Showing posts with label Feeling. Show all posts
Showing posts with label Feeling. Show all posts

17 September 2022

အတွေး - ၂

ဆရာ မအားလို့ သင်တန်းဖျက်လိုက်တော့ မကြီးက ပျော်လိုက်တာ။ တူတော်မောင်နဲ့ တူနေပြီ။ တူတော်မောင်လည်း သူ့ဆရာမ သင်တန်းဖျက်ရင် သိပ်ပျော်တာ။ အသက်ကြီးတာ ငယ်တာနဲ့ မဆိုင်ဘူး ဆရာ မလာရင် ကျောင်းသားတိုင်း ပျော်ကြပါလား။ သူငယ်ချင်းဂိုက်ဆရာမက ပြောဖူးတယ် သူက တခါတလေ သင်တန်းဖျက်တယ် သူ့တပည့်တွေ ပျော်အောင်လို့တဲ့။ ဆရာ မလာရင် မပျော်တဲ့ကျောင်းသား ရှိမယ်မထင်ဘူးနော်။

စန်းထွန်း

စက်တင်ဘာ ၁၇၊ ၂၀၂၂။


August 31, 2022. Exchange Place Water Front, Jersey City, New Jersey.

14 September 2022

အတွေး - ၁

၂၀၂၂ စက်တင်ဘာ ၃ စနေနေ့ အသိအမ သမီးအကြီး မင်္ဂလာဆောင်သွားတယ်။ ယူအက်စ်မှာ နေတာ ၁၁ နှစ် အတွင်း ပထမဆုံးသွားဖူးတဲ့ မင်္ဂလာဆောင်။ ဘုန်းကြီးကျောင်းဆိုတော့  မြန်မာဝတ်စုံ ဝတ်မလို့ဟာ။ ကြိုက်တဲ့အကင်္ီျက ဝလာလို့ ကျပ်နေတယ်။ ချောင်တဲ့ပွတဲ့ အကင်္ီျကျတော့လည်း မကြိုက်။ ဝတ်ဖို့ရွေးထားတဲ့ ဂါဝန်ကလည်းကျပ် နောက်ဆုံးတော့ သက်တောင့်သက်သာရှိတဲ့ ဂါဝန်ပဲဝတ်ဖြစ်တော့တယ်။ မတွေ့တာ သုံးနှစ်လောက် ရှိပြီ ဘုန်းဘုန်းက ကိုယ့်ကိုမှတ်မိနေတယ်။ ၂၀၁၉ ဇွန် မောင်မောင်ဆုံးတော့ ဘုန်းကြီးကျောင်းမှာ လစဥ◌်ဆွမ်းသွားလှုဖြစ်တယ်။ ကိုယ်က ဟင်းမချက် မြန်မာဆိုင်က အပတ်တိုင်း ဝယ်စားတဲ့သူ။ ကိုယ့်လက်ရာကြောင့် ဘုန်းဘုန်းတွေကို အားနာမိသား။ နောက်တော့ ကိုဗစ်တွေဆိုးတာနဲ့ အိမ်ပြင်တောင်မထွက်။ ဆရာတော်က ကိုယ့်နာမည်ကို မှတ်မိသားဆိုပြီး ဝမ်းသာမိတယ်။ နာမည်လဲမမှတ်မိ ပီယဝါစာလည်း မပြောတတ် သီလရှင်ဝတ်လို့ကတော့ ကိုယ့်ကိုလှုမဲ့သူ တယောက်မှရှိမှာ မဟုတ်ဘူး။

စန်းထွန်း

စက်တင်ဘာ ၁၄၊ ၂၀၂၂။

September 3, 2022 Saturday မင်္ဂလာဆောင်ကအပြန် ကိုယ့်ဘာသာ stand ထောင်ပြီးရိုက်ထားတာ

10 September 2022

ဆန်းကြယ်တဲ့ စိတ် - ၃

အိမ်မက်တွေ သိပ်မက်လေ့မက်ထ မရှိသလို မက်တဲ့အိမ်မက်တွေဟာလည်း မှန်လေ့မှန်ထမရှိ။ ဘာအဓိပ္ပာယ်မှလည်းမရှိ တခါတလေ ဘာတွေမက်လို့မှန်းကို မက်မှန်းမသိ။ လွန်ခဲ့တဲ့တစ်နှစ်လောက်က ထူးထူးဆန်းဆန်း အိမ်မက်တခုမက်တယ်။ အိမ်မက်ထဲမှာ ဖြိုးအိမ်ကို ရောက်နေတယ်တဲ့။ တကယ်ရောက်နေသလို ခံစားမိတာ။ ၁၉၉၉ လှည်းတန်းက ဆရာကြီးဥ◌ီးမြကြိုင် အင်္ဂလိပ်စာသင်တန်းကျောင်းမှာ ခင်တဲ့သူငယ်ချင်းတွေက ဖြိုး၊ ခိုင်မေ၊ ဝတ်ရည်၊ သင်းခိုင်၊ ရွှေဇင်၊ မေရီ၊ နွေးနွေး။ ဖြိုးနဲ့ ခိုင်မေကတော့ အိမ်လည်းနီးတော့ ပိုခင်တယ်။ ဖြိုးအိမ်က ဆင်မလိုက်အဝေးပြေး မှတ်တိုင်နားမှာ သွားရအဆင်ပြေတော့ တဂျိမ်းဂျိမ်း ရောက်ဖြစ်နေတာပေါ့။ သက်တူရွယ်တူမဟုတ် တက်တဲ့တက္ကသိုလ် မတူတော့ တစ်နှစ် တစ်ခါနှစ်ခါလောက်ပဲ ဆုံဖြစ်ပေမဲ့ ငယ်သူငယ်ချင်းတွေလိုပဲ။ ကိုယ်နိုင်ငံခြား ရောက်သွားတော့ ပိုဝေးသွားတယ်။ အဲ့ဒီတုန်းက မိုဘိုင်းဖုန်း မကိုင်နိုင်ကြ  အင်တာနက်ခက်တော့ အဆက်အသွယ်မရှိ။ ခုမှ ဖေ့ဘွတ်ကြောင့် အဆက်အသွယ် ပြန်ရတာ။ အိမ်၊ အလုပ်၊ လူမှုရေးကိစ္စတွေနဲ့ အလုပ်များကြလို့  အကြောင်းရှိမှပဲ ပြောဖြစ်တော့တယ်။ စကားမပြောဖြစ်ပေမဲ့ ရင်ဘတ်ချင်းနီးတဲ့သူတွေ။ နောက်နေ့ကျတော့ ဖြိုးက မေးလာတယ် နေကောင်းလားတဲ့။ မနေ့က နင့်ကို အိမ်မက်မက်တယ် အိမ်မက်ထဲမှာ အသားရောင်ဝတ်စုံလေးနဲ့ အရမ်းလှနေတော့ နေမှကောင်းရဲ့လား စိတ်ပူလို့တဲ့။ ဝတ်ရည်ကလည်း ကိုယ့်ကိုအိမ်မက် မက်တယ်တဲ့။ တယ်လီပယ်သီဆိုတာမျိုး ထင်ပါရဲ့။

စန်းထွန်း

စက်တင်ဘာ ၁၀၊ ၂၀၂၂။

05/21/2022 Central Park

03 September 2022

ဆန်းကြယ်တဲ့ စိတ် - ၂

ကျောင်းနေဖက်သူငယ်ချင်းက အရေပြားဆရာဝန်သိလား မေးလာတယ်။ ဟွန့် သူသိချင်တာရှိတော့မှ လာမေးတယ်ဆိုပြီး စိတ်တိုသွားပေမဲ့ ဆရာဝန်လိပ်စာကဒ်ကို ဓာတ်ပုံရိုက်ပြီး ပို့ပေးလိုက်တယ်။ နေပါဥ◌ီး ဘာဖြစ်လို့စိတ်တိုနေတာလဲ ကိုယ်လည်း သိချင်တာရှိတော့မှ သူ့ဆီမတ်ဆေ့ပို့ပြီး မေးတာလေ။ အတူတူပဲဟာကို ဘာလို့စိတ်တိုနေတာလဲ။ စဥ◌်းစားကြည့်လိုက်တော့မှ ကြည့်စမ်း ကိုယ်က သူ့ကို မနာလိုဖြစ်နေတာ။ မနာလိုစိတ်ဆိုတာ အတော်သိမ်မွေ့တာပဲ။ သူက ယောကျာ်းရပြီး စတိတ်ကိုရောက်လာ အိမ်ပိုင်ယာပိုင် အစစအဆင်ပြေတဲ့သူ။ ကိုယ်ကတော့ အစစအရာရာ ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်ရသူ။ ဒါတောင် ကိုယ်က မနာလိုစိတ်၊ ယှဥ◌်ပြိုင်လိုစိတ် အတော်နည်းတဲ့သူ။ ကိုယ့်သူငယ်ချင်း နိုင်ငံခြားမှာ ကျောင်းသွားတက်တော့ ဘယ်လိုခံစားရလဲလို့ လာမေးတယ်။ ဘယ်လိုမှ မနေဘူး သူတတ်နိုင်လို့သွားတာ ကိုယ်လည်းတတ်နိုင်တဲ့တနေ့ သွားမယ်။ သူများတွေဆို နောက်ကျကျန်ခဲ့ပြီ သိမ်ငယ်သလို အားငယ်သလို ခံစားရတာတဲ့။ ကိုယ်ကတော့ ဘယ်လိုမှမနေတာ။ ကိုယ့်ကိုကိုယ် မနာလိုစိတ်မရှိဘူးထင်တာ အကျိုးအကြောင်း တိုက်ဆိုင်တဲ့အခါ မနာလိုစိတ် ဖြစ်တာပါပဲ။ ကိုယ့်ထက်နိမ့်ကျသူတွေကို သနားစိတ် ဖြစ်ဖို့လွယ်ပေမဲ့ ကိုယ့်ထက်သာတဲ့သူတွေကို မုဒိတာစိတ်ထားနိုင်ဖို့ ခက်တယ်။ မနာလိုစိတ်ဆိုတာ ကိုယ်နဲ့မတိမ်းမယိမ်းကြားထဲမှာ ဖြစ်တတ်တယ်။ မနာလိုစိတ်ဆိုတာသိပြီး အဲ့ဒီစိတ်ကို စေ့စေ့စိုက်ကြည့်လိုက်တဲ့အခါ ပျောက်သွားတော့တာပဲ။ ခုတော့လည်း အဲ့ဒီအကြောင်း ရယ်ရယ်​မောမော ပြောနိုင်ပြီ။ စိတ်ဆိုတာ ဆန်းကြယ်ပါလား။

စန်းထွန်း

စက်တင်ဘာ ၃၊ ၂၀၂၂။

13 July 2022

ဆန်းကြယ်တဲ့ စိတ် - ၁

၂၀၂၂ ဇှုလှိုင် ၉ တနင်္ဂနွေနေ့ မနက် ၁၁ ခွဲ သွားဆေးခန်းဆီ အချိန်မှီရောက်ဖို့ ‌လောနေတုန်း မြေအောက်ရထားကနေ မြေပေါ်ဆီ လှေကားအတက် ကိုယ့်ရှေ့မှာ တွန်းလှည်းနဲ့ အဘွားတယောက်။ သူ့နောက်ကနေဆို နောက်ကျမယ် မြန်မြန်ရောက်ချင်ဇောနဲ့ သူ့ဘေးကလမ်းကြောင်းကို ရွေးလိုက်တယ်။ သူ့နောက်ကလူတယောက်က သူ့တွန်းလှည်းကို မြှောက်ပြီး ကူသယ်ပေးလိုက်တဲ့အခါ ဟာ..ခနဲ ဖြစ်သွားတယ်။ ကိုယ်က မကူညီဘဲ မြန်ချင်ဇောနဲ့ ဘေးကနေ ကျော်တက်ဖို့ ကြိုးစားနေချိန်မှာ ကူညီတတ်တဲ့သူက ပေ့ါပေ့ါပါးပါးလေး ကူညီသွားတာကို တွေ့လိုက်ရတဲ့အခါ ရှက်သွားတယ်။ ကူညီတဲ့သူကိုလည်း လေးစားချီးကျူးမိသလို ကြည့်စမ်း ဘာဖြစ်လို့ကူညီဖို့ မတွေးမိပါလိမ့်။ အဲ့ဒီလို ကူညီလို့ရတာပဲ နောက်တခါကျရင် အဲ့လိုကူညီမယ်လို့  တွေးမိတယ်။ အရင်တုန်းက အဲ့လိုအဖြစ်မျိုး မြင်ဖူးပေမဲ့ အဲ့ဒီလိုတွေးမတွေးမိဘူး။ မျက်စိထဲလည်းမမြင် စိတ်ထဲလည်းမရောက်၊ မျက်စိထဲမြင်ရင်တောင် စိတ်ထဲမရောက်တာမျိုး။ ခုတော့လည်း ဘာရယ်မဟုတ်ဘဲ အကျိုးအကြောင်း တိုက်ဆိုင်တဲ့အခါ သင်ခန်းစာ၊ သံဝေဂ၊ စဥ်းစားဆင်ခြင်၊ အတွေးလေးရလို့ ညဏ်လေးတချက် လက်သွားတာမျိုး။ စိတ်ဆိုတာ ဆန်းကြယ်ပါလား။

စန်းထွန်း

ဇူလှိုင် ၁၃၊ ၂၀၂၂။

June 18, 2022, Saturday, Central Park, New York


29 June 2022

အထီးကျန်ခြင်း အနုပညာ...

လူတွေအများကြီး ပတ်လည်ဝန်းရံထား၊ စကားတွေ ဆူညံပွက်လောရိုက်၊ သီချင်းသံတွေ ဆူညံနေတဲ့ကြားတဲ့မှာ တယောက်တည်း အထီးကျန်တဲ့ ခံစားမှုမျိုး ခံစားဖူးသလား။  ၂၀၂၂ ဇူလှိုင် ၁၉ အမေစုမွေးနေ့ ဆုတောင်းပွဲသွားတော့ လူ၅၀၀လောက်ရှိတဲ့ လူအုပ်ကြားထဲမှာ တယောက်တည်း အထီးကျန်နေသလိုမျိုး ခံစားရတာ။ သူငယ်ချင်းမိတ်ဆွေတွေနဲ့ဆို အတူပျော်စရာကောင်းပေမဲ့ တယောက်တည်း လုပ်ရတဲ့အခါလည်း ရှိတာပဲ။ တယောက်တည်းနေတာကြာတော့ လူများရင်တောင် ရှုပ်သလိုခံစားမိတယ်။ တယောက်တည်း‌နေလို့ ပျင်းနေမလားလို့ ထင်ကြပေမဲ့ ပျင်းဖို့အချိန်မရှိအောင် မအားတဲ့သူမို့ အထီးကျန်တယ်ဆိုတဲ့ ခံစားမှုကို သိပ်မသိဘူး။ အဲ့ဒီနေ့ကတော့ လူအများကြီးဝန်းရံထားရဲ့ကို အထီးကျန်နေတာ။ ခံစားဖူးတဲ့သူကတော့ နားလည်လိမ့်မယ် ထင်ပါတယ်။

စန်းထွန်း

ဇွန် ၂၉၊ ၂၀၂၂။

May 2, 2022. Orchid in Wat Chai Thararam, Phukhet, Thailand



23 June 2022

ဝိုးတဝါး...

လွန်ခဲ့တဲ့သုံးနှစ်က သူပြောပြဖူးတဲ့ ရုပ်ရှင်ကို မထင်မှတ်ဘဲ ကြည့်ဖြစ်တဲ့အခါ သူ့ကို ထူးထူးခြားခြား သတိရမိတယ်။ သင်တန်းတခုကို သုံးလလောက် အတူတူတက်ခဲ့လို့ သူ့အကြောင်း နည်းနည်းပါးပါး သိရုံကလွဲလို့ ဘာအမှတ်တရမှလည်းမရှိ။ ရုပ်ရည်က သာမန်ပေမဲ့ စိတ်ဓာတ်က လူကြီးလူကောင်းဆန်ကာ စကားပြောလို့ အတော်အဆင်ပြေတဲ့သူ။ သူ့ချစ်သူရည်းစား၊ မိန်းမကတော့ အတော်ကံကောင်းတဲ့သူပဲလို့ ကိုယ်တို့တညီတညွှတ်တည်း မှတ်ချက်ပြုရသူ။ ချစ်မြတ်နိုးတာလည်းမဟုတ်၊ ရင်ခုန်တာလည်းမဟုတ်၊ မျှော်လင့်တာလည်းမဟုတ်၊ တွယ်တာတာလည်းမဟုတ်၊ အကြောင်းတိုက်ဆိုင်လို့ သဘောကျနှစ်သက်သူတယောက်ကို သတိရမိတင်ထင်ပါရဲ့။ ရှားရှားပါးပါး ကိုယ်သဘောကျ လေးစားအားကျရတဲ့သူတယောက်။ သေသေချာချာ ပြန်တွေးမိရင်တောင် သူ့မျက်နှာကို ဝိုးတဝါးလေးပဲ မျက်မိနေတော့တယ်။

စန်းထွန်း
ဇွန် ၂၃၊ ၂၀၂၂။

06/18/2022 Saturday Central Park ထဲက နှင်းဆီ
အခုတလော နားထောင်ဖြစ်တဲ့ သီချင်းလေးတွေ

01 September 2019

ဟယ်လင် ...

၂၀၁၆ ဇူလှိုင် ပီအေရုံးမှာ ကွန်းထရပ်ကုန်တော့ မစ်တောင်းမန်ဟက်တန်ရုံးချုပ်ကို ပြန်ရတယ်။ ၂၀၁၆ ဒီဇင်ဘာမှာ တရုတ်ကုမ္ဗဏီကနေ အလုပ်ပြုတ်ပြီး ၂၀၁၇ မတ်လမှာ အန်ဂျီအိုရုံးမှာ အလုပ်ရတယ်။ ဂရင်းကဒ်ကတန်းလန်း အီးအေဒီကဒ်ရှိပေမဲ့ ရှေ့နေက အီးအေဒီကဒ်ကို မသုံးခိုင်းဘူး။ တရုတ်ကုမ္ဗဏီက ဂရင်းကဒ်လျှောက်တာကို ပယ်ဖျက်လိုက်ရင် နင့်မှာစတေးတပ် မရှိတော့ဘူး။ လုံးဝ လုံးဝ အီးအေဒီကဒ်မသုံးပါနဲ့ အိတ်ချ်ဝမ်းဘီ ထရန်စဖား H1B transfer လုပ်ပါတဲ့။ ပထမဆုံးအကြိမ် အိတ်ချ်ဝမ်းဘီ လျှောက်ရတာခက်တယ်။ ဧပြီ ၁ ရက်နေ့မှာပဲ လျှောက်ရတယ် အစိုးရက သတ်မှတ်ထားတဲ့ အရေအတွက်ထက် သုံးဆလျှောက်ကြလို့ ကံစမ်းမဲ Lottery နှိုက်ရတယ်။ လော်ထရီအောင်မှ လက်ခံငြင်းပယ်တာက နောက်တဆင့် အဖြေကို အောက်တိုဘာလ နောက်ဆုံးထားပြီးသိရတယ်။ H1B tranfer ကတော့ မြန်တယ် ကြိုက်တဲ့အချိန် လျှောက်လို့ရတယ် သုံးနှစ်ပေးတယ်။ အိတ်ချ်ဝမ်းဘီနှစ်ခါ ခြောက်နှစ်ပြီးရင် စတိတ်ပြင်ပကို ထွက်ပြီးတော့မှ ပြန်လျှောက်လို့ရတယ်။ ပရိုဂရမ်မာအလုပ်ကို အင်တာဗျူးခဲ့ပေမဲ့ ကိုယ်လုပ်နိုင်တယ်ထင်လို့ database management specialist  ရာထူးပေးတယ်။  cold fusion ပရိုဂရမ်းမင်းနဲ့ ရေးထားတဲ့ဆော့ဝဲတွေ ပြုပြင်ထိန်းသိမ်းတာ လုပ်ရတော့ cold fusion လေ့လာရတယ်။ learning management system အသစ်ကိုသုံးတော့ ကိုယ်ကအရင်လေ့လာရတယ်။ ပြီးရင် ဒါရိုက်တာ၊ မန်နေဂျာ၊ ဝန်ထမ်းတွေကို သင်ကြားပြသပေးရတယ်။ commerical ဆော့ဝဲသုံးရင် ဒေတာတွေကို ဘယ်လိုရမလဲ လေ့လာရတယ်။ data analysis လုပ်ရတယ်။ ဆော့ဝဲကို ဘယ်လိုသုံးရမလဲ user guide တွေ ရေးရတယ်။ tableau reporting software လေ့လာပြီး ဝန်ထမ်းတွေ သုံးတတ်အောင် သင်ကြားပေးရတယ်။ learning managment system ရဲ့ data integration တွေ လုပ်ရတယ်။ SSRS နဲ့ reports တွေ ရေးရတယ် coding မရေးရဘူး။ ဘော့စ်ဂျင်က အမေရိကန် သဘောကောင်းတယ် ၊ စကားပြောကောင်းတယ်၊ ငယ်သားတွေကို ညှာတာတယ်၊ ကာကွယ်စောင့်ရှောက်တယ်။ သူ့ဆီကနေ စိတ်ကောင်းနှလုံးကောင်းတဲ့ အလင်းရောင်တွေ ဖြာထွက်နေတယ်လို့ ခံစားရတယ်။ မန်နေဂျာတရုတ်မဟယ်လင်က ရှန်ဟိုင်းနားက ပြည်ကြီးတရုတ်မ။ တော်တယ် အလုပ်အရမ်းလုပ်တယ် ဒါပေမဲ့ အမြဲအော်ဟစ် ဆူပူနေတတ်တယ်။ စိတ်တိုရင် စားပွဲကို တဒိုင်းဒိုင်းထု မန်နေဂျာနဲ့ ရန်ဖြစ်ရင် နံရံကို တဒုန်းဒုန်း ထုတတ်တယ်။ အမလေး ... လန့်စရာကြီး ဒေါသကြီးပြီး စိတ်မထိန်းနိုင်ဘူး လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေး မကောင်းဘူး။ အလုပ်အရမ်းလုပ်ပေမဲ့ ဟယ်လင်ဆို အော်ကြောလန်။ အိုင်တီအသင်းမှာ မိန်းကလေးဆိုလို့ ကိုယ်နဲ့ဟယ်လင် နှစ်ယောက်တည်း အားလုံးက ယောက်ျားလေးတွေ။

ကိုယ်လည်းအမှားမလုပ်ဘဲနဲ့ အစည်းအဝေးခန်းထဲမှာ အော်ဟစ်နေလို့ ဘော့စ်ကိုသွားတိုင်တယ်။ ဘော့စ်က လာတိုင်တာကို ချီးမွမ်းတယ် မှားနေရင်တောင် အော်ဟစ်ဆူခွင့် မရှိဘူးတဲ့။ စာရင်းစစ်က လာစစ်တော့မယ် ဒေတာတွေမစုံသေးဘူး ။ လက်အောက်ခံကုမ္ဗဏီတခုရဲ့စာရင်းစစ်က အသစ်ဆိုတော့ စာရင်းဟောင်းတွေမသိ။ ချော့တခါ ခြောက်တခါ တောင်းနေတာလည်းမရ။ ဟယ်လင်က ဒေတာတွေရပြီလား ဟယ်လင့်ကို စီစီအီးမေးလ်ထားပြီး တောင်းနေတာပဲ မရသေးဘူးလို့ပြောတော့ you are doing rubbish တဲ့။ ဒေါသထွက်တဲ့ မျက်လုံးနဲ့ ကြည့်တော့ ဒေါသမထွက်နဲ့ မှန်တာပြောတာ အမှိုက်တွေတဲ့။ သူ့အခန်းထဲခေါ်ပြီး တံခါးပိတ်မဆူဘဲ ကိုယ့်နေရာလာပြီး တရုံးလုံးကြားအောင် ဆူတယ်။ ဒေါသကိုမျိုသိပ်ပြီး ရအောင်လုပ်ပါ့မယ် ရရင်ချက်ချင်းအီးမေးလ် ပို့မယ်ပြောလိုက်တယ်။ နောက်နေ့ မနက်စောစော ဟယ်လင့်ကို လုပ်ပြီးတာတွေ သွားပြောတယ်။ ဟယ်လင်က မနေ့က သူမှားမှန်းသိတယ် ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ ဘယ်လိုလုပ်သင့်တယ်ဆိုတာတွေ အကြံပေးတယ် ကိုယ်ကလည်း သင်ပြပေးတာ ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်တယ်။ ဘော့စ်ကို သွားတိုင်တယ် ဘော့စ်က မနေ့က သူလည်းကြားတယ်တဲ့ ပရော်ဖက်ရှင်နယ်မဆန်ဘူး ဟယ်လင့်အကြောင်း သူသိတယ်တဲ့။ ဘော့စ်က တံခါးပိတ်ပြီး ဟယ်လင့်ကိုဆူတယ်။ ကိုယ့်ဘော်ဒါ ကိတ်၊ ဂျယ်ရီနဲ့ မတ်ဆေ့စ် အပြန်အလှန်ပို့ပြီး အတင်းတုတ်ကြတယ်။ ဂျင့်အခန်းထဲ ဝင်သွားပြီ ... ပြန်ထွက်မလာသေးဘူး ... ဘာမှမကြားရဘူး ... ဟော ... ပြန်ထွက်လာပြီ။ မကြာဘူး ကိုယ့်ကိုသူ့အခန်းထဲ လာခိုင်းတယ်။ သူ မနေ့ကဆူတာ တောင်းပန်ပါတယ်တဲ့။ ရပါတယ် ကိစ္စမရှိပါဘူး ပြောစရာတခုရှိတယ်။ ဟယ်လင် ... ယူ တော်တယ် အလုပ်အရမ်းလုပ်တယ် ဒါပေမဲ့ စကားပြောတာ အရမ်းရိုင်းတယ်။ ပရော်ဖက်ရှင်နယ်ဆန်ဆန် လူတိုင်းကို ဂုဏ်သိက္ခာ၊ လေးစားမှုနဲ့ respect and dignity ဆက်ဆံသင့်တယ်။ အဲ့ဒီနောက်ပိုင်း ဟယ်လင် အရင်ကလောက် ဒေါသမထွက် မအော်ဟစ်တော့ပေမဲ့ ကိုယ့်ကို ငြိုးတော့တာပဲ။ ဆေးခွင့်ယူရင် ယူပြန်ပြီ၊ အားလပ်ရက်ခွင့်ယူရင်လည်း ယူပြန်ပြီ၊ ဖုန်းပွတ်ပြန်ပြီ၊ ဖုန်းပြောပြန်ပြီ။ ဘာအလုပ်မှမပေးဘူး HelpDesk အလုပ်တွေ လုပ်ခိုင်းတယ် မကြိုက်ရင်ထွက် သူကတော့ အလုပ်မဖြုတ်ဘူးတဲ့။ ဒီရုံးမှာ အကျိုးအကြောင်းခိုင်လုံမှ အလုပ်ဖြုတ်လို့ရတယ်။ အလုပ်ပြုတ်တာ လုပ်ဆောင်ချက်မကောင်းလို့၊ လုပ်ဆောင်ချက်မကောင်းတာ ရုံးကထရိမ်နင် ကောင်းကောင်းမပေးလို့ဆိုပြီး ရုံးကိုပြန်တရားဆွဲတဲ့သူတွေရှိတယ်။ ဒီတော့ ဟယ်လင်က သူတော့အလုပ်မဖြုတ်ဘူး ကိုယ့်ဘာသာထွက်အောင် အမျိုးမျိုးပညာပြ ပညာရှိနည်းနဲ့ နှိပ်စက်တယ်။ ရုံးလာပြီးငုတ်တုတ် အလုပ်များချင်ဟန်ဆောင်ရတာ တကယ်ပင်ပန်းတယ်။

New York upstate ဖက် Poughkeepsie မြို့နားက လယ်တောတွေထဲ
ဘလူးဘယ်ရီ၊ ဆီးသီး၊ မက်မွန်သီး သွားခူးတုန်းက ပြောင်းဖူးခင်းထဲမှာ

အလုပ်လျှောက်၊ နေ့လည်ထမင်းစားချိန်ဆို ဖုန်းအင်တာဗျူး၊ ဆေးခွင့်တွေယူပြီး အင်တာဗျူးသွား။ စိတ်ဖိစီးတော့ ကိုယ်လက်တွေကိုက်ခဲ သြော် ... ဟယ်လင်...ဟယ်လင်.. နှိပ်စက်တာ... နှိပ်စက်တာ။ ဟိုဘဝတုန်းက ကိုယ်က ဟယ်လင့်ကို နှိပ်စက်ထားခဲ့လို့နေမှာ။ အစပိုင်းကတော့ ဟယ်လင့်မျက်နှာကို မကြည့်ချင်ဘူး နောက်တော့ တဖြည်းဖြည်း နှုတ်ဆက်ပြုံးပြလာနိုင်တယ်။ အင်တာဗျူးဖြေဖို့စာကြည့်ပြင်ဆင် ဖြေနိုင်ရင်စိတ်တက်ကြွလိုက် မဖြေနိုင်ရင်စိတ်ဓာတ်ကျလိုက်။ ဂရင်းကဒ်ရှိနေတော့ ဗီဇာအတွက်ပူစရာမလို  အလုပ်ဖြုတ်မှာမဟုတ်လို့ ပူစရာမလို အေးအေးဆေးဆေး အလုပ်ရှာနေတယ်ဆိုပေမဲ့ အလုပ်ထဲမှာအဆင်မပြေတော့ စိတ်မချမ်းသာဘူး။ ဟယ်လင်ဘေးနားက ဖြတ်သွားရင်၊ ဟယ်လင့်အသံကြားရရင်၊ ဟယ်လင်ရုံးမှာရှိတယ်ဆိုတဲ့ အသိနဲ့တင် စိတ်ဖိစီးတယ်။ မချစ်မနှစ်သက်တူနဲ့ အတူနေရတဲ့ ဆင်းရဲဒုက္ခသိပ်ကြီးတယ်။ ၂၀၁၉ ဖေဖေါ်ဝါရီ ရန်ကုန်ပြန်ဖို့ ခွင့် ၁၂ ရက်တောင်းတာ မပေးဘူး။ ခွင့်ရက်တွေလည်းရှိရက် ကိုယ့်မှာအလုပ်မရှိဘူးဆိုတာ သိရက်သားနဲ့ မပေးဘူး တမင်သက်သက်ညစ်တယ်။ ကိုယ်မြန်မာပြည်မပြန်တာ ၈ နှစ် ၂၀၁၁ ဖေဖေါ်ဝါရီ စတိတ်ကိုလာကတည်းက မပြန်တာ။ မောင်မောင်နဲ့မတွေ့တာ ၈ နှစ် တူတော်မောင်ကိုလည်း မမြင်ဖူးဘူး။ မကြီးကလည်း စင်္ကာပူကနေလာမှာ မိသားစုတွေ့ဆုံပွဲမို့လို့ ပြန်စဉ်းစားပေးပါးလို့တောင်းဆိုတော့မှပေးတယ်။ ဟယ်လင်က အပျိုကြီးလားမသိဘူးလို့ပြောလို့ ရယ်လိုက်ရတာ။ အပျိုကြီးလူပျိုကြီးဆိုရင် ဇီဇာကြောင်ပေါင်းသင်းရခက်တဲ့သူလို့ပဲ ထင်ကြတယ်။ ဒီတခါတော့ မှားသွားပြီ ဟယ်လင့်မှာ တက္ကသိုလ်တက်နေတဲ့ သားတစ်ယောက်ရှိတယ်။ ယော်ကျားအကြောင်းတော့ တခါမှပြောသံမကြားဘူး။ ကွဲနေတာလား၊ သေသွားတာလား မသိဘူး။ ဒင်းဒဏ်မခံနိုင်လို့ ထွက်ပြေးတာ၊ သေသွားတာ ဖြစ်လိမ့်မယ်ဆိုပြီး ဟားကြတယ်။ လူဆိုတာ သူစိမ်းအပေါ်မှာ ကောင်းဖို့ကြိုးစားသလောက် မိသားစုဝင်အပေါ်တွေမှာတော့ အဲ့ဒီလောက်မကောင်းနိုင်ဘူး။ ဟယ်လင်က သူစိမ်းအပေါ်မှာတောင် ကောင်းဖို့မကြိုးစားတာ အိမ်သားတွေအပေါ်မှာဆိုရင် ဘယ်လိုနေမလဲမသိဘူး။ ဂရမ်းစင်ထရယ်နားက နယူးယောက်မြို့တော်ဝန်ကူမိုအတွက် အလုပ်လုပ်ပေးတဲ့ အစိုးရရုံးက အလုပ်အော်ဖာပေးတယ်။ ပီအေရုံးက လူတွေ့အင်တာဗျူး အခြေအနေကိုမေးကြည့်တော့ သဘောကျတယ်။ ဋ္ဌာနကအကြီးဆုံးနှစ်ယောက်နဲ့ နောက်ဆုံးအင်တာဗျုး ထပ်လုပ်တယ်။ တစ်ပတ်အကြာ မေလဆန်း ကျူးဘားကနေအပြန် မီယာမီလေဆိပ်ရောက်တာနဲ့ ဖုန်းဝင်လာတယ်။ မနေ့ကတည်းက အော်ဖာအီးမေးလ်ပို့တာ အကြောင်းမပြန်လို့ ဖုန်းဆက်လှမ်းမေးတာတဲ့။ ကျူးဘားမှာ အင်တာနက်မရှိလို့ ကမ္ဘာကြီးနဲ့အဆက်အသွယ် ပြတ်နေတာ။ ဖုန်းပြောပြီးတာနဲ့ ဝိုင်းနဲ့ပြေးဖက် ထခုန်ကြတယ်။  ဟယ်လင် ဘယ်လောက်နှိပ်စက်မှန်း ကိုယ်ဘယ်လောက် အလုပ်ပြောင်းချင်နေမှန်း အားလုံးကသိနေကြတာကိုး။

ပီအေရုံးက အစိုးရရုံးမို့လို့ နောက်ကြောင်းရာဇဝင်စစ်တယ်။ ပုံမှန်ဆို တပတ်လောက်ကြာပေမဲ့ ခုတခေါက်တော့ သုံးပတ်လောက်ကြာတယ်။ ရုံးကို တလနို့တစ်ပေးရမှာဆိုတော့ ဇူလှိုင်လဆန်း အီကွေဒေါခရီးစဉ်ပြီးမှ နို့တစ်ပေးမလို့ စီစဉ်ထားတာ အီကွေဒေါမသွားခင် တရက်အလိုမှာ မောင်မောင်ဆုံးတော့ ရန်ကုန်ကိုချက်ချင်းပြန်လာရတယ်။ အရေးပေါ်ခွင့်နှစ်ပတ်မှာ အားလပ်ရက်ခွင့်သုံးရက်ကလွဲရင် ကျန်တာတွေက လစာမဲ့ခွင့်လို့ထင်တာတာ နာရေးခွင့်၊ အားလပ်ခွင့်၊ နေမကောင်းခွင့်တွေနဲ့ လစာရအောင် ဟယ်လင်လုပ်ပေးထားတယ်။ ရုံးစတက်တဲ့နေ့မှာပဲ ဟယ်လင့်ကို နို့တစ်ပေးလိုက်တယ်။ ဂျင်က ဘာလို့အလုပ်ထွက်တာလဲမေးတယ်။ ဘော့စ်က ဟယ်လင့်ကို ဆူပြီးကတည်းက ဟယ်လင်က ကိုယ့်ကိုအငြိုးထားပြီး အလုပ်မပေးတဲ့အကြောင်း၊ ဖုန်းပြောရင်ပြောပြန်ပြီ၊ ခွင့်ယူရင် ယူပြန်ပြီ။ ရီပို့တခုမှာ ပိုက်ဆံတွေအများကြီး ကွာနေလို့ ဘဏရေးဋ္ဌာနအကြီးဆုံးက ဟယ်လင်ကို လာမေးတော့ ဟယ်လင်က စန်းစန်းလုပ်တာတဲ့။ ကိုယ်က မျက်လုံးလေးပေကလပ် ပေကလပ်နဲ့ ငါလည်း ဘာရီပို့မှ မလုပ်ပါဘူး ။ data integrity တိကျသေချာတဲ့ ဒေတာတွေရအောင်ပဲ လုပ်တာကို။ ဘဏာရေးဋ္ဌာနအကြီးဆုံးက ဒါ စန်းစန်း ပထမဆုံးလုပ်တာ သူဘယ်သိပါ့မလဲ ဆူပါဗိုက်ဆာဖြစ်တဲ့ ဟယ်လင်က ကြီးကြပ်ရမှာပေါ့။ တော်သေးတယ် ဘဏာရေးဋ္ဌာနအကြီးဆုံး ရာ့ဂျ် ကယ်ပေလို့။ ဟယ်လင်က ကိုယ့်ကိုဘာမှမပြောဘူး သူ့ဘာသာလုပ်သွားတယ်။ ကိုယ့်ကိုဆူပြောလို့လည်း မရဘူးလေ ကိုယ်လုပ်တာမှမဟုတ်တာ သူလုပ်တာကို။ ဟယ်လင်က အဲ့ဒီလို ဆူပါဗိုက်ဆာကောင်းတယောက် မဟုတ်ဘူး။ ဆူပါဗိုက်ဆာကောင်းဆိုတာ လက်အားငယ်သားကြောင့် မှားခဲ့ရင်တောင် ဆူပါဗိုက်ဆာက တာဝန်ယူရတယ်။ အခု ဟယ်လင် အရင်ကလောက် စိတ်မတိုဒေါသမထွက်၊ မအော်ဟစ်တော့ဘူး။ ကိုယ့်အရေးပေါ်ခွင့်နှစ်ပတ်ကို လစာရအောင် လုပ်ပေးတယ်။ သူ ကောင်းအောင်ကြိုးစားနေတာတွေကို ကိုယ်အသိအမှတ်ပြုပါတယ်။ ကိုယ်ဟာ အလုပ်ကြိုးစားသလို ပိတ်ရက်တွေမှာ ခရီးတွေသွား တောင်တက်ပြီး life and work balance အလုပ်နဲ့ဘဝ သဟဇာတ ဖြစ်အောင်နေတာကို ဘော့စ်က အရမ်းသဘောကျတယ်။ ဟယ်လင်က အမှိုက်ဆိုပြီး ကိုယ့်ကိုခိုင်းတဲ့ပရောဂျက်တွေက ဘော့စ်တော်တော်လေး သဘောကျတဲ့ ပရောဂျက်တွေ ဖြစ်သွားတယ်။ ရုံးမှာက အားလပ်ရက်ခွင့် နာရီ ၂၁၀ ကိုပဲ နောက်နှစ်ဆီသယ်ခွင့်ရှိတယ်။ အားလပ်ရက်တွေမသုံးရင် ဇူလှိုင်လကျော်တာနဲ့ forefit ပျောက်သွားတယ်။ ဒီတော့ ဘော့စ်က အစည်းအဝေးလုပ်ပြီး အားလပ်ခွင့်တွေသုံးဖို့ အိုင်တီတသင်းလုံးကို ပြောတယ်။ ခရီးမထွက်ဖြစ်ရင်လည်း သောကြာနေ့တိုင်း ခွင့်ယူပြီး အိမ်မှာအနားယူပါတဲ့။ စန်းစန်းကိုကြည့်စမ်း ခွင့်သုံးရက်ရတာနဲ့ ခရီးသွားပြီ တော်တယ် စီမံကိန်းကောင်းကောင်းဆွဲတတ်တယ်။ ဖန်လမ်းမှာ အားလပ်ရက်တွေ အများကြီး စန်းစန်းကို ပေးလိုက်ပါလားလို့ စကြတယ်။

ဘယ်ဖက်က လီရာ၊ ကိတ် လက်ဆောင်ပေးတဲ့ ဇီးကွက်သုံးကောင်
ညာဖက်က ကော်စကာရီကာ၊ ကျူးဘားကနေ ဝယ်လာတဲ့ ဇီးကွက်နှစ်ကောင်

ဘော့စ်က ကိုယ့်ကိုမထွက်စေချင်ဘူး တခြားအလုပ် လုပ်မလား၊ သူစီအီးအိုခဏလုပ်နေတဲ့ အန်ဂျီအိုတခုမှာ အလုပ်ပေးရမလားတဲ့။ ကိုယ်က အလုပ်သစ်ကို လက်ခံပြီးပြီလို့ ငြင်းလိုက်တယ်။ ဟယ်လင်က တော်တယ် ဒါပေမဲ့ knowledge sharing မလုပ်ဘူး။ သူတယောက်တည်းလုပ်ပြီး သူတပါးကို မသင်ပြမဝေငှဘူး။ အဲ့ဒါအဖွဲ့အစည်းအတွက် မကောင်းဘူး သူမပြောင်းရင် အလုပ်ထုတ်ရမှာပဲ။ HR က ကိုယ့်ကို exit အင်တာဗျူး လုပ်ချင်တယ် ပြောချင်တာတွေပြော လွတ်လွတ်လပ်လပ် ပြောလို့ရတယ် ဂျင်ရော ဟယ်လင်ရော မသိဘူး။ ဂျင်က ဟယ်လင့်အကြောင်း exit interview မှာ ပြောစေချင်တယ်။ ကိုယ်က မပြောချင်ဘူး ကိုယ့်စကားကြောင့် ဟယ်လင်တခုခု ထိခိုက်မှာ မလိုလားဘူး။ ဂျင်ကတော့ ကိုယ်တို့ဘော့စ်ဆိုတော့ မပြောလို့မဖြစ်ဘူး ပြောကိုပြောပြ အသိပေးရမှာ။ ကိတ်၊ လီရာတို့နဲ့ နှုတ်ဆက်ပွဲ ကော်ဖီထွက်သောက်ကြတယ်။ လီရာက ၁၉၉၅ နိုင်ငံခြားသားတွေ ပထမဆုံးလာလည်ခွင့်ပြုတဲ့ အချိန်တုန်းက မြန်မာပြည်ရောက်ဖူးတယ်။ လီရာက သူ့မြန်မာပြည်ဓာတ်ပုံတွေပြတယ်။ နှစ်ပေါင်း ၂၄ နှစ်အကြာက မြန်မာပြည်ဓာတ်ပုံတွေမြင်တော့ စိတ်မကောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၄ နှစ်က မြန်မာပြည်နဲ့ ခုမြန်မာပြည် သိပ်မကွာလို့ဘဲ။ floor plan ပရောဂျက်အတွက် လီရာနဲ့အတူတူတွဲလုပ်ကြတော့ လီရာက ကိုယ်လုပ်နိုင်တယ်လို့ ဂျင့်ကို ချီးမွမ်းဖူးတယ်။ ဟယ်လင့်အကြောင်းပြောတော့ ကိတ်၊ လီရာတို့က ဟယ်လင့်အကြောင်း HR ကို တိုင်စေချင်ကြတယ်။ အရုပ်သေးသေးလေးတွေကြိုက်တဲ့ ကိုယ့်အတွက် ကိတ်၊ လီရာက ဇီးကွက်သုံးကောင် လက်ဆောင်ပေးတယ်။ ကော်စရာရီကာ၊ ကျူးဘားက ဝယ်လာတဲ့ ဇီးကွက်နှစ်ကောင်၊ ခုဇီးကွက်သုံးကောင် ထပ်ရတော့ ဇီးကွက်ငါးကောင် ရှိနေပြီ။ နောက်ဆုံးနေ့မှာ ကိုယ်လုပ်ရတဲ့အလုပ်တွေကို ဂျယ်ရီဆီ လွဲပေးရတယ်။ ခုထိကိုယ့်နေရာကို အင်တာဗျူးတုန်း လူသစ်မရသေးလို့ ဂျယ်ရီက ကိုယ့်ဆီလှမ်းမေးနေတုန်း။ ကိတ်၊ ဂျယ်ရီတို့နဲ့ မတ်ဆေ့တွေပို့ပြီး အဆက်အသွယ်မပြတ် ရုံးဟောင်းကြောင်း၊ ဟယ်လင့်အကြောင်း အတင်းတုတ်ကြတုန်း။ ဟယ်လင်က ကိုယ်လုပ်နိုင်တာ၊ တော်တာကို အသိအမှတ်ပြုတယ်။ တခုခုဆို စန်းစန်းကိုမေးလိုက် ဘာကြောင့်ဖြစ်တယ်၊ ဘယ်လိုဖြေရှင်းရမလဲဆိုတာ စန်းစန်းကျွှမ်းတယ်။ ဂျယ်ရီ စန်းစန်းကိုမေးလိုက် သူကူညီဖြေရှင်းလိမ့်မယ်။ HR exit အင်တာဗျူးမှာ ဟယ်လင့်အကြောင်း မတိုင်ခဲ့လို့ ကိတ်၊ လီရာတို့က စိတ်ပျက်သွားတယ်။ အင်တာဗျူးမှာ စာရွက်စာတမ်း ပြည့်ပြည့်စုံစုံလုပ်ဖို့၊ knowledge sharing လုပ်ဖို့ အကြံပြုခဲ့တယ်။ ဟမ်မလေး ... ဟယ်လင့်ဒဏ်မခံနိုင်လို့ အလုပ်အသစ်ရှာပါတယ်ဆိုမှ အလုပ်အသစ်မှာ ဟယ်လင်နဲ့ တန်းတိုးနေတယ်။ အစောပိုင်းတုန်းကတော့ ဂျင် my favourite boss ၊ ကိတ်၊ ဂျယ်ရီ၊ အင်္ဂလန်ပရီးမီးယားလိခ် ဘောလုံးပွဲတွေအကြောင်း စကားလက်ဆုံကြတဲ့ တာ့တင်ဟမ်စပါး အမာခံပရိတ်သတ် ဗြိတိသျှလေဒီကြီး ပတ်ထရီရှာတို့ကို သတိရတယ်။ ဘုရားရေ ... ထူးထူးခြားခြား ... ဟယ်လင်ကိုလည်း သတိရနေပါလား ...။

စန်းထွန်း
စက်တင်ဘာ ၁၊ ၂၀၁၉ ။
ကော်စကာရီကာ၊ ကျူးဘားကနေ ဝယ်လာတဲ့ ဇီးကွက်နှစ်ကောင်
နယူးအင်္ဂလန်လေကြောင်းပြတိုက်ကနေ ဝယ်လာတဲ့ ဒစ်ကာဘာရီ အာကာသယာဉ်၊ ဖိုက်တာဂျက်လေယာဉ်
အလာစကာ ဖဲဘန့်ကနေ ဝယ်လာတဲ့ Russia dolls
တရုတ်မယန်း လက်ဆောင်ပေးတဲ့ ကလေးနှစ်ယောက်ရုပ်ပါတဲ့ အကြွေစေ့ထည့်တဲ့အိတ်
ကော်စကာရီကာနေ ဝယ်လာတဲ့ ကော်ဖီစေ့တင်ထားတဲ့လှည်း
My treasures, travel souvenirs

06 May 2015

လွမ်းမိတယ်...

ဘုရားရှိခိုးကျောင်းဆီက ခေါင်းလောင်းသံတွေ ကြားရတဲ့အခါ မင်းရဲ့ ဂစ်တာသံကို လွမ်းမိတယ်....
သစ်ပင်ထက်ဆီမှာ အစိမ်းရောင် သစ်ရွက်ဖူးလေးတွေနဲ့ သြကာသတစ်ခုလုံး လှပနေတဲ့အခါ မင်းကို လွမ်းမိတယ်...
နေရောင်ခြည်နွေးနွေးတွေ ဖြာလဲ့နေတဲ့အခါ မင်းမျက်ဝန်းညိုညိုတွေဆီက ဖြာကျလာတတ်တဲ့ အကြင်နာအကြည့် နွေးနွေးလေးတွေကို လွမ်းမိတယ်....
ပန်းရောင်စုံ ဖူးပွင့်နေတာကို မြင်ရတဲ့အခါ မင်းအပြုံးတွေကို လွမ်းမိတယ်....
စိမ်းညှို့နေတဲ့ ကန်ရေပြင်ကို မြင်ရတဲ့အခါ တည်ငြိမ်အေးချမ်းတဲ့ မင်းမျက်ဝန်းညိုညိုတွေကို လွမ်းမိတယ်....
ကိုယ်တို့အတူလျှောက်ခဲ့ဖူးတဲ့နေရာတွေကို ရောက်တဲ့အခါ မင်းကို လွမ်းမိတယ်....
ကောင်းကင်ပြာပြာမှာ မျောလွင့်နေတဲ့ တိမ်ဆိုင်ဖြူဖြူတွေကို မြင်ရတဲ့အခါ ကိုယ့်စိတ်တွေဟာလည်း မင်းရှိရာအရပ်ဆီသို့ လွင့်မျောသွားတတ်တယ်....
ကိုယ်တို့ ပြန်ဆုံတွေ့ခဲ့ကြရင် ကိုယ် မင်းကို လွမ်းနေခဲ့တယ်ဆိုတာ ပြောပြချင်မိသား....

စန်းထွန်း
မေ ၆၊ ၂၀၁၅။

21 March 2015

အငတ်ကျောင်းသားဘဝ...

စန်းထွန်း၊ မိုင်းဖန်
မိုင်းဖန်၊ ဆူနမ်၊ ရာမား၊ စန်းထွန်း

စားပြီးပေမဲ့ ဗိုက်ဆာနေတယ် ဗိုက်မဝဘူးလို့ ခံစားရတာမျိုးကို ပုသိမ်မှာ ကျောင်းစတက်တဲ့ ၁၄ နှစ် သမီးအရွယ်မှာ ပထမဆုံး ခံစားခဲ့ဖူးတယ်။ ပိစိကွေးလေးတုန်းက မကြီးနဲ့မောင်မောင်က တစ်ပန်းကန်ပဲ ကုန်ပေမဲ့ ပေါက်စလေးကိုယ်က သုံးပန်ကန်တောင် စားတာတဲ့။ ကိုယ်က ငယ်ငယ်ကတည်းက အဲဒီလို အစားကြီးတယ်။ ဟိုင်းကြီးရွာသစ်မှာ လေးတန်းကျောင်းတက်တော့ အမေက မကြီးရှိတဲ့ ပုသိမ်ကိုသွားနေတုန်း အဖေက ကိုယ်တို့ကို ထမင်းချက်‌ကျွှေးတယ်။ တပတ်လုံး ကြက်သားချည်း ချက်ကျွှေးလို့ အဖေ့ရေ ကြက်သားမစားနိုင်တော့ဘူးလို့ ပြောယူရတာ မှတ်မှတ်ရရပဲ။ အဖေ၊ အမေက အသားဟင်း ဘယ်နှစ်ဖတ်ပဲ စားရမယ်လို့ သတ်မှတ်မထားဘူး။ သားသမီးတွေ စားနိုင်တာကိုပဲ သူတို့မှာ ဝမ်းသာနေရတာမလား။ အမေ မအားလို့ အမေ့မောင် မင်းချေ ( သူ့ညီမတွေက ရခိုင်လို အစ်ကို မောင်းချေလို့ ခေါ်တာကို ကိုယ်တို့က လိုက်ခေါ်ရင်း မင်းချေ ဖြစ်သွားတယ်) က ကိုယ်တို့ကို ထမင်းကျွှေးရင် ဟင်းဘယ်နှစ်ဖတ်ပဲရမယ် ဂိတ်ဆုံးပြီ ဟင်းအနှစ်ပဲထပ်ရမယ် အသားထပ်မရတော့ဘူးလို့ ပြောတတ်တယ်။ အမှန်က ထမင်းနည်းနည်း၊ အသားများများ၊ အရွက်များများ စားရမှာ။ ကလေးတွေ ဖွံ့ဖြိုးဆဲအရွယ်မှာ အာဟာရပြည့်အောင် ကျွှေး င့်တယ်။ ကိုယ်တို့နိုင်ငံမှာတော့ အသားက ဈေးကြီးလို့ ထမင်းများများ အသားနည်းနည်း စားရတယ်။ ဒါကြောင့် မြန်မာပြည်က ကလေးတွေဟာ နိုင်ငံခြားက ကလေးတွေထက် သေးကွေးပြီး အာဟာရမပြည့်ဘူး။ မီးယပ်သွေးဆုံးရောဂါကို အနောက်တိုင်းသူတွေ အဖြစ်နည်းပြီး အာရှသူတွေ အဖြစ်များတယ်တဲ့။ အနောက်တိုင်းသူတွေက အာဟာရပြည့်အောင်စား အားကစားလုပ်တာကိုး။

ကိုယ် ပုသိမ်မှာ ကျောင်းတက်တော့ ထမင်းလခပေးစားတယ်။ စကေးနဲ့စားရတော့ အစတုန်းက မဝဘူးလို့ ခံစားရတယ်။ အစားအသောက်ကလည်း ကိုယ်တို့အိမ်က စားသောက်တာနဲ့ မတူတာကိုး။ အဖေ့ရေ ထမင်းမဝဘူးလို့ စာရေးရင် အဖေနဲ့အမေ့မှာ အိပ်မပျော်ဘူး ပညာရေးကောင်းအောင်လို့ မြို့ကျောင်းပို့တာ မှားများသွားပြီလားပေါ့။ အမေက တလတခေါက် ပုသိမ်တက်လာရင် ကိုယ့်ကို ထမင်းဆိုင်တွေဆီ ခေါ်သွားပြီး အဝစားခိုင်းတော့တာပဲ။ ပုသိမ်အိမ်မှာ နေပြီးတော့  စည်းနဲ့ကမ်းနဲ့ စားတတ်သွားတယ်။အဝတ်လျှော်ချင်ရင်တောင် သူများတွေ အဝတ်လှမ်းထားလား၊ အဝတ်လျှော်သင့်ရဲ့လားလို့ သူများအရိပ်အခြေကို ကြည့်ရတယ်။ ပိုက်ဆံပေး၊ ထမင်းလခပေးနေပေမဲ့ သူများအရိပ်အခြေအနေကို ကြည့်ရတော့ အပိုးကျိုးသွားတယ် ဆိုပါတော့။ မောင်မောင့်ကိုလည်း သူများအိမ်မှာ နေဖူးစေချင်တာ။  ယောကျ်ားလေးတွေကိုပဲ လက်ခံတဲ့ သောင်းသောင်း၊ တင့်တင့်တို့အိမ်မှာ လက်ခံမလား မေးကြည့်တော့ ငယ်သေးလို့တဲ့ လက်မခံဘူး။ အဲဒီတုန်းက မောင်မောင်က လေးတန်းလား မသိဘူး။ နောက်တော့ ရန်ကုန်မှာ တက္ကသိုလ်တက်ချင်တဲ့ မကြီးကြောင့် ရန်ကုန်ကို ပြောင်းကြတော့ မောင်မောင်က ပုသိမ်အိမ်မှာ မနေလိုက်ရဘူး။ သူများအိမ်မှာ မနေဘူးလို့ မောင်မောင်က အပိုးမကျိုးဘူး။ အဖေက အစားအသောက်ကောင်းမက်တော့ အိမ်မှာ ဖွယ်ဖွယ်ရာရာ ချက်ထားပေမဲ့လည်း စားသောက်ဆိုင်က ဝယ်စားတတ်တယ်။ လှိုင်မြို့နယ် ဘူတာရုံလမ်းထိပ်က ဇော်ကြေးအိုးဆီချက်ဆိုင်က ငါးပိထောင်းနဲ့စားရတဲ့ ကြေးအိုးဆီချက်ကို အဖေ သိပ်ကြိုက်တာ။

စင်္ကာပူအမျိုးသားတက္ကသိုလ်မှာ ကျောင်းတက်တော့ တပတ်စာ အသားတွေကို မကြီးက ချက်ပြုတ်ပေးတော့ ကိုယ်က ထမင်းတစ်အိုးတည်၊ အရွက်ကြော်လိုက်ရုံပဲ။ ပိတ်ရက်တွေဆို မကြီးက မုန့်ဟင်းခါး၊ ရှမ်းခေါက်ဆွဲတွေချက်တော့ ဗိုက်ဆာတယ်၊ ဗိုက်မဝဘူးဆိုတာ မရှိခဲ့ဘူး။ စင်္ကာပူမှာက ဟော်ကာစင်တာတွေလည်း အများကြီး၊ အစားအသောက်ကလည်းပေါ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ကိုရီးယား၊ ဂျပန် အစားအသောက်တွေ အားလုံးကို ကိုယ်ကလည်းကြိုက်။ ဗိုက်ဆာတယ်၊ ဗိုက်မဝဘူးဆိုတဲ့ ခံစားချက်ကို ဆယ်နှစ်ကျော်ကြာပြီးတဲ့နောက် ယူအက်စ်မှာ ကျောင်းလာတက်တဲ့ ၂၀၁၁ မှာ တဖန်ခံစားရပြန်တယ်။ ကျောင်းက မနက်စာ၊ နေ့လည်စာ၊ ညစာ ကျွှေးတယ် အော်ဂင်းနစ်၊ သက်သက်လွတ်။ ကျောင်းက အစားအသောက်တွေ မစားနိုင်လို့ ၄ ပေါင် ယူပစ်သလို ပိန်ကျသွားတယ်။ မနက်စာက ပေါင်မုန့်မီးကင်၊ ယိုသုတ်၊ ငှက်ပျောသီး၊ ဆန်းကစ်၊ လိမ္မောသီးဖျော်ရည်၊ နွားနို့၊ ကိတ် ( အမေရိကန်စတိုင်မို့ မတရားချိုတယ် တခုလောက်ပဲ စားနိုင်တယ်) ဆိုတော့ မဆိုးပါဘူး။ နေ့လည်စာက ထမင်း၊ ခေါက်ဆွဲ၊ အော်ဂင်းနစ်အသီးအရွက် ဆလပ်သုတ်။ တခါတလေ စားဖိုမှုးက ဆားထည့်ဖို့ မေ့သွားလို့လားမသိ ပေါ့ချွှတ်ချွှတ်ဖြစ်နေလို့ ဆား၊ ငရုတ်ကောင်း ထပ်ဖြူးရတယ်။ ညနေစာကိုတော့ သွားမစားတော့ဘူး နေ့လည်တုန်းက စားသောက်ဆောင်ကနေ မလာတဲ့ အရွက်တွေကို ထည့်ပြီး ခေါက်ဆွဲကို အခန်းထဲမှာ rice cooker နဲ့ ခိုးပြုတ်၊ ကြက်ဥတစ်လုံးဖောက်ထည့်။ အသားစားချင်ရင် ham ထည့်ပေါ့။ အခန်းထဲမှာ ချက်ပြုတ်ခွင့် မရှိဘူး မိရင် ဖိုင်း ၅၀ ဒဏ်ငွေဆောင်ရတယ်။ ကိုယ် ကျောင်းပြီးခါနီးတော့ မီးဖိုချောင်ဖွင့်တယ်။ ဒါပေမဲ့ သက်သက်လွတ်ပဲ ချက်ပြုတ်ရတယ်။ ချက်ပြုတ်ပြီးရင် မသိမ်းဆည်း ပစ်စလက်ခတ်နိုင်တဲ့ တရုတ်မတွေကြောင့် သိပ်မချက်ဖြစ်ပါဘူး။ ကိုယ်ကလည်း ချက်ပြုတ်ဖို့ပျင်းတာကိုး။




မြန်မာဗွီဒီယိုကားတွေမှာ တက္ကသိုလ်ကျောင်းဆိုရင် ကန်တင်းထိုင်၊ ကော်ရစ်ဒါမှာ ဟေးလားဝါးလား၊ ကျောင်းသူတွေက ရှိုးစမိုးအပြည့်။ နိုင်ငံခြားမှာ တက္ကသိုလ်ကျောင်းသားဘဝကတော့ စာသင်ခန်း၊ စာကြည့်တိုက်၊ အဆိုင်းမင့်တွေပိလို့ ကော်ရစ်ဒါမှာ ဟေးလားဝါးလားလုပ်ချိန်၊ အလှပြင်ချိန်မရှိအောင် ပင်ပန်းတယ်။ ကိုယ် ယူအက်စ်မှာ ကျောင်းလားတက်တော့ ပုံမှန်ကုပ်ဝဲသာသာရှိနေတဲ့ဆံပင်ကို တိုတိုလေး ညှပ်လိုက်တယ်။ အစ်မရေ ယူအက်စ်မှာ ကျောင်းသွားတက်မှာမို့ ဆံပင်ညှပ်ခ သက်သာအောင်လို့ တစ်နှစ်လောက် ဆံပင်မညှပ်ရလေအောင်၊ ရှည်လာရင်လည်း ပုံကျကျလေး ဖြစ်နေအောင် ညှပ်ပေးပါနော်လို့ ရီကွတ်လုပ်တယ်။ အဲဒီအစ်မ သေသေချာချာ ညှပ်ပေးလိုက်လို့ ရှည်လာတော့လည်း ပုံကျနေတယ်။ ကျောင်းပြီးလို့ ကန်တက်ကီမှာ အလုပ်ဝင်ပြီး တော်တော်ကြာမှပဲ ဆံပင်သွားညှပ် ရတော့တယ်။ တရုတ်ကျောင်းသားတွေ အုန်းမှုတ်ခွက်ကေလေးတွေ တပုံစံတည်းဖြစ်နေလို့ မေးကြည့်တော့ တတန်းတည်းသား ရှောင်ပိုင်ညှပ်ပေးတာတဲ့။ ဟဲ့ အဲဒါဆို ငါ့ကိုလည်း ညှပ်ပေးပါလားလို့နောက်တော့ သူ မိန်းကလေးကို မညှပ်တတ်ဘူးတဲ့။ ခုတော့ ဝင်ငွေရတဲ့အလုပ်လည်း ရှိနေကြပြီဆိုတော့ ရှောင်ပိုင်ကို ညှပ်ခိုင်းတော့မှာ မဟုတ်တော့ဘူး ဆလွန်းဆီ ပြေးကြတော့မှာ။ ဆူနမ် ဆံပင်ရှည်လာရင် ရာမားက ညှပ်ပေးတယ်။ ကျောင်းမှာတုန်းက ဈေးလျော့နေတဲ့ ရက်ဗလွန်တဘူး ၂ ကျပ်တန်ဝယ်ပြီး ရာမားက ဆေးဆိုးပေးတယ်။ ခုတော့ ဆံပင်ဆေးဆိုးချင်ရင် ဆလွန်းဆီ ပြေးရတော့တာပဲ။ ရာသီဥတုကအေး၊ ဗမာဆိုလို့ တစ်ယောက်တည်း၊ အစားအသောက်က မကောင်း၊ တနေကုန် ကျောင်းတက်၊ ည ၁ နာရီအထိ အိမ်စာတွေလုပ်ရတော့ အရမ်းပင်ပန်းတယ်။ ဒီကြားထဲ အစားအသောက်က မကောင်းတော့ ပိုဆိုးတယ်။

ကိုယ်ကျောင်းတက်တဲ့မြို့လေးက သေးသေးလေး မိနစ် ၂၀ ဆို တမြို့လုံးနှံ့ပြီ။ စားသောက်ဆိုင်က တရုတ်ဘူဖေး နှစ်ဆိုင်၊ အိန္ဒိယဘူဖေး တစ်ဆိုင်၊ မက်ဒေါနယ်၊ ဘာဂါကင်း၊ ဝေါမတ်ဘူဖေးပဲ ရှိတယ်။ ဘူဖေးက တခါစားရင် အနည်းဆုံး ၁၀ အထက်ဆိုတော့ နေ့တိုင်းမစားနိုင်ဘူး။ တပတ်မှ တခါလောက်ပဲ စားနိုင်တယ် ချိုးခြံ‌ချွှေတာရတဲ့ ကျောင်းသားဘဝကိုး။ တခါတလေ တရုတ်ဘူဖေးတစ်ဘူး၊ အိန္ဒိယဘူဖေးတစ်ဘူးဝယ်ပြီး ကိုယ်တို့သူငယ်ချင်းလေးယောက် ဝေမျှစားရတယ်။ ကိုယ်တို့စားနိုင်တာက မက်ဒေါနယ်က မက်ချစ်ကန်းဘာဂါ ၁ ကျပ်ခွဲ၊ နပ်ကပ် ၂၀ ခုဝယ်ပြီး ဝေမျှစားကြတယ်။ Pizza Ranch ကြက်ကြော်ဆိုင်ဖွင့်တော့ အားလုံးက ကောင်းတယ်လို့ ညွှန်းနေတာနဲ့ ကိုယ်တို့တွေ ချီတက်ကြတယ်။ မိုင်းဖန်ဆို ကြက်ကြော် ၇ ခုလောက် စားတယ် ကိုယ်လည်း ဘာထူးလဲ ပီဇာ ၄ ခု စားတယ်။ အဲဒီဆိုင်ကတော့ ကိုယ်တို့ကျောင်းက အငတ်ကျောင်းသားတွေ လက်ချက်နဲ့ အရင်းပြုတ်လေမလားမသိ။ ကျောင်းကနေ ထွက်လာပြီး နှစ်နှစ်အကြာ ၂၀၁၃ မှာ ကျောင်းကို စီမီနာတက်ဖို့ ပြန်ရတော့ Pizza Ranch ကို  ထပ်ရောက်သေးတယ်။ ကိုယ်တို့သူငယ်ချင်းတွေ ဘီလူးစီးသလို စားကြသောက်ကြတာကို သတိရမိသေးတယ် အံ့သြစရာပဲ ကိုယ် အရင်ကလောက် မစားနိုင်တော့ဘူး။ ဒီဗွီပေါက်လို့ စတိတ်ရောက်နေတဲ့ အီသီယိုးပီးယားနိုင်ငံအပေါ်က အီထရီယာနိုင်ငံသူ အာရိယာန်က ခရစ်ယာန်၊ သက်သက်လွတ်သမား။ အာဂျီရိုဆောင်က အသီးအရွက်တွေက သိပ်ကောင်းတာဆိုပြီး ခရမ်းချည်သီးသေးသေးလေးတွေကို ဆားဖြူးပြီး လေးပန်းကန်လောက် စားတယ်။

အဲဒီတုန်းကတော့ ကိုယ်တို့က မျက်နှာမဲ့ရွဲ့ကြတာပေါ့ အယ်မလေး ဒီအစားသောက်ကိုများ။ ၂၀၁၃ ကျောင်းကို စီမီနာတက်ဖို့ပြန်လာတော့ အာဂျီရိုဆောင်က အသီးအနှံတွေ အင်မတန်လက်ဆပ်တာ၊ အော်ဂင်နစ်မို့ အရသာပိုရှိတာလားမရှိ အတော့်ကို စားကောင်းတာကတော့ အမှန်ပဲ။ ကိုယ်ကျောင်းတက်တုန်းက ဝေါမတ်က ကြက်ကင်တစ်ကောင်ဝယ်၊ ပဲကြာဇံပြုတ်၊ ကြက်သားကင်ထည့်၊ ငရုတ်သီးမှုန့်ထည့်၊ ထမင်းစားဆောင်ကနေ မလာတဲ့ အရွက်တွေထည့်၊ သံပရာညှစ်ထည့်ပြီး သုပ်စားတာ ငတ်နေလို့လားတော့မသိ သိပ်စားကောင်းတာပဲ။ ကျောင်းမှာတုန်းက နီပါလီနှစ်သစ်ကူးပွဲတော် Dashain လုပ်တော့ နီပါလီအစားအသောက်တွေ ‌ကျွှေးတယ်။ ကျောင်းသားနဲ့ဆရာတွေက အခမဲ့။ ဆူနမ်၊ ရာမားတို့ရဲ့ပွဲတော်ဆိုတော့ မိုင်းဖန်နဲ့ကိုယ်လည်း ဝင်မပါလို့ မဖြစ်ဘူး။ လက်ကမ်းစာစောင်ဝေ၊ အခမ်းအနားပြင်ဆင်၊ နှစ်သစ်ကူးပွဲတော်၊ ရိုးရာဓလေ့တွေအကြောင်း ရှင်းပြတဲ့ Presentation၊ ကျောင်းနဲ့တနာရီခွဲအဝေးက စီဒါးရက်ပစ်မြို့က နီပါလီစားသောက်ဆိုင်ကနေ အစားသောက်သွားယူ၊ ပြင်ဆင်တာတွေ ကိုယ်တို့မလုပ်ပါဘူး။ အရေးအကြီးဆုံးဖြစ်တဲ့ မုန့်ဝေတဲ့တာဝန် ယူရတယ်။ ဒါပေမဲ့ လှလှပပလေး ပြင်ဖို့လိုတယ်ဆိုတော့ မိတ်ကပ်ဘောက်စ်ကိုဖွင့်လို့ ပဲများကြတာပေါ့။ ကျောင်းတက်တဲ့ကာလတလျှောက်လုံး အိပ်မှုန်စုန်မွှား၊ မျက်နှာမှာ မိတ်ကပ်မရှိ၊ moisturizer ကမန်းကတမ်းပွတ် လက်နဲ့ခေါင်းဖြီးပြီး ကျောင်းတက်ခဲ့ကြတဲ့ ကိုယ်တို့သုံးယောက် အဲဒီနေ့မှာ မိတ်ကပ်တွေလိမ်း၊ ဝတ်ကောင်းစားလှတွေဝတ်ပြီး ရှိုးထုတ်ကြတော့ ကျောင်းသားတွေခမျာ မှတ်တောင်မမှတ်မိဘူးတဲ့။



အင်တာနေရှင်နယ်ကျောင်းသားအယောက် ၄၀ ကျော်မှ ကျောင်းသူဆိုလို့ ကိုယ်တို့ ၄ ယောက်တည်း ပါတာကိုး။ အဲဒီနေ့က‌ကျွှေးတဲ့ အစားအသောက်က အိန္ဒိယပွဲတော်တုန်းကထက်ကောင်းလို့ ကျောင်းသားတွေက တကျော့၊ နှစ်ကျော့ပြန် တန်းစီကြတယ်။ တတန်းသားတွေဆိုတော့ ဟဲ့ ဘန်ကားတရှ်စ် နင် နှစ်ခေါက်ရှိပြီမလား၊ အလိုလေး အက်စ်တီယာ နင် သုံးခေါက်ရှိပြီမလားနဲ့အုံးအုံးကျက်ကျက်ကို ဖြစ်လို့။ အေး စားကောင်းလို့ပါဟ ဒီဟာလေး နည်းနည်းပို ထည့်ပေးပါဟာ ငါ့အတွက် စမူဆာလေး သိမ်းထားပေးပါလား။ နောက်တစ်ခေါက် ပြန်လာလို့ရှိရင် စမူဆာက ပြောင်နေလောက်ပြီ။ ဝိုင်းက full scholarship နဲ့ ဘန်ကောက်က အေအိုင်တီမှာ အမ်ဘီအေတက်တုန်းကလည်း ကျောင်းသားဘဝ ထုံးစံအတိုင်း ငတ်တာပါပဲတဲ့။ တပတ်တခါ ဟော့ပေါ့သွားစားရင် တပတ်စာ ငတ်ခဲ့သမျှ အတိုးချပြီး စားတော့တာပဲ။ ပြင်သစ်နိုင်ငံ ပါရီမြို့က အီးအက်စ်စီပီမှာ အမ်ဘီအေတက်တုန်းကလည်း ဥရောပမှာဆိုတော့ နေထိုင်စားသောက်စရိတ်ကြီးတော့‌ ချွှေတာခြိုးခြံရတာပါပဲတဲ့။ ဝိုင်းအတန်းဖော် စပိန်သားလေးက သူတို့ထက် ငယ်တယ်။ တစ်နေ့တော့ ဝိုင်းရေ ငါတော့ ဗိုက်ဆာလိုက်တာ လွန်ပါရောဆိုပြီး အသီးအရွက်တွေအောက်မှာ အသားတွေ ဖွတ်တယ်။ ကောင်တာမှာ ငွေရှင်းတော့ အသီးအရွက်ဈေး ငွေရှင်းတယ်။ ဝိုင်းမှာ ရယ်ချင်တာကို အတင်းမျိုသိပ်ထားရတယ်တဲ့။ နောက်ကျောင်းသားတစ်ယောက်ကတော့ သိပ်‌ချွှေတာတဲ့ကောင် တလမှာမှတခါ  အသားစားတယ်။ အသားတွေဝယ် အဆာပလာတွေနဲ့ အသာနှပ် မိုက်ကရိုဝေ့ထဲထည့် ဆယ်မိနစ်လောက်ကြာတော့ ဝုန်းကနဲ အသံကြားလို့ သွားကြည့်တော့ အသားတွေက မိုက်ကရိုဝေ့မှာ တစစီဖြစ်နေလို့ ငတ်ပြန်ပြီပေါ့ တစ်ခါ။

ကျောင်းသားဘဝတုန်းက ငါသာ အလုပ်ရလို့ကတော့ နေ့တိုင်း စားသောက်ဆိုင်တွေမှာ သွားစားပစ်မယ်လို့ ကြုံးဝါးကြတယ်။ ခုတော့ ပုံမှန်ဝင်ငွေရတဲ့ အလုပ်လည်း ရှိနေပြီဆိုတော့ ကျောင်းသားဘဝကလို မငတ်တော့ဘူး၊ ဗိုက်မဆာတော့ဘူး၊ ဗိုက်မဝတာ မရှိတော့ဘူး။ ဒါပေမဲ့လည်း ကျောင်းသားဘဝတုန်းက ငတ်ခဲ့တာတွေကို အမှတ်တရတစ်ခုအနေနဲ့ သတိတရ ပြောနေမိတုန်း၊ လွမ်းနေမိတုန်း။ အဲဒီလို သူငယ်ချင်းတွေအတူတူ ငတ်ခဲ့ကြ၊ ဝေမျှစားခဲ့ကြတာတွေကလည်း ကျောင်းသားဘဝရဲ့ အမှတ်တရတွေပါပဲလေ။ မိတ်ဆွေတွေရော ကျောင်းသားဘဝတုန်းက ငတ်ဖူးပါသလား။

စန်းထွန်း
မေ ၂၁ ၊ ၂၀၁၅။

11 May 2014

ကာစတာမာဆားဗစ်...

စူပါမားကဒ်၊ စတိုးဆိုင်တွင် ဈေးဝယ်လျှင် မျက်စိထောက်ဒေါက် ကြည့်ခြင်းခံရသော၊ ဈေးမေးပြီး မဝယ်လျှင် ရန်ထောင်တတ်သော၊ မဝယ်နိုင်ဘဲနဲ့ မေးသည်ဟု အဓိပ္ဗာယ်သက်ရောက်သော မျက်လုံးများနှင့် ကြည့်တတ်သည့် ဈေးရောင်းသူများ ကြီးစိုးသည့်နိုင်င်ငံတွင် ကြီးပြင်းခဲ့သောကြောင့် ကာစတာမာဆားဗစ်ဆိုသည့် စကားလုံးကို နိုင်ငံရပ်ခြားသို့ ရောက်ရှိသည့်အချိန်မှ နားလည်ခဲ့သည်။ ဈေးဝယ်သူ အမြဲမှန်သည်ဆိုသော စကားလုံးမှာ နိုင်ငံရပ်ခြားတွင်တော့ ဟုတ်ပါလိမ့်မည် ကျွှန်မတို့နိုင်ငံတွင်တော့ မဟုတ်ခဲ့။

ပူပြင်းခြောက်သွေ့သော နွေညနေခင်းတစ်ခုတွင်  ကြည့်မြင့်တိုင်ညဈေး ဖိနပ်ဆိုင်မှ ဖိနပ်များကို စီးကြည့်လိုက်၊ ဈေးမေးလိုက်နှင့် အလုပ်ရှုပ်နေသူက သင်းခိုင်။  ကျွန်မတို့က လှတယ်၊ မလှဘူး ထင်ရာမြင်ရာ အကြံညဏ်များ စွက်ပေးကြသည်။ ဆန်ဆိုင်ပိုင်ရှင် သင်းခိုင်သည် ဈေးသည်အထာကို ကောင်းကောင်းနားလည်သည်၊ ဈေးကို စနည်းနာသည်၊ ဈေးလျှော့နိုင်မလား တီးခေါက်ကြည့်သည်။ ဈေးဦးပေါက်ချင်သည့် ဈေးသည်က သင်းခိုင် လိုချင်သည့်ဈေး ပေးမည့်ပုံပေါ်သည်။ သို့သော် ဟိုဟာလိုလို၊ ဒီဟာလိုလိုဖြင့် တွေဝေတတ်သော သင်းခိုင်သည် တခြားဆိုင် သွားကြည့်ဦးမည်ဟုဆိုကာ ထိုင်ရာမှ ထရာ ကျွန်မတို့ကလည်း လိုက်မည့်ဟန်ပြင်ကြသည်။

ဈေးဦးပေါက်တော့မည်ဟု အပိုင်တွက်ထားသည့် ဆိုင်ပိုင်ရှင်သည် တခြားဆိုင်ကူးမည့် ကျွှန်မတို့ပုံကို တွေ့သည့်အခါ ဒေါသထွက်ကာ စူးစူးဝါးဝါး အော်ဟစ်လေတော့သည်။ မထင်မှတ်ဘဲ ရန်တွေ့ခံရသောကြောင့် ပါးစပ်အဟောင်းသား၊ မျက်စိအကြောင်သား၊ ဝိုင်းအုံစူးစမ်းကြသည့် မျက်လုံးအကြည့်များကို တွေ့ရသည့်အခါ တခြားဖိနပ်ဆိုင်သို့ ကူးမည့်အစီအစဉ်ကို ဖျက်ကာ မုန့်ဈေးတန်းသို့ သုတ်ချေတင်တော့သည်။ နောက်နောင် ဘယ်သောအခါမှ ထိုဖိနပ်ဆိုင်သို့ ခြေဦးမလှည့်သလို သင်းခိုင် ပစ္စည်းရွေးခြယ်၊ ဈေးဆစ်မည့်ဟန်ပြင်လျှင် ဝယ်ဖို့သေချာပြီလား၊ တခြားဆိုင် သွားကြည့်ချင်သေးလား၊ သေခြာပြီဆိုမှ ဈေးဆစ်ဖို့ သတိပေးရန် မမေ့မလျော့ ရှိနေခဲ့သည်။


ဆိုဒ်စုံ၊ ဒီဇိုင်းစုံ၊ ရောင်စုံ စမ်းဝတ်ကြည့်ပြီးမှ မဝယ်လျှင်လည်း မကြိုက်ပုံ ပြတတ်သေးသည်။ ထောပတ်သီးမှာသည်ကို လိမ္မော်ရည် လာချပေးသည်မှာ ဘာကြောင့်လဲဟု မေးသည့်အခါ ထောပတ်သီးကုန်သွားလို့ဟူသော အဖြေကို ရသည်။ ဖြစ်သည့်သည်က ကာစတာမာကို လာမေးသင့်သည် ထောပတ်သီး ကုန်သွားလို့ တခြားရနိုင်တဲ့ ဖျော်ရည်တွေမှာ ဘယ်ဖျော်ရည်ကို မှာချင်တာလဲဟုမေးကာ ကာစတာမာကို သူ နှစ်သက်ရာ နောက်ထပ် ရွေးချယ်ခွင့် ပေးသင့်သည်။ ကာစတာမာဆားဗစ်ကို အသေအချာသိ၊ ကွန်ပလိမ်းလွန်းသည့် ခြင်္သေ့ကျွှန်းသူ ပီသစွာ မကြီးက ကွန်ပလိမ်းချင်၊ ရေးကြီးခွင်ကျယ် လုပ်ချင်သော်လည်း ကာစတာမာဆားဗစ်ကို မသိသည့်သူများက မှာတဲ့ ထောပတ်သီးမရလဲ ဘာအရေးလဲ လာချတဲ့ လိမ္မော်ရည် သောက်လိုက်မှာပေါ့ဟု အလေးအနက်မထား ခပ်ပေါ့ပေါ့သာ သဘောထားနိုင်ခဲ့သည်။

ခြင်္သေ့ကျွှန်း၏ ကာစတာမာဆားဗစ်သည် မြန်ဆန်ကောင်းမွန်သည်။ မနက် ၈ နာရီဖွင့်သည့် အိုင်စီအေအစိုးရရုံးသည် ၇ နာရီ ၅၀ မိနစ်တွင် ဝန်ထမ်းများ ဝန်ဆောင်မှုပေးရန် အဆင်သင့် ဖြစ်နေသည်။ လုပ်ကိုင်သည်မှာလည်း အလွန်မြန်ဆန်သည်။ မကျေနပ်လျှင် ကွန်ပလိမ်းနိုင်သည်။ 7 11 ဆိုင်တွင် ငွေတဆင့် ပြန်မအမ်းလျှင် ကွန်ပလိမ်းသည်။ ရထားနောက်ကျလျှင် ကွန်ပလိမ်းသည်။ အင်တာနက်နှေးလျှင် ကွန်ပလိမ်းသည်။ ကွန်ပလိမ်းခံရမှာ ကြောက်သောကြောင့် ကာစတာမာဆားဗစ် မြန်ဆန်ကောင်းမွန်လာသော်လည်း ကွန်ပလိမ်းသည့်အကျင့်ဆိုး  စွဲကပ်သွားသည်။ ကျောင်းအာဂျီရိုဆောင်က အစားအသောက်တွေ စားမကောင်းလျှင် ကွန်ပလိမ်းသည်။ ထိုင်ခုံတွေ ထိုင်ရတာ အဆင်မပြေလျှင် ကွန်ပလိမ်းသည်။ တီအမ်ကို မကြိ ုက်သောကြောင့် ကွန်ပလိမ်းသည်။ အာပလာသင်တန်းများ၊ မနှစ်သက်သည့်သင်တန်းများ၊ ပေးရသည့် သင်တန်းခနှင့် မထိုက်တန်သည့် သင်တန်းများကို မတက်မနေ တက်ရသည့်အခါ ကွန်ပလိမ်းသည်။

မိန်းကလေးအုပ်စုထဲတွင် ကျွန်မတစ်ယောက်သာ ဘာလို့ ဒီလောက်ကွန်ပလိမ်းမှန်း ဆူနမ်၊ ရာမားတို့ နားမလည်။ သူတို့လည်း ကျောင်းနှင့်ပတ်သက်၍ မကြိုက်သော အရာများ ရှိသော်လည်း မျိုသိပ်ထားကာ ထုတ်ဖော်မပြော ကွန်ပလိမ်းမတက်။ ကျွန်မ ကွန်ပလိမ်းလွန်းသည့်အကြောင်း ဆူနမ်တို့တွေ မိုင်းဖန်နှင့် ပြောဆိုဆွေးနွေးကြသည့်အခါမှ ကျွန်မ ဘာကြောင့် ကွန်ပလိမ်းမှန်း သူတို့ သဘောပေါက်သွားသည်။ မိုင်းဖန်သည် မလေးရှားတွင် အလုပ်လုပ်ဖူးသည်မို့ ခြင်္သေ့ကျွှန်းသူကျွှန်းသားအထာကို နားလည်သည်။ ခြင်္သေ့ကျွှန်း/တွင် ဆိုဒ်စုံ၊ ဒီဇိုင်းစုံ စီးကြည့်၊ ဝတ်ကြည့်သော်လည်း အရောင်းစာရေးမှ မကြည်လင်သည့် အမူအယာ တချက်မှမပြ။ သူတို့ဆိုင်မှာ ဈေးဝယ်ရတာ စိတ်ချမ်းသာလျှင်ဆိုလျှင်ပဲ ကျေနပ်ပျော်ရွှင်ပုံပြသည်။ ဈေးဝယ်ရသည်မှာ အင်မတန် စိတ်ချမ်းသာသည်။


ပူအိုက်သောတိုင်းပြည်မှ လာခဲ့သောသူတစ်ယောက်မို့ ဆောင်းရာသီတွင် လိုအပ်သော အသုံးအဆောင်များ ပါမလာခဲ့။ ယူအက်စ်တွင် ရာသီဥတုလေးမျိုး ရှိသောကြောင့် ဥတုလေးမျိုးစာ အသုံးအဆောင် အဝတ်အထည်များ လိုလေသည်။ ကျယ်ဝန်းလှသော ယူအက်စ်တွင် မြို့ကြီးများတွင် လျှော့ပင်းမောလ်ရှိသော်လည်း ဒီဇိုင်းစုံမရှိ။ လျှော့ပင်းသွားလျှင်လည်း ကြိ ုက်တာမတွေ့ ကြိုက်တာတွေ့လျှင်လည်း ဆိုဒ်ကမတော်။ အွန်လိုင်းတွင်တော့ စုံသည်။ ထိုအခါ အွန်လိုင်းလျှော့ပင်း ခေတ်စားသည်။ အွန်လိုင်းတွင် ဝယ်၊ မကြိုက်လျှင် ပြန်ပို့။ Sckechers ဖိနပ်ဆိုင်တွင် Boot ဖိနပ် သွားရှာသောအခါ အရောင်းစာရေးကောင်လေးညွှန်းသည့် ဖိနပ်ကိုပင် ဝယ်လာကာ နှစ်သက်သောကြောင့် နှင်းအရမ်းကျသည့်နေ့ကလွဲလျှင် တဆောင်းတွင်းလုံး ထိုဖိနပ်ကိုသာ စီးတော့သည်။

ဂျင်းဘောင်းဘီများ ရှိသော်လည်း နှစ်သက်သော ESpirit နှင့် Levis နှစ်ထည်ကိုသာ လှည့်ပတ်ဝတ်လေရာ ဓာတ်ပုံများကြည့်လိုက်တိုင်း ထိုနှစ်ထည်တည်းသော ဂျင်းဘောင်းဘီကို မြင်လျှင် အန်ယူအက်စ်ကျောင်းမှ တရုတ်ကလေး Wang Ming နှင့် တူနေပါလားဟု တွေးမိသည်။ (တကယ်တော့ ဂျင်းဘောင်းဘီ နှစ်ထည်သာဝတ်မှန်း ဘယ်သူမျှ သတိမထားမိ။ အမှန်က ဘောင်းဘီအသစ် ဝယ်ချင်သောကြောင့် အကြောင်းပြချက် ပေးနေခြင်းသာ ဖြစ်သည်။) အိအိ၊ ဘ၊ ကိုစိုင်း၊ ကောင်းကောင်းတို့ အုပ်စုထဲမှ တရုတ်ကလေး ဝမ်းမင်သည် တက္ကသိုလ်တက်စဉ် တလျှောက်လုံး ဘောင်းဘီနှစ်ထည်၊ ဈေးကြီးသော ဘောလုံးအားကစားသမား အင်္ကျီနှစ်ထည်သာ ရှိသည်။ တက္ကသိုလ်တုန်းက ဓာတ်ပုံမှန်သမျှ ထိုနှစ်ထည်တည်းသော အင်္ကျီနှင့်သာ ဖြစ်သည်။

တရုတ်ကျောင်းသားအများစုသည် အင်္ကျီတစ်ထည်ကို သုံးရက်တိတိ ဝတ်သည်။ အေးသော တရုတ်ပြည်တွင် မသိသာသော်လည်း ပူအိုက်သော ခြင်္သေ့ကျွှန်းတွင် သိသာလှသည်။ သူတို့ကလည်း အင်္ကျီအများကြီးရှိသည့် ကျွန်မတို့ကို နားမလည်။ အိအိတို့တိုက်တွန်းသောကြောင့် အင်္ကျီအသစ်များ ဝတ်ပြီး နေ့စဉ်ဝတ်တော့သည်။ Fifth Ave အမှတ်ငါးလမ်းမနားမှ Levis ဆိုင်သို့ ဝင်သောအခါ ဂျင်းအမျိုးမျိုး၊ ကပ်တင်းအမျိုးမျိုးရှိသော်လည်း ဘယ်ဟာနှင့်လိုက်ဖက်မှန်းမသိ။ Skinny Jeans ကို ကြိ ုက်သော်လည်း တချို့Skinny များက Skinny လေးများနှင့်သာ လိုက်ဖက်သည်။ လိုချင်တာကို မကြီးကို မှာထားလိုက်ရုံ၊ ကျွန်မနှင့် လိုက်ဖက်မည်ထင်လျှင် ဝယ်လာပေး၊ လိုက်ဖက်မဖက် ကြည့်ပေးတတ်သော မကြီးတို့နှင့်သာ လျှော့ပင်းဖူးသောသူမှာ ကိုယ်တိုင် လျှော့ပင်းရသောအခါ အခက်ကြုံလေသည်။


Bold ID ၊ Curve ၊ Straight ကပ်တင်းမြင်လိုက်သည်နှင့် ဘယ်ဟာနှင့် လိုက်ဖက်မှန်းမသိ။ ထိုအခါ အရောင်းစာရေးကောင်လေးကို မေးမြန်းရလေသည်။ တအားကြီး Skinny တာလည်း မကြိုက်ဘူး၊ ပွနေတာကိုလည်း မကြိုက်ဘူးဟုဆိုသည့်အခါ အရောင်းစာရေး ခေါင်းကုတ်လေသည်။ ခန္ဓာကိုယ်ကို တိုင်းကြည့်ပြီးမှ ဘယ်ဟာနှင့် လိုက်မလဲ ပြောနိုင်မယ်။ တိုင်းမလားဟု မေးသည့်အခါ ဘယ်ဟာနှင့် လိုက်ဖက်မည်မှန်း သိချင်သည့် ကျွန်မက ခေါင်းညိမ့်သည်။ လက်နှစ်ဖက် ပိုက်ခိုင်းထားပြီး တိုင်းတာသည်။  နောက်ဆုံး Bold Curve နှင့်လိုက်မည် ထင်သည် တခြားကပ်တင်းတမျိုးကိုလည်း ပေးလိုက်သေးသည်။ ဝတ်ကြည့်သည့်အခါ သူညွှန်းသည့်အတိုင်း Bold Curve ကသာ သက်တောင့်သက်သာဖြစ်စေသည်။

ကျေးဇူးတင်စကားဆိုဖို့ ရှာသောအခါ အဆိုပါအရောင်းစာရေးအား မတွေ့တော့ပါ။ နာမည်လည်းမသိ၊ ရုပ်လည်း မမှတ်မိသော ထိုအရောင်းစာရေး ပေးလိုက်သည့် ဝန်ဆောင်မူကြောင့် စိတ်ချမ်းမြေ့ရသည်။ အဆိုပါ အရောင်းစာရေး၏ ဝန်ဆောင်မူကြောင့် စိတ်ကျေနပ်ဝမ်းမြောက်မိသောအခါ ထိုကဲ့သို့ ဝန်ဆောင်မူမျိုး ပေးတတ်သည့် သူတစ်ယောက်ကို မြင်ယောင်မိသည်။ ကာစတာဆားဗစ်ဟူသော စကားလုံးကို ကျွန်မဖခင် ကြားတောင်ကြားဖူးလိမ့်မည် မထင်။ ဈေးဝယ်သူ ဝယ်ချင်သောပစ္စည်း၊ တပ်ဆင်ရမည့် စက်အမျိုးအစား၊ အရည်အသွေး၊ ဘက်ဂျက်ပေါ် မူတည်ပြီး ပစ္စည်းကို စိတ်ရင်းစေတနာ၊ အတွေ့အကြုံများဖြင့် ရောင်းချလေ့ရှိသည်။ အဖေ့ဆီမှ ဝယ်ယူဖူးသူတိုင်း စိတ်ချမ်းသာသည်။

ခြင်္သေ့ကျွှန်းတွင် ကျောင်းတက်စဉ်က 7 11 ဆိုင်တွင် လုပ်ဖူးသည်။ ဘယ်ပစ္စည်းက ပိုကောင်းလဲဟု ဈေးဝယ်သူက မေးလျှင် အကြံညဏ်ကောင်းများ မပေးနိုင်။ ထိုဆိုင်တွင် အလုပ်လုပ်သော်လည်း ထိုဆိုင်မှ မုန့်များကို ဘယ်တော့မှ ဝယ်မစားသောကြောင့် ဖြစ်သည်။ စိတ်စေတနာကောင်းဖြင့် ဝန်ဆောင်မူပေးသည့်အခါ စိတ်ချမ်းမြေ့ရသည်။ ကျွန်မ ဝန်ဆောင်မှု ပေးခဲ့တုန်းက ထိုကဲ့သို့ စိတ်ချမ်းမြေ့စရာကောင်းသော ကာစတာဆားဗစ်မျိုးများ ပေးခဲ့ဖူးလေသလား။ ဝတ်ကြေတန်းကြေ ကျေးဇူးတင်စကား မဟုတ်ဘဲ ရင်ထဲကလာသော ကျေးဇူးတင်စကား ဆိုခံရဖူးလေသလား၊ မရရှိခဲ့လေတာလား၊ မှတ်ညဏ်တွေကပဲ ယိုယွင်းလာတာလား ကျွန်မကိုယ်တိုင်လည်း သေသေချာချာ မသိတော့ပါ။

စန်းထွန်း
မတ် ၁၁၊ ၂၀၁၄။


ဒီနေ့ဆရာတော်ဦးဇောတိကရဲ့ "စိတ်ချမ်းသာဖို့လိုရင်းပါ" စာအုပ်ကို ဖတ်ရင်း ဒီပို့စ်နဲ့ တိုက်ဆိုင်တဲ့စာသားလေးတွေ ဖတ်ရတော့ သဘောကျနှစ်သက်တာနဲ့ ဘလော့ကို အလည်လာကြတဲ့ မိတ်ဆွေတွေကိုလည်း ဖတ်စေချင်လို့ ရှယ်လိုက်ပါတယ်။

ရောင်းတဲ့သူကော ဝယ်တဲ့သူပါ ပျော်အောင်လုပ် ဈေးရောင်းတာမှာရော ဈေးရောင်းတဲ့သူကိုယ်တိုင်က ပျော်ပျော်ရွှင်ရွှင် ဈေးရောင်းရင် ဝယ်တဲ့သူက ပိုဝယ်ချင်တယ်။ ဈေးရောင်းတဲ့သူက မပျော်မရွှင် ဖြစ်နေရင် ဝယ်တဲ့သူက မဝယ်ချင်တော့ဘူး။

ကိုယ်ရောင်းတဲ့ပစ္စည်းကို စိတ်ဝင်စားပြီး ပစ္စည်းအကြောင်းကို စိတ်ဝင်စားစရာဖြစ်အောင် ပြောနိုင်ရင် ဝယ်တဲ့သူက ဝယ်ချင်လာမယ်။ ပစ္စည်းရဲ့ အရည်အသွေး၊ ဈေးနှုန်းစတဲ့ အချက်အလက်တွေကို ရိုးရိုးသားသားပြောရင် ဝယ်တဲ့သူက စိတ်ချပြီး ဝယ်မယ်။ စိတ်ချလက်ချ ဝယ်ရတာ စိတ်ချမ်းသာတယ်။ စိတ်မချရရင် စိတ်မှာ မအေးဘူး။ ဒါကြောင့် ဝယ်တဲ့သူကို စိတ်အေးအောင် စိတ်ချအောင် ပြောရင် မကြာခဏ ဝယ်မယ်။

လူတွေဟာ အလိမ်ခံရမှာ ကြောက်တယ်။ အမြဲတမ်းလည်း အလိမ်ခံနေရတော့ ဘယ်သူ့ကိုမှ မယုံတော့ဘူး။ ကိုယ်က မလိမ်မညာဘဲ ရိုးရိုးသားသားပြောရင် စိတ်အေးချမ်းမှုရလို့ ကိုယ့်ဆိုင်မှာ ဝယ်မှာပဲ။ ပစ္စည်းရောင်းလိုက်ရုံ မကဘူး။ စိတ်အေးချမ်းမှုကိုပါ ပေးလိုက်တာပေါ့။

ဒီပစ္စည်းဟာ ဝယ်တဲ့သူအတွက် တကယ်အသုံးတည့်ရဲ့လား ဆိုတာကိုလည်း လေ့လာဖို့ မေးဖို့ လိုတယ်။ ဝယ်တဲ့သူက မဝယ်တတ်ရင် အဲဒါကို အခွင့်ကောင်းယူပြီး ညာရောင်းရင် တစ်နေ့သိသွားတဲ့အခါ ကိုယ့်ကို ယုံကြည်မှုရှိမှာ မဟုတ်တော့ဘူး။ အထူးသဖြင့် ကျန်းမာရေးအတွက် သုံးရတဲ့ဆေးကို ရောင်းတဲ့အခါ ပိုပြီး အရေးကြီးတယ်။ မသင့်တော်တဲ့ဆေးကို ရောင်းလိုက်ရင် ကျန်းမာရေး ထိခိုက်သွားနိုင်တယ်။ သေသေချာချာ မေးပြီးမှ ရောင်းရမယ်။ စာစရာရောင်းတာမှာလည်း ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားစရာကိုပဲ ရောင်းသင့်တယ်။

ဝယ်တဲ့သူကိုလည်း စိတ်ဝင်စားမှု ရှိဖို့လိုတယ်။ ဈေးဝယ်လာတဲ့သူကို ပျော်အောင် စိတ်ချမ်းသာအောင် ပြောရင် ဈေးဝယ်တဲ့သူက ပိုပြီးဝယ်မယ်။ ဈေးဆိုင်ကို သန့်ရှင်းအောင် လှပအောင် လုပ်သင့်တယ်။ သန့်ရှင်းလှပတဲ့နေရာဟာ စိတ်ကို ကြည်လင်ချမ်းသာစေတယ်။ တချို့ဈေးဆိုင်တွေမှာ ဥယျာဉ်လေးလို သစ်ပင်ပန်းပင်တွေ စိုက်ထားတယ်။ ပန်းအိုးနဲ့ အလှစိုက်ထားတဲ့ အပင်တွေနဲ့ အလှဆင်ထားတယ်။ သာယာနာပျော်ဖွယ်ရှိတဲ့ တီးလုံးတွေကို ဖွင့်ပေးတယ်။  အဲဒီလို စိတ်ချမ်းသာအောင် လုပ်ထားရင် လာရတာ ပျော်လို့ မကြာမကြာ လာတယ်။ လာတိုင်းလည်း တစ်ခုခု ဝယ်တယ်။

ရောင်းတဲ့သူရော ဝယ်တဲ့သူပါ ပျော်အောင်လုပ်ရင် အရောင်းအဝယ် ပိုဖြစ်မယ်။ တချို့က ဝယ်တဲ့သူကို စိတ်ညစ်အောင် ပြောတယ်။ အထင်သေးတဲ့ အပြောမျိုး ပြောတယ်။ မေးရင် မပြောချင်ပြောချင်နဲ့ စိတ်မပါသလို ပြောတယ်။ ဝယ်တဲ့သူကို စိတ်မဝင်စားဘူး။ အဲဒီတော့ ဝယ်မဲ့သူက မဝယ်ချင်တော့ဘူး။ ဝယ်တဲ့သူကို စိတ်ဝင်စားဖို့ သိပ်အရေးကြီးတယ်။ လူတိုင်းဟာ ကိုယ့်ကိုစိတ်ဝင်စားတဲ့သူကို ရှာနေတယ်။ ရောင်းတဲ့သူက ကိုယ့်ကိုစိတ်ဝင်စားရင် သူ့ဆီမှာပဲ ဝယ်မှာပေါ့။ ရောင်းတဲ့သူရော ဝယ်တဲ့သူပါ ပျော်တဲ့ ဈေးရောင်းနည်းကို လေ့လာပါ။

(ဆရာတော် ဦးဇောတိက "စိတ်ချမ်းသာဖို့ လိုရင်းပါ" စာအုပ်မှ ကောက်နုတ်ချက်။ ဘားမီးကလပ်စစ်စာအုပ်စင်ကနေ ဒေါင်းဖတ်နိုင်ပါတယ် )

08 April 2014

ကျွန်မနှင့် ဂျူး...

ဂျူး...
ဆိုတဲ့ နာမည်ဆန်းဆန်း လှလှလေးကို စပြီးသိတဲ့အချိန်က ကျွန်မ မှတ်မိသလောက်တော့ ဆယ်တန်းအောင်ပြီးစ တက္ကသိုလ်တက်ဖို့ စောင့်နေချိန်တုန်းက ဖြစ်မယ်ထင်ပါတယ်။ ကျွန်မတို့တွေ တက္ကသိုလ်တက်ဖို့ တစ်နှစ်ကျော်လောက်ပဲ စောင့်ရတာ။ ၉၆ ဆယ်တန်းအောင်တဲ့သူတွေဆို ၄ နှစ်လောက် စောင့်ပြီးမှ တက္ကသိုလ် တက်ရတာလေ။ အင်္ဂလိပ်စာ သင်တန်းတက်ရင်း အားတဲ့အချိန်တွေမှာ ဝထ္ထုဖတ်။ ကျွန်မနဲ့ အင်္ဂလိပ်စာ သင်တန်းတက်ရင်း သူငယ်ချင်း ဖြစ်လာသူတွေကလည်း စာဖတ်ဝါသနာဖတ်ကြတယ်။ စာအုပ်တွေ လဲဖတ်၊ လှည်းတန်းက စာပေလောက စာအုပ်ဆိုင်ကို တပတ်တခါ ပတ်ဖြစ်တယ်။

အိမ်နားက စာအုပ်ဆိုင်က စာအုပ်စုံတယ်။ သင်္ကြန်တစ်နှစ်လောက်ပဲလည်ပြီး နောက်နှစ်တွေဆို သင်္ကြန်တွင်းဖတ်ဖို့ စာအုပ် ၂၀ လောက်ငှားပြီး ကျွန်မတို့မောင်နှမတတွေ အိမ်တွင်းအောင်း စာဖတ်ကြတယ်။  ကျွန်မ အထက်တန်းကျောင်း တက်နေတုန်းက ရဲအောင်၊ စိုးမြတ်သူဇာ သရုပ်ဆောင်တဲ့ မရှိမဖြစ်မိုးရုပ်ရှင် နာမည်ကြီးတယ်။ ရုပ်ရှင်ကြည့်ပြီး ဝထ္ထုဖတ်တော့ ဝထ္ထုက ပိုကောင်းနေပါလား။ နောက် ပင်လယ်နှင့်တူသော မိန်းမများ၊ ချစ်သူလား စံကားတစ်ပွင့် ပွင့်ခဲ့တယ်၊ ကံကြမ္မာကို မယုံကြည်ကြသူများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်းပါးတွေ။ လက်က မချချင်လောက်အောင် ကောင်းလွန်းလို့ ညလုံးပေါက် ထိုင်ဖတ်ဖြစ်တာ ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ ဝထ္ထု။ ဂျူးက ကျွန်မ အကြိုက်ဆုံး စာရေးဆရာမ။

ဂျူးလို့ လူသိသွားစေတဲ့ အမှတ်တရ ဝထ္ထုလေးကိုတော့ ၂၀၁၀ ခုနှစ် ဝိညာဉ်သစ်စာအုပ်စင် အွန်လိုင်းကနေ  ဒေါင်းပြီးမှ ဖတ်ခဲ့ရတယ်။ စာအုပ်ထုတ်ဝေတဲ့နှစ်က ၁၉၈၂၊ ၈၃ တခုခုပဲ။ စာအုပ်ထုတ်ဝေခဲ့တာ နှစ်ပေါင်း ၂၀ နီးပါး ကြာပြီးတော့မှ ဖတ်ခဲ့ရပေမဲ့ ဖတ်ပြီးကတည်က ဦးနှောက်ထဲရော၊ ရင်ဘတ်ထဲမှာရော အမြဲတွယ်ညှိနေတဲ့ စာအုပ်လေး။ ဆရာမကြီး ကြည်အေး၊ မိုးမိုး (အင်းလျား)၊ မစန္ဒာတို့ စာအုပ်တွေလည်း နှစ်တွေ ကြာညောင်းပေမဲ့ အမြဲခေတ်မှီနေတဲ့ စာအုပ်လေးတွေ။

ဂျူး...
ဖြူဖြူသွယ်သွယ် ချစ်စရာကောင်းသလို အရသာကောင်းလွန်းတဲ့ ဂျူးမြစ်လေးကို ကျွန်မတို့နဲ့ မိတ်ဆက်ပေးခဲ့သူက မကြီးရဲ့ အချစ်ဆုံးသူငယ်ချင်း မြစ်ကြီးနားက ကချင်တိုင်းရင်းသူ မရည်သွေး။ ကြော်ပဲစားစား၊ ချည်ရည်ဟင်းပဲ ချက်ချက် စားလို့ကောင်းတဲ့ ဂျူးမြစ်။


ဂျူး...
သမိုင်းမှာ သင်ရတဲ့ နာဇီအာဏာရှင် ဟစ်တလာ မျိုးတုန်းသတ်ဖြတ်တဲ့ ဂျူးလူမျိုးတွေ၊ ဂျူးနိုင်ငံ အစ္စရေးနဲ့ ပါလက်စတိုင်း အာရာဖတ်တို့ တိုက်ပွဲတွေအကြောင်း နိုင်ငံတကာသတင်းမှာ အမြဲပါပေမဲ့ အနီးအနားမှာ ဂျူးမရှိတော့ ကျွန်မတို့နဲ့ အလှမ်းဝေးသား။ ကျွန်မနေခဲ့တဲ့ အနောက်အလယ်ပိုင်းပြည်နယ်တွေမှာ ဂျူးရစ်ဆေးရုံတွေ ရှိပေမဲ့ ဂျူးလူမျိုး သိပ်မရှိဘူးရယ်။

နယူးယောက်ရောက်တော့ လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ။ ရုံးက အန်တီကြီးကို ဘာလူမျိုးလည်းမေးတော့ ယေရူခရစ်တော်က ဘာလူမျိုးလဲ သိလား။ (ကျွန်မ) သိဘူး။ ဘဟီနာ နင် သိလား။ (ဘဟီနာ) သိတယ် ဂျူးလူမျိုး။ အေး မှန်တယ် ငါက ယူကရိန်းနိုင်ငံက ဂျူးလူမျိုး။ ကပ်သီးကပ်ဖဲ့၊ လက်ပေါက်ကပ်လွန်းတဲ့ အဲဒီဂျူးအဘွားကြီးနဲ့ အတူတွဲလုပ်ရတဲ့ ရက်သတ္တပတ်နှစ်ပတ်ဟာ ကျွန်မအတွက်တော့ တကယ့်ကို စိတ်ဖိစီးလွန်း၊ ခေါင်းခဲစေတဲ့ နေ့ရက်တွေပါပဲ။ ကလိုင်းရင့်ရုံးကို လွှတ်တော့ အစကတော့ ကံဆိုးလှချည်ရဲ ့လို့ တွေးတာ အဲဒီဂျူးအဘွားကြီး ရန်ကလွတ်၊ ပရောဂျက် ၄၊ ၅ ခု တပြိ ုင်နက်တည်း လုပ်ရတဲ့ ရုံးချုပ်ကလည်းလွတ်လို့ ခုတော့ ကံကောင်းတယ်လို့ တွေးမိပြန်ရော။

ကျွန်မဘလော့ကို ဖတ်ပြီး အလုပ်ရှာနေမှန်းသိလို့ သူတို့ရုံးမှာ အလုပ်ခေါ်နေလို့ စီဗွီတင်ပေးတဲ့ ကိုထွန်းထွန်းဝင်းက ကျွန်မ နယူးယောက်ရောက်နေမှန်းသိလို့ သူတို့အလှုကို လာဖို့ဖိတ်တယ်။ ကျွန်မက  နယူးယောက်မှာ အသိမိတ်ဆွေမရှိ။ ဘလော့ဂါ မမီးငယ်၊ အမြဲစာလာဖတ်တဲ့ မခိုင်တို့က ဆုံရအောင် လာခဲ့လေလို့ ဖိတ်တာနဲ့ အလှုမှာ ဆုံကြတယ်။ အမျိုး၊ အသိမိတ်ဆွေများလို့ ကျောင်းအလှုထက်တောင် စည်တယ်လို့ ဆရာတော် ပြောလောက်အောင် စည်သလို အစားအသောက်တွေကလည်း တကယ်စားကောင်းတယ်။ တကူးတက ဖိတ်တာ ကျေးဇူးပါနော့။ အဲဒီအစ်ကိုက ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာ ကျွန်မထက် စီနီယာအများကြီး ကျသလို၊ မခိုင်အမျိုးသားက ကွန်ပျူတာတက္ကသိုလ်မှာ ဆရာလုပ်ခဲ့တာ။ ကျွန်မ တက္ကသိုလ်တက်တော့ သူတို့တွေက ကျောင်းက ထွက်သွားနှင့်ပြီ။ အလှုမှာ ကျွန်မတို့ တက္ကသိုလ်ကျောင်းထွက်တွေ အတော်များသား။

မမီးငယ်ကို ဂျူးလူမျိုးအကြောင်း မေးတော့ သမီးရေ ဂျူးလူမျိုးဆိုတာ အင်မတန် လက်ပေါက်ကပ်၊ ကပ်သီးကပ်ဖဲ့နိုင်၊ ကပ်စေးနှဲလွန်းတဲ့ လူမျိုး။ အိုင်စတိုင်းတို့လို တော်တဲ့လူတွေ ရှိတယ်။ စီးပွားရေးဆိုလည်း သူတို့ကြီးပဲ။ နယူးယောက်က စိန်တန်းမှာ သူတို့ကြီးပဲ။ (မခိုင်) အဝတ်မည်းမည်း ကျစ်ဆံမြီးချထားတဲ့ ဦးထုပ်ဆောင်းထားရင် အဲဒါအယူသည်းတယ်။ ခေါင်းမှာ အနက်ရောင် အဝိုင်းလေး အုပ်ထားတယ်။ (မမီးငယ်) အဖြူ၊ အမည်းပဲ ဝတ်တယ်။ မိန်းမတွေက အိမ်ထောင်ကျပြီးရင် ကတုံးတုံးပြီး ဆံပင်တု စွပ်တယ်။ (မခိုင်) ကြယ်တံဆိပ်ပါတဲ့ ခိုလျှာအမှတ်အသားက ဂျူးအစားအစာ။ ဂျူးလူမျိုးတွေအကြောင်း စပ်စုနေတာ ဒီကောင်မလေး ဂျူးကောင်လေး တွေ့နေပြီနဲ့ တူတယ်။ (မမီးငယ်) ဟုတ်မယ် ဟုတ်မယ်။


အဲဒီတုန်းက ရုံးက ဂျူးအဘွားကြီးရယ်၊ ကျစ်ဆံမြီးပါတဲ့ဦးထုပ် ဆောင်းထားသူတွေရယ်၊ မြသန်းတင့်ရဲ့ လွမ်းမောခဲ့ရသော တက္ကသိုလ်ညများ ဝထ္ထု ဖတ်ပြီးကာစ။ အဲဒီစာအုပ်က ဟားဗတ်တက္ကသိုလ်မှာ တနှစ်တည်းဘွဲ့ရခဲ့သူတွေ ငွေရတုသဘင်မှာ ပြန်တွေ့ကြတဲ့ အကြောင်း။ အဲဒီထဲက ဇာတ်လိုက်တစ်ယောက်က အမေရိကန်ပြည်ပေါက်ဂျူး။ အစ္စရေးပြည် သွားလည်ရင်း ဟီးဘရူးတက္ကသိုလ်တက်၊ ဂျူးဘာသာစကားသင်၊ ဂျူးတပ်မတော်ထဲဝင်၊ ကျူးကျော်လာတဲ့ အာရပ်တွေကို တိုက်ထုတ်တဲ့အကြောင်း ဖတ်ရပြီးတော့ ဂျူးလူမျိုးဆိုတာ ဘယ်လိုပါလိမ့်လို့ သိချင်နေခဲ့တာ။

(ဘေးမှာ ထိုင်နေတဲ့အစ်မ) တစ်ဆင့်စေ့ကျလို့ လိုက်ကောက်ရင် အဲဒါ ဂျူး။ တရုတ်တွေ၊ ကုလားတွေ ကပ်စေးနဲတယ်ဆိုတာ ဘယ်ကသာ...ဂျူးကို ဆလံသတယ် (နဖူးပေါ် လက်တင်ကာ ဆလံသပုံပါ လုပ်သည်) ။ သူတို့လောက် လက်ပေါက်ကပ်၊ ကပ်သီးကပ်ဖဲ့နိုင်တာ မရှိဘူး။ (ကျွန်မ) သြော် ဂလိုလား။ ဦးထုပ်မှာ ကျစ်ဆံမြီး ဟင် ဘယ်လိုပါလိမ့်။ (ဘေးမှာထိုင်နေတဲ့အစ်မ) နားရွက်နားမှာ ကျစ်ဆံမြီး အဲဒီလောက်လေး ချထားတာလေ။ (မမီးငယ်) သမီးရေ သူတို့က အတော်ကပ်စီးနဲတယ်။ သူငယ်ချင်း ဂျူးမလေး ကိုယ်တိုင်ပြောပြတာ။ တော်တာတွေလည်း ရှိပါတယ်။ သူတို့လူမျိုးမှ သူတို့လူမျိုး ။ (ဘေးမှာ ထိုင်နေတဲ့အစ်မ) ဟုတ်ပါ့။ (အခြားတစ်ယောက်) သူက ဂျူးအကြောင်း ပိုသိတာပေါ့   (ဘေးမှာထိုင်နေတဲ့အစ်မ ကျွန်မတို့နဲ့ဂျူး အတင်းတုတ်နေတဲ့ အစ်မကို မေးငေါ့ပြရင်း) သူ့အမျိုးသားက ဂျူးလေ။

ကျွန်မနဲ့ မခိုင် အံ့အားသင့်လို့ ပါးစပ်ကလေးဟ ဘာပြောရမှန်းမသိ ကြောင်တက်တက်လေး ဖြစ်။ ဂျူးလူမျိုးကို လက်ထပ်ထားတာဆိုတဲ့ အစ်မနဲ့ အတိုင်အဖောက်ညီညီ ဂျူးမကောင်းကြောင်း ပြောတဲ့ မမီးငယ်က အဲဒီအစ်မ ခြေထောက်လေးကို ကိုင်လို့ စန်းထွန်းမေးလို့ ပြောပြနေတာလို့ ရှင်းပြတောင်းပန်။ အဲဒီအစ်မက စိတ်ထဲမထားပေမဲ့ ကျွန်မတို့တွေမှာ မျက်နှာတွေပူ ဘာပြောရမှန်းမသိ အိုးတိုးအမ်းတမ်း။   အပြန် တလမ်းလုံး ကျွန်မတို့တွေ တအုန်းအုန်းနဲ့ ရယ်လိုက်ရတာ။ (မမီးငယ် အမျိုးသား) ဟိုက ဓားထုတ်နေပြီ ဒီကမသိဘူး...တခါတည်း ဂျူးမိန်းမရှေ့မှာ ဂျူးမကောင်းကြောင်း ပြောနေလိုက်တာ...
ဟား...ဟား..ဟား...
စန်းထွန်း...အဲဒါ.. မင်းကြောင့်...

ရှမ်းပြည်မှာမွေး ဂျပန်မှာ ကြီးပြင်းခဲ့တဲ့ အဲဒီအစ်မ မီချီကိုနဲ့ ကျွန်မတို့တွေ အဲဒီလို...အဲဒီလို သိကျွှမ်းခဲ့ပေမဲ့ ရှမ်းအချင်းချင်းလည်းဖြစ်၊ သွက်လက်တက်ကြွ ရင်းနှီးဖော်ရွေတဲ့ မမီးငယ်ကို မမီချီကိုက ဖုန်းတွေဆက်၊ အိမ်ကို ထမင်းစား အတင်းခေါ်တဲ့အထိ ခင်မင်သွားကြတယ်။ မျက်လုံးနက်နက်၊ အသားဝါဝါ၊ ခေါင်းမှာ အနက်ရောင် ဝိုင်းဝိုင်းလေး ဆောင်းထားတဲ့ ဂျူးလေးတွေ၊ ကျစ်ဆံမြီးချထားတဲ့ ဦးထုပ်ဆောင်းတဲ့ ဂျူးအဘိုးကြီးတွေ တွေ့ရင် အိုးတိုးအမ်းတမ်း ရှက်အိုးကွဲဖြစ်ရတဲ့ အဲဒီအဖြစ်လေးကို သတိရမိပြီး ပြုံးမိတယ်။ မမီးငယ်ကလည်း ဂျူးတွေအကြောင်း ရေးထားတာ ဖတ်ရရင် ကျွန်မကို သတိရလို့တဲ့ (သတိမရဘဲ ဘယ်နေပါ့မလဲ ငှင်း..ငှင်း.. )  ဖေ့ဘွတ်ကနေ ရှယ်တယ်။ အင်း... မခိုင်လည်း ဂျူးတွေနဲ့ ကြုံလာရင် အဲဒီအဖြစ်လေး သတိရနေမလားဘဲ။

စန်းထွန်း
ဧပြီ ၈ ၊ ၂၀၁၄။

27 November 2013

အဆင်မပြေခြင်း...

အောက်တိုဘာလကုန်မှာ လေးအော့ဖ်တော့ အိမ်ရှင်ကို တစ်လနို့တစ်ပေးပြီး  အိမ်လခသက်သာအောင် ဒီဇင်ဘာလ ၁ မှာ ဆူနမ်တို့ဆီ ပြောင်းမယ်လို့ စိတ်ကူးထားတယ်။ ဒီဇင်ဘာ ၁၂ မှာ တိုက်ခန်း ကွန်းထရပ်ကုန်မှာမို့ သူတို့လည်း အဲဒီမှာ ဆက်နေရမလား၊ ဘယ်ကိုပြောင်းရမှန်း မသိ။ ဒီဇင်ဘာ ၁၅  ပြောင်းလာရင် အကောင်းဆုံးတဲ့။ အိမ်ရှင်ကို ပြောတော့ အိုကေ သူလည်း အလုပ်သစ်မှာ ဘီးစီးနေလို့ အခန်းကို မကြေငြာရသေး၊ မငှားရသေးဘူးတဲ့။ ဆူနမ်က တစ်ခုလောက် မေးပါရစေ နင် ငါတို့အုပ်စုထဲမှာ လစာအကောင်းဆုံး၊ အိမ်ကို ထောက်ပံ့စရာလည်း မလို၊ ပိုက်ဆံတွေ ဘယ်ရောက်သွားလဲတဲ့။

အမ်းထရူး တန်နက်စီပြည်နယ်မှာ အလုပ်ရပြီး မကြာမှီ ကိုယ်လည်း ကန်တက်ကီပြည်နယ်မှာ အလုပ်ရတယ်။ ဇန်နဝါရီ ကိုယ် လေးအော့ဖ်ထိတော့ မရှေးမနှောင်း နောက်တစ်ပတ် အမ်းထရူးလည်း ကွန်းထရပ်ကုန်လို့ ဆူနမ်တို့ဆီ ရောက်လာတယ်။ ကိုယ်ကတော့ တစ်လလောက်ကြာမှ ဆူနမ်တို့ဆီ ရောက်လာတယ်။ ရာမားတို့ရုံးမှာ အမ်းထရူး အလုပ်ရပြီး မကြာမှီ ကိုယ်လည်း ဒီစီမှာ အလုပ်ရတယ်။ အမ်းထရူးနဲ့ကိုယ်က အခြေအနေတူတာတောင် လစာနည်းတဲ့ အမ်းထရူးက အလုပ်ရှာနေချိန်မှာ ကျောင်းလခတွေ ပေးနိုင်တယ်။ လစာအများဆုံးဆိုတဲ့ ကိုယ်ကတော့ မပေးနိုင်ဘူး။


ဆူနမ် အမ်းထရူးနဲ့ ငါ့ကို လာမယှဉ်နဲ့။ သူက တန်နက်စီမှာ ကားမရှိဘူး။ ငါ့ကား ပိုက်ဆံဘယ်လောက်စားလဲ နင်အသိ။ ဝင်ငွေကောင်းသလို ထွက်ငွေလည်း ကောင်းတယ်။ နင့်အဖေ နှလုံးသွေးကြောကျဉ်းလို့ ဘန်ကောက်မှာ သွေးကြောထဲပိုက်ထည့် ခွဲစိတ်တုန်းကတစ်ခါ အိမ်ပို့တယ်လို့ပဲ ကြားလိုက်တယ်။ နင် အဝတ်အစားလည်း သိပ်မဝယ်ဘူး။ အစားအသောက်လည်း အပြင်မှာ စားတယ်ဆိုပေမဲ့ နင် ဘယ်လောက်စားနိုင်မှာလဲ။ အဲ...ဒီစီကို သွားလည်တာတော့ ကုန်မယ် ဒါပေမဲ့လည်း အဲဒီလောက် မကုန်ပါဘူး။ ခုလို အလုပ်ပြတ်ရင် ကပ်နေမဲ့ ငါတို့ရှိလို့ တော်သေးတယ်။ ငါတို့မရှိရင် နင် ဘယ်လိုလုပ်မလဲ။ နင့်အစ်မဆီက တောင်းသုံးမှာလား။ အလုပ်ပြုတ်တိုင်း အစ်မဆီက တောင်းသုံးနေရင် နင် ဘယ်တော့ရင့်ကျက်သူ ဖြစ်မှာလဲ။

ငါ့စကားတွေ လွန်သွားကောင်း လွန်သွားလိမ့်မယ် (တော်တော်လွန်တာ)။ ဒါပေမဲ့ မသိတဲ့သူငယ်ချင်းကို သိအာင်၊ သဘောပေါက်အောင် ပြောဖို့တာဝန် သူငယ်ချင်းဖြစ်တဲ့ငါ့မှာ ရှိတယ်။ နောင်ကို ပိုက်ဆံမသုံးဘဲ စုသင့်တယ်လို့ သိအောင် ပြောချင်တာ။ နင် မကြိုက်ရင် ငါ ဘယ်တော့မှ မပြောတော့ဘူး။ တက္ကသိုလ်တက်တုန်းက အဆောင်တူ၊ သူထွက်တဲ့ အလုပ်ကို ငါတို့ကို သွင်းပေး၊ သူ ယူအက်စ်ကို ကျောင်းလာတက်တော့လည်း သူ့နောက် ငါတို့လိုက်လာ၊ သွေးမတော်သားမစပ်ပေမဲ့ အစ်မတစ်ယောက်လို ငါ့အပေါ် အရမ်းကောင်းတဲ့ အက်စ်စမီတာမန်ချေး၊ တက္ကသိုလ်အတူတူတက်၊ ကုမ္ဗဏီတစ်ခုတည်း အလုပ်လုပ်၊ ယူအက်စ်မှာ ကျောင်းလာတက်တော့လည်း အတူတူ၊ ခုလည်း အတူတူ ငါ့ဘေးနားရှိတဲ့ ရာမားတို့ ရှိတာတောင် ငါ ပိုက်ဆံစုတယ်။ နင့်သိတဲ့အတိုင်း ဖိလစ်ပိုင်မှာ ကျောင်းတက်နေတဲ့ ငါ့သူငယ်ချင်းကို ထောက်ပံ့တယ်၊ အိမ်ကိုလည်း ထောက်ပံ့တယ်။ ငါတို့အုပ်စုထဲမှာ ငါ လစာအနည်းဆုံးနော်။


ခုလည်း အိတ်ချ်ဝမ်းဘီက ဘာသံမှမကြားရလို့ နှစ်ဘာသာထပ်ယူပြီး စီပီတီတစ်နှစ် ထပ်တိုးရတယ်။ ကျောင်းက နှစ်ဘာသာကို တပြိုင်တည်း တက်ခိုင်းတယ်။ ပြီးတော့ တစ်ဘာသာ ၁၆၀၀ နဲ့ နှစ်ဘာသာဖိုး ၃၂၀၀ ကို တစ်ခါတည်း ပေးရတယ်။ နင့်တုန်းက အလုပ်ပြုတ်ထားတော့ ချက်ချင်းမပေးရဘဲ ခွဲပေးရတာ။ ဇွန်လ ငါ နေမကောင်း တစ်ပတ်ဖြစ်တာ ဆရာဝန်က ကျောက်ကပ်မကောင်းဘူးထင်လို့ သွေးစစ်ရတုန်းက နင်တို့တွေ အပြင်မှာ ထိုင်စောင့်နေတာ မှတ်မိလား။ ၂၀၀၀ ကျော် ကုန်တာကို ကျန်းမာရေးအာမခံက ကာဗာမဖြစ်လို့ ငါ ခုပေးရတယ်။ ဒီလမှာ  ၅၀၀၀ ကျော် ပေးရတယ်။ ငါ့လို အခြေအနေမျိုးဆို နင် ဘယ်လိုပေးမလဲ။ ကြိုတင်မတွေးထားတဲ့ ပိုက်ဆံကုန်ပေါက်တွေ ရှိတယ်။

စီနီယာ ဗီယက်နမ်မလေး Nga ဆိုရင် အိတ်ချ်ဝမ်းဘီရတာ မပြောင်းလို့ ခု ရှေ့နေတွေခေါ်ပြီး ဖြေရှင်းရတာ ပိုက်ဆံအတော်ကုန်သွားတယ်။ ကျောင်းလခအကြွေးတွေ အပြီးဆပ်၊ ဘာသာရပ်တွေ အကုန်သင်ပြီးလို့ သတ်မှတ်ထားတဲ့ဂရိတ် ရနေမှ အက်ဖ်ဝမ်း (ကျောင်းသား) ဗီဇာကနေ အိတ်ချ်ဝမ်းဘီ (အလုပ်) ဗီဇာ ပြောင်းလို့ရတယ်။ သူ့အခြေအနေမျိုး  ကြံုလာရင် နင် ဘယ်လိုလုပ်မလဲ။ ပိုက်ဆံစု မသုံးနဲ့။


သူပြောတာတွေ အမှန်ဆိုတော့ အိုကေကလွဲလို့ကိုယ်ဘာမှ ပြန်မပြောနိုင်ဘူး။ ကိုယ့်ကို ကောင်းစေချင်လို့ ပြောပေမဲ့ ကိုယ့်မာနကို ထိတယ်နဲ့ တူပါရဲ့။ နားရွက်တွေ ပူလာတယ် ခန္ဓကိုယ်လည်း အပူငွေ့တွေ တရှိန်းရှိန်း ခံစားရတယ်။ ကိုယ်ဟာ မေ့ပျောက်လွယ်သူ အမှတ်ကြီးသူတစ်ယောက်တော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီစကားတွေကိုတော့ မေ့မယ်မထင်ဘူး။ ကိုယ်ဟာ ပိုက်ဆံတွေ သုံးဖြုန်းနေသူမဟုတ်ပေမဲ့ ပိုက်ဆံတွေ ဘယ်လိုကုန်သွားမှန်း မသိဘူး။ မိဘက ပံ့ပိုးဖြည့်ဆည်းပေးနိုင်လို့ လိုချင်တာတွေ အလွယ်တကူ ရခဲ့တာဆိုတော့ တအားတော့ မခြွေတာဘူး။

ကိုယ့်သူငယ်ချင်းတစ်ယောက်ဆိုရင် အတော်‌ချွှေတာတယ်။ အန်ယူအက်စ် NUS မှာ ကျောင်းတက်ဖို့ သူ့မိဘတွေက တိုက်ခန်းကို သိန်းတစ်ရာကျော်နဲ့ ရောင်းလိုက်တယ်။ ကျောင်းပြီးတဲ့အချိန် အဲဒီတိုက်ခန်း သိန်းသုံးရာကျော်သွားတယ်။ သူ့ရည်မှန်းချက်အတိုင်း တိုက်ခန်းတန်ဖိုး သိန်းသုံးရာကို သုံးနှစ်အတွင်း ပြန်ပို့နိုင်တယ်။ တော်ပေစွ ကိုယ်နဲ့များ ကွာတယ်။ အင်း သိပ်မသုံးတော့ဘူး လိုချင်တာတွေ၊ စားချင်တာတွေ၊ သွားချင်တာတွေ လျှော့ပြီး ပိုက်ဆံစုဦးမှ။


အန်ယူအက်စ် NUS က စင်္ကာပူရဲ့ အကောင်းဆုံးတက္ကသိုလ်တစ်ခုမှာ ပါသလို ကမ္ဘာ့အဆင့် ၂၆ ။ ဝင်ခွင့်ခက်သလို စာသင်တာလည်း တကယ်ကောင်းတယ်။ ကျောင်းပြီးရင် အလုပ်ရဖို့ သေချာတယ်။ အစိုးရကျောင်းဖြစ်လို့ ဘွဲ့အရင်ယူ ကျောင်းအကြွေးကို အတိုးနှုန်း သက်သက်သာသာနဲ့ အေးအေးဆေးဆေး ဆပ်။ ကျောင်းတောင်မပြီးသေးဘူး အစိုးရက ပီအာအော်ဖာလက်တာ PR Offer Letter ပေးတယ်။ ကျောင်းသားဗီဇာကုန်သွားလို့မှ အလုပ်မရသေးရင် အလည်အပတ်ဗီဇာ ထုတ်ပေးတယ်။ ၂ ၊ ၃ လ အတွင်းမှ အလုပ်မရသေးရင် အီးပီအီးစီ EPEC လို့ခေါ်တဲ့ long term နေထိုင်ခွင့်လျှောက်ပြီး အေးအေးဆေးဆေး အလုပ်လျှောက်လို့ရတယ်။

ကိုယ် တစက်ကလေးမှ မကြိုက်တဲ့ အမ်ယူအမ် MUM က Private School ။ ဘာသာရပ်တွေ အကုန်သင်ပြီးလို့ သတ်မှတ်ထားတဲ့ဂရိတ်ရ၊ ကျောင်းအကြွေးတွေ ဆပ်ပြီးမှ ဘွဲ့ယူလို့ရတယ်။ ယူအက်စ်ကျောင်းတွေ ထုံးစံအတိုင်း ကျောင်းလခများသလို အတိုးနှုန်းက ၉  ရာခိုင်နှုန်း အရမ်းများတယ်။ အလုပ်ကံကောင်းသူတွေက်တော့ တစ်ခါတည်း အိတ်ချ်ဝမ်းဘီရပေမဲ့ ကိုယ်တို့လို ကံမကောင်းတဲ့သူတွေကတော့ စီပီတီတစ်နှစ်ထပ်တိုး၊ ကျောင်းအကြွေးတွေထပ်တိုး၊ ကျောင်းတွေဆက်တက်။ ယူအက်စ်ကိုလာတာ ကျောင်းကိုလုပ်ကျွှေးဖို့ လာသလိုပဲ။ တကယ်လို့များ ပါရဂူဆက်တက်မယ်ဆိုရင် ဒီကျောင်းက မာစတာကို အသိအမှတ် မပြုဘူး ကွာလတီနိမ့်တယ်။ အလုပ်အတွေ့အကြုံရှိတဲ့ အင်တာနေရှင်နယ်ကျောင်းသားတွေခေါ် ကျောင်းမှာတစ်နှစ်တက်ခိုင်း။ ပြီးရင် အလုပ်လုပ်၊ အဝေးသင်တက်၊ ကျောင်းလခတွေဆပ်ခိုင်းတဲ့ ရိုက်စားကျောင်း။


ကျောင်းလခတွေ အများကြီးကုန်၊ ၃ နှစ်လောက် အချိန်ပေးပြီးမှ ဒီဘွဲ့ကြီးက သုံးစားလို့မရဘူးဆိုရင် အတော်စိတ်မကောင်းစရာဘဲ။ ဘွဲ့ကို ဂရုမစိုက်ဘူး ယူအက်စ်မှာ အတွေ့အကြုံရရင်တော်ပြီ ဆိုရင်တော့ တစ်မျိုး။ ဒီကျောင်းက ဘာသာရေးကျောင်းဆန်တယ်။ သက်သက်လွှတ် အော်ဂင်းနစ်အစားအစာ ကျွှေးတယ် ။ ကိုယ်စားဖူးသမျှထဲမှာ အဆိုးရွားဆုံးအစားအစာ။ ဘာစားစား စားကောင်း၊ ဘယ်တော့မှ မပိန်တဲ့ကိုယ် ဒီကျောင်းရောက်မှ လေးပေါင်ကျတယ်။ တစ်နေ့နှစ်ကြိမ် မဖြစ်မနေ တရားထိုင်ရတယ်။ ကျောင်းတည်ထောင်သူ မဟာရီချီယောဂီကို ဘုရားလို ကိုးကွယ်တယ်။ သူတီထွင်တဲ့ တီအမ်လို့ခေါ်တဲ့ တရားထိုင်နည်းကို မကြိုက်ပုံပြရင် မကြိုက်ဘူး။ ကျောင်းသားတွေက Close your eyes. Do you feel quietness and see how the thoughts come simutaneously. Simple and easy. It is how we mediate. လို့ ပြောင်ကြတယ်။ ဟန်မဆောင်တတ်တဲ့ကိုယ် သူတို့ရှေ့မှာ တီအမ်ကို ကြိုက်ဟန်ဆောင်တတ်သွားတယ်။

နေ့လည်ဖက် အဝတ်လျှော်စက်ထဲ အဝတ်ထည့်ပြီး ညနေစောင်း ပြန်လာတော့ တွေ့လိုက်ရတာက လား...လား အဝတ်တွေ ရေစိမ်ထားသလို။ အိမ်ရှင်ကိုခေါ်ပြတော့ ရေထပ်ထည့် ညှစ်ခိုင်းတော့လည်း မညှစ်။ Comforter က လေးလို့နဲ့တူပါရဲ့ ဆွဲထုတ် ထပ်လျှော်။ နာရီဝက်လောက်အကြာ ဆင်းကြည့်တော့လည်း ရေကလျှော့မသွား။ အိမ်ရှင်က သူလည်း မသိတော့ဘူး တတ်သိနားလည်တဲ့သူကို ခေါ်ရမယ်တဲ့။ အဝတ်တွေကို ရေစိမ်ထားသလိုဖြစ်လို့ မဖြစ်ချေဘူးဆိုပြီး လက်နဲ့ညှစ် အခြောက်ခံစက်ထဲထည့်။ ၁ နာရီ အပူပေးပေမဲ့လည်း မခြောက်တော့ ချိတ်မှာလှန်း။ Comforter ကို ရေချိုးကြွေဇလုံထဲထည့် ကိုရီးယားကားထဲကလို ခြေထောက်နဲ့နင်းလျှော်။ အခြောက်ခံစက်ထဲထည့် ၁ နာရီ အပူပေး ရေချိုးခန်းထဲမှာ ဖြန့်လှန်း။ အောက်ထပ် အဝတ်လျှော်စက်ထဲက ရေတွေကို ပလတ်စတစ် စောက်နက်နက်ခွက်ကလေးနဲ့ခပ်။ ပလတ်စတစ်ဇလုံကြီးထဲထည့် အပေါ်ထပ်က မျက်နှာသစ်ခွက်ထဲလောင်းထည့်။ အောင်မလေး ပင်ပန်းလိုက်တာ။


အဝတ်လျှောက်စက် ငါ့ကြောင့် ပျက်သွားရင်တော့ ကုန်ပေါက်။ အလုပ်ပြုတ်လို့ ပိုက်ဆံမရှိပါဘူးဆိုမှ။ အရင်နှစ်ပတ် လျှော်တုန်းက အကောင်း။ နောက်နေ့ ညနေစောင်း အိမ်ရှင်ကို မေးကြည့်တော့ အိုကေသွားပြီ သူ ဂူဂယ်မှာ ရှာကြည့်တာတဲ့။ ဘာကြောင့်လဲဆိုတော့ အဖုံးက သေချာမဖုံးတော့ ရေတွေ မညှစ်ထုတ်တာတဲ့။ အဖုံးနားက အပေါက်လေးကို တုတ်ကလေးနဲ့ ထိုးလိုက်တော့ ရေတွေထွက်သွားလေရဲ့။ ဟူး... တော်ပါသေးရဲ့ ဒီလိုမျိုး တစ်ခါမှ မကြုံဖူးဘူး ပိုက်ဆံကုန်ပေါက်လို့ တွေးနေတာ။ စက်ပဲ ဖြစ်တတ်ပါတယ် အဝတ်လျှော်စက်က ၄၀၀ ကျော်ကျတယ်။ အသစ်ထပ်ဝယ်ရရင် မလွယ်ဘူးလို့ ငါလည်း တွေးနေတာတဲ့။ အဆင်မပြေချင်ရင် ဘာမဟုတ်တာလေးတောင် အဆင်မပြေပါလားနော်။

နိုဝင်ဘာလကုန်ရင် ကန်တက်ကီကားမှတ်ပုံတင် ကုန်ပြီ။ မေရီလန်းမှာ မှတ်ပုံတင်ဖို့ သွားအင်စပတ်တာ မအောင်ဘူး။ တစ်ထောင်နီးပါးလောက် အကုန်ခံပြီး ပြင်ရင်တော့ အင်စပတ်အောင်မယ်။ အင်စပတ်အောင်ပြီးရင် အီမစ်ရှင်း (လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုဒ် လွှင့်ခြင်း) စစ်တယ်။ ရာမားကားက အင်စပတ်အောင်ပြီး အီမစ်ရှင်းမှာကျလို့ ပြင်ရတာ။ ဆူနမ်တို့က ပြင်မနေနဲ့တော့ ရောင်းလိုက်တော့တဲ့။ မမီးမီး အဆက်အသွယ်နဲ့ မြန်မာသံရုံးကလူတွေ ကားလာကြည့်တာ အင်ဂျင်ချက်ဆိုင်းရှိလို့ မဝယ်ဘူးတဲ့။ အင်ဂျင်ချက်ဆိုင်းရှိနေတာ အင်ဂျင်မကောင်းလို့ ဝယ်တုန်းက နင်မသိဘူးလားတဲ့။ ဝယ်တုန်းက ဘာကား၊ ဘာအရောင်၊ ဘာပုံစံမှန်းတောင် မသိဘူး။ ပို့လိုက်ဆိုပြီး ရှစ်ပင်းနဲ့ ရောက်လာတာပဲ။


ဒီလာဆီမှာ သွားရောင်းတာ ၁၉၉၈ မိုင် တစ်သိန်းငါးသောင်း ဆိုတော့ တော်တော်အိုနေပြီ သူတို့ မဝယ်ဘူးတဲ့။ အန်ကယ်ကြီးတစ်ယောက်က အကြံပေးတယ် ကားမတ်မှာသွားရောင်းတဲ့။ ကားမတ်ကတော့ ဝယ်တယ်။ အင်ဂျင်ချက်ဆိုင်းရှိလို့ သုံးရာ ပေးမယ်တဲ့။ ကားက ၄၅၀၀၊ ပို့ခ ၃၀၀၊ ကားပြင်တာ ၁၅၀၀။ ၆၀၀၀ ကျော် ကုန်တဲ့ကားကို ၃၀၀ ပဲ ပေးမယ်တဲ့။ သူမှ မဝယ်ရင်လည်း ဘယ်သူမှဝယ်မှာ မဟုတ်လို့ ရောင်းရမှာပဲလေ။ ကန်တက်ကီမှာ ရောင်းခဲ့ရင် အကောင်းသား ၆၀၀ ပေးမယ်တဲ့။ ကျောင်းမှာတုန်းက ၈၀၀ တန်ကားကို သူငယ်ချင်းအရင်းကြီးဖြစ်လို့ ၂၀၀ လျှော့ပေးတဲ့ ၆၀၀ တန်ကား။ ဒီလာမှာ သွားရောင်းတာ ၂၀၀ ပဲပေးမယ်ဆိုလို့ အဲဒီနေ့က ထမင်းမစားနိုင် ဖြစ်သွားတယ်။ နောက်တော့ ဂျူနီယာအီဂျစ်မလေးအာရပ်ကို ၆၀၀ နဲ့ ရောင်းလိုက်တယ်။ မခိုင်က သူ့ဆီကိုမောင်းလာခဲ့ သူတို့ဆီမှာ တစ်ထောင်လောက် ရမယ်တဲ့။ ဒီကားနဲ့ ဟိုင်းဝေးထွက်ဖို့ မီးမီးကြောက်ကြောက်။ ရှစ်ပင်းနဲ့ပို့ရင် ပို့ခက ၈၀၀။ တော်ပါပြီ ၃၀၀ နဲ့ပဲ ရောင်းပါတော့မယ်။

ဒီနေ့ နှင်းမိုးရွာလို့ အေးတယ်။ ကားမရောင်းခင် ဆူနမ်တို့အိမ်နားက ကိုရီးယား၊ ဂျပန်ဆိုင်မှာ နေ့လည်စာစားမယ် လိုက်မလားဆိုတော့ ဆူနမ်က သူလည်းလိုက်မယ်တဲ့။ ဆူနမ်က ဆူရှီနည်းနည်း စားလာပြီ ရာမားကတော့ လုံးဝမစားသေးဘူး။ ဂျီတော့ကနေ ရန်ဖြစ်ထားသူနှစ်ယောက် တွေ့တော့လည်း ဟေးလားဝါးလားနဲ့ ရန်မဖြစ်ထားတဲ့အတိုင်း။ ကိုယ့်မွေးနေ့ကို မေ့နေကြတဲ့ ကိုယ့်ရဲ့သူငယ်ချင်းကောင်းတွေက မွေးနေ့လက်ဆောင်အဖြစ် ချက် (check - US, cheque - UK) ပေးတယ်။ မိုင်းဖန်ကို မင်္ဂလာလက်ဖွဲ့ ဘာပေးရမှန်းမသိတော့ ကိုယ်က ချက်ပေးတာ အကောင်းဆုံး၊ သူကြိုက်တာ သူ့ဘာသာဝယ်လို့ရတယ်ဆိုတော့ ဒင်းတို့က ချက်ပေးတာ ပိုက်ဆံနဲ့တန်ဖိုးဖြတ်သလို၊ အလေးမထားရာရောက်တယ်၊ မေစီကဒ်၊ ဗီဇာကဒ် ဝယ်ပေးသင့်လေးပါလေးနဲ့။ ခုတော့ မွေးနေ့လက်ဆောင် ဘာဝယ်ပေးရမှန်းမသိ၊ ငါတို့ဝယ်ပေးတာကိုလည်း ဂျီးများတဲ့နင်က ကြိုက်မှာမဟုတ်၊ ကွန်ပလိမ်းမှာမို့ နင်ပြောသလို အကောင်းဆုံးဆိုတဲ့ ချက်ပေးတာတဲ့။ ငနာလေးတွေ ဒင်းတို့သုံးကောင်ကို အမြင်ကတ်တယ် ဟွန့် း( ။

Union Station, Washington, DC

နင် ငါ့ကိုပဲ ကွန်ပလိမ်းတယ် အမ်းထရူးနဲ့ရာမားကိုကျတော့ မကွန်ပလိမ်းဘူး။ အေး ရှေ့အပတ်တွေ့ရင် ဒင်းတို့ကို ကွန်ပလိမ်းမယ်။ စန်း ကားလာနေတယ် ဘေးကပ်လျှောက် နိုး အဲဒီကားကို ငါ တိုက်ပစ်လိုက်မယ်။ အဲဒီလို ကွန်ပလိမ်းတတ် ဂွတိုက်တတ်တဲ့ ကိုယ့်ကိုသူငယ်ချင်းတော်ရတဲ့ သူတို့ခမျာလည်း မစားသာ။ ကန်တက်ကီတိုင်တယ် (Title ပိုင်ရှင်အမည်ပေါက်စာချုပ်) ကို နားမလည်လို့ ကားမတ်က ကောင်မလေးက ကန်တက်ကီကို ဖုန်းဆက်မေးရတယ်။ ကားရောင်းပြီးရင် မေရီလန်းမှာတော့ လိုင်စင်ပလိတ်ပြားပဲ ပြန်ပေးရပေမဲ့ ကန်တက်ကီမှာတော့ လိုင်စင်ပလိတ်ပြားရယ်၊ အရောင်းအဝယ် သဘောတူစာချုပ်ရယ် ပြန်ပို့ရတယ်။ အဲဒီကောင်မလေးကတော့ ထူးဆန်းထွေပြားပါဘိ ကန်တက်ကီရယ်လို့ သြချသွားတယ်။

အနီရောင်လိုင်း ရှယ်ဒီဂရုဘူတာကနေ ယူနီယမ်စတေရှင်းမှာဆင်းပြီး ဒီစီဗဟိုစာတိုက်ကြီးကနေ ကန်တက်ကီလိုင်စင်ပလိတ်ပြား ပြန်ပို့တယ်။ ကယ်ပီတယ် အမိုးခုံးဖြူဖြူလေးကိုမြင်တော့ အဲဒီတဝိုက်က ပြတိုက်၊ ပန်းခြံတွေမှာ ခြေရာချင်းထပ်အောင် လည်ပတ်ခဲ့တာတွေ သတိရတယ်။ ကိုယ်သိပ်သဘောကျနှစ်သက်တဲ့ နေရာတွေ၊ ကိုယ်ချစ်တဲ့သူတွေနဲ့ ခွဲရဦးမှာလား။ ဘယ်တော့များမှ ပြန်တွေ့မယ်မှန်း မသိ။ ခွဲခွာရမှာမို့ ဝမ်းနည်းမူတွေ၊ နေရာအသစ်ကို ပြောင်းရွှေ့ရမှာမို့ စိုးထိတ်ကြောက်ရွှံ့မူတွေ၊ သူတို့သုံးကောင်နဲ့ အရင်လိုခရီးမထွက်နိုင်တော့မှာမို့ စိတ်မကောင်းမူတွေ။

Union Station, Washington, DC

နှင်းလို့မပီပြင်တဲ့ မိုးပေါက်တွေကို ငေးကြည့်ရင်း  ဒီနှစ်ရဲ့ ပထမဆုံးကျတဲ့နှင်းနဲ့ ဓာတ်ပုံရိုက်မယ်လို့ စိတ်ကူးထားတာကို သတိရမိတယ်။ နေပါဦး ခုဟာက နှင်းလား၊ မိုးလား။ ဂိတ်ဆုံး Glemont ဘူတာကနေ ဘတ်စ်ကားစီးတော့ တစ်မှတ်တိုင် စောဆင်းမိလို့ လမ်းလျှောက်ရတာ အေးလိုက်ပါဘိ။ ဟီတာလေးနဲ့ နွေးနွေးထွေးထွေး၊ သွားချင်ရင် လှစ်ခနဲထသွားလို့ရတဲ့ အဆင်ပြေမူလေးကို သတိရမိတယ်။ သြော် ဆာလောင်ငတ်မွတ်နေတဲ့သူတွေ၊ အိပ်စက်ဖို့ လုံခြုံနွေးထွေးတဲ့ နေရာမရှိသူတွေ သူတို့နဲ့ ယှဉ်လိုက်ရင် ကိုယ့်အဆင်မပြေမူတွေ စာမဖွဲ့လောက်ပါလား။

ပျော်ရွှင်သော ကျေးဇူးတော်နေ့ ပိတ်ရက်လေး ဖြစ်ပါစေ။
Happy Thanksgiving! Happy Holidays !

စန်းထွန်း
နိုဝင်ဘာ ၂၇၊ ၂၀၁၃။

13 October 2013

Never say never...

အလုပ်ရှာတဲ့အချိန် အများဆုံး ဖုန်းခေါ်တဲ့သူတွေက ရီခရူတာတွေပါ။ ရီခရူတာအများစုက အိန္ဒိယတွေ။ အမေရိကန် ရီခရူတာတွေက ဟိုင်း ဟောင်းအာယူ၊ ဂွတ်၊ ဂရိတ် ဆိုပြီး နောက်တလလောက်မှ ပြန်ပေါ်လာတတ်တယ်။ ကလင်..ကလင် အီးမေးလ် ပို့လိုက်တယ်နော် ဖောင်ဖြည့်ပြီး ပြန်ပို့ပေးနော် ။ ကလင်..ကလင် အီးမေးလ် စစ်ပြီးပြီလား ဒီနေ့ညနေ နောက်ဆုံးထားပြီး ပြန်ပို့ပေးပါနော်။ ဖုန်း ဘယ်လောက်ခေါ်လဲဆိုရင် မိနစ် ၄၅၀ နဲ့ မလောက်လို့ မိနစ် ၉၀၀ ပလမ် ပြောင်းရတယ်။ ကိုယ် အီးမေးလ် အမြဲစစ်ပါတယ် အမြန်ဆုံး အီးမေးလ် ပြန်ပါ့မယ်။ ဖုန်းတဂွမ်ဂွမ် မဆက်ဘဲ အီးမေးလ်နဲ့ ဆက်သွယ်မယ်ဆိုရင်တော့ ကျေးဇူးအထူးတင်ပါမှာ ။ ဖုန်းဆက်မယ်ဆိုရင်တော့ နေ့လည် ၁၂ နာရီနဲ့ ၁ နာရီအတွင်းက အကောင်းဆုံးပါပဲ။

မနက်အစောကြီး ၆ နာရီ ကိုယ်တောင် အိပ်ယာက မနိုးသေးဘူး အိန္ဒိယကရီခရူတာ ဖုန်းခေါ်လို့ မျက်စိမဖွင့်ဘဲ ဖုန်းဖြေရဖူးတယ်။ ကိုယ့်ထက် သူတို့က ကိုယ့်ကို အလုပ်ပိုရစေချင်ကြတယ်။ ကိုယ်အလုပ်လုပ်နေသမျှ ကိုယ့်ဝင်ငွေထက် သူတို့က နှစ်ဆပိုရတော့ ကိုယ်က သူတို့အတွက် ငွေထုပ်ကြီးကိုး။ ခြင်္သေ့ကျွှန်းမှာ ကျောင်းသားဗီဇာကုန်သွားလို့ အလုပ်မရသေးရင် အလည်အပတ်ဗီဇာထုတ်ပေးပြီး အလုပ်ရတာနဲ့အက်စ်ပတ် S Pass ၊ အီးပီ EP (Employment Pass) ၊ ပီအာ PR (Perminent Residence) တန်းလျှောက်ရတယ်။ အလည်အပတ်ဗီဇာကုန်သွားလို့မှ အလုပ်မရသေးရင် long term pass EPEC (တစ်နှစ်နေထိုင်ခွင့်) လျှောက်ပြီး အလုပ်ကို အေးအေးဆေးဆေး ရှာပြီး  ကျောင်းကြွေး ဆပ်လို့ရတယ်။

ခု စတိတ်မှာက ကျောင်းသားဗီဇာ F1 နဲ့ အလုပ်လုပ်နေတာပါ ။ ကျောင်းမှာ အချိန်ပြည့် တစ်နှစ်တက်ပြီးတော့ အဝေးသင်တက်ရင်း အလုပ်လုပ် အင်တန်းဆင်းတာနဲ့ ခပ်ဆင်ဆင်ပါပဲ။ စတိတ်မှာတော့ အင်တန်းရှစ်လို့ မခေါ်ဘဲ အိုပီတီ၊ စီပီတီလို့ ခေါ်တယ်။ အလုပ်အော်ဖာက တစ်နှစ် ကွန်းထရပ်တူဟိုင်းရား  contract to hire ။ စီပီတီက ဒီနှစ် စက်တင်ဘာဆို ကုန်ပြီ ဘယ်လိုလုပ်မလဲလို့ ကျောင်းက မေးလာတယ်။ အလုပ်တဖက်နဲ့ ကျောင်းတက်ရတာကို အတော်ကြီး စိတ်ကုန်နေတဲ့သူ နောက်ထပ် ၃ ဘာသာ ထပ်ယူပြီး စီပီတီ တစ်နှစ်ထပ်တိုးတယ်။ ကျောင်းလခ အကြွေးကလည်း ထပ်တိုးသွားလို့ ဆပ်ပေဦးတော့ နောက်ထပ်တစ်နှစ်။


ကိုယ် ခုတက်နေတဲ့ စတိတ်က အမ်ယူအမ် MUM ကျောင်းကို လုံးဝလုံးဝ မကြိုက်ဘူး။ နောက်မှ အဲဒီကျောင်းအကြောင်း ရေးဦးမယ်။ အိုင်အိုဝါပြည်နယ် အိုင်အိုဝါစီးတီးက အိုင်အိုဝါတက္ကသိုလ် (မပန်ဒိုရာရဲ့  အိုင်အိုဝါရက်စွဲများထဲမှာ ပါတဲ့ကျောင်းကြီး)၊ အင်ဒီးယားနားပြည်နယ် ဖို့ဝိန်းမြို့က ပါဒူးတက္ကသိုလ်၊ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့က စင်စင်နာတီတက္ကသိုလ်၊ မန်ဆာချူးဆက်ပြည်နယ် ဘော့စတွန်မြို့က ဟားဗတ်တက္ကသိုလ်၊ ဒီစီပြည်နယ် ဂျော့တောင်းမြို့က ဂျော့တောင်းတက္ကသိုလ်တို့ကို သွားလည်တုန်းက အဲဒီတက္ကသိုလ်တွေမှာ ကျောင်းတက်ချင်စိတ် ပေါက်လာပြီး ကိုယ့်တက်နေတဲ့ တက္ကသိုလ်လေးသာ ဖြစ်လိုက်ပါတော့လို့ ဆန္ဒဖြစ်ခဲ့ဖူးတယ်။ အမ်ယူအမ်ကျောင်းကတော့ ကိုယ် ဂုဏ်ယူလောက်တဲ့ တက္ကသိုလ် မဟုတ်ဘူး။ ဘွဲ့ရရင်တောင် အဲဒီကျောင်းဘွဲ့ဝတ်စုံနဲ့ ဓာတ်ပုံရိုက်မှာ မဟုတ်ဘူး။ ကမ္ဘာပေါ်မှာ အဆင့် ၂၄ စင်္ကာပူက အန်ယူအက်စ် NUS ကျောင်းကိုတော့ ကိုယ်ဂုဏ်အယူရဆုံး  NUS  ကျောင်းထွက်ကွ း) ။ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် UCSY ထက်တော့ အမ်ယူအမ် MUM က ကောင်းတယ်။ အန်ယူအက်စ် NUS နဲ့အမ်ယူအမ်ကို သွားမယှဉ်နဲ့ မိုးနဲ့မြေလို ကွာတယ်။

ကျောင်းသားဗီဇာက နောက်နှစ်ဆိုကုန်မှာဆိုတော့ အိပ်ချ်ဝမ်းဘီ  H1B လို့ခေါ်တဲ့ အလုပ်ဗီဇာ စပွန်ဆာပေးမဲ့ ကုမ္ဗဏီကို ရှာရတာပါ။ အိပ်ချ်ဝမ်းဘီစပွန်ဆာပေးတဲ့ ကုမ္ဗဏီက အတော်ရှားတယ်။ အိပ်ချ်ဝမ်းဘီလျှောက်ဖို့ ရှေ့နေလိုသလို အစိုးရကိုလည်း ပိုက်ဆံအများကြီး ပေးရတော့ ကုမ္ဗဏီတွေကလည်း အမေရိကန်နိုင်ငံသားနဲ့ ဂရင်းကဒ်ပိုင်ရှင်တွေကိုပဲ အလုပ်ခန့်ချင်ကြတယ်။ အိပ်ချ်ဝမ်းဘီစပွန်ဆာကို ရီခရူတာကုမ္ဗဏီတွေကပဲ ပေးနိုင်တော့ အဲဒီရီခရူတာတွေနဲ့ မပတ်သက်ချင်လည်း ပတ်သက်ရတာပေါ့။

မင်းကို ကိုယ်တို့က အိပ်ချ်ဝမ်းဘီ လျှောက်ပေးမှာ မပူနဲ့။ ကလိုင်းရင့်က ဖုန်းဆက်လာရင် မင်းမှာ အိပ်ချ်ဝမ်းဘီ ရှိတယ်လို့ပြော။ အင်တာဗျူးသူက ဘာလို့အလုပ်သစ် ရှာတာလဲလို့ မေးတော့ အိပ်ချ်ဝမ်းဘီစပွန်ဆာပေးမဲ့ အလုပ်ရှာနေတာဆိုတော့ မင်းမှာ အိပ်ချ်ဝမ်းဘီ မရှိဘူးလား။ မရှိဘူး ကျောင်းသားဗီဇာဆိုတော့ သြော် ဆိုပြီး ဖုန်းချသွားတယ်။ ရီခရူတာက ဖုန်းဆက်လာပြီး ဒေါသတကြီးနဲ့ မင်းမှာ အိပ်ချ်ဝမ်းဘီရှိတယ်လို့ ပြောခိုင်းထားတယ်မလား ဘာလားနဲ့ ပွမ်လာတယ်။ မင်း ကလိုင်းရင့်က ဘယ်အချိန် ဘယ်နံပါတ် ဘယ်သူဆိုပြီး ဆက်လာမယ်မှန်းမသိ ကိုယ်က လာသမျှဖုန်းကို အိပ်ချ်ဝမ်းဘီရှိတယ်လို့ ညာနေရမှာလား။ ဘယ်အချိန် ဘယ်နံပါတ် မပြောနိုင်တာ မင်းတို့အပြစ်။ ကိုယ် မင်းတို့နဲ့ အလုပ်နိုင်တော့ဘူး ဂွပ်။


မင်းက စင်္ကာပူနဲ့ စတိတ်မှာ အလုပ်လုပ်တယ်နော်။ တိုင်းပြည်တခုဆီမှာ နှစ်နှစ်လောက်ပဲ အလုပ်လုပ်တယ်နော်။ မင်းက နိုင်ငံပြောင်းရတာ ကြိုက်ပုံရတယ်နော်။ ကိုယ်တို့က ကိုယ်တို့ ကုမ္ဗဏီမှာ အကြာကြီးလုပ်မဲ့သူမျိုးကို လိုချင်တာ ။ ကိုယ်လား ပြောင်းရတာ ဘယ်ကြိုက်ပါ့မလဲ ကန်တက်ကီရုံးက ပီတာ့လို ၁၅ နှစ်၊ စင်္ကာပူရုံးက ဂျူရောင်း၊ အာမားလို ၁၀ နှစ် အဲဒီလို အကြာကြီး လုပ်ချင်တာ။ ကိုယ့်မှာ အဲဒီလို အခွင့်အရေး မရခဲ့ဘူး။ ကိုယ်က မင်းတို့လိုချင်တဲ့ အကြာကြီးလုပ်မဲ့ အရည်အချင်းနဲ့ မကိုက်ညီဘူးထင်တယ် ဆောရီး ဂွပ်။

အရင်နှစ်လက လစာပြေစာ pay stubs တောင်းလို့ ဒါ ကိုယ့်ရဲ့ ကွန်ဖီဒန်ရှယ် confidential လေ။ အင်တာဗျူးပြီး အော်ဖာရရင် ပြမယ်။ အဲဒီလစာပြေစာ မပြရင် မင်းကို ငါတို့ မားကက်တင်း မလုပ်တော့ဘူး။ အိုကေ နိုးပလော်ပလမ်။ မင်းကို ငါတို့ မားကက်တင်းမယ် ဒါပေမဲ့ ငါတို့ကုမ္ဗဏီနဲ့ပဲ အလုပ်လုပ် တခြားကုမ္ဗဏီနဲ့ မဆက်သွယ်နဲ့။ ဒီလောက် ရီခရူတာကုမ္ဗဏီ အများကြီးနဲ့ မားကက်တင်းနေတာတောင် အလုပ်မရသေးတာ သူတို့ကုမ္ဗဏီ တခုတည်းနဲ့ပဲ ဆက်သွယ်ရမယ်ဆိုတော့ ဆောရီး ။

ဖုန်းတဂွမ်ဂွမ် ဆက်တဲ့ ရီခရူတာတွေ၊ နောက်က ကျားလိုက်သလို စကားပြောမြန်တဲ့ ရီခရူတာတွေ၊ လစာကို အနည်းဆုံး ပေးတဲ့ ရီခရူတာတွေ၊ ရိုင်းပျတဲ့ ရီခရူတာတွေ၊ စကားပြောချို သဘောကောင်းတဲ့ ရီခရူတာတွေ။ သူတို့အကြောင်းရေးရရင် ကျွန်ုပ်နှင့် ရီခရူတာများ စီးရီးတွေ ရမယ်။ စနေနေ့ မနက်


စန်းထွန်း း ဟယ်လို စန်းစန်း စကားပြောနေပါတယ်...
ရီခရူတာ း ငါတို့မှာ urgent အလုပ်တခု ရှိတယ်...မင်း အလုပ်ရှာနေတာလား...
စန်းထွန်း း ငါ အိပ်ချ်ဝမ်းဘီ စပွန်ဆာ အလုပ်ပေးမဲ့ အလုပ်ရှာနေတာ....ငါ့ စီပီတီက နောက်နှစ်နိုဝင်ဘာဆို ကုန်ပြီ...နောက်နှစ် ဧပရယ်မှာ အိပ်ချ်ဝမ်းဘီ လျှောက်ရမှာ...
ရီခရူတာ း အိပ်ချ်ဝမ်းဘီကို မပူနဲ့ ငါတို့လျှောက်ပေးမယ်...
စန်းထွန်း း ရီလိုကေးရှင်း relocation နေရာပြောင်းရွှေ့ကတော့ အိုကေပါတယ်...ဒါပေမယ့် ငါက ၃ လ ၆ လ ကွန်းထရပ်ဆိုတဲ့ အလုပ်ကို မကြိုက်ဘူး...အမြဲတမ်း ဒါမှမဟုတ် ကွန်းထရပ်တူဟိုင်းရား  ဒါမှမဟုတ် ကွန်းထရပ်ဆိုရင်လည်း တစ်နှစ် အနည်းဆုံးမှ...
ရီခရူတာ း မင်းမှာ ဒီအခွင့်အရေး မရှိဘူး You have no choice right now .. အဲဒီလို ကန့်သတ်နေရင် ယူအက်စ်မှာ မင်း ဘယ်တော့မှ အလုပ်ရမှာ မဟုတ်ဘူး If you restrict like that, you will never get the job in US...မင်း flexible ဖြစ်သင့် You should be flexible...
ဂွပ်

စကားပြောနေတုန်း ဘာနှုတ်ဆက်စကားမှ မဆိုဘဲ ဖုန်းချတာ ရိုင်းပြရာရောက်ပေမဲ့ ဒီရီခရူတာကို ယဉ်ယဉ်ကျေးကျေး စကားဆက်ပြောနေဖို့တော့ သည်းခံစိတ်တွေကို ကိုယ့်မှာ မရှိခဲ့ဘူး။ အလုပ်ရှာနေတဲ့သူတယောက်မှာ သူကြိုက်တဲ့ လုပ်ငန်းခွင်၊ သူကြိုက်တဲ့ အလုပ်၊ သူကြိုက်တဲ့နေရာ ရွေးချယ်ခွင့် ရှိတယ်။ အလုပ်က အော်ဖာပေးလာခဲ့ရင်တောင် မကြိုက်ရင် ငြင်းပယ်ခွင့် ရှိတယ်။ တနေရာကနေတနေရာ ပြောင်းတယ်ဆိုတာ လွယ်တယ်များ ထင်နေလား မသိဘူး အရမ်းစိတ်ဖိစီးတာ။ နေရာအသစ်၊ အလုပ်အသစ်၊ မြို့အသစ်၊ လူအသစ်တွေနဲ့အသားကျဖို့ သုံးလကနေ ခြောက်လလောက် ကြာတယ်။

မေးလိုက်ချင်တယ် စတိတ်မှာ ကိုယ်အလုပ်မရနိုင်ဘူးလို့ ခင်ဗျား ဘာလို့ သေချာပေါက် ပြောနိုင်တာလဲ။ ခင်ဗျားမှာ ရှေ့ကိုကြိုမြင်နိုင်တဲ့ တန်ခိုးတွေ ရှိနေလို့လား။ ရှေ့ကို ကြိုမြင်နိုင်တယ် ဆိုရင်တောင် ခင်ဗျား မြင်တာတွေ မှားသွားအောင် ကိုယ် ပြောင်းလဲပစ်မယ်။ ကျောင်းက ထွက်ခွာပြီး ၃ ပတ်အတွင်း ကန်တက်ကီက အလုပ်ကို ရခဲ့တာ။ လေးအော့ဖ်ဖြစ်ပြီး ၃ လအတွင်း ခုအလုပ်ကို ရခဲ့တာ။ short term အလုပ်ကို လုပ်ဖို့ တိုက်တွန်းချင်ရုံ သက်သက်နဲ့တော့ You will never လို့ ခင်ဗျား ဘယ်တော့မှ မပြောသင့်ဘူး။


ဒီလို You will never လို့ ပြောတာ သူက ပထမဆုံးတော့ မဟုတ်ဘူး။ ၂၀၁၁ အမ်ယူအမ်ကျောင်း ပရော်ဖက်ဆာ ဂျိုးဇက်လာမန်ဆီကနေ You will never ဆိုတဲ့ စကားလုံးကို ကိုယ် ပထမဆုံး ကြားဖူးခဲ့တယ်။ ကျောင်းကိုရောက်ရောက်ချင်း ဝင်ခွင့်စာမေးပွဲဖြေတော့ သတ်မှတ်ထားတာထက် အမှတ်နည်းနည်းနဲပေမဲ့ ပရော်ဖက်ဆာလာမန်က ထောက်ခံပေးလို့ ကျောင်းဆက်တက်ရသွားတယ်။ အမှတ်နည်းတဲ့ ပါကစ္စတန်ကောင်လေးကတော့ ပြန်သွားရတယ်။ ကျောင်းရဲ့သတ်မှတ်ချက်အရ FPP နဲ့ MPP  ကို ဘီရမှ ဆက်တက်ရမှာပါ။ FPP  မစ်တန်းမှာ စီပလပ်ရတော့ ပရော်ဖက်ဆာက ခေါ်တွေ့တယ်။

ပရော်ဖက်ဆာ း ညဖက် ဘယ်အချိန်အိပ်လဲ
စန်းထွန်း း ၁၁ နာရီခွဲ
ပရော်ဖက်ဆာ း ည ၁၀ က အိပ်ဖို့ အကောင်းဆုံးချိန်..
စန်းထွန်း း ( ည ၁၀ နာရီ... ငါ့ဘဝမှာ ည ၁၀ နာရီ တခါမှ မအိပ်ဖူးဘူး...)
ပရော်ဖက်ဆာ း တီအမ် မှန်မှန် လုပ်လား..
စန်းထွန်း း လုပ်ပါတယ်...
( တီအမ် Trascendental Mediation ဆိုတာ ကျောင်းကို တည်ထောင်သူ မဟာရီသျှီယောဂီက တီထွင်ခဲ့တဲ့ တရားထိုင်နည်းပါ။ ကိုယ်ကတော့ ဖားအောက်နည်းအတိုင်း နှာသီးဝကိုစိုက်ပြီး တရားထိုင်တတ်တယ်။ တီအမ်က သျှရီလို့ ရွတ်ပြီး တရားထိုင်တာပါ။ ကျောင်းမှာ တီအမ်က မလုပ်မနေရ တနေ့နှစ်ကြိမ် ကျောင်းမှာ၊ အဆောင်မှာ မဖြစ်မနေ တရားထိုင်ရတယ်။ တီအမ်ကို မကြိုက်တဲ့ပုံစံပြရင် မကြိုက်ဘူး။ ဘာသာရေးကျောင်းဆန်တယ်။ ကိုယ်တို့ကျောင်းသားတွေကတော့ တီအမ်ချိန်ဆိုရင် မျက်စိမှိတ် အိပ်ကြပြီး တီအမ်ကို ကြိုက်ဟန် ဆောင်ကြတယ်။ ကွယ်ရာမှာဆိုရင် Close your eyes. Do you feel quietness ? This is how we meditate ဆိုပြီး ပြောင်လှောင်ကြတယ်။ ကိုယ် တီအမ်မလုပ်မှန်း ပရော်ဖက်ဆာ သိမှာပါ။ )
ပရော်ဖက်ဆာ း You will never be successful in US.

ပရော်ဖက်ဆာကို ဘာမှပြန်မပြောခဲ့ပေမဲ့ စိတ်ထဲမှာတော့ အတော်မကျေမနပ် ဖြစ်တယ်။ ဆူနမ်တို့ကို ပြောပြတော့ သူတို့လည်း မကျေမနပ် ဖြစ်ကြတယ်။ ဒါပေမဲ့လည်း ကိုယ်တို့ ဘာမှပြန်ပြောလို့မရ၊ ဘာမှလုပ်လို့မရဘူးလေ။ နောက်တကြိမ် FPP ပြန်တက်တော့ ပရော်ဖက်ဆာလာမန်နဲ့ ပြန်ဆုံတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အက်စ်တီရာရဲ့ အဖြေစာရွက်ကို ပရော်ဂျက်တာပေါ် တင်ပြီးရှင်းပြတော့ မေးခွန်းတခုမှာ အက်စ်တီရာရဲ့ အဖြေထက် ကျောင်းသားတယောက်ရဲ့ အဖြေကို ပိုကြိုက်တယ်လို့ ပြောတယ်။ ကိုယ်သိတယ် အဲဒီကျောင်းသားဟာ ကိုယ်ဆိုတာ။ အဲဒီအချိန် ပရော်ဖက်ဆာက ကိုယ့်ကိုကြည့်နေပြီး သူ့မျက်လုံးတွေက မင်းအဖြေလို့ ပြောနေသလို အဖြေလွှာမှာ Excellent ၊ The best answer in the class လို့ ရေးထားတာကိုး။ သူ့အတန်းကို အေမိုင်းနပ် ရပြီးကတည်းက ပရော်ဖက်ဆာ ကိုယ့်ကိုကြည့်တဲ့ အကြည့်တွေ ပြောင်းသွားတယ်။ တခါတလေဆုံရင် ကိုယ်တက်နေတဲ့ ဘာသာ၊ စာမေးပွဲတွေအကြောင်း ပြောကြရင်း ကိုယ်က မဖြေနိုင်ဘူးဆိုရင်တောင် ပရော်ဖက်ဆာက Oh You can do it. I believe you လို့ လေသံပြောင်းသွားတယ်။


မေးလိုက်ချင်တယ် ဘာအကြောင်းကြောင့် ကိုယ့်ကို ယူအက်စ်မှာ မအောင်မြင်နိုင်ဘူးလို့ သေချာပေါက် ပြောရဲတာလဲ။ အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာ ဘာနဲ့ တိုင်းတာတာလဲ။ စာမေးပွဲ အမှတ်တွေနဲ့လား။ ကိုယ်က ဗီယက်နမ်မလေး မိုင်းလို  အေကျောင်းသား မဟုတ်ဘူး။ အေရတဲ့ဘာသာရှိသလို၊ ဘီမိုင်းနပ်၊ ဘီပလပ်၊ စီပလပ်ရလို့ ကျတဲ့ဘာသာတွေ ရှိတယ်။ လစာနဲ့ တိုင်းတာတာလား။ ဒါဆိုရင်တော့ ကိုယ် အောင်မြင်တယ်။ ကိုယ်တို့အုပ်စုထဲမှာ ကိုယ်က လစာအများဆုံး။ ဒါပေမဲ့ ဝင်ငွေကြမ်းသလို ထွက်ငွေကြမ်းလို့ လစာနည်းတဲ့ ဆူနမ်လောက်တောင် ကိုယ့်လက်ထဲ ငွေမရှိဘူး း) ။ ရာထူးတွေနဲ့ တိုင်းတာတာလား။ ဘယ်ကုမ္ဗဏီမှာပဲဖြစ်ဖြစ် ကိုယ်က ဂျူနီယာ စီနီယာဖြစ်ဖို့ အဲဒီကုမ္ဗဏီမှာ အနည်းဆုံး ၃ နှစ်လောက် လုပ်ဖို့လိုတယ်။ ကုမ္ဗဏီကြီး၊ မြို့ကြီးတွေနဲ့ တိုင်းတာတာလား။ ကန်တက်ကီပြည်နယ်မှာ အကြီးဆုံးမြို့ လူဝီဗီလ်မြို့က သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်တဲ့ Oil & Gas Mechanical Industry မှာ အစဉ်အလာကြီးတဲ့ ဘက်ကော့ပါဝါကုမ္ဗဏီအုပ်စုအောက်က ဗုတ်ပါဝါအင်တာနေရှယ်နယ်၊ ဝါရှင်တန်ဒီစီ မြို့တော်ကြီးရဲ့ ယူအက်စ်ကယ်ပီတယ်ဘေးနားက ဒက်ကာဒရန်ကိုအော်ပိုရေးရှင်းမှာ အလုပ်ရတယ်။

You will  never လို့ ပြောခဲ့ဖူးသူနှစ်ယောက်ကိုတော့ ကိုယ် ဘယ်တော့မှ မေ့မှာမဟုတ်သလို သူတို့ပြောတာတွေ မှားကြောင်း ကိုယ် သက်သေပြမယ်။ ကိုယ်ကိုတိုင်လည်း You will never လို့ တစုံတယောက်ကို ဘယ်လိုအကြောင်းနဲ့မှ ဘယ်တော့မှ မပြောမိဖို့ သတိထားရဦးမယ်။

စန်းထွန်း
အောက်တိုဘာ ၁၃၊ ၂၀၁၃။

၂၀၁၁ ပရော်ဖက်ဆာလာမန်  You will never be successful in US လို့ ပြောတုန်းက ရေးထားတဲ့ ပို့စ် လေးပါ။

ပန်းတွေကတော့ ဒီစီရုက္ခဗေဒဥယျာဉ်မှာ ရိုက်ထားတဲ့ ပုံလေးတွေပါ။ မနှစ်ကဒီဇင်ဘာ သွားလည်တုန်းကထက် ပန်းတွေ ပိုစုံတယ်။ အဲဒီပုံတွေ နောက်မှ တင်ပါဦးမယ်။