Bronx Greenway...

၂၀၂၁ နိုဝင်ဘာ ၂၈ တနင်္ဂနွေနေ့ နယူးယောက်ပြည်နယ် Upstate ဖက်က Bronx River အတိုင်း ၈ မိုင်လမ်းလျှောက်ဖြစ်တယ်။ မနက် ၈ နာရီ ၅၀ ရထားနဲ့ ဂရမ်းစင်ထရယ်ဘူတာကနေ Wakefield ဘူတာအထိ တနာရီလောက် ရထားစီး။ ထရေးလမ်းက ဘူတာဘေးမှာပေမဲ့ ဟိုင်းဝေးလမ်းကို ဖြတ်ကျော်ဖောက်ထားတဲ့ ဂုံးကျော်တံတားအတိုင်းလျှောက်။ အောက်ကထရေးလမ်းကို မြင်ရပေမဲ့ ဆင်းဖို့လမ်းမရှိ ဂုံးကျော်တံတားဟိုဖက်ခြမ်း ရောက်တော့လည်း ဟိုင်းဝေးလမ်းမကြီးကို ကျော်ဖြတ်ပြီး ထရေးလမ်းကိုသွားဖို့ မဖြစ်နိုင်။ ဟိုင်းဝေးလမ်းမကြီးအတိုင်း လမ်းလျှောက်ပြီး ဒေသခံလို့ထင်တဲ့ အမျိုးသမီးတယောက်ကို မေးကြည့်တော့ ရှေ့ကိုဆက်သွားတဲ့။ သူပြောတာကို နားမလည် ဘူတာရုံကိုပြောနေတာထင်တယ်။ ကိုယ်တို့ရထားနဲ့ ဖြတ်ကျော်ခဲ့တဲ့ဘူတာရုံတခုရောက်တော့ ထရေးလမ်းကိုတွေ့တယ်။ ထရေးလမ်းကို လျှောက်ကြည့်လိုက်တော့ လူပြတ် သာယာမလှပတော့ ဆက်မလျှောက်တော့ဘဲ ကိုယ်တို့သွားမဲ့ Bronx ဖက်ကို လျှောက်ကြတယ်။ တချို့နေရာတွေက သာယာပေမဲ့ တော်တော်များများက အမှိုက်တွေနဲ့ ညစ်ပတ်တယ်။ ထရေးလမ်းမတွေ့လို့ တော်တော်ရှာဖွေရတယ်။ အဲ့ဒါကြောင့် ဒီထရေးလမ်းကို AllTrails Apps နဲ့ Google Maps မှာ မတွေ့တာကိုး။ Empire State Trail map မှာတွေ့ပေမဲ့ AllTrails နဲ့ GoogleMaps မှာ မတွေ့ရင် မသွားသင့်ဘူးဆိုတဲ့ သင်ခန်းစာတခုရတယ်။ Bronx နဲ့နီးလာလေ လူနေအိမ်ခြေအဆောက်အဥ◌ီးများပြီး သစ်ပင်နည်းလေ။ တနေရာမှာတော့ ထရေးဆက်လမ်းကို တော်တော်ရှာဖွေရတယ်။ ရာသီဥတုကအေး ထရေးလမ်းရှာရတာ ပင်ပန်းလွန်းလို့ ကိုယ်တို့ကြိုက်တဲ့ ဂျပန်ပဲစေ့တောင် မစားနိုင် ကိုယ့်ပုံတောင် မရိုက်ဖြစ်ဘူး။ ထရေးလမ်းက မသာယာမလှပ တော်တော်လေး ရှာရခက်။ ဆင်းရဲတဲ့ရပ်ကွက် Bronx ဆိုတာနဲ့လန့်နေတာ။ လုံခြုံမှုရှိတယ်လို့မခံစားရလို့ နားတောင်သိပ်မနားဘူး။ Old Croton Aqueduct တော်တော်ထရေးလမ်းကို ရှာရခက်လှပြီ ထင်နေတာ ဒီထရေးလမ်းက ပိုဆိုးတယ်။ OTC ကမှ သာယာလှပသေးတယ် ဒီထရေးလမ်းက ညစ်ပတ်စုတ်ပြတ် သစ်ပင်လည်း တော်တော်နည်းတယ်။ နောက်ဆို ဘယ်တော့ဘယ်တော့မှ ပြန်မလာမဲ့ထရေးလမ်း။ Whitlock ဘူတာကနေ ၆ ရထားစီးပြီး ဂရမ်းစင်ထရယ်ဘူတာဆီသွားတယ်။ Byrant Park ဘူတာကို လမ်းလျှောက်ပြီး F,M ရထားစီးတော့ metro card က expire တဲ့။ မနက်ကမှ စီးတာကို ဘယ်နှယ့် expire ဖြစ်ရတာတုန်း။ ticket booth က ဝန်ထမ်းကို သွားပြောတော့ ရထားကဒ်နောက်ဖက်က expiry date က နောက်နှစ်မှ။ ရထားကဒ်ထည့်ပြီး claim ဖို့ စာအိတ်ပေးလိုက်တယ်။ ၂၄ ရက်နေ့ကမှ ကဒ်ဖြည့်ပြီး ၂ ခါပဲစီးရသေးတယ်။ ဘယ်ဘူတာမှာ ဘယ်နေ့ဘယ်ရက် ဘယ်အချိန်စီးတယ် ပိုက်ဆံဘယ်လောက်ကျန်သေးတယ်လို့ ရေးလိုက်တယ်။ ရထားကဒ်နံပါတ်နဲ့ စာအိတ်ထည့်တဲ့နေ့ မှတ်ထားတယ်။ ဆယ်ရက်လောက်ကြာတော့ MTA ကနေ မတ်ထရိုကဒ်အသစ် ပို့ပေးတယ်။ ဖြစ်တတ်ပါတယ် အလုပ်ပိုရှုပ်တာပေါ့လေ။

Happy Hiking!
စန်းထွန်း
ဇန်နဝါရီ ၃၀၊ ၂၀၂၂။

တူတော်မောင် - ၃

တူတော်မောင်က ပုံဆွဲတော်တယ်။ အရင်တုန်းက အားရင်ပုံဆွဲပေမဲ့ ခုတော့ ဂိမ်းဆော့ဖို့ အားသန်နေလို့ ပုံသိပ်မဆွဲတော့ဘူး။ တပတ်တခါလောက်တော့ဆွဲပါ သိပ်လှတာပဲ သိပ်ကြိုက်တာပဲ။ အရောင်စပ်ထားတာလေးတွေ သိပ်မိုက်တယ်။ ပုံဆွဲဖို့အိုင်ဒီယာကို ဂူဂယ်ကနေ ရှာပါသတဲ့။ အယ်ဖာဂျန်နရေးရှင်းဆိုတော့ အင်တာနက်ကောင်းကောင်း သုံးတတ်တယ်။ ပုံဆွဲရင် အာရုံစူးစိုက်ရတော့ ညဏ်ကောင်းတယ် ညဏ်ကောင်းချင်ရင် ပုံဆွဲနော်။ သူ့အမေက သူ့ကိုပုံဆွဲခိုင်းရင် သူ့အမေကိုပါ ဆွဲခိုင်းတာတဲ။ ကြီးကြီးကို ခိုင်းစရာရှိတယ် သူ့ဂိမ်းဗွီဒီယိုတွေကို ကြီးကြီးယူကျူမှာ တင်ခိုင်းရမယ်တဲ့။ ခိုင်းတတ်တာကတော့ သူ့အဘိုး ကိုယ့်အဖေအတိုင်းပဲ။ ကြီးကြီးက အသက် ၈၀ လောက်နေမှာဆိုတော့ နည်းနည်းတော့ များတာပေါ့တဲ့။ ဟဲ့ နင့်အဖီးတွေဆို your great grandfathers အသက် ၈၀ ကျော်တွေ။ တီချယ်စုသင်တန်းကို မပျော်သေးဘူးတဲ့ သားအင်္ဂလိပ်လိုသိလို့ပဲ ဂူဂယ်မှာရှာလို့ရ ဂိမ်းဆော့လို့ရတာလေ။ မြန်မာလိုရှာလို့မှ မရတာ အင်္ဂလိပ်စကားပြောမှ ကမ္ဘာပတ်လို့ရမှာ အင်္ဂလိပ်စာက သိပ်အသုံးဝင်ဝယ်လေလို့ အသေအချာရှင်းပြတော့မှ နားလည်လက်ခံ သဘောပေါက်သွားတဲ့ပုံပဲ။ လေသံတွေမာနေလို့ မကြိုက်ဘူးနော် သားကိုလေသံမာမာနဲ့ပြောရင် ကြိုက်သလားမေးတော့ မကြိုက်ဘူးတဲ့။ ဘိုဘိုမျက်လုံးလေးက ကြောက်နေတဲ့ပုံပေါက်အောင် ဆွဲတတ်တယ်ဆိုပြီး ရှာကြံချစ်နေရတယ်။ တူတော်မောင် လက်ရာလေးတွေ အမှတ်တရတင်လိုက်ပါတယ်။

စန်းထွန်း
ဇန်နဝါရီ ၂၂၊ ၂၀၂၂။

တူတော်မောင် - ၂

တူတော်မောင် ဖုန်းသန့်ခေါင် (ခေါ်) အဲလက်စ်က တီချယ်စုသင်တန်းမှာ တက်နေတာ ၂ နှစ်ရှိပြီ။ မနှစ်က Starter အတန်းမှာ Speaking Project ရှိပေမဲ့ တခါမှမပါဘူး။ ဒီနှစ်တော့ Mover33 အတန်းရဲ့ Speaking Project မှာ ပထမဆုံးပါတာနဲ့ ဆုရတော့တာပဲ။ တူတော်မောင်က အင်္ဂလိပ်လိုတော်တော် နားလည်တယ်။ ဆရာမပြောတာ အကုန်နားလည်ပေမဲ့ အပြောမသွက်၊ နားမထောင် သူချည်းပြောနေလို့ အပြောနဲ့နားထောင်တာမှာ အမှတ်လျော့တယ်။ ကျောင်းတောင်မတက်ရသေးဘူး တော်တော်တတ်နေပြီ ကိုယ်တွေအထက်တန်း နီးပါးလောက်တတ်တယ်။ ကြီးတော်တွေက ဘိုလိုမှုတ်၊ တီဗွီ၊ ယူကျူ၊ ဂိမ်းမှာလည်းသင်။ Speaking Project မှာပါဖို့ အမေတွေက တော်တော်လုပ်ပေးရတာပဲ။ စာကိုအလွတ်ကျက်ပြီး ရွတ်သလိုဖြစ်နေပေမဲ့ ပထမဆုံးပရောဂျက်မှာ ဆုရတယ်ဆိုတော့ တော်ပါပေတယ်။ သူ့ကိုကြည့်ရင်း ပြုံးနေမိတော့တာ။ ၂ နာရီ မနားတမ်းတရစပ်ပြောနိုင်တဲ့ကလေး။ မကြီးက သူပျော်ပါစေဆိုပြီး ယူကျူမှာအမှတ်တရ တင်ပေးထားတယ်။ ကြီးကြီးယူကျူချန်နယ်ကို like & subscribe လုပ်ပေးပါလားပြောတော့ ဒင်းကလေးက သူကကြိုက်မှ like & subscribe လုပ်မှာတဲ့။ ကိုယ့်ကြီးကြီးပေမဲ့ မကြိုက်ရင် like & subscribe မလုပ်နိုင်ဘူးဆိုတဲ့သဘော။ ဟိုတနေ့ကလည်း ဖုန်းချချင်ရင် မျက်နှာလေးလာပြဆိုတာကို လာမပြနိုင်ဘူး ကြီးကြီးက ဘာလို့ သားပြောတာကို နားမထောင်ရတာလဲတဲ့။ ကြီးတော်ကြီးစကားတွေကို ပြန်အသုံးချနေတာ။ သူ့ကို စမ်းနဲ့မပြောပါနဲ့ မကြိုက်ဘူးတဲ့။ ခုခေတ်ကလေးတွေက ဘာမကြိုက်မှန်း သူတို့လိုချင်တာ ဖြစ်ချင်တာကို အသေအချာသိတယ်။ ကိုင်း တူတော်မောင်ရဲ့ My Dream House ကို ကြည့်လိုက်ရအောင်။

စန်းထွန်း
ဇန်နဝါရီ ၁၈၊ ၂၀၂၂။


 

တူတော်မောင် - ၁

ကိုယ်တို့မွေးနေ့တိုင်း တူတော်မောင်က မွေးနေ့ကဒ် ဆွဲပေးတယ်။ သူ့အချစ်ဆုံးကြီးကြီး မကြီးမွေးနေ့ကျတော့ မွေးနေ့ကိတ်ပါ ဆွဲပေးတယ်။ ကြီးကြီးက ချောကလက်ကြိုက်လို့ ချောက်ကလက်ကိတ် ဆွဲပေးထားတယ်။ ကြီးကြီးက အချိုမကြိုက်လို့ အချိုလျော့ထားတယ်တဲ့။ ဘာလို့ဖုန်းမခေါ်တာလဲမေးတော့ ဘီးစီးနေလို့တဲ့။ တနေ့တာ ဘာတွေလုပ်လဲလို့မေးရင် ဘယ်အချိန်မှာ အိပ်ယာထတယ်၊ မုန့်စားတယ်၊ စာသင်တယ်၊ တီဗွီကြည့်တယ်၊ နေ့လည်စာစားတယ်၊ ဆော့တယ်၊ ရုပ်ရှင်ကြည့်တယ်၊ တီဗွီကြည့်တယ်၊ အိပ်တယ်နဲ့ တနေ့တာလုံး အချိန်စာရင်းအပြည့်ပဲ။ ကလေးလဲ ကလေးအလျောက် ဘီးစီးတယ်။ ကြီးကြီးခင်စန်းနဲ့ ကြီးကြီးစန်းထွန်း ဘယ်လိုတော်စပ်လဲ၊ သားနဲ့ဘယ်လိုတော်စပ်လဲ၊ ဘိုးဘိုးနဲ့သားနဲ့ ဘယ်လိုတော်စပ်လဲမေးတော့ ဖြေနိုင်တယ်။ ဘိုးဘိုးနဲ့ကြီးကြီးတို့နဲ့ ဘယ်လိုတော်စပ်လဲမေးတော့ မသိဘူးတဲ့။ ပြောပြလိုက်တော့ “‌ဪ သားဘိုးဘိုးက ကြီးကြီးတို့ဖေဖေကိုးတဲ့” ရယ်လိုက်ရတာ။ မကြီးက တူတော်မောင်အရွယ် စလုံးအသိကလေးကို သူ့အမေနဲ့သူ့အဘိုး ဘယ်လိုတော်စပ်လဲ မေးကြည့်တော့ မသိဘူး။ အဘိုးတော်တယ်ဆိုတာသာသိတာ အမေနဲ့အဘိုး ဘယ်လိုတော်စပ်မှန်း မပြောပြလို့ မသိဘူး။ ကိုဗစ်အကြောင်းပြောကြတော့ အနံ့ပျောက်တိုင်း မသေပါဘူးကြီးကြီးရဲ့ အိမ်မှာနေရင် ကောင်းသွားမှာပါ။ မကြီးက ဘိုးဘိုးဘွားဘွားတို့ကို အရမ်းစိတ်ပူတယ်လို့ပြောတော့ ဘိုးဘိုးတို့ကို သိပ်စိတ်မပူပါနဲ့ သူတို့လည်း သိပါတယ်တဲ့။ သူ့အိမ်ကအဘွားသူငယ်ချင်း ကိုဗစ်နဲ့ဆုံးတာလည်းသိတယ်။ အိမ်ကလူတွေပြောသမျှ အကုန်မှတ်ထားပြီး ပြန်ပြောတာ။ ဘိုးဘိုးနဲ့ကျတော့ တညပဲ အိပ်တယ် ဘေးအိမ်က မွေးစားအဖေကြီးဆီကျတော့ နှစ်ရက်အိပ်တယ်။ အဲ့ဒါကောင်းသလား ဘိုးဘိုးကတော့ သူ့မြေးလေးကို ချစ်လိုက်ရတာ။ အိမ်စာတွေ လုပ်စရာရှိလို့ ပြန်ရတာပါတဲ့။ သူ့အမေက နေ့ချင်းပြန်ဖို့ စီစဥ◌်ထားပေမဲ့ သူကဘိုးဘိုးနဲ့ တညအိပ်မယ်တဲ့။ ညကျတော့ အဘိုးနဲ့အိပ်မယ်ထင်တာ အဘွားနဲ့အိပ်တယ်။ မေးကြည့်တော့ အဘွားအိပ်တဲ့နေရာက အဲယားကွန်းပိုအေးလို့တဲ့။ ဒီတခါတော့ သူ့အမေပြန်သွားလို့ အဘွားက ရေချိုးသနပ်ခါးလိမ်း‌ ထမင်းကျွှေးရလို့ သူ့အကြောင်းပိုသိသွားတယ်။  အမေက နင်တို့အဖေ သူ့အဘိုးနဲ့ အတော်တူတာပဲတဲ့ သိချင်တတ်ချင် စပ်စုစိန် သူသိသူတတ် ဆရာကြီး ကြွားစိန် မနိုင်စိန်။ သူ့ကို ပုံပြောပြတာကို ကြိုက်တယ်။ ကိုယ်တွေမှာလည်း သူကြိုက်မဲ့ပုံပြင်လေးတွေ ရှာဖွေပြီးပြောပြရတယ်။ Lion King အကြောင်းပြောပြတော့  စိတ်ဝင်စားတယ် မေးလိုက်တဲ့မေးခွန်းဆိုတာ ချာချာလည် ခေါင်းမူးသွားတယ်။ ကြီးကြီးတို့က သားကိုတော်လိုက်တာလို့ အမြဲပြောပြီး သားကျတော့ ကြီးကြီးတို့ကို တော်လိုက်တာလို့လည်း မပြောဘူးဆိုတော့ ကြီးကြီးစန်းထွန်းက ပုံပြောတာ နည်းနည်းတော်တယ်တဲ့။ ကိုရီးယားမှာ တိုက်ပြိုကျတာကို တအံ့တ◌ြသ ကိုယ်တွေကို ပြောပြတယ် ဂူဂယ်မှာ ဘယ်လိုရှာရိုက်ရမယ်ဆိုတာ ပြောပြတယ်။ ဖလော်ရီဒါမှာ ကွန်ဒိုပြိုကျတာ ပြောပြတော့ စိတ်မဝင်စားဘူး။ တိုက်တွေ၊ နှင်းတောင်တွေ ပြိုကျတဲ့အခါ အသက်ရှင်ကျန်နေတဲ့သူတွေ အနံ့ခံခွေးတွေနဲ့ ရှာဖွေတဲ့အကြောင်းပြောပြတော့ စိတ်ဝင်စားတယ်။ အကြိုက်ဆုံးသီချင်းက London Bridge Is Falling Down တဲ့။ တိုင်တန်းနစ်လည်း နည်းနည်းဆိုတတ်တယ် ဝါးချတာခပ်များများ။ စလုံးကနေ မကြီးပို့လိုက်တဲ့ မော်နီတာရောက်တော့ ဗွီဒီယိုကောခေါ်ပြီး ကိုယ့်ကိုကြွားတယ်။ ဘယ်ရမလဲ ကိုယ့်ရုံးကကွန်ပျူတာတွေကို ပြန်ကြွားလိုက်တော့ ဟယ် ... သုံးလုံးတောင် သူ့ကိုတလုံးပို့ပေးပါလား ဂိမ်းဆော့ဖို့တဲ့။ အဲ့ဒီလို ကြွားစိန်တွေ မနိုင်စိန်တွေပါဆို။


အမှတ် ၁၂မှတ် လျော့တယ်တဲ့။ မဆိုးပါဘူး နောက်တခါ အမှတ်ပြည့်ရအောင်လုပ်နော်လို့ ပြန်အားပေးရတယ်။ ကိုယ်တွေငယ်ငယ်တုန်းက အမှတ်လျော့ရင် အိမ်ကဆူတာ ခုခေတ်ကျတော့ပြောင်းပြန် ဆူဖို့နေနေသာသာ သူ့ကိုချော့နေရတယ်။ အဘိုးအဘွားရန်ကုန်ရောက်နေတုန်း လာအိပ်တော့ နှစ်ညအိပ်မယ်တဲ့။ အိပ်ပျော်လားမေးတော့ အိပ်မပျော်ဘူးကြီးကြီးရေ ဆူညံလို့ မနက် ၂ နာရီကတည်းကနှိုးတယ်။ ဒီပုံအတိုင်းဆို မဖြစ်ဘူးဆိုပြီး တညပဲအိပ်ပြီးပြန်သွားလို့ ကိုယ်တွေမှာ ရယ်လိုက်ရတာ။ လှိုင်တိုက်ခန်းက ဘုရင့်နောင်လမ်းမကြီးနဲ့ကပ်လျက်ဆိုတော့ သိပ်ဆူတာ။ ညဖက် သစ်လုံးကားတွေသွားရင် မြေကြီးသိမ့်သိမ့်တုန်တယ်။ ကလေးပဲ အိပ်ပါတော့လား ဒီကောင် ၇ နှစ်နဲ့ အိပ်မပျော်ဘူးတဲ့ အသက် ၃၀ လောက်ဆို ကြက်အိပ်ကြက်နိုး နေတော့မယ်ထင်တယ်။ သူတို့အင်္ဂလိပ်ကျောင်းက ကျောင်းဆင်းပွဲ ဇန်နဝါရီ ၄ ရက်နေ့မှာ ကျင်းပမယ်။ ဟယ်ရီပေါ်တာဝတ်စုံဝတ်ရမှာဆိုတော့ သူကမတက်ချင်ဘူးတဲ့။ သူကဘိုဝတ်စုံပဲဝတ်ချင်တာ ဟယ်ရီပေါ်တာပုဝါခြုံလိုက်ရင် ရှိုးပျက်လို့တဲ့။ ဘာလို့မတက်ချင်တာလဲမေးတော့ ပိုက်ဆံကုန်မှာစိုးလို့တဲ့။ ကြီးတော်တွေက မရဘူးတက်ရမယ် ကျောင်းဆင်းပွဲဆိုတာ လူတိုင်းတက်ရတာမဟုတ်ဘူး။ သားတို့နားကကျောင်မှာ မရှိဘူး၊ သားမေမေကျောင်းမှာလည်း မရှိဘူး သားတို့ကျောင်းက စပါရှယ်မို့လို့ တက်ရတာလို့ပြောမှရတယ်။ ကျောင်းဆင်းပွဲမှာ ပျော်လားမေးတော့ ပျော်ပါတယ် ဆူညံနေတာပဲတဲ့ သူကဆူညံတာ မကြိုက်ဘူးတဲ့။ သူငယ်ချင်းဝေပို့ပေးတဲ့ ဓာတ်ပုံထဲမှာ ကလေးတွေက ဗြောင်းဗြောင်းဆန် ပျော်နေသလောက် သူကသိပ်မပျော်သလိုပဲ။ မနက် ၉ နာရီခွဲပွဲကို ၇ နာရီခွဲကတည်းက ထွက်ရတယ်။ ဟိုတယ်ကကျွှေးတဲ့မုန့်တွေမကောင်းလို့ KFC ဝယ်စားရတယ်တဲ့။ မကြီးက လုပ်လိုက်စမ်းပါပြောလို့ အဲ့ဒီစမ်းဆိုတဲ့စကားလုံးနဲ့ မပြောပါနဲ့ စမ်းဆိုတာကြီးကို သိပ်မုန်းတာပဲတဲ့။ ဆောရီးပါ နောက်စမ်းလို့မပြောဘူးလို့ တောင်းပန်ရတယ်။ ကြီးကြီးဆံပင်တွေ ဖြူနေပြီလို့ပြောတော့ ကြီးကြီးရေ အသက်မကြီးနဲ့နော် အသက်ကြီးတဲ့သူတွေကို သိပ်မုန်းတာပဲဆိုလို့ ရယ်လိုက်ရတာ။ အတူနေသူ့အဘွားကို မုန်းတယ်ထင်တယ်။ မကြီးသူငယ်ချင်းက ကလေးတွေက သူတို့ချစ်တဲ့သူတွေကို အသက်မကြီးစေချင်ဘူး ရုပ်မဆိုးစေချင်ဘူးတဲ့။ ဟေ့ ကြီးကြီးတို့က လှလှလေးနေမှာ ever young။ ကြီးကြီးသုံးယောက်ထဲ ဘယ်သူ့ကိုပိုချစ်လဲမေးတော့ အတူတူပဲချစ်တယ်တဲ့။ နည်းနည်းလေး ပိုတဲ့သူမရှိဘူးလားမေးတော့ ကြီးကြီးခင်စန်းကို အချစ်ဆုံးတဲ့။ ဘာဖြစ်လို့ပိုချစ်တာလဲမေးတော့ အရုပ်တွေပေးလို့ထင်တယ်တဲ့။ သူဆော့တဲ့ဂိမ်းတွေအကြောင်းပြောတာ ၂ နာရီ တရစပ်မရပ်မနား စကားများကြီးတော်နှစ်ယောက် သ◌ြချရတယ်။ ကိုယ်ယာထနောက်ကျလို့ သူတို့ဖုန်းပြောတာကို နောက်ကျမှရောက်လာရင် ကြီးကြီးက ဘာလို့နောက်ကျရတာလဲ နောက်တခါနောက်မကျစေနဲ့တဲ့။ သူနဲ့စကားပြောနေတုန်း မြေအောက်ထဲရောက်လို့ ပျောက်သွားပြီးမှ ပြန်ပေါ်လာရင် ကြီးကြီးကလဲ ဘာလို့ပျောက်သွားတာလဲ။ သားကိုပြောထားသားပဲ ကြီးကြီးက မြေအောက်ထဲမှာ အင်တာနက်ရရင်ပေါ်လာပြီး မရရင်ပျောက်သွားတာပေါ့။ ခုခေတ်ကလေးတွေ နင်ကလေးပဲဆိုပြီး ပြောလို့မရဘူး ကိုယ်တွေကိုဆရာပြန်လုပ်နေတာ အကျိုးအကြောင်း နားလည်သဘောပေါက်အောင် ရှင်းပြမှလက်ခံတာ။ ကြီးကြီးရဲ့ ယူကျူ့ချန်နယ်ကို Like Subscribe လုပ်ပေးပါလို့ပြောတော့ သားကကြိုက်မှ လိုက်အန်ဆပ်ခခိုက်လုပ်မှာတဲ့။ ဂိမ်းတင်ဆက်နေတဲ့ ယူကျူဘာကြီးရဲ့ အသံဖိုင်နားထောင်ပြီး ကိုယ့်တူဆိုတော့ ရှာကြံချစ်နေရတာပါပဲ။

စန်းထွန်း
ဇန်နဝါရီ ၈၊ ၂၀၂၂။

Bronx River Pathway - 2 …

 ၂၀၂၁ နိုဝင်ဘာ ၂၁ တနင်္ဂနွေနေ့ နယူးယောက်ပြည်နယ် Upstate ဖက်က Bronx River Pathway ထရေးလမ်းမအတိုင်း ဒုတိယပိုင်းအဖြစ် Hartsdale ကနေ Kensico Reservior အထိ ၉ မိုင် လမ်းလျှောက်ဖြစ်တယ်။ အင်မတန်လှတယ် ဝိုင်း ဓာတ်ပုံဆရာ မြင်သမျှရိုက်တယ် သူ့ဘာသာရိုက်ပြီး သူ့ဘာသာ သဘောကျ။ ကိုယ်က လမ်းကြောင်းမှန်မမှန် ဂူဂယ်မတ်မှာရှာ စကားတွေပြော ဝိုင်းကနားထောင်သမား။ စကားပြောလိုက် မောရင်နားလိုက် မုန့်စားလိုက်နဲ့ ဟိုက်ကင်းထွက်နေရရင်ကို ပျော်နေတာ။ ထရေးလမ်းအသစ် ဟိုက်ကင်းထွက်ရင် ရှာဖွေရ စူးစမ်းရနဲ့ အမြဲတမ်းတက်ကြွလန်းဆန်းနေတယ်။ ခရစ်စမတ်မတိုင်ခင်ကနေ နယူးရီးယားအထိ ခွင့် ၂ ပတ်ယူပေမဲ့လည်း တိုးဂိုက်၊ ဗော်လန်တီယာအလုပ်နဲ့ ဘီးစီး။ ပို့စ်အသစ်တွေလည်း မတင်နိုင် ခုရုံးတက်မှပဲ နားရတော့တယ် ဟမ်…။  ဓာတ်ပုံတွေကတော့ လာမယ် ကြာမယ် ခင်ည။


Happy Hiking!
စန်းထွန်း
ဇန်နဝါရီ ၃၊ ၂၀၂၂။