ယိုးဒယားသွား တောလား - ၇

မကြီးက မိသားစုနဲ့ ဆက်နေချင်လို့ နှစ်ရက်ထပ်တိုးပြီးနေတယ်။ ထိုင်းမှာ ၂ ရက် ကျန်သေးတယ် ဘန်ကောက်မှာ လည်စရာကုန်ပြီဆိုတော့ မကြီးက ဖူးခက်ကို သွားလည်တဲ့။ အားချင်းစီစဥ် ပုံ့ကိုလိုက်မလားမေးတော့ လိုက်မယ်ဆိုလို့ ဘက်ဂျက်အဲယားလိုင်း VietAir ကိုဘွတ်။ အာဂိုးဒါးဆိုဒ်ကနေ သက်သာတဲ့ဟိုတယ်ဘွတ်။ ဖူးခက်ရောက်မှ ဟိုတယ်ကနေ တိုးကိုဘွတ်တဲ့။ အားလုံးဘွတ်ပြီးခါမှ ပုံ့ရဲ့ပတ်စပို့စ်က ဗီဇာတင်ထားတာ မရသေးမှန်း သတိရသွားတယ်။ လေကြောင်းလိုင်းကို ဖုန်းဆက်မေးကြည့်တော့ ဒေသတွင်းမို့လို့ ပတ်စပို့စ်မရှိလည်း အိုင်ဒီတခုခုနဲ့ ရပါတယ်တဲ့။ ပုံ့ရဲ့ပတ်စ်ပို့ကို စစ်ကြည့်လိုက်တော့ စာတိုက်မှာသွားယူလို့ရပြီတဲ့။ မနက်ကျရင် ပုံ့ကပတ်စပို့စ်သွားယူ ပြန်လာမှ အကင်္ီျကိုလက်ကေ့ထဲပစ်ထည့်ပြီး လေဆိပ်တန်းလာ။ ၂၀၂၂ ဧပြီ ၃၀ အဖေ့အတွက် ဆေးတွေဝယ် တူတော်မောင်က ဖူးခက်လေယာဥ်ပေါ်တက်ဖို့ ကိုဗစ်အန်တီဂျင်စစ်ရမယ်ဆိုလို့ ဆေးရုံမှာသွားစစ်။ ၂ နာရီလောက်ကြာရင် စစ်တာအဖြေရပြီဆိုတော့ ညဖက်လေယာဥ် ချက်ကင်ဝင်တဲ့အချိန်ဆို အတော်ပဲ။ မကြီးက စလုံးပြန်၊ ကိုယ်တို့က ဖူးခက်သွား ပုံ့နဲ့လေဆိပ်မှာဆုံ ချက်ကင်ဝင်။ စောနေသေးလို့ ဂိတ်နံပါတ်မထွက်သေးဘူး။ ညစာစားတော့ တူတော်မောင်က မီနူးကြည့်ပြီး သူစားချင်တာမှာတယ်။ စောင့်နေတဲ့နေရာက လေယာဥ်ပြေးလမ်းနဲ့နီးတော့ လေယာဥ်အတက်အဆင်း၊ လေယာဥ်က လှေကားနားကပ်လာတာတွေ အနီးကပ်မြင်ရတော့ စိတ်ဝင်စားလွန်းလို့ တူတော်မောင် မျက်စိကိုမမှိတ်ဘူး ကြည့်နေတာ စပ်စုစိန်။ ဖူးခက်ကို တနာရီလောက် စီးရတယ်။ လေဆိပ်ကနေ ဟိုတယ်ကို တနာရီလောက်စီး ဟိုတယ်ကို ညည့်နက်သန်းခေါင်မှ ရောက်တယ်။ ဟိုတယ်ရောက်တော့ ဖီဖီကျွှန်းတိုးကိုဘွတ်တော့ နောက်၂ရက်မှရမယ်။ တိုးက တနေကုန် ညမှပြန်ရောက်မှာ ကိုယ်တို့က ညလေယာဥ်နဲ့ ပြန်ရမှာဆိုတော့ အဆင်မပြေဘူး။ မနက်ဖြန်မနက် လမ်းမပေါ်ကဆိုင်တွေမှာ တိုးတွေရှာကြည့်တဲ့။ မကြီးက တိုးဂိုက်ကိုစိုင်းကိုညွှန်းလို့ ဖုန်းဆက်ကြည့်တော့ တချိန်လုံးဖုန်းကမအားဘူး။

နောက်နေ့မနက် ၉ နာရီခွဲမှ ဆိုင်ဖွင့်လို့ မေးကြည့်လိုက်တော့ ဖီဖီကျွှန်းတိုး မရတော့ဘူး။ ဒီကနေ ဖီဖီကျွှန်းဖယ်ရီကို တစ်နာရီ ဖီဖီကျွှန်းကို ဖယ်ရီက ၃ နာရီလောက် စီးရမယ်ဆိုတော့ သွားဖို့အဆင်မပြေဘူး။ ကိုရယ်ကျွှန်းတိုးပဲရတယ်။ ဗန်ကားလေးက လာခေါ်တယ် အဖေက ခြေထောက်နာနေလို့ 711မှာ တိုင်းဂါးဘမ်းဝယ်၊ ရေ၊ ဆန်းဒွတ်စ်၊ အာလူးကြော်တွေဝယ်။ နာရီဝက်လောက် လှေကလေးစီးပြီး ကိုရယ်ကျွှန်းကိုသွားတယ်။ ကမ်းခြေမှာထိုင်ခုံတွေ့လို့ အဖေကထိုင်ချင်လို့ ထိုင်လို့ရမလား မေးကြည့်တော့ အဲ့ဒီမှာ scuba diving လုပ်မှ ထိုင်လို့ရတယ်တဲ့။ မြန်မာမှန်းသိတော့ ထိုင်ခိုင်း ရေနွေးကြမ်းတွေလာချ အုန်းသီးခွဲတိုက် အအေးလာတိုက်နဲ့ ဖော်ရွေလိုက်ကြတာ။ တယောက်က မုတ္တမဖက်က၊ တယောက်က ချင်းတောင်က။ ရောက်တာ အတော်ကြာပြီ ကျွှန်းမှာနေတာကြာလို့ ဘန်ကောက်သွားရင် ဆူညံနေလို့ မနေတတ်ဘူးတဲ့။ ကျွှန်းမှာ သဲဖြူတွေများတဲ့လဆို အဖြူတွေ ရှူခင်းကောင်းတဲ့နေရာကို ကြာရှည်ငှားပြီး နေကြတယ်။ ဟိုတယ်ခ စျေးကြီးတယ် အရင်တုန်းကဆို အမြဲလူအပြည့်။ ကိုဗစ်ကာလ ခုမှပြန်ဖွင့်တာဆိုလို့ လူသိပ်မရှိဘူး။ ရေကူး၊ တူတော်မောင်နဲ့ သဲနဲ့ရဲတိုက်ဆောက်။ သဘောကောင်းတဲ့ ဟိုတယ်ကမြန်မာနှစ်ယောက်နဲ့ အဖေနဲ့ စကားတွေပြောကြ။ နေ့လည်လောက်ကျမှ လူတွေအများကြီးရောက်လာကြတယ်။ scuba diving လုပ်တဲ့သူ အနည်းငယ် တွေ့ခဲ့တယ်။ ကျွှန်းကိုပတ်ကြည့်တယ် ရေတော်တော်ကြည်တယ်။ ၃ နာရီလောက်ပြန်မယ်ဆိုလို့ ဘုတ်သမားက လာစောင့်နေတာ။ မကြီးက ရောက်တုန်း ညနေ ၄ နာရီမှပြန်၊ တူတော်မောင်ကလည်း နေချင်သေးတယ် မပြန်ချင်သေးဘူး၊ အဖေက လေကလည်းနည်းနည်းပေါက်လာ စောစောပြန်ကြမယ်ဆိုတာနဲ့ ညနေ ၄ နာရီမှ ပြန်ကြတယ်။ တူတော်မောင်က မြို့သားဆိုတော့ လမ်းပေါ်မဆော့ဖူး၊ သဲ ပင်လယ်မမြင်ဖူးဘူး။ လွတ်လွတ်လပ်လပ် စိတ်ကြိုက်ဆော့ရလို့ မပြန်ချင်ဘူးတဲ့။ အအေးဖိုး ပိုက်ဆံပေးတာ မယူဘူးလုပ်နေလို့ အတင်းပေးခဲ့ရတယ်။ အဖေ့ခြေထောက်က တော်တော်နာနေလို့ ဟိုတယ်ကမြန်မာနှစ်ယောက် တွဲဆင်းပေးတယ်။ အကိုကြီးနှစ်ယောက်ကို ကျေးဇူးတင် အမှတ်ရပါတယ်။

လေထန်လို့ လှေကနိမ့်လိုက်မြင့်လိုက် ဗောင်ဗင်ခတ်နေတယ်။ ကမ်းပေါ်ရောက်တော့ ဗန်သမားရဲ့လူက ဖုန်းဆက်လိုက်လို့ ဗန်သမားရောက်လာတယ်။ ရေသတ္တဝါပြတိုက်ဝင်ကြည့်တော့ ပိတ်ထားတယ်။ ဆင်တွေ၊ အမှတ်တရပစ္စည်းဆိုင် ဝင်မလားမေးပေမဲ့ မဝင်တော့ဘူး။ ဗန်သမားက တိုးဂိုက်ပီသတယ်။ ပြန်ရောက်တော့ ခဏနား ဟိုတယ်ကဘွတ်ထားပေးတဲ့ ဆေးခန်းမှာ ကိုဗစ်ပီစီအာသွားစစ်။ မြို့ထဲပတ်ကြည့်ပြီး စားသောက်ဆိုင်မှာဝင်စား ဝန်ထမ်းထဲမှာ မြန်မာရှိတယ်။ မကြီးက ဖူးခက်မှာ မြန်မာတွေချည်းပဲလို့ ပြောဖူးတယ်။ အနှိပ်ဆိုင်ကို အဖေက လမ်းမလျှောက်နိုင်လို့ အကူအညီတောင်းတော့ ဆိုင်ကယ်နဲ့လိုက်ပို့ပေးတယ်။ ကိုယ့်ခန္ဓာကိုယ်က မာတောင့်နေလို့ နှိပ်ပေးတဲ့အန်တီက လမ်းလျှောက်တာများတယ်နဲ့ တူတယ်တဲ့။ အမေက ခြေထောက်ပဲနှိပ်တာ အိပ်ပျော်သွားတယ်။ အဖေက ခြေထောက်တဖက်၊ အပေါ်ဖက်တဖက်၊ ကိုယ်နဲ့ပုံ့က တကိုယ်လုံး။ ကိုယ်တို့အနှိပ်ခံနေတုန်း တူတော်မောင်ကို ဂိမ်းပေးဆော့တယ်။ ၂၀၁၀ အင်ဒိုနီးရှား ဘာတန်ကျွှန်းကိုသွားတုန်းက အနှိပ်ခံတာ နောက်နေ့တကိုယ်လုံးနာ။ ဖူးခက်မှာတော့ အနှိပ်ခံရတာကြိုက်လို့ နေ့တိုင်းအနှိပ်ခံချင်နေတာ။ ဆံပင်ကစေးကပ်နေလို့ သွားလျှော်တာ စျေးကြီးပေးမဲ့ လျှော်လိုက်ရတယ်။ ဆိုင်မှာတခါမှ မလျှော်ဘူး မဖြစ်သာတော့မှ လျှော်တာ။ ဆိုင်မှာလျှော်ရတာ ကြိုက်ပါတယ်။ ညဖက် တူတော်မောင်က ဂိမ်းတောင်းတော့ ကြီးကြီးမနက်ဖြန်သွားဖို့လာဖို့ စစ်ရဦးမယ် ပြီးရင်ပေးမယ်နော်။ ခဏနေတော့ တူတော်မောင် အိပ်ပျော်သွားတော့တာပဲ။ တူတော်မောင်နဲ့ ခရီးသွားရတာ အတော်အဆင်ပြေတယ်။ အိမ်ပြန်ချင်တယ်၊ လမ်းမလျှောက်ချင်ဘူး ဂျီကျမယ်ထင်နေတာ ခုတော့ သူကကိုယ့်ထက် တက်ကြွနေတယ် ရှေ့ကနေကို ဦးဆောင်လျှောက်နေတာ။ အရင်တုန်းက လိုက်မလားမေးရင် မအားဘူးချည်းပဲ။ ခုတော့ လိုက်မယ်ဆိုတာချည်းပဲ။ နောက်နေ့ ဖူးခက်မှာ ဘယ်တွေသွားလည်သလဲဆိုတာ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

နိုဝင်ဘာ ၂၄ အသက်လေးဆယ်ပြည့်ပြီ။ ကျေးဇူးတော်နေ့နဲ့လည်း တိုက်နေတယ်။ မွေးနေ့ပွဲဘာညာလုပ်တဲ့သူ မဟုတ်တော့ ရိုးရိုးသာမန်နေ့လိုပါပဲ။ နားလိုက်၊ အိပ်လိုက်၊ ရုပ်ရှင်လေးကြည့်လိုက်၊ စာဖတ်လိုက်၊ မွေးနေ့ဆုတောင်းထားတွေကို လိုက်ခ်လုပ်။ လိုချင်တာတွေ၊ လိုအပ်တာတွေ ဝယ်နဲ့ ဘီးစီး။ ရှေ့အပတ်က မြောက်ကာရိုလိုင်းနားပြည်နယ် Outer Banks ကို ငါးရက်ခရီး သွားဖြစ်တယ်။ ကြိုတင်မစီစဥ်ဘဲ အားခြင်းသွားဖြစ်တာဆိုတော့ အပတ်တိုင်းတင်တဲ့ ပို့စ်တောင်မတင်ဖြစ်ဘူး။ Outer Banks သွား တောလားပို့စ်တွေကတော့ နောက်မှပဲတင်ပါတော့မယ်။ လာမယ် ကြာမယ် ဆိုပါတော့။

Happy Birthday To Me & Happy Thanksgiving!

စန်းထွန်း

နိုဝင်ဘာ ၂၆၊ ၂၀၂၂။

တူတော်မောင်က ပတ်ထိုင်းကြိုက်သွားပြီတဲ့
လွတ်လွတ်လပ်လပ် ဆော့ရ သဲသောင်ပင်လယ် မမြင်ဘူးတဲ့ မြို့သား... Coral Island ကနေ မပြန်ချင်ဘူးတဲ့
အောက်ချင်းငှက်
Parasailing က သိပ်ကြောက်ဖို့မကောင်းဘူးတဲ့ တခါလောက်တော့ စီးကြည့်ချင်သား
ဖူးခက် ပင်လယ်စာ၊ အနှိပ်ခံတာ ကောင်းတယ်
Coral Island ကအပြန် ဆိပ်ကမ်းမှာ ... ချစ်ရသူတွေနဲ့ ပျော်ရပါတယ်

No comments: