အသိုက်ဆောက်ခြင်း အနုပညာ…

၂၀၁၈ မတ်လ ကော့စကာရီကာနိုင်ငံမှာ ငှက်ကြည့်ပြီးကတည်းက ငှက်ကလေးတွေ ချစ်သွားလိုက်တာ အိမ်ပြန်ရောက်တာနဲ့ Wallgreens မှာ ငှက်စာဘူးဝယ်ပြီး ငှက်တွေကိုအစားကျွှေး။ အစနှစ်ရက်သုံးရက်က လာမစားဘူး နောက်တော့ လာစားကြတာ ခုဆိုငှက်စာအိတ်လိုက် ဝယ်နေရပြီ။ ခုလို ၂လ ၃ အိတ်။ အစတုန်းက ငှက်သေးသေးလေးတွေ ခုတော့ခိုတွေများလာပြီ။ ငှက်သေးသေးလေးတွေကို အနိုင်ကျင့်လို့ ခိုတွေကို သိပ်မကျွှေးချင်ဘူး။ ခိုတွေကို လာမစားနဲ့လို့ ပြောလို့လည်းမရ။ ငှက်တွေက ကိုယ်အစာကျွှေးမဲ့အချိန်ဆို ရောက်နေကြပြီ။ တခါတလေ အပြင်စောစောသွားစရာရှိလို့ အစာခွက်ဖြည့်ရင် ငှက်တွေမရောက်သေးဘူး။ ရေကိုလည်း ခွက်ကြီးနှစ်ခုနဲ့ ထည့်ပေးထားတယ်။ ငှက်တွေ ရေသောက်ကြ၊ ရေချိုးကြ၊ အစာကျွှေးချိန်ဆို သူ့အဖော်တွေကို ခေါ်ကြတာ ကျွှပ်ကျွှပ်ညံ။ ကိုယ့်ကိုလည်း မကြောက်ဘူး အတင်းအတင်း အနားကပ်လို့ ဟဲ့ ဟဲ့ နေကြပါဦးဟဲ့ ငါဒီမှာရေဖြည့်လို့ မပြီးသေးဘူးလို့ ဟန့်ရတယ်။ ငှက်တွေက အစားကျွှေးတဲ့သူကိုသိတယ် စလုံးကမကြီးအခန်းဖော်ကောင်မလေးက မနက်တိုင်းငှက်စာကျွှေးတယ်။ ပိတ်ရက်မှာအိပ်နေလို့ ငှက်စာကျွှေးချိန် မကျွှေးရင် သူ့ပြတင်းပေါက်နား လာအော်ကြတယ်တဲ့။ မနက်အစာကျွှေးဖို့ အပြင်ထွက်ရင် ငှက်ကလေးတကောင် ကိုယ့်နားကပျံဝဲပြီး ကြိုတယ် အတော်ယဉ်တဲ့ငှက်လေး။ အိမ်တံခါးဝမှာ သစ်ကိုင်းခြောက်တွေ့လို့ မော့ကြည့်လိုက်တော့ ငှက်သိုက်တခုတွေ့တယ်။ ငှက်မလေးက တချိန်လုံးဝပ်နေတော့ အပြင်ထွက်တိုင်း ဟယ်လိုလို့နှုတ်ဆက်တဲ့အခါ ပြူးကြောင်ကြောင်လေးကြည့်တယ်။ သနားလို့ ငှက်စာချကျွှေးပြီး တံခါးနောက်ကနေ သွားသွားချောင်းကြည့်တာ အစာစားနေတာတွေ့တယ် အံမယ် သူ့ကိုကျွှေးတယ်ဆိုတာ သိသွားပဲ။ အပြင်ထွက်ရင် ငှက်ဖိုလေးက ခြံစည်းရိုးပေါ်မှာနားပြီး တောင်ပံဖလပ်ဖလပ်ခပ်တယ်။ မွေးပြီလား မွေးပြီးလားလို့ သွားသွားချောင်းရတာအမော။ ဘာငှက်လဲလို့ ရှာကြည့်တော့ Mourning Dove သက်တမ်းတစ်နှစ် တခါဥရင် တဥ၊ နှစ်ဥ အုတယ်တဲ့။ ငှက်သေးသေးလေးတကောင်တွေ့လို့ ပြူးပြဲကြည့်တာ ငှက်မကြီးပါတွေ့တယ်။ ဓာတ်ပုံရိုက်ပြီး နောက်နေ့မတွေ့တော့ဘူး။ အစာလာစားတဲ့အထဲမှာ ဂျိုးငှက်ကလေးတွေ တွေ့ပေမဲ့ သူတို့မိသားစုလားဆိုတာမသိ။ တခါတလေ ကိုယ့်အနားလာပြီး တောင်ပံတဖပ်ဖပ်ခပ်တဲ့ ဂျိုးငှက်လေးတွေ့ရင်တော့ ကိုယ့်ကိုလာနှုတ်ဆက်တာလို့ထင်ပြီး ဟယ်လိုလို့နှုတ်ဆက်ဖြစ်တယ်။ ဘာရယ်မဟုတ်ပါဘူး ကိုယ့်အိမ်တံခါးနားမှာ အသိုက်လာဆောက် တောင်ပံတဖပ်ဖပ်ခပ် နှုတ်ဆက်တတ်ပြီး အတောင်စုံလို့ ပျံသွားကြတဲ့ ငှက်မိသားစုအကြောင်း အမှတ်တရပို့စ်လေးပါ။ 

စန်းထွန်း 

ဩဂုတ် ၂၈၊ ၂၀၂၁။

ငှက်ကလေးနဲ့ ငှက်အမေ

နွေဦးတော်လှန်ရေး - ၁၁

 ၂၀၂၁ ဩဂုတ် ၇ ရက် စနေနေ့ ဝါရှင်တန်ဒီစီမှာ ၈၈၈၈ ရှစ်လေးလုံးအရေးတော်ပုံ ၃၃ နှစ်မြောက် ချီတက်ပွဲရှိတယ်။ နယူးယောက်ကနေ ဘတ်စ်ကားတွေနဲ့ သွားကြမှာ ဆန္ဒအတူပြနေကြအန်တီကြီးက သွားရအောင်တဲ့။ သွားချင်နေတာ အရင်လေးခေါက်တုန်းက ဘတ်စ်ကားမရှိလို့၊ ဘတ်စ်ကားရှိပြန်တော့လည်း ဒီစီကို ၅ နာရီ ကားစီးသွား၊ ၅ နာရီ လမ်းလျှောက်ချီတက်ဆန္ဒပြ၊ နယူးယောက်ကို ၅ နာရီကားစီးပြန်ဆိုတော့ အရမ်းပင်ပန်းတာ။ တစ်နှစ်ခွဲလောက် အိမ်ထဲကမထွက်တော့ တနာရီလောက် လမ်းလျှောက်ရင်ကိုပဲ မောနေတော့တာ။ ခုတော့ ကိုဗစ်ကာကွယ်ဆေးလဲ ထိုးပြီးပြီ အပတ်တိုင်း ဝိုင်းနဲ့လမ်းလျှောက်ကြတာ ခုဆို ၃ နာရီလမ်းလျှောက်နိုင်ပြီဆိုတော့ ချီတက်ပွဲမှာပါမယ်။ အန်တီကြီးက ဘတ်စ်ကားလက်မှတ်ဝယ်ဖို့ ဖောင်ဖြည့်ရတဲ့လင့်ခ် ပို့ပေးတယ်။ ဘတ်စ်ကားခ ၅၅ ကျပ် မနက်စာနဲ့ နေ့လည်စာကျွှေးတယ်။ စနေနေ့ပဲ ဒီစီသွားရတော့မယ် သောကြာနေ့ နေ့လည်အထိ စုရပ်အချိန်အီးမေးလ် မရောက်သေးလို့ အီးမေးလ်ပို့မေး။ ညနေကျတော့ အကြောင်းပြန်လာတယ် ကွင်းကနေ ဘတ်စ်ကားနှစ်စီးထွက်မှာ တစီးက ကွင်း - မက်ဟက်တန်၊ တစီးက ကွင်း - ဘရွှတ်ကလင်း။ မိတ်ဆွေတွေနဲ့ တစီးတည်းကျချင်ရင် ပြောလို့ရတယ်။ ည ၁၀ နောက် ဖုန်းဆက်လာတယ် အသိမိတ်ဆွေတွေနဲ့ ကားတစီးတည်းကျချင်လားတဲ့။ အသိအန်တီ နာမည်ပြောတော့ မတွေ့ဘူး ဖုန်းနံပါတ်နဲ့ရှာတော့မှ သူက ကွင်း - ဘရွှတ်ကလင်းကားမှာ။ ကိုယ်က ကွင်း - မက်ဟန်တန်ကားမှာ ရတယ် ကိစ္စမရှိဘူးလို့။ သူငယ်ချင်း မိတ်ဆွေနဲ့အတူဆိုရင် ပိုပျော်စရာကောင်းပေမဲ့ ကိုယ်ယုံကြည်ရာ လုပ်ချင်တာကို တယောက်တည်းလုပ်ရတာလည်း ရှိတာပဲ။ တယောက်တည်း နေရတာ လုပ်ရတာကို နေသားကျနေပြီ။ နှစ်ဘူတာအဝေးက စုရပ်မှာချက်ကင်ဝင် လူငယ်တွေက နောက်ပိုင်းမှာထိုင်ပေးပါတဲ့။ လွတ်တဲ့နေရာမှာဝင်ထိုင် ၇ နာရီခွဲ ကားထွက်တာနဲ့ ခရိုဇွန်၊ လက်ဖက်ရည်တိုက်တယ်။ ဘေးက အမကြီးတွေက ကောက်ညှင်းငချိတ်၊ ပဲပြုတ်လှုတယ်။ ဗိုက်ကားအောင်စား မက်ဟက်တန်မှာဝင်ခေါ်  အိပ်လိုက် နိုးလာရင် ဘေးကိုကြည့်လိုက်။ နောက်က အသက် ၆၀ ကျော် အန်ကယ်ခြောက်ယောက် သူငယ်ချင်းတွေ နောက်လိုက်ပြောင်လိုက် ရန်ဖြစ်လိုက်နဲ့ ရေကူးသမားတွေ။ ကားပေါ်မှာ ၈၈၈၈ အမှတ်တရမတ်ခွက်လေးကို ကံစမ်းမဲနှိုက်တယ်။ ၅၈ ယောက်မှာ ၂၃ ယောက်ပေါက်တယ် ကိုယ်လည်းပေါက်တယ်။ နောက်ကအန်ကယ်၆ယောက် တယောက်မှမပေါက်လို့ ညည်းကြတယ်။ မတ်ခွက်လိုချင်ရင် ဒီစီပွဲမှာဝယ်လို့ရတယ် တခွက်တဆယ် နာမည်ထိုးမယ်ဆိုရင် ၁၅ ကျပ်။ ၈၈၈၈ အမှတ်တရတီရှပ်လေးတွေရောင်း တထည် ၂၀ အမြတ်မယူဘူး ဒီတခါပဲထုတ်တာ limited edition တဲ့။ အနက်ရောင်လက်တိုမို့လို့ မဝယ်တော့ဘူး။ 

My favorite photo. Credit - Terry Win
Credit - Myanmar Now

 ဒဲလာဝယ်ယားနားစခန်းမှာ နေ့လည်စာစားဖို့ တနာရီရပ်ပေးတယ်။ တယောက်တည်းလားလို့ လာနှုတ်ဆက်တဲ့ အန်ကယ်ကြီးက အသက် ၆၀ ကျော်လောက်ရှိမယ်။ သူက ဘရွှတ်ကလင်းက ကွင်းကသူငယ်ချင်းအိမ်မှာ လာအိပ်ပြီး ကွင်းကားကိုစီးတာတဲ့။ ဘရွှတ်ကလင်းကား ရောက်လာတော့ အန်ကယ့်သူငယ်ချင်းတွေက ဘရွှတ်ကလင်းမှာနေပြီး ကွင်းကားကိုစီးတဲ့ သစ္စာဖောက်လို့ နောက်ကြတယ်။ ဆန္ဒပြဖော်အန်တီကြီးနဲ့ဆုံတယ် ဒီတခါတော့ သူ့အမျိုးသားပါတယ်။ ၁၁ နာရီလောက် မိုးသည်းသည်းမည်းမည်းရွာတယ်။ ဒီစီကို တနာရီအရောက်သွားဖို့မှန်းထားတာ ကားတွေကျပ်လို့ တနာရီခွဲလောက်မှရောက်တယ်။ အိမ်ဖြူတော်ရှေ့ရောက်တော့ လူတွေမှ အများကြီးပဲ။ လူကွဲသွားမှာစိုးလို့ နယူးယောက်အဖွဲ့နားကနေ မခွာရဲဘူး။ တဖွဲ့တမျိုး ကိုယ့်အုပ်စုနဲ့ကို အော်ကြတယ်။ ၅ ယောက်တတွဲတန်းစီတော့ ဘေးကလင်မယား ၂ တွဲ ဘရွှတ်ကလင်းကားပေါ်ကတဲ့။ မခိုင်ရေ ဘယ်အစွန် အလံတိုင်တွေအများကြီးနောက်ဖက် ဆိုင်းဘုတ်နောက်မှာလို့ ပြောလိုက်ရင် တွေ့အောင်ရှာတတ်တယ်။ မခိုင်က အ‌‌ပြေးလေးနားပြီး ဓာတ်ပုံရိုက် ပြီးရင်ကိုယ့်အုပ်စုဆီပြန်ပြေး။ မိုးတွေသည်းလည်း မမှုပါဘူး။ ကိုယ့်ရှေ့ကတရုတ်မိသားစုက အမေ၊ အဒေါ်၊ သား၂ ယောက်။ ရှေ့သုံးပတ်ဆန္ဒပြပွဲတုန်းက ပန်းတွေလာဝေတုန်းကမယူဘဲ အာဇာနည်တွေကို ပန်းတွေချမယ်ဆိုတော့မှ ကိုယ်ဆီကပန်းတောင်းတဲ့ကောင်လေး။ ဘတ်စ်ကားနဲ့ဆိုရင် လူများမှာစိုးလို့ ရထားနဲ့လာကြတာ ခုတော့လည်း လူများတာပါပဲတဲ့ ရယ်လိုက်ရတာ။ ၃ နာရီမှာ အိမ်ဖြူတော်ကနေ ကယ်ပီတယ်အထိ ဆန္ဒပြချီတက်လမ်းလျှောက်ကြတယ်။ ကိုယ်ကအစွန်မှာဆိုတော့ အဝါရောင်စည်းတားကြိုးကို ကိုင်ပေးတယ်။ လမ်းလျှောက်တော့မှ လူတော်တော်များမှန်းသိတယ်။ ကြွေးကြော်သံတွေ အော်ဟစ်ရင်း အသိအကိုအမတွေကို နှုတ်ဆက်။ နောက်မှသိရတာက လူသုံးထောင်လောက် ပါဝင်ချီတက်ကြတယ်တဲ့။ စက်တင်ဘာ ယူအန်အစည်းအဝေးမှာ အသိအမှတ်ပြုဖို့ အရေးကြီးတော့ လူအင်အားပြဖို့လိုတယ်ဆိုပြီး ဟိုးအဝေးကြီး ကယ်လီဖိုးနီးယား၊ တက္ကဆက်၊ မစ်ချီကန်၊ ဝစ်ကွင်ဆင်ပြည်နယ်တွေကကို လာကြတာ။ ကယ်ပီတယ်ရှေ့ရောက်တော့ အိမ်သာသွားတဲ့အဖွဲ့တွေလိုက် နယူးယောက်ကလူတွေပဲ ပွဲတိုင်းတွေ့လို့ နာမည်သာမသိတာ လူတွေကိုသိတယ်။ ဒီတခေါက်က လမ်းလျှောက်တာနည်းတယ် အရင်အခေါက်တွေကဆို အိမ်ဖြူတော်ကနေ တရုတ်သံရုံး၊ မြန်မာသံရုံး၊ ကယ်ပီတယ် ၂ - ၃ နာရီလောက် လျှောက်ရတာတဲ့။ ပြန်ရောက်တော့ မုန့်တွေစားနေကြလို့ ဘယ်မှာယူရတာလဲမေးတော့ ဘေးကတဲတွေမှာ ဖရီးတဲ့။ ကျောက်ကျောဆေးကုလားမ၊ ရေခဲမုန့်၊ ဘဲဥထမင်းယူပြီး ကိုယ်ရှေ့မှာထိုင်တဲ့အမကြီးနားထိုင်ပြီး ကားပေါ်မှာ ညီမက အမနောက်မှာထိုင်တာ။ ဇူလှိုင် ၄ နယူးဂျာစီဘုန်းကြီးကျောင်းပွဲမှာ ‌‌ဗော်လန်တီယာလုပ်တုန်းက အိတ်ကြီးနှစ်လုံးတဲ့ဝယ်တာ အမ,မလား။ အမနဲ့တင် အတော်ရောင်းကုန်နေပြီလို့ နောက်နေကြသေးတယ်။ ဘလော့ဂါ ကလိုဆေးထူးကိုတွေ့တော့ ထင်တော့ထင်လိုက်သွား သွားနှုတ်ဆက်ရကောင်းမလား ချီတုံချတုံဖြစ်နေတုန်း ဟောတော့ ... ဘယ်ရောက်သွားမှန်း မသိတော့ဘူး။ မခိုင်လာတော့မှ  ကလိုဆေးထူး၊ ပန်ဆယ်လိုနဲ့ ဓာတ်ပုံရိုက်လိုက်ရတယ်လို့ပြောတော့ ဓာတ်ပုံရိုက်မယ်လို့ရှာတော့ မတွေ့ဘူး။

ကားပေါ်က ၅၆ ယောက်မှာ ၂၃ ယောက် 8888 မတ်ခွက်ပေါက်တယ်
အိမ်‌ဖြူတော်ရှေ့မှာ ဓာတ်ပုံပြေးရိုက် ပြီးရင်ကိုယ့်အုပ်စုဆီပြန်ပြေး

NUG အင်္ကီျအဝါရောင် ဝတ်ထားကြသူတွေများတော့ ရှာရတာမူးနောက်နေတာပဲ။ တော်တောကြာ ရှာလို့မတွေ့တော့ စိတ်လျော့ပြီးကိုယ့်နေရာဆီပြန်မယ်ဆိုတော့မှ ကလိုဆေးထူးကို ဘွားကနဲတွေ့တယ်။ GoPro နဲ့ ဗွီဒီယိုရိုက်နေတဲ့အကို,ကို စာဖတ်ပရိတ်သတ်ပါ ဓာတ်ပုံရိုက်မယ်နော်ဆိုပြီး အတင်းဓာတ်ပုံရိုက်။ အကိုကလည်း ရုတ်တရက်ဆိုတော့ ဘာပြောရမှန်းမသိ ဟုတ်ကဲ့ကျေးဇူးပါတဲ့။ ဘလော့ရေးကတည်းက အားပေးနေတာနော် ဟုတ်ကဲ့ကျေးဇူးပါ။ ပြီးတော့ ကိုယ့်အုပ်စုဆီပြန်ပြေးကြ။ အမှန်က နာမည်၊ နေထိုင်တဲ့မြို့ ပြောပြီးနှုတ်ဆက် အကိုရဲ့ဘယ်ပို့စ်တွေကိုကြိုက်တာတွေ ‌ပြောရမှာ ခုတော့ ကဘောက်တိကဘောက်ချာ။ NYCBC အုပ်စုဓာတ်ပုံရိုက်။ ကိုယ်ရှေ့မှာထိုင်တဲ့ဘိုမက ဘတ်စ်ကားဘယ်မှာရပ်လည်းလို့ လာမေးလို့ ဘေးကလူတွေကိုမေးရမြန်းရ။ သူက ဘက်ဖဲလိုးကတဲ့ နိုင်အာဂရာရေတံခွန်နားက ဟိုမှာသူ့ဘက်ဖဲလိုးကလူတွေတဲ့။ သူက နယူးယောက်ကသူငယ်ချင်းဆီ လာလည်ပြီး နယူးယောက်ဘတ်စ်ကားနဲ့ ပါလာတာ။ မြန်မာဒုက္ခသည်အရေး ဆောင်ရွက်ပေးတာ ဘက်ဖဲလိုးမှာ မြန်မာနှစ်သောင်းခွဲကျော်တယ်တဲ့။ လွှတ်တော်အမတ်၊ ဆီနိတ်တာ၊ ကိုယ်စားလှယ်တွေကို ဖုန်းတဂွမ်ဂွမ်ဆက်၊ စာအကြိမ်ကြိမ်ရေးတော့မှ နာရီဝက်လောက်တွေ့ခွင့်ရပြီး မြန်မာ့အရေးပြောပြခွင့် ရခဲ့တယ်တဲ့။ ဟိုးကတိုင်းရင်းသားဝတ်စုံက ဘာလူမျိုးလဲတဲ့ ကိုယ်လည်းမသိဘူး။ မေးကြည့်တော့ မင်းတပ်ကချင်းတဲ့ ဝတ်စုံလေးလှတယ်။ ဟိုဟာကရှမ်း၊ ဒီဟာကကရင်၊ ဘေးနားမှာထိုင်နေတဲ့ ကရင်ဝတ်စုံဝတ်ထားတဲ့မိန်းကလေးရဲ့ ဂါဝန်ကို သိပ်လှတာပဲတဲ့။ အဲ့ဒီညီမက ခပ်ချောချော ဆန္ဒပြပွဲတိုင်း ရှေ့ဆုံးကနေချီတက်တယ်။ ဘိုမက သူ့ကရင်မိတ်ဆွေတွေပေးထားတဲ့ ချည်လွယ်အိတ်လေးတဲ့။ ကယ်ပီတယ်ရှေ့မှာ တခါ၊ အပြန် rest area ကားပေါ်ကအဆင်းမှာတခါ ကိုယ့်ကိုနှုတ်ဆက်တဲ့အမကို မမှတ်မိဘူး။ ငါ့ညီမလေးက ငါ့ကိုမမှတ်မိဘူး နယူးဂျာစီတရားစခန်းမှာ နှစ်ကြိမ်တိုင်တိုင် တခန်းတည်းအတူအိပ်ရတဲ့ အမလေဆိုတော့မှ မှတ်မိတော့တယ်။ တော်တော်ပိန်သွားလို့ လုံးဝမမှတ်မိတာ စိတ်မရှိပါနဲ့အမရယ်လို့ တောင်းပန်ပြီး ရှေးဟောင်းနှောင်းဖြစ်တွေပြော။ အစာအိမ်ကင်ဆာဖြစ်လို့ အစာအိမ်ဖြတ်ထုတ်ပြီး ဓာတ်ကင်နေရတာတဲ့။ အပြန်တလမ်းလုံး အိပ်လာတာ နယူးယောက်ကို ည ၁၂ ခွဲမှရောက်တယ်။ မြေအောက်ရထားစီးပြန်တော့ ဇူလှိုင် ၄ နယူးဂျာစီဘုန်းကြီးကျောင်းပွဲမှာ ဗော်လန်တီယာအတူလုပ်တဲ့အမနဲ့ ဆုံတယ်။ သူက အရင်တခေါက်ကလည်း ဒီစီသွားတယ်တဲ့။ ကမ္ဘာကြီးက တကယ်ကျဉ်းကျဉ်းလေး။ အသိမိတ်ဆွေ အပေါင်းအသင်းတွေ တော်လှန်ရေးအတွက် တတပ်တအားပါဝင်ကြတာ မြင်ရတော့ အားရှိတာပေါ့။

Photo credit - Terry Win, NYCBC

အရေးတော်ပုံ အောင်ရမည်!!!
စန်းထွန်း
ဩဂုတ် ၂၁၊ ၂၀၂၁။

ကလိုဆေးထူး - အကြိုက်ဆုံးဘလော့ဂါထဲကတယောက်

ခြစ် … အဲလေ ချစ်ရတဲ့ မခိုင်နဲ့ ကယ်ပီတယ်ရှေ့မှာ
အဝါရောင်ကြိုး ကိုင်ထားတဲ့ကိုယ်
ဒီဓာတ်ပုံမှာတော့ ကိုယ့်ပနားမားဦးထုပ်လေးပဲပါတယ် Photo credit - Terry Win
Credit - NYCBC
Credit - NYCBC
မင်းတပ်ချင်းတဲ့

 

MyanmarNow video link

နွေဦးတော်လှန်ရေး - ၁၀

 ၂၀၂၁ ဇူလှိုင် ၁၇ စနေနေ့ ၄ နာရီကနေ ၆ နာရီအထိ ကိုလံဘတ်အဝိုင်း စန်ထရယ်ပါ့ခ်ပန်းခြံမှာ အာဇာနည်နေ့ဆန္ဒပြပွဲရှိတယ်။ ဆန္ဒပြပွဲမတိုင်ခင် မိုးတွေသည်းသည်းမည်းမည်းရွာလို့ လူနည်းမယ်လို့ထင်တာတာ လူများသား။ အဖြူရောင်အင်္ကျီဝတ်ခဲ့ပါဆိုလို့ မိုးကာအင်္ကီျချွှတ် အဖြူရောင်ဆွယ်တာထပ်ဝတ် Zara ကိုပြန်ပေးမဲ့အင်္ကီျထုပ်နဲ့ဆိုတော့ ‌ ‌ဗြောင်းဆန်နေတာ လက်မောင်းမှာ အမည်းရောင်အဝတ်စည်းပတ်တော့ ကူညီတတ်တဲ့အန်တီကြီးက ကူတပ်ပေးတယ်။ အမည်းရောင်အဝတ်စပြုတ်ကျမှာမို့လို့ ချိတ်နဲ့အသေအချာ တွယ်ပေးတယ်။ သူများတွေ ပန်းကိုင်ထားတာတွေ့လို့ မေးကြည့်တော့ အဓိပ္ပာယ်တခုခုရှိတယ် သူလည်းမသိဘူးတဲ့။ပန်းအဝါရောင်လေးတွေလာပေးတော့ ဘေးကကောင်လေးကို ယူမလားမေးတော့ ခေါင်းခါပြတယ်။ မိုးတိတ်နေပြီ ထီးမကိုင်ထားချင်ရင် စင်နားမှာသွားထားလို့ရတယ်လို့ ပြောတော့လည်း ခေါင်းခါပြတယ်။ ဆန္ဒပြတဲ့သူအများစုက ပွဲတိုင်းပါလို့ မှတ်မိနေပြီ။ ရှေ့ဆုံးတန်းက အစ်မလေးက ချောချောလေး အမြဲရှေ့ဆုံးတန်းက ချီတက်တယ်။ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေက မေတ္တာပို့အမျှဝေတယ်။ ကြွေးကြော်သံတွေ အော်ဟစ်ပြီး အာဇာနည်ခေါင်းဆောင်တွေကို  လွမ်းသူပန်းတွေချဖို့ တယောက်ချင်းတန်းစီထွက်တော့မယ်ဆိုမှ ဘေးနားကကောင်လေးက ပန်းတောင်းတယ်။ ဒုတိယအကြိမ် တရုတ်သံရုံးဆန္ဒပြပွဲမှာ သိလာတဲ့ အန်တီကြီးကိုတွေ့တယ်။ သူလည်း ပွဲတိုင်းလာတယ် လက်သီးလက်မောင်းတန်းနေတာပဲ။ စက်ဝိုင်းပုံဝိုင်းလိုက်ပြီး ကဗျာရွတ်တာ နားထောင်တယ်။ CDM ဝန်ထမ်းတွေ အကူအညီတောင်းလို့ သူရဲကောင်းတွေအတွက် အလှုငွေကောက်ပါတယ်။ လက်ခံငွေဖြတ်ပိုင်းပေးတာ၊ လက်ခံရရှိကြောင်း အီးမေးလ်ပို့ပေးပါမဟုတ်လို့ စိတ်ပြတ်မှလှုပါတဲ့။ Cash ‌ငွေသား မပါရင် Zelle နဲ့လှုလို့ရပါတယ်တဲ့။ အလှုငွေ တထောင်ကျော်ရရှိပါတယ်။ ပြီးတော့ လမ်း၈၀အထိ ချီတက်ကြွေးကြော် ဆန္ဒပြကြတယ်။ ပြတိုက်ရှေ့မှာအဆုံးသတ်ပြီး အုပ်စုဓာတ်ပုံရိုက်မယ်ဆိုတော့ ပြတိုက်ရှေ့ရပ်လို့မရဘူးတဲ့ လုံခြုံရေးကတားတယ်။ ဟိုတခေါက်က ပြတိုက်ရှေ့မှာ ဓာတ်ပုံရိုက် တော်တော်ကြာတဲ့အထိ နေကြတယ်။ ဩဂုတ် ၈ ရက်နေ့ ဝါရှင်တန်ဒီစီမှာ ချီတက်ပွဲရှိတယ် နယူးယောက်ကနေ ဘတ်စ်ကားစီစဉ်နေတယ်တဲ့။ အန်တီကြီးက ဒီစီချီတက်ပွဲကိုသွားမယ်တဲ့ ကိုယ်လည်း အရင်ပွဲတွေက မသွားဖြစ်တော့ ခုပွဲကိုသွားမယ်လို့ စိတ်ကူးထားတယ်။ အရင်တုန်းက လမ်းသိပ်မလျှောက်နိုင် ဒီစီကို ဘတ်စ်ကား အသွား ၅ နာရီကျော်၊ အပြန် ၅ နာရီကျော်၊ ဆန္ဒပြချီတက်တာ ၃ နာရီဆိုတော့ အတော်ပင်ပန်းမှာ။ ခုတော့ လမ်းနည်းနည်းလျှောက်နိုင်လာပြီ အသိအန်တီကြီးကပါသွားမယ်ဆိုတော့ အားတက်သွားတယ်။


Photo credit - Wayne Chin, Kyaw Soe Latt, Terry Win

အရေးတော်ပုံ အောင်ရမည်!!!
စန်းထွန်း
ဩဂုတ် ၁၃၊ ၂၀၂၁။

မမီးက ကိုယ့်ပုံဝါးဝါးလေးကို မြင်တာနဲ့ မှတ်မိတယ်...


နွေဦးတော်လှန်ရေး - ၉

 ဗော်လန်တီယာလုပ်တာ ပင်ပန်းတာမို့လို့ နောက်တကြိမ်၂၀၂၁ ဇူလှိုင် ၄ တနင်္ဂနွေနေ့ နယူးဂျာစီဘုန်းကြီးကျောင်းပွဲကို ကားကြုံလည်းမရှိလို့ ဗော်လန်တီယာမလုပ်တော့ဘူးလို့ တွေးထားတယ်။ ဗော်လန်တီယာစီစဉ်တဲ့အဖွဲ့က အတော်စနစ်ကျတယ်။ ဗော်လန်တီယာအလုပ်မှာ နှစ်သက်တာ၊ မကြိုက်တာ၊ အကြံပြုချင်တာလေးတွေ ပေးဖို့ survey link ရတယ်။ ဗော်လန်တီယာခေါင်းဆောင် အဆင်ပြေရင် ဗော်လန်တီယာလုပ်မလား ကားစီစဉ်ပေးမယ်ဆိုတာနဲ့ ဗော်လန်တီယာ လုပ်ဖြစ်သွားတယ်။ အိမ်နဲ့နာရီဝက်လောက်ဝေးတဲ့ ပန်းခြံမှာ မနက် ၇ နာရီ လာကြိုတယ်။ ဗော်လန်တီယာတွေအတွက် အင်္ကျီပေးတယ်၊ ဘာတွေလုပ်ရမယ်ဆိုတာ အဖွဲ့လိုက်ညွှန်ကြားပေးတယ်၊ မနက်စာကျွှေးတယ်။ ပွဲက ၁၂ နာရီ ၃ နာရီအထိ။ မနက် ၁၀ နာရီလောက်ရောက်တော့ တဲတွေထိုးပြီးနေပြီ။ စားပွဲခုံတွေခင်း၊ ဆိုင်နံပါတ် ဆိုင်းဘုတ်တွေကပ်၊ hand sanitizer တွေချ၊ vendor ဈေးရောင်းမဲ့သူတွေရဲ့ ပစ္စည်းတွေကို ကူချပေး၊ လိုအပ်တာချပေး။ မနက် ၁၁ နာရီနဲ့တင် ဗိုက်ဆာနေပြီ ရောင်းတဲ့ဆိုင်ကနေ ဝယ်ချင်တာဝယ်ပြီး အိတ်ထဲထည့်။ ဟိုတခေါက်ကလို ပြိုက်ခနဲမကုန်အောင် ၁၂ နာရီမှ ဈေးရောင်းရမယ်တဲ့။ ၁၁ ခွဲမှာ ဗော်လန်တီယာတွေကို ရောင်းခွင့်ပြုတယ်။ ကိုယ်တို့အဖွဲ့က အစ်မတယောက်ဆို ဝယ်တာများ အိတ်ကြီး၂အိတ်အပြည့်။ အစ်မနဲ့တင် တော်တော်ရောင်းကုန်နေပြီလို့စတော့ သူ့သူငယ်ချင်းတွေ မှာတာရောတဲ့။ ဇူလှိုင် ၄ အမေရိကန်လွတ်လပ်ရေးနေ့ပိတ်ရက်ဆိုတော့ ခရီးတွေသွားကြတဲ့အချိန် ပန်ဆယ်ဗေးနီးယားပြည်နယ် ပါချုပ်ဆရာတော်ပွဲမှာလည်း ဈေးရောင်းပွဲရှိတော့ ပန်ဆယ်ဗေးနီးယားဖက်ကလူတွေက နယူးဂျာစီပွဲကို မလာကြတော့ ခါတိုင်းထက်လူနည်းတယ်။ ဒီတခါကိုယ်က ဇွန်း၊ ခက်ရင်း၊ တစ်ရှူး၊ ပန်းကန်ပြား၊ ပန်းကန်လုံး ကောင်တာမှာ တာဝန်ကြတယ်။ လူတယောက်က ဘာရောင်းတာလဲလို့ အသေအချာကြည့်နေလို့ free free အော်ပြီး ရယ်လိုက်ရတာ။ လာနော် တစ်ရှူးတွေရမယ် ဇွန်းတွေရမယ် ပန်းကန်ပြားတွေရမယ် အလကားနော်။ ဘေးကဈေးဆိုင်တွေက ဘာမှမအော်ဘူး ကိုယ်တွေက အသားကုန်အော်ရောင်းနေတာ။ ဟိုတခေါက်က အလှုခံလက်ခံ ငွေသိမ်းကောင်တာက အန်တီကြီးနှစ်ယောက်က ခုပွဲမှာလည်း ငွေသိမ်းကောင်တာထိုင်တယ်။ ပွဲတိုင်းပါတဲ့သူတွေဆိုတော့ သိနေကြပြီ။ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပွဲတိုင်းလာတယ်။ သံအမတ်ကြီးနဲ့ ဓာတ်ပုံရိုက်ကြတာ ဝိုင်းဝိုင်းလည်။ တကူးတက သွားမရိုက်ဖြစ်တာ ဒီတခါတော့ ဗော်လန်တီယာခေါင်းဆောင်က ဗော်လန်တီယာတွေနဲ့ရိုက်မယ်ဆိုတော့ ပြေးမလွတ်တော့ဘူး။ ဗော်လန်တီယာတွေ ဖရဲသီး၊ ရေခဲချောင်းကျွှေး ပြန်ခါနီး ထမင်းဟင်းဘူးတွေပေးတယ်။ ဈေးဆိုင်တွေကလည်း ပိုတာတွေကို ဗော်လန်တီယာတွေအတွက် လာပေးတယ်။ ပွဲပြီးသွားတော့ တဲတွေ ခုံတွေသိမ်း ပစ္စည်းတွေ မြေအောက်ခန်းထဲပို့ အတော်ပင်ပန်းတယ်။ ဈေးရောင်းရငွေ ဒေါ်လာ ၄၅,၀၄၅ ရတော့ ပင်ပန်းပေမဲ့ တတ်နိုင်သလောက်လေး လုပ်ပေးတယ်ဆိုပြီး ပီတိဖြစ်ရပါတယ်။

Photo credit - Wayne Chin, Kyaw Soe Latt, Terry Win

အရေးတော်ပုံ အောင်ရမည်!!!
စန်းထွန်း
ဩဂုတ် ၇၊ ၂၀၂၁။