နွေဦးတော်လှန်ရေး - ၁၃

 ၂၀၂၁ စက်တင်ဘာ ၁၂ တနင်္ဂနွေနေ့ နေ့လည် ၁ နာရီ ၄ နာရီအထိ ယူအန် Hammarskjold ပလာဇာမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်ခန့်ဖို့ Save Myanmar UN Credentials Campaign ချီတက်ပွဲရှိတယ်။  ဦးထိန်လင်းအောင်၊ သံအမတ်ကြီးဦးကျော်မိုးထွန်း၊ မျိုးရန်နောင်သိမ်း၊ ချင်း၊ ကရင်၊ ဒီစီကခေါင်းဆောင်တွေ မိန့်ခွန်းပြောကြတယ်။ ဦးဂိုအင်ကာတရားစခန်းမှာ သိခဲ့တဲ့အမတွေနဲ့ ဓာတ်ပုံရိုက်တယ်။ အကင်္ျီအဖြူရောင်၊ လက်ပတ်အနီရောင်ပတ်၊ သံအမတ်ကြီးအရုပ်တွေကိုင် ၂ နာရီခွဲမှာ  ၄၇ လမ်း Hammarskjold ပလာဇာကနေ ၂၄ လမ်း Flatiron ပလာဇာကို ကြွေးကြော်သံတွေ ဟစ်ကြော်ပြီး ချီတက်ကြတယ်။ လူတထောင်လောက် ပါဝင်ချီတက်ကြတယ်။ ဘေးနားက ကောင်လေးက ဆန္ဒပြပွဲတိုင်းပါတယ် မေးကြည့်လိုက်တော့ မက်ဆီကန်လူမျိုးတဲ့ ဆန္ဒပြပွဲ ၇, ၈ ပွဲလောက် ပါဖူးတယ်တဲ့။ ရှေ့အပတ် Flatiron ပလာဇာဆန္ဒပြပွဲမှာ ကိုယ်ကရှေ့ဆုံးတန်း သူကဒုတိယတန်းမှာ မှတ်မိတယ်။ မြန်မာလိုနည်းနည်းပြောတတ်တယ် ဘာလို့ဆန္ဒပြပွဲပါတာလဲလို့မေးတော့ မတရားလို့ ဒီမိုကရေစီ ရစေချင်လို့တဲ့။ သူ့နာမည်မေ့သွားလို့ ပြန်မေးကြည့်တော့ ငါ့နာမည် အီလန် ဆပ်ပြာမှုန့်လေတဲ့။ မျက်လုံးလေးပေကလပ် ပေကလပ် ခေါင်းပူအောင် စဉ်းစားလိုက်တော့ အီလန်ဆပ်ပြာမှုန့်ဆိုတာ မှတ်မိသွားတယ်။ အမလေး ... နင်က မြန်မာထက်တောင် သိနေသေးတယ်ဆိုပြီး ရယ်လိုက်ရတာ။ အီလန်က လက်သုံးချောင်းထောင် ကြွေးကြော်သံတွေအော်ရင်း တက်ကြွစွာ ချီတက်လေ့ရှိတယ်။ နယူးဂျာစီဘုန်းကြီးကျောင်းပွဲမှာ ဗော်လန်တီယာလုပ်တုန်းက သိခဲ့တဲ့ ကျောင်းပြီးခါစ H1B အလုပ်ရှာနေတဲ့ ညီမလေးတယောက်ကို ကိုယ်အတွေ့အကြုံတွေ ရှယ်ဖူးတယ်။ အဲ့ဒီညီမလေးက လာနှုတ်ဆက်တော့ အတူတူချီတက်ကြတယ်။ ညနေ ၄ နာရီခွဲမှာ Flatiron ပလာဇာဆီရောက်တယ်။ ရာသီဥတုကပူ အသံပြဲကြီးနဲ့အော်တော့ မောဟိုက်နေပြီ။ အစားအစာ၊ အသီး၊ ရေဗူးတွေဝေတယ် ဖရဲသီး၊ လိမ္မော်သီး၊ ရေဗူးယူသောက်။ ဘေးနားကအကိုတယောက်က banner ကြီးတယောက်တည်း ကိုင်နေလို့ ပြေးကူပေးတာ နင်ကိုင်လိုက်တော့တဲ့။ ဘေးနားက ညီမလေးတွေကို ကူသယ်ခိုင်း banner တွေရှေ့တက်ခိုင်းတော့ ရှေ့ဆုံးရောက်သွားတယ်။ သီချင်းတွေဆို၊ အဝေးကြီးကန်တက်ကီပြည်နယ်ကလာတဲ့ အမတယောက်က ကဗျာရွတ်တယ်။ ကန်တက်ကီဆိုတာနဲ့ ကိုယ့်ယူအက်စ်ပထမဆုံးအလုပ် လူဝီဗီလ်မြို့လေးကို သတိရသွားတယ်။ တော်လှန်ရေးအတွင်း တိုင်းပြည်အတွက် အသက်ပေးကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ ဆုတောင်းကြတယ်။ ဒီစီ၊ ဗာဂျီးနီးယားကနေ  ဘတ်စ်ကားတွေနဲ့ လာကြတဲ့သူတွေ ပြန်ကြပြီ။ ညနေ ၅ နာရီ ရဲက လူစုခွဲခိုင်းတော့မှ အိမ်ပြန်ကြတယ်။ ၄၄ လမ်းမှာနေတဲ့ ဝိုင်းက ကိုယ့်ကိုတွေ့တယ်ဆိုပြီး ဓာတ်ပုံပို့ပေးလာတယ် မျှော်လင့်မထားတဲ့ ဓာတ်ပုံဆရာ။ 


အရေးတော်ပုံ အောင်ရမည်!!!
စန်းထွန်း
စက်တင်ဘာ ၂၂၊ ၂၀၂၁။

Photo credit - Wayne Chin

  
Vipassana Mediation Center မြန်မာတရားစခန်းတုန်းက အန်တီတွေနဲ့



အသိအကိုတယောက်ရဲ့ Live က ယူထားတာ
Photo credit - ဆန်ဒပြ၊ ‌ဗော်လန်တီယာ လုပ်ဖော်လုပ်ဖက် အသိညီမလေး
Unexpected photographer ဝိုင်း

Kaaterskill သွားတောလား …

ကိုဗစ်ဖြစ်ကတည်းက အိမ်တွင်းအောင်းရလို့ ခရီးမသွားဖြစ်တာ အတော်ကြာပြီ။ တောင်အမေရိကတိုက် ဘရာဇီး၊ အာဂျင်တီးနား၊ ချီလီ သုံးနိုင်ငံ ၁၄ ရက်ခရီး ၂၀၂၀ နိုဝင်ဘာမှာသွားဖို့ စီစဉ်တာလည်းပျက်။ ခုတော့ Torres del Paine National Park မှာ တောင်တက်ဖို့ မပြောနဲ့ လမ်းနှစ်နာရီလောက်လျှောက်ရင်ကိုပဲ ခြေထောက်ကနာချင်နေပြီ။ ကာကွယ်ဆေးထိုးပြီး နှစ်ပတ်အကြာမှာ အပတ်တိုင်း ဝိုင်းနဲ့လမ်းလျှောက်ထွက်တာ ဟိုးတပတ်က စံချိန်သစ် ၈ မိုင် လမ်းလျှောက်ဖြစ်တယ်။ ၂၀၂၁ စက်တင်ဘာ ၂ တနင်္ဂနွေနေ့ အသိညီမလေးစီစဉ်လို့ နယူးယောက်အက်ပ်စတိတ်ဖက် ဟိုက်ကင်းထွက်ဖြစ်တယ်။ အစက ဝိုင်းလိုက်မလို့ အလုပ်တအားများလို့ မလိုက်ဖြစ်တော့ဘူး။ ၈ နာရီကတည်းက အိမ်ကထွက်တာ ကားပါကင်သုံးခါလောက် လိုက်ရှာတော့မှ သွားချင်တဲ့နေရာကို နေ့လည် ၁၂ နာရီလောက်မှရောက်တယ်။ မနေ့ကရာသီဥတုခန့်မှန်းချက်က နေ့လည် ၂ နာရီ မိုးရွာမယ်တဲ့။ ခုတော့ မနက် ၁၀ နာရီလောက်ကတည်းက ကောင်းကင်ကမှောင်ပြီး မိုးတဖျောက်ဖျောက်။ ဟိုးတလောတုန်းကတည်း စနေနေ့မိုးရွာမယ်ဆိုလို့ တနင်္ဂနွေနေ့လမ်းလျှောက်ဖို့ ရွေးလိုက်တာ စနေနေ့ မိုးတစက်မှမရွာဘဲ နေတွေခြစ်ခြစ်တောက်ပူနေလို့ ရာသီဥတုခန့်မှန်းချက်လွဲတာကို တအံ့တဩဖြစ်လို့။ ဂြိုလ်တုကတိုင်းတာဆိုတော့ ခန့်မှန်းချက်က လွဲခဲတယ်လေ။ ဗီယက်နမ်မှာ မုန်တိုင်းလာမယ်ဆိုပြီး နေရာတွေရွေ့ပြီးမှ မုန်တိုင်းမဝင်လို့ ဒေါသထွက်လိုက်ကြတာဆိုပဲ။ မိုးရွာနေတော့ ချော်လဲမှာကို လမ်းတလျှောက် ဗွက်များလို့ သတိထားရတယ်။ Boulder Rock ဗျူးပွိုင့်ကနေကြည့်ရင် အောက်မှာတိမ်တွေ ပြေးလွှားဆော့ကစားနေတာကို မြင်ရတာ အတော်လှတယ်။ ဗာဂျီးနီးယားပြည်နယ် Shenandoah အမျိုးသားဥယျာဉ်မှာ တောင်တက်တုန်းက မြင်ရတဲ့ရှုခင်းလိုပဲ အဲ့ဒီမှာတော့ တိမ်မတွေ့ခဲ့ဘူး။ သစ်ပင်တွေအုပ်ဆိုင်းနေတာများ နေပြောက်မထိုးနိုင်ဘူး မိုးအုံ့နေတော့ အေးစိမ့်လာတယ်။ လမ်းမှာတွေ့တဲ့သူတွေကို ရေတံခွန်တွေ့လားမေး လမ်းမှားသွားတဲ့အခါ ပြန်မေးပြန်လှည့်။ နေ့လည် ၂ နာရီလောက် ပါလာတဲ့ ဒန်ပေါက်၊ ဝက်သားဒုတ်ထိုး စားကြတယ်။ တောင်တက်ခဲ့သမျှ ပေါင်မုန့်၊ ကွတ်ကီး၊ energy bar ပဲစားခဲ့ရတာ ဒီတခေါက်ဟိုက်ကင်းကတော့ ထူးထူးခြားခြားပဲ။ အသိညီမလေးက မနက်စာဒင်ဆမ်းဝယ်ပေးထားပြီး လာခါနီမျှ နွှေးလာပေးတယ်။ မောင်လေးတယောက်က အစားအသောက်တွေကို စီမံခန့်ခွဲ၊ ကြက်သားကိုအရိုးနွှင်ပေး အကိုကြီးတယောက်လိုပဲ။ ရေတံခွန်နားနီးလားလို့ ရေစီးသံကြားလာရတယ် တံတားလေးကိုဖြတ်ကျော်ပြီးတဲ့အခါ လူများလာတယ်။ ဗျူးပွိုင့်မှာ လူတွေအများကြီးပဲ ရှုခင်းတအားလှတယ် ရေတံခွန်အပေါ်ဖက်ကိုတက်။ တောတောင်ရေမြေ ရေတံခွန်ကို မြင်ရတာ တကယ်စိတ်ချမ်းသာတယ်။ ကိုယ်ထွက်ခဲ့ဖူးသမျှ အက်ပ်စတိတ် Upstate ဟိုက်ကင်းထဲမှာ ဒီဟိုက်ကင်းအလှဆုံးပဲ။ ဆောင်းဦးရာသီ ဒီကိုပြန်လာချင်သေးတယ် ဝိုင်းကို သတိရနေမိတယ် သူဆိုသိပ်သဘောကျမှာ။ ငါးမိုင်လျှောက်ပြီးပြီဆိုတော့ နည်းနည်းညောင်းလာပြီ ၅ မိုင်ပြန်လျှောက်ရမယ်ဆိုတော့ လျှောက်နိုင်ပါ့မလား။ ကိုယ့် limit က ၈ မိုင် မလျှောက်နိုင်ရင် ၉၁၁ ခေါ်ရမလား တော်ကြာ သတင်းမှာပါလာမှဒုက္ခ။ တော်သေးတယ် မောင်လေးတယောက်က ဖြတ်လမ်း တမိုင်တွေ့လို့ ကားပါကင်ကို ပြန်ရောက်တယ်။ ရေကန်နားမှာ ဒန်ပေါက်၊ ကြက်ဆီထမင်း၊ လိမ္မော်သီး၊ Crispsy green peas စားကြတယ်။ ရန်ပုံငွေဈေးရောင်းပွဲတော်က ကိုယ်ဝယ်လာတဲ့ အာလူးကြော်ကို ကြိုက်ကြတယ်။ ဗမာစတိုင် ငရုတ်သီး၊ အချိုမှုန့်တွေနဲ့ ကျန်းမာရေးနဲ့မညီညွှတ်ဘူးဆိုပေမဲ့လည်း တခါတလေဆိုတော့ စားတာပါပဲ။ တထုပ်ငါးကျပ် ဈေးနည်းနည်းကြီးလည်း ရန်ပုံငွေပွဲဆိုတော့ ဝယ်အားပေးတာပေါ့။ ဈေးရောင်းတဲ့သူတွေကလည်း လှုချင်လို့ အချိန်၊ ငွေ၊ လူအင်အား စိုက်ထုတ်ထားတာကို ကိုယ်တွေမှ အားမပေးရင် ဘယ်သူမှအားပေးမလဲနော့ ဈေးရောင်းပွဲတိုင်း သွားအားပေးတယ်။ အရင်တုန်းကဆို အပတ်တိုင်း လမ်းလျှောက်တာ၊ ဟိုက်ကင်းထွက်တာတွေကို ဖေ့ဘွတ်မှာတင်တယ်။ ခုတော့ ဆန္ဒပြပွဲ၊ ဗော်လန်တီယာပုံတွေကလွဲရင် မတင်ဖြစ်တော့ဘူး။ ဒီဟိုက်ကင်းဓာတ်ပုံတွေကိုတော့ အမှတ်တရဖြစ်လွန်း လှလွန်းလို့ တင်ဖြစ်တယ်။ တော်လှန်ရေးမှာ ကိုယ်တတ်နိုင်သမျှလုပ်နေတာတွေ သိနေကြတော့ ဟိုက်ကင်းဓာတ်ပုံတင်တာ လာဆဲတဲ့သူမရှိတာ ကျေးဇူးတင်စရာ။ အားလုံးက အတော်လှတဲ့နေရာလေးလို့ ပြောကြတယ်။

စန်းထွန်း
စက်တင်ဘာ ၁၂၊ ၂၀၂၁။

 https://www.greatnortherncatskills.com/outdoors/hiking/waterfalls


နွေဦးတော်လှန်ရေး - ၁၂

 ၂၀၂၁ ဩဂုတ် ၂၈ စနေနေ့ ညနေ ၄ - ၆ နယူးယောက်မြို့ ၂၄ လမ်းနဲ့ ဘရော့ဝေးလမ်းကြားက Flatiron ပလာဇာရှေ့မှာ ဆန္ဒပြ စစ်ကောင်စီက မြန်မာပြည်သူတွေ နှိပ်စက်နေတဲ့အကြောင်း သရုပ်ပြပွဲလည်းရှိတယ်။ မနက် ၉ နာရီခွဲကနေ ၁၂ ခွဲအထိ စန်ထရယ်ပါ့ခ်ပန်းခြံမှာ ဝိုင်းနဲ့ လမ်းသွားလျှောက်တယ်။ ကိုဗစ်ကာကွယ်ဆေးထိုးပြီး နှစ်ပတ်အကြာ ဇွန် ၁၃ မှာစပြီး ဝိုင်းနဲ့ ပထမဆုံးလမ်းလျှောက်ထွက်တာ တနာရီတောင် မလျှောက်နိုင်ဘူး။ အပတ်တိုင်း နည်းနည်းစီတိုးပြီး လမ်းလျှောက်လာတာ ခုတော့ ၃ နာရီလောက် လမ်းလျှောက်နိုင်ပြီ။ အိမ်ပြန်ပြီး နေ့လည်စာစား ၂ နာရီလောက်ပြန်အိပ် ၃ နာရီမှာ အိမ်ကပြန်ထွက်တယ်။ အဲ့ဒီနေ့က မိုးရွာမှာမို့ လာတဲ့သူနည်းမှာ ခန့်မှန်းထားတဲ့အတိုင်း လူနည်းတယ်။ လူနည်းတော့ ရှေ့ဆုံးတန်းမှာ နေရာယူတယ်။ ဘေးကအန်တီက ပွဲတိုင်းပါတယ် ကြွေးကြော်သံအော်ကြရင်လည်း အသံကုန်လက်တီးလက်မာင်းတန်းပြီး အော်တာ။ လူငယ်တွေထက်တောင် သွက်လက်တက်ကြွနေတာ။ ရန်ပုံငွေရှာဖွေဈေးရောင်းပွဲမှာ လုပ်အားပေးတဲ့သူတွေ ဆန္ဒပြပွဲတိုင်းပါတယ်။ အင်္ဂလိပ်၊ မြန်မာ ကြွေးကြော်သံတွေအော်ဟစ် တော်လှန်ရေးသီချင်းတွေဆို သရုပ်ဖော်တာကို အင်္ဂလိပ်၊ မြန်မာနဲ့ ရှင်းပြတယ်။ ဘိုတွေလာကြည့် လာမေးကြတယ်။ စက်တင်ဘာ ၁၂ တနင်္ဂ်နွေနေ့ ၁ နာရီမှာ ဒီနေရာကနေ ယူအန်ရုံးရှေ့အထိ လမ်းလျှောက်ချီတက်ပြကြမယ်။ နယူးယောက်က အိမ်ရှင်အဖြစ်လက်ခံကျင်းပြီး တခြားပြည်နယ်က ညီအကိုမောင်နှမတွေလည်း လာကြမှာမို့ ဒီစီပွဲလိုပဲ လူများလိမ့်မယ်။ စက်တင်ဘာ ၁၃ ယူအန်အစည်းအဝေးရှိတော့ အဲဒီဆန္ဒပြပွဲက အရေးကြီးတယ်။


အရေးတော်ပုံ အောင်ရမည်!!!
စန်းထွန်း
စက်တင်ဘာ ၄၊ ၂၀၂၁။

Photo credit - Kyaw Soe Latt, Wayne Chin