ယိုးဒယားသွား တောလား - ၇

မကြီးက မိသားစုနဲ့ ဆက်နေချင်လို့ နှစ်ရက်ထပ်တိုးပြီးနေတယ်။ ထိုင်းမှာ ၂ ရက် ကျန်သေးတယ် ဘန်ကောက်မှာ လည်စရာကုန်ပြီဆိုတော့ မကြီးက ဖူးခက်ကို သွားလည်တဲ့။ အားချင်းစီစဥ် ပုံ့ကိုလိုက်မလားမေးတော့ လိုက်မယ်ဆိုလို့ ဘက်ဂျက်အဲယားလိုင်း VietAir ကိုဘွတ်။ အာဂိုးဒါးဆိုဒ်ကနေ သက်သာတဲ့ဟိုတယ်ဘွတ်။ ဖူးခက်ရောက်မှ ဟိုတယ်ကနေ တိုးကိုဘွတ်တဲ့။ အားလုံးဘွတ်ပြီးခါမှ ပုံ့ရဲ့ပတ်စပို့စ်က ဗီဇာတင်ထားတာ မရသေးမှန်း သတိရသွားတယ်။ လေကြောင်းလိုင်းကို ဖုန်းဆက်မေးကြည့်တော့ ဒေသတွင်းမို့လို့ ပတ်စပို့စ်မရှိလည်း အိုင်ဒီတခုခုနဲ့ ရပါတယ်တဲ့။ ပုံ့ရဲ့ပတ်စ်ပို့ကို စစ်ကြည့်လိုက်တော့ စာတိုက်မှာသွားယူလို့ရပြီတဲ့။ မနက်ကျရင် ပုံ့ကပတ်စပို့စ်သွားယူ ပြန်လာမှ အကင်္ီျကိုလက်ကေ့ထဲပစ်ထည့်ပြီး လေဆိပ်တန်းလာ။ ၂၀၂၂ ဧပြီ ၃၀ အဖေ့အတွက် ဆေးတွေဝယ် တူတော်မောင်က ဖူးခက်လေယာဥ်ပေါ်တက်ဖို့ ကိုဗစ်အန်တီဂျင်စစ်ရမယ်ဆိုလို့ ဆေးရုံမှာသွားစစ်။ ၂ နာရီလောက်ကြာရင် စစ်တာအဖြေရပြီဆိုတော့ ညဖက်လေယာဥ် ချက်ကင်ဝင်တဲ့အချိန်ဆို အတော်ပဲ။ မကြီးက စလုံးပြန်၊ ကိုယ်တို့က ဖူးခက်သွား ပုံ့နဲ့လေဆိပ်မှာဆုံ ချက်ကင်ဝင်။ စောနေသေးလို့ ဂိတ်နံပါတ်မထွက်သေးဘူး။ ညစာစားတော့ တူတော်မောင်က မီနူးကြည့်ပြီး သူစားချင်တာမှာတယ်။ စောင့်နေတဲ့နေရာက လေယာဥ်ပြေးလမ်းနဲ့နီးတော့ လေယာဥ်အတက်အဆင်း၊ လေယာဥ်က လှေကားနားကပ်လာတာတွေ အနီးကပ်မြင်ရတော့ စိတ်ဝင်စားလွန်းလို့ တူတော်မောင် မျက်စိကိုမမှိတ်ဘူး ကြည့်နေတာ စပ်စုစိန်။ ဖူးခက်ကို တနာရီလောက် စီးရတယ်။ လေဆိပ်ကနေ ဟိုတယ်ကို တနာရီလောက်စီး ဟိုတယ်ကို ညည့်နက်သန်းခေါင်မှ ရောက်တယ်။ ဟိုတယ်ရောက်တော့ ဖီဖီကျွှန်းတိုးကိုဘွတ်တော့ နောက်၂ရက်မှရမယ်။ တိုးက တနေကုန် ညမှပြန်ရောက်မှာ ကိုယ်တို့က ညလေယာဥ်နဲ့ ပြန်ရမှာဆိုတော့ အဆင်မပြေဘူး။ မနက်ဖြန်မနက် လမ်းမပေါ်ကဆိုင်တွေမှာ တိုးတွေရှာကြည့်တဲ့။ မကြီးက တိုးဂိုက်ကိုစိုင်းကိုညွှန်းလို့ ဖုန်းဆက်ကြည့်တော့ တချိန်လုံးဖုန်းကမအားဘူး။

နောက်နေ့မနက် ၉ နာရီခွဲမှ ဆိုင်ဖွင့်လို့ မေးကြည့်လိုက်တော့ ဖီဖီကျွှန်းတိုး မရတော့ဘူး။ ဒီကနေ ဖီဖီကျွှန်းဖယ်ရီကို တစ်နာရီ ဖီဖီကျွှန်းကို ဖယ်ရီက ၃ နာရီလောက် စီးရမယ်ဆိုတော့ သွားဖို့အဆင်မပြေဘူး။ ကိုရယ်ကျွှန်းတိုးပဲရတယ်။ ဗန်ကားလေးက လာခေါ်တယ် အဖေက ခြေထောက်နာနေလို့ 711မှာ တိုင်းဂါးဘမ်းဝယ်၊ ရေ၊ ဆန်းဒွတ်စ်၊ အာလူးကြော်တွေဝယ်။ နာရီဝက်လောက် လှေကလေးစီးပြီး ကိုရယ်ကျွှန်းကိုသွားတယ်။ ကမ်းခြေမှာထိုင်ခုံတွေ့လို့ အဖေကထိုင်ချင်လို့ ထိုင်လို့ရမလား မေးကြည့်တော့ အဲ့ဒီမှာ scuba diving လုပ်မှ ထိုင်လို့ရတယ်တဲ့။ မြန်မာမှန်းသိတော့ ထိုင်ခိုင်း ရေနွေးကြမ်းတွေလာချ အုန်းသီးခွဲတိုက် အအေးလာတိုက်နဲ့ ဖော်ရွေလိုက်ကြတာ။ တယောက်က မုတ္တမဖက်က၊ တယောက်က ချင်းတောင်က။ ရောက်တာ အတော်ကြာပြီ ကျွှန်းမှာနေတာကြာလို့ ဘန်ကောက်သွားရင် ဆူညံနေလို့ မနေတတ်ဘူးတဲ့။ ကျွှန်းမှာ သဲဖြူတွေများတဲ့လဆို အဖြူတွေ ရှူခင်းကောင်းတဲ့နေရာကို ကြာရှည်ငှားပြီး နေကြတယ်။ ဟိုတယ်ခ စျေးကြီးတယ် အရင်တုန်းကဆို အမြဲလူအပြည့်။ ကိုဗစ်ကာလ ခုမှပြန်ဖွင့်တာဆိုလို့ လူသိပ်မရှိဘူး။ ရေကူး၊ တူတော်မောင်နဲ့ သဲနဲ့ရဲတိုက်ဆောက်။ သဘောကောင်းတဲ့ ဟိုတယ်ကမြန်မာနှစ်ယောက်နဲ့ အဖေနဲ့ စကားတွေပြောကြ။ နေ့လည်လောက်ကျမှ လူတွေအများကြီးရောက်လာကြတယ်။ scuba diving လုပ်တဲ့သူ အနည်းငယ် တွေ့ခဲ့တယ်။ ကျွှန်းကိုပတ်ကြည့်တယ် ရေတော်တော်ကြည်တယ်။ ၃ နာရီလောက်ပြန်မယ်ဆိုလို့ ဘုတ်သမားက လာစောင့်နေတာ။ မကြီးက ရောက်တုန်း ညနေ ၄ နာရီမှပြန်၊ တူတော်မောင်ကလည်း နေချင်သေးတယ် မပြန်ချင်သေးဘူး၊ အဖေက လေကလည်းနည်းနည်းပေါက်လာ စောစောပြန်ကြမယ်ဆိုတာနဲ့ ညနေ ၄ နာရီမှ ပြန်ကြတယ်။ တူတော်မောင်က မြို့သားဆိုတော့ လမ်းပေါ်မဆော့ဖူး၊ သဲ ပင်လယ်မမြင်ဖူးဘူး။ လွတ်လွတ်လပ်လပ် စိတ်ကြိုက်ဆော့ရလို့ မပြန်ချင်ဘူးတဲ့။ အအေးဖိုး ပိုက်ဆံပေးတာ မယူဘူးလုပ်နေလို့ အတင်းပေးခဲ့ရတယ်။ အဖေ့ခြေထောက်က တော်တော်နာနေလို့ ဟိုတယ်ကမြန်မာနှစ်ယောက် တွဲဆင်းပေးတယ်။ အကိုကြီးနှစ်ယောက်ကို ကျေးဇူးတင် အမှတ်ရပါတယ်။

လေထန်လို့ လှေကနိမ့်လိုက်မြင့်လိုက် ဗောင်ဗင်ခတ်နေတယ်။ ကမ်းပေါ်ရောက်တော့ ဗန်သမားရဲ့လူက ဖုန်းဆက်လိုက်လို့ ဗန်သမားရောက်လာတယ်။ ရေသတ္တဝါပြတိုက်ဝင်ကြည့်တော့ ပိတ်ထားတယ်။ ဆင်တွေ၊ အမှတ်တရပစ္စည်းဆိုင် ဝင်မလားမေးပေမဲ့ မဝင်တော့ဘူး။ ဗန်သမားက တိုးဂိုက်ပီသတယ်။ ပြန်ရောက်တော့ ခဏနား ဟိုတယ်ကဘွတ်ထားပေးတဲ့ ဆေးခန်းမှာ ကိုဗစ်ပီစီအာသွားစစ်။ မြို့ထဲပတ်ကြည့်ပြီး စားသောက်ဆိုင်မှာဝင်စား ဝန်ထမ်းထဲမှာ မြန်မာရှိတယ်။ မကြီးက ဖူးခက်မှာ မြန်မာတွေချည်းပဲလို့ ပြောဖူးတယ်။ အနှိပ်ဆိုင်ကို အဖေက လမ်းမလျှောက်နိုင်လို့ အကူအညီတောင်းတော့ ဆိုင်ကယ်နဲ့လိုက်ပို့ပေးတယ်။ ကိုယ့်ခန္ဓာကိုယ်က မာတောင့်နေလို့ နှိပ်ပေးတဲ့အန်တီက လမ်းလျှောက်တာများတယ်နဲ့ တူတယ်တဲ့။ အမေက ခြေထောက်ပဲနှိပ်တာ အိပ်ပျော်သွားတယ်။ အဖေက ခြေထောက်တဖက်၊ အပေါ်ဖက်တဖက်၊ ကိုယ်နဲ့ပုံ့က တကိုယ်လုံး။ ကိုယ်တို့အနှိပ်ခံနေတုန်း တူတော်မောင်ကို ဂိမ်းပေးဆော့တယ်။ ၂၀၁၀ အင်ဒိုနီးရှား ဘာတန်ကျွှန်းကိုသွားတုန်းက အနှိပ်ခံတာ နောက်နေ့တကိုယ်လုံးနာ။ ဖူးခက်မှာတော့ အနှိပ်ခံရတာကြိုက်လို့ နေ့တိုင်းအနှိပ်ခံချင်နေတာ။ ဆံပင်ကစေးကပ်နေလို့ သွားလျှော်တာ စျေးကြီးပေးမဲ့ လျှော်လိုက်ရတယ်။ ဆိုင်မှာတခါမှ မလျှော်ဘူး မဖြစ်သာတော့မှ လျှော်တာ။ ဆိုင်မှာလျှော်ရတာ ကြိုက်ပါတယ်။ ညဖက် တူတော်မောင်က ဂိမ်းတောင်းတော့ ကြီးကြီးမနက်ဖြန်သွားဖို့လာဖို့ စစ်ရဦးမယ် ပြီးရင်ပေးမယ်နော်။ ခဏနေတော့ တူတော်မောင် အိပ်ပျော်သွားတော့တာပဲ။ တူတော်မောင်နဲ့ ခရီးသွားရတာ အတော်အဆင်ပြေတယ်။ အိမ်ပြန်ချင်တယ်၊ လမ်းမလျှောက်ချင်ဘူး ဂျီကျမယ်ထင်နေတာ ခုတော့ သူကကိုယ့်ထက် တက်ကြွနေတယ် ရှေ့ကနေကို ဦးဆောင်လျှောက်နေတာ။ အရင်တုန်းက လိုက်မလားမေးရင် မအားဘူးချည်းပဲ။ ခုတော့ လိုက်မယ်ဆိုတာချည်းပဲ။ နောက်နေ့ ဖူးခက်မှာ ဘယ်တွေသွားလည်သလဲဆိုတာ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

နိုဝင်ဘာ ၂၄ အသက်လေးဆယ်ပြည့်ပြီ။ ကျေးဇူးတော်နေ့နဲ့လည်း တိုက်နေတယ်။ မွေးနေ့ပွဲဘာညာလုပ်တဲ့သူ မဟုတ်တော့ ရိုးရိုးသာမန်နေ့လိုပါပဲ။ နားလိုက်၊ အိပ်လိုက်၊ ရုပ်ရှင်လေးကြည့်လိုက်၊ စာဖတ်လိုက်၊ မွေးနေ့ဆုတောင်းထားတွေကို လိုက်ခ်လုပ်။ လိုချင်တာတွေ၊ လိုအပ်တာတွေ ဝယ်နဲ့ ဘီးစီး။ ရှေ့အပတ်က မြောက်ကာရိုလိုင်းနားပြည်နယ် Outer Banks ကို ငါးရက်ခရီး သွားဖြစ်တယ်။ ကြိုတင်မစီစဥ်ဘဲ အားခြင်းသွားဖြစ်တာဆိုတော့ အပတ်တိုင်းတင်တဲ့ ပို့စ်တောင်မတင်ဖြစ်ဘူး။ Outer Banks သွား တောလားပို့စ်တွေကတော့ နောက်မှပဲတင်ပါတော့မယ်။ လာမယ် ကြာမယ် ဆိုပါတော့။

Happy Birthday To Me & Happy Thanksgiving!

စန်းထွန်း

နိုဝင်ဘာ ၂၆၊ ၂၀၂၂။

တူတော်မောင်က ပတ်ထိုင်းကြိုက်သွားပြီတဲ့
လွတ်လွတ်လပ်လပ် ဆော့ရ သဲသောင်ပင်လယ် မမြင်ဘူးတဲ့ မြို့သား... Coral Island ကနေ မပြန်ချင်ဘူးတဲ့
အောက်ချင်းငှက်
Parasailing က သိပ်ကြောက်ဖို့မကောင်းဘူးတဲ့ တခါလောက်တော့ စီးကြည့်ချင်သား
ဖူးခက် ပင်လယ်စာ၊ အနှိပ်ခံတာ ကောင်းတယ်
Coral Island ကအပြန် ဆိပ်ကမ်းမှာ ... ချစ်ရသူတွေနဲ့ ပျော်ရပါတယ်

ယိုးဒယားသွား တောလား - ၆

၂၀၂၂ ဧပြီ ၂၉ သောကြာနေ့ ရထားစီးပြီး မြဘုရားကို သွားလည်တယ်။ ပုံ့ပုံ့က အရင်ရောက်ပြီး စောင့်နှင့်နေတယ်။ ပုံ့ပုံ့နဲ့က ၂၀၀၅ ရန်ကုန်မှာ မဟာတန်းတက်တုန်းက သိတာ ပဲခူးသူ။ NUS တက်တုန်းက ပုံ့ပုံ့ရဲ့ သူငယ်ချင်းအရင်းကြီးတွေနဲ့ ကိုယ်ကတဖွဲ့တည်း။ ပုံ့ပုံ့က NUS တက်တာ ကိုယ့်ထက် တစ်နှစ်နောက်ကျတယ်။ ဘဆီ စာမေးဖို့သွားရင် ပုံ့ပုံ့ကို တွေ့တာပေါ့။ ၂၀၁၅ မှာ ပုံ့က အိုင်အိုဝါကိုယ်တက်တဲ့ကျောင်း လာတက်တယ်။ နယူးဂျာဆီအိမ် လာလည်ဖူးတော့ ကိုယ့်မိဘတွေနဲ့ ဆုံဖူးတယ်။ နယူးဂျာဆီအိမ်၊ နယူးယောက်အိမ် ကိုယ့်အိမ်အကုန်လုံး ရောက်ဖူးတဲ့သူ။ ၂၀၁၈ မှာ မြန်မာပြည်ကို အပြီးပြန်သွားပြီး အခုစတိတ်ကို ပြန်လာမလို့ ဘန်ကောက်မှာ ဗီဇာလျှောက်ရင်း စောင့်နေတာ။ ပုံ့နဲ့ မတွေ့တာ သုံးနှစ်လောက်ရှိပြီ။ မြဘုရားက မဖွင့်ဘူးတဲ့ ဝင်ကြည့်မယ်ဆိုပြီး လျှောက်ကြည့်တော့ ဖွင့်သား။ မြဘုရားက သေးသေးလေး။ တူတောင်မောင်က မြဘုရားသွားမှာမို့ နက်ကထိုင်ပါတဲ့ အကင်္ီျဝတ်တယ်။ ကျောင်းဆင်းပွဲတို့လို အရေးကြီးတဲ့နေ့တွေ့ဆို နက်ကထိုင်ပါတာ ဝတ်တယ် ဘူးယို။ နံရံဆေးရေးပန်းချီကို သဘောကျတယ်။ ပန်းပုလက်ရာတွေ လက်ရာမြှောက်တယ်။ မြန်မာဘုရားတွေနဲ့ လက်ရာကွဲပြီး စိတ်ဝင်စားဖို့ကောင်းတယ်။ ပြတိုက်ထဲ ဝင်ကြည့်တယ်။ အနီးအနားက ဘုရားဆီသွားတာ ဒီအချိန်ထိုင်းလူမျိုးတွေအတွက်ပဲ ဖွင့်တယ်ဆိုလို့ မြစ်ကမ်းဖက်ဆီသွားရင်း လမ်းက ကားရပ်နားစခန်းမှာ နေ့လည်စာဝင်စားတယ်။ တိုးဂိုက်တယောက်က ခုမှခရီးသွားလုပ်ငန်း ပြန်ဖွင့်တာတဲ့။ အယုဓ္ဓယမှာ ထမီဝယ်တော့ မြဘုရားမှာ အများကြီးတဲ့။ မြဘုရားရောက်တော့ တဆိုင်မှမရှိဘူး။ ခုမြစ်ကမ်းဘေးကဆိုင်မှ လက်ဆောင်ပေးဖို့ ထမီ အထည် ၂၀ ဝယ်တယ်။ နိုင်ငံခြားသားမို့ စျေးကြီးတဲ့ခရူသဘေင်္ာလက်မှတ် ရောင်းတယ်။ မကြီးက ထိုင်းပြည်သူတွေစီးတဲ့ ရိုးရိုးဘုတ်သဘေင်္ာပဲစီးတယ်။ တူတော်မောင်ကို လေရဟတ်အဝိုင်းကြီး စီးစေချင်လို့ အဲ့ဒီနားသွားတယ်။ ပုံ့ကတော့ မှောင်နေပြီမို့လို့ အိမ်ပြန်သွားတယ်။ တူတော်မောင်က မစီးဘူးလုပ်နေလို့ ကိုယ်တွေပါဝင်စီရတယ်။ ကလေးက မကြောက်ဘဲ မကြီးက ကြောက်နေလို့ ရီရ။ လူရုပ်ကြီးက တက်သွားလိုက် ဆင်းလာလိုက်။ 711 ဆိုင်မှာ အဖေ့အတွက် တိုက်ဂါးဘမ်းဝယ်တယ်။ ညနေ ဟိုတယ်နားက ဘူတာမှာ အဖေ့အတွက် ဆေးဝယ်တယ်။ ဟိုတယ်နားက လမ်းထိပ်မှာ ကိုယ်တွေကစောင့်နှင့်နေပြီး မကြီးက ညစာသွားဝယ်တယ်။ သူ့ကြီးဒေါ် တယောက်တည်း သွားတာကို စိတ်မချလို့လိုက်ချင်။ ကိုယ်တွေကိုထားခဲ့ရမှာလဲ စိတ်မချနဲ့။ တူတော်မောင် စိတ်ပူပြီး ဗျာများနေတာ သနားလည်းသနား စိတ်ကလည်း မရှည်ချင်စရာ။ မကြီးသွားတဲ့ နေရာကိုမသိလို့ ဘယ်လိုက်ရမှန်းမသိဘူးဆိုတာ သေချာရှင်းပြတော့လည်း နားလည် စိတ်ကလည်းပူ။ ဒီအရွယ်နဲ့တောင် ဒီလောက်စိတ်ပူတတ်နေတာ ကြီးလာရင် ဘယ်လောက်စိတ်ပူတတ်မလဲမသိဘူး။ နည်းနည်းကြီးလာတော့မှ တရားမှတ်နည်း သင်ပေးရမယ်။ နောက်နေ့ ဖူးခက်သွားတဲ့အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling!

စန်းထွန်း

နိုဝင်ဘာ ၁၁၊ ၂၀၂၂။

ချိန်းထားရင်တောင် လွဲဦးမယ်...ရေစက်မကုန်လို့ ဘန်ကောက်မှာဆုံ
ဆရာကြီးက အရေးကြီးတဲ့နေ့တွေကို နစ်ကတိုင်ဝယ်တယ်..ဘူးယို
ပန်းပုလက်ရာ အသေးစိတ်
ပန်းချီကားတွေက အသေးစိတ် အနုပညာလက်ရာ မြောက်လွန်းလို့ တအားသဘောကျ
တူတော်မောင်ကမကြောက် ကြီးတော်က မူးလို့တဲ့

ယိုးဒယားသွား တောလား - ၅

၂၀၂၂ ဧပြီ ၂၈ ကြသပတေးနေ့ အယုဒ္ဓယကို သွားလည်တယ်။ အယုဒ္ဓယက ဘန်ကောက်နဲ့ တနာရီခွဲလောက်ပဲ ဝေးပြီး ဟိုတယ်ကနေ စီစဥ်ပေးတာပါ။ ရှေးဟောင်းဘုရား အပြိုအပျက်တွေက ပုဂံနဲ့တူတယ်။ ဒါပေမဲ့ ပုဂံက ပိုလှပိုခမ်းနားတယ်။ အပူချိန်တော်တော်ပြင်းတယ်။ လှေကားအမြင့်ကြီးကိုတက်ပြီး အလယ်ပစ္စယာကနေ တက်ကြည့်တယ်။ တူတော်မောင်က လှေကားထစ်တွေအတိုင်း ရှေ့ကနေဆင်းနေတာ ပြုတ်ကျမလားနဲ့ ကိုယ်ကရင်တဒိတ်ဒိတ် စိတ်ပူနေတယ်။ မကြီးကို လက်တွဲပြီးဆင်းခိုင်းတော့လည်း ဒင်းကလည်း အတွဲမခံဘူး။ ကိုယ့်ဘာသာ ဆင်းမယ်ဆိုတာချည်းပဲ။ မကြီးက စိတ်မပူနဲ့ သူတို့က ကိုယ့်ထက်ပိုသိတယ်ပြောမှ စိတ်အေးသွားတယ်။ ပထမဆုံးတွေ့တဲ့ဆိုင်ကနေ မမီးနဲ့မခိုင်အတွက် ယိုးဒယားထမီ လက်ဆောင်ဝယ်တယ်။ ဘုရင်ကိုးကွယ်လို့ နာမည်ကြီးတဲ့ ဘုန်းကြီးကျောင်းလည်း ရောက်တယ်။ နေ့လည်စာစားပြီး မိုးကသည်းသည်းမဲမဲရွာလို့ နာရီဝက်လောက် စားသောက်ဆိုင်မှာ ထိုင်စောင့်လိုက်ရတယ်။ မိုးနည်းနည်းစဲတာနဲ့ ဝတ်မဟာသတ်ဘုရားကျောင်းကို သွားတယ်။ ဘုရားရုပ်တုက အပင်ထဲကနေ ထိုးထွက်ပေါ်နေတယ်။ ယိုးဒယားလို ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းက ဝတ် wat ဆိုတော့ ဝတ်အာရွန်၊ ဝတ်မောင်း။ တူတော်မောင်ကတော့ Wat Muang သွားချင်တယ်ဆိုတာချည်းပဲ။ ကိုယ်တွေကလည် Wat Muang ဘယ်မှာမှန်းမသိ။ ကားဆရာ လိုက်ပို့ပေးချင်တဲ့ ဘုန်းကြီးကျောင်းက ပိတ်ထားတယ်။ မချောက အယုဒ္ဓယက ဝယ်လာတဲ့ wind chimes က အသံသာတယ်ဆိုလို့ ကားဆရာက Google Translate အကူအညီနဲ့ မေးကြည့်တာ စူပါမားကဒ်မှာတော့ ရှိလိမ့်မယ် လိုက်ပို့ပေးမယ်တဲ့။ တကူးတကတော့ လိုက်မပို့ပါနဲ့ လမ်းကြုံမှပဲပို့ပါ။ ကိုယ်တို့ရောက်တဲ့အချိန် ဘုရားကျောင်းက ပိတ်တော့မှာမို့ အပြင်ကနေပဲ ဓာတ်ပုံရိုက်ခဲ့ရတယ်။ ကားဆရာက လမ်းဘေးကဆိုင်မှာ wind chimes ရှိလား မေးကြည့်ပေးတယ် မရှိဘူး။ အတော်ကြီးတဲ့ လျောင်းတော်မူဘုရားကြီးကို နောက်ဆုံးဝင်လည်ပြီး ဘန်ကောက်ပြန်တယ်။ အပြန်လမ်းမှာ ကားလမ်းတော်တော်ကြပ်တာပဲ။ ဘန်ကောက်ကားလမ်းပိတ်တာ ကြားဖူးပေမဲ့ ကိုယ်တိုင်ကြုံမှပဲ အတော်ဆိုးမှန်း သိတော့တယ်။ ကားက ရွှေ့ကိုမရွှေ့တော့တာ ကိုယ်၊ တူတော်မောင်၊ အမေကတော့ ကားပေါ်မှာ အိပ်ပျော်သွားတယ်။ တူတော်မောင်ကတော့ တရေးနိုးလာတိုင်း ဘန်ကောက်ရောက်ပြီလား မေးတယ်။ ဘေးကအိမ်တွေကြည့် အိမ်ခြေစိပ်လာပြီဆိုရင် ဘန်ကောက်နဲ့နီးလာပြီ။ တိုက်အမြင့်ကြီးတွေ၊ မြေပေါ်ရထားလမ်း၊ ကားအများကြီးတွေ့ရင် ဘန်ကောက်ရောက်ပြီလို့ ပြောထားတယ်။ နောက်တခါ ဘန်ကောက်ရောက်ပြီလားလို့မေးရင် ကိုယ်ကသူ့ကို ဘန်ကောက်ရောက်ပြီလားလို့ ပြန်မေးလိုက်တယ်။ မြဘုရားသွားလည်တဲ့ အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Travelling!

စန်းထွန်း

နိုဝင်ဘာ ၅၊ ၂၀၂၂။