Living with lupus ...

ကိုယ့်မှာ လူးပစ်ရှိနေပြီလို့ သိလိုက်ရပြီးကတည်းက ကိုယ့်ဘဝ တကယ့်ကို ပြောင်းလဲသွားတယ်။ တခါတရံမှာ မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲတာ၊ ကြွက်သားတွေ ယောင်တာ၊ ပစ္စည်းအလေးတွေ မသယ်နိုင်တာ၊ လည်ချောင်းနာတာ၊ ပင်ပန်းတာတွေ ဖြစ်တယ်။ လူးပစ်ဖြစ်ပြီးတော့ ကိုယ့်ကိုကိုယ် ပိုဂရုစိုက်လာတယ်။ မနာမကျင်ဘဲ လမ်းလျှောက်နေရတဲ့ အချိန်များဆို ပျော်နေမိတယ်။ အရာရာကို နှေးနှေးကွေးကွေး အေးအေးဆေးဆေး လုပ်ဖို့ကြိုးစားရတယ်။ တခါတလေဆို နေ့လည်ဖက် အလုပ်ထဲမှာ အိပ်ငိုက်တယ်။ ဂျာနယ်စကွဲကနေ ၃၃ လမ်းအထိ PATH ရထားမှာ နေရာရရင် အိပ်တော့တာပဲ။ fatigue ကတော့ တော်တော်သိသာတယ်။ ညနေစာ စားပြီးရင် ကွန်ပျူတာဖွင့်ဖို့ထက် ကုတင်ထက်မှာ လဲနေတော့တာပဲ။ အလုပ်ထဲမှာလည်း ဆာဗာမိုင်ကရေးရှင်းတွေ လုပ်နေတော့ အဲရာတွေ အများကြီးကို ဖြေရှင်းရတော့ ပင်ပန်းတယ်။ ထမင်းဟင်းလား မချက်နိုင်ဘူး ဝယ်စားရတယ်။ အစားအသောက် မကောင်းဘူး ချက်ပြီးရင် မစားချင်ဘူး။ တခါတလေကျတော့လည်း ထမင်းဘူးသယ်ဖို့တောင် အားမရှိဘူး။ အသားအရေတွေ ခြောက်လာလို့ အရင်သုံးနေကျ အိုလေး၊ ဗက်စလင်းလိုးရှင်းတွေ သုံးလို့မရဘူး။ ကိုယ့်ဆူပါဗိုက်ဆာ တရုတ်မယန်းညွှန်းတဲ့ vanicream ဆိုတာ သုံးနေရတယ်။

ဆေးက တနေ့နှစ်ကြိမ် သောက်ရတယ်။ မခံမရပ်အောင် နာလာရင် pain reliever သောက်ရတယ်။ ကိုယ်က မသောက်ချင်ဘူး အတော့်ကို မခံမရပ်နိုင်မှ သောက်တယ်။ ကိုယ့်လူးပစ်က အဆစ်အမြစ်ကိုက်၊ ကြွက်သားယောင်တာ။ တခါတလေ ခြေထောက်တွေ ယောင်တယ်။ နှစ်ရက်လောက်ဆို ပျောက်သွားရော။ ကြွက်သားတွေ ယောင်ပြီးရင် မည်းပြီးကျန်ခဲ့တယ်။ ဆံပင်တွေ အရမ်းကျွှတ်တယ်။ နှစ်လတစ်ကြိမ် ဆရာဝန်နဲ့ သွားပြတော့ တနေ့ကို နည်းနည်းနာကျင်တာတွေ ရှိနေတုန်းဆိုတော့ ဆရာဝန်က သိပ်မကျေနပ်ဘူး။ လူးပစ်က all about medicine တဲ့ မှန်ကန်တဲ့ဆေးနဲ့တွေ့ရင် သာမန်လူလိုပဲ နာကျင်တာတွေ မရှိတော့ဘူး။ ဆေးပြင်းပေးမယ် ဘေးထွက်ဆိုးကျိုးက အသည်းကို ထိခိုက်မယ်ဆိုတော့ ကိုယ်က မသောက်ချင်ဘူး။ အခုဆေးတောင်မှ မျက်စိကို ခြောက်သွေ့စေလို့ ခြောက်လတကြိမ် မျက်စိဆရာဝန်နဲ့ ပြရတယ်။ ကိုယ်မသောက်ချင်တော့ ခုဆေးပဲသောက်နေ နောက်နှစ်လနေလို့မှ ဒီထက်ပိုကောင်းမလာရင် ဆေးပြင်းသောက်တဲ့။ လူးပစ်ဖြစ်ပြီးကတည်းက ဟိုက်ကင်းမသွားနိုင်တော့တာ ကိုယ့်အခြေအနေကို ကြည့်နေရတယ်။ လမ်းလျှောက်တာလည်းနှေး၊ လှေကားအတက်အဆင်းလည်းနှေး၊ လမ်းလျှောက်တာ ကွတကွတနဲ့ နာကျင်နေမှန်း သိသာတယ်တဲ့။ ကိုယ်အရင်စိတ်နဲ့ဆို လူးပစ်သမားတွေကို ပျင်းတာလို့ တွေးလိမ့်မယ်။ လူးပစ်ဖြစ်မှာပဲ ကွတကွတ၊ နှေးနှေးလမ်းလျှောက်တဲ့သူတွေကို ကိုယ်ချင်းစာတယ်။

တခါတလေ ကျတော့လည်း နာလွန်းလို့ မအိပ်နိုင်ဘူး။ တခါတလေကျတော့လည်း အိပ်လွန်းလို့ ငါဘာများဖြစ်ပါလိမ့်လို့တောင် တွေးမိတယ်။ လူးပစ်က တစ်ယောက်နဲ့တစ်ယောက် မတူဘူး။ စင်္ကာပူရုံးက အစ်မက မျက်နှာက လိပ်ပြာကွက် ထလာတယ်။ အပူနည်းနည်းရှိတယ်။ နေရောင်ခြည်ခံလို့ မရဘူး။ လူးပစ်က လေးဖက်နာနဲ့ သွားဆင်တော့ အများစုက လေးဖက်နာလို့ ထင်ကြတာ။ ဆရာဝန် ၃၊ ၄ ယောက် ပြောင်းပြီးတော့မှ လူးပစ်မှန်း သိကြတယ်။ ကိုယ့်ဆရာဝန် ဒေါက်တာလင်းက တကယ်တော်တယ် လူးပစ်လို့ထင်တယ်လို့ တခါတည်း တန်းသိတာ။ အိုမားသမီးအငယ်လည်း လူးပစ်ဖြစ်နေမှန်း မသိဘူး။ နှလုံးခုန်တအားမြန်လာလို့ ဆေးရုံတင်လိုက်တာ နှစ်ပတ်လောက်အထိ လူးပစ်မှန်း မသိဘူး။ ဆရာဝန်က လိင်ရောဂါလို့ ထင်နေတာတဲ့။ အိုမားက စိတ်တွေဆိုး ကလေးက ၁၂ နှစ်ပဲ ရှိသေးတယ် ကလေးသာသာ ယောက်ျားလေးကို စိတ်ဝင်စားရမှန်းတောင် မသိသေးဘူး။ ကော်ဖီခွက် မကိုင်နိုင်တာကို ဆရာဝန်က အမေကို ချွှဲနေတာလားတဲ့။ ဟိုက အဆစ်တွေယောင်လို့ တကယ်မကိုင်နိုင်တာ။ ဆေးသောက်ပြီး လူးပစ်ကို ထိန်းနိုင်သွားပြီ လုံးဝနာကျင်တာ မရှိတော့ဘူး။ မေ ၂၅ မန်မိုရီယမ်ဒေးပိတ်ရက်မှာ ယူအက်စ်ရောက်နေတဲ့ မိဘတွေကို နယူးယောက်လိုက်ပို့ချင်လို့ ဘယ်နေရာတွေကို ပို့ရမလဲလို့ မိုင်းက မေးလာတယ်။




မိုင်းနဲ့စကားမပြောဖြစ်တာ တော်တော်ကြာပြီ ၂၀၁၃ ဂျွန်လ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့ကနေ သူ့ရည်းစားရှိတဲ့ ဗာမွန်ပြည်နယ် ဗာလင်တန်မြို့ကို ပြောင်းသွားကတည်းက ဆိုပါတော့။ အီးမေးလ်နဲ့တော့ အဆက်အသွယ်ရှိတယ်။ မိုင်းက မန်မိုရီယမ်ဒေးမှာ မလာဖြစ်တော့တဲ့အကြောင်း ဖုန်းဆက်လှမ်းအသိပေးရင် စကားတွေပြောလိုက်ကြတာ ၁ နာရီကျော် ကြာတယ်။ သူငယ်ချင်းတွေ မတွေ့တာ နှစ်ချီကြာနေပမယ့်လည်း ရင်ဘတ်ချင်း နီးနေတုန်းလို့ ခံစားမိတုန်း။ မိုင်းမှာလည်း လူးပစ်ရှိတယ်။ မိုင်းက ကိုယ့်ခန္ဓာကိုယ်ရဲ့ တခြမ်းလောက်ပဲ ရှိတယ်။ သူ့ခြေထောက်က chopstick နဲ့တူလို့ chopstick လို့ နာမည်ပြောင် ပေးထားတယ်။ စားတာက ကိုယ့်ထက်နှစ်ဆ စားနိုင်တယ်။ စားတဲ့အားတွေ ဘယ်ရောက်သွားမှန်း မသိအောင် ပိန်ညောင်နေတော့ ရာသီဥတုအေးရင် ချောင်းတဟွတ်ဟွတ် ဆိုးနေတတ်တယ် သွေးအားနည်းလို့တဲ့။ ပိတ်ရက်တွေဆိုရင်လည်း ကုတင်ပေါ်မှာ အနားယူနေရတာ ခပ်များများ။ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့က တိုက်ခန်းမှာ စောစောအိပ်တတ်တဲ့ မိုင်းနဲ့ကိုယ်က ၁၁ နာရီလောက်ဆို အိပ်ဖို့ပြင်ရင် မအိပ်သေးဘဲ ကီးဘုတ်တဖျောက်ဖျောက် ရိုက်နေတဲ့ဆူနမ်ကို အိပ်တော့လို့ မိုင်းဖန်က အော်တတ်တယ်။ မိုင်းက သူ နှလုံးမကောင်းဘူးဆိုပြီး နှလုံးဆရာဝန်တွေနဲ့ ပြနေတာတဲ့။ ၂၀၁၃ ဗာမွန်ပြည်နယ် ဗာလင်တန်ကို ပြောင်းပြီးတော့လည်း နှလုံးဆရာဝန်နဲ့ ပြသေးတယ် ဘာမှမဖြစ်ဘူးတဲ့။ ရာသီဥတုအေးတဲ့နေ့မှာ နှင်းတွေကို ဂေါ်နဲ့ကျုံးပြီးတော့ အအေးမိသွားတယ် ထင်နေတာ။

မိသားစုဆရာဝန်ကို သွားပြတော့ သွေးစစ်ပြီး လူးပစ်ဖြစ်နေတယ်တဲ့။ တခါတုန်းက အဖျားကြီးပြီး အရေးပေါ်ဆေးရုံ တင်လိုက်ရတယ်။ ပုံမှန် နှလုံးခုန်နှုန်း ၉၀ ပဲ ရှိရမှာ ၁၇၀ လောက် ရှိနေတယ်တဲ့။ အဆုတ်၊ ကျောက်ကပ်မှာ ရေတွေဝင်နေလို့ စုပ်ထုတ်ရတယ်။ သေသွားနိုင်တယ်တဲ့ ဆေးရုံးစရိတ် ၆ သောင်းကျော်ကျတယ်။ dedcutable ကို ကိုယ်ကပေးပြီး ကျန်တာကို ကျန်းမာရေးအာမခံက ပေးပေမဲ့ pocket ကိုယ့်အိတ်က စိုက်ထုတ်ရတာပါပဲ။ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်သိပြီး ဂရုစိုက်ဖို့ တခုခုနေမကောင်းဘူးလို့ ထင်တာနဲ့ ဆရာဝန်ဆီသွားဖို့ မပေါ့ဆနဲ့တဲ့။ မိုင်းဖန်အစ်မလည်း လူးပစ်ကြောင့် သေသွားတာတဲ့ ၁၉၉၁ သူသုံးတန်းတုန်းကတဲ့။ လူးပစ်ဟာ မျိုးရိုးလိုက်တတ်လို့ ကိုယ့်မိသားစုမှာ လူးပစ်ရှိလားလို့ ဆရာဝန်က ရောဂါဇစ်မြစ် သေသေချာချာမေးတာ။ အဲဒီတုန်းက ဗီယက်နမ်မှာ ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးမရှိတော့ သေဆုံးရတာများတယ်။ ကိုယ့်အမေရိကန်မှာနေဖို့ ဆုံးဖြတ်လိုက်တာ လူးပစ်ကြောင့်လည်းပါတယ်။ အမေရိကန်မှာက သုတေသန၊ ဆေးဝါးကောင်းတော့ လူးပစ်ဖြစ်ပေမဲ့လည်း လူ့သက်တမ်းစေ့ နေနိုင်တယ်။ မိုင်းဖန်က မျက်နှာမှာ လိပ်ပြာကွက်တွေ ထလာတတ်တယ်။ ၂၊ ၃ ရက်လောက်ဆို ကောင်းသွားရော။ အဆစ်အမြစ်၊ ကြွက်သားတွေ ယောင်တယ်။ အရင်တုန်းက အလေးကြီးတွေ သယ်နိုင်ပေမဲ့ ခုတော့ မသယ်နိုင်တော့ဘူးတဲ့။

ဆံပင်တွေလည်း ကျွှတ်လိုက်တာ၊ အသားအရေလည်း ခြောက်တယ်။ ကိုယ့်အလုပ်အကိုင်၊ အိမ်၊ မိသားစု အခြေအနေကို မေးတယ်။ ဂရင်းကဒ်ကို မြန်မြန်လျှောက်ဖို့ တိုက်တွန်းတယ်။ စီနီယာငါးလေ စန်းစန်း သိတယ်မလား။ သိတယ် သူ ဂရင်းကဒ်ရပြီ သူလည်း အစာအိမ်ရောဂါဖြစ်လို့တဲ့ ဆေးရုံတက်ဖို့ကို နှစ်လလောက် စောင့်ရတယ်။ သူ့ကုမ္ဗဏီက ကျန်းမာရေးအာမခံ မပေးဘူး တလကို ၈၀၀ ပေးရတယ်တဲ့။ ငါးက ပြောနေတယ် ငါတို့တွေ စာကိုလည်း အသည်းအသန်ကြိုးစား၊ အလုပ်ကိုလည်း သူများထက် နှစ်ဆကြိုးစား၊ ကျန်းမာအောင်နေကြရဲ့သားနဲ့ ဘာလို့ဒီရောဂါတွေ ဖြစ်ပါလိမ့်။ ကျောင်းတုန်းကလည်း တနေ့ကို လေးနာရီလောက်ပဲအိပ်၊ မက်ဒေါနယ်က မက်ချစ်ကင်း ၂ ကျပ်တန်စားပြီး ‌ချွှေတာ။ မိုင်းဖန် မှတ်မိသေးလား ပိတ်ရက်တွေဆို တရုတ်ဘူဖေးတစ်ဘူး၊ အိန္ဒိယဘူဖေးတစ်ဘူးဝယ်ပြီး ကိုယ်တို့လေးယောက် ချွှေတာစားခဲ့တာလေ။ အဲဒီလို ကိုယ်ပင်ပန်း၊ စိတ်ဖိစီးမှုတွေနဲ့ ကြိုးစားခဲ့ကြလို့ ရောဂါဖြစ်တာနေမှာ။ ဘာမှမကြိုးစား အေးအေးဆေးဆေး သက်သက်သာသာနေရင် ရောဂါဘယ်ဖြစ်လိမ့်မတုန်း။ မိုင်းရေ ကြည့်ရတာ ကိုယ်က မိုင်းကို သိပ်ချစ်တာပဲနဲ့တူတယ်နော် မိုင်းမှာ လူးပစ်ဖြစ်တယ်ဆိုရော ကိုယ်လည်း လူးပစ်လိုက်ဖြစ်ရော။ ဆူနမ်ကိုလည်း သတိထား လူးပစ်ဖြစ်နေဦးမယ် ကိုယ်တို့သူငယ်ချင်းတွေက ကံတူအကျိုးပေးတွေလို့ပြောတော့ ဆူနမ်က မိုင်း အဲဒီလိုမပြောပါနဲ့ ကြောက်စရာကြီးတဲ့။




ကိုယ်က ရာမားကို သံသယရှိနေတာ။ ရာမားက အမြဲအားနည်းပြီး အပူနည်းနည်း ရှိနေတတ်တယ်။ ရာသီဥတုအေးလာရင် ခြေထောက်မှာ အနီကွက်တွေ ထတယ်။ ဆံပင်လည်း တအားကျွှတ်တယ်။ လူးပစ်လက္ခဏာတွေနဲ့ ဆင်တယ်။ ဘုရား...ဘုရား မဟုတ်ပါစေနဲ့။ စန်းစန်း နယူးယောက်မှာ ဗမာကောင်လေး မတွေ့ဘူးလား မတွေ့ပါဘူး။ ကောင်းကောင်းမွန်မွန်လေးတွေ့ရင် ဒိတ်လုပ်နော် အလုပ်ထဲမှာရော။ အလုပ်ထဲမှာက တရုတ်ကောင်တွေကြီးပဲ။ တရုတ်လည်း ယဉ်ကျေးမှုမကွာတော့ မဆိုးပါဘူး။ ဘာလဲ မြန်မာဗုဒ္ဓဘာသာမှ ယူမယ်လို့တွေးနေတုန်းလား။ လူးပစ်ဖြစ်ပြီးတော့ ကိုယ့်သတ်မှတ်ချက်တွေ ပြင်လိုက်ပြီ။ ဆူနမ်ကတော့ ခုထိ ဂူရုန်းမှ ဂူရုန်း ဖြစ်နေတုန်း။ ဆူနမ် အခုချက်တင်းလုပ်နေတဲ့ ဂူရုန်းတစ်ယောက် ရှိတယ်။ သူများကို သိပ်ဂရုစိုက်တဲ့သူ မဟုတ်ဘူးလို့ ခံစားရလို့ ချက်တင်းတာ ရပ်တော့မယ်တဲ့။ ဆူနမ်က မိသားစု၊ သူငယ်ချင်းတွေကို သိပ်ဂရုစိုက်တာ။ တသက်လုံး အတူနေသွားရမှာ သူ၊ သူ့မိဘတွေ မဟုတ်ဘူး မချစ်ဘူးလို့ ခံစားမိရင်ရပ်။ ဒီလူနဲ့ ကျန်တဲ့ဘဝတစ်ခုလုံးကို ဖြတ်သန်းသွားချင်လိုက်တာလို့ ခံစားမိရင် ဆက်လုပ်။ စန်းစန်း နင့်မိဘတွေလာရင် ကောင်လေးတစ်ယောက်ရှာခိုင်း။ ကိုယ်တို့မိသားစုက arranged marriage မရှိဘူး ကြိုက်ရင်ယူ ကောင်းရင်စံ ဖြစ်ရင်ခံ။ နေပါဦးမိုင်းရဲ့ မြန်မာပြည်ကလူကို ယူတာတော့ ထားပါတော့။ ကိုယ်က ယူအက်စ်မှာ အခြေချဖို့ ဆုံးဖြတ်ထားတာ။ မြန်မာပြည်ကလူကို လက်ထပ်ပြီး ယူအက်စ်ကိုခေါ်လာ သူက ယူအက်စ်မှာ ဘာလုပ်မှာတုန်း။ ကိုယ်တောင် ယူအက်စ်မှာ အခြေကျဖို့ လေးနှစ်လောက် အသည်းအသန် ကြိုးစားရတာ။ ထမင်းချက်၊ ကလေးမွေး၊ အိမ်ထောင်ထိန်းသိမ်းတဲ့ good house husband လုပ်မှာလား။ အယ်မလေး သူငယ်ချင်းတွေလို့ မပြောရဘူး ဆူနမ်နဲ့ တလေသံတည်း ထွက်တယ်။

သိလား စန်းစန်း ဂင်္ဂါနဲ့ရာမား မင်္ဂလာဆောင်တော့မယ်နဲ့တူတယ်။ ကိုယ်သိတယ် အမ်းထရူး ကိုယ့်ကိုပြောပြတယ်။ ကျောင်းမှာကတည်းက ဂင်္ဂါက ရာမားကို ကြိုက်နေတာ။ အိုင်အိုဝါပြည်နယ်မှာနေတဲ့ ဂင်္ဂါကို မေရီလန်းကိုလာဖို့ ရာမားက ဖိတ်ခေါ်လိုက်တာတဲ့။ ဂင်္ဂါအချစ်က တကယ်ခိုင်မြဲတယ်နော် ငါးနှစ်ကြီးများတောင်။ လွန်ခဲ့တဲ့နှစ်နှစ်က ကိုယ်မေးသေးတယ် ဆူနမ်က ဂင်္ဂါနဲ့ နိုးလို့ တူးတူးခါးခါးကြီး ငြင်းတယ်။ ရာမားကို သူ့အိမ်က ပေးစားမှာလေး ဘာလေးနဲ့။ ခုတော့ ဂင်္ဂါနဲ့သဘောတူလို့ အိမ်ကိုတောင် ခေါ်တင်ထားတယ်။ ဒါတောင် လုံးဝကြီး သဘောကျသေးတာ မဟုတ်ဘူးတဲ့။ ရာမားက ယောက်ျားယူတော့မယ် ဆူနမ် နင်တစ်ယောက်တည်း ကျန်ရစ်ဖြစ်တော့တယ် ယောကျာ်းရှာလို့ တိုက်တွန်းနေရတယ်။ ကျောင်းမှာတုန်းက ကိုယ်တို့ဘတ်ချ်၊ စီနီယာ၊ ဂျူနီယာတွေမှာ နီပေါတွေမှ အများကြီးကို တစ်ယောက်ရအောင် မချိတ်ဘူး။ သူက ဂူရုန်းမှ ဂူရုန်းတဲ့လေ။ အမ်းထရူးကျတော့လည်း ဂူရုန်းပေမဲ့ ယူလို့မရတဲ့ဂူရုန်းတဲ့။ ဈေးဝယ်တဲ့အခါ ခြင်းတောင်းကို မသယ်နိုင်တဲ့အခါ၊ အဝတ်လျှော်ဖို့ အဝတ်ခြင်းတောင်းကို မသယ်နိုင်တဲ့အခါ မိသားစုဝင်တစ်ယောက်လောက် အနားမှာရှိစေချင်သား။ ကလေးတွေကို မြင်ရတဲ့အခါ မိသားစုရှိသင့်ပြီလို့ တွေးမိသား။ တခါတလေကျတော့ ဒီလောက်နာကျင်ကိုက်ခဲနေတာ ဘယ်လိုလုပ် မိသားစုတာဝန်တွေ ထမ်းဆောင်နိုင်ပါ့မလဲလို့ တွေးမိသား။

စန်းစန်း မင်း အဒေါ်ဖြစ်သွားဖြစ်ပြီဆို ဟုတ်တယ်။ မင်းမောင်ကို သုံးယောက်မွေးခိုင်း တစ်ယောက်ကို မင်းအစ်မကမွေး၊ တစ်ယောက်ကိုမင်းကမွေး။ ဟဲ့ သူ့ကလေးကို မွေးမဲ့အစား ကိုယ့်ဘာသာမွေးမှာပေါ့။ အဲဒါကြောင့် ယောကျာ်းရှာဖို့ ပြောတာပေါ့။ ကိုယ်တို့ညီအစ်မတွေဆုံရင် မောင်မောင်နဲ့ကိုယ့်ယောက်မ အသုံးမကျတဲ့အကြောင်း ဘူတာဆိုက်သလို ဆူနမ်၊ မိုင်းတို့နဲ့ဆိုရင် ဒီယောက်ျားဘူတာပဲ ဆိုက်တယ်။ ကိုယ်တို့ပြသနာက ကိုယ်တို့လောက် ပညာတတ်၊ လစာကလည်း ကိုယ်တို့နီးပါးလောက်ရတဲ့သူ၊ လူမျိုး၊ ဘာသာလည်း တူဦးမှ။ မိုင်း မင်း သိပ်ကံကောင်းတယ် ဗီယက်နမ်ချင်းလည်း ဖြစ်သလို ဘွဲ့ရပညာတတ်၊ လစာလည်းကောင်း၊ ယူအက်စ်မှာ အခြေချတဲ့သူ၊ မင်းရဲ့ပထမဆုံးရည်းစားလည်း ဖြစ်တယ် မင်းကို သိပ်အားကျတာပဲ။ စန်းစန်း မြန်မာပြည် ဘယ်တော့အလည်ပြန်မလဲ။ ဒီနှစ်တော့ ကိုယ့်မိဘတွေ လာမှာဆိုတော့ မပြန်ဖြစ်တော့ပါဘူး။ ပြန်မယ်ဆိုရင်လည်း လေယာဉ်ခ၊ လက်ဆောင်တွေနဲ့ ပိုက်ဆံသိပ်ကုန်တာ။ ကိုယ့်မှာ တခြားကုန်စရာတွေ ရှိသေးတယ်။ စန်းစန်း ပူရီမာကို မှတ်မိတယ်မလား မှတ်မိတယ် ဘောစတွန်မှာလေ။ သူ့ကောင်လည်း ဘော်စတွန်မှာ ယူတော့မယ်နဲ့တူတယ်။ ကျောင်းမှာတုန်းက သူတို့နှစ်ယောက် သမီးရည်းစားလားလို့မေးတာ ဆူနမ်က နိုးလို့လုံးဝငြင်းတယ်။ ပူရီမာမှာ ရည်းစားရှိတယ်တဲ့။ ပူရီမာမှာ ရည်းစားရှိမရှိတော့ မသိဘူးဟေ့ သူတို့နှစ်ယောက်ကို တွေ့လိုက်တာနဲ့ သမီးရည်းစားမှန်း သိတယ်။




အဲဒါကို ဆူနမ်က နိုး ရိုးရိုးသားသားခင်တာလို့ ငြင်းနေသေးတယ်။ ဒီနီပေါတွေဟာလေ ရိုးသားအပြစ်ကင်း လွန်းကြတာလား မသိတော့ဘူး။ ခုထိ ဆူနမ်က နိုးလို့ငြင်းနေတုန်း။ ကယ်လီဖိုးနီးယားက စီနီယာငါးနဲ့ ဘော်စတွန်က ပူရီမာတို့ ဖလော်ရီဒါကို သွားတဲ့ဓာတ်ပုံတွေ ဖေ့ဘွတ်မှာ တွေ့လိုက်တယ်။ သူ့ကောင်လည်းပါတယ် ဆူနမ်တစ်ကောင်ဟာလေ ခုထိငြင်းနေတုန်း။ ဟိုက မင်္ဂလာဆောင်တော့မှပဲ ရက်စ်လို့ပြောတော့မယ်နဲ့တူတယ်။ ကိုယ်တော့ ဆူနမ်ကို နားမလည်နိုင်တော့ဘူး လယ်ပြင်မှာ ဆင်သွားသလို ရှင်းရှင်းလင်းလင်းကြီး မြင်ရဲ့သားနဲ့ ဘာလို့ဘူးခံနေပါလိမ့်။ စန်းစန်းရေ မင်းနှလုံးသားကို ဖွင့်နော်။ သင့်တော်တဲ့သူတွေ့ရင် သိပ်မစဉ်းစားနဲ့။ ကိုယ်တို့က ပညာ၊ အလုပ် အားလုံးပြည့်စုံနေပြီ အိမ်ထောင်ပြုသင့်တဲ့အရွယ် ရောက်ပြီ။ အင်းပါ ကိုယ်စဉ်းစားပါ့မယ်။ ဆူနမ်၊ ရာမားတို့ ကွန်းဖရင့်ကော ခေါ်ရအောင် စန်းစန်း အိပ်ချင်နေပြီလား ၁၁ နာရီ ထိုးလုပြီ။ အင်း ဟုတ်တယ် ကိုယ့်မျက်စိတွေ စင်းနေပြီ ကိုယ်အိပ်သင့်နေပြီ။ မအိပ်ရင် အဆစ်အမြစ်တွေ ပိုကိုက်တယ်။ ကိုယ် နားလည်ပါတယ် နောက်မှ ပြောကြအောင်လေ ဂွတ်နိုက်။

စန်းထွန်း
ဂျွှန် ၂၊ ၂၀၁၅။

4 comments:

သက်ဝေ said...

Take care Sis.. You will be fine soon.... :-)

Anonymous said...

စန်းထွန်းလေးရေ..
ပျော်အောင်နေပါ။
ချစ်သောမမအိုင်အိုရာ

AMK said...

Take care My sister.

San San Htun said...

Anonymous said...
စန်းထွန်းလေးရေ..
ယူအက်စ်မှာ ကျန်းမာဖို့အရမ်းအရေးကြီးတယ်။
ဆွေမျိုးရင်းချာ မိတ်ဆွေရင်းချာရှိတောင်မှ
အချိန်ပေးနိုင်ကြဖို့ခက်တယ်။
စိတ်ဓါတ်မကျ စိတ်အားမငယ်ပဲ အရာရာကို အေးအေးဆေးဆေးလက်ခံပြီး
ပျော်အောင်နေပါ။
ဆေးနဲ့ထိန်းသွားနိုင်ပြီဆိုတော့ လူကောင်းအတိုင်းဘဲပေါ့။
သတိလေးနဲ့လျှော့သင့်တာလျှော့ တိုးသင့်တာတိုးပြီး နေပါကွယ်။
ချစ်သောမမအိုင်အိုရာ
June 4, 2015 at 9:46 PM