက်။ အလယ်ရိုး ရှေ့နှစ်ခုံကို အမြဲဦးထားတဲ့ တို့အဖွဲ့ပါ။ တတိယနှစ်ရောက်တော့ roll call ကျပ်လာပြီ။ အရင်လို ခိုးထိုးပေးလို့ မရတာ့ဘူး။ မိုးတွေတအားသဲတဲ့တနေ့ ကျောင်းကားရောက်ရင်ပဲ ရေကြီးနေတဲ့ ကျောင်းကြီးကို တွေ့လိုက်ရတယ်။ ကျောင်းထဲမှာလဲ ရေက ဒူးကျော်တယ်။ ကျောင်းကားပေါ်ကတောင် ဘယ်လိုဆင်းရမလဲ မသိ။ ကျောင်းကားပေါ်ကတောင် မဆင်းလိုက်ရပါဘူး။ ကျောင်းပိတ်လိုက်တယ်ဆိုလို့ ပျော်လိုက်တာ။ roll call ကို လက်ဗွေနှိပ်ပြီး ယူမယ်ဆိုလို့ တန်းစီပြီး တိုးလိုက်ရတာ ချွေးပြိ ုက်ပြိ ုက်ကျပြီ း စာသင်ချိန်နှစ်ချိန်လောက်လွှတ်တယ်။ lab ခန်းထဲ တကြိမ်ဝင်ဖူးတယ်။ စက်တွေမကောင်းလို့ ဟိုပြောင်းဒီပြောင်းနဲ့ပဲ အချိန်ကုန်သွားတယ်။ ဗီဒီယို လာရိုက်တော့ ဖွင့်လို့မရတဲ့ ကွန်ပျူတာရှေ့မှာ ထိုင်ပေးရဖူးတယ်။ ဟော့ဟော့လေးတွေများလာလို့ ဘောင်းဘီရှည်၊ စကတ်တို မဝတ်ရလို့သတ်မှတ်လိုက်တယ်။ တို့နှစ်ရဲ့ အလန်းလေးက ကေခိုင်နှင်း အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်း ကုလားမလေး။ လိုလိမ်းကြော်ငြာမှာတောင် တွေ့လိုက်သေးတယ်။

နှစ်ဝက်လောက်ရောက်တော့ လှော်ကားကျောင်းကို ရွှေ့ရတယ်။ ကျောင်းသားတွေ များလာပြီးကိုး။ ကျောင်းမဆံ့တော့ဘူးလေ။ လှော်ကားကျောင်းကို ပြောင်းတဲ့နေ့က ရွှေပြည်သာကျောင်းကို အရင်လာ။ ပြီးမှ လှော်ကားကျောင်းကို သွား။ ကားသမားတွေတောင် ဘယ်နေရာမှန်း မသိဘူး။ ကျောင်းရောက်တော့ ကိုယ့်ဘာသာ အခန်းသတ်မှတ်ကြတယ်။ ရောက်ပြီး တပတ်မပြည့်ခင် ဘီတန်းက မိုးယိုလို့ အောက်ထပ်ဆင်းသွားတယ်။ ရွှေကျားပျံဆောက်လုပ်ရေးက ကန်ထရိုက်ယူပြီး ဆောက်တာ။ ဘာအပင်မှ မရှိလို့ သစ်ပင်စိုက်ပွဲလုပ်ကြတယ်။ ကွင်းလယ်ခေါင်ကြီးမှာ ရှိလို့ မိုးရွာလို့ လေတိုက်ရင် ထီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား။ နို့မို့ ဟိုဖက်အဆောင်ကနေ ဒီဖက်အဆောင်ထိ လွှင့်သွားမယ်။

အဝင်ဝကနေ ကျောင်းထဲကို တော်တော်လေးဝင်ရလို့ ကျောင်းဝင်လမ်းမကြီးကို တော်ဝင်လမ်းလို့ ခေါ်ကြတယ်။ လမ်းမတလျှောက် ဘာပင်မှ မရှိဘဲ ကုက္ကိုပင်ကြီး ရှိတယ်။ ကုက္ကိုပင်မှာ “ကျောင်းခေါ်ချိန် ၇၅% မပြည့်လျှင် စာမေးပွဲ ဖြေဆိုခွင့်ပြ ုမည် မဟုတ်ပါ။” ဆိုတယ့် ဆိုင်းဘုတ်ကြီးက အရင် ဆီးကြိ ုနေတယ်။ တကယ်လည်း ကျောင်းတက်တဲ့ သူတွေက ဖြေခွင့် မရဘဲ ကျောင်းမတက်တဲ့သူတွေက ဖြေခွင့်ရလို့ မကျေနပ်တဲ့ ကျောင်းသားတွေက တော်ဝင်လမ်းကို ခုံတွေနဲ့ ပိတ်ပြီး ဆန္ဒပြတာ ညခြောက်နာရီလောက်မှ ပြေလည်သွားလို့ ကျောင်းကားတွေ ကျောင်းကထွက်ရတယ်။

ကျောင်းကားစီးရင် ၄၅၊တနာရီလောက်ပဲ စီးရပေမယ့် ကျောင်းကနေလမ်းထိပ်အထိ လမ်းလျှောက် ကားစောင့်နဲ့ မြိ ု့ထဲရောက်ဖို့နှစ်နာရီလောက်ကြာတယ်။ အတန်းကြီးလာတော့ စာအုပ်တွေက ပိုထူလာတယ်။ Operation System ၊Software Engineering ၊ Database စာအုပ်တွေဆို အထူကြီး။ ခေါင်းအုံးလုပ်ပြီး အိပ်ဖို့အတော်ပဲ။ တနေ့တနေ့ ဒီစာအုပ်တွေ သယ်နေရလို့ အရပ်မထွက်တော့ဘူး။ နေ့လည် လက်ချာချိန်မရှိလို့ ရုပ်ရှင်သွားကြည့်မယ်ဆိုရင်တောင် စာအုပ်တွေ၊ ထမင်းချိုင့်တွေနဲ့ တခါမှ စတိုင်တွေ မလိုင်တွေနဲ့ ရှိုးမထုတ်ရပါဘူး။ စာအုပ်တွေ၊ ထမင်းချိုင့်တွေနဲ့တနာရီလောက် မတ်တပ်ရပ်ရလို့ ညောင်းညာနေတဲ့ လေတိုးလို့ရှုပ်ပွနေတဲ့ ဆံပင်နဲ့ သရဲရုပ်ပေါက်ရော။ ကျောင်းကပြန်လာရင်လည်း ပင်ပန်းလို့။

တို့စီခန်းမှာ အဆိုတော်ကျားပေါက်မိန်းမတို့ အုပ်စု ရှိတယ်။ သူတို့အုပ်စုက ၁၀ယောက်ကျော်လောက်ရှိတယ်။ ကျောင်းအပ်ရင် ယောက်ျားလေးတယောက်ပြီးရင် မိန်းကလေးတယောက် နေရာချပြီး အပ်တယ်။ ဒါမှ စာမေးပွဲဖြေရင် ယောက်ျားလေး၊မိန်းကလေး အစီအတိုင်းကျမှာကိုး။ မိန်းကလေးကတော့ ယောက်ျားလေးထက် စာလုပ်တာကိုး။ ဒီနှစ်တော့ ပါချုပ်ကြီးက စာမေးပွဲခန်းမှာ ခုံနံပါတ်တွေကို အစီအစဉ်အတိုင်း နေရာ မချဘဲ တယောက်ကျော်ပြီး နေရာချတော့ ယောက်ျားလေးတွေက တစုသတ်သတ်၊ မိန်းကလေးတွေက တစုကျတော့ ကွိသွားတာပေါ့။ Black & White လို့ခေါ်တဲ့ အတွဲ ရှိတယ်။ အဆင့်လိုက်မဟုတ်ဘဲ စောစောအပ်ရင် ခုံနံပါတ်တွေ ရတဲ့အချိန်မှာ ညိုညိုရိမ်ကတော့ နှစ်တိုင်း roll 1။ ကျောင်းဖွင့်ပြီဆိုတာနဲ့ညိုညိုရိမ် အပ်ပြီးနေပြီ။

လိပ်စာစာအုပ်ထုတ်တော့ မြတ်မွန်က “အဓိပတိလမ်း မရှိပေမဲ့ တော်ဝင်လမ်း ရှိတယ်။ သစ်ပုတ်ပင် မရှိပေမဲ့ ကုက္ကိုပင်ရှိတယ်။ အင်းလျားမရှိပေမဲ့ သာဓုကန်ရှိတယ်။ ဦးချစ်ဆိုင် မရှိပေမဲ့ အောင်ရှိတယ်။ ကဲ ဘာလိုသေးလဲတဲ့။” နောက်ဆုံးနှစ်ဆိုတော့ အမှတ်တရအင်္ကျီတွေ ထုတ်ကြတယ်။

အေးသက်၊ ခိုင်ဇာ၊ သစ်သစ်၊ ဝေ၊ မြတ်မွန်၊ သဇင်၊ စန်းထွန်း၊ အိကေ။
တတိယနှစ် Project Presentation နေ့၊ အောင်လင်းတို့ထုတ်တဲ့ ကျောင်းအင်္ကျီနဲ့ဆင်တူနဲ့

တတိယနှစ်ပြီးတော့ ရှမ်းပြည်ဖက်ကို ကျောင်းက ခရီးထွက်ကြတယ်။ အင်းလေး၊ ပင်းတယ၊ တောင်ကြီး၊ ကလော။ ရှမ်းပြည်က တကယ့်ကို သာယာလှပတယ် ။ ရာသီဥတုကလေး အေးအေးလေး။ ပင်းတယလက်ဖက်၊ ရှမ်းအစားအစာတွေက တကယ်ကောင်းတယ်။ အပြန်လမ်းမှာ ကျောင်းသီချင်းတွေ တလျှောက်လုံး ဖွင့်တယ်။


၂၀၀၃ ခုနှစ် သီတင်းကျွှတ်လပြည့်နေ့ အင်းလေးမှာ

တတိယနှစ်မှာ ကလေးပီပီ ကစားနည်းပေါင်းစုံ ကစားဖြစ်တယ်။ ရုပ်ရှင်နာမည်ဖွတ်တမ်း။ အမူအရာလုပ်ပြီး ရုပ်ရှင်နာမည်တွေကို ဖော်ရတာ။ ရုပ်ရှင်နာမည်တွေကို စာအုပ်နဲ့ စာရင်းသေသေချာချာ ပြ ုစုထားတာ။ ဟိုတနေ့ကတောင် ကျော်သူနဲ့စိုးသူပါပြီး စိုးသူအကယ်ဒမီရတဲ့ရုပ်ရှင်လို့ ပြောလိုက်တာနဲ့ ဒိုးဆိုလို့ ချက်ချင်းဖြေနိုင်တာ ရုပ်ရှင်နာမည်ဖွတ်တမ်း ဆော့ခဲ့တဲ့ ကျေးဇူးတွေ။ “မြံ ုး” ၊ “ပခြ ုပ်” ဆိုတဲ့ ရုပ်ရှင်နာမည်တွေ ရှိသေးတယ်။ ဘယ်လိုလုပ် အမူအရာ လုပ်မလဲ :) ။ ဇယ်ခုပ်တယ်။ အိကေနဲ့ ဝေက ဇယ်ခုတ်ကောင်းတယ်။ စိန်ပြေးတမ်း ဆော့သေးတယ်။ ဝေက အပြေးသန်တယ်။


သာဓုကန်မှာ

သာဓုကန်အနီးမှာ ကျောင်းတက်ပြီး သာဓုကန်မှ မရောက်ဖူးရင် ခေတ်နောက်ကျပေမပေါ့။ ခေတ်မနောက်ကျရလေအောင် တခေါက်ရောက်ပါတယ်။ အပြန်မှာ မြင်းလှည်းစီးပြီး ပြန်ခဲ့ကြတယ်။ ကျောင်းနားက တောင်ပေါ်မှာ စေတီတဆူရှိတယ်။ တောင်ပေါ်ကနေ သာဓုကန်ကို မြင်ရတယ်။

အီးစီ အရည်အချင်း အပြည့်အဝရှိတဲ့ သစ်သစ်။ တစ်ရှူး၊ ချိတ်၊ ကျွှတ်ကျွှတ်အိတ် ဘာပဲလိုအပ်အပ် သစ်သစ်ရဲ့အိတ်မှာ အကုန်ရှိတယ်။ ဘာပဲလိုလို ရန်ကုန်လမ်းညွှန် အဲလေ သစ်သစ်ရှိတယ်လို့ ဆိုကြတယ်။ မချက်ပြုတ်တတ်ပေမယ့် သူငယ်ချင်းတွေကို ဆေးဘဲဥသုပ်ကျွှေးတတ်သေးတာ။ ပိန်ပိန်ရှည်ရှည် အိကေက စာတော်တယ်။ ဆေးကို နှစ်မှတ်တည်းနဲ့ ကပ်ပြုတ်တာ။ ပထမနှစ်မှာ ဂုဏ်ထူးသုံးလုံး။ ဒုတိယနှစ်မှာ ဂုဏ်ထူးနှစ်လုံး ။ တတိယနှစ်မှာ စန်းထွန်းတို့တွေနဲ့ တကယ်ပေါင်းလို့ ဂုဏ်ထူးတလုံးမှ မထွက်တဲ့ အိကေ။ စိတ်ပူတတ်တဲ့ အိကေက စာမေးပွဲနီးလို့ စာကျက်ဖို့သတိပေးတိုင်း ဝေနဲ့ စန်းထွန်းက အင်း အဲနဲ့ ဟိုရွှေ့ ဒီရွှေ့။ Account သင်တန်းတွေတက်နေတဲ့ ခိုင်ဇာက စာမေးပွဲနီးမှ ရောက်လာတတ်တယ်။ ခိုင်ဇာက တင်မိုးလွင်နဲ့ တူတယ်။ ခုတော့ သြစတေးလျမှာ အခြေကျနေပြီ။ B.E တက်နေတဲ့ သဇင်က ကျောင်းကို မအားတဲ့ကြားထဲက လာတတ်တယ်။ အေးဆေးပြီး စကားနည်းတဲ့ သဇင်က စာမေးပွဲခန်းမှာ မဖြေနိုင်တိုင်း သကြားလုံးတွေ လိမ့်စားလေ့ရှိတယ်။ ခုတော့ သူ့တို့တမိသားစုလုံး ထိုင်ဝမ်မှာ။ ခေါင်းမြီးခြုံသွားတဲ့ သီရိဝေလှိုင်ကတော့ တိုက်ကြီးမှာ အထည်ဆိုင်ကို ဦးစီးပြီး ထောနေလောက်ပြီ။ ဝေက “ဆည်းဆာရင်ခုန်သံ” ကိုရီးယားကားထဲက ဟိုယွန်မီနဲ့တူတယ်။ ဒီယွန်မီလို့ ခေါ်တယ်။ မော်လမြိုင်သူ အသားဝါဝါလေးနဲ့ အေးသက်လှိုင်က အမကြီးတယောက်လို စိတ်ရှည်ပြီး စာရှင်းကောင်းတယ်။ အုပ်စုထဲမှာ M3လို့ခေါ်တဲ့ မြတ်မွန်ကို တကျောင်းလုံးက သိတယ်။ ရည်းစားနဲ့ စာသင်တဲ့ ဂိုက်အလုပ်နဲ့တောင် Roll 7 ရအောင် လုပ်နိုင်တဲ့ မြတ်မွန်ပါ။

စန်းထွန်း
‌မေ ၁၂၊ ၂၀၁၁။

မြကျွှန်းညိုညို ကွန်းခိုရာ တက္ကသိုလ်မှာဆို _ ၁



Purdue University မှ နှင်းဆီလမ်းလေး

တနေ့ မခိုင်က Indiana Purdue University မှာ ဝင်ခွင့်သွားဖြေမှာ ရောက်ဖူးအောင် လိုက်ခဲ့တဲ့။ မခိုင် ဝင်ခွင့်ဖြေနေတဲ့အချိန်မှာ စန်းထွန်းက Purdue တခွင် ပြဲပြဲစင်အောင် ဖလန်းဖလန်းထတာပေါ့။ Purdue Universityက နာမည်ကြီးကျောင်းတွေထဲမှာ တခုအပါအဝင်ပါ။ နာမည်ကြီးလောက်အောင်ပဲ အတော့်ကို သာသာယာယာရှိလှပါတယ်။ သစ်ပင်ပန်းမန်တွေ၊ ထုထည်ကြီးမားခိုင်ခံ့လှတဲ့ အဆောက်အဦးတွေ၊ ဆော့ကစားနေတဲ့ ရှဉ့်ကလေးတွေ၊ ငှက်ကလေးတွေနဲ့။ ကျောင်းသားတွေ ဘယ်လောက်လာတက်ကြသလဲ၊ ကျောင်းပြီးရင် အလုပ်ရနှုန်း၊ သုတေသန ပြုလုပ်နှုန်း၊ ဘွဲ့ရကျောင်းသားတွေက လူမှု့အဖွဲ့အစည်းကို ဘယ်လောက်အကျိုးပြုသလဲပေါ်မူတည်ပြီး ကျောင်းရဲ့ အရည်အသွေး၊ နာမည်ကြီးနှုန်းကို သတ်မှတ်တယ်လို့ ဖတ်လိုက်ဖူးတယ်။ သာယာလှတဲ့ Purdue University ကို လျှောက်လည်ရင်း တို့ကွန်ပျူတာတက္ကသိုလ်ကြီးကို သတိရမိပါတယ်။

လှိုင်တက္ကသိုလ်နယ်မြေ(RC2)က ကွန်ပျူတာကျောင်းမှာ တက်ခဲ့တဲ့ အပတ်စဉ်တစ်ကနေ ကိုးအထိကို ကွန်ပျူတာတက္ကသိုလ်ရဲ့ပထမမျိုးဆက်ကျောင်းသားများလို့သတ်မှတ်ကြပါတယ်။ ရွှေပြည်သာကျောင်းမှာ တက်ခဲ့ကြတဲ့ အပတ်စဉ် တဆယ်ကနေ ဆယ့်နှစ်လောက်က ဒုတိယမျိုးဆက်ကျောင်းသားများဖြစ်ပြီး လှော်ကားကျောင်းမှာ တက်နေတဲ့ ယူနီဖောင်းဝတ်ရတဲ့ ကျောင်းသားများကိုတော့ တတိယမျိုးဆက်ကျောင်းသားများ ဖြစ်ပါတယ်။ ဆယ်တန်းအောင်တော့ ဆေးတက္ကသိုလ်ဝင်ခွင့်အမှတ်ကလည်း အဲဒီနှစ်မှ တခြားနှစ်တွေထက် မြှင့်သွားလို့ ဆေးကျောင်းလဲ မမှီ။ အင်ဂျင်နီယာကျောင်းကလည်း GTC ၊ B.Tech ၊ B.E အဆင့်ဆင့်ကို နယ်တွေမှာ သွားတက်ရပြန်တယ်။ ရန်ကုန်မှာ တက်စရာဆိုလို့ ကွန်ပျူတာနဲ့ စီးပွားရေး တက္ကသိုလ်နှစ်ခုပဲရှိတယ်။ ဆေးဘက်ပညာသည်ကျောင်းကလည်း ဆရာဝန်နီးပါး စာလုပ်ရပေမဲ့ ဆရာဝန်လောက် အခွင့်အရေး မရဘူးလို့ ဆိုကြပါတယ်။ ကွန်ပျူတာက အီကိုထက်ပိုမြှင့်လို့ ကွန်ပျူတာပဲ ယူလိုက်တော့တယ်။ ဆရာဦးဇော်မင်းဦးတို့ အပတ်စဉ် တစ်၊နှစ်လောက်က ကွန်ပျူတာဝင်ခွင့်က ဆေးထက်တောင်မြှင့်တယ်။ တို့တွေနှစ်ရောက်တော့ ဆေးပြုတ်တွေ ကွန်ပျူတာကျောင်း ရောက်တယ်။ ဆယ်တန်းငါးဘာသာမှာ မိန်းကလေးက ၃၇၀ ၊ ယောကျ်ားလေးက ၃၅၀ ကျော်ရမှ ကွန်ပျူတာဝင်ခွင့်ရတာ။ အခုတော့ ဆယ်တန်းခြောက်ဘာသာမှာ ၃၇၀ ရမှ။ အဆင့်နိမ့်သွားပြီ။

ကားနှစ်တန် ၊သုံးတန် ပြောင်း လမ်းလျှောက်ပြီး ကျောင်းကိုတွေ့ရတော့ ဟင်…. ကနဲဖြစ်သွားတယ်။ ရှုစားကြလော့ ဖူဂျီစက်ရုံနဲ့ မျက်နှာချင်းဆိုင်၊ ရွှေအိုး အရက်ချက်စက်ရုံကြားမှာ တည်ရှိပါသော တို့ရဲ့ကျောင်းတော်မဟာ ကွန်ပျူတာတက္ကသိုလ်။ ကျောင်းကြီးကလည်း ကျောင်းနဲ့ မတူဘူး။ ဘယ်တူပါ့မလဲ။ ဗိုလ်ချုပ်တယောက်ရဲ့ စက်ရုံကို သိမ်းပြီး ကျောင်းလုပ်ထားတာလို့ကြားတယ်။ အပင်ဆိုလို့ သင်္ဘောပင်တပင်ပဲ တွေ့တယ်။ ဆယ်တန်း ၉၆-၉၉ အောင်ပြီး ရွှေပြည်သာကျောင်းကို ပထမဆုံးရောက်တာက အပတ်စဉ် တဆယ်။ စက်တင်ဘာ၄ရက်နေ့ ၂၀၀၀ခုနှစ် ။ မင်းမော်ကွန်း ၊ ရတနာခင်၊ အိချိုလွင်၊ ပွင့် တို့နှစ်ပေါ့။ ဒုတိယရောက်လာတာက ဆယ်တန်းကို ၁၉၉၉မှာ အောင်တဲ့ စန်းထွန်းတို့တွေ။ ပထမနှစ် တို့ အေ၊ ဘီ၊ စီ ၊ ဒီ လေးခန်းက အပေါ်ထပ်မှာ။ စီနီယာတွေက အောက်ထပ်မှာ။ ကျောင်းကို သုံးလေးနှစ်နီးပါး ပိတ်ပြီးတော့မှ ကျောင်းတက်ရတဲ့ စီနီယာအကိုအမတွေက ဂျူနီယာတို့တွေအပေါ် တကယ်ကောင်းပါတယ်။ ကျောင်းကားဆို ဘယ်တော့မှ လုမထိုင်ဘုူး။ အငယ်တွေကို အမြဲနေရာပေးတယ်။ အထိမ်းအမှတ်ပွဲတွေ၊ ပြဇာတ်တွေ၊ သီချင်းခွေတွေ၊ ကဗျာစာအုပ်တွေ၊ ကျောင်းသားဟောင်းများတွေ့ဆုံပွဲတိုင်းကို စီနီယာအကိုအမတွေက အမြဲဦးဆောင်လုပ်ခဲ့တာပါ။



မောင်မယ်သစ်လွင်ကြိုဆိုပွဲ

စီနီယာတွေက ဂျူနီယာတွေကို မောင်မယ်သစ်လွင်ကြိုဆိုပွဲ လုပ်ပေးရတာ အစဉ်အလာပါ။ စီနီယာအကိုအမတွေက တို့နှစ်မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ဂိမ်းတွေနဲ့ပျော်ပျော်ပါးပါး စည်စည်ကားကားဖြစ်အောင် ကျင်းပပေးခဲ့ပေမယ့် တို့တွေကတော့ တို့တွေနောက် အငယ်နှစ်တန်းကို ပေါင်းပြီးတော့မှ မောင်မယ်သစ်လွင်ကြိုဆိုပွဲ လုပ်ပေးခဲ့တာပါ။ အေကွင်းက စန္ဒီသော်တာရွှေ့သူငယ်ချင်း ကင်းက ဝေရှိန်။ ဘီကင်းက စည်သူစိုးနဲ့ ဆံပင်ရှည်ရှည်လေးနဲ့ ကျက်သရေရှိရှိ လှပတဲ့ နန်း၊ စီကွင်းက မျက်မှန်လေးနဲ့ ပိန်ပိန်လှလှ ကောင်မလေးနဲ့ ကင်းက စနေမောင်မောင်၊ တို့ဒီကွင်း ချောမောတဲ့ လင်းမာလာလွင်နဲ့ ထိန်လင်းနောင် (ရွှေစင့် ရတနာရွှေဆိုင်သား)။ တရုတ်သိုင်းကားထဲက ပိုးမင်းသားနဲ့ တူတယ့် ကောင်လေးကို ဝေတို့က ကင်းရွေးပေမယ့် ထိန်လင်းနောင်က ရသွားတယ်။ တို့နှစ်ရဲ့ ကင်းကိုတော့ စနေမောင်မောင်နဲ့ ဆံပင်ရှည်ရှည်ကျက်သရေရှိတဲ့ နန်းတို့က ရသွားတယ်။ ၂၀၀၀ ကင်းက တေဇမျိုးကို (အိချိုလွင့် အမျိုးသား)နဲ့ ခင်နဒီက ရသွားတယ်။ ခင်နဒီက တော်တော်လေး ချောပြီး ကျက်သရေရှိလှပါတယ်။ Jenny လို့ ခေါ်တဲ့ ဟန်နွေငြိမ်း၊ No အဖွဲ့က အဆိုတော် ရတနာနဲ့ ကြိုးကြာအမ စင်ဒီကလည်း UCSY ကပါပဲ။

အေးသဲအိဝါသော်က ပထမနှစ်မှာ ရန်ကုန်ကို ကျောင်းပြောင်းဖို့ ကြိုးစားပေမယ့် ပြောင်းလို့မရလို့တောင်ငူကို ပြန်သွားတက်ရတယ်။ စာမေးပွဲ မတိုင်မှီ နှစ်ပတ်အလိုမှ သန္တာထွန်းဆီမှာ စာတွေသွားကူး။ သန္တာက စာတွေရှင်းပြပေးလို့ သန္တာ့ကျေးဇူးကြောင့် ပထမနှစ်စာမေးပွဲ အောင်ခဲ့တယ်။ ဒုတိယနှစ်ရောက်မှပဲ ကျောင်းတကယ်တက်တော့တယ်။
ဒုတိယနှစ်ကျောင်းစတက်တဲ့နေ့မှပဲ ဝေ၊ သစ်သစ်၊ မြတ်မွန်၊ အေးသက်လှိုင်တို့က မိန်းထဲမှာ ဓာတ်ပုံသွားရိုက်မယ်တဲ့။ တို့အုပ်စုရဲ့ အကျင့်က ကျောင်းတက်တဲ့ ပထမဆုံးနေ့မှာ ဓာတ်ပုံရိုက်လေ့ရှိပြီး ကျောင်းနောက်ဆုံးနေ့မှာ အမှတ်တရ ခေါက်ဆွဲကြော်၊ ကြာဇံကြော် ဝယ်စားလေ့ရှိတယ်။ ကျောင်းရောက်တာနဲ့ ထမင်းချိုင့်ဖွင်းစားပြီး နေ့လည်စာကို တဝက်ချန်ထားတယ်။ တခါတလေ အတီးကောင်းလို့ နေ့လည်စာတောင် မရှိတော့ဘူး။ ဟင်းနည်းနေရင် တယောက် ငါးဆယ်စုထည့်ပြီး ယိုးဒယားဟင်းချိုဝယ်သောက်ကြသေးတာ။



ဒုတိယနှစ် အမှတ်တရ ရန်ကုန်တက္ကသိုလ်ထဲမှာ

သူ့အဖေဆုံးသွားလို့ ကျောင်းအပ်နောက်ကျတဲ့ အိကေက စီတန်းကို ရောက်လာတယ်။ ချိုချို (ခိုင်ဆုရည်)လည်း တောင်ငူကနေ ကျောင်းပြောင်းဖို့ လုပ်ပေမယ့် မရလို့ တောင်ငူပြန်သွားတက်ရတယ်။ ချိုချိုနဲ့ အေးသဲကို မာစတာရောက်မှပဲ ပြန်ဆုံတော့တယ်။ ပထမနှစ်ထဲက ရေးပေးလိုက်တဲ့ စန်းထွန်းအိမ်လိပ်စာကို ပြပြီး နင့်အရင်အိမ်လိပ်စာ။ ထပ်ပြောင်းသေးလားမေးတဲ့ အေးသဲကို စေ့စပ်သေချာပြီး သိမ်းဆည်းကောင်းသူလို့ သြချရတယ်။
ချိုချိုနဲ့ အိကေတို့နဲ့ သွားရင် အားငယ်ရတယ်။ ပိန်ပိန်ရှည်ရှည် မော်ဒယ်ဂဲနှစ်ယောက်ကြား ကိုယ်က သူတို့ ပုခုံးတောင် မမှီဘူး။ ကိုယ်ပုတာ သိတာနေတာကိုး။ ဒီတန်းမှာ ယောကျ်ားလေးတွေပဲမို့လို့ စန်းထွန်းက စီတန်းမှာ ဝေ၊ အေးသက်၊ သစ်သစ်၊ မြတ်မွန်တို့နဲ့ သွားထိုင်တယ်။ သန္တာ့မိတ်ဆက်ပေးလို့ စန္ဒာဝင်းလို့ခေါ်တဲ့ ခေါင်းမီးခြုံမလေး သူငယ်ချင်းတယောက်ရတယ်။ စန္ဒာက ရှေ့နှစ်က စီနီယာ နိုင်ငံခြားကျောင်းသွားတက်ဖို့ လုံးပမ်းနေသူလေး။ ပွင့်လင်းရိုးသားပြီး စိတ်ရင်းစေတနာကောင်းလှတယ့် စန္ဒာနဲ့ ခင်တာ သိပ်မကြာခင်မှာပဲ စန္ဒာကျောင်းကို နားလိုက်ပြန်တယ်။ နောက်အငယ်တွေနဲ့ ကျောင်းပြန်တက်တာ ခဏတွေ့လိုက်ပြီး မလေးရှားကို ကျောင်းတက်ဖို့ ထွက်သွားတယ်။ မလေးရှားကျောင်းမှာ ကျူတာပြန်လုပ်နေတယ် ကြားတယ်။ တခါ စန္ဒာပြန်လာတယ် ကြားလို့ ဖုန်းဆက်တာ ကျောင်းကလှမ်းခေါ်လို့ အရေးတကြီး ပြန်သွားတာနဲ ဟေ့ရောင် ၊ မင်း လို့ ပြောတတ်တဲ့ စန္ဒာနဲ့လုံးဝကို မတွေ့တော့ပါ အခုထိပါ။

ဒုတိယနှစ်မှာ Data Structure သင်တဲ့ တီချယ် ဒေါ်နေခြည်လဲ့လဲ့သိန်းက နာမည်ကြီးတယ်။ ခရမ်းရောင် ဝတ်ရင် အိတ်၊ ဖိနပ်၊ ဆံညှပ်၊ eye shadow က အစ တကိုယ်လုံး ခရမ်းရောင်ပြေးနေပြီး ဖက်ရှင်ကျကျလှပတဲ့ တီချယ်နေခြည်ဟာ စာကိုလည်း တကယ်သင်ပါတယ်။ တီချယ့်လက်ချာချိန်ဆို စာလိုချင်လို့ လာတက်တဲ့သူတွေ၊ တီချယ်ကို လာငမ်းတဲ့ သူတွေနဲ့ ခန်းလုံးပြည့်နေတတ်ပါတယ်။ ဇော်ပိုင်ရဲ့ မြို့အဝင်ည စီးရီးကလည်း ဟော့ဖြစ်နေချိန် “ရွှေပုံပေါ်မှာ ပျော်ပါ နေခြည် အမှောင်တွေယံမှာ ကိုယ်တယောက်တည်း တခြားစီ” သီချင်းကို “ရွှေပြည်သာမှာ ပျော်ပါ နေခြည် လှိုင်သာယာမှာ ကိုယ်တယောက်တည်း တခြားစီ” လို့ ကျောင်းသားတွေက ဆိုကြတယ်။ Business သင်တဲ့ တီချယ် ဒေါ်ခက်ခက်ဦးသာ (ဥက္ကာဦးသာ အမ) ကလည်း စာသင်ကောင်းပါတယ်။ ဆရာဦးကျော်ကျော်စိုးနဲ့ ဒေါ်မျိုးကြည်။ စာသင်ပြီး ထွက်လာတဲ့ သင်္ချာဆရာက လက်ချာချိန်မှာ အလယ်ဟောခန်းမှာ ထိုင်နေတဲ့ တို့အုပ်စုကို လက်ယက်ခေါ်တယ်။ သူ့လက်ချာချိန်မတက်လို့ ဆူမလားလို့ စိုးရိမ်နေတာ ဘယ်ဟုတ်ပါ့မလဲ Roll Call ပေးတာ။ သဘောကောင်းတဲ့ ဆရာက သားလေးမွေးလို့ ဆရာ့ကိုတွေ့တိုင်း ယောမက္မကြီး သားလေးနေကောင်းလားလို့ လှမ်းအော်ကြတယ်။ ဆရာနဲ့ ဆရာမက မိန့်မိန့်ကြီးပြုံးလို့။ နေ့တိုင်းနီးပါးကျောင်းတက်တဲ့ စန်းထွန်း ကျောင်းခေါ်ချိန် မပြည့်လို့ မော်ကွန်းထိန်းနဲ့ သွားတွေ့ရသေးတယ်။ ဒီခန်းကလူက စီခန်းမှာ သွားတက်လို့လေ။ သြင်္ကန်နီးလို့ ကျောင်းပိတ်ရက် နောက်ဆုံးရက်ဆိုရင် ရေလောင်းကြတယ်။ တခါတလေ အရက်ချက်စက်ရုံက ဆန်ပုတ်နံ့တွေနဲ့ မွှေးနေတတ်သေးတာ။ စီနီယာတွေ ပြဇာတ်ကတယ်။ ရုက္ခစိုးအဖြစ် သရုပ်ဆောင်တဲ့ အကိုကြီးဆို ရုက္ခစိုးလို့ အမည်တွင်သွားတယ်။ ကျောင်းအထိမ်းအမှတ် သီချင်းခွေ ထွက်တယ်။

ဒုတိယနှစ်မှာ ပုဂံညောင်ဦး၊ ပုပ္ပားကို ကျောင်းကနေ လေ့လာရေးခရီး ထွက်ဖြစ်တယ်။



အသွားမှာ ပြည် ရွှေဆံတော်ဘုရားကို ဝင်ဖူးတယ်။ ပြည်က ဧရာဝတီမြစ်ဘေးမှာ ရှိပြီး သာယာပါတယ်။

ဝေ၊ စန်းထွန်း၊ မြတ်မွန်၊ အိကေ။
ပြည်ရွှေဆံတော်ဘုရားမှာ

မြတ်မွန်က ပုဂံကွင်း ဖြစ်သွားတယ်။ အပူတွေ ကန်ပြီး မျက်စိနီနေလို့ ညဆို မျက်ကွင်းဆေးတွေ ကွင်းရတယ်။ ကွင်းတော့ကွင်း ဒါပေမယ့် မြတ်မွန်က မျက်စိကွင်းရတာ။ မတူညီတဲ့ ဓလေ့ထုံးစံ၊ လူမျိုးတွေကို ဗုဒ္ဓဘာသာတရားနဲ့ သွေးစည်းညီညွှတ်အောင် ဆောင်ရွက်ပြီး ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ အနော်ရထားမင်းစိုးစံရာ ပုဂံဟာ မြန်မာတို့ရဲ့ ဂုဏ်ယူစရာပါ။

အိကေ၊ စန်းထွန်း၊ မြတ်မွန်၊ ဝေ။
ပုဂံတနေရာ

ဗိသုကာကျောင်းသားတွေက ပုဂံဘုရားတွေရဲ့ ဗိသုကာလက်ရာ၊ အလင်းရောင်၊ လေဝင်လေထွက်ကောင်းအောင် တည်ဆောက်ထားတာ၊ နှစ်ပေါင်း သုံးရာကျော်တိတိုင် ခိုင်ခံ့နေတဲ့ အင်္ဂတေအချိုးအစားတွေကို လေ့လာရပါတယ်။ ပုဂံခေတ်လက်ရာဘုရားတွေက တခြားဘုရားတွေနဲ့ မတူညီကွဲပြားပါတယ်။

ဝေ၊ မြတ်မွန်၊ စန်းထွန်း၊ အိကေ။
လောကနန္ဒာဘုရားမှာ

လောကနန္ဒာဘုရားမှာ ဘွတ်ချွှတ်ဒိုင်းဂိမ်းကစားတော့လည်း တို့အဖွဲ့ နိုင်ပါတယ်။ ဆရာက တို့အုပ်စုကို ယွန်းလက်ဖက်အုပ် တယောက်တခု ဆုချတယ်။ ထမင်းဆိုင်တွေကို ကားနှစ်စီးဆိုက်ရင် လူက ၉၀လောက်ဆိုတော့လည်း စားပွဲထိုးတွေ ဘယ်နိုင်တော့မလဲ။ ညဏ်လင်းခမျာ နောက်ဖေးကို ကိုယ်တိုင်သွားယူပြီး စားပွဲထိုးရရှာတယ် :) ။

ပုပ္ပားတောင်ကလပ်ကို တက်မယ့်အဖွဲ့၊ တောင်မကြီးတက်မဲ့ အဖွဲ့ဆိုပြီး နှစ်ဖွဲ့ခွဲလိုက်တယ်။ တောင်ကလပ်က နောင်လာရင် တက်လို့ရတယ်။ တောင်မကြီးနောင်တက်ဖို့ မလွယ်ဘူးဆိုပြီး တို့အဖွဲ့က တောင်မကြီးကို တက်ဖို့ ရွေးလိုက်တယ်။ မနက်ကတည်းက တောင်တက်လိုက်တာ ညနေစောင်းမှ ပြန်ရောက်တယ်။ ဒါတောင် လမ်းပြခေါ်ပြီး ဖြတ်လမ်းက တက်ကြတာ။ တောင်ပေါ်ကို ပထမဆုံးရောက်တဲ့ မိန်းကလေးက တို့အဖွဲ့လေ။ တို့ရှေ့မှာ အောင်ကြီးတို့ အုပ်စုပဲ ရှိတယ်။ အဲဒီမှာ အောင်ကြီးတို့ အုပ်စုနဲ့ ခင်သွားတော့တယ်။ အောင်ကြီးက တို့အုပ်စုရဲ့ လွယ်အိတ်တွေ ကူသယ်ပေးရရှာတယ်။ ညောင်းလွန်းလို့ အောင်ကြီးလွယ်အိတ်ကို ဆွဲပြီး တက်ရတယ်။

ပုပ္ပားတောင်မကြီးကို တောင်ကလပ်မှ လှမ်းမြင်ရစဉ်

ပုပ္ပားတောင်မကြီးက ၄၉၈၁ပေ မြင့်ပြီး ဒီဒေသမှာ အမြှင့်ဆုံးတောင်ပါ။ အလယ်ပိုင်းဒေသရဲ့ အိုအေစစ်လေးပါ။ ဗျတ္တပန်းဆက်လမ်းဖောက်နေပြီ။ တောင်တက်နေချိန်မှာ တိမ်တွေက ကိုယ့်ကို ဖြတ်သွားတယ်။
မြတ်မွန်။
တိမ်တွေကြားထဲက မြတ်မွန်

တောင်ထိပ်ရောက်ချိန်မှာတော့ လေးဖက်ထောက်တက်ရတယ်။ လမ်းက ကျဉ်းကျဉ်းလေး။ ဘေးမှာ တောင်စောင်းကြီး။ ပြုတ်ကျလို့ကတော့ ဒန် ဒန့် ဒန်ပဲ။



တောင်ထိပ်ရောက်ခါနီး

ဝေဖြိုးစံတင်၊ အောင်လင်းတို့ အုပ်စုထဲက ဝဝကစ်ကစ်လေး ကျော်သူက တောင်ပေါ်ကနေ မိန့်မိန့်ကြီးထိုင်ပြီး အားတင်းထားကွ၊ ရောက်တော့မယ်နဲ့ လက်တော့မကမ်းဘဲ အားပေးရှာတယ်။ တောင်ထိပ်ကိုရောက်တော့ မြင်ရတဲ့ ရှုခင်းက အတော့်ကိုလှတယ်။ ရင်သပ်ရှုမောဖွယ် အလှဆိုတာ ဒါကို ပြောတာနဲ့ တူပါရဲ့။ လေးနာရီလောက်ကြာအောင် ပင်ပင်ပန်းပန်းတက်ပြီး တောင်ထိပ်ကို ငါရောက်နေပါပြီဆိုတဲ့ ပီတိ၊ တိမ်တွေဖြတ်သွားတဲ့အခါ ရေငွေ့ရေမှုန် အေးအေးလေးကို ခံစားရတဲ့ အတွေ့၊ မြင်မြင်သမျှ စိမ်းလန်းနေတဲ့ တောတောင်တွေက ပင်ပန်းတာတွေကို ပျောက်သွားစေပါတယ်။ ပုပ္ပားတောင်ကလပ်ကို သေးသေးလေးပဲမြင်ရတယ်။


ပုပ္ပားတောင်ကလပ်ကို သေးသေးလေးပဲမြင်ရစဉ်

တောင်မြှင့်မြှင့်တွေဆို စေတီတည်လေ့ရှိတဲ့ မြန်မာ့ဓလေ့အတိုင်း တောင်ထိပ်ပေါ်မှာ စေတီတဆူ၊ ဘုန်းကြီးကျောင်းတကျောင်း၊ မိုက်ခရိုဝေ့တာဝါတိုင် ရှိတယ်။


တောင်ထိပ်ပေါ်တွင်

တောင်ဆင်းတော့ မြန်လိုက်တာ။ လေးနာရီတက်ရတဲ့ ခရီးက လေးဆယ့်ငါးမိနစ်ပဲ ကြာတယ်။ ဒါတောင် မှောက်ရက်လဲမှာစိုးလို့ အရှိန်ကို မနည်းထိန်းနေရတာ။ အပြန်ကားပေါ်မှာ ပင်ပန်းလွန်းလို့ လှုပ်တောင်မလှုပ်နိုင်ဘူး။ တောင်ပေါ်အရင်ဆုံးရောက်တဲ့ တို့အဖွဲ့ထမင်းတနပ် ဆုချတယ်။ ရွှေတောင်က ရွှေနတ်တောင်ဘုရားကို ဝင်ဖူးကြတယ်။ တီချယ်ဒေါ်မြင့်သီတာထွန်းက ပထမနှစ်နဲ့ မစွံရင် ဒုတိယနှစ်မှာ ခရီးထွက်၊ ဒုတိယနှစ်မှာ မစွံရင် တတိယနှစ် တောင်တက်တဲ့။ တီချယ်ရေ တောင်တက်လို့မှ မစွံရင် ဘာလုပ်ရမလဲဟင် :) ။

စန်းထွန်း
‌မေ ၁၂၊ ၂၀၁၁။

လမ်းလျှောက်ရင်း တွေးမိတာလေး‌တွေ ...



အိမ်မှာ တနေကုန် နေရတာ ခေါင်းတောင်ကိုက်လာလို့ ညနေဆိုရင် ရာသီဥတု သာယာရင်၊ လမ်းလျှောက်ဖို့ မပျင်းရင် စိတ်လိုလက်ရ လမ်းလျှောက်ဖြစ်ပါတယ်။ မြစ်ဘေးတလျှောက် လမ်းလျှောက်ဖို့ စက်ဘီးစီးဖို့ လုပ်ထားတဲ့ လမ်းလေးအတိုင်း လမ်းလျှောက်တယ်။ အိပ်တန်းဝင်ဖို့ ပြင်နေကြတဲ့ ငှက်သံလေးတွေ၊ နွေမှာ ဖူးပွင့်နေတဲ့ ပန်းရနံ့တွေ၊ တသွင်သွင်စီးနေတဲ့ မြစ်ရေကို မြင်ရတိုင်း ဟိုင်းကြီးအိမ်နဲ့ ဖေ၊မေတို့ကို သတိရတယ်။ ဟိုင်းကြီးအိမ်ရှေ့မှာလည်း မြစ်ရှိတော့ ဒီလမ်းလေးကိုလျှောက်ရတိုင်း မြစ်ရေကို မြင်ရတိုင်း ဟိုင်းကြီးအိမ်ကို သတိရတယ်နဲ့ တူပါရဲ့။ မိုင်သောင်းချီဝေးတဲ့ ဟိုင်းကြီးကို စိတ်ထဲကနေ သွားလည်မိတယ်။ ဆွေမျိုးတွေနဲ့ တွေ့ပြီး စားချင်တာတွေ တဝတပြဲ နင်းကန်စားခဲ့တယ်။

လေယာဉ်ပျံ အီးပေါက်တာလို့ ငယ်ငယ်က ထင်ခဲ့တယ့် မီးခိုးတန်းကို ကောင်းကင်မှာ မြင်ရတိုင်း အိမ်ပြန်ချင်မိပေမယ့် ပြန်ဖို့ကို စိတ် ကူးတောင် မယဉ်ရဲတဲ့ ဘဝ။ ဝင်ငွေမရှိ အိမ်ကပေးတယ့် ငွေကို ချွှေတာသုံး စားချင်တာကို ဝယ်မစားရဲ လက်ထဲ ပိုက်ဆံကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ကျောင်းပြီးလို့ အလုပ်ရှာချိန် ပိုက်ဆံလိုမှာမို့လား။ ဈေးဝယ်တိုင်း ဈေးအနည်းဆုံးကိုပဲ ရှာဖွေ ဝယ်ယူကြတဲ့ ကျောင်းသားဘဝ။ ကျောင်းတက်ချိန်မှာ စာမေးပွဲအောင်အောင် ကြိုးစားရ။ ကျောင်းပြီးသွားတော့လည်း အလုပ်မြန်မြန်ရအောင် ကြိုးစားရ။ ဘုရားကို ဖင်ဘူးတောင်း ထောင်အောင် ရှိခိုး။ အလုပ်မြန်မြန်ရအောင် ဘုရား၊ တရား၊ သံဃာ၊ နတ်တွေပါ အကောင်းမနေရ နားပူနားဆာ လုပ်ပြီး ဆုတောင်းရတာ။ ဓိဌာန်တွေဝင်။ အဲဒီအချိန်မှာ ဘုရားတရား အမြဲဆုံး။ အဆင်ပြေချိန်မှာ ဘုရားတရားမေ့ပြီး ဒုက္ခရောက်မှပဲ ဘုရားတတော့တယ်။ အလုပ်ရတော့လည်း အလုပ်ထဲ အံခွင်ဝင်ကျဖြစ်အောင် ကြိုးစားရ။ တစ်နှစ် နှစ်နှစ်လောက်ကြာရင် ခုထက် ပိုလစာကောင်းတဲ့ အလုပ်ရှာ။ ဘဝဆိုတာ ကြိုးစားနေရတာပဲ။ ကြိုးစားနေဖို့ပဲ လိုတာပါ။ မကြိုးစားတော့မှသာ တကယ်ဆုံးရှုံးသွားတာ။




စက်ဘီးစီးတဲ့သူတွေ မြင်ရရင် ငယ်ငယ်က စက်ဘီးစီးခဲ့တာကို သတိရတယ်။ တို့မောင်နှမသုံးယောက်လုံးကို ဖေပဲ စက်ဘီးစီး သင်ပေးခဲ့ရတာ။ ညနေတိုင်း ရွာသစ်က လမ်းမကြီးပေါ်မှာ ဖေက နောက်က ပြေးလိုက်ပြီး ထိန်းပေးခဲ့တာ ဖေ့ခမျာ တော်တော်ပင်ပန်းရှာမှာပဲ။ ဂိုက်ကို ထိန်းနိုင်နေပေမယ့် ဖေ့စက်ဘီးက ကြီးနေတော့ လူနဲ့ စက်ဘီးနဲ့ မလိုက်ဖြစ်နေတာ။ ဖေ ပုသိမ်သွားခါနီး သမီး ဘာလိုချင်လဲလို့မေးတော့ စက်ဘီးနဲ့ လက်စွပ်လို့။ နောက်တော့ သမီးအတွက် စက်ဘီးဝယ်လာတယ် အိမ်ရှေ့မှာ ဆိုလို့ ဝမ်းသာလို့ ထခုန်တာ ကြမ်းပြင်တောင် ကြိုးကျတယ်။ ဖေ မညာပါဘူး တကယ်လည်း စက်ဘီးနဲ့ လက်စွပ် ဝယ်လာပေးပါတယ်။ အနီရောင် ဆိတ်ငါးကောင် စက်ဘီးလေးကို တညနေ စီးလိုက်ရရင်ပဲ စက်ဘီးစီးတတ်သွားတော့တယ်။ အရင်က စီးတတ်ပေမယ့် ဖေ့စက်ဘီးက ကြီးတော့ ဘီးမနိုင် ဖြစ်နေတာ။ မကြီးအတွက်ကတော့ ဖီးဆင့်စက်ဘီး အစိမ်းရောင်။ ပုသိမ်မှာ ကျောင်းတတ်တော့ မကြီးစက်ဘီးကို ဆက်စီးရတယ်။ မောင်မောင့်အတွက်ကတော့ ပြိုင်ဘီးလေးကို ရန်ကုန်မှာ ဝယ်ပေးတယ်။ တီဗီဂိမ်းအဆော့ကောင်းတာ ဆိုင်ရှေ့မှာ ရပ်ထားတဲ့ စက်ဘီးကို ဘယ်အချိန်က မသွားမှန်း မသိလိုက်ဘူးလေ။ တော်သေးတယ် လူကိုတောင် မသွားရင် သိမှာ မဟုတ်ဘူး။ တီဗီဂိမ်းများ ကစားနေရလို့ကတော့ ထမင်းမေ့ ဟင်းမေ့။ တီဗီဂိမ်းပဲ စားနေတော့လို့။ စာကိုများ တီဗီဂိမ်းလို ကြိုးစားလို့ကတော့ ဘာပြောကောင်းမလဲ။ အဲလေ စက်ဘီးကနေ ဂိမ်းအကြောင်း ရောက်သွားပြီ။

ရန်ကုန်မှာတော့ စက်ဘီးစီးရတာ ခပ်ကြောက်ကြောက်။ ကားတွေကလည်း စက်ဘီးကို ဦးစားပေးတာ မဟုတ်ဘူးလေ။ ဈေးသွားရုံ ၊ ရက်ကွက်ထဲ လျှောက်သွားရုံပါပဲ။ ပုသိမ်ကတော့ စက်ဘီးမြို့တော်လို့ ခေါ်ရအောင် တမြို့လုံး စက်ဘီးတွေကြီးပဲ။ ကျူရှင်သွားတက်ရင် သူငယ်ချင်းတွေ စက်ဘီးကို ကပ်ပြီး ယှဉ်စီးခဲ့တာ။ အခုနေများ အဲလိုစီးဆို စီးဖို့နေနေသာသာ ကြောက်လွန်းလို့။ ခုတော့လည်း ဆိုင်ကယ် တဝီဝီ ဖြစ်နေပြီ။



ရန်ကုန်မှာ ကြောက်လို့ မစီးရဲပေမယ့် စင်ကာပူရောက်တော့ စက်ဘီးစီးချင် မိတယ်။ စက်ဘီးစီးဖို့ လမ်းလေးတွေနဲ့။ clementi အိမ်နားမှာ jogging ပြေးလမ်းလေး ရှိတယ်။ ဘေးမှာ မြောင်းလေးနဲ. သစ်ပင်တွေနဲ့ အတော့်ကို သာယာပါတယ်။ clementi နဲ့jurong east ကြား mrt ဖြတ်သွားရင် တရုတ်ဘုရား ဆင်းတုတော်ဘေးနားက ပြေးလမ်းလေး။ mrt ပေါ်ကကြည့်ရင် မြင်ရတယ်။ စက်ဘီးစီးဖို့ အတော်ကိုကောင်းတဲ့ နေရာလေး။ ခရေပန်းပင်တွေနဲ့ မွှေးနေတတ်တယ်။ စက်ဘီးတွေက ဈေးကြီးလို့ ဈေးချတာကို စောင့်နေရင်း စကိတ်စီး တရက်သင်လိုက်ရလို့ စကိတ်ပဲ ဝယ်ရင် ကောင်းမလား လားပေါင်း များစွာနဲ့ နောက်ဆုံးတော့လည်း ဘာမှ မဝယ်ဖြစ်ပါဘူး။ East Coast မှာ စက်ဘီးစီးရတာ တကယ်ကောင်းတယ်။ ပင်လယ်ကမ်းခြေတလျှောက် စက်ဘီးစီးရင်း ဟိုင်းကြီးကမ်းခြေမှာ ဖေနဲ့ဆိုင်ကယ်စီး သင်တာကို သတိရမိတယ်။ သဲသောင်မို့လို့ လဲရင် မနာဘူးလေ။ လဲချင်သလောက်လဲပဲ။ သောင်တလျှောက် ဆိုင်ကယ်စီးရတာ East Coast တလျှောက် စက်ဘီးစီးရတာထက် သာတယ်။ မယုံရင် စမ်းကြည့်လိုက်လေ အဟက် အဟက်။ ကိုရီးယားရုပ်ရှင်ကားထဲကလို စုံတွဲစက်ဘီး စီးဖူးတယ်။ ဘဲဘဲနဲ့လို့ အထင်ကြီးတော် မမူလိုက်ပါနဲ့။ မကြီးနဲ့။ ရှေ့ကနင်းတဲ့သူကတော့ သေရောပဲ။ အကွေ့တွေနဲ့ စက်ဘီးပေါ်တက်ရင် အတော် ဒုက္ခရောက်တယ်။ ကွေ့ရင် စက်ဘီးက အရှည်ကြီးဆိုတော့ ဒီအတိုင်း ကွေ့လို့မရဘူး။ လူက ဆင်းပြီးကွေ့ရတယ်။ တက်ရင်လည်း ရှေ့ကလူ အရင်တက်ပြီးမှ နောက်ကလူက တက်ရတယ်။ ဖတ်ဖတ်ကိုမော။ တယောက်ဘီးထက် ပင်ပန်းတယ်။ တို့အတွက် ပြောတာနော်။ သူများတွေတော့ ဘယ်လိုနေတယ် မသိ။



တယောက်တည်း လမ်းလျှောက်ထွက်ရတိုင်း ရန်ကုန်နဲ့ စင်ကာပူက သူငယ်ချင်းတွေကို သတိရတယ်။ သူငယ်ချင်းတွေနဲ့ အတူ မိသားစု အကြောင်း၊ အချစ် အကြောင်း၊ သူငယ်ချင်းတွေ အကြောင်း၊ လူမူရေး ၊ နိုင်ငံရေး၊ စီးပွားရေး ၊ ယုံကြည်ချက်တွေ၊ မျှော်လင့်ချက်တွေ၊ စိတ်ကူးတွေ၊ အတင်းတွေ၊ သတင်းတွေ ဖလှယ်ကြရင်း လျှောက်သွား လျှောက်စားခ ဲ့ ကြတာကို သတိရတယ်။ အင်းလျားဘေးမှာ၊ ဘုရားပေါ်မှာ၊ ရန်ကုန် တက္ကသိုလ်ဝင်းထဲမှာ၊ လှည်းတန်းမှာ၊ ဆူးလေမှာ။ စင်ကာပူက သူငယ်ချင်းတွေနဲ့အတူ ဈေးဝယ်ထွက်၊ စားသောက်၊ ပေါက်ကရတွေ ပြော၊ တောင်တွေတက်။ တခါက စိမ့်နဲ့ လမ်းလျှောက်တာ boonlay ကနေ lakeside ရောက်ရော။ အိမ်ပြန်ရောက်တော့ ဒူးတွေညောင်းလို့။ Handerson Wave တံတားကနေ vivo city ထိ Mount Faber ကိုဖြတ်ပြီး သာယာလှတယ့် ရှုခင်းတွေကို စိမ့်က မိတ်ဆက်ပေးခဲ့တယ်။ အိအိနဲ့အတူ KentRidge Park ၊Hot Park ၊ Mount Faber အထိ ပန်းခြံ လေးခုဖြတ်ပြီး လျှောက်ဖူးတယ်။ လေးနာရီလောက်ကြာပြီး အိမ်ရောက်တော့ ခြေထောက်တွေ ညောင်းကိုက်နေပေမယ့် ပင်ပန်းရကျိုး နပ်တယ်။ Handerson Wave တံတားနားမရောက်မှီ တောင်နားကို ကပ်ပြီး သံပန်းတွေနဲ့ တောင်တက်လမ်းလုပ်ထားတာ တကယ်မိုက်တယ်။ စင်ကာပူကျွန်းက သေးပေမယ့် အပင်တွေ တောင်တောင်တွေ ထိန်းသိမ်းတာ မြန်မာပြည်ထက် သာတယ်။ စင်ကာပူကို စရောက်ရောက်ချင်း လေ ဆိပ်ကနေ အိမ်ကိုအသွား မကြီးက မြန်မာပြည်နဲ့ ဘာကွာလဲ မေးတော့ အပင်တွေ ရန်ကုန်ထက် များတယ်။ စန်းထွန်းတင် အဲလို ဖြေတာ မဟုတ်ဘူးနော်။ အိအိလည်း ရောက်စက ညဏ်လင်းက ရန်ကုန်နဲ့ ဘာကွာလဲမေးတော့ အပင်တွေ များတယ်လို့ ဖြေပါသတဲ့။ သန့်ရှင်းသပ်ရပ်တာထက် ထူးခြားတာက အပင်တွေ များတာ။ သူ့နေရာနဲ့သူ နေရာတကျ နိမ့်မြှင့်အလိုက် အောက်ခြေကို ခုတ်ထားပြီး မျက်စိပသာဒရဖြစ်ဖွယ် စိုက်ပျိုးထားတာ တကယ့် green city ပါပဲ။ မြန်မာပြည်မှတော့ နာဂစ်ဖြစ်လို့ ဂတုံးဖြစ်နေချိန်ပေါ့။ နာဂစ်မဖြစ်လည်း သစ်ပင်တွေ မရှိတာပါ။ ရန်ကုန်မြို့ကို စိမ်းလန်းစိုပြည် လှပသော ဥယျာဉ်မြို့တော် တည်ဆောက်နေတာ ကြာလှပေါ့။ တို့ငယ်ငယ်ကတည်းကပဲ။ အနှစ်နှစ်ဆယ်ကျော်သွားလည်း မပြီးသေးဘူး။ တည်ဆောက်ဆဲ။ အိအိနဲ့အတူ Bukit Batok, Bukit Timah တောင်တွေ တက်ဖူးတယ်။ နှောက်ခြောက်လလောက်သာ စင်ကာပူမှာ ဆက်နေရရင် စင်ကာပူတကျွန်းလုံး ငါမတက်ဘူးတဲ့ တောင်မရှိဘူးလို့ ကြုံးဝါးလို့ရတယ်။ ခုတော့ ကြုံးဝါးခွင့် မကြုံလိုက်ဘူး အဟက် အဟက်။



မြစ်ဘေးမှာ ငါးမျှားတဲ့သူတွေကို မြင်တော့ ငယ်ငယ်က ဟိုင်းကြီးမှာ ငါးမျှားခဲ့တာကို သတိရမိတယ်။ ငါးမျှားတိုင်း မောင်မောင်က ငါးတွေ အများကြီး မိပေမယ့် စန်းထွန်းကတော့ တကောင်မှ မမိ။ ဂဏ္ဏန်းထောက်ရင်လည်း အစာသာ ဂဏ္ဏန်းစားသွားတယ်။ ဂဏ္ဏန်းကတော့ တကောင်မှ မမိ။ ဝါးကွေးကွေးလေးကို အပေါ်မှာ ငါးအစာတွေကို ချိတ်ထားပြီး အောက်မှာက ပိုက်ကွန် ရှိတယ်။ ဂဏ္ဏန်းက အစာဟပ်နေချိန် ကြိုးလေးကို လှမ်းဆွဲလိုက်ရင် ဂဏ္ဏန်းက ပိုက်ကွန်ပေါ်မှာ ပါလာရော။ အရင်တုန်းက စံပြအိမ်ရှေ့ တံတားကနေ ဖေ ကွန်တချက် ပစ်လိုက်ရင် ခက်တဲ့(ပြည်ကြီးငါးကို ဒေသအခေါ်) ၊ ပုဇွန်တွေ အများကြီး ရတယ်။ ဖေ ကွန်ပစ်ရင် မောင်မောင်နဲ့ စန်းထွန်းက ဘေးကနေ ဟိုဖက်ကို ပစ်ပါလား ဖေ ဒီဖက်ကို ပစ်ပါလား ဖေနဲ့ နှမ်းဖြူးကြသေးတာ။ ပုဇွန်မီးဖုတ်က ကောင်းမှကောင်း။ ခုတော့ ငါးတွေ ရှာပါးလာပြီ။ မလေးရှားမလေး ထိန်ထိန်ကတော့ သူစကားများနေလို့ ငါးတွေက နားညီးပြီး အဝေးကိုထွက်သွားလို့ ငါးမျှားတဲ့ နေရာမှာ သူရှိနေရင် ငါးတကောင်မှ မရပါဘူးတဲ့။ ငါးတွေတောင် ထွက်ပြေးရအောင် စကားများတာနော်။ နွေဦးကျောင်းပိတ်ရက်မှာ နီပေါသူငယ်ချင်းတွေနဲ့အတူ နှစ်နာရီလောက် ငါးသွားမျှားတာ ငါးတကောင်ရတယ်။ အဖော်လိုက်တာက ဆယ့်ငါးယောက် ရတာက ငါးတကောင်။



ဒီဒေသမှာ ဘဲနဲ့လည်းတူ ရေထဲရောက်ရင် ရေကူး ငှက်လိုလည်းပျံတဲ့ ဘဲငှက်တွေ တွေ့ရတယ်။ ဝေသာလီဗျိုင်းလို့ပြောတာပဲ။ ငယ်ငယ်က ဘဲငန်းလို့ ခေါ်တဲ့ လည်ပင်းရှည်ရှည်တွေကို တယမ်းယမ်း လှုပ်နေတတ်တဲ့ ဖြူဖြူဘဲတွေကို မြင်ဖူးတယ်။ သူ့နှုတ်သီးနဲ့ လိုက်ဆိတ်တတ်လို့ အဲဒီအကောင်တွေ အနားလာရင် ပြေးရသေးတယ်။ မှုတ်လိုက်လို့ရှိရင် အပွင့်တွေ လေကို ပျံ့လွင့်တတ်တဲ့ အလေ့ကျပေါက်တဲ့ ပန်းပွင်.လေးတွေ ရှိတယ်။ လေထဲမှာ အဲဒီအပွင့်တွေ ပျံလွင့်နေတတ်တယ်။ နွေဦးရာသီမှာ အလာဂျီဖြစ်လေ့ ရှိတယ်။ စန်းထွန်းတောင် မဖြစ်ဖူးတယ် မရှိရအောင် ဖြစ်လိုက်သေးတယ်။ တကိုယ်လုံး ယားနေတာ ကုတ်ဖဲ့ရင်း တညလုံး အိပ်မပျော်ဘူး။ ယားပြီးရင်းယား ကုတ်ပြီးရင်း ကုတ်ချင်။ နှုတ်ခမ်းကြီးက ကြီးလာတယ်။ မျက်နှာမှာလည်း အနီအစက်အပြောက်တွေ။ ဆေးခန်းသွားပြတော့လည်း ဘာကြောင့်ဖြစ်ရမှန်း မသိနိုင်ဘူးတဲ့။ ဆပ်ပြာရည် အသစ်၊ ခေါင်းလျှော်ရည် အသစ်၊ လိုးရှင်း အသစ်၊ အစားအသောက် အသစ်၊ ဆေး အသစ် သောက်မိလားတဲ့။ ဘာမှကို အသစ်မသုံးတာပါ။ ဆေးကလည်း ဆရာဝန်က လတ်မှတ်ပါမှ ဝယ်လို့ ရတယ်။ စီနီယာ အမနဲ့ စကားစပ်ရင်း ပြောမိတော့မှ ပန်းဝတ်မှုန်တွေကြောင့် နွေဦးမှာ အလာဂျီဖြစ်လေ့ ရှိပါသတဲ့။ ဟုတ်သားပဲ အဲဒီတုန်းက နွေဦးလေ။ မေနဲ့ စကားပြောရင်း ယားလို့ ကုတ်ဖဲ့နေတဲ့ စန်းထွန်းကိုမြင်တော့ မေ့မှာ သနားလို့ မျက်ရည်တောင် ကျတယ်။ အရင်တုန်းက မကြီးနဲ့ အတူတူဆိုတော့ မေက စိတ်ချတယ်လေ။ ခုတော့ တယောက်တည်း အဝေးမှာ ဆိုတော့ စိတ်ပူရှာတာပေါ့။

အိမ်နားက ကလေးကစားကွင်းမှာ ကလေးတွေနဲ့ အပြိုင် ဒန်းစီးလိုက်သေးတယ်။ အမြှင့်ကို မြှောက်မြှောက်သွားပြီး ကောင်းကင်ကြီးနဲ့ နီးသွားတယ်လို့ ခံစားရသလို ကောင်းကင်မှာ ပျံနေသလို ခံစားရတယ်။ ငယ်ငယ်တုန်းက စောင်ပုခက်ကို စီးရတယ်။ မူးပြီး အိပ်ပျော်သွားရော။ နွေကျောင်းပိတ်ရက် ဆိုရင် အိမ်ရှေ့က အုန်းပင်ကြားထဲမှာ ဆင်ထားတဲ့ ပိုက်ပုခက်ကို လုစီးရတာ။ ပုခက်ပေါ်မှာ အိပ်ပြီး စာအုပ်လေးဖတ် သီချင်းလေး နားထောင် လေတဖြူးဖြူးနဲ့ အုန်းရေလေးသောက်လိုက်ရရင် ဇိမ်ပဲ။ Internship ဆင်းတုန်းက ရုံးကနေ Kambengam mrt ထိ အညောင်းအညာပြေအောင် ဘတ်စ်ကား မစီးဘဲ တခါတလေ လမ်းလျှောက်ကြတယ်။ အဲဒီနားက လုံးချင်းအိမ်တွေနဲ့ မြန်မာပြည်က တက္ကသိုလ်ရိပ်သာလမ်းနဲ့ တူတယ်။ UFL တက်တုန်းက ကျောင်းဆင်းချိန်ဆို လမ်းလျှောက်နေကြပေါ့။ ရထားက တောင်ကုန်းအောက်ကို ဝင်သွားချိန်မှာ တို့တွေက ကုန်းပေါ်ကို လျှောက်ရတာပေါ့။ တောင်ကုန်းပေါ် ရောက်ရင် အောက်ဖက်က တိုက်တွေကို စီးကြည့်ရင်း ကောင်းကင်နဲ့ နီးသွားသလို ခံစားရတယ်။




ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ထဲက ပင်လယ်ဓားပြလှေကို နောက်ဆုံးတန်းကနေ စီးတုန်းကတော့ ကောင်းကင်နဲ့ နီးသွားသလို မခံစားရဘူး ။ ဒူးတွေတုန်ပြီး ရင်ထဲ တလှပ်လှပ် ဖြစ်နေတာ။ မျက်စိမမှိတ်ကြေး ပြိုင်ကြသေးတာ။ Singapore Universal Studio မှာ ရိုလာကိုစတာအပြာကို ရှေ့ဆုံးတန်းကနေ Jo Jo ၊Jerome ၊ Pierre ၊Winarto နဲ့ အပြိုင်စီးတုန်းက ပြောင်းပြန်ဂျွမ်းပစ်သွားတဲ့ အချိန်မှတော့ အော်တာ ရိုလာကိုစတာ ရပ်သွားပေမယ့် အော်တာ ရပ်လို့ မရသေးဘူး။ တန်အောင် ရိုလာကိုစတာအနီကို ထပ်စီးသေးတယ်။ အပြာလို ရင်မတုန်ဘဲ ခေါင်းမူးသွားလို့ ဒယိမ်းဒယိုင်နဲ့ အရက်မူးသိုင်းကပြီး ဆင်းလာရတယ်။ ဒါတောင် ပြောလိုက်သေးတယ်။ အနီက အော်တောင် မအော်လိုက်ရဘူး အပြာ ပိုကြိုက်တယ်လို့။ Mummy ကတော့ 3D effect တွေနဲ့ တကယ်ကောင်းတယ်။ Mummy ရုပ်ရှင်ထဲကအတိုင်း အကောင်တွေက ကိုယ့်ဆီ တကယ် လာသလို ထင်ရတယ်။ မီးလျှံတွေအကြားဖြတ်သွားတယ်။ နံရံကို ဝင်ဆောင့်တာ နံရံက ကွဲသွားတယ်။ နောက်နေ့ကျတော့ ရိုလာကိုစတာကို ပိတ်လိုက်တယ်ဆိုတော့မှ လား လား ကြောက်လိုက်တာ။ ရှေ့ဆုံးတန်းကနေ မကြောက်မရွံ့ စီးနေတာ။ ပြုတ်ကျလို့ကတော့ အရင်ပဲ။ စီးတုန်းက မကြောက်ပေမယ့် ပြီးမှ ကြောက်နေတာ။ ဒါပေမယ့် စင်ကာပူကတော့ စိတ်ချရပါတယ်။ Safety First ကိုး။

လမ်းလျှောက်ရင်း ပြောရတာ ညောင်းသွားလို့ (အတော်လည်း ပြောလို့ဝသွားပြီ) ဒီမှာပဲ ရပ်လိုက်မယ်နော် (ရပ်မှပါပဲ မရပ်များမရပ်ဘဲ ဆက်ပြောနေရင် ဒုက္ခ) အဟက် အဟက်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

စန်းထွန်း
‌မေ ၈၊ ၂၀၁၁။

Buddhism is the Religion of Freedom !



ဗုဒ္ဓဘာသာတရားဟာ dogmatism မဟုတ်ဘူး။ dogmatism ဆိုတာ ခိုင်လုံတဲ့ အထောက်အထားမရှိဘဲ မှန်တယ်လို့ ယုံရတာကို ခေါ်တယ်။ dogmatism ဆိုတဲ့စကားလုံးကို အင်္ဂလိပ် အဘိဓာန်မှာ ကြည့်တော့ unfounded positiveness in matters of opinion ။ အဓိပ္ပါယ်က "အယူအဆပိုင်းမှာ အထောက်အထားမရှိပဲ မှန်ကန်တယ်လို့ ပြောတာ" လို့တွေ့ရတယ်။ unfounded ဆိုတဲ့စကားလုံးကို အဓိပ္ပါယ် ရှာကြည့်တော့ without factual or rational foundation "မှန်ကန် တိကျသော အချက်အလက် အထောက်အထား အုတ်မြစ် မရှိသော သို့မဟုတ် အကြောင်းအကျိုး ခိုင်လုံမှု အုတ်မြစ် မရှိသော" လို့ တွေ့ရတယ်။ အခြေအမြစ်မရှိတဲ့ စကားကို ယုံရမလား။ မှန်ကန်တိကျတဲ့ အချက်အလက် အကြောင်းအကျိုး အထောက်အထား မရှိဘဲ မှန်တယ်လို့ ပြောတာကို ဘာကြောင့် လက်ခံရမှာလဲ။ လက်မခံနိုင်ပါဘူး။ အဲသလိုသာ လက်ခံနေရရင် ကိုယ့်ခေါင်းဟာ အမှိုက်ပုံးလို ဖြစ်သွားမှာပေါ့။

နှစ်နဲ့နှစ်ပေါင်း လေးဆိုတာကို ဘယ်သူမှ မငြင်းကြဘူး။ ဘာကြောင့် မငြင်းတာလဲ။ ငြင်းနေဖို့ မလိုလို့ပေါ့။ ဘာကြောင့် ငြင်းနေဖို့ မလိုတာလဲ။ ထင်မြင်ချက် မဟုတ်လို့။ သဘာဝဖြစ်လို့။ အမှန်တရား ဖြစ်လို့။ လက်တွေ့ သိနိုင်လို့။ ငြင်းအခုံလုပ်နေရတာတွေဟာ ထင်မြင်ချက်တွေပဲ။ အမှန်တရားဟာ ငြင်းနေစရာ မလိုတဲ့အရာ ဖြစ်တယ်။ မယုံကြည်ရင် အပြစ်ရှိတယ်လို့ ပြောတာတွေကလည်း အများကြီး။ ယုံရင် အပြစ်ရှိတယ်လို့ ပြောတာတွေကလည်း အများကြီး။ အဲဒီတော့ ကြောက်ကြောက်နဲ့ ယုံလိုက်တာပဲ။

သံသယဖြစ်တယ် ဆိုတာ လူသားပဲ ဖြစ်နိုင်တယ်။ ဘယ်တိရစ္ဆာန်မှ သံသယ မဖြစ်တတ်ဘူး။ သဘာဝကျကျ အကြောင်းအကျိုးကိုက်အောင် စဉ်းစားနိုင်တာလည်း လူသားပဲ။ ဘယ်တိရစ္ဆာန်မှ အကြောင်းအကျိုး ကိုက်အောင် မစဉ်းစားနိုင်ဘူး။ အကြောင်းအကျိုးကိုက်အောင် စဉ်းစားနိုင်တဲ့ လူ့အရည်အချင်းကို ပိတ်ပင်တာ၊ ဖျက်ဆီးတာဟာ လူ့အရည်အချင်းအစစ်ကို ဖျက်ဆီးတာ။ ဒါဟာ အရက်စက်ဆုံး၊ အကြီးလေးဆုံး ပြစ်မှုပဲ။ အမှန်တရားကို မသိအောင် ပိတ်ပင်တာ အကြီးမားဆုံးပြစ်မှုကို လွန်ကြူးတာပဲ။

"အလံဟိ ပန ဝေါ ကာလာမာ ကင်္ခိ တုံ အလံဝိစီကိစ္ဆိတုံ။
ကင်္ခနီယေဝ ပန ဝေါ ဌာနေ ဝိစိကိစ္ဆာ ဥပ္ပန္နာ။"

"Indeed it is proper for you, Kalamas, to be doubtful and uncertain. In a doubtful matter uncertainty has arisen."

"ကာလာမတို့ သင်တို့ဟာ ယုံမှား သံသယ ဖြစ်သင့်ပါတယ်။ သံသယဖြစ်ထိုက်တဲ့ကိစ္စမှာ သံသယ ဖြစ်ကြတယ်" လို့ ဆိုပါတယ်။ အဲဒါကို ဖတ်ရတော့ သံသယ ဖြစ်ရတာဟာ ဖြစ်သင့်ဖြစ်ထိုက်တယ်လို့ လက်ခံလာတယ်။

မြတ်စွာဘုရားကတော့ လူသားကို အဆင့်မြှင့်ပေးလိုက်တယ်။ လူသားကို လူသားနဲ့ ထိုက်ထိုက်တန်တန် အသိအမှတ် ပြုတယ်။ ဗုဒ္ဓဘာသာတရားမှာ ယုံတာဟာ အရေးကြီးဆုံးအချက် မဟုတ်ဘူး။ ကိုယ်တိုင်သိတာက အရေးကြီးတဲ့အချက် ဖြစ်တယ်။ ဗုဒ္ဓဘာသာတရားဟာ အမှန်တရားကို လွတ်လွတ်လပ်လပ် ရှာဖွေဖို့၊ လက်တွေ့စမ်းသပ်ဖို့ အားပေးတဲ့ ရာ.ဖြစ်တယ်။ ဒါကြောင့် Buddhism is The Religion of Freedom လို့ ခေါ်သင့်တယ်။ ဗုဒ္ဓဘာသာတရားဟာ အဆင့်အမြင့်ဆုံး လွတ်လပ်မှုကို ရောက်အောင် လမ်းဖွင့်ပေးတဲ့ ဘာသာတရားဖြစ်တယ်။ ဒါကြောင့် ဗုဒ္ဓဘာသာတရားဟာ The Religion of Freedom ဖြစ်တယ်။

ဗုဒ္ဓဘာသာတရားဟာ စကတည်းက လွတ်လွတ်လပ်လပ် အမှန်တရားကို ရှာဖို့ အားပေးတယ်။ မျက်ကန်းယုံကြည်မှုကို အားမပေးဘူး။ မြတ်စွာဘုရားက ငါဘုရားဟောတာကို ယုံရမယ်။ မယုံရင် အပြစ်ရှိတယ်လို့ မပြောဘူး။ တရားဂုဏ်တွေထဲမှာ သန္ဒိဋ္ဌိကော၊ ကိုယ်တိုင်သိနိုင်တယ်။ ဧဟိပဿိကော၊ လာကြည့်ပါ၊ စမ်းကြည့်ပါ၊ လက်တွေ့လုပ်ကြည့်ပါလို့ ဆိုထားပါတယ်။ ဗုဒ္ဓဘာသာတရားမှာ အထူးခြားဆုံးတရားဟာ ကာလာမသုတ် တရားတော်ပဲ။ ဒီတရားဟာ ကြောက်စရာကောင်းလောက်အောင် လွတ်လပ်မှုကို လမ်းဖွင့်ပေးထားတာနော်။ ဘာသာတိုင်းက ယုံရမယ် မယုံကြည်ရင် အပြစ်လို့ ဟောနေချိန်မှာ မြတ်စွာဘုရားကသာ ငါဘုရားဟောတာကိုတောင် ကိုယ်တိုင်ကိုယ်ကျ သိတဲ့အခါမှ ယုံဖို့ဟောကြားထားတာ ဘယ်လောက်ထူးခြားသလဲ။ ကာလာမသုတ္တန်ဟာ ကမ္ဘာပေါ်မှာရှိသမျှ အတွေးအခေါ်ပညာရှင်ကြီးများအားလုံးက အထူးအလေးစားဆုံးနဲ့ ချီးမွမ်းရတဲ့ သုတ္တန်တစ်ခုဖြစ်ပြီး အရဲရင့်ဆုံးသော ကြွေးကြော်သံ (The Bravest Announcement)၊ အတွေးအခေါ်ပိုင်းဆိုင်ရာ လွတ်လွတ်လပ်လပ် တွေးနိုင်ခြင်း( The Freedom of Thought)ဖြစ်ကြောင်း မှတ်တမ်းတင်ဂုဏ်ယူနိုင်တဲ့သုတ္တန်ဖြစ်ပါတယ်။

၁။ တဆင့်ကြားရုံမျှဖြင့် ဟုတ်ပြီ၊ မှန်ပြီဟု အမှန်မယူကြနှင့်။
၂။ ဘိုးဘေးစဉ်ဆက် ဆင်းသက်လာသော မိရိုးဖလာ အယူဝါဒဖြစ်သည်ဟူ၍လည်း အမှန်မယူကြနှင့်။
၃။ ဤအရာသည် ဤသို့ဖြစ်သတဲ့ဟူသော ကောလဟလဖြင့်လည်း အမှန်မယူကြနှင့်။
၄။ မိမိတို့သင်ထားသော စာများနှင့် ညီညွတ်ရုံမျှဖြင့်လည်း အမှန်မယူကြနှင့်။
၅။ မိမိကြံစည်ထားသောအကြံဖြစ်၍ ဟုတ်လှပြီဟူ၍လည်း အမှန်မယူကြနှင့်။
၆။ သူတစ်ပါးတို့ လုပ်နည်းကိုင်နည်းကို သဘောကြ၍လည်း အမှန်မယူကြနှင့်။
၇။ အထောက်အထားရှိသည်ဆို၍လည်း အမှန်မယူကြနှင့်။
၈။ အယူဝါဒခြင်း တူရုံမျှနှင့်လည်း အမှန်မယူကြနှင့်။
၉။ မိမိတို့ ယုံကြည်ထိုက်သောပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟု ပုဂ္ဂိုလ်စွဲအားဖြင့်လည်း အမှန်မယူကြနှင့်။
၁ဝ။ ငါတို့၏ ဆရာစကား ဖြစ်ရုံမျှဖြင့်လည်း အမှန်မယူကြနှင့်။

"When you know by yourself: These actions are unwholesome; these actions are blameworthy; these actions are censured by the wise; these actions if completely undertaken lead to harm and pain; then you, Kalamas, should abandon those actions."

"ယဒါ တုမှေ ကာလာမာ အတ္တနာဝ ဇာနေယျာထ"
"ကာလာမတို့ သင်တို့ ကိုယ်တိုင်ကိုယ်ကျ သိတဲ့အခါ…"လို့ ဆိုပါတယ်။ ကိုယ်တိုင်သိတာကိုမှ လက်ခံဖို့ ပြောခဲ့တယ်။

(ဆရာတော် ဦးဇောတိက၏ လွတ်လပ်သောစိတ် စာအုပ်မှ)

စန်းထွန်း
ေမ ၆၊ ၂၀၁၁။

မှန်‌နေတာကို ပွင့်ပွင့်လင်းလင်း မထောက်ခံရဲရင်တောင်မှ မှားနေတာကို မထောက်ခံကြပါနဲ့...




`ကိုယ်မကြိုက်တာကို ကန့်ကွက်ပယ်ချရဲတဲ့ စိတ်ကို မွေးကြပါ။ မှန်တာကို ပွင့်ပွင့်လင်းလင်း မထောက်ခံရဲရင်တောင်မှ မှားနေတာကို မထောက်ခံကြပါနဲ့´

လူငယ်တယောက်အနေနဲ့ ကိုယ်ယုံကြည်တဲ့အတိုင်း မှန်တဲ့ဖက်ကနေ ရပ်တည်မယ်။ အမှားအယွင်းတွေကို ရဲရဲဝံ့ဝံ့ ထောက်ပြမယ်။ နိုင်ငံရေးအတွက် လုပ်စရာရှိတာတွေကို လုပ်သွားမယ်

ကျနော်ဟာ ဒီနိုင်ငံသားတယောက်ဖြစ်တဲ့ အတွက် ကြောင့် နိုင်ငံရဲ့ ရေးရာကိစ္စတွေကို စိတ်ဝင်စားပါတယ်။ ကျနော်တို့ နိုင်ငံမှာ လိုအပ်နေတဲ့ လိုအပ်နေတဲ့ လိုအပ်ချက်တွေ၊ ပြောင်းလဲသင့်တဲ့ အပြောင်းအလဲတွေ။ ဒါတွေကို ကျနော်တို့က ဝေဖန်ထောက်ပြတာပါ။ ဒါဟာ မိမိရဲ့ ဆန္ဒကို မိမိဖော်ထုတ်တာပါ။ ဒါကိုလည်း အပြစ်တခုလို့ မယူဆသလို။ ကျနော်ကို တရားမဝင် အဖွဲ့အစည်း ဖွဲ့စည်းမှု ပုဒ်မ (၆) နဲ့ တရားစွဲဆိုပါတယ်။ အခု အခြေခံဥပဒေမှာလည်း ပါပါတယ်။ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းပိုင်ခွင့် ရှိတယ်လို့။ အဲဒီအတွက်ကြောင့် ကျနော်တို့တတွေဟာ ဝါသနာတူရာ လူငယ် အစုအဖွဲ့ ဖွဲ့စည်းပြီး မိမိတို့ ယုံကြည်ရာကို မိမိတို့ ဖော်ထုတ်တဲ့အတွက်ကြောင့်မို့ ဒါကို အပြစ်တခုလို့ မယူဆ ပါဘူး။ ကျနော်ဟာ ကျနော့်ရဲ့ ယုံကြည်ချက်၊ ရပ်တည်ချက်ကို အများပြည်သူတွေ သိရှိလာအောင် ဖော်ထုတ် တာပဲ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရတဲ့ အကျဉ်းသားတဦး အနေနဲ့တော့ မိမိကိုယ်ကို မိမိ ခံယူပေမယ့် အပြစ်ရှိသူတယောက်အနေနဲ့တော့ မခံယူပါဘူး။

ကျနော်အနေနဲ့ Generation Wave ဆိုတဲ့ အဖွဲ့ကို ဘာကြောင့်မို့ ဖွဲ့စည်းရတယ်။ ဘယ်လိုလုပ်ရပ်တွေ လုပ်ချင်တဲ့အတွက်ကြောင့် ဒီအသင်းအဖွဲ့ကို ဖွဲ့စည်းတယ်။ နောက်တခုအနေနဲ့ ဆက်ပြောရရင် ဘယ်လိုလူစားမျိုးတွေနဲ့ ဒီအဖွဲ့ကို ဖွဲ့စည်းထားတယ်။ ဒါတွေအားလုံးကို ကျနော် ခြေခြေမြစ်မြစ် ရှင်းလင်းပြောပြခဲ့ပါတယ်။ ဒါပေမဲ့လည်း တရားစွဲဆိုသူကလည်း စွဲဆိုပြီး၊ အမိန့်ချမှတ်သူ ကလည်း အမိန့်ချဆိုတယ်။ ပြစ်မှုတခုခုကို ကျူးလွန်တယ်ဆိုတဲ့ပုံစံမျိုး သူတို့တတွေကို ထင်မြင်ယူဆတာကို။ မိမိရဲ့ ဆန္ဒကို မိမိလွတ်လွတ်လပ်လပ် ထုတ်ဖော်တယ်ဆိုတဲ့ အကြောင်းအရာ သူတို့တတွေ သေသေချာချာ နားမလည်ခဲ့ဘူး။ သဘောမပေါက်ဘူးလို့ ထင်ပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံမှာ နိုင်ငံရေးလုပ်တော့မယ်ဆိုရင် ထောင်ထဲကို ရောက်နိုင်ဖို့က အလွန်များပါတယ်။ ဒီလိုမျိုး ထောင်ထဲမှာ နှစ်ဘယ်ရွေ့ဘယ်မျှမှန်း မသိဘဲ အပိတ် အလှောင်ခံရမယ် ဆိုတဲ့အချက်ကို သိရှိနားလည်ပြီး ခံနိုင်ရည်ရှိမယ်လို့ မိမိကိုယ်ကိုမိမိ ယုံကြည်တဲ့ အခါကျမှ ကျနော် နိုင်ငံရေးကို လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီအတွက်ကြောင့်မို့ ကျနော်မှာ ဝမ်းနည်းမှုတော့ ဘာမှ မရှိခဲ့ပါ ဘူး။ ဒါပေမဲ့ ကျနော် စိတ်မကောင်းရှိခဲ့တာ တခုတော့ရှိပါတယ်။ ဒါဘာဖြစ်လို့လဲဆိုတော့ ကျနော်အနေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ မလုပ်နိုင်ခင်မှာ အထိန်းသိမ်းခံလိုက်ရလို့ပါပဲ။ ဒီတခုကိုပဲ ဝမ်းနည်းတယ်လို့ ပြောမယ်ဆိုရင် ပြောလို့ရပါတယ်။

ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေးလုပ်မယ်ဆိုရင် ရာခိုင်နှုန်းတော်တော်များများ အကျဉ်းထောင် တွေထဲကို ရောက်ရောက်သွားတာလည်း ဖြစ်နေကြတယ်။ ဒါပေမဲ့ ကျနော် ယုံကြည်တဲ့အချက်တချက်တော့ ရှိပါတယ်။ လူငယ်ဆိုတာ မတရားတာတွေ့ရင် ငုံ့မခံတတ်ပါဘူး။ မမှန်တာတွေ့ရင် လက်မခံတတ်ပါဘူး။ ဒီလို စိတ်ဓါတ်ကတော့ ဘယ်နိုင်ငံ၊ ဘယ်တိုင်းပြည်၊ ဘယ်အစိုးရ၊ ဘယ်လိုအာဏာရှင်မျိုး အုပ်ချုပ်နေပါစေ ဒါကတော့ မပြောင်းလဲတဲ့ လူငယ်စိတ်ဓါတ်လို့ ထင်ပါတယ်။ ဒီလူငယ်တွေရဲ့ စိတ်ဓါတ်ကို စစ်မှန်တဲ့ လမ်းကြောင်းပေါ် ရောက်သွားပြီး စစ်မှန်တဲ့ ဖော်ထုတ်မှုတွေ၊ ဖြစ်ပေါ်လာအောင် ကျနော်တို့က ကြိုးစားပေးရ မယ်လို့ ထင်ပါတယ်။

မေး။ ။ ကိုဇေယျာသော် အနေနဲ့ စုံစမ်းစစ်ဆေးရေးဌာနမှာလည်း ရိုက်နှက် နှိပ်စက်ခံရတယ်လို့ ကြားတယ်။ အဲဒီ အတွေ့ အကြုံလေးရော ပြောပြပေးပါလား။

ဖြေ။ ။ ကျနော်တို့ကို ပထမဦးဆုံး အနေနဲ့ အနီးဆုံး စခန်းဆိုပြီး ဗဟန်းစခန်းထဲကို အရင်သွားပါတယ်။ ဗဟန်း စခန်းထဲ ရောက်ပြီးတဲ့ အချိန်နောက်ပိုင်း မိုးချုပ်လာတဲ့ အချိန်ကျတော့ မျက်နှာကိုအဝတ်နဲ့စည်းပြီးတော့ ဘယ်မှန်းမသိတဲ့နေရာပေါ့ဗျာ။ အဲဒီနေရာကို ကားနဲ့ ခေါ်သွားပါတယ်။ သွားပြီးတော့ အဲဒီမှာ စစ်ကြောမေးမြန်းတဲ့အချိန် သွေးထွက်သံယိုဖြစ်တဲ့အထိ အကြမ်း ဖက်မေးမြန်းမှုတွေ ရှိခဲ့ပါတယ်။ ကျနော့်အနေနဲ့ ဒီစကားကိုပြောတာက အာဃာတ တခုအနေနဲ့ ပြောတာ မဟုတ်ပါဘူး။ ကျနော် လူပုဂ္ဂိုလ် တဦးတယောက်ကို မုန်းတီးလို့လည်း မဟုတ်ပါဘူး။ ကျနော် ဒီစကားကို ပြောရတာက မစစ်မှန်တဲ့ မှားယွင်းနေတဲ့ စနစ်တခုရဲ့အပြစ်ကိုပဲ ကျနော်ပြောတာပါ။ စနစ်ဆိုးရှိနေတဲ့အတွက် ဘက်၂ဘက် ဆိုတာ ဖြစ်သွားပါတယ်။ ကျနော်တို့က စနစ်ဆိုးကို တိုက်ဖျက်တဲ့ ဘက်ကို ရောက်နေတယ်။ ကျနော်တို့ကို စစ်ဆေးမေးမြန်းတဲ့ သူတွေကတော့ ဒီစနစ်ဆိုးကြီးကို ကာ ကွယ်တဲ့ဘက်ကို ရောက်နေတယ်။ အကယ်၍ ဒီစနစ်ဆိုးကြီးကို ဖျောက်ဖျက်နိုင်လိမ့်မယ်ဆိုရင် ဘက်ဆိုတာလည်း မရှိတော့ပါဘူး။ ဒါကြောင့်မို မှားယွင်းတဲ့ စနစ်ဆိုးကိုသာ ကျနော်ပြောခြင်းဖြစ်ပါတယ်။ အဃာတ တခုအနေနဲ့ မဟုတ်ဘူးဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်။

မေး။ ။ ကိုဇေယျာသော်အနေနဲ့ နိုင်ငံရေးမှုနဲ့ ထောင်ကျနေတဲ့ ရဲဘော်ရဲဘက် အနုပညာရှင်တွေ အတွက် ဘာပြောချင်လဲ။

ဖြေ။ ။ ကျနော့် အရှေ့မှာဆိုရင် ကိုဝင်းမော်ရှိပါတယ်။ ကိုဝင်းမော်ဆိုရင်လည်း ရှေ့မှာ ထောင်ဒဏ် ၇ နှစ် ကျခံပြီးသွားတဲ့ နောက် အခု ဒီတခေါက်ဆိုရင် ထောင်ဒဏ် ၁၄ နှစ် ကျခံနေရတာပါ။ နောက် အခြားအခြားသော အနုပညာရှင်တွေထဲက လည်းရှိပါသေးတယ်။ ဥပမာ ပြောရမယ်ဆိုရင် ကိုဇာဂနာကြီးဆိုရင်လည်း မဖြစ်သင့်တဲ့ ပုဒ်မနဲ့ မပေးသင့်တဲ့ ပြစ်ဒဏ်တွေကို ကျခံနေရတာပါ။ ဒါမျိုးတွေက ၂၁ ရာစုမှာ မရှိသင့်တော့ပါဘူး။ မိမိနဲ့ နိုင်ငံရေးခံယူချက်ခြင်းမတူတာနဲ့ အကျဉ်းထောင်ထဲမှာ ပိတ်လှောင်ထားမယ်ဆိုတာက ဒီခေတ်ကြီးထဲမှာ မလုပ်သင့်တော့ပါဘူး။ နိုင်ငံရေး အမြင်မတူတာတွေက ညှိနှိုင်း ဖြေရှင်းလို့ ရတာကြီးပါပဲ။ ဒါကို ညှိနှိုင်း ဖြေရှင်းခြင်းမလုပ်ဘဲနဲ့ ဒီလိုမျိုးပဲ ဖမ်းဆီး ဖြေရှင်းနေမယ်ဆိုရင်တော့ ကျနော်တို့ တိုင်းပြည်ရေရှည် လက္ခဏာ မကောင်းပါဘူး။

မေး။ ။ ကိုဇေယျာ်သော်အနေနဲ့ Rap သီချင်းတွေကတဆင့် Hip Hop သီချင်းတွေကနေတဆင့် အစိုးရကို လှောင်ပြောင် သရော်တဲ့ သီချင်းမျိုးတွေဆိုခဲ့တာရှိလား။

ဖြေ။ ။ ကျနော့်အနေနဲ့ကတော့ သီချင်းသီဆိုခဲ့တာမျိုးကတော့ မရှိပါဘူး။ သီဆိုချင်တဲ့သူကို သီဆိုခွင့်ရအောင် ဖန်တီးပေး တဲ့ နေရာမှာပဲ ကျနော် လုပ်ခဲ့တာပါ။ နောက်တခုအနေနဲ့ကလည်း အစိုးရကို လှောင်ပြောင် သရော်တာမျိုးမဟုတ်ပါဘူး။ မှားနေတဲ့ အရာတွေကို ဝေဖန်ထောက်ပြတဲ့အနေနဲ့ သီဆိုကြတာဖြစ်ပါတယ်။

မေး။ ။ အဲဒီလို သီချင်းမျိုးတွေကိုကျတော့ ကိုဇေယျာသော်အနေနဲ့ ဘယ်လိုမြင်လဲ။ အစိုးရကိုဆန့်ကျင်တဲ့သီချင်းအဖြစ် မြင် လား။ လွတ်လပ်စွာ ဖော်ထုတ်မှု တခုအနေနဲ့ မြင်လား။

ဖြေ။ ။ သီချင်းတင်မဟုတ်ပါဘူး။ လုပ်ရပ်တွေအားလုံးကို ခြုံပြီးပြောရမယ်ဆိုရင်တော့ ကျနော်တို့ အတွက် အမှန်တကယ် လိုအပ်နေတဲ့ အချက်တွေ အမှန်တကယ် ပြုပြင်သင့်တဲ့ အချက်တွေ ပြောင်းလဲသင့်တဲ့အချက်တွေ ဒါတွေကို ဝေဖန် ထောက်ပြ တယ် လို့ပဲ ကျနော် မြင်ပါတယ်။ ဒါဟာ မိမိရဲ့ ဆန္ဒ သဘောထားကို လွတ်လပ်စွာ ထုတ်ဖော်တာပါ။ ဝေဖန်ပုတ်ချခြင်း တခု တည်းနဲ့တော့ ကျနော်တို့ အလုပ်ဆက်လုပ်လို့မရပါဘူး။ မှားနေတဲ့ အရာတွေကို ထောက်ပြမယ်။ မှန်နေတဲ့ အရာ ဘာပါဆိုတာကို ကျနော်တို့ အနေနဲ့ ထပ်ပြီး တင်ပြနိုင်မယ်ဆိုရင်တော့ ပိုပြီးကောင်းလာမယ့် ပုံစံမျိုးလေးတွေ ဖြစ်လာနိုင်ပါတယ်။

လေးစားပါတယ်
written by thihamin, May 21, 2011
အရွယ်ငယ်သော်လည်း ထားရှိတဲ့ စိတ်ထားနဲ့ စိတ်ဓါတ်ကို မလေးစားဘဲ မနေနိုင်ပါဘူး။ ပြောဆို သုံးနှုန်းတာတွေက အစ လူငယ်တွေ အတုယူသင့်ပါတယ်။
ကိုယ့်ထက် အသက်ငယ်သော်လည်း လေးစားဂုဏ်ယူထိုက်တဲ့အတွက် .......
ကိုဇေယျာသော် လုပ်ဆောင်တဲ့ လုပ်ငန်းရပ်အားလုံး အောင်အောင်မြင်မြင်နဲ့ အဆင်ပြေချောမွေ့ပါစေလို့


လေးစားပါတယ်...
written by Mee Mee, May 24, 2011
ကို ဇေယျာသော် အဖြေကို အရမ်းသဘောကျပါတယ်။ ဖြေကြားပုံက တကယ်ပညာရှိတယောက်လို လိမ္မာ ပါးနပ်ပါတယ်။ အင်တာဗျူး သမားမေးသော မေးခွန်းများ သည် ဖြေကြားသူ မပါးနပ်ပါက တကယ် အန္တရာယ် ရှိနိုင်သော မေးခွန်းဖြစ်သော ကြောင့် အထူး ဆင်ခြင်သင့်ပါသည်။

လေးစားဂုဏ်ယူလျှက်..

အင်တာဗျူးသူမား အတွက်
written by ဧဏီမင်း, May 21, 2011
မေး။ ။ ကိုဇေယျာ်သော်အနေနဲ့ Rap သီချင်းတွေကတဆင့် Hip Hop သီချင်းတွေကနေတဆင့် အစိုးရကို လှောင်ပြောင် သရော်တဲ့ သီချင်းမျိုးတွေဆိုခဲ့တာရှိလား။

ဖြေ။ ။ ကျနော့်အနေနဲ့ကတော့ သီချင်းသီဆိုခဲ့တာမျိုးကတော့ မရှိပါဘူး။ သီဆိုချင်တဲ့သူကို သီဆိုခွင့်ရအောင် ဖန်တီးပေး တဲ့ နေရာမှာပဲ ကျနော် လုပ်ခဲ့တာပါ။ နောက်တခုအနေနဲ့ကလည်း အစိုးရကို လှောင်ပြောင် သရော်တာမျိုးမဟုတ်ပါဘူး။ မှားနေတဲ့ အရာတွေကို ဝေဖန်ထောက်ပြတဲ့အနေနဲ့ သီဆိုကြတာဖြစ်ပါတယ်။

ဒီအချက်လေး မေးထားတာ မကောင်းပေမဲ့..ဖြေလိုက်တာ သိပ်ကောင်းပြီး သိပ်လက်တွေ့ကြတယ်ဗျာ.. အင်တာဗျူးသူတွေ ဆင်ခြင်သင့်တယ်ထင်တယ်ဗျာ..သူတို့က ပြည်တွင်းမှာလေ၊ ဇောယျာသော်က ဦးနှောက်ရှိပြီး တကယ်စိတ်ထားတတ်သူမို့လို့သာပေါ့.. မေးတဲ့အတိုင်းသာ သိပ်မစဉ်းစားမိဘဲ ဖြေမိရင် ဘားတိုင်တောက် ထပ်ရောက်မှာ သေချာတယ်ဗျ...သတင်းသမားတွေ ဆင်ခြင်ဖို့ပါ.. အမှားပါရင် ခွင့်လွတ်ပါ..

စန်းထွန်း
‌မေ ၂၊ ၂၀၁၁။