မောင်မောင်ရေ...

ဇွန် ၃ ရက် တနင်္လာနေ့ ည ၁၁ ခွဲ အီကွေဒေါ ၆ ရက် ခရီးအတွက် အထုပ်အပိုးပြင်နေတုန်း မကြီးဆီက ဖုန်းဝင်လာတယ်။ မောင်မောင် ကားတိုက်လို့ ပဲခူးဆေးရုံရောက်နေတယ် ခုထိဘာသတင်းမှ မသိရသေးဘူး။ နင့်မှာ ပဲခူးသူငယ်ချင်းတွေ မရှိဘူးလား ရှိရင်အကူအညီတောင်းပြီး ဆေးရုံကိုသွားကြည့်ခိုင်းပါလား။ အိုင်အိုဝါပြည်နယ်မှာနေတဲ့ ပဲခူးသူပုံ့ပုံ့က ဒီအချိန်ဆိုရင် အိပ်နေလောက်ပြီ။ ခိုင်မေ၊ ဖြိုးတို့ကို မေးကြည့်တော့ ပဲခူးမှာသူငယ်ချင်းမရှိဘူးတဲ့။ ခိုင်မေက ကားမောင်းရင် ကားတိုက်မှုဖြစ်မယ် အသက်မသေရင်ပြီးရော။ သူဆိုလည်း သူ့မောင်လေးကြောင့် ရုံးရောက်၊ ဂတ်ရောက်၊ ဆေးရုံရောက်ဖူးတယ်တဲ့။ စင်္ကာပူမှာနေတဲ့ သိင်္ဂီျ ဘအမျိုးသားကိုမင်းဆွေကို အကူအညီတောင်းတော့ သိင်္ဂီျဘအွန်လိုင်းတက်လာတယ်။ သူ့အစ်မကို ဆေးရုံဆီ  ဆိုင်ကယ်နဲ့သွားခိုင်းလိုက်မယ်တဲ့။ မကြီးက အင်တာနက်ကနေရှာပြီး ပဲခူးဆေးရုံကို ဖုန်းဆက်တော့ ဆေးရုံတာဝန်ခံနဲ့တွေ့တယ်။ ဆယ်မိနစ်တကြိမ်လောက် ဖုန်းဆက်နေလို့ ဆေးရုံပတ်ကြည့်ဦးရဦးမယ် မိနစ်၂၀လောက်မှ ပြန်ဆက်ပါတဲ့။ မကြီးစိတ်ပူတာက ဆေးရုံကို ပိုင်ရှင်မဲ့လူနာ အနေနဲ့ရောက်သွားရင် ထိရောက်တဲ့ဆေးကုသမှုမရဘဲ ပစ်ထားမှာကို စိုးရိမ်လို့တဲ့။ သိင်္ဂီျဘက ဖုန်းပြန်ဆက်တယ် နာမည်၊ အသက်၊ ကားမေးတယ်။ ကားတိုက်တယ်ဆိုတော့ လက်ကျိုးခြေကျိုးလောက်ပဲ ဖြစ်မယ်လို့ထင်ထားတာ။ ဖုန်းအပြန်အလှန် ပြောနေကြတုန်း မကြီးဆီ အဖေ့ဆီက ဖုန်းဝင်လာတယ်။ ချက်ချင်း မကြီးပြန်ဆက်တယ် ဆို့နင့်ကြေကွဲနေတဲ့အသံနဲ့ "စန်းထွန်းရေ မောင်မောင် ဆုံးပြီတဲ့ ... ငါ ရန်ကုန်ကို ချက်ချင်းပြန်ရမယ်"။  ခဏကြောင်သွားပြီး တုန်လှုပ်ခြောက်ချားသွားတယ်။ မျက်ရည်တွေဖြိုင်ဖြိုင်ကျ ဝမ်းနည်းပက်လက် ရင်တခုလုံးဗြန်းဗြန်း ကွဲလုမတတ် နာကျင်ခံစားရတယ်။ သူငယ်ချင်းတွေဆီကို မောင်မောင်ဆုံးပြီလို့ မတ်ဆေ့ပို့။ ခိုင်မေ၊ ဖြိုးတို့က မယုံဘူး ဟုတ်လို့လားလို့ မေးနေလို့ ငါ့အဖေ့ဆီကို ဖုန်းဆက်လိုက်။ ဝိုင်းဖုန်းဆက်တဲ့အချိန်မှာ ရင်ကွဲမတတ် အော်ငိုနေပြီ။ ဖြိုးက ဖုန်းဆက်တယ် အဖေတို့က ဟိုင်းကြီးမှာ... ကိုယ့်ယောင်းမတယောက်တည်းဖြစ်နေရင် ပဲခူးကိုသူတို့လိုက်ပေးရမလား...ဘာကူညီပေးရမလဲ။ ယောင်းမဖုန်းနံပါတ်ကို မကြီးဆီကတောင်းပြီး ပေးလိုက်တော့ ယောင်းမဆီကို ဖုန်းဆက်ကြတယ်။ ဇွန် ၃ ရက် ည ၁၁ ခွဲ ပဲခူးအဝင် ဘုရားကြီးကုန်းမြို့ မယင်းကျေးရွာ ငါးကန်အနီးမှာ ရပ်ထားတဲ့ဝါးကားကို ဝင်တိုက်ပြီး ပွဲချင်းပြီးဆုံးတာတဲ့။ ပဲခူးဆေးရုံတာဝန်ခံက ဆုံးပြီဆိုတဲ့အကြောင်း စလုံးဖုန်းကို တကူးတက ဖုန်းပြန်ဆက်ပေးတယ်။ အမယ်လေး...ဘုရားရေ သောကြာနေ့ညကပဲ မက်ဆင်ဂျာကနေ ဗွီဒီယိုကောခေါ်ပြောသေးတယ်။ သူ့သားက PreKG တက်ပြီမို့လို့ စာများလာပြီ မအားဘူးလို့ပြောတယ်တဲ့။

မနက်ဖြန်ရန်ကုန်ကို သွားမဲ့လေယာဉ်ကို ဝိုင်းကကူရှာပေးတယ်။ တညလုံးအိပ်မပျော်ဘူး မောင်မောင့်အကြောင်းတွေး မျက်ရည်တွေကျ။ မနက်ကျတော့ ကိုယ်လက်တွေကိုက် သြော် ... စိတ်ဖိစီးမှု သေကွဲကွဲတဲ့ဝေဒနာ။ မနက်ကျတော့ ရုံးကို urgent leave နှစ်ပတ်ယူတဲ့အကြောင်း အီးမေးလ်ပို့လိုက်တယ်။ ရင်ဘတ်အောင့်နေလို့ ဆေးရုံမှာအာထရာဆောင်း သွားရိုက်တဲ့လမ်းတလျှောက် မျက်ရည်တွေကျငို။ ပြန်ရောက်တာနဲ့ လက်ကေ့အိတ်ဆွဲပြီး လေဆိပ်သွား။ လေယာဉ်ပေါ်မှာလည်း တရှုံ့ရှုံ့ငို  ပုံ့ပုံ့ပြောတဲ့အတိုင်း ဝိုင်နှစ်ခွက်သောက်တာတောင် အိပ်မပျော်ချင်ဘူး။ နယူးယောက်ကနေ ဟောင်ကောင်ကို ၁၆ နာရီ ဟောင်ကောင်ရောက်ခါနီးမှ အိပ်ပျော်သွားတယ်။ ဟောင်ကောင်မှာ သုံးနာရီထရန်စစ်၊ ဟောင်ကောင်ကနေ သုံးနာရီစီးပြီးတော့ ဗုဒ္ဓဟူးနေ့ညဉ့်သန်းခေါင်မှာ ရန်ကုန်ရောက်တယ်။ မကြီးကိုပြေးဖက်ပြီး ညီအစ်မတွေ ငိုလိုက်ကြတာ အဖေ၊ အမေတို့ရှေ့မှာမငိုနဲ့နော်။ ဖြေမဆည်နိုင်ဖြစ်နေတဲ့ အဖေနဲ့အမေ့ကို မကြီးကဖြောင်းဖျ ကျန်းမာရေးကို ဂရုစိုက်တယ်။ မောင်မောင်ဟာ စိတ်ထားကောင်းတဲ့ကလေး အသက်မွေးဝမ်းကြောင်းမှု စင်ကြယ်တယ်။ သူ့ဘဝမှာ သူတပါးထိခိုက်နစ်နာအောင် ဘာတခုမှမလုပ်ခဲ့ဘူး။ ကောင်းရာမွန်ရာရောက်နေမှာ သူအခုနတ်ပြည်ရောက်နေမယ်ဆိုရင် လူ့ဘဝထက်တောင် ပိုမကောင်းဘူးလား။ လူ့ဘဝမှာတောင် ပင်ပင်ပန်းပန်း ရှာစားရသေးတယ် နတ်ပြည်မှာရှာစားစရာမလိုဘူး။ အဖေ၊ အမေ စိတ်ထိန်းပါ သမီးတွေရှိသေးတယ် မြေးရှိသေးတယ်။ သမီးတို့အတွက် အဖေအမေက  အရေးကြီးတယ် ထပ်ပြီးမဆုံးရှုံးရပါစေနဲ့။ မကြီးပြောပြတော့ အဖေနဲ့အမေ ငိုတာနည်းနည်းလျော့တယ်။ အစကအကွေ့မှာများ အရှိန်မထိန်းနိုင်လို့ဖြစ်တာလား၊ ညဖက်အိပ်ငိုက်သွားလို့လား။ ဓာတ်ပုံတွေကြည့်လိုက်တော့ လမ်းကဖြောင့်ဖြောင့်ဖြူးဖြူးကြီး၊ ညဖက်အိပ်ငိုက်ရအောင်ကလည်း ဖြစ်တဲ့အချိန်က ည ၁၁ နာရီခွဲ။ ကားသမားတွေမပြောနဲ့ ကိုယ်တွေတောင် မအိပ်သေးတဲ့အချိန်။ ဝါးကားက လမ်းမကြီးပေါ်မှာ ရပ်ထားပြီး ရောင်ပြန်မီးလည်းမပြ တခြားလမ်းဖက်က မီးရောင်ကြောင့် ကားကိုမီးချလိုက်တဲ့အချိန်မှာ တိုက်မိတာဖြစ်မယ်တဲ့။ အရှိန်များလို့လား အရှိန်တော့မများနိုင်ဘူး နောက်မှာဆန်အိတ်ဝိတ်တွေရှိနေတယ်။ မောင်မောင်က မနက် ၈ နာရီ၊ ည ၈ နာရီ အဖေ့ဆီကို ဖုန်းဆက်တယ်။ အဲ့ဒီညက အဖေ့ဆီကို ည ၈ နာရီ၊ ယောင်းမဆီကို ည ၉  နာရီ၊ မန္တလေးဂိတ်ကလူတွေနဲ့ ည ၁၀ နာရီအထိ စနောက်နေကြသေးတယ်တဲ့။

၂၀၁၉  ဖေဖေါ်ဝါရီ ၁၀ မိသားစုဓာတ်ပုံရိုက်ဖို့မောင်မောင် ပခုက္ကူကနေ ဆင်းလာတယ်...
စတိတ်ကနေ ရန်ကုန်မပြန်တာ ၈ နှစ်ဆိုတော့ ရောက်တုန်းရောက်ခိုက် မိသားစုဓာတ်ပုံ မဖြစ်မနေ ရိုက်တယ်...
ခုတော့ မောင်မောင်နဲ့ရိုက်ခဲ့တဲ့ နောက်ဆုံးမိသားစုပုံဓာတ်ပုံ ဖြစ်သွားပြီ...

၂၀၁၉  ဖေဖေါ်ဝါရီ ၁၃ ပုဂံရောက်တော့ ပခုက္ကူကနေလာပြီး  ‌ကျွှေးချင်လို့ကို
တကူးတကလာ‌ကျွှေးတာလို့ ပြောခဲ့တဲ့ မောင်မောင်...



ဝုန်းဒိုင်းပွဲချင်းပြီး ဆုံးသွားတဲ့အတွက် ဝေဒနာမခံစားရဘူး သူ့အတွက်ကောင်းတယ်လို့တွေးမိတယ်။ ကိုယ်ဆိုလုပက်ဖြစ်တဲ့အချိန် နာကျင်ကိုက်ခဲလွန်းလို့ တခါတလေ သေတာကတောင် ကောင်းသေးတယ်လို တွေးမိတယ်။ ကိုယ့်ကိုကိုယ် သေနိုင်တယ် သေမလားလို့တွေးမိပေမဲ့ မောင်မောင့်ကို တခါမှသေမယ်လို့ မတွေးမိဘူး။ ငယ်လည်းငယ် ကျန်းလည်းမာ နေမကောင်းတခါမှ မဖြစ်တဲ့သူကိုး။ နောက်နေ့ ဖျာပုံမြို့မှာ ဟောက်ဆာဂျင်လေးတွေရဲ့ကား ဓာတ်တိုင်လုံးတွေ တင်ထားတဲ့ကားကို တိုက်မိလို့ သုံးယောက်သေတယ်ဆိုတဲ့သတင်း ဖေ့ဘွတ်မှာ ရှယ်တာတွေတွေ့တော့ မောင်မောင်နဲ့ဘဝတူတွေလို့ တွေးမိတယ်။ ဓာတ်တိုင်လုံးတင်တဲ့ကားက လမ်းမကြီးပေါ် တက်ရပ်ထားတယ်၊ ရောင်ပြန်မီးလည်းမထွန်း၊ မနက်၃နာရီ မီးမရှိတဲ့လမ်းမှာ မသေသင့်ဘဲသေရတာတွေ။ ဆရာဝန်တယောက်ဖြစ်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး ပြည်သူတွေအတွက် အရမ်းကိုနစ်နာဆုံးရှုံးတာပဲ။ ဝိုင်းပြောစကားအရဆိုရင် victims of poor country ဆင်းရဲတဲ့တိုင်းပြည်ရဲ့သားကောင်တွေ။ ဝေ၊ မြတ်မွန်နဲ့ပြောတော့ နယ်မှာဆိုရင် လိုင်စင်ဖြေစရာတောင်မလိုဘူး ပိုက်ဆံပေးရင် လိုင်စင်ရတယ်။ ဆိုင်ကယ်၊ ကား ယာဉ်စည်းကမ်းလည်း နားမလည် မောင်းချင်သလိုမောင်း။ ဦးထုပ်မဆောင်း၊ ခါးပတ်မပတ်။ သစ်လုံးကားတွေဆိုရင် သေသေချာချာ ကြိုးတွေချည်ထားရဲ့လားမသိ။ ယာဉ်တိုက်မှုဖြစ်တဲ့နေရာမှာ ဗောဓိရိပ်ငြိမ်တောရက ဆရာတော်သုံးပါး၊ ဓမ္မစကူးက ဆရာတော်နှစ်ပါးကိုပင့်ပြီး သင်္ကန်းကပ်၊ ပရိတ်ရွတ်တယ်။ အဲ့ဒီနေရာမှာပဲ  ယာဉ်တိုက်မှုဖြစ်လို့ တလအတွင်းငါးယောက် ဆုံးသွားပြီတဲ့။ ပရိတ်ရေတွေဖျန်းတော့ ဖိနပ်တဖက်တွေလို့စိတ်ထဲမှာ မောင်မောင်တို့ကားကများလား၊ မောင်မောင့်ဖိနပ်များလား။ စိတ်ထဲတမျိုးလေးခံစားရလို့ ယောင်းမကိုမေးကြည့်တော့ ဟုတ်တယ် မောင်မောင့်ဖိနပ်တဲ့။ ဆင်ကြယ်ဖိနပ်ကလေးကို မကြီးကိုပြလိုက်တော့ မျက်ရည်ဖြေမဆည်နိုင်။ လူပျိုဘဝတုန်းက ကျော့မော့နေတဲ့မောင်မောင် ဆင်ကြယ်ဖိနပ်စီးနေတာမြင်တော့ အစ်မဖြစ်သူတွေ ရင်ထဲမချိဘူး။ အသုဘချတဲ့နေ့မှာ အပြင်းထန်ဆုံးခံစားရတာမို့လို့ ဆရာဝန်ခေါ်ထားရတယ်။ ဖြိုးက ငိုချလိုက် ငိုချလိုက် စိတ်ထဲထိန်းချုပ်မထားနဲ့။ အဖေနဲ့အမေက ဆို့နင့်နေလို့ တွဲယူရတယ်။ မောင်မောင့်ကို လူချစ်လူခင်များလို့ သူ့အသုဘ စည်ကားတယ်။ ဟိုင်းကြီး၊ ဖျာပုံ၊ ရခိုင်ဖက်ကတောင် အသုဘပို့ဖို့ လာကြတယ်။ ကိုယ်တို့ညီအစ်မ အဖေအမေရှေ့မှာ မငိုရဲဘူး အိမ်သာ၊ အိပ်ယာထဲမှာ ကျိတ်ငိုရတယ်။ နယူးယောက်မှာ ရုံးစတက်တဲ့နေ့ ရုံးကလူတွေ လာမေးကြလို့ မျက်ရည်ဖြေမဆည်နိုင်။

ခုမှပဲ တယောက်တည်း လွတ်လွတ်လပ်လပ် အားရပါးရ ငိုရတော့တယ်။ အဖိုး အသက် ၈၆ နှစ် ဘာရောဂါမှမရှိဘဲ လူကြီးရောဂါနဲ့ဆုံးတော့ မျက်ရည်တောင် မကျဘူး။ အဒေါ် ကင်ဆာနဲ့ဆုံးတော့ ဆုံးမယ်ဆိုတာသိ ကုသလိုက်ရတော့ နည်းနည်းဝမ်းနည်းတယ်။ မောင်မောင်ကျတော့ ရုတ်တရက်ကြီးဖြစ် ချစ်တဲ့မောင်လေးဆိုတော့ ရင်ထဲဝမ်းနည်းပက်လက် နာကျင်ကြေကွဲ တွေးမိတိုင်းနေ့တိုင်း မျက်ရည်ကျ ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတခု ဆုံးရှုံးသွားသလို ခံစားရတယ်။ ကိုယ်တောင် ဒီလောက်ခံစားနေရရင် အဖေ၊ အမေဆို ဘယ်လောက်ခံစားရလိုက်လေမလဲ။ တချိန်လုံး ငယ်ငယ်တုန်းကနေ ခုချိန်ထိ မောင်မောင့်အကြောင်း ရုပ်ရှင်ကြည့်နေသလို ပြန်မြင်နေပြီး မျက်စိထဲကကို မထွက်ဘူး။ မျက်နှာလေး ညှိုးငယ်ငယ်၊ မျက်ရည်လေးဝဲတဲတဲ၊ ထစ်ခနဲဆိုမျက်ရည်ကျလို့ တစ်ရှူးဆောင်ထားရတယ်။ ဒီလိုသာတချိန်လုံး မျက်ရည်ကျ ငိုနေမယ်ဆိုရင် မလွယ်ပါလား အနည်းဆုံးသုံးနှစ်တဲ့။ မစားနိုင် မအိပ်နိုင် ပုံမှန်လုပ်နေကျ အလုပ်တွေလည်း မလုပ်နိုင် ရုပ်ရှင်လည်းမကြည့် သီချင်းလည်း နားမထောင် စာလည်းမဖတ်။ နာနာမနာနာ တရားတချိန်လုံး ဖွင့်ထားရတယ်။ စိတ်နဲ့လူနဲ့မကပ် တယောတီးသင်တန်းရှိလို့ shoulder rest ၊ တယောစာအုပ်သယ်ပေမဲ့ တယောသယ်ဖို့လုံးလုံးမေ့။ ဒီလိုအချိန်မှာ တယောက်တည်းနေဖို့ မသင့်ဘူး။ တတ်နိုင်သမျှ သူငယ်ချင်းတွေနဲ့ တွေ့ဆုံဖို့ လုပ်ရတယ်။ ကျန်းမာရေးကို ဂရုစိုက်ရတယ် တယောက်တည်း မကျန်းမာရင် မလွယ်ဘူး။ စားမဝင်ပေမဲ့ ကုန်အောင် ဖြစ်ညှစ်ပြီးစားတယ်။ ဘုရားလက်ထက်တုန်းက ပဋ္ဌာစာရီ လင်သေ၊ သားသေ၊ မိဘမောင်ဘွားသေလို့ ရူးသွားတယ်ဆိုတာဟုတ်မှာ။ သေဆုံးသွားတဲ့သူတွေအကြောင်း ပြောလိုက်တိုင်း မျက်ရည်ဝဲတဲတဲ ဖြစ်တဲ့သူတွေကို ကိုယ်ချင်းစာတတ်ပြီ။ မောင်မောင် မရှိတော့ဘူးဆိုတဲ့ အတွေးနဲ့တင် အတော်ဝမ်းနည်းနာကျင်မိတယ်။ အငယ်ဆုံးဖြစ်တဲ့ မောင်မောင်ကတော့ ရှေ့ကသွားနှင့်ပြီ ကိုယ်တွေလည်း ဒီလမ်းကို တနေ့နောက်ကလိုက်ရမှာ။ မောင်မောင်က တရားပြသွားတယ် သေခြင်းတရားဆိုတာ အနီးကလေး။ ဘယ်အချိန် ဘယ်နေရာ ဘယ်လိုနေရာမှာ ဘယ်လိုကြုံတွေ့ရမလဲ။ တယောက်တည်း သွားရမဲ့ခရီးအတွက် အဆင်သင့်ဖြစ်ပြီလား။ မောင်မောင့်အတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေ များများလုပ်ဖြစ်တယ်။ အစ်မတို့ပြုလုပ်သမျှ ဒါန၊သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှု အစုစုတို့ကို မောင်မောင့်အား ကုသိုလ် အမျှ အမျှ အမျှ ပေးဝေပါတယ်....ရောက်ရာဘုံဘဝကနေ သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ပါစေ...ကောင်းရာသုဂတိရောက်ပါစေ...။

စန်းထွန်း
ဇွန် ၂၉ ၊ ၂၀၁၉ ။

၂၀၀၁ 
၂၀၁၃ 
၂၀၀၆
၂၀၀၇
၂၀၀၉  စက်တင်ဘာ စင်္ကာပူအမျိုးသားတက္ကသိုလ်မှာ ကိုယ်ဘွဲ့ယူတုန်းက
၂၀၀၉  စက်တင်ဘာ ဘတ်စ်ကားပေါ်မှာ
၂၀၀၉  စက်တင်ဘာ NUS မှာ ကိုယ်ဘွဲ့ယူတုန်းက
၂၀၀၉  စက်တင်ဘာ မလေးရှားနိုင်ငံ ကွမ်လာလမ်ပူ ပတ်ထရော့နတ်တာဝါ
၂၀၁၀ ဒီဇင်ဘာ စတိတ်မသွားခင် ရန်ကုန်ကိုပြန်လာ နှုတ်ဆက်တုန်းက
ချစ်ရတဲ့ မောင်မောင်
တူတော်မောင် ၄ နှစ် PreKG တက်နေပြီ
မောင်မောင့်ကား တခြားတဖက်ကထိုးတဲ့ မီးအလင်းရောင်ကြောင့် မီးချလိုက်တုန်း
လမ်းမကြီးပေါ်မှာ ရပ်ထားတဲ့ ရောင်ပြန်မီးမပြတဲ့ ဝါးကားကို ဝင်တိုက်တာ
ပဲခူးအနီး ဘုရားကြီးကုန်းမြိ ု့ မယင်းရွာ ငါးကန်ရှေ့
၂၀၁၉  ဇွန် ၃ တနင်္လာနေ့ ည ၁၁ နာရီခွဲ
မောင်မောင့်ဆင်ကြယ်ဖိနပ်လေးမြင်တော့ ရင်ထဲမချိ မျက်ရည်ဖြေမဆည်နိုင်
ယာဉ်တိုက်မှုဖြစ်တဲ့နေရာမှာ သင်္ကန်းကပ်၊ ပရိတ်ရွတ်
မြောက်ဦးဆရာတော် တရားစခန်းမှာ ပြ ုလုပ်သမျှ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှု အစုစုတို့ကို
မောင်မောင့်အား ကုသိုလ်အမျှ အမျှ အမျှ ပေးဝေးပါတယ်...ရောက်ရာဘုံဘဝကနေ မြင်ကြားသိ သာဓု သာဓု သာဓု
ခေါ်ဆိုနိုင်ပါစေ...စိတ်ထားကောင်းပြီး လူတိုင်းချစ်တဲ့ မောင်မောင် ကောင်းရာသုဂတိ ရောက်ပါစေ...

ရန်ကုန်သွား တောလား - ၄

၂၀၁၉  ဖေဖေါ်ဝါရီ ၁၁ တနင်္လာနေ့ နေ့လည်ဖက် ဗိုလ်ချုပ်ဈေးသွားတယ်။ အိမ်နားကနေ ဗိုလ်ချုပ်ဈေးရောက်တဲ့ ဘတ်စ်ကားရှိတယ် ဘယ်စီးစီး ၂၀၀ကျပ်။ ဆင်မလိုက်အဝေးပြေးရောက်ရင် အရိုးအထူးကုဆေးရုံးနားကနေ ကြည့်မြင့်တိုင်အပေါ်လမ်းဖက်ကို တက်သွားပြီး မီးရထားလမ်းနဲ့ကပ်လျက် လမ်းကနေ မြို့ထဲကိုသွားတာ။ ဗိုလ်ချုပ်ဈေးက အရင်အတိုင်းပဲ ဘာမှမပြောင်းလဲဘူး။ Diamon Ruby ရတနာဆိုင်က ပုသိမ်ထ၂  မကြီးဆယ်တန်းအတန်းပိုင် ဆရာမဒေါ်ကြင်မြတူမဆိုင်။ ၂၀၀၀ လောက်ကတည်းက အားပေးလာတဲ့ဆိုင်။ ရင်ထိုးဝယ်နေတဲ့ ကောင်မလေးကို တချက်လှမ်းကြည့်တော့ ယွန်းဝတီလွင်မိုး။ မကြီးကိုပြောလိုက်တော့ သူက သေသေချာချာကြည့်တယ် ပြီးတော့မှတ်မိသွားတယ်။ ကိုယ်လား ... အဲ့ဒီလိုမျိုးဆိုရင် သိပ်မှတ်မိတယ် စာဆိုရင်မမှတ်မိဘူး။ ယွန်းဝတီလွင်မိုးလေးက ချောလိုက်တာ ... ကိုယ်လား ထိုင်ငေးကြည့်နေတော့တာပဲ။ ဆိုင်မှာ မလိုချင်တဲ့ပစ္စည်းတွေရောင်းတော့ ဘောက်ချာမရှိဘူး။ ဘောက်ချာတွေကို မီးခံသေတ္တာထဲမှာ မသိမ်းထားမိဘူး။ ဟိုင်းကြီးအိမ်မှာ သိမ်းထားတာ နာဂစ်မုန်တိုင်းနဲ့ ပါသွားလေသလားမသိ။ ဆိုင်ရှင်အစ်မက သူ့အိမ်မှာသိမ်းထားတဲ့ ဘောက်ချာတွေထဲကနေ ရှာပေးတယ်။ ၂၀၀၄ ခုနှစ် ဘောက်ချာတွေထဲမှာ တွေ့တယ်တဲ့။ မကြီးက တလုံးစိန်နားကပ် လိုချင်နေတဲ့ ကိုယ့်ကိုကြည့်လေတဲ့။ ကိုယ်က တစ်ဖနီစိန်နားကပ် လိုချင်နေတာ။ သေးတဲ့နားကပ်ကျတော့ အတော့်ကိုသေး ကြီးတဲ့နားကပ်ကျတော့ အတော့်ကိုပြူး ကြိုက်တဲ့နားကပ်ကျတော့ အတော့်ကိုဈေးကြီး မဝယ်နိုင်။ လိုချင်တဲ့ဆိုဒ်ကို အော်ဒါမှာလို့ရတယ်ဆိုပြီး ပြပေးတယ်။ ဆိုင်ရှင်ညီမလေးက ဆရာမဒေါ်ကျင်မြနေတဲ့ ဆန်ဖရန်စစ္စကိုရောက်ဖူးတယ်။ မေစီမှာ သွားကြည့်ဖူးတယ် ရွှေညံ့တယ် ဈေးကြီးတယ် ဒီမှာဝယ်တာ ပိုတန်တယ်။ မကြီးက ဟုတ်တယ် ဒီမှာဝယ်မှာဝယ်လို့ တိုက်တွန်းတာနဲ့ ဝယ်ဖို့ဆုံးဖြတ်လိုက်တယ်။ ကိုယ်လိုချင်တဲ့ဆိုဒ်ကို အဖြ ူရောင်ဂရိတ်ရွေးဖို့အတွက် ဂရိတ်အလိုက်ပြပေးတယ်။ ဂရိတ် G ၊ H ၊ I  ထဲမှာ I က အဖြူဆုံးအသန့်ဆုံး ဈေးအကြီးဆုံး ဂရိတ်အလိုက် ကျသင့်ငွေကို တွက်ချက်ပေးတယ်။ မှန်းထားတာထက် နှစ်ဆဖြစ်သွားတယ် ၁၉  ရက်နေ့ ညသန်းခေါင်ပြန်မှာမို့လို့ ၁၈ ရက်နေ့ ညနေရအောင် တပတ်တည်းနဲ့ လုပ်ပေးတယ်။

စင်္ကာပူကနေပြန်လာပြီး ရန်ကုန်မှာ အလုပ်လုပ်နေတဲ့ မကြီးသူငယ်ချင်းပြုံးမြတ်နဲ့ ဆုံကြတယ်။ ACCA တက်ကတည်းက ခင်လာကြတာဆိုတော့ ဆယ့်ငါးနှစ်ကျော်ပြီ။ ကိုယ်စားချင်တာက ကြာဇံဟင်းခါး၊ ရှောက်သီးသုပ်၊ ငါးဖယ်သုပ်။ ဝမ်းသွားမှာကြောက်လို့ မုန်းဗိုင်းတောင့်၊ မုန့်စိမ်းပေါင်း မြန်မာမုန့်ပဲ စားလိုက်တော့တယ် စားလို့ကောင်းတယ်။ ပြုံးမြတ်က ဂုံးကျော်တံတားအောက်မှာ ရောင်းနေတဲ့ ဗာဒံစေ့ခြောက်တွေ ဝယ်တယ်။ ရေစိမ်ပြီးစားရတယ် စားလို့ကောင်းတယ် စိမ့်တယ် ဗီတာမင်တွေ အများကြီးပါတယ် ကျန်းမာရေးအတွက် ကောင်းတယ်လို့ ဈေးရောင်းသူက ကြော်ငြာဝင်တယ်။ ဂျမ်းရှင်းစင်တာ ကြိတ်ကြိတ်တိုး အိမ်သာကသန့်တယ် တန်းစီရတာအကြာကြီး။ ယိုးဒယားဆိုင်မှာ စားကြတယ် Holy Trinity Anglican ဘုရားရှိခိုးကျောင်း၊ ဗိုလ်ချုပ်ဈေးကို အပေါ်စီးကနေ မြင်ရတယ်။ ရေခဲသုတ်က ချိုလွန်းလို့ ရေခဲအမှုန့်တောင်းတာကို နားမလည်ဘူး မရဘူးပဲပြောနေတယ်။ ရေခဲသုတ်ကို ဘယ်လိုလုပ်လဲ စက်ထဲကနေထွက်လာတာ ရေခဲအတုံးအကြီးကို အမှုန့်လုပ်တဲ့ဟာ ရှိတယ်မလား။ ရှိတယ် အဲ့ဒီရေခဲအမှုန့်ကို လိုချင်တာ အိုကေ ရမယ်။ ဟမ်မလေး ... အာပေါက်အောင် ပြောရတယ် မသိလို့မဟုတ်ဘူး မလုပ်ပေးချင်တာတဲ့။ Mindset အတွေးအမြင်တွေ ပြောင်းဖို့လိုသေးတယ်။ အားကစားရုံမှာကစား အရွက်စိမ်းရည် ဗူးကြီးတဗူးဆောင်ပြီး တနေကုန်သောက် ဆီနည်းတဲ့အစားအသောက်စားတဲ့ ပြုံးမြတ်အသားအရည်က စိုစိုပြေပြေ ညိုပြာညက်လေး။ ပြုံးမြတ်က အဆိုတော်ဝစ်တနီဟူစတန်နဲ့ တူတယ်။ အပြန်ကျတော့ ဗဟိုလမ်းကနေပြန်တဲ့ ဘတ်စ်ကားစီးကြတယ်။ လမ်းမှာတချို့နေရာတွေကို မမှတ်မိ ဒီတော့ ရမ်းတုတ်ပြီး ခန့်မှန်းကြ။ ဖေဖေါ်ဝါရီ ၁၂ ပြည်ထောင်စုနေ့ နေ့လည် ၁၂ နာရီ IDCS ကသူငယ်ချင်းတွေ မိဘမဲ့ဂေဟာမှာ သွားလှုဖို့အတွက် တောင်ဥက္ကလာပ ဂန္ဓမာ whole sale မှာ ဆုံကြမယ်။ ကိုယ့်အိမ်ကနေ ဂန္ဓမာဟိုးဆေးကို တက္ကစီငှားသွားရင် ၄၅ မိနစ်လောက်ပဲ။ အိမွန်နဲ့စကားပြောချင်လို့ ပန်းဆိုးတန်းကသူ့အိမ်ကို မနက် ၁၁ နာရီ အရောက်သွားပြီး သူ့ကားကပ်စီးတယ်။ ကားပါကင်ပြသနာအကြောင်း မေးကြည့်တော့ ရှိတာပေါ့ ဖိုက်တာအိမွန် အမတ်ကိုတိုင်ထားလို့ မလုပ်ရဲတာတဲ့။ မှတ်ပုံတင်ပျောက်သွားလို့ လဝကရုံးမှာလျှောက်တာ ပိုက်ဆံတောင်းချင်လို့ ဟိုဖက်ရုံးကိုလွှတ် ဟိုဖက်ရုံးက ဒီဖက်ရုံးကိုလွှတ်။ တပြားမှမပေးဘူးဆိုပြီး လွှတ်တော်အမတ်ဆီကို ဖေ့ဘွတ်ကနေ တိုင်တော့မှ ချက်ချင်းရတယ်တဲ့။

ဂျမ်းရှင်းစင်တာကနေ မြင်ရတဲ့ Holy Trinity Anglican Church
တောင်ဥက္ကလာ ဂန္ဓမာဟိုးဆေး စည်တော်ကြီးဆိုင်မှာ ဆုံကြတယ်
ဂန္ဓမာဟိုးဆေးမှာ ဆန်၊ဆီ၊မုန့်၊ အအေးဗူးတွေဝယ်

အင်း... ကောင်းတယ် တပြားမှမပေးနဲ့ အဲ့လိုလုပ်မှ စနစ်ဟောင်းကနေပြောင်းမှာ ဖိုက်သာဖိုက်။ ဟမ်မလေး ... ဖွားစန်း ဖိုက်တာကို မြှောက်ပေးနေတယ်။ သဲသဲပြောတဲ့ စည်တော်ကြီးဆိုင်မှာ မနက်စာစားကြတယ်။ ဆိုင်ဖွင့်ပွဲမို့လို့ ဒင်ဆမ်းနဲ့ ဟင်းထုပ်က အလကားတဲ့။ ရှေ့ကထိုင်ခုံမှာ ကိုကိုလင်းမောင်လို့ပြလို့ ကြည့်လိုက်တော့ နေကာမျက်မှန်နဲ့မမြင်မစမ်း ဝါးတားတား။ နေကာမျက်မှန်ချွှတ် စာကြည့်မျက်မှန်တပ်လိုက်တော့မှ မြင်တယ်။ အဲမွန်ရောက်လာပြီး ကားပါကင်ထိုးတာ အလုပ်သမားလေးတွေ ပြပေးတာ အဆင်မပြေလို့ ဆိုင်ပိုင်ရှင်သွားကူရတယ်။ အဲမွန်ကားက SUV ခပ်ကြီးကြီး ခပ်မြင့်မြင့်။ IDCS တက်တုန်းက ပိုနီတေးဆံပင် ခပ်မြင့်မြင့်စည်း ဘောင်းဘီရှည်အမြဲဝတ်ပြီး ယောကျာ်းလေးစတိုင်နဲ့ တွေ့ရတတ်တဲ့ အဲမွန်က လေဒီဆန်တဲ့ရှေ့နေ ဖြစ်နေပြီ။ ဝါဝင်းတဲ့အသားအရေနဲ့ ချောမောတဲ့ ယဉ်ယဉ်လည်း ကားမောင်းပြီး ရောက်လာတယ်။ ယဉ်ယဉ်က ကွန်ပျူတာဘာသာ ဆရာမ။ မော်ဒယ်လေးလို  ပိန်သွယ်တဲ့ ဟေမာန်လည်း မရှေးမနှောင်း ကားမောင်းပြီး ရောက်လာတယ်။ ဟေမာန်က လန်ဒန်မှာ ကျောင်းတက်ပြီး ရတနာဆိုင်ကို ဦးစီးနေတယ်။ ဟေမာန်နဲ့ ယဉ်ယဉ်က IDCS မှာ အတူတူထိုင်၊ ပရောဂျက်လည်းအတူတူ၊ တက္ကသိုလ်မှာ အီးမေဂျာတက်တော့လည်း အတူတူ။ ခုထိခင်မင်ကြတုန်း ခင်လာတာ အနှစ်နှစ်ဆယ်ရှိပြီ။ IDCS တက်တုန်းက ကလေးလေးတွေ ခုတော့ ရင့်ကျက်တည်ငြိမ်ပြီး ကိုယ့်ခြေထောက်ပေါ် ရပ်တည်နေကြပြီ။ ချောမောထက်မြက်တဲ့ ညီမငယ်လေးတွေ ရည်းစားမရှိကြဘူးဆိုတော့ မအံ့သြတော့ဘူး။ ထက်မြက်ပြီး ကိုယ့်အားကိုယ်ကိုး ရပ်တည်နိုင်တဲ့ မိန်းကလေးအများစု စင်ကယ်ဖြစ်နေတဲ့ခေတ်ကိုး။ နောက်ဆုံးမှ သမီးလေးနဲ့ ကားမောင်းပြီး ရောက်လာသူက မစု။ မစုမှာ သားတယောက်၊ သမီးတယောက်၊ သားသမီးတွေကို ဂရုတစိုက်စောင့်ရှောက် ဆုံးမသွန်သင်တတ်တဲ့ အိမ်ရှင်မကောင်း။ ဖေ့ဘွတ်မှာ မစုရေးတဲ့စာလေးတွေ ဖတ်လို့ကောင်းတယ်။ ချစ်သူမရှိရင် ချစ်သူမရှိသေးဘူးလား၊ ချစ်သူရှိရင် မယူသေးဘူးလား၊ ယူပြီးရင် ကလေးမယူသေးဘူးလား၊ ကလေးတယောက်ရှိရင် နောက်တယောက်ထပ်မမွေးသေးဘူးလား မေးကြတဲ့သူတွေ မစုကို မေးစရာမလိုတော့ဘူး။ မစု အပြောကိုမခံဘူးနော်လို့ စကြတယ် ဟုတ်တယ်လေ မစုက ယောကျာ်းလည်းယူပြီးပြီ ကလေးနှစ်ယောက်လည်း မွေးပြီးပြီ မေးစရာမလိုတော့ဘူး အပြောကိုမခံတော့ဘူး။ အဲမွန်၊ မစု၊ ယဉ်ယဉ်၊ ဟေမာန်တို့နဲ့ မတွေ့တာ ၁၈ နှစ်ရှိပြီ။ တွေ့တော့လည်း စိတ်ထဲရင်းရင်းနှီးနှီး IDCS တက်တုန်းကလို ခံစားရတုန်း။

စည်တော်ကြီးမှာ ပိုက်ဆံရှင်းတော့ ပိုက်ဆံမယူဘူး ဆိုင်ဖွင့်ပွဲမို့လို့ အလကား‌ကျွှေးတယ်တဲ့။ ဟေ... အဲ့ဒါဆို ထပ်စားလိုက်ရအောင် အဲ့ဒီလို မျက်ခွက်သိပ်ပြောင်ပါတယ်ဆို။ မစုရဲ့ ရေးပေးပါစာအုပ်ထဲမှာ ကိုယ့်အကြိုက်ဆုံးစာအုပ်တွေက လေရူးသုန်သုန်၊ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်၊ လင်္ကာဒီပချစ်သူတဲ့။ မစုက ခုမှအဲ့ဒီစာအုပ်တွေ ဖတ်ဖူးတာ ဖွားစန်းက အနှစ်နှစ်ဆယ်လောက်စောပြီး ဖတ်ပြီးနေပြီ။ ၁၉၉၉  ဆရာဦးမြကြိုင်အင်္ဂလိပ်စာသင်တန်းက သူငယ်ချင်းတွေက စာဖတ်ဝါသနာပါတယ် စာအုပ်တွေလဲဖတ်ကြတယ်။ လှည်းတန်းစာပေလောကစာအုပ်ဆိုင် အမြဲသွား စာအုပ်ဈေးပွဲတော်မှာ စာအုပ်တွေ အများကြီးဝယ်တဲ့ စာဂျပိုးတွေ။ သူတို့နဲ့ပေါင်းလို့ စာတွေအများကြီး ဖတ်ဖြစ်တာ။ IDCS က သူငယ်ချင်းတွေစုပြီး လှုရအောင်လို့ တိုင်ပင်ကြတော့ အဲမွန်လှုဖူးတဲ့ မြောက်ဥက္ကလာပက ရီမာပရဟိတကျောင်းကို ရွေးလိုက်ကြတယ်။ ရီမာပရဟိတကျောင်းက ဘာသာပေါင်းစုံ မိဘမဲ့ကလေးတွေကို စောင့်ရှောက်ပေးတယ်။ သူငယ်တန်းကနေ တက္ကသိုလ်တက်နေတဲ့သူတွေ ရှိတယ်။ ကိုယ်ပိုင်ပိုက်ဆံနဲ့ရပ်တည်နေပြီး အစိုးရဆီကအထောက်အပံ့ မရပါဘူး။ ဖေ့ဘွတ်မှာတင်လို့ လူသိလာပြီး ခုအလှုရှင်တွေ ပိုများလာတယ်။ ဆီ ၅ အိတ်၊ ဆီ ၂ ပုံး၊ ပိုက်ဆံ ၁ သိန်း၊ အိမွန်က ကလေးအရုပ်တအိတ်၊ မုန့်၊ အချိုရည် တနပ်စာလှုဖြစ်ပါတယ်။ ယုံကြည်ရာသီချင်းကို အားလုံအတူတူဆိုတဲ့အခါ ဝမ်းသာကြည်နူးစိတ်ကြောင့် မျက်ရည်ဝဲမိတယ်။ ကလေးတွေအိပ်တဲ့နေရာကို လိုက်ပြတော့ ငယ်တဲ့ကလေးတွေက တကုတင်မှာ နှစ်ယောက်အိပ်ရတယ်တဲ့။ ပိုက်ဆံများရှိလို့ကတော့ ဒီလိုတကယ်လိုအပ်တဲ့ နေရာတွေမှာ လှုချင်တယ်။ ကိုယ်တို့ပြန်တော့ နောက်ထပ်အလှုရှင်တဖွဲ့ လာတယ် အလှုရှင်တွေ များများလာပါစေ။ သုံးပန်းလှဆိုင်မှာ ထပ်စားကြတယ် ကိုယ်က လက်ဖက်ရည်သောက်တယ်။ ဟမ်မလေး ... လက်ဖက်ရည်ခွက်က သေးသေးလေး တငုံစာပဲရှိတယ်။ လက်ဖက်ရည်နှစ်ခွက် ပလာတာ၂ ချပ်လို့မှာတော့ စားပွဲထိုးက ပြုံးစိစိနဲ့ မခိုင်ပြောပြတုန်းက ကိုယ်လည်း ပြုံးစိစိ။ ဟုတ်ပါ့ လက်ဖက်ရည်က တငုံစာ ပလာတာက လက်ဖဝါးတခြမ်းစာ နှစ်ခွက်၊ နှစ်ချပ်စားမှဝမယ်။ အပြန် မြေနီကုန်း ဂါးဒင်းစားသောက်ဆိုင်မှာ ချပေးခဲ့တယ်။ ညနေ ၆ နာရီ NUS က သူငယ်ချင်းတွေနဲ့ဆုံဖို့ ချိန်းထားတာ ကိုယ်က ညနေ ၅ နာရီလောက်ကတည်းက စောရောက်နေတယ်။ ခြင်ကိုက်တယ် စာဖတ်၊ မျက်စိညောင်းရင် အိပ်ပြီးစောင့်။ ဘယ်သူငယ်ချင်းတွေနဲ့ ဆုံသလဲဆိုတာကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
ဇွန် ၂၊ ၂၀၁၉ ။

IDCS Section 13 သူငယ်ချင်းများ စုပေါင်းအလှု
မြောက်ဥက္ကလာ ရီမာပရဟိတကျောင်း
ယုံကြည်ရာသီချင်းကို လက်ခုပ်တီးပြီး သံပြိုင်သီဆိုကြတော့ ဝမ်းသာကြည်နူးစိတ်ကြောင့် မျက်ရည်ဝဲမိတယ်