ဂျူး...
ဆိုတဲ့ နာမည်ဆန်းဆန်း လှလှလေးကို စပြီးသိတဲ့အချိန်က ကျွန်မ မှတ်မိသလောက်တော့ ဆယ်တန်းအောင်ပြီးစ တက္ကသိုလ်တက်ဖို့ စောင့်နေချိန်တုန်းက ဖြစ်မယ်ထင်ပါတယ်။ ကျွန်မတို့တွေ တက္ကသိုလ်တက်ဖို့ တစ်နှစ်ကျော်လောက်ပဲ စောင့်ရတာ။ ၉၆ ဆယ်တန်းအောင်တဲ့သူတွေဆို ၄ နှစ်လောက် စောင့်ပြီးမှ တက္ကသိုလ် တက်ရတာလေ။ အင်္ဂလိပ်စာ သင်တန်းတက်ရင်း အားတဲ့အချိန်တွေမှာ ဝထ္ထုဖတ်။ ကျွန်မနဲ့ အင်္ဂလိပ်စာ သင်တန်းတက်ရင်း သူငယ်ချင်း ဖြစ်လာသူတွေကလည်း စာဖတ်ဝါသနာဖတ်ကြတယ်။ စာအုပ်တွေ လဲဖတ်၊ လှည်းတန်းက စာပေလောက စာအုပ်ဆိုင်ကို တပတ်တခါ ပတ်ဖြစ်တယ်။
အိမ်နားက စာအုပ်ဆိုင်က စာအုပ်စုံတယ်။ သင်္ကြန်တစ်နှစ်လောက်ပဲလည်ပြီး နောက်နှစ်တွေဆို သင်္ကြန်တွင်းဖတ်ဖို့ စာအုပ် ၂၀ လောက်ငှားပြီး ကျွန်မတို့မောင်နှမတတွေ အိမ်တွင်းအောင်း စာဖတ်ကြတယ်။ ကျွန်မ အထက်တန်းကျောင်း တက်နေတုန်းက ရဲအောင်၊ စိုးမြတ်သူဇာ သရုပ်ဆောင်တဲ့ မရှိမဖြစ်မိုးရုပ်ရှင် နာမည်ကြီးတယ်။ ရုပ်ရှင်ကြည့်ပြီး ဝထ္ထုဖတ်တော့ ဝထ္ထုက ပိုကောင်းနေပါလား။ နောက် ပင်လယ်နှင့်တူသော မိန်းမများ၊ ချစ်သူလား စံကားတစ်ပွင့် ပွင့်ခဲ့တယ်၊ ကံကြမ္မာကို မယုံကြည်ကြသူများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်းပါးတွေ။ လက်က မချချင်လောက်အောင် ကောင်းလွန်းလို့ ညလုံးပေါက် ထိုင်ဖတ်ဖြစ်တာ ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ ဝထ္ထု။ ဂျူးက ကျွန်မ အကြိုက်ဆုံး စာရေးဆရာမ။
ဂျူးလို့ လူသိသွားစေတဲ့ အမှတ်တရ ဝထ္ထုလေးကိုတော့ ၂၀၁၀ ခုနှစ် ဝိညာဉ်သစ်စာအုပ်စင် အွန်လိုင်းကနေ ဒေါင်းပြီးမှ ဖတ်ခဲ့ရတယ်။ စာအုပ်ထုတ်ဝေတဲ့နှစ်က ၁၉၈၂၊ ၈၃ တခုခုပဲ။ စာအုပ်ထုတ်ဝေခဲ့တာ နှစ်ပေါင်း ၂၀ နီးပါး ကြာပြီးတော့မှ ဖတ်ခဲ့ရပေမဲ့ ဖတ်ပြီးကတည်က ဦးနှောက်ထဲရော၊ ရင်ဘတ်ထဲမှာရော အမြဲတွယ်ညှိနေတဲ့ စာအုပ်လေး။ ဆရာမကြီး ကြည်အေး၊ မိုးမိုး (အင်းလျား)၊ မစန္ဒာတို့ စာအုပ်တွေလည်း နှစ်တွေ ကြာညောင်းပေမဲ့ အမြဲခေတ်မှီနေတဲ့ စာအုပ်လေးတွေ။
ဂျူး...
ဖြူဖြူသွယ်သွယ် ချစ်စရာကောင်းသလို အရသာကောင်းလွန်းတဲ့ ဂျူးမြစ်လေးကို ကျွန်မတို့နဲ့ မိတ်ဆက်ပေးခဲ့သူက မကြီးရဲ့ အချစ်ဆုံးသူငယ်ချင်း မြစ်ကြီးနားက ကချင်တိုင်းရင်းသူ မရည်သွေး။ ကြော်ပဲစားစား၊ ချည်ရည်ဟင်းပဲ ချက်ချက် စားလို့ကောင်းတဲ့ ဂျူးမြစ်။
ဂျူး...
သမိုင်းမှာ သင်ရတဲ့ နာဇီအာဏာရှင် ဟစ်တလာ မျိုးတုန်းသတ်ဖြတ်တဲ့ ဂျူးလူမျိုးတွေ၊ ဂျူးနိုင်ငံ အစ္စရေးနဲ့ ပါလက်စတိုင်း အာရာဖတ်တို့ တိုက်ပွဲတွေအကြောင်း နိုင်ငံတကာသတင်းမှာ အမြဲပါပေမဲ့ အနီးအနားမှာ ဂျူးမရှိတော့ ကျွန်မတို့နဲ့ အလှမ်းဝေးသား။ ကျွန်မနေခဲ့တဲ့ အနောက်အလယ်ပိုင်းပြည်နယ်တွေမှာ ဂျူးရစ်ဆေးရုံတွေ ရှိပေမဲ့ ဂျူးလူမျိုး သိပ်မရှိဘူးရယ်။
နယူးယောက်ရောက်တော့ လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ။ ရုံးက အန်တီကြီးကို ဘာလူမျိုးလည်းမေးတော့ ယေရူခရစ်တော်က ဘာလူမျိုးလဲ သိလား။ (ကျွန်မ) သိဘူး။ ဘဟီနာ နင် သိလား။ (ဘဟီနာ) သိတယ် ဂျူးလူမျိုး။ အေး မှန်တယ် ငါက ယူကရိန်းနိုင်ငံက ဂျူးလူမျိုး။ ကပ်သီးကပ်ဖဲ့၊ လက်ပေါက်ကပ်လွန်းတဲ့ အဲဒီဂျူးအဘွားကြီးနဲ့ အတူတွဲလုပ်ရတဲ့ ရက်သတ္တပတ်နှစ်ပတ်ဟာ ကျွန်မအတွက်တော့ တကယ့်ကို စိတ်ဖိစီးလွန်း၊ ခေါင်းခဲစေတဲ့ နေ့ရက်တွေပါပဲ။ ကလိုင်းရင့်ရုံးကို လွှတ်တော့ အစကတော့ ကံဆိုးလှချည်ရဲ ့လို့ တွေးတာ အဲဒီဂျူးအဘွားကြီး ရန်ကလွတ်၊ ပရောဂျက် ၄၊ ၅ ခု တပြိ ုင်နက်တည်း လုပ်ရတဲ့ ရုံးချုပ်ကလည်းလွတ်လို့ ခုတော့ ကံကောင်းတယ်လို့ တွေးမိပြန်ရော။
ကျွန်မဘလော့ကို ဖတ်ပြီး အလုပ်ရှာနေမှန်းသိလို့ သူတို့ရုံးမှာ အလုပ်ခေါ်နေလို့ စီဗွီတင်ပေးတဲ့ ကိုထွန်းထွန်းဝင်းက ကျွန်မ နယူးယောက်ရောက်နေမှန်းသိလို့ သူတို့အလှုကို လာဖို့ဖိတ်တယ်။ ကျွန်မက နယူးယောက်မှာ အသိမိတ်ဆွေမရှိ။ ဘလော့ဂါ မမီးငယ်၊ အမြဲစာလာဖတ်တဲ့ မခိုင်တို့က ဆုံရအောင် လာခဲ့လေလို့ ဖိတ်တာနဲ့ အလှုမှာ ဆုံကြတယ်။ အမျိုး၊ အသိမိတ်ဆွေများလို့ ကျောင်းအလှုထက်တောင် စည်တယ်လို့ ဆရာတော် ပြောလောက်အောင် စည်သလို အစားအသောက်တွေကလည်း တကယ်စားကောင်းတယ်။ တကူးတက ဖိတ်တာ ကျေးဇူးပါနော့။ အဲဒီအစ်ကိုက ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာ ကျွန်မထက် စီနီယာအများကြီး ကျသလို၊ မခိုင်အမျိုးသားက ကွန်ပျူတာတက္ကသိုလ်မှာ ဆရာလုပ်ခဲ့တာ။ ကျွန်မ တက္ကသိုလ်တက်တော့ သူတို့တွေက ကျောင်းက ထွက်သွားနှင့်ပြီ။ အလှုမှာ ကျွန်မတို့ တက္ကသိုလ်ကျောင်းထွက်တွေ အတော်များသား။
မမီးငယ်ကို ဂျူးလူမျိုးအကြောင်း မေးတော့ သမီးရေ ဂျူးလူမျိုးဆိုတာ အင်မတန် လက်ပေါက်ကပ်၊ ကပ်သီးကပ်ဖဲ့နိုင်၊ ကပ်စေးနှဲလွန်းတဲ့ လူမျိုး။ အိုင်စတိုင်းတို့လို တော်တဲ့လူတွေ ရှိတယ်။ စီးပွားရေးဆိုလည်း သူတို့ကြီးပဲ။ နယူးယောက်က စိန်တန်းမှာ သူတို့ကြီးပဲ။ (မခိုင်) အဝတ်မည်းမည်း ကျစ်ဆံမြီးချထားတဲ့ ဦးထုပ်ဆောင်းထားရင် အဲဒါအယူသည်းတယ်။ ခေါင်းမှာ အနက်ရောင် အဝိုင်းလေး အုပ်ထားတယ်။ (မမီးငယ်) အဖြူ၊ အမည်းပဲ ဝတ်တယ်။ မိန်းမတွေက အိမ်ထောင်ကျပြီးရင် ကတုံးတုံးပြီး ဆံပင်တု စွပ်တယ်။ (မခိုင်) ကြယ်တံဆိပ်ပါတဲ့ ခိုလျှာအမှတ်အသားက ဂျူးအစားအစာ။ ဂျူးလူမျိုးတွေအကြောင်း စပ်စုနေတာ ဒီကောင်မလေး ဂျူးကောင်လေး တွေ့နေပြီနဲ့ တူတယ်။ (မမီးငယ်) ဟုတ်မယ် ဟုတ်မယ်။

အဲဒီတုန်းက ရုံးက ဂျူးအဘွားကြီးရယ်၊ ကျစ်ဆံမြီးပါတဲ့ဦးထုပ် ဆောင်းထားသူတွေရယ်၊ မြသန်းတင့်ရဲ့ လွမ်းမောခဲ့ရသော တက္ကသိုလ်ညများ ဝထ္ထု ဖတ်ပြီးကာစ။ အဲဒီစာအုပ်က ဟားဗတ်တက္ကသိုလ်မှာ တနှစ်တည်းဘွဲ့ရခဲ့သူတွေ ငွေရတုသဘင်မှာ ပြန်တွေ့ကြတဲ့ အကြောင်း။ အဲဒီထဲက ဇာတ်လိုက်တစ်ယောက်က အမေရိကန်ပြည်ပေါက်ဂျူး။ အစ္စရေးပြည် သွားလည်ရင်း ဟီးဘရူးတက္ကသိုလ်တက်၊ ဂျူးဘာသာစကားသင်၊ ဂျူးတပ်မတော်ထဲဝင်၊ ကျူးကျော်လာတဲ့ အာရပ်တွေကို တိုက်ထုတ်တဲ့အကြောင်း ဖတ်ရပြီးတော့ ဂျူးလူမျိုးဆိုတာ ဘယ်လိုပါလိမ့်လို့ သိချင်နေခဲ့တာ။
(ဘေးမှာ ထိုင်နေတဲ့အစ်မ) တစ်ဆင့်စေ့ကျလို့ လိုက်ကောက်ရင် အဲဒါ ဂျူး။ တရုတ်တွေ၊ ကုလားတွေ ကပ်စေးနဲတယ်ဆိုတာ ဘယ်ကသာ...ဂျူးကို ဆလံသတယ် (နဖူးပေါ် လက်တင်ကာ ဆလံသပုံပါ လုပ်သည်) ။ သူတို့လောက် လက်ပေါက်ကပ်၊ ကပ်သီးကပ်ဖဲ့နိုင်တာ မရှိဘူး။ (ကျွန်မ) သြော် ဂလိုလား။ ဦးထုပ်မှာ ကျစ်ဆံမြီး ဟင် ဘယ်လိုပါလိမ့်။ (ဘေးမှာထိုင်နေတဲ့အစ်မ) နားရွက်နားမှာ ကျစ်ဆံမြီး အဲဒီလောက်လေး ချထားတာလေ။ (မမီးငယ်) သမီးရေ သူတို့က အတော်ကပ်စီးနဲတယ်။ သူငယ်ချင်း ဂျူးမလေး ကိုယ်တိုင်ပြောပြတာ။ တော်တာတွေလည်း ရှိပါတယ်။ သူတို့လူမျိုးမှ သူတို့လူမျိုး ။ (ဘေးမှာ ထိုင်နေတဲ့အစ်မ) ဟုတ်ပါ့။ (အခြားတစ်ယောက်) သူက ဂျူးအကြောင်း ပိုသိတာပေါ့ (ဘေးမှာထိုင်နေတဲ့အစ်မ ကျွန်မတို့နဲ့ဂျူး အတင်းတုတ်နေတဲ့ အစ်မကို မေးငေါ့ပြရင်း) သူ့အမျိုးသားက ဂျူးလေ။
ကျွန်မနဲ့ မခိုင် အံ့အားသင့်လို့ ပါးစပ်ကလေးဟ ဘာပြောရမှန်းမသိ ကြောင်တက်တက်လေး ဖြစ်။ ဂျူးလူမျိုးကို လက်ထပ်ထားတာဆိုတဲ့ အစ်မနဲ့ အတိုင်အဖောက်ညီညီ ဂျူးမကောင်းကြောင်း ပြောတဲ့ မမီးငယ်က အဲဒီအစ်မ ခြေထောက်လေးကို ကိုင်လို့ စန်းထွန်းမေးလို့ ပြောပြနေတာလို့ ရှင်းပြတောင်းပန်။ အဲဒီအစ်မက စိတ်ထဲမထားပေမဲ့ ကျွန်မတို့တွေမှာ မျက်နှာတွေပူ ဘာပြောရမှန်းမသိ အိုးတိုးအမ်းတမ်း။ အပြန် တလမ်းလုံး ကျွန်မတို့တွေ တအုန်းအုန်းနဲ့ ရယ်လိုက်ရတာ။ (မမီးငယ် အမျိုးသား) ဟိုက ဓားထုတ်နေပြီ ဒီကမသိဘူး...တခါတည်း ဂျူးမိန်းမရှေ့မှာ ဂျူးမကောင်းကြောင်း ပြောနေလိုက်တာ...
ဟား...ဟား..ဟား...
စန်းထွန်း...အဲဒါ.. မင်းကြောင့်...
ရှမ်းပြည်မှာမွေး ဂျပန်မှာ ကြီးပြင်းခဲ့တဲ့ အဲဒီအစ်မ မီချီကိုနဲ့ ကျွန်မတို့တွေ အဲဒီလို...အဲဒီလို သိ
ကျွှမ်းခဲ့ပေမဲ့ ရှမ်းအချင်းချင်းလည်းဖြစ်၊ သွက်လက်တက်ကြွ ရင်းနှီးဖော်ရွေတဲ့ မမီးငယ်ကို မမီချီကိုက ဖုန်းတွေဆက်၊ အိမ်ကို ထမင်းစား အတင်းခေါ်တဲ့အထိ ခင်မင်သွားကြတယ်။ မျက်လုံးနက်နက်၊ အသားဝါဝါ၊ ခေါင်းမှာ အနက်ရောင် ဝိုင်းဝိုင်းလေး ဆောင်းထားတဲ့ ဂျူးလေးတွေ၊ ကျစ်ဆံမြီးချထားတဲ့ ဦးထုပ်ဆောင်းတဲ့ ဂျူးအဘိုးကြီးတွေ တွေ့ရင် အိုးတိုးအမ်းတမ်း ရှက်အိုးကွဲဖြစ်ရတဲ့ အဲဒီအဖြစ်လေးကို သတိရမိပြီး ပြုံးမိတယ်။ မမီးငယ်ကလည်း ဂျူးတွေအကြောင်း ရေးထားတာ ဖတ်ရရင် ကျွန်မကို သတိရလို့တဲ့ (သတိမရဘဲ ဘယ်နေပါ့မလဲ ငှင်း..ငှင်း.. ) ဖေ့ဘွတ်ကနေ ရှယ်တယ်။ အင်း... မခိုင်လည်း ဂျူးတွေနဲ့ ကြုံလာရင် အဲဒီအဖြစ်လေး သတိရနေမလားဘဲ။
စန်းထွန်း
ဧပြီ ၈ ၊ ၂၀၁၄။