ယမကာလုလင် ...

အသက် ၃၀ လောက်ပဲ ရှိသေးတဲ့ လူငယ်လေးတစ်ယောက် အရက်သောက်လွန်းလို့ အသည်းရောဂါနဲ့ သေဆုံးသွားတဲ့ သတင်းကြားရတယ်။ အသက် ၂၀ ကျော် တက္ကသိုလ်တက်တည်းက အရက်သောက် အလုပ်မလုပ်။ အရက်ဖိုးကို မိဘဆီကတောင်း နေမကောင်းဖြစ်ရင် မိဘကဆေးကုသပေး။ အဖေ ကိုယ်တိုင်က အရက်သောက်၊ အမေက သွန်သင်ဆုံးမမှုမရှိ တခါတလေ အမေကိုယ်တိုင် မူးနေတယ်လို့ကြားတယ်၊ ကိုယ်တိုင်ကလည်း ကောင်းမွန်အောင် နေထိုင်မယ်လို့မရှိ။ မိသားစုထဲမှာ အရက်သမား အဲလေ ယမကာလုလင် ပါလာရင် အတော်စိတ်မချမ်းသာစရာဘဲ။ အိမ်နီးနားချင်းမိသားစုက သားကြီးဟာ ဂျီတီအိုင်တက်တာနဲ့ အရက်သမားလုံးလုံး ဖြစ်တော့တာပဲ။ တက္ကသိုလ်တွေက အဝေးမှာဆိုတော့ လုပ်ချင်တာလုပ်။ အရက်၊ ဂိမ်း၊ လက်ဖက်ရည်ဆိုင်ထိုင်၊ ဘောလုံးပွဲလောင်းတာကလွဲရင် ဘာမှလုပ်စရာမရှိ။ ဘီယာဆိုင်တွေက လမ်းတိုင်းနီးပါးမှာရှိတယ်။ အရက်အလွယ်တကူ ဝယ်ယူနိုင်သလို ဈေးကလည်း သက်သာတယ်။ ခေတ်ဆိုးကြီးမှာ ကြီးပြင်းရသူတွေ လူငယ်တွေကို အညွှန့်ချိုးလိုက်သလိုပဲ။ တိုင်းပြည်တိုးတက်တယ် အလုပ်အကိုင် အခွင့်အလမ်းတွေရှိတယ်ဆိုရင် ဒီလိုဖြစ်မယ်မထင်ဘူး။ သူငယ်ချင်းတစ်ယောက်ရဲ့ မောင်ဆိုရင်လည်း အမွေခွဲလို့ ရတဲ့အမွေနဲ့ ကားကြီးတစ်စီးဝယ် တက္ကစီမောင်း။ ကားကြီးကနေ ကားသေးဖြစ်။ မိန်းမယူဆိုတော့လည်းမယူ အိမ်ပေါ်ကဆင်းဆိုတော့လည်း မဆင်း။ တလောက အရက်ကြောင်လို့ ဆေးရုံတက်ဖြတ်ရတယ်လို့ ကြားတယ်။ တော်သေးတယ် မောင်မောင်က အရက်မသောက်လို့။ ကိုယ်တို့က မောင်မောင် မကြိုးစားဘူးလို့ပြောရင် အဖေက သူ့သားက အရက်မသောက် ဆေးလိပ်မသောက် ကိုယ်တို့ညီအစ်မလို မကြိုးစားတာကလွဲရင် သူများတွေထက် အများကြီးသာတယ်တဲ့။ မိသားစုထဲမှာ အရက်သမားပါလာရင် ဘယ်လောက်စိတ်ညစ်ရမလဲ မသိဘူး။ မိသားစုဆိုတော့ သံယောဇဉ်လည်း မဖြတ်နိုင် အမှိုက်လို စွန့်ပစ်လိုက်လို့လည်းမရ။ ဟိုးအတိတ်ဘဝက ဝဋ်ကြွေးပါလာလို့ ဆပ်ရတာနေမှာ။

စန်းထွန်း
ဂျူလှိုင် ၂၉ ၊ ၂၀၁၈။

Invisalign - 2

အံဖုံးအကြည်တပ်ဖို့ windsom tooth အံဆုံးလေးချောင်းနုတ်ရတယ်။ အံဆုံးသွားက အပိုပါပဲတဲ့ အံဖုံးအကြည်တပ်မယ်ဆိုရင် နှုတ်ကိုနှုတ်ရပါမယ်တဲ့။ အံဖုံးအကြည်တပ်တာ အလုပ်တော့ နည်းနည်းရှုပ်တယ်။ တနေ့ ၂၂ နာရီ အနည်းဆုံး တပ်ထားရတယ်။ ထမင်းစားခါနီးရင်ချွှတ် စားပြီးရင်သွားတိုက် ပြန်တပ်။ ညတိုင်း waterpick နဲ့floss လုပ်၊ မုန့်ဖုတ်ဆိုဒါ baking soda နဲ့ သွားကိုပွတ်၊ လျှပ်စစ်သွားပွတ်တံနဲ့ သွားတိုက်။ အရင်တုန်းက သွားတိုက်ပြီးတိုင်း  လစ်စရင်းlisterine နဲ့ ပလုတ်ကျင်းတာ လျှာမှာ မှိုကပ်သလို မည်းမည်းတွေ ထင်နေလို့ သွားဆရာဝန်မက မတည့်ဘူးထင်တယ်ဆိုပြီး လစ်စရင်း မသုံးခိုင်တော့ဘူး။ ညတိုင်း လျှာခြစ်ပေးရတယ်။ နေ့လည်း အသီး၊ မုန့်စားပြီးရင် အံဖုံးအကြည်ချွှတ် ပါးလုပ်ကျင်း အံဖုံးအကြည်ကို ဆပ်ပြာနဲ့တိုက်ချွှတ်ဆေးကြော ပြန်တပ်။ ကော်ဖီက အံဖုံးအကြည်ကို အရောင်စွန်းစေလို့ ကော်ဖီလုံးဝမသောက်တော့ဘူး။ အံဖုံးအကြည်က ပလတ်စတစ်နဲ့ လုပ်ထားတာဆိုတော့ ရေနွေးအပူသောက်ရင် ပုံပျက်သွားမှာစိုးလို့ ရေနွေးကြမ်းလုံးဝ မသောက်တော့ဘူး။  နှစ်ပတ်တခါ အံဖုံးအကြည် လဲရတယ်။ သုံးခါလဲပြီးတိုင်း သွားဆရာဝန်ကိုသွားပြ သွားဆရာဝန်က လိုအပ်တဲ့အချွှန်လေးတွေ သွားမှာတပ်ပေးတယ်၊ သွားကိုစစ်ပေးတယ်။ ရေစီးကမ်းပြို gum disease နည်းနည်းရှိတဲ့သူဖို့ သွားကိုဂရုစိုက်ဖို့ အထပ်ထပ်မှာတယ်။ မကြီးကတော့ oil pulling လုပ်တယ်တဲ့။ မနက်အိပ်ယာထတဲ့အခါ သွားမတိုက်ခင် ပါးစပ်ထဲ အုန်းဆီထည့် ငါးမိနစ်လောက်ကြာတဲ့အခါ ထွေးထုတ်ပစ်ရတယ်။ ထွေးထုတ်တဲ့အခါ ရေပိုက်တွေထဲ မထွေးထုတ်ရဘူး။ အုန်းဆီက ဆီတွေဆိုတော့ ရေပိုက်ပိတ်မှာစိုးလို့။ oil pulling လုပ်တာ နေလို့အင်မတန်ကောင်းတယ်လို့ ပြောတယ်။ ကိုယ်တော့ တခါမှ မလုပ်ဖူးသေးဘူး။ ကိုယ့်သွားက မြန်မြန်စေ့လာတဲ့အပြင် ရေစီးကမ်းပြို gum disease ကလည်း တော်တော်ကြီး သက်သာလာလို့ တစ်ပတ်ခွဲနဲ့ အံဖုံးအကြည်အသစ်တစ်ခုလဲ။ အရင်လို ခြောက်ပတ်အစား ငါးပတ်နဲ့ ပြန်ချိန်းလိုက်တယ်။ အံဖုံးအကြည်တပ်တာ နှစ်လကျော်တာနဲ့ သွားတွေညီညီလေး ဖြစ်လာတာ၊ ကျဲနေတဲ့သွားတွေ စေ့လာတာ မြင်ရတယ်။ နောက်ဆို တဟီးဟီးနဲ့ သွားမပေါ်ပေါ်အောင် ရယ်နေတော့မလားမသိ။

စန်းထွန်း
ဂျူလှိုင် ၂၅၊ ၂၀၁၈။


ဝိတ်လျှော့ခြင်း အနုပညာ ...

ဝိတ်တက်နေမှန်းတော့ သိနေတယ် ဒါပေမဲ့ အဲ့ဒီလောက် ဝနေမယ်လို့ မထင်ထားမိဘူး။ ကိုယ့်ဘာသာချက်ပြီး ကိုယ့်ဘာသာစားကောင်း။ ဘာစားစား အမြဲစားကောင်းနေတော့လည်း ခက်သား။ လွန်ခဲ့တဲ့သုံးပတ်က နယူးဂျာဆီက အသိအစ်မအိမ်မှာ ပေါင်ချိန်ဖြစ်တယ်။ ၁၃၄ ပေါင် ဘုရားရေ  ... မနှစ်က ဒေါက်တာနာဇီးယားဟူစိန်ဆီမှာ ချိန်တုန်းက ၁၂၄ ပေါင်။ တစ်နှစ်အတွင်း ဆယ်ပေါင်တောင် တက်လာပါလား။ ဆယ်ပေါင်ဆိုတာ နည်းတာမဟုတ်ဘူး။ ဘောင်းဘီဆိုဒ်ဇီးရိုးနဲ့ မတော်လို့ ဆိုဒ်တူး ဝယ်ဝတ်ရတယ်။ မေးနှစ်ထပ် ဗိုက်ခေါက်ထွက် ပေါင်တွေကြီးလာတာတော့ သတိထားမိတယ်။ မဖြစ်တော့ဘူး ဝိတ်လျှော့မှပဲ ညဖက် ထမင်းမစားတော့ဘဲ အရွက်သုပ်၊ ပဲကြာဇံသုပ်၊ ခေါက်ဆွဲသုပ်စားတယ်။ ဗုဒ္ဓဟူး၊ တနင်္ဂနွေ တပတ်နှစ်ကြိမ် သုံးမိုင်ပြေးတယ်။ ရုံးကပြန်ရောက်တာနဲ့ ယောဂလေ့ကျင့်ခန်း ဆယ်မိနစ်လုပ်တယ်။ သုံးပတ် ငါးပေါင်ကျတယ်လို့ ဝိုင်းကိုပြောပြတော့ ဒင်းက မယုံဘူးလေ။ ကိုယ်က ဝိတ်ကျဖို့အင်မတန် ခက်တယ်ဆိုတာကို သူသိတာကိုး။ သူ ခရီးနှစ်ပတ်ထွက်လို့ အရင်ပင်ပန်း အစားအသောက် ပုံမှန်မစားဖြစ်တာတောင် နှစ်ပေါင်ပဲကျတာ ကိုယ်က ငါးပေါင်ကျတယ်ဆိုတာ ဟုတ်ပါ့မလား။ မင်း ပေါင်ချိန်စက်က မှန်ရဲ့လား အိုင်ခီယာက ဝယ်ထားတာ မှန်ပါတယ်။ သေချာအောင် အမေဇုန်မှာ နံပါတ်ဝမ်းဖြစ်တဲ့ဟာကို ဝယ်လိုက်တယ်။ ငါးပေါင်ကျတယ် ဟမ် ... အိုင်ခီယာပေါင်ချိန်စက်က သုံးပေါင်ကျတယ်။ ဘာပဲဖြစ်ဖြစ် သုံးပေါင်ကျတယ်လို့ပဲ မှတ်လိုက်မယ်။ ခုတပတ် နယူးဂျာဆီ အသိအစ်မအိမ် ပြန်ရောက်တော့ ပေါင်ချိန်ဖြစ်တယ် ၁၃၁ ပေါင်။ ယေး ... သုံးပေါင်ကျတာ သေချာပြီ ငါကွ။ ဝိုင်းကို ပြောပြတော့ ယုံပါပြီတဲ့။ ကိုယ့်ရည်မှန်းချက်က ဆယ်ပေါင်ကျဖို့ ၁၂၄ ပေါင်။ ကိုယ်ပုံမှန်က ၁၁၆ ပေါင် ၁၁၆ ကနေ ၁၂၀ အတွင်း ရှိရမယ်။ ဝိုင်းက မင်းလုပ်နိုင်ပါတယ် ၃ ပေါင်တောင် ကျပြီးပြီပဲ ဒီပုံစံအတိုင်းဆို ဆယ်ပေါင်ကျမှာပါ။ မကြီးက သစ်သီးတွေစားတာလျှော့၊ ဗိုက်၊ ပေါင်၊ တင်အတွက် လေ့ကျင့်ခန်း လုပ်ခိုင်းတယ်။ သမီး ဝနေသလိုပဲလို့ သတိပေးလာတဲ့အမေ့ကို ဝိတ်လျှော့နေတဲ့အကြောင်း၊ သုံးပေါင်ကျလာတဲ့အကြောင်းပြောပြီး ဘယ်လိုစားသောက်ရတယ်ဆိုတာ ဆွေးနွေးကြတယ်။ အဖေက သမီးရေ ဝိတ်သိပ်မလျှော့နဲ့ အရမ်းပိန်ရင် မကောင်းဘူး အားမရှိဘဲ ဖြစ်နေလိမ့်မယ်။ တအားပိန်ညောင်နေအောင်တော့ မလျှော့ပါဘူး ခုကအရမ်းဝနေလို့ ပုံမှန်အလေးချိန် ပြန်ရောက်အောင်လို့ ကြိုးစားနေရတာ။ ဝိတ်လျှော့ရမယ်လို့ လက်ခံတယ်၊ ဝိတ်လျှော့မဲ့နည်းလမ်းတွေကို သိတယ်၊ ဝိတ်လျှော့ချင်စိတ်လည်းရှိတယ်၊ ကြိုးစားအားထုတ်မှု ဇွဲလုံ့လဝီရိယလည်း ရှိတယ်ဆိုရင် ဝိတ်ကျတယ်ဆိုတာ ကိုယ်တွေ့။

စန်းထွန်း
ဂျူလှိုင် ၂၂၊ ၂၀၁၈။

ဖတ်ပြီးတဲ့ စာအုပ်တွေ ... ၃

ကြိုက်လွန်းလို့ ၂ ခေါက် ထပ်ဖတ်တဲ့ စာအုပ်လေးကတော့ အမေရိကန်စာရေးဆရာ Anthony Doerr ရဲ့ All the light we cannot see ပါ။ ဇာတ်လမ်းက အရမ်းစိတ်ဝင်စားဖို့ ကောင်းသလို အရေးအသားလည်း အင်မတန်ကောင်းတယ်။ ၁၉၃၄ ပါရီသဘာဝသမိုင်းပြတိုက်က သော့ကိုင်ရဲ့သမီး Marie-Laure LeBlanc ဟာ အသက် ၆ နှစ်မှာ မျက်မမြင်ဖြစ်သွားတယ်။ သူ့အဖေက သူတို့နေထိုင်ရာရပ်ကွက် ပုံစံတူလုပ်ပေးပြီး သွားလာတတ်အောင် လေ့ကျင့်သင်ကြားပေးတယ်။ မာရီမွေးနေ့မှာ သူ့အဖေက မျက်မမြင်စာနဲ့ရေးထားတဲ့ ဝထ္ထုတွေ လက်ဆောင်ပေးတယ်။ အဲ့ဒီပြတိုက်မှာ အပြာရောင်ထဲမှာ အနီရောင် နည်းနည်းစွက်ထားတဲ့ Sea of Flames ဆိုတဲ့ ကျိန်စာသင့်နေတဲ့ စိန်တုံးရှိတယ်။ အဲ့ဒီစိန်တုံးပိုင်ရှင်က အသက်ရှည်ပြီး သူချစ်တဲ့သူတွေကတော့ တနည်းနည်းနဲ့ သေသွားကြတယ်လို့ ကောလဟာလ သတင်းတွေထွက်တယ်။ ဂျာမဏီက မိုင်းတွင်းမြို့မှာ အသက် ၈ နှစ်အရွယ် မိဘမဲ့ Werner Pfenning နဲ့ ညီမ Jutta ဟာ မိဘမဲ့ကျောင်းမှာ ရေဒီယိုတလုံး ရှာတွေ့တယ်။ Werner ပြင်လိုက်လို့ ရေဒီယိုကောင်းသွားပြီး ပြင်သစ်ကနေ အသက်ကြီးတဲ့ လူကြီးတစ်ယောက် တင်ဆက်တဲ့ ကမ္ဘာ့သိပ္ဗံအကြောင်းကို ကလေးတွေ နားလည်နိုင်အောင် တက်ဆက်တာကို နားထောင်လေ့ရှိကြတယ်။ မိဘမဲ့ကျောင်းမှာ သူတို့ကို ကြည့်ရှုစောင့်ရှောက်တဲ့ Frau Elena က ပြင်သစ်က ပြင်သစ်စကားပြောလေ့ရှိတော့ သူတို့တွေ ပြင်သစ်လို နားလည်တယ်။ ၁၉၄၀ နာဇီဟစ်တလာ ပြည်သစ်ကို ကျူးကျော်တော့ မာရီနဲ့ သူ့အဖေ ပါရီကနေ တိမ်းရှောင်ရတယ်။ အစက ပြတိုက်က စေလွှတ်တဲ့နေရာကို သွားပေမဲ့ အဲ့ဒီအိမ်ကလူက အင်္ဂလန်ကို ထွက်ခွာသွားတယ်။ ဒီတော့ အန်ကယ် Etienne ရှိတဲ့ ပြင်သစ်ပြည် တောင်ပိုင်းက Saint-Malo မြို့ကို ထွက်ခွာလာကြတယ်။ အန်ကယ်က ပထမကမ္ဘာစစ်မှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ပွဲကအပြန်မှာ စိတ်ဝေဒနာခံစားနေရတယ်။ ပုရွတ်ဆိတ်ကိုတောင်ကြောက်ပြီး အိမ်ပြင်မထွက်သလောက်ပဲ။ အန်ကယ်နဲ့ သေသွားပြီဖြစ်တဲ့ သူ့အစ်ကို ညီအစ်ကိုနှစ်ယောက်ဟာ ကလေးတွေအတွက် ရေဒီယိုအစီအစဉ်တွေ ထုတ်လွှင့်လေ့ရှိတယ်။ ဂျာမန်ကောင်လေးနဲ့ သူ့ညီမတို့ နားထောင်လေ့ရှိတဲ့ အစီအစဉ်တွေပေါ့။

Sea of Flames နဲ့ ပုံစံတူ စိန်၃တုံး စုစုပေါင်း စိန် ၄ တုံးကို ယုံကြည်စိတ်ချရတဲ့ ပြတိုက်ဝန်ထမ်းလေးဦးနဲ့ လေးနေရာကို စေလွှတ်တယ်။ ဘယ်သူမှ စိန်အစစ်အတုဆိုတာကို မသိဘူး။ ကိုယ်တာဝန်ယူရတဲ့စိန်ကို ဂျာမန်တွေ လက်ထဲမရောက်အောင် အသက်ထက်ဆုံး ကာကွယ်ရမယ်။ မာရီရဲ့အဖေဟာ အဲ့ဒီလိုတာဝန်ပေးခံရတဲ့ လေးယောက်ထဲကတစ်ယောက်။ မာရီ့အဖေဟာ Sanint-Malo မြို့ပုံစံတူလေး ပြုလုပ်ပြီး စိန်တုံးကို အဲ့ဒီထဲမှာ ထည့်ထားတယ်။ အဲ့ဒီပုံစံတူလေးက မာရီ့အိပ်ယာအောက်နားလေးမှာ ရှိနေတတ်ပြီး မာရီက လက်ကလေးနဲ့စမ်းသပ်ကာ မြို့လေးက လမ်းတွေအိမ်တွေကို မှတ်သားနေလေ့ရှိတယ်။ မြို့လေးက အဆောက်အဦးတွေကို ပုံဆွဲ အကွာအဝေးတွေကို တိုင်းတာနေလေ့ရှိတဲ့ မာရီ့အဖေကို ဂျာမန်တွေက ဖမ်းသွားပြီး နာဇီအကျဉ်းစခန်း ပို့လိုက်တဲ့အခါ မာရီဟာ အန်ကယ်၊ အိမ်တော်ထိန်း Madame Manec နဲ့ ကျန်ခဲ့တော့တယ်။ နာဇီဘူမိဗေဒပညာရှင် စစ်ဗိုလ် Sergeant Major Reinhold von Rumpel က Sea of Flames စိန်တုံးနောက်ကို လိုက်ရာမှာ ၃ တုံးကို လိုက်ပြီးပြီ။ အားလုံးအတုတွေ Saint-Malo ကို ရောက်နေတဲ့ စိန်တုံးကတော့ အစစ်ဖြစ်ရမယ်။ သူ့ကျူမာအလုံးအကြိတ်ကလည်း ကြီးလာပြီ စိန်အစစ်ကိုတွေ့ရင်တော့ သူ့ကျူမာအလုံးအကြိတ်ကို ခွဲထုတ်နိုင်ပြီး အသက်ရှင်လိမ့်မယ်လို့ အားခဲထားတယ်။ မဒမ်မန်နက်ဟာ ဒေသခံမိန်းမတွေနဲ့အတူ တော်လှန်ရေးမှာ ပါဝင်တယ်။ အောင်မြင်မှုတွေ ရှိပေမဲ့ မဒမ်မန်နက် နေမကောင်းဖြစ်ပြီး သေဆုံးသွားတယ်။ အန်ကယ်က အိမ်ပြင်မထွက်နိုင်တော့ မာရီဟာ ပေါင်မုန့်ဆိုင်သွားပြီး ခွဲဝေတဲ့ပေါင်မုန့်ကို သွားယူရတယ်။ ပေါင်မုန့်အတူ ရလာတဲ့ စာထဲက သတင်းအချက်အလက်တွေကို အန်ကယ်က ရေဒီယိုကနေ လွှင့်ပေးရတယ်။ များသောအားဖြင့် ဘယ်သူသေဆုံးသွားပြီ၊ ဘယ်သူက ဘာလေးမွေးတယ်လို့ ဘယ်သူ့တွေကို အသိပေးအပ်ပါတယ်၊ အိမ်ကို ချောချောမောမော ရောက်ရှိကြောင်း ဘယ်သူ့ကို အသိပေးအပ်ပါတယ် ဆိုတာတွေပေါ့။ ရေဒီယိုပိုင်ခွင့်မရှိတဲ့အချိန်မှာ ရေဒီယိုလွှင့်တယ်ဆိုတာ ကြီးမားတဲ့အပြစ်ကြီးတစ်ခုပါပဲ။

Werner တို့တပ်ဖွဲ့ဟာ Saint-Malo မှာ ထူးဆန်းစွာ ရေဒီယိုလွှင့်နေတာကို ဖျက်ဆီးဖို့ တာဝန်ပေးခံရပါတယ်။ ဂျာမန်စစ်ဗိုလ်က မာရီတို့အိမ်မှာ စိန်တုံးလာရှာ၊ Werner တို့ကလည်း ရေဒီယိုလွှင့်တဲ့ သဲလွန်စကိုရှာ။ Werner က သူငယ်ငယ်တုန်းက နားထောင်လေ့ရှိတဲ့ သိပ္ဗံရေဒီယိုအစီအစဉ် ထုတ်လွှင့်တာ မာရီ့အန်ကယ်မှန်း သိသွားတဲ့အခါ အဖမ်းမခံရအောင် ကူညီတယ်။ စစ်ဗိုလ်လက်ထဲက လွှတ်အောင်လည်း ကူညီတယ်။ မာရီ Saint-Malo က ထွက်ပြေးတဲ့အခါ ဒီရေမထိအောင် စိန်တုံးကို ဆွယ်တာအိတ်ထဲ ထည့်လိုက်တယ်။ Werner ဟာ မာရီကို အဖြူရောင်အလံလေး လုပ်ပေးပြီး မဟာမိတ်တွေဆီကိုရောက်အောင် ကူညီပေးတယ်။ မာရီအန္တရာယ်ကင်းပြီ စိတ်ချရပေမဲ့ Werner ဟာ တဖြည်းဖြည်း ကျန်းမာရေး ဆိုးဝါးလာခဲ့တယ်။ နေကောင်းလာပေမဲ့ တညကယောင်ကတမ်းနဲ့ နင်းလိုက်တဲ့နေရာ မြေမြှပ်မိုင်းနေရာဖြစ်နေပြီး သေဆုံးသွားခဲ့တယ်။ နှစ်သုံးဆယ်အကြာမှာ Jutta ဟာ အစ်ကိုဖြစ်သူ Werner ရဲ့ သူငယ်ချင်းဖြစ်သူ Frank Volkheimer  ဆီကနေ Saint-Malo မြို့ပုံစံတူကို လက်ခံရရှိတယ်။ Jutta ဟာ သားဖြစ်သူ Max နဲ့ ပြင်သစ်ပြည်ကို လာခဲ့တယ်။ မာရီ့အဖေ အလုပ်လုပ်ခဲ့တဲ့ ပါရီသဘာဝသမိုင်းပြတိုက်မှာ အလုပ်လုပ်နေတဲ့ မာရီနဲ့ တွေ့ဆုံခဲ့တယ်။ မာရီ သိလိုက်ရတာက Werner ပစ္စည်းဟာ Sea of Flames စိန်တုံးဖွက်ထားတဲ့  Saint-Malo မြို့ပုံစံတူ။ Saint-Malo မြို့ကနေ ထွက်ပြေးတုန်းက ဂူထဲမှာဖွတ်ထားခဲ့တဲ့ဟာ။ အသက် ၈၆ နှစ်ရှိပြီဖြစ်တဲ့ မာရီဟာ မြေးငယ်လေးနဲ့ သူကြီးပြင်းခဲ့တဲ့ ပါရီကလမ်းတွေမှာ လမ်းလျှောက်ရင်း အဆုံးသတ်ထားတယ်။ ဆွတ်ပျံ့ကြည်နူးဖွယ် စိတ်ဝင်စားဖို့ အရမ်းကောင်းတဲ့၊ လက်ကမချချင်လောက်အောင် ကောင်းတဲ့စာအုပ်လေး။ ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။

Happy Reading !
စန်းထွန်း
ဂျူလှိုင် ၁၈၊ ၂၀၁၈။

စကားလုပ်ကြံပြောသူ ...

အသိအစ်မတစ်ယောက်ဟာ စာကြိုးစားတယ်၊ အလုပ်အရမ်းလုပ်တယ်၊ သူတပါးကို ကိုယ်ရောစိတ်ပါ ကူညီတတ်တယ်၊ ချစ်စရာအသံလေးနဲ့ အားပေးကူညီတတ်တယ်။ ဒါပေမဲ့ စကားကိုလုပ်ကြံ ပြောတတ်တယ်။ သူ့အကြောင်းကို သိပေမဲ့လည်း နောက်ဆုံးသူ့အပြောမှာမြောပြီး တခြားတစ်ယောက်ကို စိတ်ဆိုး။ ဟိုတယောက်ကတည်း ငါ့ကို အဲ့လိုပြောတယ် ဒီတယောက်ကလည်း ဒင်းက ဒီလိုပြောတယ်။ အမှန်က မမလှည့်ကွက်တွေ။ နောက်ဆုံးအကြောင်းစုံ သိတော့မှ ပြန်အဆင်ပြေ မမကိုစိတ်ဆိုး မခေါ်နိုင်မပြောနိုင်ဖြစ်။ သူငယ်ချင်းတွေ ဖြစ်နေတော့လည်း ခဏပဲစိတ်ဆိုး နောက်တော့ပြန်ခေါ်။ ပြီးရင် မမက စကားလုပ်ကြံ လုပ်ကြံခံရသူတွေက စိတ်ဆိုး ပြန်ခေါ်ကြနဲ့ ဒီသံသရာစက်ကွင်းကနေ မလွတ်နိုင်ဘူး။ မမက ကိုယ့်ကို အများကြီးကူညီဖူးတယ်။  မမက အကုန်သိတဲ့သူဆိုတော့ တခုခုသိချင်တိုင်း မမကို မေးရတာပါပဲ။ မမကလည်း ချက်ချင်းမတုံ့မဆိုင်း နှုတ်ရဲ့စောင်မခြင်း ကိုယ်ရဲ့ကူညီခြင်းနဲ့ ကူညီတယ်။ မမအကြောင်း သိနေလို့ စကားကို အင်မတန်သတိထား ပြောတာတောင် ကိုယ်က ပြောပါတယ်ဆိုပြီး ပြောနေလို့ စိတ်ထဲမကျေလည်တာ ဖြစ်လိုက်သေးတယ်။ မမအကြောင်း သိနေလို့ ဟိုဖက်ဒီဖက်က စိတ်မဆိုးကြလို့သာ တော်တော့တယ် တကယ့်ရိုက်ပေါက်။ မမနဲ့ ခပ်ကင်းကင်း နေပေမဲ့ တချို့ကိစ္စတွေမှာ သူ့ဆီကသတင်း၊ အကူအညီလိုတော့ ကိုယ်ပေါင်းစိတ်ခွာ နေရတယ်။ မကင်းရာမကင်းကြောင်းမို့လို့ ပတ်သတ်ဆက်ဆံ ခင်မင်နေရပေမဲ့ ခပ်လန့်လန့်ရယ်။ ဘယ်တော့များ ကိုယ်ကပြောပြတယ်ဆိုပြီး လုပ်ကြံလီဆယ်နေမလဲလို့...။

စန်းထွန်း
ဂျူလှိုင် ၁၅၊ ၂၀၁၈။

ကဲ့ရဲ့အပြစ်ပြောတဲ့သူ ...

ကိုယ်နဲ့ကြုံဆုံဖူးတဲ့သူတွေထဲကမှာ သူများနဲ့မတူ တမူထူးခြားတဲ့ သူတစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။ လူသားတစ်ယောက်အနေနဲ့ အတင်းတုတ်တယ်၊ ကဲ့ရဲ့တယ်၊ အပြစ်တင်တယ်၊ ချီးမွမ်းတယ်ဆိုတာ မဆန်းပါဘူး။ ကိုယ်ကိုတိုင်လည်း အတင်းတုတ်တယ်၊ ကဲ့ရဲ့တယ်၊ အပြစ်တင်တယ်၊ ချီးမွမ်းတယ် ဆိုပါတော့။ ကိုနိုင်ဟာ ဟိုးအရင်ကတည်းက သိခဲ့တဲ့အသိမိတ်ဆွေ အစ်မတစ်ယောက်ရဲ့ ခင်ပွန်းပါ။ နွေရာသီကျောင်းပိတ်ရက် အသိအစ်မအိမ် ခဏသွားလည်တုန်း ညဉ့်နက်သန်းခေါင် ကိုနိုင် အရက်မူးပြီး အော်ဟစ်ရမ်းကားတယ်။ ရဲခေါ်ချင်တာ မကောင်းတတ်လို့ ဧည့်သည်ပီပီ ငြိမ်နေရတယ်။အသိအစ်မကတော့ အားတွေနာ မျက်နှာတွေပူတာပေါ့။ ကိုယ်လုပ်အားသွားပေးတဲ့ အဖွဲ့အစည်းက ဒါရိုက်တာအမျိုးသမီး မမီက ကိုယ့်ကိုကူညီစောင့်ရှောက်တယ်။ မမီက အရင်တုန်းက အစိုးရအတိုက်အခံအဖွဲ့မှာ ယောက်ျားတွေနဲ့ ရင်ဘောင်တန်း တာဝန်တွေယူခဲ့တဲ့သူ။ နိုင်ငံခြားရောက်တော့ ကလေးတဖက်နဲ့ ပညာကိုကြိုးစားသင်တယ်။ နောက်တော့ ကူညီပေးရေးအဖွဲ့အစည်းမှာ ဒါရိုက်တာဖြစ်လာတယ်။ အလုပ်အရမ်းကြိုးစား တော်တဲ့ထက်တဲ့ မိန်းမတစ်ယောက်။ တနေ့ ကိုနိုင်က မမီတို့များ အင်္ဂလိပ်စာကို ဘယ်လိုသင်သလဲဆိုရင် ဘိုတွေနဲ့အိပ်ပြီးသင်တာလို့ ပြောတယ်။ ဂျမ်းတဲမဲလ် လူကြီးလူကောင်း မပီသတဲ့သူကို စကားပြောချင်စိတ်ကို မရှိတော့တာ။ ပြောလိုက်ချင်တာ အဲ့ဒါဆို ခင်ဗျားလည်း ဘိုမတွေနဲ့အိပ်ပြီး အင်္ဂလိပ်စကားသင်ပါလာလို့။ ပြောတဲ့သူက မြန်မာပြည်က ဘွဲ့ရပညာတတ်။ နိုင်ငံခြားရောက်တာလည်း ၄၊ ၅ နှစ်လောက် ရှိပြီ ခုထိ အင်္ဂလိပ်စကား မပြောတတ်သေးဘူး။ ဟိုတယောက်ရဲ့ ခြေဖျားကိုတောင် မမှီတဲ့သူက ကဲ့ရဲ့ပြစ်တင် ဝေဖန်နေလိုက်တာ။ သူ့ဟာသူ ဘယ်သူနဲ့ပဲအိပ်အိပ် ဘာမှဝေဖန်အပြစ်စရာ မလိုဘူးလေ။ နောက်နှစ်သွားလည်တော့ ကိုယ့်ကိုကူညီပေးဖူးတဲ့ ကိုဝင်းကို ညွှန်ပြပြီး ကြည့် ... ကြည့် ... ကိုဝင်း ကောင်မလေးတွေကို ကြောင်နေတယ် (ပိုးပန်းနေတာ) လို့ပြောတယ်။ ဟာ ... ကြောင်ပါစေလေ သူက လူပျိုပဲ အပျိုတွေကို ပိုးပန်းမှာပေါ့။ ကြာလေ ကဲ့ရဲ့အပြစ်တင်ပြောမှန်းသိလာလေ အသိမိတ်ဆွေ မဖြစ်ချင်၊ စကားမပြောချင်လေ။ အရင်တုန်းက အဲ့ဒီအစ်မသား ဘာလို့ဆိုးပါလိမ့် သူ့အမေက စိတ်ထားကောင်းမွန်တဲ့သူ။ ခုမှ သဘောပေါက်တယ် သူ့အဖေရဲ့ ဗီဇဆိုးတွေ ရထားတာကိုး။ ကိုယ်မခင်မင်ချင်တဲ့သူနဲ့ ခဏလေးပဲ ဆုံလိုက်ရပြီး နေ့စဉ် မျက်နှာခြင်းမဆိုင်၊ စကားမပြောရတာ ကံကောင်းတယ်လို့ ဆိုရမလား။

စန်းထွန်း
ဂျူလှိုင် ၁၁၊ ၂၀၁၈။

အမြင်ကပ်တဲ့သူတွေ ...

ရထားပေါ်မှာ သီချင်းအကျယ်ကြီး ဖွင့်နားထောင်တဲ့သူတွေ၊ ဒူးကားပေါင်ကား ထိုင်တတ်တဲ့ ကိုကိုတွေ၊ အထုပ်ကိုခုံအောက်မချဘဲ ထိုင်ခုံပေါ်တင်ထားတတ်တဲ့ မမတွေ၊ ရေမချိုး၊ သန့်ရှင်းတဲ့အဝတ်မဝတ် အနံ့ဆိုးထွက်တဲ့သူတွေ၊ ဖုန်းပြောရင် စကားအကျယ်ကြီး ပြောတဲ့သူတွေ၊ တံခါးဆောင့်ပိတ်တတ်တဲ့သူတွေ၊ မိုက်ကရိုဝေ့စ်၊ ရေခဲသေတ္တာ အဖွင့်အပိတ်ကြမ်းတဲ့သူတွေ၊ ခြေနင်းသံပြင်းတဲ့သူတွေ။ ထမင်းစားပြီးလို့ ခုံပေါ်မှာ ပေပွနေတာကို မရှင်းဘဲထားခဲ့တဲ့သူတွေ၊ ဘေဇင်မှာ ရေလာသွန်ပြီး လက်ဖက်ခြောက်၊ ကိုယ့်အမှိုက်ကိုယ် မရှင်းတဲ့သူတွေ၊ အိမ်သာမှာ ရှုးပေါက်ရင် ညစ်ပတ်နေအောင် ပေါက်သွားတဲ့သူတွေ၊ အီးပါပြီး ရေဆွဲမချတဲ့သူတွေ၊ တစ်ရှူးကို အမှိုက်ပုံးထဲမထည့်သူတွေ၊ ရေပိုက်ကို အဆုံးအထိမပိတ်ဘဲ ထားခဲ့လို့ ရေတွေလေလွင့်စေတဲ့သူ၊ အမှိုက်ပုံးထဲ မပစ်ဘဲ တွေ့ကရာပစ်တဲ့လူတွေ၊ တက်နင်းတိုက်မိလို့ ဆောရီးမပြောတဲ့သူတွေ၊ လက်ဖက်ရည်ဆိုင်ပြီး နှမသားချင်းမနာစာ စာနောက်တတ်သူတွေ၊ အရက်သောက် ဆန်ကုန်မြေလေး မိသားစုကို ဒုက္ခပေးတဲ့သူ၊ ကျေးဇူးတင်စကား မပြောတတ်တဲ့သူတွေ၊ ရည်းစားမထားသေးဘူးလား၊ ယောက်ျားမယူသေးဘူးလား၊ ကလေးမယူသေးဘူးလား၊ လစာဘယ်လောက်ရလဲ၊ ခရီးတွေသိပ်မသွားနဲ့ ပိုက်ဆံစုလို့ ပြောတဲ့သူတွေ။

စန်းထွန်း
ဂျူလှိုင် ၇၊ ၂၀၁၈။

နှင်းဆီခင်း...

နယူးယောက်ဘော်တစ်နစ်ကယ်ဂါးဒင်းရဲ့ နှင်းဆီပွဲတော်က ဂျွှန် ၉ ၊ ၁၀။ စနေနေ့မနက် ၁၀ အထိ ဝင်ခွင့်ဖရီးဆိုပေမဲ့ နှင်းဆီပွဲတော်ချိန်မှာတော့ ဖရီးရမယ်မထင်ဘူး။ ပြီးတော့ ဂျွှန် ၉  စနေနေ့ညဖက် ဝိုင်းက လန်ဒန်သွားရမယ်။ ဒီတော့တပတ်စောပြီး သွားလိုက်တယ် နှင်းဆီတွေက ၆၀ ရာခိုင်နှုန်းပဲ ပွင့်သေးတယ်တဲ့။ ဂျွှန် ၂ စနေနေ့ ဂရမ်းစင်ထရယ်ဘူတာကနေ ဝှိုက်ပလိမ်းဖက်ကို မနက် ၈ နာရီ ၄၇ ထွက်တဲ့ရထားစီးရင် နယူးယောက်ဘော်တစ်နစ်ကယ်ဂါးဒင်းရှေ့ ၉  နာရီခွဲလောက် ရောက်ပါတယ်။ သစ်ပင်ပန်းမန်တွေနဲ့ စိမ်းစိုနေတာပဲ။ နှင်းဆီခင်းထဲရောက်တော့ လူတွေရောက်နှင့်နေပြီ။ နှင်းဆီတော်တော်များများ ပွင့်နေပြီ တချို့က ကြွေကျလို့။ ချယ်ရီပွဲတော်လည်း အဲ့ဒီလို ချယ်ရီမပါဘဲ ချယ်ရီပွဲတော်ကျင်းပ ၂ ပတ်လောက် နောက်ကျပြီးတော့မှ ချယ်ရီတွေပွင့်တယ်။ ခုနှင်းဆီပွဲတော်ကတော့ နှင်းဆီတွေက အရင်ပွင့်နှင့်နေတယ်။ ရှေ့တပတ် နှင်းဆီပွဲတော်အထိတောင် ပန်းတွေကျန်ပါတော့မလား။ ကိုယ်တို့တပတ်စောလာလိုက်တာ မှန်သွားတယ်။ နှင်းဆီပန်းတွေနဲ့ လှည့်ပတ်ရိုက်။ နေကလည်း ခြစ်ခြစ်တောက်ပူ ပူလိုက်တာ နွေရောက်ပြီကိုး။ ကန်ထဲမှာ ကလေးသံတွေကြားလို့ ဝင်ကြည့်မလို့ မူလတန်း၊ အလယ်တန်းကျောင်းသားတွေအတွက်သာတဲ့။ ချယ်ရီပင်တွေ၊ ရေတံခွန်တွေကို ဖြတ်ကျော်လို့ စမ်းချောင်းဘေးလမ်းလေးအတိုင်း လမ်းလျှောက်။ တရာသီနဲ့တရာသီ ပွင့်တဲ့ပန်းတွေကမတူ သာယာလှပတယ်။ ဆူနမ် ၂၀၁၇ ဒီဇင်ဘာလ သူ့အစ်မရှိတဲ့လန်ဒန်ကို တလကျော်သွားလည်တာ ဘယ်မှမရောက်ဖြစ်ဘူး။ အစ်မက မအားလို့လိုက်မပို့နိုင်ရင် ကိုယ့်ဘာသာသွားလည်မှာပေါ့။ လန်ဒန်မှာ ရထားစီးရတာ အဆင်ပြေပါဘိနဲ့။ ခုတော့ အမျိုးတွေနဲ့တွေ့လိုက်၊ ဖဲရိုက်လိုက်နဲ့ ။ ကိုယ်တို့နဲ့ နေရာခြင်းသာ လဲလိုက်ချင်တော့တယ်လို့ အားမလိုအားမရဖြစ်ကြတဲ့ ကိုယ်တို့နှစ်ယောက် ပြောကြတယ်။ဟာဝိုင်အီရိုးရာဝတ်စုံလေးတွေနဲ့ ကမလားလို့စောင့်နေတာ ဆယ်မိနစ်လောက်ကြာတဲ့အထိမက။ ပန်းပင်တွေကို ဓာတ်ပုံရိုက်ရင်းစောင့် ဗုံသံကြားလို့သွားကြည့်တော့ မမလေးတွေက ဆယ်ဖီရိုက်နေကြတယ် နေ့လည်ကျမှကမယ်တဲ့။ မစောင့်နိုင်တော့ဘူး ၁၂ ၃၀ ရထားနဲ့ နယူးယောက်ပြန်ခဲ့တယ်။

ဂျူလှိုင် ၅ ကနေ ၁၆ ရက်နေ့အထိ အလာစကာပြည်နယ်ဖက်ကို ၁၂ ရက်ခရီး သွားပါမယ်။ ပြန်လာရင် အလာစကာသွား တောလားပို့စ်တွေ ရေးပါဦးမယ်။

စန်းထွန်း
ဂျူလှိုင် ၃၊ ၂၀၁၈။