Showing posts with label Health. Show all posts
Showing posts with label Health. Show all posts

06 April 2019

Face Transplant ...

စိတ်ကူးယဉ် သိပ္ဗံဝထ္ထုဇာတ်လမ်းတွေကနေ inspiration အိုင်ဒီယာတွေရ တီထွင်ကြံဆ ကြိုးစားအားထုတ်မှုတွေကြောင့် လူသားတွေ လကမ္ဘာရောက်ခဲ့ပြီ။ ခုလည်း မားစ်ဂြိုလ်သွားမလို့ ကြံစည်နေကြလေရဲ့။ ၁၉၉၇ ဟောလိဝုဒ်ရုပ်ရှင် FACE/OFF မှာ နစ်ကိုးလပ်ကေ့ချ်နဲ့ ဂျွှန်ထရာဗိုတာ ပါဝင်သရုပ်ဆောင်ထားတယ်။ နစ်ကိုးလပ်က အကြမ်းဖက်သမား ကေစတာထရိုင်၊ ဂျွှန်ထရာဗိုတာက အက်ဘီအိုင်အေးဂျင့် ရှောင်အာရှာ။ ရှောင်က ကေစတာ့မျက်နှာကို ခွဲစိတ်အစားထိုး ထောင်ထဲဝင်ပြီး ဗုံးထောင်ထားတာ ဘယ်မှာလဲဆိုတာ စုံစမ်းဖို့တာဝန်ပေးခြင်းခံရတယ်။ ရှောင် ထောင်ထဲရောက်နေတုန်း coma ကိုမာဖြစ် သတိမေ့နေတဲ့ ကေစတာက ပြန်နိုးလာတော့ မျက်နှာယူသွားတယ်ဆိုတာ သိသွားတယ်။ နောက်တော့ ရှောင့်မျက်နှာကို ခွဲစိတ်အစားထိုးပြီး ရှောင့်အိမ်သွားနေ အက်ဘီအိုင်အေးဂျင့်လုပ်ပြီး ဒုက္ခတွေပေး။ ရှောင် ကေစတာကို ဘယ်လိုပြန်တိုက်ခိုက်ပြီး မျက်နှာကို ပြန်အရယူသလဲဆိုတာ ရင်တမမနဲ့ ကြည့်ရတယ်။ အထိုးအသတ် အတိုက်အခိုက် ဦးစားပေးတဲ့ဇာတ်လမ်းဆိုပေမဲ့ ကြည့်လို့ကောင်းသား။ အနှစ်၂၀ကြာတဲ့အခါမှာတော့ တကယ်ပဲမျက်နှာကို အစားထိုးလဲလှယ်လို့ရပြီ။ ကျောက်ကပ်၊ နှလုံးအစားထိုးတာကတော့ ကြားဖူးနေကြဆိုတော့ မထူးဆန်းတော့ဘူး။ မျက်နှာအစားထိုး လဲလှယ်တာကတော့ နည်းတယ်။ အေဘီစီသတင်း 20/20 တီဗီရှိုးမှာ မျက်နှက်အစားထိုး လဲလှယ်တဲ့အကြောင်း ကြည့်လိုက်ရတာ အင်မတန်စိတ်ဝင်စားဖို့ကောင်းတယ်။ မီးလောင်ကျွှမ်းလို့ မျက်နှာတခုလုံး ဆိုးဆိုးရွားရွား ပျက်စီးသွားတဲ့ မီးသတ်သမား၊ depression စိတ်ဓာတ်ကျရောဂါကြောင့် မျက်နှာကိုသေနတ်နဲ့ပစ် သေကြောင်းကြံစည်တဲ့ လူငယ်လေးတွေကို ဒုတိယအကြိမ်မွေးဖွားပေးလိုက်တဲ့ ခွဲစိတ်မှု။ မျက်နှာအစားထိုးလဲလှယ်ဖို့ လှုဒါန်းသူနဲ့ လက်ခံသူ သွေးအမျိုးအစား၊ အသားအရောင်၊ မျက်နှာပုံစံ တူဖို့လိုပါတယ်တဲ့။ ခွဲစိတ်မှုဟာ၂၈ နာရီကြာပြီး အင်မတန်ခက်ခဲ ရှုပ်ထွေးပါတယ်။ ပြီးရင် physical therapy နဲ့ စကားပြော၊ အစာစားတာ၊ မျက်နှာလေ့ကျင့်ခန်းတွေ လုပ်ရပါတယ်။ organ အလှုရှင်မိသားစုနဲ့ လက်ခံရရှိသူမိသားစု တွေ့ဆုံကြတဲ့အခန်းဆို မျက်ရည်ဖြိုင်ဖြိုင်ကျ။ ကိုယ်လည်း organ လှုထားတယ်၊ ခန္ဓာကိုယ်ကို သုတေသနလုပ်ရာမှာ သုံးဖို့လှုထားတယ်။ ကိုယ်သေတဲ့အခါ အထဲက organ တွေက လှုနိုင်လောက်တဲ့အထိ ကောင်းသေးရဲ့လားမသိ။ တဦးတယာက်အတွက် အကျိုးမရှိခဲ့ဘူးဆိုရင်တောင်မှ သုတေသနလုပ်ငန်းအတွက်တော့ သုံးလို့ရသေးတာပဲ။ ပြာဖြစ်တာထက်တော့ အကျိုးရှိပါတယ်လေ။ မျက်နှာအစားထိုးလဲလှယ်တာ စိတ်ဝင်စားရင်တော့ အောက်ကလင့်ခ်မှာ သွားဖတ်သွားကြည့်လို့ ရပါတယ်။

စန်းထွန်း
ဧပြီ ၆၊ ၂၀၁၉ ။

photo credit : ABC news 20/20
photo credit : ABC news 20/20

https://abcnews.go.com/Health/unprecedented-face-transplant-surgery-firefighter-hope-life/story?id=35218667

https://abcnews.go.com/Health/26-year-man-shares-incredible-face-transplant-journey/story?id=59200940

https://www.facebook.com/ABC2020/videos/friday-on-2020-the-life-changing-face-transplant-surgery/260964691282736/

https://www.facebook.com/ABC2020/videos/youngest-face-transplant-recipient-on-the-life-changing-procedure/175022320075183/

https://abc.go.com/shows/2020/episode-guide/2018-11/16-brave-new-face



04 March 2018

Doctor in the House ...

ကိုယ့်လုပက်စ်ရောဂါဟာ ဆရာမကြီးဒေါက်တာဒေါ်ခင်နွှယ်ဝင်း ပြောတဲ့ functional medicine ကို လိုက်နာကျင့်သုံးလို့ သက်သာပျောက်ကင်းလာပါတယ်။ ဆရာမကြီးညွှန်တဲ့ ဒေါက်တာ Natasha Campbell-McBride ရဲ့ Gut and Psychology Syndrome: Natural Treament for Autisum, Dyspraxia ကို ဖတ်ကြည့်တာ အတော်စိတ်ဝင်စားဖို့ကောင်းတယ်။ ဆေးပညာအသုံးအနှုန်းတွေကိုတော့ ကျော်ခွဖတ်ရတယ်။ အစားအသောက်၊ အူလမ်းကြောင်းနဲ့ ဦးနှောက်ဆက်စပ်နေတော့ အစာအိမ်အူကို ကောင်းမွန်အောင် လုပ်နိုင်ရင် ရောဂါတော်တော်များများ သက်သာပျောက်ကင်းသွားတယ်။ ဒေါက်တာနာတာရှာဟာ အာရုံကြောအထူးကုဆရာဝန်၊ အာဟာရပညာရှင် သူ့သား အော်တင်ဇင်ရောဂါဖြစ်တော့ ဆေးကျမ်း၊ သုတေသနစာတမ်းတွေဖတ်ပြီး functional medicine နဲ့ကုတာ သက်သာပျောက်ကင်းသွားလို့ ဆေးခန်းဖွင့်ပြီး ကုသနေတယ်။ ဆရာမကြီးညွှန်တဲ့ Broken Brain documentaries ကြည့်တော့ Doctor in the House ဆိုတယ့် realithy tv show ကို သွားတွေ့တယ်။ ဒေါက်တာရောင်ဂန်ချက်တဂျီဟာ GP အဖြစ် လုပ်သက် ၁၈ နှစ် ရှိပါတယ်။ တနေ့ သူ့သား အသက်ရှုကြပ်သလိုဖြစ်ပြီး ဘာဖြစ်မှန်းမသိလို့ အရေးပေါ်ဆေးရုံ တင်လိုက်ရပါတယ်။ ဆရာဝန်ဖြစ်တယ့်သူက ဘာမှမလုပ်နိုင် မကယ်နိုင် ဆရာဝန်တွေကလည်း ချက်ချင်းရောဂါရှာဖွေလို့မရ။ နောက်တော့ ဗီတာမင်ဒီချို့တဲ့တာ အဖေဖြစ်သူ ဆရာဝန်တစ်ယောက်ဖြစ်ရဲ့သားနဲ့ သားဖြစ်သူက ဗီတာမင်ဒီချို့တဲ့လို့ အရေးပေါ်ဆေးရုံတင်ရတာကို ရင်ကျိုးမရဖြစ်မိတယ်တဲ့။ နောက်တော့ စာတွေလိုက်ဖတ်ပြီး functional medicine ကို လိုက်စားရင်း အင်္ဂလန်ပြည်သူတွေကို ကျန်းမာအောင် နေထိုင်ရေး ဟောပြောနေသူပါ။ လူနာတယောက်ကို ၁၀ မိနစ်ပဲ အချိန်ပေးနိုင်တဲ့ ဆရာဝန်ဘဝကနေ လူနာတွေအိမ်မှာ တနေ့လိုက်နေပြီး လူနာတွေ ဘယ်လိုနေထိုင် စားသောက်တယ်ဆိုတာ လေ့လာ။ ရောဂါဖြစ်စေတယ့် root course ကိုရှာ processed food ၊ wheat ရှောင်၊ ကိုယ်တိုင်ချက်ပြုတ်စား၊ soda  အချိုရည်ရှောင်၊ သင့်တော်တယ့် လေ့ကျင့်ခန်းလိုက်ခိုင်း၊ အိပ်ရေးဝဝအိပ်ခိုင်း၊ စိတ်ဖိစီးမှုနည်းအောင် တရားထိုင်ခိုင်း။ နေ့စဉ်ဘာတွေစားသောက်တယ်၊ လေ့ကျင့်ခန်းဘယ်လိုဘယ်လောက်လုပ်တယ်၊ ဘယ်နှစ်နာရီအိပ်တယ်ဆိုတာ follow up လုပ်။ ဘယ်ဆေးမှမပေးဘဲ ၂ လအကြာ ပြန်လာကြည့်တယ့်အခါ ဘာတွေပြောင်းလဲသွားသလဲ။ စိတ်ဝင်စားရင် အောက်ကဗွီဒီယိုဖိုင်တွေကို အချိန်ပေးပြီး ကြည့်လိုက်ပါ။ Youtube မှာ Doctor in The House ဒါမှမဟုတ် Dr Rangan Chatterjee လို့ ရိုက်ထည့်လိုက်ရင် ဗွီဒီယိုတွေ တွေ့ပါလိမ့်မယ်။

စန်းထွန်း
ဖေဖေါ်ဝါရီ ၂၅၊ ၂၀၁၈။

ဆီးချိုရောဂါရှင် ဒေါ်တီ၊ မီးသတ်သမားဖြစ်ချင်ပေမဲ့ အပြေးစစ်ဆေးတာ မအောင်တဲ့ ဒေါ်တီ့ခင်ပွန်း။


အားကစားလေ့ကျင့်ရုံပိုင်ရှင် ဝိတ်မတဲ့သူ နာကျင်ကိုက်ခဲတဲ့ ဝေဒနာကြောင့် အကိုက်အခဲပျောက်ဆေး အများကြီးသောက်နေတဲ့သူ၊ သူ့သားမှာက အက်စမာအရေပြားရောဂါ။


တနေ့ကို ကြိမ်ဖန်များစွာ ခေါင်းထိုးကိုက်၊ ခေါင်းကိုက်ရင် သေမတတ် ဝေဒနာခံစားရတဲ့ အမျိုးသမီး၊ ခြေတဖက်မရှိပေမဲ့ ရေခဲပြင်ဟော်ကီလိုမျိုး အားကစားသမား။ လက်တွေကို အရမ်းသုံးရလို့ တနေ့မသန်မစွမ်းဖြစ်မှာကို စိတ်ပူနေတဲ့သူ။


မိဘတွေက အိုဗာဝိတ်လည်းမဟုတ်၊ fast food လည်းမစား၊ ကျန်းမာရေးနဲ့ညီညွှတ်တာတွေ စားနေရဲ့သားနဲ့ အိုဗာဝိတ်ဖြစ်နေတဲ့ ကလေးရဲ့ဗိုက်ထဲမှာ ကောင်းတဲ့ပိုးနည်းနေလို့ ကောင်းတဲ့ပိုး benefitical bacteria တွေ ဘယ်လိုပြန်ထည့်သလဲ။

20 August 2017

Living with Lupus - 5

လုပက်စ်ဆိုတာ Systemic Lupus Erythematosus ရောဂါရဲ့ အတိုကောက်နာမည် ဖြစ်ပါတယ်။ လုပက်စ်ဆိုတာကို စကြားဖူးတာက ၂၀၀၉  စင်္ကာပူရုံးမှာ လုပ်ဖော်ကိုင်ဖက် အစ်မက သူ့ခန္ဓာကိုယ် နာကျင်ကိုက်ခဲတယ်လို့ ပြောတုန်းက ကိုယ်တို့က စနောက်နေကြတာ။ နောက်တော့ သူ့မိဘတွေ မြန်မာပြည်ပြန်တော့ လေဆိပ်လိုက်ပို့ပေးအပြီးအပြန်မှာ ဆေးရုံတခါတည်း တန်းတင်လိုက်ရတယ်။ ရောဂါက လုပက်စ်တဲ့ autoimmune disease ကိုယ်ခံအားစနစ်က ကောင်းတဲ့တစ်ရှူးဆဲလ်တွေကို ခွဲခြားမသိတော့ဘဲ ပြန်တိုက်ခိုက်တဲ့ရောဂါ။ ကီမိုသရဖီဆေးတွေ သောက်ရလို့ ဆံပင်တွေကျွှတ် မျက်လုံးခြောက်သွှေ့လို့ မျက်စိဆရာဝန်နဲ့ပြ နေ့လည်ထမင်းစားဖို့သွှားကြရင် ထီးဆောင်းတယ်။ ၂၀၁၄ ဒီဇင်ဘာမှာ လက်ဆစ်တွေ ကြီးလာလို့ ဂေါက်ဖြစ်တာလားထင်ပြီး ဆရာဝန်သွှားပြတာ လုပက်စ်တဲ့။ လုပက်စ်ကလည်း အရိုးအဆစ်တွေ ယောင်ရမ်းတာမို့ လေးဖက်နာနဲ့တော်တော်လေး ဆင်တူပြီး ဆရာဝန်တွေ တော်တော်ခွှဲခြားရ ခက်ပါတယ်။ ကိုယ့်ဆရာဝန်က လုပက်စ်ရောဂါလို့ စစ်ဆေးတွေ့ရှိပြီးတော့ Rheumatologist ဆီ ပို့လိုက်ပါတယ်။ လုပက်စ် ဘာကြောင့်ဖြစ်ရတာလည်းဆိုတာ ခုထိအဖြေမရှိသေးပါဘူး။ နျူးကလီးယား၊ စစ်ဒဏ်ခံရတဲ့ဒေသမှာ ကြီးပြင်းခဲ့လို့၊ မျိုးရိုးဗီဇ၊ နေထိုင်မှုပုံစံကြောင့် ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ စစ်ဒဏ်ခံရတဲ့ ကချင်၊ ရှမ်း၊ ကရင်ဒေသမှာ ကြီးပြင်းခဲ့တာလားလို့မေးတော့ ဟင့်အင်း ကိုယ်က ဧရာဝတီတိုင်းမှာ ကြီးပြင်းခဲ့တာ။ မျိုးရိုးထဲမှာလည်း လေးဖက်နာဖြစ်တဲ့သူလို့ မကြားဖူးဘူး။

နေထိုင်မှုပုံစံကလည်း အသီးအနှံ အရမ်းကြိုက်၊ ကိုကာကိုလာ၊ အာလူးကြော်မကြိုက်၊ အဆီတွေမစား ၊ ရေနွှေးကြမ်း အမြဲသောက်၊ စားတာသောက်တာ ကျန်းမာရေးနဲ့ ညီညွှတ်တယ်။ လမ်း ၄၊ ၅ မိုင် ၊ တောင် ၇ မိုင် တက်တယ်၊ ဂျော့ကင်းပြေးတယ်၊ ကိုယ်ဘယ်လိုနေထိုင် စားသောက်တယ်ဆိုတာသိတဲ့ ဝိုင်းက မင်း ဒီလောက် ကျန်းမာရေးနဲ့ ညီညွှတ်အောင် နေတဲ့သူတောင် ရောဂါဖြစ်တယ်ဆိုတာ မယုံနိုင်စရာဘဲတဲ့။ အဲ စိတ်ဖိစီးမှုကတော့ အင်မတန်များတယ် ယူအက်စ်ရောက်ပြီးကတည်းက ပူလိုက်ရတဲ့စိတ် စာမေးပွဲကျလို့၊ သတ်မှတ်ထားတဲ့ ဂရိတ်တွေရပြီး စာမေးပွှဲတွေအောင်ဖို့၊ အလုပ်ရဖို့၊ အလုပ်ထဲမှာလည်း အဆင်ပြေဖို့၊ ပြည်နယ်တွေပြောင်း၊ အလုပ်တွေပြောင်း၊ အရင်တုန်းက ဆင်အော်ရင်တောင်မနိုး အအိပ်ပုတ်တဲ့သူဟာ ယူအက်စ်ရောက်ကတည်းက အိပ်မပျော်တော့ဘူး။ ကိုယ်ကလည်းကိုယ် အလုပ်ထဲမှာ အဆင်မပြေရင် တချိန်လုံးအဲဒါကို စိတ်ရောက်နေတာ အိမ်မက်ထဲမှာတောင် ကုတ်တင်း (ကွှန်ပျူတာပရိုဂရမ်းမင်း) တွေ ရေးနေတတ်တယ်။ အလုပ်ကို အလုပ်မှာထားခဲ့ အချိန်တန်ရင် ပြီးသွှားမှာပဲလေလို့ စိတ်မထားနိုင်ဘူး Stress Management ညံ့တယ်ဆိုပါတော့။ လုပ်တဲ့ကုမ္ဗဏီကလည်း တရုတ်ကုမ္ဗဏီ အသေခိုင်း ပရောဂျက် ၂၊ ၃ ခုလောက်ကို တချိန်တည်း လုပ်ရတော့ ခေါင်းကအမြဲ မီးတောက်နေတယ်။ စိတ်ဖိစီးမှုကြောင့် ဖြစ်တယ်လို့ပဲ ယူဆလိုက်တယ်။ ကိုယ်ခံအားစနစ်က ကောင်းတဲ့ဆဲလ်တစ်ရှူးအော်ဂင်တွေကို မခွှဲခြားနိုင်တော့ဘဲ ကိုယ့်ခန္ဓာကိုယ်ကို ပြန်တိုက်တဲ့ရောဂါ။ ကုသနိုင်တဲ့ဆေး မပေါ်သေးဘူး ဆေးတွေသောက်ပြီး လူ့သက်တမ်းစေ့ နေထိုင်သွှားနိုင်တယ် အိမ်ထောင်သားမွှေး ပြုနိုင်တယ်။

ဆနွှင်း၊ Carlson Cod Liver Oil ၊ Apple Cider Vinegar
ဘယ်လိုလူတွေ ဖြစ်သလဲဆိုတော့ ငယ်ရွှယ်တဲ့ အမျိုးသမီးတွေမှာ အဖြစ်များတယ်။ ကော့ကေးရှန်းတွေ အဖြစ်နည်းတယ်တဲ့။ အဆိုတော်သရုပ်ဆောင် ဆီလီနာဂိုမက်၊ ရပ်ပါအဆိုတော် မစ်ဆီအစ်လီရက်၊ America Got Talent အစီအစဉ်တင်ဆက်တဲ့ နစ်ကင်နွှန်တို့လည်း လုပက်စ်ရောဂါ ရှိတယ်။ သူများကို မကူးစက်တတ်ပါဘူး အေအိုင်ဒီအက်စ်က ခုခံအားကျဆင်းပြီး လုပက်စ်ကတော့ ခုခံအားကောင်းလို့ ဖြစ်တာပါ။ ဘယ်အချိန် ဘယ်နေရာကို တိုက်ခိုက်မလဲ မသိနိုင်သလို တယောက်နဲ့တယောက် မတူဘူး။ အဆစ်တွေကိုက်ခဲယောင်ယမ်းမယ်၊ အရေပြားမှာ နေလောင်သလို ဖြစ်မယ်၊ မောမယ်။ တီဗွီမရှိဘူးဆိုတာ စစ်ဆေးပြီးမှ Hydroxychoroquine တိုက်တယ်။ အဲဒီဆေးက ငှက်ဖျားဆေးအဖြစ် သုံးခဲ့တာ နှစ်ပေါင်း ၃၀ အတွင်း လုပက်စ်အတွှက် FDA အတည်ပြုတဲ့ တစ်ခုတည်းသောဆေးပါ။ ဆိုးကျိုးက မျက်စိခြောက်သွှေ့လို့ မျက်စိဆရာဝန်နဲ့ ခြောက်လတစ်ခါ စစ်ဆေးရပါတယ်။ အမြဲနာကျင်ကိုက်ခဲနေပြီး မသက်သာလို့ prednisone စတိုက်ပါတယ်။ ဆိုးကျိုးက အရိုးပါးစေတာမို့ ကယ်လစီယမ် သောက်ရပါတယ်။ immunesupressive drug ကြောင့် ကိုယ်ခံအားနည်းလာပြီး shingles မီးလောင်ဖုလိုမျိုးတွေ ဖြစ်တယ်။ အစားအသောက်ပျက် ဘာမှစားမဝင် ပင်ပန်းနွှမ်းနယ် ည ၉  နာရီဆို ခေါင်းကဒေါင်ချာဆိုင်း ဒူး လက်ဆစ် ခြေကျင်းဝတ်တွေ ယောင်လို့ လမ်းလျှောက်ရင် ကွှတကွှတ လိပ်နှုန်းနဲ့လျှောက်ရတယ်။ ဘော်စတွန်ဟာဘားခရူစီးဖို့ နေပူထဲမှာ နာရီဝက်လောက်စောင့်၊ တနာရီလောက် ခေါင်မိုးထပ်ကနေစီးတော့ ပါးနှစ်ဖက်နဲ့ နှာခေါင်းမှာ နေလောင်ကွှက် butterfly rash ဖြစ်တာ တစ်နှစ်ကျော်လောက် ကုယူရတယ်။

အဲဒီကတည်းက လက်ရှည်၊ ဘောင်းဘီရှည်ဝတ်၊ ဦးထုပ်အကြီးကြီးဆောင်း၊ နေကာမျက်မှန်တပ်၊ နေကာခရမ်လိမ်းနဲ့ နေရောင်ကို သတိထားရတယ်။ အသားအရေခြောက်လို့ အဖတ်အဖတ်ကွှာတယ် ဂရစ်စလင်း လိမ်းတောင်မရဘူး။ ငှက်ဖျားဆေးကလည်း sun exposure ရှိတယ် နေရိပ်ထဲမှာနေလည်း နေကာခရမ်လိမ်းရတယ်။ နာကျင်ကိုက်ခဲတာ မသက်သာတော့ Methotrexate ကီမိုသရဖီဆေး တိုက်တယ်။ ဆံပင်ကျွှတ်တယ် တဖြည်းဖြည်း ပိန်လာတယ် လှေကား ၁၀ ထစ်တောင် မတက်နိုင်ဘူး မောလို့။ ရင်ဘတ်အောင့်တယ် အိပ်ရင် ပက်လက်ပဲအိပ်လို့ရတယ် ဘယ်ညာစောင်းလို့ မရဘူး။ အဆုတ်ကိုထိတယ်ထင်လို့ အဆုတ်ဆရာဝန်ပြတာ အဆုတ်က နည်းနည်းကျုံ့သွှားတယ် ယောင်ယမ်းပေါက်ကွှဲထားတဲ့ ဒဏ်ရာလေးတွေရှိတယ် အဆုတ်အားနည်းတယ်တဲ့။ ဒီဆရာဝန်နဲ့မဖြစ်တော့ဘူးဆိုပြီး မွှေးစားအမေ သမီးအငယ်ပြနေတဲ့ ဆရာဝန်ဆီပြောင်းတော့ ဆရာဝန်မက ပါကစ္စတန်သူ တရုတ်ဆရာဝန်က သူ့တပည့်တဲ့။ prednisone 60 mg နဲ့ ကိုယ်ခံအားကို ဖိချလိုက်တော့ မျက်နှာကြီး ဖောင်းကားလာတယ် တချိန်လုံးဆာနေ စားနေတော့ ဝိတ်တက်လာတယ် Shingles ဝင်တယ်။ နှစ်လတခါ ဆရာဝန်နဲ့တွေ့ပြီး သွှေးဖောက် prednisone ကို လျှော့တယ် ဒါပေမဲ့ ခန္ဓာကိုယ်တွှင်း ယောင်ယမ်းတဲ့ C-reactive protein CRP က အတော်လေးမြှင့်နေတယ်။ ကံကောင်းတာက ကျောက်ကပ်မထိသေးဘူး။ မကြီးညွှန်လို့ ဆရာမကြီးဒေါက်တာဒေါ်ခင်နွှယ်ဝင်း ဖေ့ဘွှတ်ကို ဖတ်တယ် ယူကျူမှာ နားထောင်တယ်။ autoimmune disease အများစုက အူမကောင်းလို့ ဖြစ်ရတာတဲ့ Probiotics သောက် မသောက်နိုင်ရင် အိမ်မှာလုပ်တဲ့ ချဉ်ဖတ်စားဆိုလို့ ပဲပင်ပေါက်ချဉ်ဖတ်၊ မုန်လာဥချဉ်ဖတ် တည်စားတယ် Probiotics သောက်တယ်။

Life Extension က ထုတ်တဲ့ဆေးတွေ ကိုယ်သောက်နေတာ
ဆရာမကြီးပြောတဲ့ ဆေးတွေအကုန်လုံးပဲ

D3 5000 ၂ လုံးသောက်တယ် Carlson cod liver oil ကို ဆနွှင်းနဲ့ တနေ့ ၂ ကြိမ်သောက်တယ်။ Apple cider vinegar ကို အစာမစားခင် ရေအေးနဲ့သောက်တယ်။ အရိုးပြုတ်ရည်သောက် gluten ရှောင် အရွှက်ပြုတ်ဖျော်ရည်သောက် ငါးကြီးဆီ Maganesium ၊ Zinc ၊ Selenium ၊Super K ၊ B12 ၊ မျက်စိအတွက် MacuGuard သောက်တယ်။ LifeExtension ဆိုဒ်မှာ ဈေးချတော့ နှလုံးအတွှက် CoQ10 ၊ အရိုးအတွက် Glocosamine Chondroitin ၊Alpha-Lipoic Acid ၊ ခန္ဓာကိုယ်ယောင်ရမ်းတာအတွက် Black Cumin Seed Oil ၊ ကင်ဆာပျောက်တယ်လို့ ပြောနေကြတဲ့ Dandelion Root သောက်တယ်။ အားလုံးက ဆရာဝန်ဆေးစာရွှက် မလိုဘဲ supplement အနေနဲ့ဝယ်လို့ရတယ်။ အဖေက ခြေထောက်နာလို့ ညတိုင်း ခြေထောက်ကို Epsom Salt နဲ့ရေနွှေးနဲ့စိမ်တယ် သက်သာတယ်လို့ပြောတယ်။ အလင်းရောင်မြင်ရင် အသံကြားရင် ချွှပ်ချွှပ်သံကြားရင် အိပ်မပျော်တဲ့ အိပ်ရေးဆတ်တဲ့ အဖေ့အတွက် အဝတ်စထဲ ဆားခါးထည့်ပြီး ခေါင်းအုံးလုပ်ပေးထားတယ် အိပ်ပျော်တယ်ဆိုပဲ။ Dr.Teals က ထုတ်တဲ့ ဆားခါး ရေချိုးဆပ်ပြာ၊ လိုးရှင်းလိမ်းတယ်။ ဆရာမကြီးပြောတဲ့အတိုင်း လိုက်နာကျင့်သုံးကြတယ်။ အလုပ်အပြောင်းအလဲဖြစ်ပြီး အလုပ်သစ်ဝင်တာ ၃ လလောက်မှာ ကျန်းမာရေး အာမခံကဒ်ရတာမို့လို့ ၆ လလောက် ဆရာဝန်မပြဖြစ်ဘူး။ အဲဒီအတွင်း ကိုက်တာခဲတာ ဘာမှမရှိဘူး တောင် ၇ မိုင်တက်နိုင်လို့ မကြီးက နင် လုပက်စ်ဖြစ်နေတယ် ဆိုလို့သာ သာမာန်လူတွေထက်တောင် ကျန်းမာသေးတယ်တဲ့။ Rheumatologist က ဘာဆေးတွေသောက်လဲမေးတော့ ဆနွှင်းနဲ့ cod liver oil သောက်တယ်ဆိုတော့ အရမ်းကောင်းတယ်တဲ့။

ရှေ့အပတ်သွှေးစစ်တဲ့ အဖြေအရ ၂ နှစ်ခွဲလောက် လုံးဝမကျတဲ့ ယောင်ယမ်းတဲ့ CRP တွေ ကျလာတယ် သွှေးအားနည်း 7.8 ပဲရှိလို့ သွှေးဆရာဝန်နဲ့ ပြခိုင်းတယ်။ မူးလဲနေမှာစိုးလို့ ဖုန်း ၂ ခါတောင် ဆက်တယ်။ ပုံမှန်ဆို 9 ရှိနေတာ ဒီတခါတော့ တအားနည်းနေလို့ ဆရာဝန်မက စိတ်ပူနေတာ လုပက်စ်က သွှေးကို တိုက်နေတယ်ထင်နေတယ်။ သွှေးအားနည်းတယ်ဆိုပေမဲ့ ကိုယ်တော့ မူးတယ်မောတယ် မခံစားရဘူး။ သွှေးအားနည်းနေတယ်ဆိုတော့ သွှေးအားကောင်းစေတဲ့ အစားအစာတွေစား Iron သောက် ခန္ဓာကိုယ်မှာ လိုအပ်တဲ့ဓာတ်တွေ ဖြည့်ပေါ့။ မျက်စိဆရာဝန်၊ နှလုံးဆရာဝန်နဲ့ပြတော့ အားလုံးကောင်းတယ်။ နှလုံးက မာမာသံတောင် မကြားရလို့ အပ်ခိုး၊ အီကေဂျီတနေကုန်တောင် မဆွဲခိုင်းတော့ဘူး။ နှလုံးဆရာဝန်မနဲ့ ဆနွှင်း သဘာဝဆေးတွေအကြောင်း ပြောဖြစ်တယ်။ သူလည်း အဲဒါတွေသောက်တယ်တဲ့။ နောက်အပတ်ကျရင် အဆုတ်ဆရာဝန်နဲ့ ပြရမယ်။ ကောင်းမယ်လို့ထင်တယ် ခု 5K ၃ မိုင် ပြေးဖို့ လေ့ကျင့်နေတာမို့ အမောခံနိုင်တယ် အဆုတ်ကောင်းတယ်လို့ ထင်တယ်။ ချစ်အမကြီးမခိုင် 5K ပြေးမယ် လိုက်မလားခေါ်တော့ လိုက်မယ်ပေါ့ ကိုယ်တိုင်ပြေးကြည့်မှ အယ်မလေး ၁ မိုင်တောင် မနည်းပြေးရတယ် ၃ ခါလောက် နားပြီးတော့။ နောက်တော့ 5 K အတွက် ဘယ်လိုပြင်ဆင်ရမလဲ ဆောင်းပါးတွေဖတ်တော့ ဖိနပ်ကအရေးကြီးတယ်။ အားကစားပစ္စည်းတွေ ရောင်းတဲ့ဆိုင်မှာ မဝယ်ဘဲ အပြေးအတွှက် သီးသန့်ရောင်းတဲ့ဆိုင်မှာ ဝယ်ပါတဲ့။ Jack Rabbit ဆိုင်ကိုသွှားပြီး ငါ 5K အတွှက် လေ့ကျင့်နေတယ် ဈေးသိပ်မကြီး ပေါ့တဲ့ဖိနပ်ပေးပါလို့ပြောတော့ ခြေထောက်ကိုတိုင်း Treadmill မှာ လမ်းလျှောက်ခိုင်း ဆိုင်ထဲမှာ လမ်းလျှောက်ခိုင်း ကိုယ်ရဲ့ခြေထောက်ပုံစံ လမ်းလျှောက်တဲ့ပုံစံကိုကြည့်ပြီး သင့်တော်တဲ့ဖိနပ် ၄၊ ၅ ရံ လာချပေးတယ်။

5K run အတွက် အပြေးဖိနပ်
Nike Zoom Structure 20 ဖိနပ်အသစ်နဲ့ အရင်ကထက် ပြေးနိုင်လာတယ်။ ခြေအိတ်လည်း အရေးကြီးတယ် ခန္ဓာကိုယ်က တဖြည်းဖြည်း လေ့ကျင့်ရင် ရပါတယ်။ ၃ မိုင်ကို မိနစ် ၄၅ ၊ ၅၀ မိနစ်လောက် ပြေးရတယ်။ MapMyRun Apps ကို သုံးပါတယ် တပတ် ၃ ရက် ပိတ်ရက်တွေမှာရော အားရင်အားသလို သွှားပြေးတယ်။ ဖုန်းကျမကွှဲအောင် လက်မှာပတ်ထားတဲ့ဟာ၊ Sport bra နဲ့ပြေးတဲ့ gear တွေ ဝယ်ရသေးတယ်။ အောက်တိုဘာ ၇ ရက်နေ့မှာ 5K run မှာပါ ပန်းဝင်ခဲ့ရင် ဆုတံဆိပ်ကို ကြွှားမယ်နော်။ အဆုတ်ဆရာဝန်နဲ့ တွေ့ပြီးမှပဲ ကိုယ်ထင်တာတွေ မှန်မမှန် သိရမယ်။ ၃ မိုင် ပြေးပြီးရင် တောင်ထိပ်က မြက်ခင်းစိမ်းစိမ်းလေးမှာ ဖိနပ်မပါ၊ ခြေအိတ်မပါဘဲ ၁၀ မိနစ်လောက် လမ်းလျှောက်တယ် ဆရာမကြီးပြောတဲ့အတိုင်း မြေကြီးဓာတ်ယူတာ။ မကြီးက သိုင်းရွှိုင်းတစ်လုံး ထုတ်ထားတယ် ဆရာမကြီးပြောတဲ့ သိုင်းရွှိုက်ဆေးသောက်တာ ဆံပင်ကျွှတ်တာ သက်သာတယ် အမောခံနိုင်လာတယ်တဲ့။ အဖေအမေလည်း ယူအက်စ်ကိုလာတော့ ပန်းသီးရှလကာရည်၊ ဆနွှင်းနဲ့ cod liver oil ကို မျက်စိမှိတ် သောက်ကြတယ်။ မြန်မာပြည်ပြန်ရောက်တော့ ပန်းသီးရှလကာရည် ဝယ်သောက်တယ်တဲ့။ ကိုယ်ကျန်းမာရေး ကောင်းလာတာ မြင်ရတော့ ဆရာမကြီးကို သိပ်ကျေးဇူးတင်ကြတယ်။ Rheumatologist  တွေက prednisone ကို တိုးလိုက်လျှော့လိုက် တိုက်ကြတာပါ။ ကိုယ်ကျန်းမာလာတာ ဆရာမကြီး ညွှန်ကြားတဲ့အတိုင်း နေထိုင်စားသောက်လို့ပါ။

ဆရာမကြီးက သူပြောတာတွေ ယုံလို့လည်း မပြောဘူး လိုက်လုပ်ကြည့် အဆင်ပြေရင်ဆက်လုပ် အဆင်မပြေရင် ရပ်လိုက်။ MMR ဆေးနဲ့ အော်တစ်ဇင် ဆက်နွှယ်ချက် သုတေသနတွေ့ရှိချက်ကို ရှယ်တာပါ သူ့မြေးလည်း အဲဒီဆေး မထိုးမနေရလို့ ပြောပြီးသား။ အဲဒါကို ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ အပြစ်တင်ရေးသားချက်တွေကို တွေ့ရတော့ အတော်စိတ်မကောင်းဘူး။ မြန်မာလူမျိုးတွေဟာ ကင်ဆာအဖြစ်အများဆုံး ကင်ဆာမဖြစ်အောင် ကျန်းမာအောင် ဘယ်လိုနေထိုင် စားသောက်ရမယ်ဆိုတာ စေတနာနဲ့ဟောပြောတော့လည်း အပြောခံရတယ် စေတနာနဲ့မတန်တဲ့သူတွေ အတော်စိတ်ပျက်စရာပဲ။ ကိုယ်တွေကတော့ ဆရာမကြီးကြောင့် ရောဂါသက်သာလာတာ ကိုယ်တွေ့ဆိုတော့ ဆက်လုပ်သွှားမယ်။ လုပက်စ်အတွက် သတင်းကောင်းတစ်ခုကတော့  ရှိပြီးသားဆေးတစ်မျိုးနဲ့ ဆေးအသစ်ကို ကြွှက်တွေမှာ စမ်းသပ်ကြည့်တာ အောင်မြင်တယ်လို့ ဆိုပါတယ်။ နှစ်အနည်းငယ်အတွှင်းမှာ ဆေးအသစ်ကို လူတွေမှာ Trial စမ်းသပ် အောင်မြင်ရင် FDA အတည်ပြုချက်ရယူပြီး အန္တာရာယ်အနည်းဆုံး ဈေးသက်သက်သာသာနဲ့ ဖြန့်ဖြူးနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ ဆေးအသစ် မထွက်ခင် ဆရာမကြီးပြောသလို ခန္ဓာကိုယ်ကြီး မယောင်ရမ်းအောင် သံချီးမတက်အောင် ကိုယ်ခံအားတွေ ကောင်းအောင်လုပ်ပြီး ကျန်းမာအောင် နေသွှားကြရအောင်။

စန်းထွန်း
သြဂုတ် ၂၀၊ ၂၀၁၇။

ရေးခဲ့ပြီးတာတွေက
Lupus - ၁
Lupus  - ၂
Living with Lupus - 1 
Living with Lupus  - 2
Living with Lupus - 3 
Living with Lupus - 4 

Lupus Cure News
http://www.achieveclinical.com/news/cure-lupus-coming-soon/

Autoimmune disease အတွှက် Dr.Axe ရေးထားတဲ့ ဆောင်းပါး
https://draxe.com/4-steps-to-heal-leaky-gut-and-autoimmune-disease/
https://draxe.com/top-5-lupus-natural-treatment-remedies/

01 April 2017

Living with Lupus - 4

လုပက်စ်လို့ အတိုကောက်ခေါ်ကြတဲ့ SLE - Systemic Lupus Erythematosus က autoimmune disorder disease ကိုယ့်ကိုအကျိုးပြုတဲ့ဟာလား အဆိုးပြ ုတဲ့ဟာလားလို့ မခွဲခြားနိုင်တော့ပဲ ကိုယ့်ခန္ဓာကိုယ်က ကိုယ့်ကိုကိုယ် ပြန်တိုက်တဲ့ ရောဂါပါ။ အသည်းရောင်အသားဝါ၊ အေအိုင်ဒီအက်စ် ရောဂါတွေလို မကူးစက်တတ်ဘူး။ ဘာကြောင့်ဖြစ်ရတာလဲလို့ မသိသလို ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဝါးလည်း မရှိသေးဘူး။ genetic မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်၊ နေထိုင်မှု life stlye ကြောင့် ဖြစ်ရတယ်လို့ ယူဆပြီး ဆေးနဲ့ထိန်းပြီး သာမာန်လူလို အိမ်ထောင်သားမွေးပြု လူ့သက်တမ်းစေ့ နေသွားနိုင်ပါတယ်။ အသက်ငယ်တဲ့လူတွေမှာ အဖြစ်များပြီး ယောကျ်ားထက် မိန်းမမှာ အဖြစ်များတယ်။ ကော့ကေးရှန်း အဖြူတွေထက် အာရှ၊ အမည်း၊ လက်တင်အမေရိက လူမျိုးတွေမှာ အဖြစ်များတယ်တဲ့။ ဂျက်စတင်ဘီဘာရဲ့ ရည်းစားဟောင်း အဆိုတော်နဲ့ သရုပ်ဆောင် ဆလီနာဂိုမတ်၊ အဆိုတော် မက်ရီရာကာရေးရဲ့ ခင်ပွန်းဟောင်း America got talent အစီအစဉ် တင်ဆက်သူ နစ်ကန်နွန်မှာ လုပက်စ်ရှိတယ်။ လုပက်စ်က လေးဖက်နာနဲ့ ရောဂါလက္ခဏာ ဆင်တူတော့ လေးဖက်နာလို့ ထင်တတ်ကြတယ်။ ၂၀၁၄ ဒီဇင်ဘာမှာ လုပက်စ်ရောဂါ ရှိနေတာကို သိလိုက်ရပြီး ဒေါက်တာချန်နဲ့ ပြနေတာ ၂၀၁၅ မှာ ပိုဆိုးလာပါတယ်။ ၂၀၁၅ ဇွန်မှာ ကိုယ့်ဘွဲ့နှင်းတက်ဖို့ လာကြတဲ့ အဖေ၊ အမေတို့ကို အမေရိကန် အရှေ့ဖက်ခြမ်း၊ အနောက်ဖက်ခြမ်းတခွင် လိုက်ပို့တော့ ခြေထောက်၊ ဒူးနာလို့ လမ်းမလျှောက်နိုင်၊ ခံတွင်းပျက်လို့ ဘာဆိုဘာမှ စားမဝင်တဲ့ ကိုယ်ကိုကြည့်ပြီး အဖေက မျက်ရည်ကျတယ်။

မနက် ၉  နာရီ နေပူပြင်းတဲ့အချိန် နာရီဝက်လောက် ဘော်စတွန်ဟာဘား ခရူသင်္ဘောစီးဖို့ တန်းစီစောင့်။ ခရူသင်္ဘောပေါ်မှာလည်း အမိုးအကာမပါတဲ့ အပေါ်ဆုံးထပ်ကနေစီး။ sunscreen နည်းနည်းပဲလိမ်းတော့ မျက်နှာတခုလုံး နီရဲယောင်ကိုင်း butterfly rash ဖြစ်ပြီး မည်းကျန်ခဲ့တာ တစ်နှစ်လောက် ကုယူရတယ်။ ဒေါက်တာချန်ကိုပြတော့ လူးပက်စ်ကြောင့်ဖြစ်တာ မဟုတ်ဘူး အရေပြားဆရာဝန်နဲ့ သွားပြတဲ့။ အရေပြားဆရာဝန် ဒေါက်တာခုန်းကို သွားပြတော့ လုပက်စ်ကြောင့် ဖြစ်တာ ပရက်နိုဆုန်းလိုတယ်တဲ့။ အဲဒီတုန်းက ဒေါက်တာချန်က ပရက်နိုဆုန်း မတိုက်သေးဘူး ဒေါက်တာခုန်းက ပရက်နိုဆုန်းတိုက်တယ်။ လုပက်စ်နဲ့ပတ်သက်တဲ့ စာတွေဖက်ထားတော့ ဒီလိုဖြစ်တာ butterfly rash လုပက်စ်ကြောင့် ဖြစ်တယ်ဆိုတာကို ကိုယ်ကသိနေတာကို လုပက်စ်ကြောင့် မဟုတ်ဘူးလို့ပြောတော့ စိတ်တိုလိုက်တာ။ ကိုယ်လက်ကိုက်ခဲတာတွေ တော်တော်လေး ဆိုးလာတော့မှ ပရက်နိုဆုန်းတိုက်တယ်။ ဒေါက်တာချန်က ငယ်သေးတော့ ပရက်နိုဆုန်း မတိုက်ချင်ဘူးတဲ့။ ကိုယ်လက်အမြဲကိုက်ခဲ ပင်ပန်းနွမ်းနယ်ပြီး ပိတ်ရက်ဆို ဘယ်မှမသွားချင် ကုတင်ပေါ်မှာပဲ လှဲအနားယူနေတော့တယ်။ အရင်တုန်းက ၁၁၆ ပေါင် ရှိနေတာကနေ တဖြည်းဖြည်း ပိန်လာတာ ၉၆ ပေါင်ပဲ ရှိတော့တယ်။ လူက တကယ့်ကို ယဲ့ယဲ့လေး လေတိုက်ရင် လဲတော့မယ် စကားကို အကြာကြီး မပြောနိုင်ဘူး။ ရထားဘူတာရုံက လှေကားထစ်တွေကို တက်ပြီးရင် ရေသောက်ရတယ် မောလို့။ ဘောင်းဘီတွေ ချောင်ကျလာလို့ ဆိုက်ဇီးရိုး ဝယ်ရတယ်။


ပိန်တာများ တကယ့်ကို ပြားချပ်ချပ် အားမရှိဘူး  လမ်း ၁ မိုင်တောင် မလျှောက်နိုင်ဘူး။ စနစ်တကျ ဝိတ်ချတာမဟုတ်ဘဲ တဖြည်းဖြည်း ပိန်လာတယ်ဆိုတာ ကျန်းမာတဲ့ လက္ခဏာတော့ မဟုတ်ဘူး။ ခြေကျင်းဝတ်၊ ခြေဖမိုးတွေယောင်လို့ ဒေါက်ဖိနပ်တွေ၊ မာတဲ့ဖိနပ်တွေ မစီးနိုင်ဘူး။ ခြေထောက်နာတဲ့လူတွေအတွက် သီးသန့်ဖိနပ်ရောင်းတဲ့ဆိုင်မှာ ကိုယ့်ခြေထောက်ကိုတိုင်းပြီး လာချပေးတဲ့ဖိနပ်တွေထဲက သားရေအပျော့စားဖိနပ်ကို ဝယ်စီးရတယ်။ ဈေးကြီးပြီး မလှပေမဲ့ အတော့်ကိုစီးလို့ကောင်းတဲ့ဖိနပ် သားရေအပျော့စားဆိုတော့ ခြေကျင်းဝတ်၊ ခြေဖမိုးတွေ ယောင်နေလည်း စီးလို့ရတယ်။ ဦးထိပ်ကဖွာ ခွာပါးနေပေမဲ့လည်း အဲဒီဖိနပ်တရံပဲ စီးလို့ရတယ်။ မက်ထရိုဖလိပ် ကီမိုသရိုဖီဆေးတွေ သောက်ရလို့ ဆံပင်ကျွှတ်တယ်။ အဲဒီဆေးတွေ သောက်ချိန်မှာ ကိုယ်ဝန်ဆောင်လို့ မရပါဘူးတဲ့။ မက်ထရိုဖလိပ် သောက်နေတာ အခြေအနေ မတိုးတက်လာတော့ ဒေါက်တာချန်က ဆေးအသစ် ပြောင်းတိုက်ချင်တယ်။ ဆေးအသစ်က FDA က အတည်ပြုချက် မရသေးဘူး အာမခံကလည်း ကာဗာမဖြစ် ၂သောင်းလောက် ကုန်မယ်တဲ့။ အဲဒီဆေးကိုသောက်လို့ သောက်သာမှာလားလို့ ဒေါက်တာချန်ကိုမေးတော့ သူ့လူနာတော်တော်များများ သက်သာလာတယ်တဲ့။ ကျောက်ကပ်ကို မထိသေးတော့ ဆေးအသစ်ဖိုးကို အာမခံက မပေးနိုင်ဘူးတဲ့။ ဆေးအသစ်ကတော့ finanical aid တွေ ပေးပါမယ် installment လစဉ်ပေးပြီး ဆပ်လို့ရပါတယ်လို့ စာတွေလာတယ်။ ရောဂါသက်သာလာမယ်ဆိုရင် ပိုက်ဆံကုန်ရင်ကုန်ပါစေ သောက်မယ်လို့ စဉ်းစားထားတယ်။

မက်ထရိုဖလိပ် ကီမိုသရပီဆေးတွေကပြင်းတော့ တချိန်လုံး အိပ်ချင်နေတယ် ခေါင်းမထောင်နိုင်ဘူး တနေကုန် အိပ်ထားတော့ ည ၂ နာရီလောက်ဆို အိပ်လို့မရတော့ဘူး အတင်းဇွှတ်မှိတ်အိပ်တော့ ခေါင်းတွေမူးပြီးအန်။ မနက် ၆ နာရီ အိမ်အနီးအနားတဝိုက်မှာ မိနစ် ၃၀ လောက်လမ်းလျှောက် အိမ်ပြန်ရောက်ရင် ပြန်အိပ်။ ညဖက်ဆို ပက်လက်ပဲ အိပ်လို့ရတယ် ဘယ်ဖက်၊ ညာဖက်စောင်းအိပ်ရင် ကျောကုန်းနာတယ် အောင့်တယ်။ ဒေါက်တာချန်ကိုပြတော့ လုပက်စ်က အဆုတ်ကို တိုက်နေပြီထင်တယ်တဲ့။ ဆေးခန်းက ပြန်လာပြီးကတည်းက စောင်းအိပ်လို့မရဘူး ကုတင်ဘေးမှာ ထိုင်လျက်လေး အိပ်ရတယ်။ နေမကောင်းလို့ ခွင့် ၄ ရက် ယူတယ် စားစရာမရှိလို့ အိမ်ရှင်ရဲ့နွားနို့၊ ပေါင်မုန့်တွေ ယူစားရတယ်။ မကြီးဖုန်းဆက်လိုက်လို့ ကိုယ့်မွေးစားအမေ၊ သူ့သူငယ်ချင်းက လာပြီး အစားအသောက်တွေပေး၊ ဂရုစိုက်တော့မှ နည်းနည်းနေကောင်းလာတယ်။ အဆုတ်ဆရာဝန်နဲ့သွားပြ စီတီစကန်ရိုက်ကြည့်တော့ အဆုတ်မှာ အနာလေးတွေ တွေ့တယ်တဲ့။ လုပက်စ်ကြောင့် အဆုတ်ကျုံ့တာဖြစ်နိုင်သလို၊ မက်ထရိုဖလိတ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်နိုင်တယ်ဆိုပြီး မက်ထရိုဖလိတ်ဆေး ဖြတ်လိုက်တယ်။ လုပက်စ်အတွက် FDA အတည်ပြုထားတဲ့ တခုတည်းသောဆေးက hydroxychloroquine 200 mg ဆေးပါ။ အရင်တုန်းက အဲဒီဆေးကို ငှက်ဖျားရောဂါအတွက် သုံးခဲ့ကြတယ်။ အဲဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးက မျက်စိကို ခြောက်သွေ့စေလို့ တစ်နှစ်နှစ်ခါ မျက်စိဆရာဝန်နဲ့ စစ်ဆေးရတယ်။ မွေးစားအမေရဲ့ သမီးငယ်လေးကလည်း လုပက်စ်ဖြစ်နေတာ။ သူ့ဆရာဝန်က တော်တယ် ဆရာဝန်မက ပါကစ္စတန်သူ ဒေါက်တာချန်က သူ့တပည့် တော်တယ်တဲ့။



တီဗွီရှိလားစစ်တယ် မရှိဘူးဆိုတော့မှ prednisone 60 mg တိုက်ပြီး immune system supress လုပ်တယ်။ supress လုပ်တယ်ဆိုတာက ကိုယ်ခံအားကို နည်းစေတဲ့ဆေးတွေတိုက်ပြီး ကိုယ့်ခန္ဓာကို ကိုယ်ပြန်တိုက်နေတဲ့ လုပက်စ်ကို အားနည်းအောင်လုပ်တာ။ ကိုယ်ခံအားနည်းတော့ အအေးမိ၊ singles ဝင်နိုင်တယ်။ မနက်တိုင်း သံပုယိုသီးနဲ့ ပျားရည်ပါဝင်တဲ့ citron tea သောက်၊ ရေချိုးပြီးတာနဲ့ bath robes ဝတ်၊ ညဖက်ဆိုရေမချိုး၊ လက်ကို ဂရုတစိုက်ဆေးတော့ အအေးတော့ မမိဘူး singles တော့ဖြစ်တယ်။ singles ဆိုတာ မီးလောင်ဖုလိုမျိုး အစကတော့ တဖုနှစ်ဖုတည်း တဖြည်းဖြည်း ပြန့်တာအရမ်းမြန်တယ်။ မီးလောင်ဖုတဖုနှစ်ဖုတွေ့တာနဲ့ singles ဖြစ်မှန်းသိတော့ မနှစ်က singles ဖြစ်တုန်းက အရေပြားဆရာဝန်မ ပေးထားတဲ့ ဆေးလိမ်းနေတာ မသက်သာဘူး။ မိသားစုဆရာဝန်ဆီပြတော့ ဆေးလိမ်း ဆေးသောက်ခိုင်းတယ်။ တင်ပါးမှာဖြစ်တော့ မထိုင်နိုင်ဘူး တခြမ်းစောင်း ထိုင်ရတယ်။ မီးလောင်ဖုတွေဆိုတော့ တဖြည်းဖြည်းပိန်သွားရင် သက်သာတယ် အရေကြည်ဖုတွေ ပေါက်သွားလို့ကတော့ အတော်နာတယ်။ ရုံးမတက်နိုင်ဘူး ခွင့် ၂ ရက် ယူရတယ် ဘေးမှာထိုင်တဲ့ ဟောင်ကောင်တရုတ်က ဘာဖြစ်တာလဲမေးလို့ singles ၊ chickenpox ဖြစ်တာဆိုတော့ chickenpox ဆိုတာ ကလေး၊ လူကြီးတွေဖြစ်တာ နင့်အရွှယ်မှာဖြစ်တယ် ဟုတ်လားလို့ ပြောလာတော့ ရှင်းမပြတော့ဘူး။ flu ကာကွယ်ဆေးလို singles ကာကွယ်ဆေး ထိုးလို့ရတယ်။ ဒါပေမဲ့ singles ဖြစ်နေချိန်မှာ ကာကွယ်ဆေး ထိုးလို့ကတော့ တကိုယ်လုံး ပြန့်ကုန်မှာ။ singles ကာကွယ်ဆေးဆိုတာ flu ကာကွယ်ဆေးလိုမျိုး singles bacteria ကို ခန္ဓာကိုယ်ထဲ ထည့်လိုက်တာနေမှာ။ ဒေါက်တာဟူစိန်ကို singles ဖြစ်တယ်လို့ပြောတော့ လက်အိတ်နဲ့စမ်းသပ်တယ်။

၂၀၁၂ ကန်တက်ကီရုံးမှာ flu shot ထိုးဖူးတယ် လက်မောင်းတခုလုံးနာပြီး ၃ ရက်လောက် လက်မြှောက်လို့မရဘူး။ ပီအေရုံးကမန်နေဂျာ flu shot ထိုးပြီးမှ flu ဖြစ်တယ်လို့ ကြားတုန်းက ရယ်လိုက်ကြတာ။ flu shot က ထိုးပြီး ၃ ရက်မှထိရောက်တာဆိုတော့ ၃ ရက်မတိုင်ခင် flu ဝင်တာ ဖြစ်ပါလိမ့်မယ်။ ကိုယ်ခံအားနည်းနေတော့ နမိုးနီးယားဝင်မှာစိုးလို့ နမိုးနီးယားကာကွယ်ဆေး ထိုးရတယ်။ နေ့တိုင်း daposone 100mg နမိုးနီးယားကာကွယ်ဆေး စားရတယ်။ အဲဒီဆေးသောက်နေချိန်မှာ နေရောင်တအားခံလို့မရဘူး should avoid prolonged or excessive exposure to direct and/or artificial sunlight တဲ့။ daposone က အစာမကြေတာတွေ ဖြစ်တတ်တော့ မနက်မိုးလင်းတာနဲ့ omeprazaloe 20mg သောက်ပြီး အစာအိမ်ရှင်းရတယ်။ ၂ လတခါ ဒေါက်တာဟူစိန်နဲ့တွေ့ ဆီးသွေးစစ်၊ ဆေးတွေပြောင်းတိုက်။ သွေးအဖြေထဲမှာ ANCA vasculities positive ပြနေလို့ နားနှာခေါင်းဆရာဝန်နဲ့ ထပ်စစ်ပေးပါတဲ့။ နှာခေါင်းဆရာဝန်က နှာခေါင်းကနေ ပိုက်ထည့်စစ်ပြီး ANCA မရှိပါဘူးလို့ အတည်ပြ ုတယ်။ ANCA က လုပက်စ်လို autoimmune disorder disease သွေးကြောတွေ ယောင်ယမ်းတာ။ အဲဒီရောဂါတွေ့ရှိတဲ့ ဂျာမန်ဆရာဝန် Wegener ကိုအစွဲပြုပြီး  Wegener's granulomatosis လို့ နာမည်ပေးထားတာ ခုတော့ ANCA လို့နာမည်ပြောင်းထားတယ်။ ANCA ရှိတယ်လို့ကြားဖူးတယ် အဲဒီရောဂါက ကြောက်စရာကြီးတဲ့ မိသားစုဆရာဝန်ပြောတာ။ ပရက်နိုဆုန်းကို မြှင့်ထားတော့ ခံတွင်းလိုက်လာပြီး အသားကုန်စားတယ် တချိန်လုံးဗိုက်ဆာပြီး တချိန်လုံးစားနေတယ်။

Photo credit - from model Thandar Hlaing's facebook
Photo credit - from model Thandar Hlaing's facebook
Photo credit - from model Thandar Hlaing's facebook
Photo credit - from model Thandar Hlaing's facebook
Photo credit - from model Thandar Hlaing's facebook

ကိုယ်အလေးချိန် ပြန်တက်လာပြီး မျက်နှာကြီးက လေထိုးထားသလို ဖောင်းကားလာတာများ ဝိုင်းကဆို နင့်မျက်နှာတမျိုးပဲလို့ ပြောတယ်။ ဆံပင်က ပြောင်းဖူးမွှေးသာသာပဲရှိလို့ မကြီးက အတိုလေး ညှပ်ပေးတယ်။ ဝိတ်တက်လာတော့ အားရှိလာတယ် အမောခံနိုင်လာတယ်။ ပရက်နိုဆုန်း မြှင့်ပြီးကတည်းက ဝိတ်တက်လာလိုက်တာ ၂၀၁၅ ဇူလှိုင်မှာ ၁၁၄ ပေါင်။ ၂ လကြာတော့ ပရက်နိုဆုန်း ၄၀၊ နောက် ၂ လကြာတော့ ပရက်နိုဆုန်း ၁၀၊ ၉ ၊ ၈ ၊ ၇ ခု ၆ mg သောက်နေတယ် ။ ပရက်နိုဆုန်းလျှော့တာနဲ့ အမြဲဗိုက်ဆာနေတာတွေ လျှော့သွားသလို ဝိတ်တက်တာလည်း ရပ်သွားပြီး ၁၂၁ ပေါင်မှာ ရပ်နေတယ်။ ပုံမှန်က ၁၁၆ ပေါင်ဆိုတော့ ၅ ပေါင်တက်နေတယ် ဘောင်းဘီက ဆိုက် ၀ နဲ့ မတော်တော့ဘူး ဆိုဒ် ၂ ဝတ်ရတယ်။ အနေတော် တအားဝတာ မဟုတ်ပေမဲ့ နည်းနည်းလေးသလို ခံစားမိတယ်။ ဝိတ်တက်လာတယ်ဆိုတာနဲ့ အသိသာဆုံးက ဗိုက်၊ တင်၊ ပေါင် ကြီးလာတာ သိသာတယ်။ ကိုယ်က ပခုံးသေး အပေါ်ပိုင်းသေးတဲ့သူဆိုတော့ ဝိတ်တက်နေတယ်လို့ မတင်ရဘူး။ ယန်းဆို ဝိတ်တက်လာတာနဲ့ ပခုံးတွေ ကြီးလာတော့တာပဲတဲ့။ ကြီးချင်တဲ့ ရင်ဘတ်ကျတော့ မကြီးဘဲ မကြီးချင်တဲ့ ဗိုက်ခေါက်တွေ  ကြီးလာတယ်လို့ ယန်းကပြောတော့ ရယ်လိုက်ရတာ။ အသက်ကြီးလာတော့ metabolism တွေကျတော့ ပိန်ဖို့သိပ်မလွယ် အရင်ကတည်းက ဘယ်တော့မှ ဝိတ်ကျခဲ့သူ မဟုတ်လို့ ဝိတ်ကျဖို့ အင်မတန်ခက်တယ်။ ကန်တက်ကီအိမ်ရှင် အမေရိကန်မက ထမင်းက ဝိတ်တက်တယ်လို့ ပြောတုန်းက ကိုယ်မွေးကတည်း ထမင်းစားလာတာ ထမင်းကြောင့် ဝိတ်တက်တယ်လို့ မထင်မိဘူး။ ခုတော့  အမှန်ပဲ ထမင်းက ဝိတ်တက်စေတယ် jasmine rice ကို ဆန်အညိုနဲ့ ရောစားတယ်။ jasmine rice ချည်းပဲဆို ဆန်ကကောင်းလွန်းလို့ ထမင်း ၂ ပန်ကန်လောက်စားတယ်။ ဆန်အညိုနဲ့ရောလိုက်တော့ သိပ်စားမကောင်းတော့ဘူး။

ညဖက်ဆို ထမင်းအစား ခေါက်ဆွဲတို့၊ အရွှက်သုတ် စားတယ်။ မကြီးက အာဟာရ၊ ကျန်းမာရေး၊ ကာယလေ့ကျင့်ခန်းတွေ သင်ပေးတယ်။ မော်ဒယ်သန္တာလှိုင်ရဲ့ လေ့ကျင့်ခန်းတွေ လိုက်လုပ်တာ ဗိုက်အရင်ကလောက် မထွက်တာ အတော်သိသာတယ်။ တပတ်ကို ၃ ရက် ၁၀၊ ၁၅၊ ၂၀ ယောဂလေ့ကျင့်ခန်း လုပ်တယ်။ အသီးအရွှက်၊ ကြက်ဥ diet တွေနဲ့ တပတ်ကို ၅၊ ၁၀ ပေါင်ကျတဲ့ လူတွေကို အားကျမိတယ်။ ကိုယ်ကတော့ အပြင်ကပြန်လာရင် ဗိုက်ဆာလို့ ဟပ်ဟပ်ထိုး အဲဒီ diet တွေ မလုပ်နိုင်ဘူး။ ကိုယ့်အတွက်ကတော့ လေ့ကျင့်ခန်းနဲ့ အစားသောက်နဲ့ ထိန်းမှပဲရမယ် ကိုယ့် goal က ဒီထက်ထပ်မဝဖို့၊  ၅ ပေါင်ကျဖို့။ ဝိတ်နည်းနည်း ချသင့်တယ်၊ ဝိတ်ချရမဲ့နည်းလမ်းတွေကိုသိတယ်၊ ဝိတ်ချချင်စိတ်လည်း ရှိတယ်ဆိုတာနဲ့တင် အတော်ဟုတ်နေပြီ ကိုယ့်ကိုကိုယ် အဲ့ဒီလိုအားပေးရတယ်။ မော်ဒယ်လို ပိန်သွယ်နေဖို့ မလိုပေမဲ့ ခန္ဓာကိုယ်မှာ အဆီမရှိမှကောင်းတယ်။ လေ့ကျင့်ခန်းလုပ်တဲ့ ခန္ဓာကိုယ်ဆိုတာ ကြည့်လိုက်တာနဲ့သိသာတယ်။ မေရီလန်းမှာတုန်းက ဆူနမ်တို့နဲ့အတူတူ အိန္ဒိယရုပ်ရှင်ကားတွေကြည့်ရင် ရှရွှတ်ခန်းက အသက် ၅၀ ကျော် ၄၀ လောက်ပဲ ထင်ရတယ်။ ဒီမင်းသမီးက အသက် ၅၅ အသက် ၃၅ လောက်ပဲ ထင်ရတယ်။ ဟင် ဘာလို့နုပျိုနေကြတာလဲ ဘိုတောက်ထိုးလို့နဲ့တူတယ် မဟုတ်ဘူး လေ့ကျင့်ခန်းလုပ်တာ။ ကိုယ့်ကျန်းမားရေးကလည်း တရားထိုင်၊ ယောဂလေ့ကျင့်ခန်း လုပ်ဖို့လိုတယ်။ တနေ့ကို လေ့ကျင့်ခန်း ၁၀၊ ၁၅ မိနစ် လုပ်တာနဲ့တင် အတော်သိသာတယ်။ ၂၀၁၅ တုန်းက ဝိတ်တက်အောင် ကြိုးစားနေတယ်လို့ပြောရင် ဟင် သူများတွေက ဝိတ်ကျဖို့ ကြိုးစားနေတာ နင်က သူများတွေနဲ့ပြောင်းပြန်။ ခုတော့ ဝိတ်ချဖို့ ကြိုးစားနေတယ်၊ တောင် ၇ မိုင်တက်နိုင်၊ စားနိုင်သောက်နိုင်၊ ပြေးနိုင်လွှားနိုင်ပြီဆိုတော့ ကျန်းမာရေးက ဒေါင်ဒေါင်မြည်နေပြီ ဆိုပါတော့။

စန်းထွန်း
ဧပြီ ၁၊ ၂၀၁၇။

20 March 2016

Living with Lupus - 3

ညဖက် ထမင်းစားပြီးရင် ညာဖက်ရင်အောက်ဖက်က အောင့်လာတတ်တယ်။ ခဏကြာရင် ပျောက်သွားတယ်။ ဆရာဝန်ကိုပြောတော့ muscle cramps ကြွက်သားတွေ ညှစ်မိတာ နေမှာပါတဲ့။ ကိုယ့်မွေးစားအစ်မ သမီးအငယ်ကို မေးကြည့်တော့ သူမခံစားဖူးဘူး muscle cramps များလားတဲ့။ ဒီလိုနဲ့ ညာဖက်ကို စောင်းအိပ်လို့မရ၊ ဘယ်ဖက်ကို စောင်းအိပ်လို့မရ၊ တည့်တည့်အိပ်မှပဲ အိပ်လို့ရတော့တယ်။ ထိုင်နေရင်၊ မက်တပ်ရပ်နေရင်၊ တည့်တည့်အိပ်ရင် အကောင်း။ ကိုယ်ကလည်း အိပ်ရင် ဘယ်တော့မှ တည့်တည့်ငြိမ်ငြိမ်လေး မအိပ်ဘူး။ ညာဖက်စောင်း၊ ဘယ်ဖက်စောင်း၊ တခါတလေ ကြမ်းပြင်မှာ ဆင်းအိပ်သေးတယ်။ တရေးနိုးတော့ ကျောနာတယ်ဆိုပြီး ကုတင်ပေါ်ကို တက်အိပ်တယ်။ ကြသပတေးနေ့ကတည်းက အောင့်နေတာ။ သောကြာနေ့က ရာသီဥတုကလည်းအေး အထဲကလည်းအောင့်တော့ အိပ်လို့မရ။ ရုံးကလူတွေ တရုတ်နှစ်သစ်ကူး ဂျပန်ဆိုင်မှာ သွားစားကြတာ မလိုက်နိုင်တော့ဘူး။ Bento box ပဲ မှာလိုက်တော့တယ်။ စနေနေ့ လူးပက်ဆရာဝန် သွားပြတော့ နေလို့မကောင်းဘူး အောင့်တယ်လို့ပြောတော့ ကျောကုန်း၊ ရင်ဘတ်တွေကို နားကြပ်ကြီးနဲ့ သေသေချာချာ နားထောင်တယ်။ ထုံးစံအတိုင်း muscle cramps နေမှာပါတဲ့။ သွေးဖောက်၊ အရင် ၆ လုံး သောက်နေတဲ့ဆေးကို ၈ လုံး တိုးသောက်ခိုင်းတယ်။ ၁ လခွဲနေရင် ပြန်လာခဲ့တဲ့။

ဒေါက်တာချန်ဆီက ပြန်လာပြီးကတည်းက အိပ်ယာထဲ လဲတော့တာပဲ။ အထဲကအောင့်လို့ အိပ်လို့မရတာ ၃ ရက်တောင် ရှိနေပြီဆိုတော့ လူက နေလို့ထိုင်လို့မကောင်း။ မနက် ၃ နာရီလောက်မှာ ခေါင်းထိုးကိုက်လို့ နိုးလာပြီးအန်၊ ရေသောက်၊ ထိုင်လျက်အိပ်။ အစားသောက်ပျက်၊ စားစရာလည်း မရှိတော့ အိမ်ရှင့် နွားနို့၊ ပေါင်မုန့်တွေယူစား၊ နာလို့ငိုနဲ့ အတော်ခံလိုက်ရတယ်။ ခွင့် ၄ ရက်ယူနား၊ ကိုယ့်အစ်မသူငယ်ချင်းရဲ့ သူငယ်ချင်း၊ မွေးစားအစ်မတွေက အစားအစာတွေလာပေး။ ဒေါက်တာထွန်းလင်းဆီ သွားပြတော့ တစ်နှစ်တောင်ရှိပြီဆိုတော့ ဆေးမှတ်တမ်းတွေ ပြန်ဖတ်။ ပေါင်ချိန်ကြည့်တော့ ၉၆ ပေါင်၊ မနှစ်တုန်းက ၁၁၆ ပေါင်ဆိုတော့ ပေါင် ၂၀ တောင် ကျသွားတယ်။ ဒေါက်တာက ညည်းတော်တော်ပိန်သွားတာပဲတဲ့။ ပလပ်ကွင်းဆေးကိုသောက်ရင် တော်တော်များများ ဝလာကြတယ် ညည်းကျတော့ ပြောင်းပြန်။ ဟေမိုကလိုဘင်တွေ တက်လာပေမဲ့ သွေးအားက ဘာလို့နည်းနေပါလိမ့်။ ဧရာဝတီတိုင်းမှာ ဆန်တွေရှိနေပေမဲ့ ရှမ်းပြည်နယ်ကို မရောက်နိုင်သေးသလို သွေးအားက ပုံမှန်ပေမဲ့ ကြွက်သားတွေဆီ မရောက်ဘူး ဖြစ်နေတယ်။ အထဲက ဘယ်နေရာကမှန်းမသိ အောင့်တာကတော့ အထဲမှာ ယောင်ယမ်းနေတာဖြစ်တယ်။ အင်ဒိုမက်ဒီကေးဆေးကို တနေ့ ၃ ကြိမ် ၁၀ ရက် သောက်ခိုင်းတယ် သွေးဖောက်တယ်။ ညည်းကို လူးပက်စ်ဒေါက်တာက ကိုလက်စထရော စစ်လား။ မစစ်ဘူး လူကဒီလောက်ပိန်နေတာ ကိုလက်စထရော ဘယ်ရှိပါ့မလဲ။

ပိန်တာနဲ့မဆိုင်ဘူး။ ဒေါက်တာချန်က တော်တယ်နော် တော်ပါတယ် ဆေးပေးနည်းတာကလွဲရင်။ ဘာမှမစားမသောက်ဘဲ သွေးဖောက်ချင်တယ် တရက်လောက် သွေးလာဖောက်ပါလား။ ဒေါက်တာချန်က ဖုန်းဆက်လာတယ် ကိုယ့်သွေးထဲမှာ ဆားဓာတ်နည်းနေလို့ ဆားငန်တဲ့အစားအစာတွေ စားပေးပါတဲ့။ တလခွဲချိန်းထားတာကို နှစ်ပတ်ကြာရင် ပြန်လာတွေ့ဖို့ ချိန်းတယ်။ သွေးဖောက်ဖို့ စနေနေ့မနက် ၈ နာရီ ဆေးခန်းရောက်တော့ ကိုယ့်ရှေ့မှာ ၈ ယောက်လောက် တန်းစီနေတယ်။ ဒေါက်တာလင်းဆီမှာ သွေးဖောက်ပြီး ဒေါက်တာချန်ဆီရောက်တော့ သွေးဖောက်မလို့တဲ့။ မနက်ကပဲ ဖောက်ပြီးပြီ နောက်ထပ်ဖောက်လို့မရတော့ဘူးလို့ပြောလိုက်တော့ မဖောက်တော့ဘူး။ သူ့ပြောတဲ့ ဆေးအသစ်အကြောင်း ဖတ်ပြီးပြီလား။ ဖတ်ပြီးပြီ ဆိုးကျိုးတွေ အများကြီးပဲ မသောက်ချင်ဘူး။ ဒီလိုပါပဲ ရီပို့တွေကတော့ ဆိုးတာတွေပြောတာပေါ့။ သူ့လူနာတွေ သောက်ပြီးပြီ သက်သာလာတယ်။ side effect က infusion ဖြစ်မှာပဲ စိုးရိမ်ရတယ်။ တခုပဲ ဈေးကြီးလို့ အာမခံက ကာဗာမဖြစ်မှာဘဲ စိုးတယ်။ ဘယ်လောက်တောင် ဈေးကြီးလို့လဲ တနှစ်လုံးစာ ဒေါ်လာနှစ်သောင်း ဘုရားရေ။ ဆေးအသစ်သောက်ဖို့ စဉ်းစားသင့်တယ်။ ကိုယ့်အစ်မသူငယ်ချင်းကတော့ ဆေးအသစ်ကို မသောက်စေချင်ဘူး။ ကိုယ်လည်း နေမကောင်းဖြစ်တော့မှ တစ်ယောက်တည်း နေလို့မဖြစ်ဘူး။ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ နီးနီးနားနား နေမှဖြစ်တော့မယ်ဆိုပြီး အိမ်ရှာတာ ကိုယ့်အစ်မသူငယ်ချင်း၊ မွေးစားအစ်မတို့ရဲ့ တိုက်က မြန်မာအိမ်မှာ အခန်းရတယ်။

ဂျပန်အိမ်ကို နို့တစ်ပေးပြီး ပြောင်းဖို့ပစ္စည်းတွေ သိမ်းဆည်းတော့မှ ပစ္စည်းတွေ မရှိဘူးမရှိဘူးနဲ့ ထွက်လာလိုက်တာ။ လက်ကေ့အိတ် ၂ အိတ်၊ အိတ်ကြီး ၅ အိတ်။ ဒါတောင် ကိုယ့်မှာ မွေ့ယာ၊ မိုက်ခရိုဝေ့စ်၊ ဖုန်စုပ်စက်တွေ မရှိဘူး။ မီးဖိုချောင်သုံးပစ္စည်းဆိုလို့ ထမင်းပေါင်းအိုး သေးသေးလေးရယ်၊ အိုးတစ်လုံး၊ ထမင်းဘူးထည့်တဲ့ ဖန်ခွက်တွေ ဒီလောက်ပဲ။ လွှင့်ပစ်သင့်တာတွေကို လွှင့်ပစ်။ အိမ်ပြောင်းရမယ်ဆိုတော့ အိမ်အသစ်မှာ အဆင်ပြေပါ့မလား၊ ပစ္စည်းတွေလည်း သိမ်းရဆည်းရဆိုတော့ stress တော့ ရှိမှာပါပဲ။ နည်းနည်းအောင့်လို့ အိပ်မပျော် မနက် ၃ နာရီလောက် နိုးပြီးအန်၊ အိပ်ရေးမဝတော့ လူကမကြည်လင်၊ ခွင့်ယူပြီး နားမလား အဲလိုဆိုရင်လည်း အိပ်ပြီးရင် အိပ်နေတော့မှာ။ ဒါဆို ညဖက်အိပ်တော့မှာ မဟုတ်ဘူး။ အယ်မလေး ဒုက္ခ ... ဒုက္ခ ရုံးသွားမှ ဖြစ်မှာပါလေဆိုပြီး ရုံးသွား။ ရုံးရောက်တော့ မနက်စာ ပန်းသီးကရိုဆွမ် တကိုက်ကိုက်တာနဲ့ ပြန်အန်ထွက်တယ်။ မနက် ၁၁ နာရီလောက် ငှက်ပျောသီးတကိုက်ကိုက်တော့လည်း ပြန်အန်ထွက်တယ်။ အထက်လှန်ဖြစ်နေတာ အောက်မလျှောတာဘဲ ကံကောင်း။ ကျားတံဆိပ် မဟာဖြေဆေးစား ညနေ ၃ နာရီလောက်ကျတော့ နေလို့နည်းနည်း ကောင်းလာတာရော၊ ဗိုက်ဆာလာတာရောကြောင့် ပန်းသီးကရိုဆွမ်၊ ငှက်ပျောသီးတစ်လုံးတော့ စားဝင်သွားတယ်။ ကြာသပတေးနေ့မှာ မီးဖိုချောင်သုံးပစ္စည်းတွေ သိမ်းမယ်ဆိုပေမဲ့ နေမကောင်းတော့ မသိမ်းနိုင်ဘူး။ စနေနေ့ပြောင်းမှာကို သောကြာနေ့ကျမှ မီးဖိုချောင်သုံးပစ္စည်းတွေ သိမ်းရတယ်။ ကျန်တာတွေက သိမ်းပြီးသားဆိုတော့ ၉  နာရီလောက်ဆို ပြီးသွားပြီ။

မနက် ၆ နာရီခွဲ နိုးနေကျဆိုတော့ မနက်စာစား၊ ပြင်ဆင်ပြီးတဲ့အချိန် ၇ နာရီခွဲပဲ ရှိသေးတယ်။ mover က မနက် ၈ နာရီ လာမယ်ဆိုတော့ ပြောင်းရတာလည်းမြန်အောင် အထုပ်တွေကို အောက်ထပ်က Lobby ချ။ မွေးစားအစ်မက ဆူနေတယ် ဘာလို့အထုပ်အလေးကြီးတွေကို သယ်နေတာလည်း mover က လုပ်မှာပေါ့ ကိုယ်က နေသိပ်ကောင်းတာလဲမဟုတ်ဘဲနဲ့။ mover ဦးလေးကြီးက ကိုယ့်အိမ်ရှင်အသစ်ရဲ့ ဦးလေး အခန်းကိစ္စ သူနဲ့ဖုန်းပြောဆက်သွယ်ရတာ။ အခန်းခ ဈေးလျော့ခိုင်းတာကို သူ့အခန်းက ပြတင်းပေါက်နှစ်ပေါက်ပါတယ်လေး  ဘာလေးနဲ့ အခန်းတိုင်းမှာ ပြတင်းပေါက်နှစ်ပေါက် ပါတာပဲဟာကို။ စိတ်ရင်းကောင်းတယ် ကူညီတတ်တယ် စကားဖွတတ်တယ်။ စကားပြောကြည့်လိုက်တာနဲ့တင် တော်တော်အမြင်ကပ်စရာ ကောင်းတယ်။ ကိုယ်က လွန်ခဲ့တဲ့နှစ်နှစ် အိမ်ပြောင်းတုန်းက mover အစ်ကိုကြီးကို ခေါ်မလို့။ အိမ်ရှင်ဦးလေးနဲ့ အဲဒီ mover အစ်ကိုကြီးတို့ ဓာတ်လှေကားမှာ ထိုးကြကြိတ်ကြတာ ဟိုးလေးတကျော် ဖြစ်သွားတယ်ဆိုပဲ။ အိမ်ရှင်ဦးလေးကိုပဲ mover ခေါ်လိုက်ပါလို့ မွေးစားအစ်မက အကြံပေးလို့ ခေါ်လိုက်တာ အဆင်ပြေပေမဲ့ ၁၀၀ တောင် တောင်းလို့ နင်သွားတာပဲ ၆၀၊ ၇၀ လောက်ပဲ တောင်းမယ်ထင်ထားတာ။ တော်တော်ရိတ်တဲ့ ဦးလေးကြီး နောက်တခေါက်ပြောင်းရင် တခြား mover ပဲ ခေါ်တော့မယ်။ အိမ်ပြောင်းသမျှထဲမှာ ဒီတခေါက် အိမ်ပြောင်းတာ အပင်ပန်းဆုံးပဲ ကိုယ်ကလည်း နေသိပ်မကောင်းတော့လေ။

မွေးစားအစ်မအိမ်မှာ မနက်စာ၊ နေ့လည်စာ၊ ညစာစား၊ ခေါင်းအုံး၊ စောင်လောက်ပဲ ထုတ်ပြီး အနားယူရတယ်။ လက်ဆစ်တွေယောင်၊ ခန္ဓာကိုယ်က လှုပ်လိုက်ရင် အထဲက နှလုံး၊ အသည်း၊ အဆုတ်တွေက လိုက်လှုပ်သလိုပဲ နာတယ်။ နှလုံးခုန်မြန်နေပြီး အသက်ကို ပင်ပင်ပန်းပန်း ရှူရတယ်။ စကားကို လေစပ်အောင် မပြောနိုင်ဘူး။ အသက်ရှင်ရတာ ပင်ပန်းလိုက်တာ။ နာလွန်းလို့ငို ဘုရားမှာ သစ္စာဆို။ မင်းကွန်းဆရာတော်ဘုရားရဲ့ ပရိတ်ကြီး ၁၁ သုတ်၊ တောင်တန်းသာသနာပြုဆရာတော်ဘုရားရဲ့ ရေဆူပရိတ်ကို အမြဲဖွင့်ထားရတယ်။ လမ်းကို ဖြေးဖြေးလေး လျှောက်ရတယ် ရေဘူးအမြဲဆောင်ရတယ်။ insomia ဖြစ်လို့ တညလုံး အိပ်မပျော်ဘူးလို့ ထင်တာပဲ။ ဒါပေမဲ့ ၃ ၊ ၄ နာရီလောက်တော့ အိပ်ဖြစ်တယ်ထင်တယ်။ ခု somia ဖြစ်နေပြန်ပြီ ည ၈ နာရီခွဲ၊ ၉  နာရီလောက်ကတည်းက အိပ်ချင်နေတယ်။ ခုတော့  နေတော်တော် ကောင်းလာပါပြီ ရေဘူးမပါဘဲ ရုံးတက်လို့ရပြီ။ အိမ်ပြောင်းတာ ၃ ပေါင်ကျသွားလို့ ဝိတ်တက်အောင် လုပ်နေရတယ်။ ၉၃ ပေါင်ဆိုတော့ အားမရှိဘူး တခုခုလုပ်ပြီးရင် အနားယူရတယ်။ ကိုယ်က ဘယ်တော့မှဝိတ်မကျ၊ ဝိတ်ကျဖို့ကိုလည်း တခါမှမကြိုးစားခဲ့တဲ့သူ။ ပိန်ညောင်နေတဲ့ ကိုယ်ခန္ဓာကိုယ်ကိုကြည့်ပြီး စိတ်တိုင်းမကျဘူး။ ကိုယ်က အရင်လို ပြည့်ပြည့်ဖြိုးဖြိုးလေး ဖြစ်ချင်တာ။ ကိုယ်ကတစ်ခန်း၊ အိမ်ရှင်တွေက တစ်ခန်း။ အိမ်ရှင်တွေက ကိုယ့်အဖေအမေအရွယ်နီးပါး လင်မယားနဲ့ အသက် ၂၀ ကျော် သမီး ၂ ယောက်။ အိမ်ရှင်အမနဲ့ သမီးနှစ်ယောက်က မနက် ၄ နာရီထ၊ ၅ နာရီဆို အလုပ်သွားပြီ ဆူရှီဆိုင်မှာ လုပ်တယ်။ အိမ်ရှင်ဦးလေးက ကျောက်ကပ်မကောင်းလို့ တပတ်မှာ ၆ ရက်လောက် ဆေးရုံးမှာသွားပြီး ကျောက်ကပ်ဆေးရတယ်။

မနက်မိုးလင်းတာနဲ့ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာထိုင်ပြီး တရုတ်ကားတွေကို ထိုင်ကြည့်တယ်။ ညနေ အိမ်ပြန်ရောက်တာနဲ့ တီဗွီဖွင့်ပြီး တရုတ်ကားကြည့်တာ ညအိပ်တဲ့အထိ။ ကိုယ့်အိပ်ခန်းရှေ့က ဧည့်ခန်းဆိုတော့ ကိုယ်အသံမကြားရအောင် တီဗွီကို တိုးတိုးလေးဖွင့်တယ်။ အင်း ကိုယ်လည်း အဲဒီအသက်အရွယ်ရောက်ရင် တီဗွီရှေ့မှာထိုင်ပြီး ဗွီဒီယိုကားတွေ ကြည့်နေမလား။ ဝိုင်းကို ပြောပြတော့ ဝိုင်းက တကယ့်ကို misearable life တဲ့။ အပြင်ထွက်လည်ဖို့ ကျန်းမာရေးကမကောင်း၊ ကျန်းမာရေးကောင်းရင်တောင် အင်္ဂလိပ်စကားမပြောတတ်၊ ပိုက်ဆံကလည်း မရှိဆိုတော့ ဧည့်ခန်းထဲမှာထိုင်ပြီး တီဗွီကြည့်ရုံမှတပါး အခြားမရှိ။ ကိုယ့်တိုင်းပြည်မှာဆိုရင်တော့ အသိမိတ်ဆွေ၊ အမျိုးတွေဆီသွားလည်း၊ ဘုန်းကြီးကျောင်းသွား နည်းနည်းတော့ လုပ်စရာရှိနေမှာပဲ။ အမေရိကန်တွေကတော့ အငြိမ်းစားယူရင် ကိုယ့်ဝါသနာပါတာလေးလုပ်၊ ပင်စင်လစာနဲ့လည်း နေဖို့စားဖို့အဆင်ပြေ၊ ကျန်းမာရေးမကောင်းရင် အစိုးရက ကုပေးဆိုတော့ စုဆောင်းထားရင် ခြိုးခြံ‌ချွှေတာစွာနဲ့ အငြိမ်းစားယူပြီးမှ ခရီးတွေထွက်နိုင်သေးတယ်။ မနှစ်က ပိတ်ရက်တွေဆိုရင် meet up အဖွဲ့တွေနဲ့နယူးယောက်တခွင် လမ်းလျှောက်တော့ မန်ဘာတွေက များသောအားဖြင့် အငြိမ်းစားတွေ များတယ်။ ကိုယ်နေဖူးသမျှအိမ်ထဲမှာ ဒီအိမ်ပစ္စည်းတွေ အရှုပ်ဆုံးပဲ။ အရင်နေခဲ့တာက ဂျပန်အိမ်ဆိုတော့ ရှင်းလင်းနေတယ်။ နတ်ဆုနဲ့ မိုချီလေးကို သတိရမိတယ်။ သူတို့လည်း ကိုယ့်ကို လွမ်းနေမလား။ အိမ်အသစ်က အဆင်ပြေပေမဲ့ လူများတော့ အိမ်သာပြသနာ နည်းနည်းရှိတယ်။ ရုံးမဆင်းခင် တခါအိမ်သာသွားထားပေမဲ့ ရထား ၁ နာရီစီးပြီးလို့ အိမ်ရောက်တဲ့အခါ ရှူးပေါက်ချင်တယ်။

ည ၇ နာရီခွဲလောက်ကနေ ၈ နာရီခွဲလောက်အထိ အိမ်ရှင်မိသားစု ၄ ယောက်က တန်းစီရေချိုးကြတော့ အဲဒီအချိန် ရှူးပေါက်ချင်ရင် အောင့်ထားရတယ်။ မအောင့်နိုင်ရင် အခန်းထဲက ဗန်းလေးမှာ ကိစ္စရှင်းရတယ်။ သြော် ဂျပန်အိမ်ကို လွမ်းမိပါဘိ။ ဂျပန်အိမ်လို အရာအားလုံး အဆင်ပြေတဲ့အိမ်ကတော့ ရှားပါဘိ။ ကိုယ့်အတွက် ကျန်းမာရေးက အရေးကြီးတော့ ကျန်တာတွေ သည်းခံရတာ့မှာပေါ့။ လူးပက်စ်က နှလုံးနဲ့ကျောက်ကပ်ကို တိုက်တတ်တယ် အရင်တပတ်တုန်းက ညည်းနှလုံးက ဖလပ်ဖလပ်ဖြစ်နေတော့ ခုတော့အကောင်း။ အဲဒီတုန်းက အားနည်းနေလို့ဖြစ်မယ်။ ဒေါက်တာထွန်းလင်းညွှန်လို့ နှလုံးအထူးကု ဒေါက်တာဒေါ်ခင်စီ သွားပြတော့ နှလုံးခုန်တာ မြန်နေတယ် Echo ရိုက်ရမယ်တဲ့။ နေမကောင်း ၂ ခါဖြစ်တော့မှ ဆေးအသစ်သောက်ဖို့ ဆုံးဖြတ်လိုက်တယ်။ လူးပက်စ်က All about medication သင့်တော်တဲ့ဆေးတွေ့ရင် သာမန်လူလိုပဲ နေထိုင်သွားနိုင်တယ်။ ကိုယ်လူးပက်စ်ဖြစ်တာ တစ်နှစ်ကျော်ပြီ ကိုယ့်လူးပက်စ်ကပဲ ပြင်းတာလား (ဆရာဝန်ကတော့ mild လို့ပြောတာပဲ)၊ ဆရာဝန်ကပဲ မစွမ်းတာလာတော့မသိ ပိုပိုဆိုးလာသလိုပဲ။ ၂၃ ပေါင် ကျသွားတာ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူး။ ဧပြီလမှာ မွေးစားအစ်မရဲ့ သမီးပြတဲ့ ဆရာဝန်နဲ့ပြဖို့ စီစဉ်ထားတယ်။ ပြကြည့်တာပေါ့လေ ၃ လလောက်ဆိုရင်ပဲ ဆရာဝန် စွမ်းမစွမ်း သိနိုင်ပါတယ်။ တိုက်အောက်က Laundary Room မှာ အဝတ်သွားလျှော်တော့ အစ်ကိုကြီးတစ်ယောက်နဲ့ဆုံတယ်။ အရင်တိုက်မှာတုန်းက အကြွေစေ့သုံးပြီး ခုတိုက်က ကဒ်သုံးတော့ မလုပ်တတ်တာကို အဲဒီအစ်ကိုကို မေးကြည့်တော့ ရှင်းပြတယ်။ အစကတော့ အင်္ဂလိပ်လိုပြောနေတာ နောက်တော့ မြန်မာလားဆိုတော့ အင်း။

အကို့ကို မွေးစားအကိုရဲ့အဖေ ၁ လပြည့်အလှုလုပ်တော့ ဆုံဖူးပါတယ် အကို့မိန်းမမှာ လူးပက်စ်ရှိတယ်။ အဲဒီတုန်းက မွေးစားအကိုက သူ့သမီးနဲ့ကိုယ့်ကို လူးပက်စ်တွေလို့ မိတ်ဆက်ပေးဖူးတာကိုး။ မှတ်မိပြီ အကို့မိန်းမ နေကောင်းလား ကီမိုသွင်းလိုက်တာ သက်သာလာတယ် ဘယ်ဆရာဝန်နဲ့ ပြနေလဲ။ အကို့မိန်းမ ဒီတိုက်ကို စရောက်တုန်းက ဒီမှာ အဝတ်တခါလျှော်တာ flare up ဖြစ်သွားတယ်။ flare up ဆိုတာ လူးပက်စ် active ဖြစ်တာကို ဆိုလိုပါတယ်။ နောက်တော့ ဆရာဝန်က သူ့ကျောကုန်းမှာ ဇကာပေါက်ကပ် တပတ်ကြာလို့ ပြန်ခွာတော့ အဲဒီဇကာမှာ chemical တွေတွေ့တယ်။ အဲဒီ chemical တွေက လူးပက်စ်ကို ပိုဆိုးစေတယ် အဲဒါကြောင့် အကို အဝတ်လျှော်ဖို့တာဝန်ယူရတယ်။ ပန်းကန်ဆေးရင်လည်း လက်အိတ်နဲ့ဆေး၊ ဒါမှမဟုတ် ပန်းကန်းဆေးစက်နဲ့ဆေး။ အခုအိမ်မှာ ပန်းကန်ဆေးစက် မရှိဘူး။ ဂျပန်အိမ်မှာတုန်းက ပန်းကန်ဆေးစက် ရှိတာတောင် ကိုယ်က မသုံးဘူး။ အကို့မိန်းမကတော့ ကျောက်ကပ်ကို ထိတယ် ဆီးထဲမှာ ပရိုတင်းတွေများလို့ သွားပြရသေးတယ်။ butterfly rash ဖြစ်တယ်။ ကိုယ့် butterfly rash က တော်တော်ဆိုးတယ် ခုထိ မျက်နှာမှာ မည်းမည်းတွေ ကျန်နေတုန်း ခုထိ ဆေးလိမ်းနေရတုန်း။ အလုပ်လုပ်နေတုန်းလား အကို့မိန်းမကတော့ အလုပ်ကနေ ထွက်လိုက်ရတယ်။ အင်း လုပ်နေတယ် အိမ်မှာနေရင် ပိုကိုက်ခဲတယ်။ အတော်ကြီးနေမကောင်းတော့မှ ခွင့်ယူတယ်။ ကိုယ့်အလုပ်ကလည်း ခန္ဓာကိုယ်အားကို သိပ်သုံးစရာမလိုဘဲ ကွန်ပျူတာရှေ့ ငြိမ်ငြိမ်လေးထိုင် စဉ်းစားရတဲ့အလုပ်မို့သာ တော်တော့တယ်။ ဒီလိုပဲ လှုပ်တုပ်လှုပ်တုပ် နှေးစိနှေးစိနဲ့တော့ သွားနေတာပဲ။

အကို့မိန်းမက တရားထိုင်တယ်။ ကိုယ်လည်း အရင်က မနက် ၅ နာရီခွဲကနေ ၆ နာရီခွဲအထိ တရားထိုင်တယ်။ စထိုင်ခါစက မိနစ် ၂၀ လောက်ဆို ခြေထောက်တွေ နာလာတယ်။ ခုတော့ ၁ နာရီလုံးလုံး မနာမကျင်ဘဲ ထိုင်နိုင်ပြီ။ ဒါပေမဲ့ နှာသီးဝကလေကို မှတ်နိုင်တာ ၁၅ မိနစ်လောက်ပဲ ရှိတယ်။ တရားထိုင်ရင် ဦးနှောက်ကနေ နာကျင်တာတွေ သက်သာစေတဲ့ဓာတ်တမျိုး ထုတ်ပေးတယ်တဲ့ ဆရာတော်ဦးဇောတိကစာအုပ်မှာ ဖတ်လိုက်ရတာ။ ဘာပဲဖြစ်ဖြစ် တရားထိုင်တာ ကောင်းတဲ့အလုပ်ပါပဲ။ ခုတော့ မထိုင်ဖြစ်ဘူး။ ညဖက်အိပ်မပျော်ရင် လက်ကိုချလိုက်၊ ရင်ဘတ်ပေါ်တင်လိုက်၊ ခြေထောက်ကိုကွေးလိုက်၊ ဆန့်လိုက်နဲ့ တရားမှတ်ဖို့နေနေသာသာ နာတာကိုပဲ စိတ်ရောက်နေတော့လေ။ အသက်ထွက်ခါနီးချိန်ဆို အင်မတန်နာကျင်မှာ ဘယ်လိုလုပ်ပြီးများ တရားမှတ်နိုင်ပါ့မလဲနော်။ တရားအလေ့အကျင့်ရှိတဲ့သူမှပဲ နာကျင်တဲ့ဝေဒနာကို ခံစားချိန်မှာ တရားမှတ်နိုင်ပါ။ လူးပက်စ် active ဖြစ်နေတဲ့အချိန် တယောက်တည်းနေရတာမှာ ခက်ခဲမှပဲ။ ဟုတ်တယ် အိပ်ပျော်နေပြီ မီးက မပိတ်ရသေးဘူး။ စားဖို့သောက်ဖို့လည်း တယောက်တည်း လုပ်ရတယ်။ ပင်ပန်းနေပေမဲ့လည်း စားစရာမရှိဖြစ်မှာစိုးလို့ ဈေးဝယ်ရတယ်။ လူးပက်စ်သမားတွေက မိသားစု၊ မိတ်ဆွေ အကူအညီမယူလို့ မရဘူး အဲဒါကြောင့် ပြောင်းလာတာ။ ဆေးခန်းမှာ လူးပက်စ်သမားတွေမှ အများကြီး ရွယ်စုံဆိုဒ်စုံ။ အသက် ၁၃ နှစ်လောက် ကလေးမလေး မျက်နှာကလေးကလည်း ချစ်စရာလေး အဖေါ်လိုက်လာပေးတယ် ထင်နေတာ လူးပက်စ်ဖြစ်နေတာတဲ့။

ကိုယ့်သူငယ်ချင်း ဗီယက်နမ်မလေး မိုင်းဖန် လူးပက်စ်ရှိတယ်။ ခု ကိုယ်ဝန် ၂ လ ကိုယ်ဝန်က သူ့ကို ပိုပြီး strong ဖြစ်စေတယ်ဆိုပဲ မိခင်စိတ်ကြောင့်နေမှာ။ စတိတ်မှာမို့ တော်သေးတယ်နော် medicare ဆေးအလကားကုခွင့်ရလို့ မြန်မာပြည်မှာဆို ကုနိုင်မှာမဟုတ်ဘူး။ စတိတ်မှာက ဂရင်းကဒ်သမား၊ low income family ဝင်ငွေနည်းတဲ့ မိသားစုဆိုရင် medicare လျှောက်လို့ရပါတယ်။ အဲဒီ ဂရင်းကဒ်ရဲ့ မိဘတွေဟာလည်း ဆေးအလကားကုခွင့် ရှိပါတယ်။ စင်တီးဇင်ဖြစ်သွားရင် မောင်နှမတွေကို ခေါ်လို့ရတယ် ၈ နှစ်လောက်တော့ ကြာပါသတဲ့။ ကိုယ်ကတော့ ဂရင်းကဒ်လည်းမဟုတ်တော့ medicare လျှောက်လို့မရဘူး။ အလုပ်ထွက်ပြီး နားဖို့ပြောကြပေမဲ့ အလုပ်ထွက်ရင် ကိုယ့်နေစားကျန်းမာရေးစရိတ် ဘယ်သူပေးမလဲ။ ဂရင်းကဒ်လျှောက်နေတုန်းဆိုတော့ အလုပ်ထွက်လို့ မဖြစ်ပြန်ဘူး။ အလုပ်လုပ်နေမှ ကိုယ်စားချင်တာ၊ ကိုယ်ဝတ်ချင်တာ၊ လှုချင်တာလေး လှုနိုင်မှာကိုး။ ကိုယ်နဲ့ကိုက်တဲ့ဆေး၊ ဆရာဝန်တွေ့ပြီး ကျန်းမာလာဖို့ မျှော်လင့်ရတာပဲလေ။

စန်းထွန်း
မတ် ၂၀၊ ၂၀၁၆။

ရေးခဲ့ပြီးတာက
Living with Lupus - 1
Living with Lupus - 2

19 December 2015

အာရောဂျံ ပရမံလာဘံ...

ကျန်းမာရေး မကောင်းတော့မှ အာရောဂျံ ပရမံလာဘံမှန်း သိတော့တယ်။ လူးပက်စ်အတွက် ပုံမှန်သောက်နေရတာက Hydroxychloroquine တနေ့နှစ်လုံး၊ အဲဒီဆေးရဲ့ side effect က မျက်လုံးကို ခြောက်သွေ့စေတာမို့ မျက်စိဆရာဝန်နဲ့ ၆ လ တကြိမ် စစ်ဆေးရပါတယ်။ သွေးအားနည်းလို့ Ferrous Sulfate တနေ့နှစ်လုံး သောက်ရတယ်။ ကိုယ့်လူးပက်စ်က active ဖြစ်နေလို့ လူးပက်စ်ဆရာဝန်က ကီမိုသရဖီဆေး Methotrexate တပတ် ၆ လုံး သောက်ခိုင်းတယ်။ အဲဒီဆေး သောက်နေစဉ်မှာ ကိုယ်ဝန်ဆောင်လို့ မရပါဘူးတယ့်။ Side effect က အသည်းထိခိုက်နိုင်တာမို့ Folic Acid တနေ့တစ်ကြိမ် သောက်ရတယ်။ Prednisone က တနေ့နှစ်လုံး သောက်ခိုင်းပေမယ့် တတ်နိုင်ရင် တနေ့တစ်လုံးပဲ သောက်ဆိုလို့ တစ်နေ့တစ်လုံးသောက်တယ်။ အဲဒီဆေးရဲ့ side effect က အရိုးသိပ်သည်းဆကို နည်းစေတာမို့ ကယ်ဆီယမ် တနေ့နှစ်လုံးသောက်ရတယ်။ ရုံးက ရုရှကြီးက သူ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်က လေးဖက်နာဖြစ်လို့ နနွင်းမြစ်ကို ပါးပါးလေး လှီးပြီး အသီးအရွက် salad ထဲမှာ ထည့်စားတယ်တယ့်။ သူပြောလို့ နနွင်းသောက် ကြည့်ဦးမှဆိုပြီး နနွင်းကို ပျားရည်၊ သံပုရည်တို့နဲ့ လုံးပြီး နနွင်းလုံး တစ်နေ့တစ်လုံး သောက်တယ်။ လူးပက်စ်က အရင်ကထက်စာရင် အများကြီး သက်သာလာပေမယ့် လက်ဆစ်ကလေးတွေ၊ ခြေထောက်တွေ ယောင်နေတုန်း၊ ဒူးက နည်းနည်း နာချင်နေတုန်း။ အလုပ်ပင်ပန်းတာလည်း မဟုတ်ဘဲ လူးပက်စ်ကြောင့် fatigue ပင်ပန်းနွမ်းနယ်တယ့် နေ့တွေဆို ည ၉  နာရီ ကတည်းက အိပ်နေပြီ။

စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ ဘယ်မှမသွားဖြစ်ဘဲ လီကွမ်ယုရဲ့From Third World to First စာအုပ်လေးဖတ်လိုက်၊ ဖေ့ဘွတ်တက်လိုက်၊ သတင်းနားထောင်လိုက်၊ အိပ်လိုက်၊ Detox day ဆိုပြီး အသီးအနှံတွေစားလိုက်။ ကိုယ်လက်တွေ ကိုက်ခဲနေရင် ဘလော့မှာ စာရေးဖို့လည်း စိတ်မပါနဲ့ ဘလော့ကို ပစ်ထားတာ အတော်ကြာပြီ။ မကြာသေးခင်က အမေ ဆီးချိုတက်လို့ ဆေးရုံလေးရုံ ပြောင်းလိုက်ရတော့ တအိမ်လုံး ဗြောင်းဆန်သွားတာလည်း ပါတယ်။ လွန်ခဲ့တယ့် နှစ်နှစ်လောက်ကတည်းက ကျန်းမာရေး ဆေးစစ်ချက်လုပ်တော့ အမေ့မှာ ဆီးချိုရှိမှန်း သိတယ်။ ငှက်ပျောသီးဆို တဝက်၊ ပန်းသီဆိုလည်း တစ်လုံးလောက်ပဲ စားခိုင်းတယ်။ အမေက ပန်းသီး ၄ လုံးလောက် စားတယ်ဆိုတော့ ဆရာဝန်တွေက ရယ်လိုက်တာ။ မကြာသေးခင်က ဟိုင်းကြီးကနေ ရန်ကုန်ကို ပြန်လာတော့ ကားစီးရတာ ပင်ပန်း၊ ပုသိမ်မှာ ရေပတ်တိုက်လိုက်တော့ နေမကောင်းသလိုဖြစ်။ ရန်ကုန်ရောက်တော့ အဖျားတက်၊ ဆီးချိုတက်၊ အိမ်နားက မာစေဆေးခန်းမှာ ပြနေတာ မသက်သာ။ နှစ်ရက်လောက်ကြာပြီး မသက်သာတော့ အာရှတော်ဝင်ဆေးရုံကို တင်လိုက်တယ်။ အမေက သမီးရေ အမေ ခေါင်းတွေထိုးကိုက်တာ မခံနိုင်တော့ဘူးလို့ပြောတော့ စိတ်မကောင်းလိုက်တာ။ အမေက အတော်ကျန်းမာ အတော်ခံနိုင်ရည် ရှိတယ့်သူ တော်ရုံတန်ရုံ မညည်းတတ်ဘူး။ အဖေကတော့ နည်းနည်းလေးဆိုတာနဲ့ အမလေး၊ အဘလေးနဲ့ အော်ဟစ်ညည်းညူတတ်တယ်။ အာရှတော်ဝင်မှာ နှစ်ရက်နေတာလည်း မသက်သာဆိုတော့ မကြီးက စိတ်တွေပူပြီး ဘန်ကောက်က ဘာမင်ဂရပ်ဆေးရုံကို သွားမယ်လို့ စီစဉ်တယ်။

လေးရက်တောင် ရှိနေပြီ မသက်သာဘူး ခေါင်းတွေ တအားထိုးကိုက်တယ်ဆိုတော့ စိတ်ပူတာပေါ့။ ဘန်ကောက်က ဗီဇာမလိုတော့ လေယာဉ်လက်မှတ်ဝယ်ပြီးတာနဲ့ ချက်ချင်းသွားလို့ရတယ်။ စင်္ကာပူကတော့ ဗီဇာအတွက်တောင် တပတ်ကြာဦးမယ်ဆိုတော့။ ဘန်ကောက်ကိုသွားမယ် လေယာဉ်လက်မှတ်အတွက် မောင်မောင့်ကို စုံစမ်းခိုင်းတာ မနက်လေယာဉ်ဆို မနက်လေယာဉ်အတွက်ပဲ မေးတယ်။ ညနေလေယာဉ်က ဘယ်လောက်လဲဆိုတော့ မမေးခဲ့ဘူးတယ့်။ ပိတ်ရက်တွေဆို ဘယ်လောက်လဲ၊ ပရိုမိုးရှင်းရှိသလား တခါတည်း မေးလိုက်ရင် ဘာဖြစ်မှာမို့လို့လဲ။ နင် အဲ့ဒါတွေ မမေးဘူးလားဆိုတော့ ပြောပါလားတယ့်။ တကယ့်ငတုံး ခိုင်းတာပဲ လုပ်တတ်တယ် ခေါင်းမသုံးဘူး။ နောက်တော့ မောင်မောင့်သူငယ်ချင်းက သူ့အမေ ပြနေတယ့် ဆရာဝန်က ဗစ်တိုးရီးယားဆေးရုံမှာ ထိုင်တယ် ပြကြည့်ပါလား ပြောလို့ သွားပြတယ်။ တစ်ရက်တည်းနဲ့ သက်သာလာပေမယ့် ပိတ်ရက်တွေဆို ဆရာဝန်က ရန်ကုန်ဆေးရုံကြီးမှာထိုင်တော့ ရန်ကုန်ဆေးရုံကြီး တက်ရတယ်။ ရန်ကုန်ဆေးရုံကြီးက အရင်ကထက်စာရင် အများကြီးတိုးတက် ပြောင်းလဲလာတယ်။ အရင်လို ဟောက်စားတွေ မရှိတော့ဘူး။ သန့်လည်းသန့်တယ်။ အိမ်သာကလည်း သန့်တယ်တဲ့။ တောကလူတွေက ဘိုထိုင်အိမ်သာကို ဘယ်လိုသုံးရမလဲ မသိလို့ ရေဆွဲမချတာ အိမ်သာကပြည့်နေလို့ သန့်ရှင်းရေးသမားက အော်ဟစ်နေရတယ်တဲ့။

လူနာစောင့်အတွက် အိပ်စရာနေရာမရှိဘူး။ အဖေက လူနာစောင့်၊ မောင်မောင် အစားအစာ၊ လိုတာတွေပြေးဝယ်၊ ဆိုင်ကနေဝယ်စား၊ လူနာကိုလည်း ဆိုင်ကနေ ဝယ်‌ကျွှေးတော့ ဆီးချိုကမကျ။ အိမ်ကနေ ချက်ပို့ပေးမယ်သူ မရှိ။ ချွှေးမကလည်း ချက်ပို့ရမှန်းမသိ။ မောင်မောင် နင့်မိန်းမ ဆန်ပြုတ်မပို့ဘူးလား မေးတော့ သူက ကလေးတဖက်၊ စာသင်နေရလို့ မအားဘူးတဲ့။ ဟင် ... ဘယ်သူကများ အားနေလို့တုန်း။ တောင်ဒဂုံကနေ ဆေးရုံကြီးကို ကားငှားခက ငါးထောင်၊ ဘတ်စ်ကား မစီးတတ် သူတို့တွေက မသွားတတ် မလာတတ်ဘူးတယ့်။ မသွားတတ် မလာတတ်ဘူး ဆိုရအောင် ပါးစပ်မပါတာ ကျနေတာပဲ။ ရန်ကုန်မှာမွှေး ရန်ကုန်မှာကြီးပြီး မသွားတတ် မလာတတ်ဘူးဆိုတော့ တော်တော်အသုံးမကျလိုက်တာ။ အရေးထဲ မောင်မောင်က အောင်သုခ ထမင်းဆိုင် ကောင်းတယ့်အကြောင်း ကြေငြာဝင်နေလို့ ဟဲ့ လာကြေငြာမနေနဲ့ အိမ်ကချက်တာကိုပဲ အမေ့ကို ကျွှေးစေချင်တာလို့ ပိတ်ပြောလိုက်မှ ရပ်တော့တယ်။ ကိုယ် ဘာကိုဆိုလိုချင်တာကို နားထဲကို မရောက်ဘူး။ သေသေချာချာလည်း နားမထောင် သူပြောချင်တာကိုပဲ စွတ်ပြောနေတာပဲ။ မောင်မောင်နဲ့ စကားပြောရတာ အင်မတန် လက်ပေါက်ကပ်တယ်။ ဆိုလိုချင်တာကို နားမလည် ပြန်မပြော နားမထောင်။ မောင်မောင်နဲ့ အတူနေရတုန်းက နေ့တိုင်းဒေါသထွက် အော်ဟစ်နေရတယ်။ စင်္ကာပူရောက်တော့ ဝမ်းသာလိုက်တာ မောင်မောင်နဲ့ဝေးပြီဆိုပြီးတော့။

နောက်တော့ စမ်းချောင်းက အမေ့မောင် မင်းချေမိန်းမ ဒေါ်လေးက ဟင်းနှစ်ချိုင့် ပို့ပေးတယ်။ တချိုင့်က အမေတို့အတွက်၊ နောက်တချိုင့်က အမေ့ညီမအငယ်ဆုံး ချေချေမဟန်အတွက်။ ချေချေမဟန်က လည်ချောင်းကင်ဆာဖြစ်လို့ ဆေးရုံတက်နေရတယ်။ အင်္ကီျတွေ ဝတ်စရာမရှိတော့ရင် အဖေက အိမ်ကိုပြေး အမေ့ထမီ၊ အင်္ကီျတွေကို အဝတ်လျှော်၊ အရေးထဲ အဝတ်လျှော်စက်ကပျက်၊ မောင်မောင်က အမေ့ကို လူနာစောင့်။ ဟယ်မလေး လူတစ်ယောက် ဆေးရုံတက်တာ တအိမ်လုံး၊ တမျိုးလုံး အကောင်းမနေရ။ မကြီးလည်း စင်္ကာပူမှာ ဆေးရုံသုံးရက်လောက် တက်ရဖူးတယ်။ သာမန်အဖျားက ၃ ၊ ၄ ရက် တာရှည်လာ၊ ဆေးတွေကပြင်း၊ ကိုယ်အပူချိန်က မကျ၊ အားမရှိ၊ သွေးလွန်တုပ်ကွေးလည်း မဟုတ်ဆိုတော့ အရေးပေါ်ဌာနကို သွားခိုင်းတယ်။ ကိုယ်က ငုတ်တုတ်ထိုင်စောင့် အတော်ကြီးကြာတော့မှ ဘယ်အဆောင်ကို ပို့လိုက်ပြီ မနက်ဖြန် လူနာတွေ့ချိန်မှာ လာတွေ့နိုင်ပါတယ်တယ့်။ လူနာတွေ့ချိန်မှာ လူနာသွားတော့ လူနာက ဆေးရုံက ‌ကျွှေးတာစား၊ ဆေးလာတိုက်ရင်သောက်နဲ့ အေးဆေး။ ဆေးရုံတက်တယ်သာဆိုတာ ကိုယ်တွေဆို ဘာမှမပင်ပန်းလိုက်ရဘူး။ အဖေ ဘာလုပ်နေတာလဲမေးတော့ ရေနွေးဝယ်နေတာဆိုလို့ ကိုယ့်မှာအံ့သြ။ ရန်ကုန်ဆေးရုံးကြီးမှာ ရေပူရေအေးစက် မရှိဘူး အထူးကုဆေးရုံတွေမှာမှ ရှိတာတယ့်။

အမေက ဆေးရုံကဆင်းတော့ ထမင်းမချက်နိုင်၊ ဘာမှမလုပ်ဘဲ အနားယူရတယ်။ အိမ်မှာထမင်းချက်တတ်တာဆိုလို့ အဖေပဲရှိတော့ ချက်ပြုတ်ရေးတာဝန် အဖေယူရတာပေါ့။ မောင်မောင်၊ အမေ၊ ချေချေမဟန်ယောကျ်ား အဖေ့ညီဝမ်းကွဲ ဘေးချေမောင်ရွှေထွန်း လူလေးယောက်စာအတွက် ချက်ပြုတ်ရတယ်။ မနက်ဆိုဈေးသွား၊ ချက်ပြတ်၊ အဝတ်လျှော်ဖွတ်နဲ့ ဖုန်းဆက်လိုက်တိုင်း အဖေက ကိုယ်တို့နဲ့ စကားမပြောနိုင်ဘူး။ သမီးရေ အဖေ ဟင်းချက်လိုက်ဦးမယ် အမေနဲ့ပြော။ သမီးရေ အဖေ အဝတ်လျှော်လိုက်ဦးမယ် အမေနဲ့ပြော။ တခါကလည်း မကြီးနဲ့ စကားပြောကောင်းနေလိုက်တာ ဟင်းအိုးတူးသွားလို့တဲ့။ အမေက နင့်အဖေ ငါ့အလုပ်တွေ လုပ်နေရပြီ ထမင်းစားတော့လေလို့ပြောတော့ အဖေက နေပါဦးမောလို့ နားပါရစေဦးတယ့်။ အဖေ ဟိုင်းကြီးပြန်ဆင်းသွားတော့ အမေ ထမင်းပြန်ချက်နေပြီ။ ဆီးချိုကြောင့် အမေ့မျက်လုံးတဖက်က တခြမ်းပဲ မြင်ရတော့တယ်တဲ့။ အမေ လမ်းသွားရင် မြင်ရလားမေးတော့ အမေက ရယ်လိုက်တာ မြင်ရပါတယ် သမီးရဲ့တဲ့။

ဆီးချိုတက်နေတုန်း ခေါင်းတအား ထိုးကိုက်တာမို့ စီတီစကန်ဖတ်ရတယ်။ ဦးနှောက်ထဲမှာ သွေးကြောလေးက ပိတ်လုမတတ် ဖြစ်နေတယ်တယ့်။ ဆေးရုံကြီးမှာ စီတီစကန်ရိုက်ရင် သုံးလတောင်ကြာမယ်ဆိုတော့ အပြင်ဆေးခန်းမှာ ရိုက်ခိုင်းတယ်။ ဆီးချိုဟာ အင်မတန်ဆိုးတာပဲ ဆီးချိုကြောင့် မျက်စိကွယ်သွားနိုင်တယ်၊ လေဖြတ်သွားနိုင်တယ်၊ ဦးနှောက်သွေးကြော ပြတ်နိုင်တယ်။ အမေ့ကို ထမင်းတွေ တအားမစားဖို့ ပြောပေမယ့် ထမင်းသမားတွေဆိုတော့ ထမင်းအများကြီး မစားရရင်ဘဲ အားမရှိတော့သလို ခံစားနေတယ်။ ရန်ကုန်မှာက ကားစီးရင် အင်မတန် ပင်ပန်းတော့ ပြန်လာရင် ဆာလောင်နေပြီ ဒီတော့ ထမင်းတွေ အများကြီးစား။ ထမင်းများများ ဟင်းနည်းနည်းစားပြီး ကြီးပြင်းလာသူတွေဆိုတော့ ထမင်းလျှော့စားဖို့က အတော့်ကို မလွယ်။ ကိုယ်တွေလည်း စင်္ကာပူရောက်စက ဆိုင်တွေမှာစားရင် ထမင်းအပို မှာရတယ်။ နောက်နည်းနည်းကြာတော့မှာ ထမင်းသိပ်မစားတော့တာ။ ဆီးချိုသမားတွေ စားတယ့်ဆန်ကို ဝယ်စားပေမယ့်လည်း ဆီးချိုက သိပ်မကျချင်လို့ အမေစားတယ့်ထမင်းပန်ကန်ကို မကြီးက ဓာတ်ပုံရိုက်ခိုင်းပြီး စစ်တော့မှ အမေစားနေတယ့် ထမင်းက ကိုယ်တို့စားနေတာထက် များတယ်။ အမေ့ရေ သမီးတို့ ထမင်းပေါင်းအိုးမှာပါတယ့် ဆန်ချိန်ခွက်လေး ရှိတယ်မလား အဲဒီတခွက်ကို ညမနက်စားရမယ်လို့ပြောတော့ စားမယ်တယ့်။

တနေ့တနေ့ ဆီးချိုဘယ်လောက်လဲ ဘာတွေစားလည်းလို့ ကိုယ်တို့ညီအစ်မတွေ အမေ့ကို စစ်မေးရတယ်။ အမေ လေ့ကျင့်ခန်းလုပ်ဆို ပြေးတယ့်စက်ရှိပေမယ့် မပြေးနိုင်ဘူး။ လက်လှုပ်တာလောက်ပဲ လုပ်တယ်တယ့်။ မကြီးက အမေ့ကို ယောဂသင်ခိုင်းမလို့တယ့်။ အမေရိကန်အနောက်ဖက်ခြမ်းကို ၇ရက်ခရီးသွားတုန်းက ယူတာ့၊ အရီဇိုးနားပြည်နယ်ဖက်မှာ အေးရှန်းနည်းတော့ အေးရှန်းဆိုင်တွေမရှိ ထမင်းသုံးနပ်လောက် မစားလိုက်ရတာကို မျက်နှာလေးတွေငယ် မျက်နှာတွေ မသာမယာဖြစ်။ စားသောက်ဆိုင်ရောက်ရင် ထမင်းအဖြူလိုက်ရတာက အလုပ်တစ်ခု။ ထမင်းမစားရလို့ လက်ကလေးတွေတောင် ပိန်သွားပြီဆိုပဲ။ ယူအက်စ်မှာ တလနေလိုက်တာ အတော်ကိုယ်ရည် စစ်သွားတယ်။ ကိုယ့်ရှေ့မှာမို့ ထမင်းသိပ် မစားကြတာလား မသိဘူး။ မြန်မာပြည်မှာက အစားအသောက်တွေက ဆေးဆိုး၊ စီးပွားရေးသမားတွေက အမြတ်ရအောင် ကျန်းမာရေးနဲ့ မညီညွတ်တာတွေထည့်၊ ပိုးသတ်ဆေးတွေ တအားဖြန်းဆိုတော့ နိုင်ငံခြားက လူတွေလောက် သက်တမ်းစေ့ မနေရဘူး။ သွေးတိုး၊ ဆီးချို အဖြစ်များတယ်။ အသီးအနှံတွေကလည်း ဈေးကြီး၊ ကျန်းမာရေး ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းက မလုပ်ကြတော့ မြန်မာပြည်က ကိုယ်နဲ့သက်တူ ရွယ်တူတွေဆို ဗိုက်တွေရွှဲနေကြပြီ။ ကင်ဆာဌာနမှာ လူနာအင်မတန်များတာ အဖေက သူရောက်ဖူးတဲ့ဌာနတွေထဲမှာ ကင်ဆာဌာနက လူအများဆုံးတယ့်။

လည်ချောင်းကင်ဆာဆိုလို့ လည်ပင်းမှာ ဖြစ်တာထင်နေတာ လည်ချောင်းပြွှန်နဲ့ အစာအိမ်နား ချိတ်ဆက်တယ့် နေရာမှာဖြစ်တာတယ့်။ ဒီတော့ အစားအသောက် မမြိုနိုင်ဘဲ ဗိုက်နဲ့သွင်းရတယ်။ အားအရမ်းနည်းနေလို့ နှစ်ပတ်အိမ်မှာ အနားယူခိုင်းပြီး ခွဲစိတ်မယ်ဆိုတော့ ကင်ဆာက ဦးနှောက်ထဲအထိ ပြန့်နေပြီတယ့်။ လူနာကို ပိုးသတ် ခံနိုင်ရည်ရှိအောင် ဆေးတွေထိုးပြီး ပုသိမ်ကို ကားနဲ့သယ်၊ ပုသိမ်ကနေ ဟိုင်းကြီးအထိ ပဲ့ထောင်ငှား အောက်ဆီဂျင်ဘူးတွေပါ သယ်ရတယ်။ ဟိုင်းကြီးရောက်ပြီး နှစ်ရက်ပဲကြာတယ် ဆုံးပြီတယ့် မေမေ့ညီမအငယ်ဆုံးက ၄၅ နှစ်ပဲ ရှိသေးတယ်။ ကွမ်းသိပ်မစားနဲ့ ကင်ဆာဖြစ်လိမ့်မယ်လို့ အမေကပြောရင် လက်မခံဘူး ကွမ်းစားလို့ဖြစ်တာ မဟုတ်ဘူးတယ့်။ ရင်သားကင်ဆာက မျိုးရိုးကြောင့် ဖြစ်တတ်ပေမယ့် လည်ချောင်းကင်ဆာကတော့ မျိုးရိုးကြောင့်မဟုတ် အစားအသောက် နေထိုင်မှု life style ကြောင့်တယ့်။ မနေ့က မကြီးက သူဖေ့ဘွတ်မှာ ဖတ်ရတာကို ပြောပြတယ်။ နိုင်ငံခြားမှာဆို ကွမ်းသီးကို အာဗင်နဲ့ အခြောက်ခံပေမယ့် မြန်မာပြည်မှာတော့ ကန့်၊ ဆာဖြူရစ်အက်ဆစ်တွေနဲ့ပေါင်းပြီး အခြောက်ခံတာတယ့်။ အဲဒီပေါင်းခံတယ့် အဆောက်အဦးက ပတ္တာ၊ သွပ်တွေဆို နှစ်နှစ်လောက်နဲ့ ဆွေးကုန်တာတယ့်။ ကန့်အနံ့က အရမ်းပြင်းလွန်းလို့ ဘယ်သူက မဝင်နိုင်ဘူးတယ့် မီးထိုးရတယ့်သူတွေ၊ ကွမ်းသီးအိတ်သယ်တယ့်သူတွေဆို ရှူနာရှိုက်ကုန်းလေးတွေ ဖြစ်ကုန်တာတယ့်။ ကွမ်းသီးကို ကန့်နဲ့ပေါင်းလိုက်ရင် ဖြူဖွေးသွားပြီး ကန့်များများပါလေ မှိုမတက်လေတယ့်။ အဲဒီလို ကျန်းမာရေးနဲ့ မညီညွှတ်တာတွေစားပြီး ကင်ဆာတွေ ဖြစ်ကုန်ကြတော့တာပဲ။

အားလုံး ကျန်းမာရွှင်လန်းကြပါစေ။

စန်းထွန်း
ဒီဇင်ဘာ ၁၉ ၊ ၂၀၁၅။

25 July 2015

Living with lupus - 2

ကျွန်မအတွက်တော့ လူးပက်စ်နဲ့ နေထိုင်ရတဲ့ ဘဝဟာ အင်မတန် ခက်ခဲပင်ပန်းတယ်။ ဟိုနားကကိုက် ၊ ဒီနားကနာ၊ မော,မော နေတတ်တယ်။ ည ၁၀ နာရီခွဲလောက် အိပ်မှ အိပ်ရေးဝတယ်။ လည်ချောင်းနာလို့ စားမဝင်၊ သွားဖုံးနာ၊ နှာခေါင်းပိတ်၊ မျက်ခုံးအထက်နား၊ ညာဖက်နဖူးထောင့်မှာ အသားအရေခြောက်လို့ အဖတ်အဖတ်ကွာ၊ ညဖက်ဆို အပူနည်းနည်းတက် အိုး ... ဝေဒနာတွေက စုံပလုံစိနေတာပဲ။ လက်နဲ့လည်ပင်းမှာ အနီကွက်တွေ ပေါ်လာလို့ လူးပက်စ်ဆရာဝန်နဲ့ သွားပြတာ အဲဒါ လူးပက်စ်ကြောင့် မဟုတ်ဘူး အရေပြားဆရာဝန်နဲ့ သွားပြတဲ့။ တသက်လုံး မဖြစ်ဘဲနဲ့ လူးပက်စ်ဖြစ်တော့မှ ပေါ်လာတဲ့ဟာကို လူးပက်စ်ကြောင့် မဟုတ်ဘူးတဲ့။ ဆရာဝန်နဲ့ ပြိ ုင်မငြင်းချင်တော့ပါဘူး။ ရေချိုးပြီးခါစ ပုဝါနဲ့အတိုက်ကြမ်းသွားရင် အရေပြားပွန်းပဲ့သွားပြီး အနီကွက်တွေ ဖြစ်သလိုမျိုး ဖြစ်တာ။ နောက် အနီအဖုလေးတွေ လက်မှာပေါ်လာတယ်။ အသက်ကြီးကြီး ကြက်တွေရဲ့ လည်ပင်းနဲ့ တူတယ်လို့ ထင်တယ်။ အရေပြားဆရာဝန်မကို သွားပြတော့ လူးပစ်ကြောင့် ဖြစ်တာတဲ့ လိမ်းဆေးတွေ ပေးလိုက်တယ်။ ပေါင်မှာ အရေကြည်ဖုလေး ပေါက်နေတယ်လို့ ပြတော့ chicken pox တဲ့။ ဘာကြောင့်ဖြစ်တာလဲဆိုတော့ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာတဲ့။ နောက်နေ့ကျတော့ အရေကြည်ဖုတွေ အများကြီး ဒူးနားမှာလည်း ပေါ်လာတယ် ပျံ့လာတာနေမှာ။ အရေကြည်ဖုတွေက မီးလောင်ဖုတွေလိုမျိုး ကြောက်စရာကြီး တော်သေးတာပေါ့ ဆရာဝန် သွားပြလို့။



chicken pox ဆိုတာကို ဟိုတလောက အင်ဂျလီနာဂျိုလီ ရုပ်ရှင်သစ်မိတ်ဆက်ပွဲ မတက်ရောက်နိုင်တာ chicken pox ကြောင့်ဆိုပြီး ပရိတ်သတ်တွေကို တောင်းပန်တဲ့အကြောင်း သတင်းမှာ တွေ့လိုက်ဖူးတယ်။  မိဘတွေနဲ့ ဝါရှင်တန်ဒီစီ၊ ဖီလာဒဲဖီးယား၊ နိုင်အာဂရာရေတံခွန်၊ ကယ်လီဖိုးနီးယားဖက်ကို ၉  ရက် သုံးပတ်လောက် ခရီးထွက်တော့ ပင်ပန်းတယ်။ ခရီးသွားနေတုန်း အစားအသောက်က ဆင်းရဲ၊ ပင်ပန်းဆိုတော့ မစားမသောက်နိုင်။ အမေက သူ့လက်တောင် ပိန်သွားတယ်လို့ပြောလို့ ကျွန်မတို့မှာ ရယ်ရလိုက်တာ။ နယူးယောက်ကို ပြန်ရောက်တော့ ပိတ်ရက်တွေဆို မက်ဟန်တန်တခွင် လိုက်ပြ၊ အလုပ်ထဲမှာလည်း ပရောဂျက်က အရေးကြီးတဲ့အပိုင်းကို ရောက်နေပြီဆိုတော့ ပင်ပန်း။ ဒါတောင် ကျွန်မမိဘတွေက အရမ်းအလိုက်သိ၊ ဘာမှပြောစရာ မလိုတဲ့သူတွေ။ ခရီးသွားတုန်းကလည်း အဖေက လက်ကေ့စ်အိတ်ထဲကို ပစ္စည်းတွေထည့် သိမ်းဆည်း၊ အမေက အထုပ်တွေသယ် အလေးမသယ်နိုင်တဲ့ ကျွန်မကို ဘာမှမသယ်ခိုင်းဘူး။ ဘော့စတွန်ဟာဘားခရူစီးတော့ နေပူထဲမှာ နာရီဝက်လောက် စောင့်ရတယ်။ အပေါ်ဆုံးထပ်မှာ ၁ နာရီလောက် ခြစ်ခြစ်တောက် နေပူထဲမှာ ထိုင်စီးတယ်။ အဖေက နေပူတယ် အောက်ထပ်ကကို ဆင်းမယ်လို့ပြောတော့ နေလား အမြဲပူနေတာ ဘယ်တုန်းက နေမပူတာ ရှိလို့လဲ အပေါ်ထပ်က ရှုခင်းလှတယ်နဲ့ ဘုတောလိုက်သေးတယ်။ ဒါတောင် လက်ရှည်၊ ဘောင်းဘီရှည်၊ ဦးထုပ်၊ နေကာမျက်မှန်၊ sun screen တွေ လိမ်းထားတာ။ အမေက သမီးမျက်နှာတွေ နီနေတာပဲတဲ့။ အိမ်ကိုပြန်ရောက်ပြီး မျက်နှာသစ်လိုက်တော့ မျက်နှာတစ်ခုလုံး တွတ်တွတ်ရဲနေတာပဲ။ ရုံးက လူတွေက ခရီးသွားတုန်းက နေလောင်တာလားလို့ မေးကြတယ်။ လူးပက်စ်ကြောင့်လို့ ရှင်းပြရင် အရှည်ကြီး ရှင်းပြရမှာမို့လို့ ဟုတ်တယ် နေလောင်တာလို့ ဖြေလိုက်တော့တယ်။  




တပတ်လောက် ကြာတော့မှ အရေပြားဆရာဝန်မနဲ့ သွားပြတော့ လူးပက်စ်ကြောင့် ဖြစ်တာတဲ့။ butterfly rash လို့ ခေါ်ပါသတဲ့။ sun screen လိမ်း၊ လက်ရှည်ဝတ်၊ ဦးထုပ်၊ နေကာမျက်မှန်တပ် မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်းမှာ အပြင်သွားတာတွေ ရှောင်ပါတဲ့။ တပတ်လောက် ဆေးသောက်၊ ဆေးလိမ်းတော့ နီတာတွေ သက်သာသွားပေမဲ့ မျက်နှာမှာ မည်းမည်းတွေ ကျန်ခဲ့တယ်။ အင်း ... အားလုံးကောင်းသွားဖို့ကတော့ တလလောက် ကြာမယ်နဲ့တူတယ်။ အီတလီနိုင်ငံဘေးက အယ်ဘေးနီးယားမှာ သုံးပတ်တာဝန် ထမ်းဆောင်ပြီးလို့ ပြန်လာတဲ့ဝိုင်းက ခွင့် ၂ ရက် ယူပြီး ဂရိတ်စမုတ်ကီတောင် သွားမယ် လိုက်မလားတဲ့။ တွတ်တွတ်ရဲနေတဲ့ ကျွန်မဓာတ်ပုံ ပြလိုက်တော့ ပိတ်ရက် ဂျော့ရေကန် သွားမယ်လေတဲ့။ ဟဲ့ ... ငါ့ လူးပက်စ် ဒီလောက်ဆိုးနေတာ ခရီးသွားမယ် သြဂုတ် လကုန်အထိ ဘယ်ခရီးမှ မသွားဘူးလို့။ ၃ လ နေမယ်ဆိုတဲ့ အဖေနဲ့အမေ ၁ လလောက်ပဲနေပြီး ဇူလှိုင် ၁၉  မှာ ပြန်သွားတော့ ဟာတာတာ ဖြစ်ကျန်ခဲ့တယ်။ လူတိုင်းက ကျွန်မမျက်နှာကို ကြည့်ကြပြီး ဘာဖြစ်တာလဲလို့ သိချင်ကြတယ်။ ခြေထောက်တွေ ယောင်ပြီးရင် မည်းပြီးကျန်ခဲ့တယ်။ လက်နဲ့လည်ပင်းမှာလည်း မည်းမည်းကွက်တွေနဲ့ အတော်ရုပ်ဆိုးတယ်။ ပိန်သွားတယ် ၆ ပေါင် ကျသွားတယ်။ ရထားတွေပြောင်းလို့ လှေကားအတက်အဆင်းတွေလုပ်ရင် မောလို့ ရေဘူးဆောင်ရတယ်။ မိန်းကလေးပီပီ ပြစ်မျိုးမှဲ့မထင် လှချင်ပေမဲ့ လူးပက်စ်ကြောင့် မလှနိုင်တော့တာ စိတ်မကောင်းစရာပဲ။ လမ်းလျှောက်နိုင်သေးတယ်၊ သဘာဝလောက အလှတွေကို ခံစားနိုင်သေးတယ်၊ ဂီတသံတွေကို နားဆင်နိုင်သေးတယ်၊ စားနိုင်သောက်နိုင်သေးတယ်၊ ဦးနှောက်က ကောင်းကောင်း အလုပ်နိုင်သေးတာကပဲ  ဝမ်းသာစရာ။



ကျန်းမာရွှင်လန်းကြပါစေ
စန်းထွန်း
ဇူလှိုင် ၂၅၊ ၂၀၁၅။

02 June 2015

Living with lupus ...

ကိုယ့်မှာ လူးပစ်ရှိနေပြီလို့ သိလိုက်ရပြီးကတည်းက ကိုယ့်ဘဝ တကယ့်ကို ပြောင်းလဲသွားတယ်။ တခါတရံမှာ မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲတာ၊ ကြွက်သားတွေ ယောင်တာ၊ ပစ္စည်းအလေးတွေ မသယ်နိုင်တာ၊ လည်ချောင်းနာတာ၊ ပင်ပန်းတာတွေ ဖြစ်တယ်။ လူးပစ်ဖြစ်ပြီးတော့ ကိုယ့်ကိုကိုယ် ပိုဂရုစိုက်လာတယ်။ မနာမကျင်ဘဲ လမ်းလျှောက်နေရတဲ့ အချိန်များဆို ပျော်နေမိတယ်။ အရာရာကို နှေးနှေးကွေးကွေး အေးအေးဆေးဆေး လုပ်ဖို့ကြိုးစားရတယ်။ တခါတလေဆို နေ့လည်ဖက် အလုပ်ထဲမှာ အိပ်ငိုက်တယ်။ ဂျာနယ်စကွဲကနေ ၃၃ လမ်းအထိ PATH ရထားမှာ နေရာရရင် အိပ်တော့တာပဲ။ fatigue ကတော့ တော်တော်သိသာတယ်။ ညနေစာ စားပြီးရင် ကွန်ပျူတာဖွင့်ဖို့ထက် ကုတင်ထက်မှာ လဲနေတော့တာပဲ။ အလုပ်ထဲမှာလည်း ဆာဗာမိုင်ကရေးရှင်းတွေ လုပ်နေတော့ အဲရာတွေ အများကြီးကို ဖြေရှင်းရတော့ ပင်ပန်းတယ်။ ထမင်းဟင်းလား မချက်နိုင်ဘူး ဝယ်စားရတယ်။ အစားအသောက် မကောင်းဘူး ချက်ပြီးရင် မစားချင်ဘူး။ တခါတလေကျတော့လည်း ထမင်းဘူးသယ်ဖို့တောင် အားမရှိဘူး။ အသားအရေတွေ ခြောက်လာလို့ အရင်သုံးနေကျ အိုလေး၊ ဗက်စလင်းလိုးရှင်းတွေ သုံးလို့မရဘူး။ ကိုယ့်ဆူပါဗိုက်ဆာ တရုတ်မယန်းညွှန်းတဲ့ vanicream ဆိုတာ သုံးနေရတယ်။

ဆေးက တနေ့နှစ်ကြိမ် သောက်ရတယ်။ မခံမရပ်အောင် နာလာရင် pain reliever သောက်ရတယ်။ ကိုယ်က မသောက်ချင်ဘူး အတော့်ကို မခံမရပ်နိုင်မှ သောက်တယ်။ ကိုယ့်လူးပစ်က အဆစ်အမြစ်ကိုက်၊ ကြွက်သားယောင်တာ။ တခါတလေ ခြေထောက်တွေ ယောင်တယ်။ နှစ်ရက်လောက်ဆို ပျောက်သွားရော။ ကြွက်သားတွေ ယောင်ပြီးရင် မည်းပြီးကျန်ခဲ့တယ်။ ဆံပင်တွေ အရမ်းကျွှတ်တယ်။ နှစ်လတစ်ကြိမ် ဆရာဝန်နဲ့ သွားပြတော့ တနေ့ကို နည်းနည်းနာကျင်တာတွေ ရှိနေတုန်းဆိုတော့ ဆရာဝန်က သိပ်မကျေနပ်ဘူး။ လူးပစ်က all about medicine တဲ့ မှန်ကန်တဲ့ဆေးနဲ့တွေ့ရင် သာမန်လူလိုပဲ နာကျင်တာတွေ မရှိတော့ဘူး။ ဆေးပြင်းပေးမယ် ဘေးထွက်ဆိုးကျိုးက အသည်းကို ထိခိုက်မယ်ဆိုတော့ ကိုယ်က မသောက်ချင်ဘူး။ အခုဆေးတောင်မှ မျက်စိကို ခြောက်သွေ့စေလို့ ခြောက်လတကြိမ် မျက်စိဆရာဝန်နဲ့ ပြရတယ်။ ကိုယ်မသောက်ချင်တော့ ခုဆေးပဲသောက်နေ နောက်နှစ်လနေလို့မှ ဒီထက်ပိုကောင်းမလာရင် ဆေးပြင်းသောက်တဲ့။ လူးပစ်ဖြစ်ပြီးကတည်းက ဟိုက်ကင်းမသွားနိုင်တော့တာ ကိုယ့်အခြေအနေကို ကြည့်နေရတယ်။ လမ်းလျှောက်တာလည်းနှေး၊ လှေကားအတက်အဆင်းလည်းနှေး၊ လမ်းလျှောက်တာ ကွတကွတနဲ့ နာကျင်နေမှန်း သိသာတယ်တဲ့။ ကိုယ်အရင်စိတ်နဲ့ဆို လူးပစ်သမားတွေကို ပျင်းတာလို့ တွေးလိမ့်မယ်။ လူးပစ်ဖြစ်မှာပဲ ကွတကွတ၊ နှေးနှေးလမ်းလျှောက်တဲ့သူတွေကို ကိုယ်ချင်းစာတယ်။

တခါတလေ ကျတော့လည်း နာလွန်းလို့ မအိပ်နိုင်ဘူး။ တခါတလေကျတော့လည်း အိပ်လွန်းလို့ ငါဘာများဖြစ်ပါလိမ့်လို့တောင် တွေးမိတယ်။ လူးပစ်က တစ်ယောက်နဲ့တစ်ယောက် မတူဘူး။ စင်္ကာပူရုံးက အစ်မက မျက်နှာက လိပ်ပြာကွက် ထလာတယ်။ အပူနည်းနည်းရှိတယ်။ နေရောင်ခြည်ခံလို့ မရဘူး။ လူးပစ်က လေးဖက်နာနဲ့ သွားဆင်တော့ အများစုက လေးဖက်နာလို့ ထင်ကြတာ။ ဆရာဝန် ၃၊ ၄ ယောက် ပြောင်းပြီးတော့မှ လူးပစ်မှန်း သိကြတယ်။ ကိုယ့်ဆရာဝန် ဒေါက်တာလင်းက တကယ်တော်တယ် လူးပစ်လို့ထင်တယ်လို့ တခါတည်း တန်းသိတာ။ အိုမားသမီးအငယ်လည်း လူးပစ်ဖြစ်နေမှန်း မသိဘူး။ နှလုံးခုန်တအားမြန်လာလို့ ဆေးရုံတင်လိုက်တာ နှစ်ပတ်လောက်အထိ လူးပစ်မှန်း မသိဘူး။ ဆရာဝန်က လိင်ရောဂါလို့ ထင်နေတာတဲ့။ အိုမားက စိတ်တွေဆိုး ကလေးက ၁၂ နှစ်ပဲ ရှိသေးတယ် ကလေးသာသာ ယောက်ျားလေးကို စိတ်ဝင်စားရမှန်းတောင် မသိသေးဘူး။ ကော်ဖီခွက် မကိုင်နိုင်တာကို ဆရာဝန်က အမေကို ချွှဲနေတာလားတဲ့။ ဟိုက အဆစ်တွေယောင်လို့ တကယ်မကိုင်နိုင်တာ။ ဆေးသောက်ပြီး လူးပစ်ကို ထိန်းနိုင်သွားပြီ လုံးဝနာကျင်တာ မရှိတော့ဘူး။ မေ ၂၅ မန်မိုရီယမ်ဒေးပိတ်ရက်မှာ ယူအက်စ်ရောက်နေတဲ့ မိဘတွေကို နယူးယောက်လိုက်ပို့ချင်လို့ ဘယ်နေရာတွေကို ပို့ရမလဲလို့ မိုင်းက မေးလာတယ်။




မိုင်းနဲ့စကားမပြောဖြစ်တာ တော်တော်ကြာပြီ ၂၀၁၃ ဂျွန်လ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့ကနေ သူ့ရည်းစားရှိတဲ့ ဗာမွန်ပြည်နယ် ဗာလင်တန်မြို့ကို ပြောင်းသွားကတည်းက ဆိုပါတော့။ အီးမေးလ်နဲ့တော့ အဆက်အသွယ်ရှိတယ်။ မိုင်းက မန်မိုရီယမ်ဒေးမှာ မလာဖြစ်တော့တဲ့အကြောင်း ဖုန်းဆက်လှမ်းအသိပေးရင် စကားတွေပြောလိုက်ကြတာ ၁ နာရီကျော် ကြာတယ်။ သူငယ်ချင်းတွေ မတွေ့တာ နှစ်ချီကြာနေပမယ့်လည်း ရင်ဘတ်ချင်း နီးနေတုန်းလို့ ခံစားမိတုန်း။ မိုင်းမှာလည်း လူးပစ်ရှိတယ်။ မိုင်းက ကိုယ့်ခန္ဓာကိုယ်ရဲ့ တခြမ်းလောက်ပဲ ရှိတယ်။ သူ့ခြေထောက်က chopstick နဲ့တူလို့ chopstick လို့ နာမည်ပြောင် ပေးထားတယ်။ စားတာက ကိုယ့်ထက်နှစ်ဆ စားနိုင်တယ်။ စားတဲ့အားတွေ ဘယ်ရောက်သွားမှန်း မသိအောင် ပိန်ညောင်နေတော့ ရာသီဥတုအေးရင် ချောင်းတဟွတ်ဟွတ် ဆိုးနေတတ်တယ် သွေးအားနည်းလို့တဲ့။ ပိတ်ရက်တွေဆိုရင်လည်း ကုတင်ပေါ်မှာ အနားယူနေရတာ ခပ်များများ။ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့က တိုက်ခန်းမှာ စောစောအိပ်တတ်တဲ့ မိုင်းနဲ့ကိုယ်က ၁၁ နာရီလောက်ဆို အိပ်ဖို့ပြင်ရင် မအိပ်သေးဘဲ ကီးဘုတ်တဖျောက်ဖျောက် ရိုက်နေတဲ့ဆူနမ်ကို အိပ်တော့လို့ မိုင်းဖန်က အော်တတ်တယ်။ မိုင်းက သူ နှလုံးမကောင်းဘူးဆိုပြီး နှလုံးဆရာဝန်တွေနဲ့ ပြနေတာတဲ့။ ၂၀၁၃ ဗာမွန်ပြည်နယ် ဗာလင်တန်ကို ပြောင်းပြီးတော့လည်း နှလုံးဆရာဝန်နဲ့ ပြသေးတယ် ဘာမှမဖြစ်ဘူးတဲ့။ ရာသီဥတုအေးတဲ့နေ့မှာ နှင်းတွေကို ဂေါ်နဲ့ကျုံးပြီးတော့ အအေးမိသွားတယ် ထင်နေတာ။

မိသားစုဆရာဝန်ကို သွားပြတော့ သွေးစစ်ပြီး လူးပစ်ဖြစ်နေတယ်တဲ့။ တခါတုန်းက အဖျားကြီးပြီး အရေးပေါ်ဆေးရုံ တင်လိုက်ရတယ်။ ပုံမှန် နှလုံးခုန်နှုန်း ၉၀ ပဲ ရှိရမှာ ၁၇၀ လောက် ရှိနေတယ်တဲ့။ အဆုတ်၊ ကျောက်ကပ်မှာ ရေတွေဝင်နေလို့ စုပ်ထုတ်ရတယ်။ သေသွားနိုင်တယ်တဲ့ ဆေးရုံးစရိတ် ၆ သောင်းကျော်ကျတယ်။ dedcutable ကို ကိုယ်ကပေးပြီး ကျန်တာကို ကျန်းမာရေးအာမခံက ပေးပေမဲ့ pocket ကိုယ့်အိတ်က စိုက်ထုတ်ရတာပါပဲ။ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်သိပြီး ဂရုစိုက်ဖို့ တခုခုနေမကောင်းဘူးလို့ ထင်တာနဲ့ ဆရာဝန်ဆီသွားဖို့ မပေါ့ဆနဲ့တဲ့။ မိုင်းဖန်အစ်မလည်း လူးပစ်ကြောင့် သေသွားတာတဲ့ ၁၉၉၁ သူသုံးတန်းတုန်းကတဲ့။ လူးပစ်ဟာ မျိုးရိုးလိုက်တတ်လို့ ကိုယ့်မိသားစုမှာ လူးပစ်ရှိလားလို့ ဆရာဝန်က ရောဂါဇစ်မြစ် သေသေချာချာမေးတာ။ အဲဒီတုန်းက ဗီယက်နမ်မှာ ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးမရှိတော့ သေဆုံးရတာများတယ်။ ကိုယ့်အမေရိကန်မှာနေဖို့ ဆုံးဖြတ်လိုက်တာ လူးပစ်ကြောင့်လည်းပါတယ်။ အမေရိကန်မှာက သုတေသန၊ ဆေးဝါးကောင်းတော့ လူးပစ်ဖြစ်ပေမဲ့လည်း လူ့သက်တမ်းစေ့ နေနိုင်တယ်။ မိုင်းဖန်က မျက်နှာမှာ လိပ်ပြာကွက်တွေ ထလာတတ်တယ်။ ၂၊ ၃ ရက်လောက်ဆို ကောင်းသွားရော။ အဆစ်အမြစ်၊ ကြွက်သားတွေ ယောင်တယ်။ အရင်တုန်းက အလေးကြီးတွေ သယ်နိုင်ပေမဲ့ ခုတော့ မသယ်နိုင်တော့ဘူးတဲ့။

ဆံပင်တွေလည်း ကျွှတ်လိုက်တာ၊ အသားအရေလည်း ခြောက်တယ်။ ကိုယ့်အလုပ်အကိုင်၊ အိမ်၊ မိသားစု အခြေအနေကို မေးတယ်။ ဂရင်းကဒ်ကို မြန်မြန်လျှောက်ဖို့ တိုက်တွန်းတယ်။ စီနီယာငါးလေ စန်းစန်း သိတယ်မလား။ သိတယ် သူ ဂရင်းကဒ်ရပြီ သူလည်း အစာအိမ်ရောဂါဖြစ်လို့တဲ့ ဆေးရုံတက်ဖို့ကို နှစ်လလောက် စောင့်ရတယ်။ သူ့ကုမ္ဗဏီက ကျန်းမာရေးအာမခံ မပေးဘူး တလကို ၈၀၀ ပေးရတယ်တဲ့။ ငါးက ပြောနေတယ် ငါတို့တွေ စာကိုလည်း အသည်းအသန်ကြိုးစား၊ အလုပ်ကိုလည်း သူများထက် နှစ်ဆကြိုးစား၊ ကျန်းမာအောင်နေကြရဲ့သားနဲ့ ဘာလို့ဒီရောဂါတွေ ဖြစ်ပါလိမ့်။ ကျောင်းတုန်းကလည်း တနေ့ကို လေးနာရီလောက်ပဲအိပ်၊ မက်ဒေါနယ်က မက်ချစ်ကင်း ၂ ကျပ်တန်စားပြီး ‌ချွှေတာ။ မိုင်းဖန် မှတ်မိသေးလား ပိတ်ရက်တွေဆို တရုတ်ဘူဖေးတစ်ဘူး၊ အိန္ဒိယဘူဖေးတစ်ဘူးဝယ်ပြီး ကိုယ်တို့လေးယောက် ချွှေတာစားခဲ့တာလေ။ အဲဒီလို ကိုယ်ပင်ပန်း၊ စိတ်ဖိစီးမှုတွေနဲ့ ကြိုးစားခဲ့ကြလို့ ရောဂါဖြစ်တာနေမှာ။ ဘာမှမကြိုးစား အေးအေးဆေးဆေး သက်သက်သာသာနေရင် ရောဂါဘယ်ဖြစ်လိမ့်မတုန်း။ မိုင်းရေ ကြည့်ရတာ ကိုယ်က မိုင်းကို သိပ်ချစ်တာပဲနဲ့တူတယ်နော် မိုင်းမှာ လူးပစ်ဖြစ်တယ်ဆိုရော ကိုယ်လည်း လူးပစ်လိုက်ဖြစ်ရော။ ဆူနမ်ကိုလည်း သတိထား လူးပစ်ဖြစ်နေဦးမယ် ကိုယ်တို့သူငယ်ချင်းတွေက ကံတူအကျိုးပေးတွေလို့ပြောတော့ ဆူနမ်က မိုင်း အဲဒီလိုမပြောပါနဲ့ ကြောက်စရာကြီးတဲ့။




ကိုယ်က ရာမားကို သံသယရှိနေတာ။ ရာမားက အမြဲအားနည်းပြီး အပူနည်းနည်း ရှိနေတတ်တယ်။ ရာသီဥတုအေးလာရင် ခြေထောက်မှာ အနီကွက်တွေ ထတယ်။ ဆံပင်လည်း တအားကျွှတ်တယ်။ လူးပစ်လက္ခဏာတွေနဲ့ ဆင်တယ်။ ဘုရား...ဘုရား မဟုတ်ပါစေနဲ့။ စန်းစန်း နယူးယောက်မှာ ဗမာကောင်လေး မတွေ့ဘူးလား မတွေ့ပါဘူး။ ကောင်းကောင်းမွန်မွန်လေးတွေ့ရင် ဒိတ်လုပ်နော် အလုပ်ထဲမှာရော။ အလုပ်ထဲမှာက တရုတ်ကောင်တွေကြီးပဲ။ တရုတ်လည်း ယဉ်ကျေးမှုမကွာတော့ မဆိုးပါဘူး။ ဘာလဲ မြန်မာဗုဒ္ဓဘာသာမှ ယူမယ်လို့တွေးနေတုန်းလား။ လူးပစ်ဖြစ်ပြီးတော့ ကိုယ့်သတ်မှတ်ချက်တွေ ပြင်လိုက်ပြီ။ ဆူနမ်ကတော့ ခုထိ ဂူရုန်းမှ ဂူရုန်း ဖြစ်နေတုန်း။ ဆူနမ် အခုချက်တင်းလုပ်နေတဲ့ ဂူရုန်းတစ်ယောက် ရှိတယ်။ သူများကို သိပ်ဂရုစိုက်တဲ့သူ မဟုတ်ဘူးလို့ ခံစားရလို့ ချက်တင်းတာ ရပ်တော့မယ်တဲ့။ ဆူနမ်က မိသားစု၊ သူငယ်ချင်းတွေကို သိပ်ဂရုစိုက်တာ။ တသက်လုံး အတူနေသွားရမှာ သူ၊ သူ့မိဘတွေ မဟုတ်ဘူး မချစ်ဘူးလို့ ခံစားမိရင်ရပ်။ ဒီလူနဲ့ ကျန်တဲ့ဘဝတစ်ခုလုံးကို ဖြတ်သန်းသွားချင်လိုက်တာလို့ ခံစားမိရင် ဆက်လုပ်။ စန်းစန်း နင့်မိဘတွေလာရင် ကောင်လေးတစ်ယောက်ရှာခိုင်း။ ကိုယ်တို့မိသားစုက arranged marriage မရှိဘူး ကြိုက်ရင်ယူ ကောင်းရင်စံ ဖြစ်ရင်ခံ။ နေပါဦးမိုင်းရဲ့ မြန်မာပြည်ကလူကို ယူတာတော့ ထားပါတော့။ ကိုယ်က ယူအက်စ်မှာ အခြေချဖို့ ဆုံးဖြတ်ထားတာ။ မြန်မာပြည်ကလူကို လက်ထပ်ပြီး ယူအက်စ်ကိုခေါ်လာ သူက ယူအက်စ်မှာ ဘာလုပ်မှာတုန်း။ ကိုယ်တောင် ယူအက်စ်မှာ အခြေကျဖို့ လေးနှစ်လောက် အသည်းအသန် ကြိုးစားရတာ။ ထမင်းချက်၊ ကလေးမွေး၊ အိမ်ထောင်ထိန်းသိမ်းတဲ့ good house husband လုပ်မှာလား။ အယ်မလေး သူငယ်ချင်းတွေလို့ မပြောရဘူး ဆူနမ်နဲ့ တလေသံတည်း ထွက်တယ်။

သိလား စန်းစန်း ဂင်္ဂါနဲ့ရာမား မင်္ဂလာဆောင်တော့မယ်နဲ့တူတယ်။ ကိုယ်သိတယ် အမ်းထရူး ကိုယ့်ကိုပြောပြတယ်။ ကျောင်းမှာကတည်းက ဂင်္ဂါက ရာမားကို ကြိုက်နေတာ။ အိုင်အိုဝါပြည်နယ်မှာနေတဲ့ ဂင်္ဂါကို မေရီလန်းကိုလာဖို့ ရာမားက ဖိတ်ခေါ်လိုက်တာတဲ့။ ဂင်္ဂါအချစ်က တကယ်ခိုင်မြဲတယ်နော် ငါးနှစ်ကြီးများတောင်။ လွန်ခဲ့တဲ့နှစ်နှစ်က ကိုယ်မေးသေးတယ် ဆူနမ်က ဂင်္ဂါနဲ့ နိုးလို့ တူးတူးခါးခါးကြီး ငြင်းတယ်။ ရာမားကို သူ့အိမ်က ပေးစားမှာလေး ဘာလေးနဲ့။ ခုတော့ ဂင်္ဂါနဲ့သဘောတူလို့ အိမ်ကိုတောင် ခေါ်တင်ထားတယ်။ ဒါတောင် လုံးဝကြီး သဘောကျသေးတာ မဟုတ်ဘူးတဲ့။ ရာမားက ယောက်ျားယူတော့မယ် ဆူနမ် နင်တစ်ယောက်တည်း ကျန်ရစ်ဖြစ်တော့တယ် ယောကျာ်းရှာလို့ တိုက်တွန်းနေရတယ်။ ကျောင်းမှာတုန်းက ကိုယ်တို့ဘတ်ချ်၊ စီနီယာ၊ ဂျူနီယာတွေမှာ နီပေါတွေမှ အများကြီးကို တစ်ယောက်ရအောင် မချိတ်ဘူး။ သူက ဂူရုန်းမှ ဂူရုန်းတဲ့လေ။ အမ်းထရူးကျတော့လည်း ဂူရုန်းပေမဲ့ ယူလို့မရတဲ့ဂူရုန်းတဲ့။ ဈေးဝယ်တဲ့အခါ ခြင်းတောင်းကို မသယ်နိုင်တဲ့အခါ၊ အဝတ်လျှော်ဖို့ အဝတ်ခြင်းတောင်းကို မသယ်နိုင်တဲ့အခါ မိသားစုဝင်တစ်ယောက်လောက် အနားမှာရှိစေချင်သား။ ကလေးတွေကို မြင်ရတဲ့အခါ မိသားစုရှိသင့်ပြီလို့ တွေးမိသား။ တခါတလေကျတော့ ဒီလောက်နာကျင်ကိုက်ခဲနေတာ ဘယ်လိုလုပ် မိသားစုတာဝန်တွေ ထမ်းဆောင်နိုင်ပါ့မလဲလို့ တွေးမိသား။

စန်းစန်း မင်း အဒေါ်ဖြစ်သွားဖြစ်ပြီဆို ဟုတ်တယ်။ မင်းမောင်ကို သုံးယောက်မွေးခိုင်း တစ်ယောက်ကို မင်းအစ်မကမွေး၊ တစ်ယောက်ကိုမင်းကမွေး။ ဟဲ့ သူ့ကလေးကို မွေးမဲ့အစား ကိုယ့်ဘာသာမွေးမှာပေါ့။ အဲဒါကြောင့် ယောကျာ်းရှာဖို့ ပြောတာပေါ့။ ကိုယ်တို့ညီအစ်မတွေဆုံရင် မောင်မောင်နဲ့ကိုယ့်ယောက်မ အသုံးမကျတဲ့အကြောင်း ဘူတာဆိုက်သလို ဆူနမ်၊ မိုင်းတို့နဲ့ဆိုရင် ဒီယောက်ျားဘူတာပဲ ဆိုက်တယ်။ ကိုယ်တို့ပြသနာက ကိုယ်တို့လောက် ပညာတတ်၊ လစာကလည်း ကိုယ်တို့နီးပါးလောက်ရတဲ့သူ၊ လူမျိုး၊ ဘာသာလည်း တူဦးမှ။ မိုင်း မင်း သိပ်ကံကောင်းတယ် ဗီယက်နမ်ချင်းလည်း ဖြစ်သလို ဘွဲ့ရပညာတတ်၊ လစာလည်းကောင်း၊ ယူအက်စ်မှာ အခြေချတဲ့သူ၊ မင်းရဲ့ပထမဆုံးရည်းစားလည်း ဖြစ်တယ် မင်းကို သိပ်အားကျတာပဲ။ စန်းစန်း မြန်မာပြည် ဘယ်တော့အလည်ပြန်မလဲ။ ဒီနှစ်တော့ ကိုယ့်မိဘတွေ လာမှာဆိုတော့ မပြန်ဖြစ်တော့ပါဘူး။ ပြန်မယ်ဆိုရင်လည်း လေယာဉ်ခ၊ လက်ဆောင်တွေနဲ့ ပိုက်ဆံသိပ်ကုန်တာ။ ကိုယ့်မှာ တခြားကုန်စရာတွေ ရှိသေးတယ်။ စန်းစန်း ပူရီမာကို မှတ်မိတယ်မလား မှတ်မိတယ် ဘောစတွန်မှာလေ။ သူ့ကောင်လည်း ဘော်စတွန်မှာ ယူတော့မယ်နဲ့တူတယ်။ ကျောင်းမှာတုန်းက သူတို့နှစ်ယောက် သမီးရည်းစားလားလို့မေးတာ ဆူနမ်က နိုးလို့လုံးဝငြင်းတယ်။ ပူရီမာမှာ ရည်းစားရှိတယ်တဲ့။ ပူရီမာမှာ ရည်းစားရှိမရှိတော့ မသိဘူးဟေ့ သူတို့နှစ်ယောက်ကို တွေ့လိုက်တာနဲ့ သမီးရည်းစားမှန်း သိတယ်။




အဲဒါကို ဆူနမ်က နိုး ရိုးရိုးသားသားခင်တာလို့ ငြင်းနေသေးတယ်။ ဒီနီပေါတွေဟာလေ ရိုးသားအပြစ်ကင်း လွန်းကြတာလား မသိတော့ဘူး။ ခုထိ ဆူနမ်က နိုးလို့ငြင်းနေတုန်း။ ကယ်လီဖိုးနီးယားက စီနီယာငါးနဲ့ ဘော်စတွန်က ပူရီမာတို့ ဖလော်ရီဒါကို သွားတဲ့ဓာတ်ပုံတွေ ဖေ့ဘွတ်မှာ တွေ့လိုက်တယ်။ သူ့ကောင်လည်းပါတယ် ဆူနမ်တစ်ကောင်ဟာလေ ခုထိငြင်းနေတုန်း။ ဟိုက မင်္ဂလာဆောင်တော့မှပဲ ရက်စ်လို့ပြောတော့မယ်နဲ့တူတယ်။ ကိုယ်တော့ ဆူနမ်ကို နားမလည်နိုင်တော့ဘူး လယ်ပြင်မှာ ဆင်သွားသလို ရှင်းရှင်းလင်းလင်းကြီး မြင်ရဲ့သားနဲ့ ဘာလို့ဘူးခံနေပါလိမ့်။ စန်းစန်းရေ မင်းနှလုံးသားကို ဖွင့်နော်။ သင့်တော်တဲ့သူတွေ့ရင် သိပ်မစဉ်းစားနဲ့။ ကိုယ်တို့က ပညာ၊ အလုပ် အားလုံးပြည့်စုံနေပြီ အိမ်ထောင်ပြုသင့်တဲ့အရွယ် ရောက်ပြီ။ အင်းပါ ကိုယ်စဉ်းစားပါ့မယ်။ ဆူနမ်၊ ရာမားတို့ ကွန်းဖရင့်ကော ခေါ်ရအောင် စန်းစန်း အိပ်ချင်နေပြီလား ၁၁ နာရီ ထိုးလုပြီ။ အင်း ဟုတ်တယ် ကိုယ့်မျက်စိတွေ စင်းနေပြီ ကိုယ်အိပ်သင့်နေပြီ။ မအိပ်ရင် အဆစ်အမြစ်တွေ ပိုကိုက်တယ်။ ကိုယ် နားလည်ပါတယ် နောက်မှ ပြောကြအောင်လေ ဂွတ်နိုက်။

စန်းထွန်း
ဂျွှန် ၂၊ ၂၀၁၅။

05 February 2015

Lupus - ၂

၁၉၈၆ ယူကရိန်းနိုင်ငံ ချန်နိုဘိုင်းနူကလီးယားစက်ရုံ (Chernobyl) ပေါက်ကွဲတာ ကမ္ဘာ့သမိုင်းမှာ အမြင့်ဆုံးအဆင့် ၇ ရှိတဲ့ အဆိုးရွားဆုံး ပေါက်ကွဲမှုနှစ်ခုထဲက တစ်ခုပါ။ နောက်တစ်ခုကတော့ ၂၀၁၁ ငလျင်လှုပ်လို့ ပေါက်ကွဲတဲ့ ဂျပန်က ဖူကူရှီးမား စက်ရုံပါ။ ယူရေနီယမ်ဓာတ်သင့်လို့ ကင်ဆာဖြစ်သူတွေ၊ ယူရေနီယမ်ဓာတ်က ပင်လယ်ရေထဲထိ စိမ့်နေလို့ အဲဒီအနီးအဝိုက်က ဖမ်းမိတဲ့ ငါးတွေ မစားဖို့၊ ရေတွေ မသောက်ဖို့ သတိပေးပါတယ်။ ကန်တက်ကီရုံးမှာတုန်းက ဘွဲ့ရပြီးခါစ အသစ်ဝင်လာတဲ့ အင်ဂျင်နီယာ ၁၀ ယောက်မှာ မိန်းကလေးဆိုလို့ ရှားရှားပါးပါး တစ်ယောက်ထဲပါတဲ့ ဝှစ်တနီနဲ့ စကားစပ်မိတော့ သူ အင်တန်းဆင်းရတာ နူကလီးယားပါဝါစက်ရုံတဲ့။ ရုပ်ရှင်ထဲကအတိုင်း အဖြူရောင်ကာဗာဝတ်ရုံကြီးတွေ ဝတ်ရပြီး ယူရေနီယမ်ကနေ ရောင်ခြည်တွေ ဖြာနေတာများ အင်မတန် လှတာတဲ့။ သုံးပြီးတဲ့ ယူရေနီယမ်ကို ဘယ်လိုစွန့်ပစ်လဲမေးတော့ ပြန်လည်သန့်စင်ဖို့က အကုန်အကျများလို့ သံဗုံးအထူကြီးတွေနဲ့ ပင်လယ်အောက်ကို စွန့်ပစ်ကြပါသတဲ့။ လူမရှိတဲ့ တခြားဂြိုလ်တွေမှာ သွားစွန့်ပစ်နိုင်မလားလို့ အဓွန့်တက်ကြည့်တော့ တခြားဂြိုလ်တွေဆီ သွားဖို့ဆိုတာ ပိုက်ဆံအရမ်းကုန်တာ ခုတောင် အင်္ဂါဂြိုလ်လောက်ပဲ ခြေချနိုင်သေးတယ်။ မတော်တဆဖြစ်လို့ ကောင်းကင်မှာ ပေါက်ကွဲရင် တကမ္ဘာလုံး ဓာတ်ရောင်ခြည် သင့်တော့မှာပေါ့။ တခြားဂြိုလ်တွေမှာ သွားစွန့်ပစ်လို့ မတော်တဆ ပေါက်ကွဲရင် ကမ္ဘာမှာ ပေါက်ကွဲတာလောက် ထိန်းချုပ်ဖို့ မလွယ်ဘူးလေ။



စစ်ဗိုလ်တွေကို ရုရှဆီ ပညာတော်သင်လွှတ်၊ ရုရှားနည်းပညာ၊ မြောက်ကိုရီးယား အကူအညီနဲ့မြန်မာပြည်မှာ နူးကလီးယားစက်ရုံဆောက်နေတည်လို့ သတင်းသိုးသိုးသန့်သန့် ထွက်လာတော့ အစိုးရက ဒုံးကျည်ထုတ်လုပ်ဖို့ မဟုတ်ပါဘူး၊ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များတဲ့ မြန်မာနိုင်ငံအတွက် ဓာတ်အားပေးစက်ရုံဆောက်တာ ဘာညာနဲ့။ ကိုယ်တို့ရွာမှာ လျှပ်စစ်ဓာတ်အား မရသေးတာ ခုထိပါပဲ ကိုယ်တို့ငယ်ငယ်တုန်းက ရွာမှာ ညဖက်ဆို မီးစက်သံ တညံညံပေါ့။ တချို့အိမ်တွေက တခြားအိမ်တွေကို တလဘယ်လောက် အခကြေးငွေးနဲ့ ည ၆ နာရီကနေ ၁၀ အထိ မီးပေးတယ်။ ကမ္ဘာ့ဖလားဗိုလ်လုပွဲ၊ ပရီးမီးယားလိခ် ဗိုလ်လုပွဲတွေဆို တအိမ်အိမ်မှာ စုကြည့်ကြတယ်။ ခုတော့ အိမ်မှာ ဆိုလာပြားတွေတပ်ပြီး အင်ဗာတာထဲ အားသွင်း ညဖက်ဆိုရင် အင်ဗာတာနဲ့ မီးချောင်းလင်းတော့ မီးစက်သံတွေ မညံတော့ဘူးလို့ အဖေက ပြောပြတယ်။ ကိုယ် စဉ်းစားမိတာက ကိုယ်တို့နိုင်ငံမှာ နူးကလီးယားစက်ရုံထက် ပိုလျှံလို့ရောင်းတာပါဆိုတဲ့ သဘာဝဓာတ်ငွေ့၊ ဆိုလာတွေနဲ့ လျှပ်စစ်ဓာတ်အားထုတ်စက်ရုံများ တည်ဆောက်တာ ပိုမကောင်းဘူးလားလို့။ ၉၉.၉  ရာခိုင်နှုန်း တိကျသေချာတဲ့ ဂျပန်မှာတောင် မလွဲမရှောင်နိုင်တဲ့ သဘာဝဘေးဒဏ်ကြောင့် နူးကလီးယားစက်ရုံ ပေါက်ကွဲသေးတာ ကိုယ်တို့နိုင်ငံမှာ အဲဒီလိုမျိုးဖြစ်လို့ကတော့ လှည်းတန်းအင်္ဂလိပ်စာကျောင်းက ဆရာကြီးရဲ့ စကားကို ငှားသုံးရမယ်ဆိုရင် အားလုံး မျိုးကန်းကုန်တော့မှာပဲ။

မိသားစုထဲမှာ ကင်ဆာဖြစ်တဲ့လူ ရှိလား မရှိဘူး ဆရာ။ ကန်တက်ကီအိမ်ရှင်မရဲ့ အဘွားက ရင်သားကင်ဆာနဲ့ ဆုံးသွားတာမို့ ကင်ဆာဖြစ်နိုင်ချေ အခွင့်အရေးများလို့ သူ့အသက် ၃၅ နှစ် ပြည့်တာနဲ့ နှစ်တိုင်း မန်မိုဂရမ် စစ်ရပါတယ်။ ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီ ဆိုရင်လည်း သူ့အမေ၊ အဒေါ်တို့ဟာ ရင်သားကင်ဆာကြောင့် သေဆုံးသွားတာမို့ သူ့ရဲ့ မျိုးရိုးဗီဇ ၉၀ ရာခိုင်နှုန်းက ရင်သားကင်ဆာ ဖြစ်နိုင်ချေမို့ ရင်သားနှစ်ဖက် ဖြတ်ထုတ်ထားပါတယ်။ အသက်ထက် ဘယ်ဟာက အရေးမကြီးဘူးမလား။ မင်း မနက် မိုးလင်းရင် လက်ချောင်းလေးတွေ ကွေးလို့မရဘူး ခဏကြာတော့ ကွေးလို့ရတယ်မလား ဟုတ်တယ်။ အရက်မသောက်၊ ဆေးလိပ်မသောက်၊ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားသောက် စားတယ်၊ နေ့တိုင်း ၁၅ မိနစ် လေ့ကျင့်ခန်းလုပ်တယ်၊ တနေ့ကို နာရီဝက် လမ်းလျှောက်ရတယ် နယူးယောက်ကို ရောက်ကတည်းက၊ ပိတ်ရက်တွေမှာ ဟိုက်ကင်းသွားတယ်၊ လမ်းလျှောက်အဖွဲ့တွေနဲ့ လမ်းလျှောက်တယ် အနည်းဆုံး ၄ မိုင်ကနေ ၈ မိုင်။ မင်း သွေးဖောက်စစ်ရမယ်၊ သိုင်းရွိုက်အာထရာဆောင်း ရိုက်ရမယ် နောက်တပတ် ပြန်လာခဲ့။ အင်း ဆရာဝန်ကတော့ တော်တော်ဦးနှောက်စားမယ် မျိုးရိုးထဲမှာလည်း မရှိ ကျန်းမာရေးနဲ့ ညီညွှတ်အောင် နေတယ်လို့လည်းပြောသေးတယ်။ သွေးဖောက်မယ်ဆိုတော့ ကိုယ့်သွေးကြောတွေက သေးမျှင်လွန်းလို့ အကြောရှာရ ခက်လိမ့်မယ်။ စင်္ကာပူက HSA (Health Science Authority) မှာ သွေးလှုတုန်းက ကိုယ့်သွေးကြောက သေးမျှင်လွန်းလို့ သွေးမလှုနဲ့တော့လို့ စလုံးနာ့စ်မပြောတာကို သတိရသွားတယ်။

သွေးလှုခွင့်ရဖို့ဆိုတာ အင်မတန်ခက်တာ စင်္ကာပူကျောင်းက သူငယ်ချင်းတွေ အပါအဝင် ပထမအကြိမ် ၁၂ ယောက် သွားလှုတာ လက်ညှိုးကို အပ်နဲ့ဖောက်ပြီး သွေးမှာပါဝင်တဲ့ အိုင်ရွန်းဓာတ် အရည်အသွေး ပြည့်မပြည့်စစ်တာ ကိုယ့်အိုင်ရွန်းက ၉ ။ မြန်မာဆရာဝန်က အမျိုးအမီးတွေဟာ လစဉ်ဓမ္မတာကြောင့်ရော၊ ဥရောပသူတွေလောက် အမဲသား၊ အသည်း၊ ပဲ သိပ်မစား၊ ဟိုဟာမစား၊ ဒီဟာမစား အစားရှောင်ကြတာကြောင့် အိုင်ရွန်းဓာတ်က နည်းလေ့ရှိပါတယ် ဒါပေမဲ့ စိုးရိမ်စရာတော့ မရှိပါဘူးလို့ ရှင်းပြပါတယ်။ အိုင်းရွန်း ၁၂ ရှိတဲ့ သွေးကိုမှ အရည်အသွေး ပြည့်မှီတဲ့သွေးဆိုပြီး လှုခွင့်ပြ ုတာမို့ ပထမအကြိမ်မှာ လှုခွင့်မရခဲ့ဘူး။ တခြားသူတွေကတော့ အဖျားနည်းနည်းရှိနေလို့၊ လွန်ခဲ့တဲ့ ၃ ရက်အတွင်း ဆေးသောက်ထားလို့၊ အဲဒီနေ့မနက်မှာ ကော်ဖီသောက်လာလို့နဲ့ ၁၂ ယောက် သွားလှုတာ ၄ ယောက်ပဲ လှုခွင့်ရတယ်။ ဒုတိယအကြိမ် သွားလှုတော့ နပ်သွားပြီ အမဲသား၊ ပဲတွေစား၊ ပဲနို့ရည်တွေ သောက်တယ်။ လှုခွင့်ရပြန်တော့လည်း သွေးကြောက သေးနေတယ် လှုခွင့်မပြုဘူးလို့ ဆိုလာတော့ မျက်နှာမကောင်းဘူးပေါ့။ မြန်မာနာ့စ်မကြီးက သမီး သိပ်လှုချင်ရင် အန်တီ ကူညီမယ် ဒီဘောလုံးလေးကို ဖျစ်ညှစ်နေတဲ့။ သွေးထုတ်တာ ၁၀ မိနစ်လောက်ပါပဲ သွေးလှုပြီးရင် မူးတတ်လို့ ငြိမ်နေဦးဆိုပေမဲ့ အိုကေပါ ကိုယ် မမူးပါဘူး။ သွေးလှုသူတွေကို ကျွှေးတဲ့ကောင်တာမှာ တန်းသွားစီတော့ ရိပ်ခနဲ၊ ဝုန်းခနဲ ဖြစ်သွားလိုက်တာ မြန်မာနဲ့ တူတယ် ခုဏက မြန်မာစကားပြောနေတာ တွေ့လိုက်တယ်ဆိုတဲ့ အသံကိုတော့ ကြားလိုက်ပေမဲ့ မျက်စိက ဖွင့်လို့မရ။




တွန်းလှည်းပေါ်ကနေ ကုတင်ဆီရောက်တဲ့အထိ သိနေ၊ ကြားနေပေမဲ့ မျက်လုံးက ဖွင့်လို့မရ။ မျက်လုံးဖွင့်လိုက်တော့ စိတ်ပူနေတဲ့ ကိုယ့်သူငယ်ချင်းတွေကို အားလုံးကောင်းပါတယ် ခေါင်းနည်းနည်း ဖုတာကလွဲလို့ဆိုတော့ မြန်မာဆရာဝန်လေးက ဘေးပတ်ဝန်းကျင်က မြင်လိုက်သူတွေကို လိုက်မေးတယ်။ နောက်တော့ မြင်လိုက်တဲ့သူတွေက ကိုယ် မေ့လဲတော့ တန်းစီရာမှာ ခြားထားတဲ့တိုင်နဲ့ ခေါင်းကို ထိသွားတယ်လို့ ပြောတာမို့ မြန်မာဆရာဝန်က ၁ ရက် စောင့်ကြည့်ရမယ်လို့ ဆိုလာတော့ ဆေးရုံတက်နေတဲ့ သူ့သူငယ်ချင်းကို သတင်းသွားမေးဖို့ ပြင်ဆင်နေတဲ့ မကြီးကို ဖုန်းဆက်လှမ်းခေါ်ရတယ်။ နာရီဝက်ခြားတခါ နာ့စ်မလေးတွေလာပြီး ခေါင်းမူးလား၊ အန်ချင်လား၊ ဘာတွေ ခံစားရလဲချည်းပဲ လာမေးတယ်။ ခေါင်းမူးလာတာ၊ အန်ချင်လာတာတွေဟာ ခေါင်းထဲ သွေးယိုစီးတဲ့ လက္ခဏာတွေမို့ အရေးကြီးပါတယ်တဲ့။ ၆ နာရီ ကြာပြီးလို့ အဲဒီလက္ခဏာတွေလည်း မပြတော့ CT Scan အစား Skull Scan ပဲ ရိုက်ပါမယ်တဲ့။ CT Scan ကို ရုပ်ရှင်တွေထဲမှာ မြင်ဖူးကြပါလိမ့်မယ် ခန္ဓာကိုယ်ကို  စက်ကြီးထဲ ထည့်ပြီး ဦးနှောက်ကို အသေးစိတ်စကင်ဖတ်တာမို့ ဈေးလည်းကြီးတယ်။ ၂၄ နာရီ စောင့်ကြည့်ပြီး Skull Scan အဖြေကလည်း ကောင်းတာမို့ ဆေးရုံးက ဆင်းခွင့်ပြ ုလိုက်ပါတယ်။ ကိုယ့်ရှေ့က ခုတင်ကို ရောက်လာတာက အဘွားကြီးတစ်ယောက် ရေချိုးခန်းမှာ ချော်လဲရင်း ခေါင်းဆောင့်မိသွားလို့တဲ့။ MC တစ်ရက်ပဲ တောင်းပြီး နောက်နေ့ ရုံးရောက်လို့ ကွန်ပျူတာကို ကြည့်လိုက်တာနဲ့ ခေါင်းမူးလို့ နောက်ထပ် ခွင့် ၃ ရက် ထပ်ယူရတယ်။ စန်းစန်းလေ သွေးသွားလှုတာ ဆေးရုံရောက်သွားလို့၊ အယ်မလေး သွေးတစ်ပုလင်း သွားလှုတာ ကံကောင်းလို့ သွေးနှစ်ပုလင်း ပြန်မသွင်းရတယ်နဲ့ ရုံးမှာ ကိုယ့်အဖြစ်က ဟားစရာကိုဖြစ်လို့။

ကွန်ပျူတာ၊ တီဗွီကြည့်ရင် ခေါင်းမူးလာလို့ မကြည့်ဖို့ သတိပေးတာကို နားမထောင်တာကိုး။ သွေးထုတ်တဲ့ ဘယ်ဖက်လက်က သွေးကြောတွေမှာ ညိုမည်းစွဲရာတွေ ပေါ်လာပြီး လက်က မြှောက်လို့ မရဘူး။ သွေးလှုပြီးပြီးချင်း HSA ဝင်းထဲမှာ မူးလဲတာမို့ တရက်ဆေးရုံတက်စရိတ်၊ Skull Scan စစ်တာ အားလုံးကို HSA က အကုန်ခံမဲ့အကြောင်း၊ ခေါင်းမူးရင်၊ လူနာတင်ယဉ် လိုအပ်ရင် ချက်ချင်းဖုန်းခေါ်ဖို့ ဖုန်းတဂွမ်ဂွမ် ဆက်ပါတယ်။ တော်သေးတာပေါ့ တခြားမှာသာ မူးလဲရင် ဆေးရုံစရိတ်ကို ကိုယ့်ဘာသာ ပေးရမှာ။ အဲဒီကစလို့ လှုချင်ရင် ပိုက်ဆံလှု နောက်နောင် သွေးဘယ်တော့မှ မလှုရလို့ မကြီးက တချက်လွှတ်အမိန့်ထုတ်ကာ တားမြစ်လိုက်တယ်။ ကိုယ်လည်း နောက်ထပ် မလှုရဲတော့ဘူး တခုခုဖြစ်ရင် ကြည့်ပေးမဲ့ မိသားစုဝင်တွေမှ မရှိတာကိုး။ အဲဒီအကြောင်း BloodBank@HSA မှာ တစ်နေ့တာ ဆိုပြီး ပို့စ်ရေးဖူးတယ်။ ကန်တက်ကီရုံးမှာ အမေရိကန်ကြက်ခြေနီသွေးလှုကား လာမယ် အလှုရှင်စာရင်းလို့ ကပ်ထားတာကို တွေ့ရင် သွေးမလှုနိုင်တော့တာကို မချင့်မရဲဖြစ်လို့ အလှုရှင်တွေကို သာဓုခေါ်တယ်။ သွေးဖောက်တဲ့နာ့စ်မလေးက ထောင်နေတဲ့ အကြောကိုပြပြီး အဲဒီအကြောကိုသာ ဖောက်လို့ကတော့ ပေါက်သွားမယ်။ သွေးဖောက်တာ မနာဘူး သွေးလှုတုန်းက နာတယ်ဆိုတော့ သွေးလှုရာမှာ ဖောက်တဲ့အပ်က ပိုကြီးတယ် အပ်ကို သွေးကြောထဲ ၁၀ မိနစ်လောက် ထားရင် နာတာပါပဲ။ သိုင်းရွိုင်အာထရာစောင်းရိုက်တဲ့ အဘိုးကြီးက ခုတလော မင်း ခန္ဓာကိုယ်အလေးချိန် ကျလာလားမေးတော့ ပုံမှန်ပါပဲ။ လည်ပင်းကြီးလာရင် ခန္ဓာကိုယ်အလေးချိန် သိသိသာသာ ကျလာ၊ မျက်စိပြူးလာ၊ စိတ်တိုလာတတ်တယ်။ မကြီး လည်ပင်းဆရာဝန်သွားပြတုန်းက မင်း ပိန်တာ အခုတလောမှ ပိန်တာလား မဟုတ်ဘူး အရင်ကတည်းက။ မျက်လုံးက အခုမှ ပြူးလာတာလား ဟင့်အင်း အရင်ကတည်းက။ မင်း ခုတလော စိတ်တိုလာလား ဟင့်အင်း ဟိုးအရင်ကတည်းက စိတ်တိုတာ ကိုယ့်မောင်လေးကြောင့်လေ သူ့ကြောင့် ခဏခဏ စိတ်တိုရတယ်။ ကြည့် ဆရာဝန်တော်တော် စိတ်ညစ်သွားမယ် ဘယ်လိုလုပ်ရောဂါရှာရပါ့မလဲ။

မျက်စိပြူးဆိုလို့ ပြောရဦးမယ် ကိုယ့်ရောဂါက မျက်စိဆရာဝန်နဲ့ပြပြီးမှ ဆေးသောက်ရမယ်ဆိုလို့ ဒီနေ့ မျက်စိဆရာဝန်နဲ့ မျက်စိသူငယ်အိမ်ထဲကို အသေးစိတ် စစ်ဆေးတော့ ဆရာဝန်မက မင်း မျက်စိနည်းနည်းပြူးတယ်နော် သိုင်းရွိုက်ကြောင့်လား၊ လူးပပ်ကြောင့်လားပဲ။ ဆရာမရေ သိုင်းရွိုက်ကို အာထရာဆောင်းရိုက်၊ လည်ပင်းအသားစယူပြီး ကင်ဆာဟုတ်မဟုတ်စစ်တဲ့ ဘိုင်အိုစီလည်း လုပ်ပြီးပြီ  အားလုံးအိုကေ။ ခုမှ ပြူးလာတာ မဟုတ်ဘူး မွေးကတည်းက ပြူးတာ အိမ်မှာ အမေ၊ မကြီး၊ မောင်မောင်၊ ကိုယ် အကုန်လုံး မျက်အိမ်ကျယ်ကျယ် မျက်စိပြူးပြူး။ မောင်မောင် ငယ်ငယ်တုန်းက ပြူးကျယ်လို့စရင် အမေက သူ့သားကို အဲဒီလိုခေါ်ရမလားလို့ စိတ်ဆိုးတယ်။ သိုင်းရွိုက်ကြောင့်လဲ မဟုတ်ဘူး လူးပပ်ကြောင့်လဲ မဟုတ်ဘူး ကိုယ်တို့မျိုးရိုးက ဇီးကွက်မျိုး ဆရာမရေ မိသားစုလိုက်ပြူးကြတာ။ နောက်တပတ် သွေးအဖြေသွားယူတော့ မင်း အသည်း၊ နှလုံး၊ ကျောက်ကပ် အားလုံးကောင်းတယ်။ သွေးဖြူဥ၊ သွေးနီဥ နည်းနည်း နည်းနေတာကလွဲလို့။ ဆီးထဲမှာ သွေးနည်းနည်းတွေ့တာတော့ ဓမ္မတာကြောင့် ဖြစ်လိမ့်မယ်။ ဘီပိုးမရှိ၊ ဆီးချို၊ သွေးချိုမရှိ၊ ကိုလက်စထရောကလည်း ပုံမှန်၊ ယူရစ်အက်စစ်ကလည်း ပုံမှန်။ မကောင်းတာတွေကတော့ လည်ပင်းအကျိတ်မှာ ကျူမာလို့ခေါ်တဲ့ အကျိတ်ကလေးတွေ တွေ့တယ်။ နှာ၊ နှာခေါင်း၊ လည်ပင်းအထူးကုဆီ သွားပြရမယ် အသားစယူပြီး ကင်ဆာဟုတ်မဟုတ် စစ်ရမယ် မကြောက်ပါနဲ့ ကင်ဆာမဟုတ်ပါဘူး မင်းအစ်မဖြစ်ဖူးတော့ သေချာအောင်လို့ စစ်နေတာ။ ဖြစ်နေတဲ့ရောဂါက ဘာလဲဟင် automimmune disorder လို့ ခေါ်တယ်။ ဗမာ့တပ်မတော်က ကျူးကျော်လာတဲ့ ရန်သူတွေကို တိုက်ထုတ်ရမဲ့အစား ကချင်၊ ကရင်တွေကို တိုက်နေသလိုပေါ့။ မင်းကိုယ်ခံအားစနစ်က ဝင်ရောက်လာတဲ့ ဘက်တီးရီးယားပိုးတွေ၊ ဖြစ်လာတဲ့ ရောဂါတွေ တိုက်ထုတ်ရမဲ့အစား အကောင်းအဆိုး မခွဲခြားနိုင်တော့ဘဲ ကိုယ်တွင်းအင်္ဂါတွေဖြစ်တဲ့ ကျန်းမာတဲ့တစ်ရှူး၊ အရိုးအဆစ်၊ အရေပြား၊ ကျောက်ကပ်၊ အသည်း၊ ဦးနှောက်တို့ကို တိုက်ခိုက်တဲ့ ရောဂါတစ်မျိုးပေါ့။




ဘာကြောင့်ဖြစ်တာလဲ ဘာကြောင့်ဖြစ်တာလဲလို့ ခုထိ မသိသေးဘူး ပတ်ဝန်ကျင်၊ ကိုယ်ခံအားစနစ် တခုခုကြောင့်လို့ ယူဆရတယ်။ လုံးဝပျောက်ကင်းနိုင်သလား ခုထိ လုံးဝပျောက်ကင်းသွားနိုင်မဲ့ ကုထုံးမရှိသေးဘူး ဆေးသောက်ပြီးတော့ ထိန်းနိုင်တယ်။ အစားအသောက် ရှောင်ဖို့လိုသလား ရှောင်စရာမလိုပါဘူး အားလုံးစားလို့ရတယ် ဒညင်းသီးတို့ ဘာတို့တော့ မစားနဲ့ပေါ့။ တညလုံး မအိပ်ဘဲ ညလုံးပေါက် အင်တာနက်သုံးတာမျိုးတော့ မလုပ်နဲ့။ လေ့ကျင့်ခန်းမှန်မှန်လုပ်၊ ကျန်းမာအားရှိတာတွေစား၊ စောစောအိပ်။ ကန်တက်ကီမှာ နေတုန်းကဆို ကိုရီးယားကားတွေကို ညဉ့်နက်တဲ့အထိ ကြည့်တာ ဝိုင်းနဲ့ သူငယ်ချင်းတွေ ဖြစ်လာတော့ ဝိုင်းရေ ကိုယ် ကိုရီးယားတွေ ကြိုက်တယ်ဆိုတော့ ကိုယ့်ကို အသက်ကဖြင့် ကြီးနေပြီ ခုထိ ကိုရီးယားကား ကြည့်နေတုန်းဆိုတဲ့ ပုံစံမျိုးနဲ့ ကြည့်တယ်။ သူတို့ ဗီယက်နမ်မှာ ဆယ်ကျော်သက်မလေးတွေသာ ကိုးရီးယားကားကို သည်းသည်းလှုပ်ကြတယ်တဲ့။ မနက် ၆ နာရီခွဲ နှိုးစက်မြည်တာကို ပိတ်ပြီး  ၁၅ မိနစ်လောက်ထပ်နှပ်၊ ရေမိုးချိုးပြီးလို့ မနက် ၇ နာရီခွဲ အိမ်က ထွက်ပါမှ နယူးဂျာဆီရုံးကို မနက် ၉  နာရီရောက်ဖို့ကို ရထားလေးစီးပြောင်းစီး ၁ နာရီခွဲလောက် ကြာတာမို့ ည ၁၁ နာရီ လောက်ဆို အိပ်ရပြီ ၁၁ နာရီခွဲဆိုတာ အလွန်ဆုံးပဲ။ မကြီးတို့နဲ့ စကားပြောလို့ ည ၁၂ နာရီ ထိုးသွားရင် အိပ်ရေးမဝဘဲ ခေါင်းကိုက်တယ်။ နယူးဂျာဆီရုံး ပြောင်းပြီးကတည်းက ကိုရီးယားကား မကြည့်ဖြစ်တော့တာ ပိတ်ရက်နှစ်ရက်လုံး လမ်းလျှောက်အဖွဲ့၊ ဝိုင်းနဲ့ ထွက်လည်နေတာလည်းပါတယ်။ ခုတော့ ကိုယ်လက်တွေနာလို့စောစောအိပ်ဖြစ်တယ်။ အဆစ်အမြစ်တွေ နာတာ အိမ်မှာဆို ပိုဆိုးတယ် ရေချိုးခန်း၊ မီးဖိုချောင်ဆီ သွားတာ မနည်းလျှောက်ရတယ်။ လမ်းလျှောက်အဖွဲ့နဲ့ လမ်းလျှောက်နေရင် အကောင်း။ လှေကားအတက်အဆင်းတွေဆို လက်ကိုင်ကို ကိုင်ပြီး ဆင်းရတက်ရတယ်။

ဝိုင်းရေ ကိုယ်တော့ ဘွားသွားပြီဆိုပြီး ရယ်ရသေးတယ်။ လည်ပင်းအထူးကုနဲ့ သွားပြတော့ ဒီလောက်လည်ပင်းကြီးတာ ပုံမှန်ပါပဲတဲ့ နှစ်တိုင်း ဒီထက်ကြီးလာလားလို့ စစ်ဆေးနေရမယ်တဲ့။ ခုတော့ ဒေါက်တာလင်း ခိုင်းလိုက်တိုက်တဲ့အတိုင်း ဘိုင်အိုစီစစ်ဖို့ အသားစယူမယ်တဲ့။ နည်းနည်းနာတယ် မျက်လုံးတွေ ပြာသွားတယ်။ နောက်နှစ်ပတ်ကျရင် အဖြေသိရဖို့ ဒေါက်တာဟွာဆီ သွားရဦးမယ်။ ဒေါက်တာလင်း နောက်ထပ်သွားခိုင်းတဲ့ ဆရာဝန်က autoimmune disease စပါယ်ရှယ်လစ် ဒေါက်တာဂျယ်ရီပါ။ ဒေါက်တာဂျယ်ရီက သွေးကို အသေးစိတ် စစ်ချင်စစ်ခိုင်းလိမ့်မယ်လို့ ဒေါက်တာလင်းက မှာလိုက်ပေမဲ့ ဒေါက်တာဂျယ်ရီက ကိုယ့်သွေးအဖြေလွှာကို ဖတ်ကြည့်၊ နာလားလို့ လက်တွေ၊ ခြေထောက်တွေ ဖျစ်ကြည့်ပြီး ကိုယ့်ရောဂါက mild သိပ်မပြင်းဘူးတဲ့။ ဒီရောဂါက လုံးဝပျောက်ကင်းအောင် ကုသဖို့ ကုထုံးမရှိပေမဲ့ ရောဂါကို ဆေးစားပြီးထိန်းရင် လူ့သက်တမ်းစေ့ နေနိုင်ပါတယ်။ ဆေးတလသောက်ဖို့ ဆေးစာ perscription ရေးပေးလိုက်မယ်။ ဆေးမသောက်ခင် မျက်စိဆရာဝန်နဲ့ အရင်စစ်ကြည့်ရမယ် မျက်စိဆရာဝန်က အိုကေတယ်လို့ပြောရင် တလဆေးသောက်ပြီးရင် ပြန်လာခဲ့။ မျက်စိဆရာဝန်က မအိုကေဘူးဆိုရင် ဘယ်လိုလုပ်ရမလဲ မအိုကေဘူးဆိုတာ တော်တော်ရှားတယ် ဆရာ့ဆီ ထပ်လာခဲ့ပါ။ မျက်စိဆရာဝန်ဆီ ရေးပေးလိုက်တဲ့ ဆေးစာမှာ Lupus အတွက်တဲ့။ မျက်စိဆရာဝန်ဆီ အပွိုင့်မန့်လုပ်တော့ လူနာသစ်မို့ သုံးနာရီလောက်တောင်ကြာမှ နောက်ထပ်နှစ်ပတ်မှ ရက်ချိန်းရတယ်။

Lupus ဆိုတဲ့ စကားလုံးနဲ့ လုံးဝအစိမ်းသက်သက်ကြီးတော့ ဖြစ်မနေပါဘူး။ အဲဒီစကားလုံးကို ၂၀၁၀ ခြင်္သေ့ကျွှန်းက လုပ်ဖော်ကိုင်ဖက် အစ်မဆီကနေတဆင့် ကိုယ်ကြားဖူးခဲ့တယ်။ အဲဒီအစ်မက မနက်အိပ်ယာထရင် သူ့တကိုယ်လုံး နာနေတယ်လို့ ပြောတာကို ကိုယ်တို့က မင်းအမျိုးသား ခြေထောက်နဲ့များ မင်းကို ကန်ထားလို့လား၊ မင်းအပေါ် ဖိအိပ်လို့များလားဆိုပြီး စကြတယ်။ ဝိုင်းရေ ကိုယ် ဘာမှမလုပ်ဘဲ ကိုယ်တွေလက်တွေ နာလိုက်တာဆိုတော့ ဝိုင်းက အဲဒါ မင်း ဘာမှမလုပ်လို့တဲ့။ အဲဒီအစ်မက နေ့တိုင်း အဖျားနည်းနည်းရှိတယ်တဲ့။ နောက်တော့ အရေးပေါ်ဆေးရုံ ရောက်သွားပြီး ရောဂါအဖြေရှာတော့မှ  Lupus မှန်း သိသွားတယ်။ ကိုယ့်ကိုယ်ခံအားစနစ်က ကိုယ်တွင်းအင်္ဂါတွေကို ပြန်တိုက်တဲ့ အဲဒီရောဂါက နာတာရှည်။ ရောဂါဖြစ်လာရင် အဆစ်အမြစ်တွေ ကိုက်ခဲပေမဲ့ သာမာန်လူတစ်ယောက်လိုပဲ သွားလာလှုပ်ရှား ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးဖွားနိုင်ပါတယ်။ နည်းနည်းဆိုးလာရင် မျက်နှာမှာ အနီကွက်တွေ လိပ်ပြာတောင်ပံပေါ်လာလို့ burterfly လို့လည်း ခေါ်ပါသတဲ့။ အဲဒီရောဂါဟာ ယောကျာ်းမိန်းမ ကြီးငယ်မရွေး ဖြစ်ပွားနိုင်ပေမဲ့ အမျိုးသမီးတွေမှာသာ အဖြစ်များပါသတဲ့။ ကော့ကေးရှန်းထက် ဒေသခံအမေရိကန်၊ လက်တီနို၊ အမည်း၊ အေးရှန်းတွေက အဖြစ်များပါသတဲ့။ အီဘိုလာရောဂါလို ထိတွေ့ကိုင်တွယ်ရာကနေ မကူးစက်နိုင်သလို အိတ်ချ်အိုင်ဗွီတို့လို သွေး၊ လိင်အင်္ဂါတွေဆီကနေလည်း မကူးစက်ပါဘူး။ အိတ်ချ်အိုင်ဗွီဆို ကိုယ်ခံအားက underactive ဖြစ်နေပြီး လူးပပ်ကတော့ ကိုယ်ခံအားက overactive ဖြစ်နေတာပါ။ မနက် ၁၀  နာရီကနေ ညနေ ၄ နာရီ နေရောင်တွေကို ရှောင်ရမယ်တဲ့။ အဲဒီအစ်မဆို SPF ပါတဲ့ လိုးရှင်းတွေလိမ်း၊ လက်ရှည်ဝတ်၊ နေကာမျက်မှန်၊ ထီးဆောင် ရပါတယ်။ ဆံပင်ကျွှတ်၊ ပင်ပန်းတာဟာ လူးပပ်ရဲ့ လက္ခဏာတွေပါ။ ခုတော့ အဲဒီအစ်မ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်မွေးလို့ သမီးလေးတောင် မူကြိုတက်ရတော့မယ်။ ငါ့ကျမှ ဖြစ်ရချည်လားလို့ ဝမ်းနည်းရအောင်လည်း အမေရိကန်လူဦးရေ တသန်းခွဲလောက် လူးပပ်ဖြစ်နေပါတယ်ဆိုတော့ ငါ တစ်ယောက်တည်း မဟုတ်ပါလား။ ခုပဲ သတင်းထဲမှာ တွေ့လိုက်တယ် နာမည်ကြီးရပ်ပါအဆိုတော် မစ်စီအဲလီးယပ်လည်း autoimmunse order ဖြစ်နေတာ ၂၀၁၂ မှာ သိခဲ့ပါတယ်တဲ့။




လူးပပ်ဖြစ်နေပေမဲ့ လေးဖက်နာလို့ဆင်တူနေလို့ လူးပပ်ဖြစ်နေတာလို့ မသိဘဲ လေးဖက်နာလို့ ထင်နေတာတွေလည်း ဖြစ်တတ်ပါတယ်တဲ့။ ကိုယ်တော့ ဒီရောဂါ ဖြစ်နေတယ်လို့ သူငယ်ချင်းတွေကို ပြောပြတော့ သူတို့မှာလည်း လေးဖက်နာရောဂါ ရှိပါသတဲ့။ ဆေးခန်းကို အဲဒါကြောင့် မသွားချင်တာ သွားရင် ရောဂါတွေ ထွက်လာပြီ။ အသက်ကလည်း လူ့သက်တမ်းတဝက် ရှိလာပြီဆိုတော့ ခန္ဓာကိုယ်က ငယ်ငယ်ကလို ဘယ်ကောင်းတော့မလဲနော့။ စောစောသိ စောစောကုသနိုင်တာပဲ တော်လှပြီ။ တခါတုန်းက မကြီး နေကောင်းဖြစ်တော့ ဘူတာရုံလမ်းက ပြနေကျဆရာဝန် ဦးသိန်းလွင်ဆီ မသွားချင်လို့ အိမ်နားက ဆရာဝန်ဆီမှာ ပြနေတာ ၃ ၊ ၄ ရက်လည်း သက်သာမလာတော့ နောက်ဆုံးလက်စွဲတော် ဆရာဝန်ဦးသိန်းလွင်ဆီ ပြေးတော့မှ တိုက်ဖွိုက်အူရောင်ငန်းဖျားဖြစ်နေတာ အဖတ်လုံးဝမစားပါနဲ့တဲ့။ ရောဂါသိလို့ ဆေးမှန်နဲ့ ကုသလိုက်တော့ မြန်မြန်ပျောက်တာပေါ့။  ဘားမီးကလပ်စစ်က ဆေးပညာအခန်းမှာ ရေးထားတာတွေ ဖတ်ကြည့်ပြီး သွေးကြောင့်ဖြစ်မယ်လို့ ကိုယ်ထင်ထားတာ မှန်နေတယ်။ ဝိုင်းရေ စတိတ်က သန့်ရှင်း၊ အစားအသောက်ကလည်း ကျန်းမားရေးနဲ့ ညီညွတ်အောင်စား၊ လေ့ကျင့်ခန်းတွေလည်း လုပ်တော့ ကိုယ့်ကိုယ်ခံအားစနစ်က တက်ကြွလွန်းပြီး တိုက်ခိုက်ဖို့ ဘက်တီးရီးယား၊ ရောဂါရှာဖွေနေတာ ကိုယ်ကလည်း ကျန်းမာလွန်းတော့ ဘာဆိုဘာရောဂါမှ မရှိလို့ ကျန်းမာတဲ့တစ်ရှူးတွေကို ပြန်တိုက်နေတာထင်တယ်။ ကိုယ်တို့ မြန်မာပြည်မှာဆို ခြင်တွေ ယင်တွေပေါ၊ အစားသောက်တွေက ဆေးဆိုးထား၊ ပတ်ဝန်းကျင်က မသန့်ရှင်းတော့ ဘက်တီးရီးယားတွေ တိုက်နေရတာနဲ့ ကိုယ့်ကိုယ်တွင်းက ကျန်းမာတဲ့တစ်ရှူးတွေ ပြန်တိုက်ချိန် ရှိမှာမဟုတ်ဘူး။ ကိုယ် မြန်မာပြည်မှာဆို ဒီရောဂါဖြစ်မှာ မဟုတ်ဘူး အဲ တခြားရောဂါတော့ ဖြစ်လိမ့်မယ်။

မြန်မာပြည်မှာ ကင်ဆာ သိပ်ဖြစ်ကြတယ်။ စတိတ်မှာ အလာဂျီသိပ်ဖြစ်ကြတယ် ဝါရှင်တန်ဒီစီရုံးက ဘရက်ဒန်ဆို မြေပဲအလာဂျီရှိတယ်။ အဲဒီမြေပဲအလာဂျီဆိုတာ အမေရိကန်တွေသာ ဖြစ်ကြတာ ဝိုင်းတို့ဗီယက်နမ်မှာဆို မြေပဲအလာဂျီဆိုတာ ကြားတောင်မကြားဖူးဘူးတဲ့။ ဆင်းရဲတဲ့သူတွေမှာ အလာဂျီဖြစ်စရာလည်း မရှိဘူး စားစရာ ဒီတစ်ခုပဲ ရှိတယ် ရွေးချယ်စရာမရှိဘူး။ အဲဒါကိုမှ မစားရင် သေမှာလေ။ ဟုတ်ပါ့ ဆင်းရဲတဲ့ကလေးတွေက ပိုကျန်းမာတယ်လို့ ဆိုရမလားဘဲ ခြင်တွေယင်တွေကြား ဖုတ်သဲတွေမှာ ဆော့ကစားရင်း ကြီးပြင်းလာလို့လေ။ ခြင်္သေ့ကျွှန်းမှာ ကျောင်းတက်တုန်းက နောက်ဆုံးရထား ၁ မိနစ် ဆိုတာကိုမှီအောင် ပြေးတာများ လှစ်နေတာပဲ။ နယူးယောက်ကာ ဖြစ်လာပြီမို့ ပြေးနေသလား ထင်ရအောင် လမ်းလျှောက်မြန်တာ၊ လှေကားအတက်အဆင်းတွေဆို ခုန်ပျံပြီး ဆင်းသွားတာများ တရုတ်သိုင်းကားထဲကလို ဝှီ...ဝှီ...ဝှီ...ဝှစ်...ဝှစ်...ဝှစ် နေတာ ခုတော့ မဝှီ မဝှစ်တော့ဘူး။ ဆေးမသောက်ရသေးလို့ လက်ဆစ်တွေနာ၊ ကြွက်သားတွေယောင်၊ ဇက်နာ၊ ဒူးဆစ်တွေနာလို့ လှေကား အတက်အဆင်းဆို လက်ကိုင် ကိုင်ပြီး အတက်အဆင်း ပြုရ၊ လမ်းမြန်မြန် မလျှောက်နိုင်တော့ဘူး။  အဆစ်တွေ နာလာရင် စောစောအိပ်ဖြစ်တယ်၊ တခါတလေလည်း နာလွန်းလို့ အိပ်မရဘူး။ ကိုယ့်ရောဂါအကြောင်း မကြီးဆီက သိရတော့ အမေ့မှာ မျက်ရည်စက်လက် သူ့သမီး အိပ်ယာကနေများ မထနိုင်ဘူးလား စိတ်ပူလို့တဲ့။ တစ်ယောက်တည်းနေတာ ပစ်လဲရင် ဒုက္ခပါပဲ မကြီးရှိတဲ့ စင်္ကာပူကို ပြန်နေခိုင်းရမယ်လို့ ပြောလာတယ်။

ပင်ပန်းဆင်းရဲလွန်းတဲ့ စာသင်နေ့ရက်တွေ၊ ပြည်နယ်တွေပြောင်းလို့ အလုပ်အကိုင် အခြေတကျဖြစ်အောင် အစွမ်းကုန် ကြိုးစားပြီး အခြေနည်းနည်းကျလာကာ လေးနှစ်လုံးလုံး ရေလောင်းပေါင်းသင် စိုက်ပျိုးခဲ့တဲ့ သစ်ပင်ကနေ အသီးအပွင့်တွေ သီးပွင့်လာကာမှ  ဒီရောဂါလေးကြောင့်နဲ့ စွန့်ပစ်ရမယ်။ ဘုရားရေ  ကိုယ် မစွန့်ပစ်နိုင်ပါဘူး စတိတ်မှာ အလုပ်လုပ်ရတာ ကြိုက်တယ်။ ကိုယ့်အလုပ်က ကွန်ပျူတာရှေ့ ငြိမ်ငြိမ်လေးထိုင်ပြီး ညဏ်သုံးရတဲ့ အလုပ်မို့သာပဲ။ ခန္ဓာကိုယ်ကို  အသုံးပြုရတဲ့ ကာယအလုပ်တွေဆို ဒီရောဂါနဲ့ မလွယ်ကြောဘဲ။ အရေးအကြောင်းဆို ဖုန်းဆက်လိုက်ရင် ပြေးလာတဲ့ အိုမားရယ်၊ ၉၁၁ ရှိနေတာ စိတ်ပူစရာ မလိုပါဘူး။ ပြီးတော့ ယူအက်စ်က ကျန်းမာရေး၊ ဆေးဝါး၊ ကုသထုံးတွေက အဆင့်မြင့်တယ်။ စိတ်မပူပါနဲ့ ဒူးနည်းနည်းနာလို့ လမ်းမြန်မြန်မလျှောက်နိုင်တာ တစ်ခုလောက်ပဲ ဆေးသောက်ရင် ကောင်းသွားမှာ။ ဒုက္ခဖြစ်တဲ့ ဒီခန္ဓာကိုယ်ကြီး ရလာတော့ ဝေဒနာဆိုတာ ရှိတော့မှာပေါ့။ လက်ဆစ်တွေနာ၊ ဒူးဆစ်တွေနာ၊ ဇက်နာ၊ ဘယ်ဖက်ခြေမဖိုးအောက်နားယောင်၊ ဘယ်ဖက်လက်ခုံ နည်းနည်း ယောင်နေတဲ့ကြားက ကီးဘုတ်တဖြောင်းဖြောင်းရိုက်လို့ဒီပို့စ်လေး ကိုယ် ရေးနိုင်သေးတယ် အဲဒီလောက်ကြီး မဆိုးရွားပါဘူး။ အချိန်ရှိရင်၊ လူးပပ်သိပ်မဆိုးရင်၊ ရေးချင်တဲ့ အိုင်ဒီယာရှိရင် ပို့စ်တွေ ရေးတင်နေဦးမှာပါ အန်းနီးဝေး ကိုယ်ဖြစ်တဲ့ရောဂါအကြောင်းလေးပါ။ စာလာဖတ်တဲ့သူတွေ ရောဂါဘယကင်းစင်လို့ ကျန်းမာပျော်ရွှင်ကြပါစေ။

စန်းထွန်း
ဖေဖေါ်ဝါရီ ၅၊ ၂၀၁၅။

ဓာတ်ပုံတွေက မနှစ်ကဆောင်းဦးမှာ ဂျော့ဝါရှင်တန်တံတားကို ဖြတ်ကျော်လို့ နယူးဂျာဆီပြည်နယ် ပါလစ်ဆိုဒ်ပန်းခြံဆီကို ၈ မိုင်ခွဲ မနက် ၁၀ နာရီ ညနေ ၅ နာရီထိ ဖိုတိုဂရပ်ဖီဟိုက်ကင်းထွက်တုန်းက ရိုက်ထားတဲ့ ကိုယ့်အကြိုက် ဓာတ်ပုံလေးတွေပါ။ နောက်ဆို အဲဒီလို ဖိုတိုဂရပ်ဖီဟိုက်ကင်း ထွက်နိုင်ပါ့မလား မသိ။