တူတော့ ပိုချစ်ရတာပေါ့ …

တူတော်မောင်ဟာ တစ်နှစ်အတွင်း အရပ်ရှည်ထွက်လာပြီး မျက်စိရှေ့တင် ကြီးလာလိုက်တာ။ မနှစ်ကတွေ့တုန်းက တကယ့်ကလေး အခုတော့ ကလေးကြီးဖြစ်နေပြီ တော်တော်ပြောင်းသွားတယ်။ တနေ့ခြား မကြီးနဲ့ တနာရီကျော် ဖုန်းပြောကြတော့ မကြီးဆီကနေ သူ့အကြောင်းတွေ သိရတယ်။ မျက်နှာခွက်တက်တက် အမြဲပြုံးသလိုဖြစ်နေတဲ့ပါးစပ် မျက်နှာလေးထောင့် ဆရာကြီးလေသံက သူ့အမေ။ လက်ခြေထောက် မျက်လုံး ခန္ဓာကိုယ်က မောင်မောင်။ သိချင်တတ်ချင် စပ်စုတာက သူ့အဘိုးအဘွား ကိုယ့်အဖေ၊ အမေနဲ့တူတယ်။ အကောင်းကြိုက်တာ အစားကြီးတာကတော့ သူ့အဖေ။ ပုံဆွဲတော်တာ ပစိပစာများ လျှာရှည်တာ မကြီး။ စကားများတာက ကိုယ်တို့ဖက်နဲ့တူတယ်။ ကိုယ်တို့ကို အမျိုးမှန်းသိတယ် ကိုယ်တို့ချစ်တာလည်း သိတယ်။ gene မျိုးရိုးဗီဇဆိုတာ ကြောက်စရာ ၆၀ ရာခိုင်နှုန်း ကိုယ်တို့ဖက်ကိုတူတယ်။ blood is thicker than water ဆိုတာ အမှန်ပဲ။ မြင်ရစကားပြောနေရ ဖတဆိုးလေးဆိုတော့ ပိုချစ်ရတယ်သူကလည်း ချစ်ဖို့ကောင်းတယ်။ သူ့ကြီးတော်သူငယ်ချင်း ပန်းချီဆရာက လာသင်ပြပေးလို့ လက်ရည်တက်လာတယ်။ တနေ့တနေ့ သူ့မှာ ကြီးကြီးတွေအတွက် ပုံဆွဲပေးရတာနဲ့ အားကိုမအားဘူးတဲ့။ ကြီးကြီးတွေကလည်း ပို့ပေးတာ ကြိုက်တယ် ကျေးဇူးတင်တယ်နော် သားသား တော်တယ်လို့ပြောလို့ သဘောတွေကျ။ ကြီးကြီးကြိုက်မယ်ဆိုတာ သားသားသိတယ်တဲ့။ သားသူငယ်ချင်းတွေထဲမှာ ဘယ်သူပုံဆွဲတတ်လဲမေးတော့ ဘယ်သူမှမတတ်ဘူး သားတယောက်တည်း တတ်တာတဲ့။ ကြီးကြီးတွေ့ဖူးသမျှ ကလေးတွေထဲမှာ သားသားအတော်ဆုံးပဲ ဘယ်သူနဲ့တူလို့ တော်တာလဲ။ ကြီးကြီးနဲ့တူလို့ သားသားက ကြီးကြီးထက်တော်တယ်တဲ့ မနိုင်တော့ဘူး။ မြှောက်ပေးတဲ့ ကြီးတော်တွေနဲ့ မြှောက်တတ်တဲ့ တူတော်မောင်နဲ့ လိုက်လည်းလိုက်ပါပေတယ်။ ဒီလိုပုံလေးဆွဲပေးပါလားလို့ပြောရင် ကြီးကြီး ဒါပဲရမယ် ထပ်မဆွဲပေးနိုင်ဘူး မပို့ပေးဘူးတဲ့ နိုးဆို နိုး…နိုး…နိုး…နိုး…နိုး ပဲ။ သူချစ်တဲ့ကြီးကြီးဆိုပြီး ထပ်ဆွဲပေးမယ် ထပ်ပို့ပေးမယ် မထင်နဲ့။ အားမနာတတ်တာကတော့ ကိုယ်နဲ့တူတယ်တဲ့။ ကြီးကြီးကို ဖုန်းမခေါ်ဘဲနေလိုက်မှာလို့ ခြိမ်းခြောက်သေးတယ်။ မကြီးနဲ့စကားပြေရင် ချွှဲပြီးစကားမပီတော့ဘူး။ စကားက ကိုယ်တွေထက်များတယ်။ ခဲအိုက ဘယ်လုပ်နေလဲမေးရင် ပုံဆွဲနေတတ်လေ ဘဘရဲ့ ဘဘရော လာလုပ်နေတာလဲနဲ့ တခွန်းမေးရင် ငါးခွန်းလောက် ပြန်ပြောတယ်။ သူနဲ့စကားပြောရင် သူစကားကို နားထောင်ရတာကများများ မနည်းလုပြောရတယ်။ လန်ဒန်တံတားကိုလည်း အရမ်းသဘောကျ သူ‌ဆောက်တာဆိုပဲ။ ရောက်ဖူးချင်တယ်တဲ့ နောက်နှစ် လန်ဒန်၊ ပြင်သစ်၊ အီတလီ၊ ဆွဇ်ဇာလန်သွားရင် လိုက်မလား၊ စတိတ်ကိုလာလည်မလားလို့ ကိုယ်ကမေးတော့ သားသားက ဘယ်မှမသွားဘူး အိမ်မှာပဲနေမှာတဲ့။ ကိုအိမ်ခင် သူ့အမေလို အိမ်ခေါင်းထဲကနေ မထွက်ချင်ဘူး။ အမေကို အရမ်းချစ်တာတော့ သူ့အမေနဲ့တူတာ။ ကိုယ်တို့မောင်နှမတွေက အမေမကပ်ဘူး တနေကုန်အပြင်မှာ ဆော့ကြတာ ထမင်းစားဖို့၊ အိပ်ဖို့ မနည်းခေါ်ရတယ်။ အခု ကြီးလာတော့မှ အမေကပ်ကြတယ်။ မကြီးကိုတော့ ကြီးကြီးစန်းထွန်းက သားသားကို လန်ဒန်လိုက်ဖို့ ခေါ်တယ်တဲ့။ အယ်မလေး  မခေါ်ပါဘူးတော် လိုက်မလားလို့မေးတာပါ။ လန်ဒန်မလိုက် စတိတ်ကိုမလာရင် ကြီးကြီးသက်သာတာပေါ့ သားသားရယ်လို့ပြောပြီး ကိုယ်တို့ညီအစ်မတွေ ရယ်ရသေးတယ်။ လန်ဒန်ကို ဘယ်သူတွေနဲ့ သွားမှာလဲမေးတော့ ဘိုးဘိုး၊ ဘွားဘွား၊ ကြီးကြီးခင်စန်း၊ ကြီးကြီးစန်းထွန်းတဲ့။ သားသားမေမေ မပါဘူးလား မေးတော့ သူက ဘယ်မှမသွားနိုင်ဘူး လိုက်လို့မရဘူးတဲ့။ အရင်တခေါက် အဘိုးအိမ်လာတုန်းက ညဖက် အိမ်ပြန်ချင်တယ်လို့ ပြောတယ်။ ဒီတခေါက်တော့ ကြီးလာလို့လား မသိဘူး အိမ်ပြန်ချင်တယ်လို့ မပြောတော့ဘူး အမေနဲ့ခွဲအိပ်လို့ မရသေးဘူး။

ရပ်ဆွေရပ်မျိုး အသိတယောက်ကလေး မောင်ကြည်အောင် ၄ နှစ်သားကလေး ကိုယ်တို့အိမ်လာရင် ကိုယ်တို့နဲ့မအိပ်ဘူး တယောက်တည်းအိပ်တယ် အာဂကလေး။ ကိုယ်နဲ့နည်းနည်းစိမ်းတယ် မကြီးက ကြီးကြီးစန်းထွန်းက သားသားကို အရမ်းချစ်တာလို့ အမြဲပြောပေးတယ်။ ကျောင်းတက်ရင် ကျူရှင်၊ သူငယ်ချင်းတွေနဲ့ ဆော့တော့မှာ ကိုယ်တို့ကို သတိရတော့မှာ မဟုတ်ဘူး။ သူ စကားပြောချင်ရင် ခေါ်ပါလို့ မကြီးကို ပြောထားတော့ သူပြောချင်တဲ့အခါ ခေါ်တယ်။ ကြီးကြီးစန်းထွန်း ပြတင်းပေါက်ပြတဲ့ ကြီးကြီးပြတင်းပေါက်က သေးသေးလေး အပေါ်မှာ။ မကြီးက တံခါးဖွင့်ပြလိုက်တဲ့ အပြင်မှာမှောင်နေတယ် လမ်းမီးမြင်ရလား ကြီးကြီးတို့ဆီမှာည သားသားတို့ဆီမှာဘာလဲ မနက်။ သူက မကြီးနဲ့စကားပြောရင် ပြတင်းပေါက်ကနေ မြင်ရတဲ့ဟာတွေကို မေးတယ်တဲ့။ ရထားစီးတဲ့အခါ၊ ဘတ်စ်ကားနှစ်ထပ် စီးတဲ့ပုံတွေ ပို့ပေးရင် သိချင်တာ ဘာတွေလဲလို့။ အရင်တုန်းက ဘက်ဘိုး ဘူထိုဇာ ခုတော့ လန်ဒန်တံတား ခရေဇီ။ ကိုယ်တွေမှာလည်း သူစိတ်ဝင်စားမဲ့ဟာလေးတွေ ရှာဖွေထားရတယ်။ သူက ကိုယ်တို့ကို ဖုန်းခေါ်တာ မမြင်ဘူးတာတွေ မြင်ရကြားရလို့။ ရေခဲသေတ္တာထဲမှာ ရှိတဲ့အသီးအနှံတွေပြတော့ စားချင်လိုက်တာတဲ့။ ငတ်ကြီးကျတာကတော့ ကိုယ်နဲ့တူတာ ဓာတ်ပုံမြင်ပြီး သားရေကျနေတော့တာ။ အာကသယာဉ်ပုံပို့ရင် ပြန်ပို့တယ်။ တိုင်တန်းနစ်သင်္ဘောကို သဘောကျနေတယ်။ ဓာတ်ပုံချင်းအတူတူကိုတောင် ကြီးကြီးဆီကပုံက ပိုလှတယ်တဲ့။ ကွာလတီကွာတာ ကလေးတောင် သိတယ်။ တိုင်တန်းနစ်သင်္ဘောအကြာင်း ယူကျူကြည့်ပြီး ပြောပြနေတာများ မသိရင် မြန်မာစာတမ်းထိုးကို ဖတ်ပြီး ပြောပြနေတာလို့ ထင်မယ်။ အမှန်က ငါးနှစ် သူငယ်တန်းတောင် မတက်ရသေးဘူး စာမဖတ်တတ်ဘူး။ တိုင်တန်းနစ် အ‌ကြောင်း ယူကျူမှာဘယ်နှစ်ခေါက်တောင် နားထောင်ထားလဲ မသိဘူး။ အလွတ်ရပြီး မကြီးကို ပြောပြနေတာ သူသိတာတတ်တာကို သူများကို ပြောပြချင်တာတော့ ကိုယ်တို့ဖက်ကိုတူတာ။ မက်ဆင်ဂျာကနေ ပုံတွေကို forward လုပ်တတ်တယ် မကြိုက်ရင် ဖျက်တတ်တယ်။ ဘိုင်ဘာကနေ ခေါ်တတ်တယ် ဘိုင်ဘာမှာ ကြီးကြီးစန်းထွန်းကို မတွေ့ဘူးတဲ့။ ပုံပို့ရင် လက်မ‌ထောင်ပြ အသည်း‌ပေးတတ်‌နေပြီ။ လန်ဒန်တံတားကိုတော့ အင်မတန်စိတ်ဝင်စားတာ။ သင်္ဘောဖြတ်တော့  tower of bridge တံတား နှစ်ပိုင်းချိုးတဲ့ပုံ GIF ပုံကို မကြီးပို့လိုက်တော့ အရမ်းစိတ်ဝင်စားတာ။ လူတွေ၊ တိမ်တွေ ပြေးနေတာ အရုပ်လေးတွေ လှုပ်နေတာကို သဘောကျတယ်တဲ့။ နောက်ကို အဲ့ဒါမျိုးပို့ပေးပါ စိတ်ဝင်စားတယ်တဲ့။ အီဖယ်တာဝါ၊ အီဂျစ်ကပိရမစ်ပုံတွေကို သိပ်စိတ်မဝင်စားဘူး။ ရွှေသွေးဂျာနယ်က ဝက်ကလေးသုံးကောင်၊ ဂျက် အကြောင်း မကြီးပုံပြောပြတာ ကြိုက်တယ်။ သူပုံဆွဲနေရင် မကြီးက ပုံပြောပြတယ်။ ဘိုတွေဟာ ကလေးတွေကို ညအိပ်ရာဝင်တိုင်း ပုံပြောပြတာ အင်မတန်တော်တာပဲ။ ပုံပြင်ကနေ ကလေးတွေကို သင်ပေးနေတာ။ ကြီးတော်တွေက ဘိုဆန်ဆန် သူ့ကိုအတင်းအကြပ် မလုပ်ခိုင်ဘူး respect လေးစားတယ် လူကြီးတယောက်လို ဆက်ဆံတယ်။ နားလည်အောင် ရှင်းပြတယ် ကလေးဆိုပြီး အထင်မသေးနဲ့ နားလည်တယ်။ အိမ်ထဲကနေ အိမ်ပြင်မထွက်တဲ့ အမေနဲ့ ဘာမှသိချင်တတ်ချင်စိတ် မရှိတဲ့အဖေကနေ မွေးလာတဲ့ကလေးက ကိုယ်တို့လိုသိချင်တတ်ချင် စပ်စုချင်တဲ့ကလေးဖြစ်နေတာ အံ့ဩစရာ။ အဘိုးအဘွားရဲ့ မျိုးရိုးဗီဇတွေဟာ သားသမီးဆီမှာမပါရင် မြေးမှာပါတယ်ဆိုတာ မှန်သလားမသိဘူး။ သိချင်တတ်ချင် ပါးနပ်ထက်မြက်တာတွေ  ကိုယ်တွေနဲ့ လာတူနေတော့ ပိုချစ်ရတာပေါ့လေ။

စန်းထွန်း
ဇှုလှိုင် ၃၁၊ ၂၀၂၀။

ဓာတ်ပုံရိုက်တာလည်း မကြိုက်ဘူး ရှားရှားပါးပါး သုံးယောက်ပုံ

ကြီး‌ကြီးခင်စန်း လက်ရာ
မက်ဆင်ဂျာမှာ forward လုပ်တတ်‌နေပြီ
မက်ဆင်ဂျာမှာ လက်မထောင်ပြ အသည်း‌ပေးတတ်‌နေပြီ

ရက်ဘက်ကာ - ၂

ရက်ဘက်ကာက ဒီရုံးမှာ လုပ်သက် ၁၀ နှစ်ကျော် အသက် ၆၇ နှစ်။ သူ့နေရာမှာ ကိုယ့်ကိုအစားထိုးဖို့ ခေါ်လိုက်တာထင်ပြီး ကိုယ့်ကိုမကြည်ဘူး။ ပေါင်းသင်းဆက်ဆံရခက်တဲ့ ရက်ဘက်ကာနဲ့ ထိပ်တိုက်တိုးပြန်တယ်။ အိမ်သာမှာဆုံရင် ရက်ဘက်ကာက ကိုယ့်မိသားစုအကြောင်း မေးပေမဲ့ ကိုယ့်ကတော့ သူ့အကြောင်း မမေးဘူး။ ကိုယ်မှမခင်ချင်တဲ့သူကို အလာဘသလာဘ စကားပြောနှုတ်ဆက်ရုံကလွဲရင် စကားမပြောချင်ဘူး။ အောက်ထပ်က အင်ဂျင်နီယာဌာနမှာ ထမင်းသွားစားရင် ထမင်းစားခန်းထဲ ဝင်လာသမျှ သိတဲ့သူတွေကို နှုတ်ဆက်ပြုံးပြ စကားတွေဒိုင်ခံပြောလို့ ဂျမားက ကိုယ့်ကိုပေါင်းသင်းဆက်ဆံရေး ကောင်းတယ်နော်လို့ ပြောတယ်။ ဂျမားရေ အဲ့ဒါ အလုပ်ထဲမှာမို့လို့ အိမ်မှာဆို ဧည့်သည်လာရင် စကားပြောချင်မှ ပြောတာ။ တနေ့ အစည်းအဝေးခန်းထဲမှာ ထိုင်စောင့်နေရင်း ရက်ဘက်ကာက ကွန်ထရပ်တာဖာနီ ဘာလို့အလုပ် မဆင်းတာလဲလို့မေးတယ်။ ကိုယ်နဲ့ဖာနီက ပရောဂျက်အတူလုပ်နေတော့ ကိုယ်သိမယ်ထင်နေတာ။ အမှန်က ကိုယ်လည်း သေသေချာချာ မသိဘူး။ မန်နေဂျာ၊ တခြားကွန်ထရပ်တာ ပြောနေတာအရဆိုရင် ဗီဇာကိစ္စကြောင့် ဖြစ်မယ်ထင်တယ်။ ကိုယ်လည်း ကျောင်းသား F1 ဗီဇာကနေ အိတ်ချ်ဝမ်းဘီ H1B အလုပ်ဗီဇာ လျှောက်တုန်းက အလုပ်ပြောင်း၊ ပြည်နယ်ပြောင်း ဒုက္ခမျိုးစုံ ကြုံခဲ့ရတော့ နားလည်တယ် ကိုယ်ချင်းစာတယ်။ အခု သမ္မတထရန့်က အိတ်ချ်ဝမ်းဘီဗီဇာကို သေသေချာချာ ကိုင်တွယ်နေပြီး ပိုကျပ်တယ်။ ရက်ဘက်ကာက အီတလီနိုင်ငံနားက သူ့နိုင်ငံမှာ စစ်ဖြစ်တော့ ဒုက္ခသည်အဖြစ် စတိတ်ကို ရောက်လာကြတယ်။ ကလေးတဖက်နဲ့ ဆိုင်မှာ အရောင်းစာရေး၊ ဆောက်လုပ်ရေးမှာ ဝန်ထမ်း၊ နောက်ဆုံး တက္ကသိုလ်မှာ သင်တန်းတက်ပြီး Associate ဘွဲ့ယူတာ ခုမှအကြွေးဆပ်လို့ ပြီးတယ်တဲ့။ နင်တို့က အသက်ငယ်ငယ် ဘွဲ့ကလည်း ကွန်ပျူတာဘွဲ့ ဗီဇာအခက်အခဲတခုတည်း သူ့မှာက ကလေးနှစ်ယောက်ကို ကျွှေးမွှေးပြုစုရတာ ပင်ပန်းခက်ခဲတယ်။ သူ့ဒုက္ခက ကိုယ့်ဒုက္ခထက် များတယ်လို့လာ‌ပြောနေလို့  အေး နင်လည်း ဂရင်းကဒ်ရှိပေမဲ့ နင့်အခက်အခဲနဲ့နင်။ ငါတို့လည်း ကျောင်းပြီးပေမဲ့ ဗီဇာအခက်အခဲ ကိုယ့်အခက်အခဲနဲ့ကိုယ် တယောက်တမျိုး အခက်အခဲအမျိုးမျိုး။ သူသာ ဂရင်းကဒ်မရရင် မလာဘူးတဲ့ ကိုယ်တို့ကတော့  ဂရင်းကဒ်မရှိပေမဲ့ စတိတ်ကိုလာရတယ်။ ကိုယ်တို့တိုင်းပြည်က ဆင်းရဲလို့ စတိတ်ကိုမှ မလာရင်မဖြစ်ဘူးလို့ ပြောလိုက်တယ်။ နောက် စကားမပြောချင်တော့လို့ ဖုန်းပွတ်နေလိုက်တယ်။ နောက်ဆို မေးထူးခေါ်ပြောလောက်ပဲ ကိုယ့်ဆီစကား လာလာပြောတယ် ကိုယ်က လိုအပ်တာပဲပြောတယ်။ ပြီးရင် အရေးတကြီး ဖုန်းခေါ်စရာရှိလို့ဆိုပြီး စကားဖြတ်တယ်။ သူ့မှာ အခက်အခဲရှိလို့ ကိုယ့်ကိုလာမေးတယ် ကိုယ်ကမသိဘူး ဖာနီသိတယ် သူ့ကိုမေး သူက ကူညီတတ်တယ်လို့ပြောတော့ နင့်မို့လို့ ကူညီတာတဲ့။ သူကလည်း ကူညီချင်စရာမှ  မကောင်းတာ သူမသိဘူး။ တခုခုဆို အပြစ်တင်တာကအရင် ကိုယ်က ဘာပြသနာတွေရှိတယ်၊ ဘယ်သူ့အကူအညီလိုတယ်၊ ဘာတွေဆက်လုပ်ရမယ်ဆိုတာ အကြောင်းပြန်တယ်။ အဲ့ဒါကြောင့် သူ့အီးမေးလ်ဆို ဘယ်သူမှမပြန်ဘူး ကိုယ့်အီးမေးလ်ပဲ ပြန်ကြတယ်။ ဒါရိုက်တာ၊ မန်နေဂျာတွေကို အပြစ်သွားတင်လို့ဖြစ်မလား သူတို့က အောက်ကလူတွေရဲ့ အခက်အခဲ၊ အခြေအနေတွေကို မသိဘူး။ ကိုယ်တွေပြောပြမှ သိတဲ့အခါ သူတို့တတ်နိုင်တာ လုပ်နိုင်တာ လုပ်ပေးမှာပေါ့။

ကိုယ်တို့ရုံးက probation အစမ်းခန့်ကာလက တစ်နှစ် အရင်ရုံးတွေက သုံးလ၊ ခြောက်လပဲ။ ပထမတစ်နှစ်အတွင်းမှာ အလုပ်မယ်မယ်ရရ မရှိတော့ ကိုဗစ်ကာလအတွင်းမှာ အလုပ်ပြုတ်မှာ စိတ်ပူတာပေါ့။ တခြားအဖွဲ့က ကွန်ထရပ်တာသုံးယောက် ကွန်ထရပ်ထပ်မတိုးလို့ ဂွတ်ဘိုင်လုပ်သွားကြတယ်။ ကိုယ်တို့ဌာန ဘက်ဂျက်ဖြတ်တာ ၉ မီလီယံ ပရောဂျက် ရပ်သင့်တာရပ် အကုန်အကျသက်သာအောင် လုပ်နေကြတဲ့အချိန်။ အလုပ်ပြုတ်တဲ့သတင်း၊ အလုပ်တော့မဖြုတ် လစာမပေး forlough ၊ လစာ ၂၀၊ ၃၀ ရာခိုင်နှုန်းလျှော့တဲ့ သတင်းတွေကြားတော့ စိတ်ပူတာပေါ့။ တရုတ်မယန်းကိုပြောပြတော့ စိတ်မပူနဲ့ ပီအေက အမြဲတမ်းဝန်ထမ်းကို ဖြုတ်တယ်လို့ မကြားဖူးဘူး။ ဖြုတ်မယ့်ဖြုတ် ကွန်ထရပ်တာတွေပဲ ဖြုတ်တာတဲ့။ ကိုယ်က ပီအေရုံးမှာ ကွန်ထရပ်တာလုပ်ဖူးတော့ အဲ့ဒီအကြောင်း ကောင်းကောင်းသိတယ်။ အလုပ်ဝင်တာ တစ်နှစ်ပြည့်ခါနီး မန်နေဂျာက ကိုဗစ်ထိလို့ ၃ လလာက် ခွင့်ယူတယ်။ မန်နေဂျာမရှိတော့ ဒါရိုက်တာမက ကိုယ့်ကို မန်နေဂျာအလုပ်တွေ ခိုင်းတယ်။ ခုတော့ အလုပ်များလို့ နေ့လည်ဟင်းချက်ချိန် မရှိဘူး ထမင်းစားချိန်‌တောင် မနည်းလုယူနေရတယ်။ vendor တွေ သက်တမ်းတိုးတာ ဆက်သွယ်ရမဲ့ဟာလည်းမရှိ ကိုယ့်မှာ finance ဌာနကလူတွေကိုဆက်သွယ် အကူအညီတောင်း။ vendor တွေကို ဆက်သွယ်တော့ ကိုယ်ကစာရင်းမှာမပါလို့ ကွန်ထရပ်သတင်းတွေ မပေးနိုင်ဘူး။ မန်နေဂျာရဲ့ ထောက်ခံမှုရမှ ပေးမယ်တဲ့ မန်နေဂျာက ဆေးခွင့်ယူထားတဲ့ဟာကို။ အဲ့ဒါဆို ကိုယ့်ကို primary contact အဖြစ်ပြောင်း ဒါရိုက်တာမ ခွင့်ပြုချက် form နဲ့တင်။  renewal process ဆိုတာ ဘာမှန်းမသိလို့မေးမြန်း၊ အီးမေးလ်တွေပို့၊ ဖုန်းတဂွမ်ဂွမ်ခေါ်။ မန်နေဂျာ ဆက်သွယ်လို့မရလို့ လက်‌လျော့ထား တခြားဟာအစားထိုး သုံးမယ်လို့ပြော‌နေရတဲ့ vendor ကို ကိုယ်ကနှစ်ရက်တည်းနဲ့ ဆက်သွယ်လို့ရလို့ အားလုံးအံ့ဩကြတယ်။ ရမှာပေါ့ ကိုယ်က ဖုန်းတဂွမ်ဂွမ်ခေါ်၊ ပို့လို့ရမျှ အီးမေးလ်လိပ်စာတွေကို လိုက်ပို့၊ မက်ဆင်ဂျာ၊ လင့်ခ်အင်ကနေ ဆက်သွယ်တာကိုး။ ခုတော့ vendor renewal အားလုံး ကိုယ့်ကိုခိုင်းကြတော့တယ်။ ရက်ဘက်ကာက အတွေ့အကြုံများပေမဲ့ ဦးဆောင်မလုပ်ဘူး ကိုယ်က လုပ်လို့မရရင် တခြားဌာနကသိတဲ့လူတွေကို အကူအညီတောင်းပြီး ဦးဆောင်တယ်။ အလုပ်တခုဆို ဘယ်အဖွဲ့ကလုပ်တာလဲဆိုတာ လိုက်မေး၊ ဖုန်းဆက်၊ သူတို့အဖွဲ့ကလည်း ကိုယ်တို့ဌာနက လုပ်ရမှာ၊ ကိုယ်ကလည်း ဘာလုပ်ရမှန်းမသိ၊ အစည်းအဝေးခေါ်။ ကိုယ်လုပ်ရတာက နည်းနည်းလေး ဒါပေမဲ့ ကိုယ်ဦးဆောင်လုပ်တယ်ဆိုတာ သိကြတယ်။ ရက်ဘက်ကာက အီးမေးလ်မှာ သူက to list ထဲ မပါလို့ cc list ထဲပါလို့တဲ့ သူက cc ထဲမှာဆိုရင် မကြိုက်ဘူး။ တခါတုန်းကလည်း မန်နေဂျာကိုပြောလို့ မန်နေဂျာကို နင့်ကို to အီးမေးလ်နဲ့ပို့မယ် နင်လုပ်ဆိုပြီး စိတ်တိုရဖူးတယ်။ ရက်ဘက်ကာ သူက နင့်ဆီကို cc နဲ့ ပြန်မယ်လို့ တွေးတာမဟုတ်ဘူး အားလုံးကိ reply all ဆိုပြီး ပြန်လိုက်တာပဲ။ နင်ဘာလို့ အဲ့ဒါတွေ စိတ်ထဲထားနေတာလဲ။ ငါလည်း အစည်းအဝေးထဲမှာ မပါဘူး ငါ့ကိုလိုအပ်ရင် ဖုန်းဆက်ပြီး လှမ်းခေါ်ရတာပဲ။ အခုလုပ်နေတဲ့ဟာမှာ နင်က အတွေ့အကြုံများတယ် နင့်ကိုမေးရမှာပေါ့လို့  စိတ်တိုတိုနဲ့ အော်ရတော့တယ်။ မန်နေဂျာက ကိုယ့်ကို နာရီဝက်လောက်ပဲ ပြပေးတယ် ကိုယ်က ကိုယ့်ဘာသာကိုယ် ဖြေရှင်းတယ်။ ရက်ဘက်ကာကို သင်ပေးရတာ အသေးစိတ် အထပ်ထပ် အခါခါ သင်ရတယ် မောတယ်။ မမှတ်မိလို့ ထပ်ခါထပ်ခါ ပြောပြရတယ် အသက်ကလည်း ကိုယ့်မိဘထက်‌တောင် ကြီးတာကိုး။ အီးမေးလ်လာရင် စောင့်ကြည့်ပြီး လိုတာထောက်ပြရတယ်။ ဒါရိုက်တာမက ကိုယ့်ကိုသဘောကျတယ် ကိုယ်ဦးဆောင်လုပ်တယ်ဆိုတာ သိနေတော့ ရက်ဘက်ကာ ကိုယ့်ကို ကလန်ကဆန် မလုပ်ရဲတော့ဘူး ခုတော့ လေးလေးစားစား ဆက်ဆံလာပြီ။

စန်းထွန်း
ဇှုလှိုင် ၂၄၊ ၂၀၂၀။

ရေးပြီးတာက
ရက်ဘက်ကာ - ၁

Casa Chocolate ice cream shop, on the way to Cajon del Maipo from Santiago, Chile on November 12th, 2019.

မမေးနဲ့ …

အဖေ နားအူနေတာ သုံးရက်လောက်ရှိပြီ။ B12 များအားနည်းနေသလားဆိုပြီး မကြီးက B12 သောက်ခိုင်းတယ်။ မသက်သာတော့ ဟိုင်းကြီးဆေးရုံမှာ သွားပြတယ်။ သောက်ဆေးပေးလိုက်ပေမဲ့ မသက်သာဘူး။ တပတ်လောက်ကြာတော့ ပုသိမ်ကို နေ့တဝက်သ‌‌​ေင်္ဘာစီးပြီး သွားပြတယ်။ အဖေ ဆရာဝန်က ဘာဖြစ်တာလဲလို့မေးတော့ ဘာမှမပြောလိုက်ဘူးတဲ့။ ဟင်… ကိုယ်ဘာဖြစ်တယ်ဆိုတာကို ဆရာဝန်က မပြောပြရင် အဖေက မေးရမှာပေါ့။ သမီးတွေအကြောင်းသိတဲ့ အဖေက မျက်နှာလေးငယ်ငယ် အသံလေးငယ်ငယ်နဲ့ မေးဖို့နေနေသာသာ ဘာဖြစ်တာလဲလို့ ဟောက်တယ်တဲ့။ အံ့ပါ့… မြန်မာဝန်က ဆရာဝန်တော်တော်များများ အဲ့ဒီလို လူနာကို ဘာဖြစ်တာလဲ၊ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်ဆေးတွေ သောက်ရမယ်၊ ဘေးထွက်ဆိုးကျိုး ဘာရှိတယ် သတိထားရမယ်၊ နောက်မဖြစ်အောင် ဘယ်လိုကာကွယ်ရမယ်ဆိုတာ  ရှင်းပြဖို့နေနေသာသာ ဘာဖြစ်တာလဲလို့ ‌ေ မေးတာတောင် ဟောက်နေတယ်။ နိုင်ငံခြားမှာဆိုရင် အဲ့ဒီဆရာဝန်ကို တရားစွဲလို့ရတယ်။ အင်တာနက်မှာ ဆေးခန်းကို ကြေငြာထားတယ်ဆိုရင် ရီ‌ဗျူးဆိုးဆိုးသွားရေးမှာ။ အဲ့လိုဆရာဝန်နဲ့တွေ့ရင် ရောဂါတဝက်သာသာဖို့ နေနေသာသာ ရောဂါတောင် ပိုတိုးဦးမယ်။ မြန်မာပြည်မှာ လူနာကိုသေသေချာချာရှင်းပြပြောဆိုတဲ့ ဆရာဝန်ဆိုတာ ရှားတယ်။ အသက်ကယ်တာ မွန်မြတ်သလို လူနာကို သေသေချာချာ ရှင်းပြပြောဆို ဂရုစိုက်ပေးရင် ပိုတောင်မွန်မြတ်‌သေးတယ်။ သဘောကောင်း သေသေချာချာ ပြောပြပေးတဲ့ ဆရာဝန်တွေလည်း ရှိတော့ရှိပါတယ်။ တခါတုန်းကလည်း အာရှတော်ဝင်မှာ လူနာတွေကို ခေါ်ပေးတဲ့ဝန်ထမ်း ပေါ့လျော့လို့ ဆရာဝန်က လူနာကုန်ပြီထင်ပြီး ပြန်တယ်။ မကြီးက နှလုံးဆရာဝန် အိတ်ကလေးဆွဲပြီး ထွက်သွားတာ တွေ့လိုက်ပေမဲ့ ပြန်တယ်လို့မထင်ဘူး ဟိုနားဒီနား ခဏသွားတာလို့ ထင်နေတာ။ အတော်ကြာတဲ့အထိ နာမည်မခေါ်လို့ သွားမေးကြည့်တော့မှ ဆရာဝန်က ပြန်သွားပြီတဲ့။ မကြီးက ဒီလိုဘယ်ရမလဲ ဒီမှာအကြာကြီးစောင့်ရတာ မန်နေဂျာနဲ့ စကားပြောမယ်လို့ ပြောတော့မှ ပြာပြာသလဲ တောင်းပန်ရှာတယ်။ ကလေးမလေးတွေ အလုပ်ပြုတ်မှာစိုးလို့ မတိုင်တော့တာ။ ဘေးနားမှာ စောင့်နေတဲ့လူနာက မနက်လေးနာရီကတည်းက လာရတာ အဝေးကြီးကတဲ့။ ကြည့် … ဝန်ဆောင်မှုကောင်းမွန်ပုံများ။ မြန်မာပြည်မှာ ဝန်ဆောင်မှုပေးတာ အင်မတန်ညံ့တယ်။ ကောင်းမွန်တဲ့ဝန်ဆောင်မှု မပြောနဲ့ ပုံမှန်ဝန်ဆောင်မှုတောင် မရဘူး။ ၂၀၀၂ တုန်းက ဘတ်စ်ကားတွေ အပြိုင်မောင်းပြီး ကိုယ်ဆင်းရမဲ့မှတ်တိုင်မှာ မရပ်ပေးဘဲ တမှတ်တိုင်အကျော်မှာ ရပ်ပေး၊ စပယ်ရာတွေ အတင်းဆွဲတင် အတင်းဆွဲကျ၊ ကြိမ်းမောင်း။ စျေးဆိုင်တွေမှာ မဝယ်ဘဲစျေးမေးကြည့်ရင် ဝယ်မယ်ဆိုမှမေးလို့ ပြောတာမျိုး၊ စတိုးဆိုင်တွေမှာ လျှောက်ကြည့်ရင် သူခိုးဖမ်းသလို ကြည့်တာမျိုး၊ အင်္ကျီကြည့်ချင်ရင် ဝယ်နိုင်လို့လားဆိုတဲ့ အကြည့်မျိုးတွေ။ ၂၀၁၉ ရန်ကုန်ပြန်တော့ ဝန်ဆောင်မှုတိုးတက်လာတယ်။ နယ်ကလူ‌တွေကတော့ သဘောကောင်းကြတယ်။ လူနာကို ဘာဖြစ်တာဆိုတာလေးတောင် မပြောပြတဲ့ ပညာမာန်တတ် ဟောက်စား အပေါက်ဆိုးတဲ့ ဆရာဝန်‌တွေတွေ့ရင် သိပ်အသည်းယားတာပဲ။ ကိုယ်ဘာရောဂါဖြစ်တယ် ဆိုတာကိုတောင် သိခွင့်မရှိဘူးလား၊ ‌ပြောပြလို့မရဘူးလားလို့ မေးလိုက်ချင်တယ်။ နောင်ဘယ်တော့မှ လာမပြတော့ဘူး၊ ဟိုဒေါက်တာမလေးလို ဖေ့ဘွတ်ကနေ live လွင့်လိုက်ရရင်‌တော့လား ဟွင်း ... ဟွင်း။

စန်းထွန်း
ဇှုလှိုင် ၁၇၊ ၂၀၂၀။

အရွက်စိမ်း‌လေးတွေ မြင်ရတာ စိတ်ချမ်းသာတယ်...:)
ဒီနှစ်ရဲ့ ပထမဆုံးပွင့်တဲ့ ယုဇပန်း‌လေး‌တွေရဲ့ ‌မွှေးရနံ့‌ကြောင့် စိတ်ကြည်နူးရတယ်...

Cannon in D...

Johann Pachelbel ရဲ့ Cannon in D ... အကြိုက်ဆုံးသီချင်းတပုဒ်... ယူကျူက‌နေ သင်တာပါ... တနေ့တနာရီ တလ‌ကျော် ‌လေကျင့်ရပါတယ်... နားဆင်ကြပါ ခင်ညား...

စန်းထွန်း
ဇှုလှိုင် ၁၀၊ ၂၀၂၀။







ဘူတီဂျိနဲ့ ကလပ်ကေဘယ် …

ဘူတီဂျိ
ဘူတီဂျိ Pete Buttigieg က ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ အင်ဒီးယားနားပြည်နယ်ကနေ ပါဝင်ယဉ်ပြိုင်သူတယောက်။ ဒီမိုဂရက်ပါတီကနေ ပါဝင်ယှဥ်ပြိုင်သူ ဆယ့်ငါးယောက်ထဲမှာ ဘူတီဂျိက ထူးခြားတယ်။ အင်ဒီယာနားပြည်နယ် South Bend မြို့‌တော်ဝန်၊ အသက်အငယ်ဆုံး ၃၈ နှစ်၊ ဂေး၊ ဟားဗတ်တကက္ကသိုလ်ကျောင်းထွက်၊ အာဖကန်စစ်ပြန်၊ ဘာသာစကား ၇ မျိုးပြောတတ်တယ်။ သူ့ပေါ်လစီမူဝါဒတွေ နားမလည်ပါဘူး အသက်ငယ် ရုပ်ချောတာနဲ့တင် ကိုယ်က ဘူတီဂျိကို အားပေးနေတာ။ ဂျမားက နယူးဂျာဆီ ဆီနိတ်တာ Cory Booker ကို ထောက်ခံတယ်။ ဘွတ်ကာရဲ့ အရည်အချင်းတွေက အထင်ကြီးစရာကောင်းပေမဲ့ အခြေအတင်ပြောဆိုပွဲတွေမှာ ထင်သလောက် မပြောနိုင်တော့ ပြိုင်ပွဲကနေ စောစောစီးစီး ထွက်သွားတယ်။ နေ့လည်ထမင်းစားချိန် အောက်ထပ်က ထမင်းစားခန်းကိုသွားရင် ထိုင်ဝမ်ကြီးဝမ်က စန်းစန်းလာပြီဟေ့ ဘူတီဂျိအကြောင်း ပြောရအောင်။ စန်းစန်းက ဘူတီဂျိရဲ့ ပေါ်လစီတွေဘာတွေကို ဂရုမစိုက်ဘူး ဘူတီဂျိချောလို့ အားပေးတာတဲ့ကွ။ ဂျမားက ဂေးဖြစ်နေတာ ပြသနာမဟုတ်ဘူး အိမ်ဖြူတော်မှာ ယောကျာ်းနှစ်ယောက် နေမှာကိုမကြိုက်တာ။ First lady မဟုတ်ဘူး first gentleman ပေါ့။ အိုး… ဘာဖြစ်တုန်း ပထမဆုံးဂေးသမ္မတ၊ ပထမဆုံးအမျိုးသမီးသမ္မတဖြစ်ရင် ဘယ်လောက်ကောင်းသလဲ သမိုင်းတွင်တာပေါ့။ ဘူတာဂျီက သူ့ပါတနာကို သူ့ယောကျာ်း husband လို့ပြောတော့ သူ့ပါတနာက သူ့ကို ဘယ်လိုခေါ်လဲ။ ယောကျာ်း husband လို့ခေါ်လား မိန်းမ wife လို့ခေါ်လား။ ယောကျာ်း husband လို့ခေါ်တယ်ထင်တယ်။ သူ့ပါတနာကို ဂူဂယ်မှာ ရှာကြည့်တော့ အသက် ၃၀ အဖြူ ကျောင်းဆရာ ချောချောလေး။ စန်းစန်းရေ လက်လျှော့လိုက်တော့ ဘူတီဂျိက လက်ထပ်ပြီးသားကွလို့ ဂျမားကစတယ်။ ဘူတီဂျိ ပြိုင်ပွဲကနေထွက်လိုက်တဲ့ သတင်းကြားတော့ ဝမ်နဲ့ဂျမား စိတ်မကောင်းဖြစ်ကြတယ် ဘူတီဂျိအတွက်မဟုတ်ဘူး သူတို့အတွက် ကိုယ့်ကိုမစရတော့လို့။

credit - Google

ကလပ်ကေဘယ်
အင်္ဂလိပ်နာမည်တွေအကြောင်း ပြောကြတော့ ကိုယ့်အင်္ဂလိပ်နာမည်က စကားလက် Scarlett ။ ဂျမားက စကားလက်ဂျိုဟန်ဆန် မင်းသမီးကို ကြိုက်လို့လား။ ဟင့်အင်း … စကားလက်အိုဟာရာ Gone with the wind ဝထ္ထုထဲက ဇာတ်လိုက်မင်းသမီးကိုကြိုက်တာ။ သူများတွေက စကားလက်အိုဟာရာကို မိန်းမဆိုးလို့မြင်ပေမဲ့ ကိုယ်ကတော့ စိတ်ဓာတ်ပြင်းထန်တဲ့မိန်းမမို့လို့ ကြိုက်တယ်။ ဆရာမြသန်းတင့်ရဲ့ လေရူးသုန်သုန် ဝထ္ထုဖတ်တော့ တအားကြိုက်တယ်။ ရုပ်ရှင်ကြည့်တော့လည်း ကြိုက်တယ် Margaret Mitchell ရဲ့ အင်္ဂလိပ်ဝထ္ထုဖတ်ရပြန်တော့ ပို‌တောင်ကြိုက်သေးတယ်။ ရက်ဘတ်တလာ နောက်ဆုံးပြောခဲ့တဲ့စကား  “Frankly, my dear, I don’t give a damn” ဆိုတဲ့စကား နာမည်ကြီးတယ်။ ဟင် ဟုတ်လား သတိမထားမိလိုက်ဘူး ဘာအဓိပ္ပာယ်လဲဟင် လို့မေးတော့ ဂျမားက ရှင်းပြတယ်။ ဂျမားက Rhett Butler အဖြစ်သရုပ်ဆောင်တဲ့ Clark Gable နဲ့ သူနဲ့တူတယ်လို့ပြောလို့ ကိုယ့်မှာ ထမင်းတောင်နင်တယ်။ ဂျမားရယ် ထမင်းနင်အောင် မလုပ်ပါနဲ့ ဘယ်လိုမှမတူပါဘူး။ နောက်နေ့ကျတော့ ဂျမားက ဝမ်ကို ကလပ်ကေဘယ်နဲ့ တူတယ်လို့ပြောတာကို စန်းစန်းက အသားကုန်ငြင်းနေတယ်။ သူ့မှာ အသည်းကွဲ စိတ်မကောင်းဖြစ်ရတယ်ဆိုပဲ။ သူ့ငယ်ငယ်တုန်းက ဓာတ်ပုံထုတ်ပြသေးတယ် အေးပါ အေးပါ ဆံပင်နက်တာတော့ တူပါပေတယ်လို့ပြောလို့ နင်သွားရှာတယ်။ ဂျမားက ကလပ်ဂေဘယ်လို့ ပြောတာနဲ့ ကိုယ်ကလည်း  ခေါင်းခါရမ်းပြီး မပြုံးဘဲဝါးလုံးကွဲရယ်ကာ မတူဘူးလို့  တွင်တွင်ငြင်းတော့တာပဲ။ ဂျမားနဲ့ဝမ်ဟာ ကိုယ့်ထက်အသက်နှစ်ဆယ်ကျော် ကြီးပေမဲ့ စချင်နောက်ချင် ပြောင်ချင်တဲ့စိတ်ကလေးတွေ တူကြလို့လားမသိဘူး ခုထိဘော်ဒါလိုခင်ကြတုန်းပဲ။

Happy July 4th!
စန်းထွန်း
ဇူလှိုင် ၃၊ ၂၀၂၀။

credit - Google