Showing posts with label Fall. Show all posts
Showing posts with label Fall. Show all posts

08 November 2021

Empire State Trail - 1

အောက်တိုဘာ ၁၇ တနင်္ဂနွေနေ့ အမ်ပါယာစတိတ်ထရေးမှာ ဟိုက်ကင်းထွက်မယ်လို့ စီစဉ်ထားတယ်။ ပုံမှန်ဆို စနေနေ့ဟိုက်ကင်းထွက် တနင်္ဂနွေနေ့ အနားယူ။ ဒီတပတ်က စနေနေ့မိုးရွာမယ်ဆိုလို့ တနင်္ဂနွေနေ့သွားဖို့ စီစဉ်ထားတာ စနေနေ့က မိုးမရွာဘဲ နေခြစ်ခြစ်တောက်ပူ။ ခန့်မှန်းချက်မှားတာ နှစ်ခါကြုံပြီးပြီ နောက်ဆိုရင် သောကြာနေ့ ရာသီဥတုပြန်ကြည့် ရာသီဥတုအခြေအနေပေါ်မူတည်ပြီး အစီအစဉ်ပြောင်းရမယ်။ အမ်ပါယာစတိတ်ထရေးလမ်းကို သိရတာက ဝိုင်းလုပ်ဖော်ကိုင်ဖက်ဆီက။ ဘရူစတာဘူမှာဆင်း ၁၀ မိနစ်လောက်လမ်းလျှောက် ဘယ်ကွေ့ညာကွေ့ ရှင်းရှင်းလေးတဲ့။ ဂူဂယ်မှာရှာလိုက်တော့ ခုမှအသစ်ဖွင့်လိုက်မိုတာတဲ့ မိုင် ၇၅၀ ရှည်တယ် နယူးယောက်ကနေ ဟက်ဆန်မြစ်လွင်ပြင်ကို ဖြတ်ကျော်ပြီး Erie Canal ကိုဖြတ်ကာ အနောက်ဖက် နိုင်အာဂရာရေတံခွန်နားက ဘာဖဲလိုးမြို့အထိ ၊ မြောက်ဖက်ဆိုရင် ချန်ပိန်ရေကန်၊ Adirondacks ဒေသကို ဖြတ်ကျော်ပြီး ကနေဒါနယ်စပ်အထိ လမ်းပေါက်တယ်။ ၂၀၁၇ ကနေ စတာ ၂၀၂၁ မှ ပြီးတယ်။ နယူးယောက် ဂရမ်းစင်ထရယ်ဘူတာကနေ မနက် ၈ နာရီ ၂၀ SouthEast bound line ရထားကိုစီး ၂ နာရီအဝေးက Brewster မှာဆင်း။ ထရေးလမ်းဘယ်မှာမှန်းမသိလို့ စက်ဘီးအုပ်စု တိုးဂိုက်ကိုမေးကြည့်တော့ နောက်ဆယ်မိနစ်စောင့်ပါတဲ့။ မစောင့်နိုင်တော့လို့ ဝိုင်းလုပ်ဖော်ကိုင်ဖက် ညွှန်လိုက်တဲ့အတိုင်း ဘယ်ကွေ့ပြီး လမ်းလျှောက်လာတာ မြေပုံမှာကြည့်ထားတုန်းက မြောက်ဖက်စူးစူးပါ ဂူဂယ်မတ်မှာ အရှေ့ဖက်ကိုသွားနေတယ်လို့ ပြနေတယ်။ နေဦးဆိုပြီး မတ်ကိုပြန်ကြည့် ဂူဂယ်မတ်ကိုကြည့် ဝိုင်း လမ်းမှားနေတယ်။ ကိုယ်က မြေပုံကျွှမ်းတော့ ကို့ယ့်ကိုဦးဆောင်ခိုင်းတယ်။ စောနက စက်ဘီးသမားတွေ သွားတဲ့နေရာပဲ မီးပွိုင့်ကနေ ထရေးလမ်းနှစ်ခုရှိတယ် အရှေ့နဲ့အနောက် ဘယ်ထရေးကိုသွားမလဲ။ ကိုယ်ကောင်းမယ်ထင်တာရွေးတဲ့ မင်းလုပ်ဖော်ကိုင်ဖက်ညွန်လိုက်တာ ညာဖက်ထရေးလမ်း အဲ့ဒီဖက်ကိုအရင်သွားကြည့်ရအောင်။ နောက်အပတ်ကျမှ နောက်ထရေးလမ်းကိုသွားမယ်။ ဂူဂယ်မတ်မှာ မရှင်းလင်းလို့ အတော်ရှာယူလိုက်ရတယ်။ အင်ပါယာစတိတ်ဆိုင်းဘုတ်ကြီးကို မြင်တော့မှ စိတ်အေးသွားတယ်။ Maybrook Trailway ၉ မိုင်ရှည်တယ်။ ကိုယ်တို့က ဝိုင်းလုပ်ဖော်ကိုင်ဖက်လို Ice Pond အထိ ၄ မိုင်လောက်လျှောက်ပြီး လာလမ်းအတိုင်း ပြန်ရမှာ။ အင်မတန် သာယာတယ် တွေ့တဲ့လူတိုင်း ဖော်ရွေပျူငှာ နှုတ်ဆက်ကြတယ်။ နေ့လည် ၁၂ နာရီခွဲ Lake Tonetta ဘေးနားမှာ နေ့လည်စာစားကြတယ်။ ဝိုင်းက မနက်စာအဝတီးလာတယ် ကိုယ်က ကြက်ဥကြော် ကြက်ဥပြုတ်စားတယ်။ ခဏနားပြီး Ice Pond အထိ ၄ မိုင်ခွဲ ချီတက်ကြတယ်။ ရေကန်ထဲမှာ ငန်းနှစ်ကောင် ရေကူးနေတယ်။ သစ်ရွက်တွေ အရောင်ပြောင်းနေတာ သိပ်လှတာပဲ။ ပြန်လာတော့ တော်တော်ပင်ပန်းနေပြီ ဝိုင်းက သူ့လုပ်ဖော်ကိုင်ဖက်က သက်လတ်ပိုင်းအရွယ် ခပ်ဖိုင့်ဖိုင့် သူတောင် Ice Pond ရောက်ရင် ငါကဘာလို့မရောက်ရမလဲနဲ့။ သူ့လုပ်ဖော်ကိုင်ဖက်ကို လျှော့တွက်မိတယ် ကိုယ်တွေတောင် ဒီလောက်ပင်ပန်းတာ သူ့လုပ်ဖော်ကိုင်ဖက်ကို ချီးမွမ်းတယ်တဲ့။ အပြန်ရေကန်နားမှာ နားနေတုန်း ဖြတ်သွားတဲ့ကောင်လေးတယောက်က ရထားလမ်းပေါ်မှာ ထိုင်နေတဲ့ကိုယ်တို့ကို ရထားကြည့်ဦးနော်လို့ စသွားတယ်။ ရထားသံလမ်းပေမဲ့ ရထားမဖြတ်တော့တာ နှစ်ပေါင်းဘယ်လောက်ရှိပြီလဲ မသိဘူး။ ရထားက ၃ နာရီ ၁၅ နောက်တနာရီကြာမှတစီးရှိတာဆိုတော့ မှီအောင်အသားကုန်ပြေးကြတာ ၃ မိနစ်အလို မှီရုံလေးဘူတာရုံရောက်တယ်။ အဲ့ဒီနေ့ကတော့ အိုင်ဖုန်းအသစ်လိုချင်သွားတယ် ကိုယ်တို့ဖုန်းက အိုင်ဖုန်း 7 Plus ဆိုတော့ ကင်မရာမကောင်းဘူး။ ကိုယ့်ဖုန်းက တော်တော်ဆိုးတာ မကြာခဏကျကွဲလို့ ဝါးတားတာ ဝိုင်းဖုန်းက ကိုယ့်ဖုန်းထက် ပိုကောင်းတယ်။ ကိုယ့် Canon 7D လည်း မသယ်နိုင်။ ဒီအချိန်မှာ ဖုန်းကောင်းကောင်း၊ ကင်မရာကောင်းကောင်းနဲ့ ရိုက်လိုက်ရရင် ဓာတ်ပုံတော်တော်လှမှာ။ အလာစကာသွားတုန်းက ဟန်က အိုင်ဖုန်း၁၀နဲ့ လေယာဉ်ပေါ်ကနေ Anchorage မြို့ကိုရိုက်တာ အင်မတန်လှတာပဲ။ ကင်မရာအကြီးနဲ့ ရိုက်ထားသလား ထင်ရတယ်။ ၂၀၁၉ ဆောင်းဦးရာသီချိန် ဝက်ဝံတောင်သွားတက်တုန်းက ကင်မရာအကြီးတွေနဲ့ရိုက်တော့ ဓာတ်ပုံလှလှလေးတွေရတယ်။ ခုတော့ ကင်မရာကြီး မသယ်နိုင်တော့ ဖုန်းကောင်းကောင်း၊ ဒါမှမဟုတ် ကင်မရာပေါ့ပေါ့ပါးပါးလေးပဲ လိုချင်မိတယ်။ အရင်တုန်းက ကင်မရာအကြီးကြီးကို အားကျတယ် လူအထင်ကြီးအောင်လို့။ ခုတော့ ပေါ့ပါ့ပါးပါး လွတ်လွတ်လပ်လပ် လူသက်သာဖို့ အရေးကြီးတယ် ဖြစ်ကုန်ပြီ။


Happy Hiking!
စန်းထွန်း
နိုဝင်ဘာ ၈၊ ၂၀၂၁။ 

https://empiretrail.ny.gov/new-york-city-poughkeepsie/brewster-pawling