အလာစကာသွား ‌တောလား - ၁၅

ဂျူလှိုင် ၁၆ တနင်္လာနေ့ အလာစကာခရီးစဉ် နောက်ဆုံးနေ့ဟိုတယ်အများစုက မနက် ၁၀ နာရီမှာ ချက်ကောက်လုပ်ရပါတယ်။ သဘောကောင်းတဲ့ ဟိုတယ်ဝန်ထမ်း ဦးလေးကြီးက နေ့လည် ၁၂ နာရီမှ ချက်ကောက်လုပ်ချင် လုပ်နိုင်တယ်လို့ ပြောပေမဲ့ ကိုယ်တို့က မနက်မိုးလင်းတာနဲ့ အမ့်ကာ့ရေ့မြို့ထဲ သွားလည်မှာ။ ည ၇ နာရီမှ ပြန်လာပြီး ဟိုတယ်ကြိုပို့ရှယ်တယ်ဘတ်စ်နဲ့ လေဆိပ်ကိုသွားမှာဆိုတော့ မနက်အစောကြီးကတည်းက ချက်ကောက်လုပ်လိုက်တယ်။ ဟိုတယ်က ကိုယ်တို့လက်ကေ့စ်အိတ်တွေကို စတိုခန်းမှာ သိမ်းပေးထားတယ်။ ဟိုတယ်နဲ့ အလာစကာပြတိုက်နဲ့က နီးနီးလေး ပြတိုက်ထက် အမ့်ကာ့ရေ့မြို့ထဲ လည်ချင်တာ။ အမှတ်ငါးလမ်းမကြီးအတိုင်း မိနစ် ၂၀လောက် လျှောက်ပြီးတော့ အမ်တိုနီထရေးလမ်းမှာ လမ်းသွားလျှောက်တယ်။ မြို့လယ်ကောင်က ပန်းခြံထဲမှာ ပန်းတွေအတော်လှတယ်။ Planet Walk ဆိုင်းဘုတ်တွေဖတ်ပြီး နေစကြာဝဋ္ဌာထဲက ဂြိုလ်တွေအကြောင်းသိရတယ်။ အမ့်ကာ့ရေ့ကို စရောက်တုန်းက အမ်တိုနီထရေးလမ်းကို လျှောက်ခဲ့တယ်။ ဒီတခါတော့ အတော်ဝေးဝေး လျှောက်ဖြစ်တယ် ရေကန်တွေအထိရောက်တယ်။ ချောင်းသေးသေးလေးဘေးမှာထိုင်ပြီး ငါးရှာနေတဲ့ ဇင်ယော်တစ်ကောင်တွေ့ခဲ့တယ်။ လမ်းလျှောက်လာတဲ့ ခွေးတွေတွေ့တယ်။ ဟန်က မြို့ထဲကို တခြားလမ်းဖက်က သွားချင်ပေမဲ့ ဂူဂယ်မတ်ညွှန်တဲ့အတိုင်း လာလမ်းအတိုင်းပြန်တာ အကောင်းဆုံး တော်ကြာ လမ်းမှားသွားမှ ဒုက္ခ။ အမှတ်လေးလမ်းမအတိုင်း လမ်းလျှောက်ပြီး ဂျပန်ဆိုင်မှာ နေ့လည်စာစားတယ် စားကောင်းတယ်။ လျှော့ပင်းမောလ်မှာ Coach နဲ့ Michael Korrs သွားကြည့်တော့ Coach မှာ 50% ဈေးလျှော့လို့ ဘေးလွယ်အိတ်အနီရောင် ဝယ်တယ်။ Sales Tax မပေးရလို့ အင်မတန်တန်တယ်။ အိတ်ကို သိပ်အကြိုက်ကြီး မဟုတ်ပေမဲ့ တန်လို့ဝယ်ခဲ့တယ်။ ကိုယ့်မှာ အိတ်သေးသေးတွေပဲ ရှိတယ်။ ကိုယ်က စလွယ်သိုင်းအိတ်နဲ့ ကျောပိုးအိတ်ပဲကြိုက်တယ်။ အောက်ထပ်မှာ ဖိနပ်တွေ လျှော့ဈေးနဲ့ ရောင်းနေလို့ ဝင်ကြည့်ကြတယ်။ ဝိုင်းတို့ညီအစ်မ ဆိုဒ် ၅၊ ၅.၅ ။ ကိုယ်က ၇.၅ ခြေထောက်ဗျက်ကျယ်လို့ Wide နဲ့မှရတော့ ကိုယ့်အတွက် ဖိနပ်ရှာရတာ အင်မတန်ခက်တယ်။ ဝိုင်း ယူထားတဲ့ ဟိုက်ကင်းဖိနပ်ကို ကိုယ်ကြိုက်ပေမဲ့ ကိုယ့်ဆိုဒ်မရှိ။ ကိုယ်ယူထားတဲ့ ဘွတ်ဖိနပ်ကို ဝိုင်းကြိုက်ပေမဲ့ ဝိုင်းရဲ့ဆိုဒ်မရှိ။ သြော် ... လူဆိုတာ သူများဆီမှာရှိတဲ့ဟာက ပိုလှတယ်လို့ထင်တယ်။

50% ဈေးချတဲ့အပြင် Sales Tax မရှိတော့ အတော်တန်တာ။ ဟိုက်ကင်းထွက်ရင် ဝိုင်းဟာ လည်ရှည်ဘွတ်ဖိနပ် စီးလာတတ်တယ်။ အဆင်းဆို ဖိနပ်မှာ ကုတ်အားမရှိ ပြောင်ချောနေတော့ ချောပြီးလဲမှာစိုးရိမ်ပြီး တဆတ်ဆတ် တုန်နေတတ်တယ်။ ကိုယ်က ကူညီတွဲပေးပေမဲ့ Bear Mountain အဆင်း တော်တော်မတ်တဲ့နေရာတွေဆို ကိုယ်လည်းမတွဲနိုင်ဘူး။ ကိုယ်တောင် အနိုင်နိုင်ဆင်းရတာ။ အဲ့ဒီတုန်းက ဝိုင်းက Skechers walking shoes စီးထားတယ်။ ကိုယ်က ဖိနပ်ကြောင့် မဟုတ်ဘူး အဆင်းကိုကြောက်တာ ဖြစ်ရမယ်လို့ ပြောတာကို ဝိုင်းက လက်မခံဘူး ဖိနပ်ကြောင့်လို့ တွင်တွင်ငြင်းတယ်။ ဟင်း ... ဒီတခါတော့ ဖိနပ်ကြောင့် ဟုတ်မဟုတ်ဆိုတာ သိရတော့မယ်။ ဝိုင်း ဝယ်လိုက်တဲ့ဖိနပ်က Merrell နာမည်ကြီးတံဆိပ်။ ဟန်က Timberland က နာမည်ကြီးတယ်လို့ပြောတော့ ဝိုင်းက အဲ့ဒါအာရှမှာ နာမည်ကြီးတာ ဒီမှာ Merrell နာမည်ကြီးတယ် ဒေးဗစ်ပြောတာ ကြားဖူးတယ်။ ကိုယ် မေရီလန်းပြည်နယ် ရှယ်နယ်ဒိုးဝါးမှာ တောင်သွားတက်တော့ စီးတာ Timerland ဖိနပ် ပထမဆုံးစီးတာ ဖြစ်တဲ့အပြင် Wide  မဟုတ်တော့ သွေးတွေထွက် Blister တွေဖြစ် နောက်တော့ လွှင့်ပစ်လိုက်တယ်။ ခုတော့ ကိုယ် Cole Hann တံဆိပ်ကို ကြိ ုက်နေတယ်။ ကိုယ်ယူထားတဲ့ဖိနပ် Helly Hansen တံဆိပ် မကြားဖူးလို့ ဂူဂယ်မှရှာကြည့်လိုက်တော့ နော်ဝေးက sports ၊ ocean ၊ mountains အတွက်တဲ့။ ဆောင်းရာသီ နှင်းတွေကျတဲ့အချိန် waterproof ချော်မလဲ နွေးတဲ့ဖိနပ်ဖြစ်ဖို့က အရေးကြီးတယ်။ အမ့်ကာ့ရေ့က ဝယ်လာတဲ့ဖိနပ်က နွေးလွန်းလို့ ခုဆိုကိုယ်အမြဲစီးနေတယ်။ Vistor Center က အဘွားကြီးတွေ အင်မတန်သဘောကောင်းတယ်။ အမ့်ကာ့ရေ့မှာ ဘယ်တွေဆီ လည်ပတ်လို့ရတယ်၊ ဘာ Adventure တွေရှိတယ်ဆိုတာ သေချာရှင်းပြတယ်။ အမ့်ကာ့ရေ့မြို့ထဲက အမှတ်တရလက်ဆောင် ပစ္စည်းရောင်းတဲ့ဆိုင်မှန်သမျှ ဝင်လည်တယ်။ ပစ္စည်းစုံသလို ဈေးလည်းသင့်တယ်။ ဒီဆိုင်ဈေးမှန်မမှန် ဘယ်လိုဆုံးဖြတ်ကြလဲဆိုတော့ lip balm ဗူးဈေးနဲ့ ဆုံးဖြတ်တယ်။ ဟန်က fireweed ပန်းလေးတွေပါတဲ့ မတ်ခွက်ဝယ်တယ်။ ဝိုင်းက သူ့တူမတွေအတွက် နားကပ်ဝယ်တယ်။ ဝိုင်းအမေအတွက် အိတ်၊ ဖိနပ်၊ တူမတွေအတွက် ကွင်းသိုင်းဖိနပ်တွေ ဝယ်တယ် တန်လို့တဲ့။ ဗိုက်သိပ်မဆာပေမဲ့ ညနေ ၆ နာရီ ညစာစားချိန်ရောက်ပြီဆိုတော့ ယိုးဒယား၊ ခမာဆိုင်မှာ စားကြတယ်။

အလာစကာမှာပဲ တွေ့ရတဲ့ Fireweed

သင်္ဘောသီးထောင်းက စပ်လို့ဝိုင်းလို့မစားနိုင်ဘူး။ ကိုယ်စားနိုင်လို့ တော်သေးတယ် နို့မို့လွှင့်ပစ်ရမှာ။ ဟိုတယ်ဆီအပြန်လမ်းမှာ အိမ်တအိမ်ရှေ့ ဘိန်းပန်းပင်တွေ့လို့ မြန်မာပြည်က ဘိန်းထုတ်လုပ်မှုမှာ ကမ္ဘာပေါ်မှာ ဒုတိယ .... ပထမက အာဖကန်နစ္စတန်။ သိပါ့ ... ရွှေတြိဂံဆိုတာ နာမည်ဆိုးနဲ့ကျော်တဲ့နေရာ။ ဝိုင်းက ဒီဟိုတယ်ကို ရွေးလိုက်တာ လေဆိပ်ရှယ်တယ်ဘတ်စ်ရှိလို့ ဒီတော့ တက္ကစီဖိုးမကုန်တော့ဘူးပေါ့။ ည ၇ နာရီခွဲ ဟိုတယ်က စီစဉ်ပေးတဲ့ ရှယ်တယ်နဲ့ လေဆိပ်ဆီသွားတော့ ဒရိုင်ဘာက ဂျက်ကက်တွေ ဝတ်ထားတဲ့ ကိုယ်တို့ကို ရယ်တယ်။ သူက ဒီနှစ် အလာစကာနွေသိပ်ပူလို့ အင်္ကျီလက်ပြတ်နဲ့။ ဘိုင့်ဘိုင် အလာစကာ ... Aurora မြောက်အလင်းတန်းကြည့်ဖို့ ဆောင်းတွင်းတခါလောက် လာပါဦးမယ်။ ည ၁၀ နာရီ အမ့်ကာရေ့ကနေ ထွက်ခွာပြီး ဆီရာတယ်ကို မနက် ၂ နာရီခွဲ ရောက်ပါတယ်။ ဒန်နာလီအမျိုးသားဥယျာဉ်ကနေ သယ်လာတဲ့ မတ်ခွက်ဟာ လေယာဉ်ပေါ်ကနေအဆင်း ပြုတ်ကျကျန်ခဲ့လို့ စိတ်မကောင်းဖြစ်ရသေးတယ်။ ငါ့နှယ်နော် ... ဟိုး ဒန်နာလီကနေ အမ့်ကာ့ရေ ဆီရာတယ်အထိ သယ်လာပြီးမှ လေယာဉ်ပေါ်ကအဆင်း ကျောပိုးအိတ်ဘေး ထည့်ထားရာကနေ ပြုတ်ကျရတယ်လို့။ နယူးယောက်မှာ မိုးသက်မုန်တိုင်းရှိလို့ လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းတယ်ဆိုတဲ့သတင်း လေဆိပ်က တီဗွီဖန်သားပြင်မှာတွေ့တော့ ဝိုင်းရေ အခြေအနေမကောင်းဘူးလို့ ပြောလိုက်သေးတယ်။ ဆီရာတယ်ကနေ မနက် ၇ နာရီထွက်ရမဲ့ လေယာဉ်ဟာ မနက် ၈ နာရီကျတော့ delay လို့ ကြေငြာတယ်။ ကိုယ်က ထိုင်ခုံကိုမှီပြီး အိပ်ငိုက်တယ် နှိုးလိုက် ငိုက်လိုက်။ ဘယ်နေရာမှာမဆိုအိပ်ပျော် ဘယ်ပဲဖြစ်ဖြစ်စားဝင်တဲ့ အမေ့ဆီက ကောင်းတဲ့အကျင့်လေး ကိုယ်ရထားတယ်။ အလင်းရှိရင်၊ အသံကြားရင် အိပ်မပျော်၊ ကြွက်ဖြတ်ပြေးရင်တောင်နိုးတဲ့၊ လေယာဉ်စီး၊ ကားစီးရင် ဘယ်တော့မှမအိပ်တဲ့ အဖေ့ဆီက မကောင်းတဲ့အကျင့်စရိုက်လေးတွေ အမွေဆက်မခံလို့ တော်ပါသေးရဲ့။ မနက် ၉  နာရီကျတော့ cancel လို့ ကြေငြာလိုက်တော့ အလာစကာအဲလိုင်းကောင်တာဆီ ပြေးကြတယ်။ ဝိုင်းနဲ့ကိုယ်က မိနစ်ပိုင်းအတွင်း ကျောပိုးအိတ်ကောက်လွယ် လက်ကေ့အိတ်ဆွဲပြီး ကောင်တာဆီသွားဖို့အဆင့်သင့်။ ဘယ်တော့မှ အဆင်သင့်မဖြစ် နောက်ကျတတ် အေးဆေးဆေးဆေး လုပ်နေတဲ့ ဟန်ကို ဝိုင်းကဆူတယ်။ ကြည့် ...  ကိုယ့်ရှေ့မှာ လူတန်းကြီးက အရှည်ကြီး အစောဆုံးထွက်မဲ့ လေယာဉ်ကို မရတော့ဘူး။ တခုခုဆို မြန်ဆန်သွက်လက်ရတယ် အသွားအနှေး အစားနှေးနှေး မရဘူး အမြဲနားစွင့်ပြီး ရယ်ဒီဖြစ်နေရမယ်။

လူတန်းကြီးက အရှည်ကြီး ဘယ်ဖုန်းနံပါတ်ကို ဖုန်းခေါ်ပြီး လေယာဉ်လတ်မှတ် ဘွတ်လို့ရတယ်ဆိုပေမဲ့ စောင့်လက်စနဲ့ စောင့်တော့မယ်။ ကိုယ်တို့ရတဲ့လေယာဉ်က ည ၉  နာရီ ပန်ဆယ်ဗေးနီးယားပြည်နယ် ဖီလာဒဲဖီးယား၊ နယူးဂျာဆီပြည်နယ် Newark များ ရနိုင်မလားဆိုတော့ မရဘူး။ ဖီလာဒဲဖီးယားကနေ နယူးယောက်ကို ရထား၊ ဘတ်စ်ကား နှစ်နာရီ ပြန်စီးရမယ်။ ဒါတောင် လေယာဉ်ဆင်းရမရ မသေချာဘူး။ ဟန်က ဗီယက်နမ်ပြန်ရမှာမို့ အစောဆုံးလေယာဉ် စီစဉ်ပေးပါလို့ အကူအညီတောင်းတော့ မနက်ဖြန် ၂ နာရီ နယူးယောက်လေယာဉ်ရတယ်။ ဒီည ၉  နာရီ ဖီလာဒဲဖီးယား မနက်ဖြန် ၂ နာရီ နယူးယောက် နောက်ဆုံးတော့ နယူးယောက်ရွေးလိုက်တယ်။ လေယာဉ်ကန်ဆယ်လိုက်လို့ ဆီရာတယ်မှာ တနေ့နေရမှာမို့လို့ ရုံးကို ခွင့်တရက်ထပ်တောင်း။ မနက်ဖြန်ပြရမဲ့ဆေးခန်းကို ကန်ဆယ်ပြီး ရက်ချိန်းယူတာ နောက်ထပ် ၃ လမှရတယ်။ အမယ်မင်း ... ဆရာဝန်တွေဆီက ရက်ချိန်းရဖို့ မလွယ်ပါလားနော်။ ဒီလိုနဲ့ မရည်ရွယ်ဘဲ ဆီရာတယ်ကို ဝင်လည်ဖို့ဖန်လာတယ်။ လေကြောင်းလိုင်းက ဟိုတယ်စီစဉ်ပေးလားမေးတော့ မစီစဉ်ပေးဘူး မနက်စာ၊ နေ့လည်စာ၊ ညစာ တယောက်ကို ၁၆ ကျပ် food vouchers လတ်မှတ်တွေပေးတယ်။ လေယာဉ်ရပြီဆိုတာနဲ့ ဟိုတယ်ရှာ last minute ဘွတ်။ အစားအသောက်လတ်မှတ်တွေနဲ့ Beagle ၊ ငှက်ပျောသီး၊ ရေဝယ်သောက်။ လေဆိပ်ကနေ ဟိုတယ်ကို ဘယ်လိုသွားမလဲ အူဘာ၊ တက္ကစီက ၆၀ တောင်။ ရထားက ၃ ကျပ်ပဲပေးရတယ် ရထားစီးပြီး မြို့ထဲသွား မြို့ထဲရောက်မှ အူဘာခေါ်လိုက်မယ်။ လေဆိပ်ကနေ မြို့ထဲကို ရထားနဲ့တောင် အတော်ဝေးတယ် ဒါ့ကြောင့် တက္ကစီခ ၆၀ တောင်းတာနေမှာ။ ခရီးသွားအာမခံဆီကနေ ပြန်တောင်းမှာမို့လို့ ရထားလတ်မှတ်တွေ သိမ်းထားတယ်။ မြို့ထဲရောက်တော့ ဘတ်စ်ကားစီးမလို့ ဘတ်စ်ကားပေါ်တက်မေးသေးတယ်။ ဒီလောက်ဘယ်ကားနံပါတ် ဘယ်ဘတ်စ်ကားဂိတ်မှာဆင်းပါလို့ရေးထားတာကိုပြပြီး မေးတာတောင် ခေါင်းခါပြနေတယ်။ ဝိုင်းက စန်းစန်းရေ ထားလိုက် အူဘာစီးရအောင် အူဘာနဲ့ဟိုတယ်ဆီသွားတာ ၈ ကျပ်ပဲကျလို့ ယုံတောင်မယုံချင်ဘူး ဆယ်မိနစ်လောက်ပဲ ဝေးတာကိုး။ Sleepness in Seattle ၊ အေဘီစီသတင်းဋ္ဌာနရဲ့ Gray's anatomy ဇာတ်လမ်းတွဲကြိုက်တဲ့ ကိုယ်ဟာ ဆီရာတယ်ကို တနေ့သွားလည်မယ်လို့ စိတ်ကူးဖူးတယ်။ ခုတော့ မရည်ရွယ်ဘဲ ဆီရာတယ်ကို ဝင်လည်ဖို့ဖန်လာတယ်။ ဆီရာတယ်မှာ ဘယ်တွေသွားလည်သလဲဆိုတာကတော့ နောက်ဆုံးပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
နိုဝင်ဘာ ၁၈၊ ၂၀၁၈။

ဂျပန်ဆိုင်က နေ့လည်စာ
အမ့်ကာ့ရေ့ မြို့လည်ကောင်
Planet Walk
ရေကန် တောတောင် သာယာတဲ့နေရာလေး
ပင်လယ်ကမ်းစပ်က ငှက်တအုပ်
ချောင်းဘေးမှာ ငါးရှာနေတဲ့ ဇင်ယော်
အလာစကာမှာပဲ တွေ့ရတဲ့ Firedweed
အင်မတန်စပ်တဲ့ သင်္ဘောသီးထောင်း 
ဘိန်းပန်း
ဘိန်းပန်း
ကြည့်နေတာကိုက ချစ်စရာလေး sweet ဖြစ်တဲ့ corgi ခွေး
သခင် စကိတ်စီးတာကို ပြေးလိုက်တဲ့ခွေး 

အလာစကာသွား တောလား - ၁၄

ဂျူလှိုင် ၁၅ တနင်္ဂနွေနေ့ ဟန်ယူလာတဲ့ ပဲပိစပ်မှုန့်လည်း ကုန်ပြီ ကိုယ်ယူလာတဲ့ nuts အစေ့အနှံတွေလည်း ကုန်ပြီ။ မနေ့က ညစာကောင်းကောင်း မစားခဲ့တော့ ဗိုက်ကတဂွီဂွီမြည်နေပြီ။ မနက် ၉  နာရီ မြို့ထဲက Visitor Center မှာ Portage ကိုသွားမဲ့ ရှယ်တယ်ဘတ်စ်ကို စောင့်စီးရမှာဆိုတော့ ဟိုတယ်ကနေ မနက် ၈ နာရီ ၂၀ လောက်ထွက်ပြီး လမ်းမှာ မုန့်ဆိုင် ရှာကြတယ် တဆိုင်မှမဖွင့်ဘူး။ North Face ဆိုင်ကို ဝင်ကြည့်တယ် ဈေးချပေမဲ့ ကြိုက်တာမတွေ့။ ကိုယ်တို့စီးရမဲ့ အလာစကာ Adventure ကားတွေ့လို့ ကားဘေးနားမှာ ရပ်စောင့်နေတာ ဒရိုင်ဘာအန်တီကြီးက စုရပ် Visitor  Center မှာပဲ စောင့်နေပါတဲ့။ Visitor Center  ရောက်လို့ မုန့်ဆိုင်ရှာကြည့်တော့ တဆိုင်မှမဖွင့်သေးဘူး။ မှတ်တိုင်တွေမှာ ရပ်စောင့်နေတဲ့သူတွေ အများကြီး ဘယ်တွေကို သွားကြမှာပါလိမ့်။ ကိုယ်တို့သုံးယောက် ပေါ်တူဂီလေးယောက် သူတို့က ထရမ်စီးမှာတဲ့။ ပထမဆုံးရပ်ပေးတဲ့ နေရာက ငှက်ကြည့်တဲ့နေရာ ရေအိုင်ပေါ်က တံတားပေါ်မှာ လမ်းလျှောက်ရင်း တောတောင်ရေမြေတွေကို ကြည့်ရတာ အင်မတန်သာယာတယ်။ ခြောက်မိုင်ရှည်တဲ့ bike trail စက်ဘီးလမ်းက နာမည်ကျော်တယ်တဲ့။ ရေကန်က စိမ်းမြနေပြီး တောင်ထိပ်မှာမြူခိုးတွေဝေ့လို့ အေးစိမ့်နေတာပဲ။ အရင်ဆုံး ထရမ်ဆီသွားတယ် နောက်နှစ်နာရီ လာကြိုမယ်တဲ့။ ထရမ်ကသိပ်မမြင့်ဘူး တောင်ထိပ်ပေါ်ကဆိုင်မှာ နေ့လည်စာစားတာပါတယ်။ ဝိုင်းက တွက်ချက်ပြီး အဲ့ဒီတိုးဈေးကြီးတယ်တဲ့။ ကိုယ်တို့ဟိုက်ကင်းထွက်မဲ့နေရာက ကာဖီဆိုင်ကနေ တမိုင်ခွဲလောက်ဝေးတော့ လမ်းမှားမှာစိုးလို့ ဒရိုင်ဘာအန်တီကြီးက မောင်းပို့လိုက်ပြပြီး သေသေချာချာ ရှင်းပြတယ်။ ကိုယ်တို့ဟိုက်ကင်းပြီးတဲ့အခါ လာကြိုဖို့ ဖုန်းခေါ်ရမှာ ကိုယ့်ဖုန်းက စစ်ကနယ်မမိရင် ကာဖီဆိုင်ကနေ လိုင်းဖုန်းနဲ့ခေါ်ဖို့ ကာဖီဆိုင်က ဝန်ထမ်းနဲ့ သေသေချာချာ မိတ်ဆက်ပေးတယ်။ ဒရိုင်ဘာအန်တီကြီးကို တစ်ဖ်တဆယ်ပေးလိုက်တယ်။ ဗိုက်ဆာနေပြီမို့လို့ ကိုယ်က စွပ်ပြုတ်၊ ဆန်းဒွတ်စားတယ် ဝိုင်းတို့ညီအစ်မက ဆန်းဒွတ်နဲ့ ကွတ်ကီးစားတယ်။ ကွတ်ကီးက မလတ်ဆတ်ဘူးဆိုပြီး ဆိုင်ဝန်ထမ်းကို လဲခိုင်းတယ်။

ဆိုင်နောက်ဖက်မှာ humming birds အတွက် အစာနဲ့ရေ ချိတ်ထားပေးတယ်။ humming birds လေးတွေ လာစားကြတယ်။ ဓာတ်ပုံရိုက်ဖို့ ကြိုးစားပေမဲ့ မြန်လွန်းလို့ ဘယ်လိုမှရိုက်လို့မရဘူး။ ဟိုက်ကင်းထွက်ရမဲ့ဖက်ကို မေးကြည့်တော့ ဆိုင်ဝန်ထမ်းက လမ်းညွှန်ပေမဲ့ မသေချာမရေရာဖြစ်နေတဲ့ ကိုယ်တို့ကို စိတ်မချလို့ ဆိုင်ဝန်ထမ်းလေးက ဆိုင်အပြင်ဖက်ထွက်ပြီး သေသေချာချာ လမ်းညွှန်ပေးတယ်။   ဖုန်းမှာစစ်ကနယ်မရှိ ဘယ်နေရာဘယ်လမ်းလို့ မှတ်သားရအောင်လည်း တခုတည်းသော လမ်းမကြီးရဲ့ဘေးမှာ ဘယ်တောင်လို့ မှတ်သားရအောင်လည်း တောင်တွေက အတူတူ။ ဓာတ်ပုံရိုက်လို့ ကောင်းမဲ့နေရာတွေဆိုရင် ဓာတ်ပုံရိုက် ဖြတ်သန်းသွားတဲ့ ကားကြောပြတ်တယ်။ ဒရိုင်ဘာအန်တီကြီးပြခဲ့တဲ့ RV ကားတွေရပ်ထားတဲ့ နေရာတွေ့တော့မှ ကိုယ်တို့သွားနေတဲ့လမ်းကြောင်း မှန်တယ်ဆိုပြီး စိတ်နည်းနည်းအေးသွားတယ်။ နောက်မိုင်ဝက် လျှောက်ပြီးတဲ့အခါ ကားပါကင်ကိုတွေ့ပြီး ထရေလမ်းကိုတွေ့တော့မှ ရောက်ပြီဟေ့လို့ စိတ်အေးသွားတယ်။ ဟိုက်ကင်းထွက်ပြီးလို့ ပြန်လာတဲ့သူတွေကို မေးကြည့်တော့ သိပ်မဝေးဘူး တမိုင်ခွဲသာသာလောက်ပဲတဲ့။ ဖြတ်သန်းစီးဆင်းနေတဲ့ ချောင်းလေးတွေ့တော့ ဓာတ်ပုံရိုက်ကြတယ်။ အယ်မလေး ... ခြင်တွေဆိုတာ အုံခဲနေတာပဲ တဘန်းဘန်းနဲ့ရိုက်။ တချို့တွေဆို ခေါင်းမှာ ခြင်ကာပိုက်ကွန်လေးတွေနဲ့။ ထရေးလမ်းက ပြေပြစ်တယ် သန့်ရှင်းတယ် အမျိုးသမီးသုံးယောက်နဲ့ ပါလာတဲ့ corgi ခွေးလေးက ကိုယ်တို့သုံးယောက်ကို စပ်စုတယ်။ ကိုယ်က အို့အို့ခေါ်တော့ ကိုယ့်ဆီပြေးလာတယ် ဝိုင်းတို့ညီအစ်မနှစ်ယောက် ပြေးကြတော့တာပဲ။ သူ့ကို ကြောက်လန့်တကြား ပြေးသွားတဲ့ အမျိုးသမီးနှစ်ယောက်ကိုတွေ့တဲ့အခါ ခွေးကအပြေးရပ်ပြီး နားလည်တဲ့မျက်လုံးတွေနဲ့ကြည့်ပြီး သူ့သခင်မတွေဆီ ပြန်ပြေးသွားတယ်။ ကမ္ဘာကြီး ပူနွေးလာတယ် ရေခဲမြစ်တွေ အရည်ပျော်လာတယ်ဆိုတာ မျက်ဝါးထင်ထင် မြင်တွေ့ရတယ်။ နောက်အနှစ်နှစ်ဆယ် ရေခဲမြစ်တွေ မရှိတော့တဲ့အခါ ဝက်ဝံတွေ ဘယ်လိုအသက်ရှင်သန်ကြမလဲ။ ကမ္ဘာကြီးပူနွေးလာမှုအတွက် ကိုယ်လုပ်နိုင်တာတွေက recycle ပစ္စည်း စွန့်ပစ်ပေးမယ်၊ တခါသုံးပလတ်စတစ်တွေ သုံးတာလျှော့မယ်၊ ပရင့်တာကနေ မလိုအပ်ဘဲ print လုပ်တာတွေ လျှော့မယ်၊ စပရေးတွေ သိပ်မသုံးဘူး၊ တတ်နိုင်သလောက် သစ်ပင်စိုက်ပျိုးပေးမယ်။

ကိုယ်တို့ကို ချပေးခဲ့တဲ့ ကာဖီဆိုင်

ခြင်တွေက အုံခဲနေတော့ ကြာကြာမနေနိုင်ဘူး လာလမ်းအတိုင်းပြန်လျှောက်။ စစ်ကနယ်မိတဲ့နေရာရောက်ရင် ကမ္ဘာ့ဖလားပွဲမှာ ပြင်သစ်နဲ့ ခရိုရေးရှား ဘယ်သူဗိုလ်စွဲသလဲဆိုတာ စစ်ကြည့်လိုက်တော့ ပြင်သစ်နိုင်တယ်။ ကာဖီဆိုင်နားမကွေ့ခင် ရေကန်တခုတွေ့တော့ သွားကြည့်ကြတယ်။ ဟက်စကီးခွေးနှစ်ကောင်နဲ့ စုံတွဲက သိမ်းငှက်တွေ့တယ်လို့ သတင်းပေးတယ်။ မကြာခင် ကမ်းပင်းထွက်ဖို့ စုံတွဲတတွဲရောက်လာတော့ ကောင်မလေးက ကိုယ်တို့တည်းခဲ့ဖူးတဲ့ဟိုစတယ်က ဧည့်ကြိုကောင်မလေး။ ဝိုင်းကိုပြောပြတော့ ဟုတ်သလိုပဲ မမှတ်မိဘူးတဲ့။ သေချာပါတယ် ကိုယ်လား အဲ့ဒီလို လူတွေ၊ လမ်းတွေ၊ ပစ္စည်းတွေကို သိပ်မှတ်မိတာ စာကျတော့ မမှတ်မိဘူး။ အဲ့ဒါအဖေ့ဆီက ရတာနေမှာ အဖေက အိမ်မှာ ဘယ်ပစ္စည်းက ဘယ်နေရာမှာဆိုတာ မှတ်မိတယ်။ ပစ္စည်းရှာမတွေ့လို့ကတော့ အဖေ့ကိုသာမေးကြည့်။ ပိုက်ဆံအုပ်ထဲမှာ ဘယ်လောက်လျှော့နေတယ် ဘယ်လောက်ဆိုတာ မှတ်မိတယ် ကိုယ်က အဲ့ဒီလောက် မမှတ်မိဘူး။ သူ့အမှတ်အသားနဲ့သူ လမ်းတွေကို မှတ်မိတယ်။ အဖေ လမ်းမှားမျက်စိလည်မှာကို စိုးရိမ်စရာမလိုဘူး။ မကြီးလည်း အသက် ၁၈ တုန်းက တခါပဲတွေ့ဖူးတဲ့ အစ်မတယောက်ကို နောက် ၂၀ နှစ်အကြာ တီဗွီဖန်သားပြင်မှာတွေ့တော့ မှတ်မိတယ်။ ကာဖီဆိုင်ပြန်ရောက်တော့ ရှယ်တယ်ဘတ်စ်ကို ဖုန်းခေါ် ခုဏလေးကပဲ ရှယ်တယ်ဘတ်စ်ကလူကို တွေ့လိုက်တယ် ဆယ့်ငါးမိနစ်ကြာရင် လာကြိုမယ်တဲ့။ ကာဖီဆိုင်ထဲက လက်ဆောင်ပစ္စည်းရောက်တဲ့ဆိုင်ကို window shopping လုပ်။ ရေခဲမုန့်ဝယ်စားကြတော့ mountain huckle berry တဲ့ ကိုယ်စားဖူးသမျှ ရေခဲမုန့်ထဲမှာ အကောင်းဆုံးပဲ။ huckle berry ဆိုတာ ဝါရှင်တန်၊ ကနေဒါ၊ အလာစကာပြည်နယ်မှာပဲ တွေ့ရတဲ့ ဘယ်ရီတမျိုးတဲ့။ ပရိုင်းမတ်နဲ့ လုပ်ထားတယ်ဆိုတဲ့ လည်ဆွဲ၊ နားကပ်၊ လက်ကောက် ဈေးအရမ်းကြီးတယ် ၄၀၀ ကျော်တယ်။ ဝိုင်းမြောက်ပေးတာနဲ့ နားဆွဲလေး ဝယ်လိုက်တယ်။ လူတယောက်က ရယ်ဒီဖြစ်ပြီလားလို့ လာမေးတော့ ကိုယ်တို့က ခရူစီးမှာမဟုတ်ဘူးလို့ ပြောတော့ သူက ရှယ်တယ်ဘတ်စ်ကတဲ့။ Wildlife စင်တာမှာ ဝင်ခေါ်ရဦးမယ် ကိုယ်တို့ကို အပြင်မှာချပေးခဲ့တယ် အထဲကိုလျှောက်မသွားနဲ့ Wildlife စင်တာထဲကို တစ်ကဒ်မရှိဘဲဝင်ရင် ဒဏ်တပ်ခံနေရမှာစိုးလို့တဲ့။ စိတ်ချပါ ဒီကျောက်ဆောင်ကနေ ဘယ်မှမသွားဘူး အဲ့ဒီကျောက်ဆောင်နားမှာပဲ ဓာတ်ပုံပတ်ရိုက်နေကြတယ်။

အပြန်လမ်းက အင်မတန်သာယာတယ် ဘေးမှာမြစ်။ ရေတံခွန်နားရောက်တော့ ဓာတ်ပုံရိုက်ဖို့ ကားရပ်ပေးတယ်။ ဖိုတိုဂရပ်ဖီသင်နေတဲ့ ဟန်က အော်တိုမုဒ်နဲ့မရိုက်ဘဲ ချိန်ဆပြီးရိုက်တာ လင်းထိန်နေလို့ ဝိုင်းကမဲ့ရွဲ့ပြီးဆူ။ ကယ်လီဖိုးနီးယားကို သွားတုန်းက ဟန့်ကင်မရာနဲ့ရိုက်တာ တပုံမှအကောင်းမရဘူး အိုင်ဖုန်းနဲ့ရိုက်တာတွေပဲကောင်းတယ်။ စမ်းသပ်နေတာ လေ့ကျင့်နေတာတဲ့ ခုလိုခရီးသွားတဲ့အချိန်မှာ မလေ့ကျင့်သေးဘူး နောက်တခေါက်ရောက်ဖို့မလွယ်ဘူး အော်တိုမုဒ်နဲ့ပဲ ရိုက်သင့်တယ်။ သစ်သားကို လက်ရောက်မြောက်စွာ ထွင်းထုတားတဲ့ ဆိုင်တဆိုင်မှာ ခဏရပ်ပေးတယ်။ တိုးကုမ္ဗဏီတွေဟာ ဒေသခံဆိုင်တွေမှာ ရပ်ပေးလေ့ရှိတယ်။ တိုးခရီးသည်တွေဟာ တခုမဟုတ် တခုတော့ ဝယ်ကြတာပဲ။ ဒီလိုနည်းနဲ့ တိုးကုမ္ဗဏီတွေဟာ ဒေသခံဆိုင်တွေကို တဖက်တလမ်းကနေ ကူညီပေးကြတယ်။ နေ့လည်စာ ဂျပန်ဆိုင်မှာ စားတယ် စားကောင်းတယ်။ ဆိုင်မှာလုပ်တဲ့သူတွေက ကိုရီယားမတွေ ဘယ်ကလဲမေးတော့ ဗီယက်နမ်နဲ့ မြန်မာလို့မေးတော့ သူတို့လုပ်ဖော်ကိုင်ဖက်တယောက်က မြန်မာ ဒီနေ့ခွင့်ယူထားတယ်တဲ့။ နွေရာသီဆိုရင် တပတ်မှာ တနင်္ဂနွေတရက်တည်းသာဖွင့်တဲ့ ဈေးကိုသွားလည်ကြတယ်။ ညနေငါးနာရီထိုးပြီဆိုတော့ ဆိုင်ခန်းတွေ သိမ်းနေပြီ။ လက်မှုပစ္စည်းလေးတွေ အင်မတန်လက်ရာမြောက်တယ်။  အိမ်ပိုင်ဆိုရင် ဧည့်ခန်းမှာထားဖို့ လက်မှုပစ္စည်းလေးတွေ ဝယ်ချင်ပေမဲ့ အိမ်ခန်းကျဉ်းကျဉ်းလေးမှာ နေတဲ့သူဆိုတော့ မဖြစ်မနေအသုံးလိုတဲ့ ပစ္စည်းလောက်ပဲ ဝယ်တော့တယ်။ အိမ်ပြောင်းရင် သိမ်းရဆည်းရ ထုပ်ပိုးရတာ မလွယ်ဘူး။ ကိုယ်ဝယ်လာတဲ့ နားဆွဲလေးက ၈ ကျပ်လောက် သက်သာနေလို့ ရင်ထုမနာဖြစ်လိုက်သေးတယ်။ သြော် ... နားဆွဲဈေးက ပေါက်ဈေး ဈေးမှာမို့လို့ သက်သာတာ ဈေးရောက်မယ်လို့ ဘယ်သူကသိမှာလဲလို့ ဖြေသိမ့်ရသေးတယ်။ Vistior Center ဝင်လည်ပြီး အမ့်ကာ့ရေ့မှာ ဘယ်တွေလည်ပတ်လို့ရလဲမေးတော့  ကိုယ်တို့ရောက်ခဲ့တဲ့ အန်တိုနီထရေးလမ်း၊ သရဲအိမ်၊ ရေခဲတောင်ဟိုက်ကင်း၊ ကနူးလှေ။ ရေခဲတောင်ဟိုက်ကင်း ထွက်ချင်ရင် ဒီဖုန်းနံပါတ်ကိုခေါ် တနေ့ဘယ်နှစ်ယောက်ပဲ လက်ခံတယ်။ တောင်ပေါ်မှာ အရမ်းအေးတယ် ကိုယ့်ကိုလက်ညှိုးညွှန်ပြပြီး သူ့လို vest ဝတ်မှရမယ်။ Vistor Center က အဘွားကြီးတွေ အင်မတန်သဘောကောင်းတယ်။ တော်ပါပြီ ဟိုက်ကင်း ပြတိုက်လည်း မလည်ချင်ဘူး မနက်ဖြန် အန်တိုနီထရေးလမ်း ဟိုက်ကင်းထွက်ပြီး လျှော့ပင်းထွက်မယ် ပေါ့ပေါ့ပါးပါးပဲပေါ့။ အလာစကာခရီးစဉ်ရဲ့ နောက်ဆုံးနေ့ အမ့်ကာ့ရေ့မှာ ဘယ်တွေသွားပြီး ဘယ်လိုလျှော့ပင်းထွက်တဲ့ အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
နိုဝင်ဘာ ၁၁၊ ၂၀၁၈။

ဆန်းဒွတ်တခုပဲ ကုန်တယ် 
humming birds အစာ‌ကျွှေးတဲ့ဟာ
စစ်ကနယ်မိလို့ ကမ္ဘာ့ဖလားပွဲ ဘယ်သူဗိုလ်စွဲလဲ စစ်တဲ့နေရာ
ကိုယ့်ဆီပြေးလာပေမဲ့ ခွေးကြောက်လို့ ထွက်ပြေးတဲ့ ဝိုင်းတို့ညီအစ်မကို ကြည့်နေတဲ့ corgi ခွေး
dog friendly, kids friendly trail
ချစ်ဖို့ကောင်းတဲ့ golden retriever
yayyy ... we made it !


စားဖူးသမျှထဲမှာ အကောင်းဆုံး ရေခဲမုန့် Mountain Huckle berry ဆိုတာ ဝါရှင်တန်၊ ကနေဒါ၊ အလာစကာမှာပဲ ပေါက်တဲ့ဘယ်ရီတဲ့ 
ဟန် လက်စွမ်းပြထားတဲ့ ရေတံခွန်ဓာတ်ပုံ slow shutter speed, lowest ISO, highest aperture လို့ ပြောတာပဲ
တခါမှ မစမ်းရသေး
ခဏရပ်ပေးတဲ့ ဒေသခံ လက်မှုပစ္စည်းဆိုင်
ကိုရီးယားမတွေရောင်းတဲ့ ဂျပန်စာ
အမ့်ကာ့ရေ့ မြို့လည်ကောင်
နွေရာသီ တပတ် တနင်္ဂနွေနေ့သာဖွင့်တဲ့ ဈေးပွဲတော်
အရမ်းကြိုက်လို့ နေ့တိုင်းဆွဲ တဖက်ပျောက်သွားတဲ့ မြောက်အလင်းတန်း ဖန်နားဆွဲ