Showing posts with label #Daydream. Show all posts
Showing posts with label #Daydream. Show all posts

12 June 2024

၂၀၂၄ ရေခြားမြေခြား ခရီးသွား - ၁၃

၂၀၂၄ မေ ၂ တနင်္ဂနွေနေ့ အဖေ့အတွက် ချည်သားအင်္ကီျတွေဝယ်ဖို့ စျေးဝယ်ထွက်ကြတယ်။ ၃၄ လမ်း Uniqlo ဆိုင်သွားတာ ဆိုင်ကပိတ်ထားတယ်။ မေစီစတိုးဆိုင်ဝင် ငါးထပ်မှာရှာတာ တလွှာလုံးပတ်ပြီးတော စျေးအသက်သာဆုံးဟာ ရှာဝယ်တယ်။ Fitting room ထဲက အန်တီကြီးက L ဆိုဒ်နဲ့မှ တော်မယ်လို့ပြောလို့ ဝတ်ကြည့်လိုက်တော့ အမှန်ပဲ L ဆိုဒ်နဲ့တော်တယ်။ L ဆိုဒ်သွားပြန်ရှာ အထဲဝင်မဝတ်တော့ဘူး အပေါ်ကနေဝတ်ကြည့်တာနဲ့ တော်နေလို့ယူခဲ့တယ်။ ကောင်တာမှာ နင့်ကိုဘယ်သူကူညီပေးလဲလို့မေးတော့ အန်တီကြီးကူညီပေးတယ်။ အဲ့ဒါဆို အန်တီကြီးကိုသွားရှာတဲ့ ဝန်ထမ်းတွေမေးကြည့်တော့လဲ မတွေ့ဘူး။ နောက်ဆုံးသူ့ဘော်ဒါ လူမည်းမလေးက ဖုန်းဆက်ခေါ်တော့မှ အိမ်သာထဲရောက်နေလို့ လာမယ်တဲ့။ အန်တီကြီးက ကောင်တာမှာ ငွေရှင်းတာလုပ်တယ်။ အဲ့လိုလုပ်မှ သူကော်မရှင်ရမှာတဲ့။ ၄၂ လမ်းက MUJI ဆိုင်ကိုလိုက်ပြတော့ ကြိုက်ကြတယ်။ စျေးချရင် ဒါမျိုးလေးဝယ်ပေးတဲ့။ ၃၆ လမ်းကိုဖြတ်တော့ နယူးယောက်က ကိုယ့်ပထမဆုံးရုံးကို ပြလိုက်သေးတယ်။ ၂၀၁၃ ဖုန်းအင်တာဗျူး အောင်ပြီးတော့ နယူးယောက်ကို လူတွေ့အင်တာဗျူး လာဗျူးပါဆိုလို့ ဒီစီကနေ နေ့ချင်းပြန် ဘတ်စ်ကားစီးပြီးသွား။ နှစ်ပတ်အကြာ အလုပ်အော်ဖာရ နောက်နှစ်ပတ်အကြာ နယူးယောက်ကို ပြောင်းလာခဲ့တာ ဆယ်နှစ်ရှိပြီ။ ဆယ်နှစ်ဆိုတာ ခဏလေးလိုပါလား။ ဇူလှိုင်ဆို ဝိုင်း အီဂျစ်ကို ပြောင်းသွားတာ တစ်နှစ်ပြည့်ပြီ အချိန်ကုန်တာ မြန်လိုက်တာ။ မေ ၃ မှာ မောင်မောင်ဆုံးတာ ၅ နှစ်ပြည့်ပြီ။ သတိရတိုင်း နာကျင်ဝမ်းနည်းရတုန်း။ နယူးယောက်စာကြည့်တိုက်ပန်းခြံမှာ အနားယူအပန်းဖြေ။ ၅၂ လမ်းက Uniqlo ဆိုင်အသွား လမ်း ၅၀ ရောက်တော့ လမ်းပိတ်ထားတယ်။ Fifth Ave ကနေ Sixth Ave အထိလျှောက် ၅၂ လမ်းဆီသွားတော့ လမ်းပိတ်ထားပြန်တယ်။ ရဲကိုမေးကြည့်တော့ ဘူတာလဲပိတ်ထားတယ်တဲ့။ နောက်ဆုံးတော့ အိမ်ပဲပြန်လိုက်တော့တယ်။ အွန်လိုင်းကနေ ၆ ထည်ဝယ်လိုက်တာ ၃ ထည်ကြိုက်ပြီး ၃ ထည်ပြန်ပေးတယ်။ အမေကတော့ ချည်သားလေးတွေ ကောင်းလိုက်တာ၊ တန်လိုက်တာနဲ့ appreciate လုပ်တယ်။ appreciation, gratitude and acceptance ဆိုတာတွေ Anabelle Yee၊ မချောသုခိတာ၊ Ken Honda၊ တခြား spiritual & energy သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေဆီကနေ ၂၀၂၀ လောက်မှ သိလာတာ။ လိုက်နာကျင့်သုံးဖို့ ကြိုးစားနေတုန်း။ အမေကတော့ အဲ့ဒါတွေ မွေးရာပါ ပါလာပြီး အမြဲကျင့်သုံးတယ် အတုယူစရာပဲ။

စန်းထွန်း

မေ ၁၂၊ ၂၀၂၄။

34th St Herald Square
34th St Empire State Building
42nd St New York Public Library
flowers at Rockefeller Center, 50th St
50th St St. Paul Church

13 May 2015

#Daydream : Gondola ride at Central Park !



ဟိုရိုက်ဒီရိုက် ဓာတ်ပုံတွေထဲကမှ အကြိုက်ဆုံးဓာတ်ပုံတွေကို #Daydream ဆိုပြီး ဖေ့ဘွတ်မှာ တင်နေတာ လေးငါးပုံလောက်ရှိနေပြီ။ Yahoo Travel အစီအစဉ်တွေမှာ ပေါ်လာတင်ဆက်တဲ့ A Broad Abroad အစီအစဉ်ကို အကြိုက်ဆုံး။ ပေါ်လာက မြန်မာပြည်က ကျောက်စိမ်း၊ သစ်ထုတ်လုပ်ငန်းကဆင်တွေ အငြိမ်းစားပေးတဲ့နေရာ၊ မိဘမဲ့၊ စစ်ဖြစ်နေတဲ့ဒေသက မိန်းကလေး ၂၀၀ ကျော်ကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ သီလရှင်ဆရာလေး၊ အင်းလေးကန်အကြောင်းကို တင်ဆက်ဖူးတယ်။ Yahoo Travel မှာ နေ့တိုင်းညနေ ၃ နာရီဆိုရင် #Daydream ဆိုပြီး ဓာတ်ပုံလေးတွေတင်တာ သဘောကျလို့ ကိုယ့်ဘာသာ #Daydream လုပ်လိုက်ပါတယ်။ စင်ထရယ်ပါ့ခ်ကို အကြိမ်တော်တော်များများ ရောက်ဖူးလို့ All About NYC ပို့စ်တွေထဲမှာတောင် တင်ဖူးပါတယ်။ ပိတ်ရက်တွေမှာ meet up အဖွဲ့တွေရဲ့ လမ်းလျှောက်အစီအစဉ်တွေက စိတ်ဝင်စားစရာမကောင်းရင် ဝိုင်းနဲ့ကိုယ်က စင်ထရယ်ပါ့ခ်မှာ လမ်းသွားလျှောက်ကြတယ်။ ဒါတောင် စင်ထရယ်ပါ့ခ်ကို မနှံ့သေးဘူး။ စင်ထရယ်ပါ့ခ်က ဧက ၈၀၀ နီးပါးရှိပြီး သဘာဝမဟုတ်တဲ့ လူတွေပြုလုပ်ထားတဲ့ ပန်းခြံကြီးပါ။ ၁၈၅၈မှာ နာမည်ကြီးလာတော့မဲ့ လန်းစကေ့စ်အာခီတက် ဖရက်ဒရစ်လောရဲ့ ဆုရတဲ့ဒီဇိုင်းနဲ့ ဆောက်ထားတာပါ။ အမေရိကန်မှာ လူတွေလာရောက်လည်ပတ်လွန်းကြတဲ့ ပန်းခြံတွေထဲက တစ်ခုပေါ့။ ပန်းခြံထဲက ရုပ်ထုတွေ၊ ထင်ရှားတဲ့သမိုင်းကြောင်းတွေ ရှင်းပြတဲ့ ဖရီးတိုးတွေ ရှိပါတယ်။

သစ်ပင်ပန်းမာန်တွေ စိတ်ဝင်စားတဲ့သူဆိုရင် ရုက္ခဗေဒတိုးတွေလည်း ရှိပါတယ်။ အုပ်စုလိုက် ပန်းချီဆွဲကြတာလည်း ရှိတယ်။ တချို့က ပစ်ကနစ်ထွက်၊ တချို့က စာဖတ်၊ တချို့က ဘောလုံးကန်၊ တချို့က စက်ဘီးစီး၊ တချို့က အပြေးလေ့ကျင့်၊ တချို့က မြင်းလှည်းစီး၊ တချို့က လမ်းလျှောက်။ စင်ထရယ်ပါ့ခ်ဟာ အမြဲလိုလို စည်ကားနေတာပါပဲ။ အရင်တပတ်စနေနေ့က မေရီလန်းအိမ်ရှင်တူမဇာရာ နယူးယောက်ကို လာလည်လို့ ကိုယ်က တိုင်းစကွဲယား၊ ဂရန်းစင်ထရယ်၊ ရော်ခါဖယ်လာစင်တာ၊ စင်ထရယ်ပါ့ခ်ကို လိုက်ပို့ဖြစ်တယ်။ အဲဒီရေကန်လေးကိုရောက်တိုင်း ဓာတ်ပုံရိုက်ဖြစ်ပေမဲ့ ဂွန်ထိုလာနဲ့ တိုင်ဝါညီနောင် တွဲနေတဲ့ပုံတော့ မရှိဘူး။ ဒီဓာတ်ပုံလေးကို အိုင်ပတ်နဲ့ ရိုက်ခဲ့တာပါ။ တိမ်ထူတဲ့နေ့မို့လို့ မှောင်နေတာကို Fotor သုံးပြီး လင်းလိုက်တော့ ဒီလိုမျိုးလေး ရလာတယ်။ အဲဒါကိုပဲ သဘောကျနေတာ။ မြင်ရတဲ့ အဆောက်အဦးက ၂၇ထပ် Luxury တိုက်ခန်းတွေရှိတဲ့ The Sam Remo buildings, 145 Central Park West ပါ။ Ghost ရုပ်ရှင်ကားထဲက မင်းသမီး ဒယ်မီမိုးက အဲဒီ Penth House က တိုက်ခန်းကို ရောင်းမလို့တဲ့ ၇၅ သန်း ဈေးခေါ်ထားပါတယ်။ အီတလီနိုင်ငံ ဗန်းနစ်မြို့က လှေတွေကို ဂွန်ထိုလာလို့ ခေါ်ပါသတဲ့။ လွန်ခဲ့တဲ့အနှစ်သုံးဆယ်လောက်က အီတလီကနေရောက်လာတဲ့ လူတစ်ယောက်က ဒီရေကန်မှာ လှေလှော်လို့ရလားမေးပြီး ဂွန်ထိုလာ လှော်ခေတ်နေတာ ခုထက်တိုင်ပါပဲတဲ့။ ဦးကော့ကော့လေးနဲ့ဂွန်ထိုလာက မန္တလေးဖက်က ငှက်လို့ခေါ်ကြတဲ့လှေတွေနဲ့တောင် ခပ်ဆင်ဆင်လိုပဲ။ ဂွန်ထိုလာလှော်တဲ့သူက ဦးထုပ်နဲ့ ဝတ်စုံအပြည့်။ ကိုယ်သဘောကျတဲ့ ဓာတ်ပုံတွေကို #Daydream စီးရီးတွေအနေနဲ့ တင်သွားပါဦးမယ်။

စန်းထွန်း
မေ ၁၃၊ ၂၀၁၅။