ကာစတာမာဆားဗစ်...

စူပါမားကဒ်၊ စတိုးဆိုင်တွင် ဈေးဝယ်လျှင် မျက်စိထောက်ဒေါက် ကြည့်ခြင်းခံရသော၊ ဈေးမေးပြီး မဝယ်လျှင် ရန်ထောင်တတ်သော၊ မဝယ်နိုင်ဘဲနဲ့ မေးသည်ဟု အဓိပ္ဗာယ်သက်ရောက်သော မျက်လုံးများနှင့် ကြည့်တတ်သည့် ဈေးရောင်းသူများ ကြီးစိုးသည့်နိုင်င်ငံတွင် ကြီးပြင်းခဲ့သောကြောင့် ကာစတာမာဆားဗစ်ဆိုသည့် စကားလုံးကို နိုင်ငံရပ်ခြားသို့ ရောက်ရှိသည့်အချိန်မှ နားလည်ခဲ့သည်။ ဈေးဝယ်သူ အမြဲမှန်သည်ဆိုသော စကားလုံးမှာ နိုင်ငံရပ်ခြားတွင်တော့ ဟုတ်ပါလိမ့်မည် ကျွှန်မတို့နိုင်ငံတွင်တော့ မဟုတ်ခဲ့။

ပူပြင်းခြောက်သွေ့သော နွေညနေခင်းတစ်ခုတွင်  ကြည့်မြင့်တိုင်ညဈေး ဖိနပ်ဆိုင်မှ ဖိနပ်များကို စီးကြည့်လိုက်၊ ဈေးမေးလိုက်နှင့် အလုပ်ရှုပ်နေသူက သင်းခိုင်။  ကျွန်မတို့က လှတယ်၊ မလှဘူး ထင်ရာမြင်ရာ အကြံညဏ်များ စွက်ပေးကြသည်။ ဆန်ဆိုင်ပိုင်ရှင် သင်းခိုင်သည် ဈေးသည်အထာကို ကောင်းကောင်းနားလည်သည်၊ ဈေးကို စနည်းနာသည်၊ ဈေးလျှော့နိုင်မလား တီးခေါက်ကြည့်သည်။ ဈေးဦးပေါက်ချင်သည့် ဈေးသည်က သင်းခိုင် လိုချင်သည့်ဈေး ပေးမည့်ပုံပေါ်သည်။ သို့သော် ဟိုဟာလိုလို၊ ဒီဟာလိုလိုဖြင့် တွေဝေတတ်သော သင်းခိုင်သည် တခြားဆိုင် သွားကြည့်ဦးမည်ဟုဆိုကာ ထိုင်ရာမှ ထရာ ကျွန်မတို့ကလည်း လိုက်မည့်ဟန်ပြင်ကြသည်။

ဈေးဦးပေါက်တော့မည်ဟု အပိုင်တွက်ထားသည့် ဆိုင်ပိုင်ရှင်သည် တခြားဆိုင်ကူးမည့် ကျွှန်မတို့ပုံကို တွေ့သည့်အခါ ဒေါသထွက်ကာ စူးစူးဝါးဝါး အော်ဟစ်လေတော့သည်။ မထင်မှတ်ဘဲ ရန်တွေ့ခံရသောကြောင့် ပါးစပ်အဟောင်းသား၊ မျက်စိအကြောင်သား၊ ဝိုင်းအုံစူးစမ်းကြသည့် မျက်လုံးအကြည့်များကို တွေ့ရသည့်အခါ တခြားဖိနပ်ဆိုင်သို့ ကူးမည့်အစီအစဉ်ကို ဖျက်ကာ မုန့်ဈေးတန်းသို့ သုတ်ချေတင်တော့သည်။ နောက်နောင် ဘယ်သောအခါမှ ထိုဖိနပ်ဆိုင်သို့ ခြေဦးမလှည့်သလို သင်းခိုင် ပစ္စည်းရွေးခြယ်၊ ဈေးဆစ်မည့်ဟန်ပြင်လျှင် ဝယ်ဖို့သေချာပြီလား၊ တခြားဆိုင် သွားကြည့်ချင်သေးလား၊ သေခြာပြီဆိုမှ ဈေးဆစ်ဖို့ သတိပေးရန် မမေ့မလျော့ ရှိနေခဲ့သည်။


ဆိုဒ်စုံ၊ ဒီဇိုင်းစုံ၊ ရောင်စုံ စမ်းဝတ်ကြည့်ပြီးမှ မဝယ်လျှင်လည်း မကြိုက်ပုံ ပြတတ်သေးသည်။ ထောပတ်သီးမှာသည်ကို လိမ္မော်ရည် လာချပေးသည်မှာ ဘာကြောင့်လဲဟု မေးသည့်အခါ ထောပတ်သီးကုန်သွားလို့ဟူသော အဖြေကို ရသည်။ ဖြစ်သည့်သည်က ကာစတာမာကို လာမေးသင့်သည် ထောပတ်သီး ကုန်သွားလို့ တခြားရနိုင်တဲ့ ဖျော်ရည်တွေမှာ ဘယ်ဖျော်ရည်ကို မှာချင်တာလဲဟုမေးကာ ကာစတာမာကို သူ နှစ်သက်ရာ နောက်ထပ် ရွေးချယ်ခွင့် ပေးသင့်သည်။ ကာစတာမာဆားဗစ်ကို အသေအချာသိ၊ ကွန်ပလိမ်းလွန်းသည့် ခြင်္သေ့ကျွှန်းသူ ပီသစွာ မကြီးက ကွန်ပလိမ်းချင်၊ ရေးကြီးခွင်ကျယ် လုပ်ချင်သော်လည်း ကာစတာမာဆားဗစ်ကို မသိသည့်သူများက မှာတဲ့ ထောပတ်သီးမရလဲ ဘာအရေးလဲ လာချတဲ့ လိမ္မော်ရည် သောက်လိုက်မှာပေါ့ဟု အလေးအနက်မထား ခပ်ပေါ့ပေါ့သာ သဘောထားနိုင်ခဲ့သည်။

ခြင်္သေ့ကျွှန်း၏ ကာစတာမာဆားဗစ်သည် မြန်ဆန်ကောင်းမွန်သည်။ မနက် ၈ နာရီဖွင့်သည့် အိုင်စီအေအစိုးရရုံးသည် ၇ နာရီ ၅၀ မိနစ်တွင် ဝန်ထမ်းများ ဝန်ဆောင်မှုပေးရန် အဆင်သင့် ဖြစ်နေသည်။ လုပ်ကိုင်သည်မှာလည်း အလွန်မြန်ဆန်သည်။ မကျေနပ်လျှင် ကွန်ပလိမ်းနိုင်သည်။ 7 11 ဆိုင်တွင် ငွေတဆင့် ပြန်မအမ်းလျှင် ကွန်ပလိမ်းသည်။ ရထားနောက်ကျလျှင် ကွန်ပလိမ်းသည်။ အင်တာနက်နှေးလျှင် ကွန်ပလိမ်းသည်။ ကွန်ပလိမ်းခံရမှာ ကြောက်သောကြောင့် ကာစတာမာဆားဗစ် မြန်ဆန်ကောင်းမွန်လာသော်လည်း ကွန်ပလိမ်းသည့်အကျင့်ဆိုး  စွဲကပ်သွားသည်။ ကျောင်းအာဂျီရိုဆောင်က အစားအသောက်တွေ စားမကောင်းလျှင် ကွန်ပလိမ်းသည်။ ထိုင်ခုံတွေ ထိုင်ရတာ အဆင်မပြေလျှင် ကွန်ပလိမ်းသည်။ တီအမ်ကို မကြိ ုက်သောကြောင့် ကွန်ပလိမ်းသည်။ အာပလာသင်တန်းများ၊ မနှစ်သက်သည့်သင်တန်းများ၊ ပေးရသည့် သင်တန်းခနှင့် မထိုက်တန်သည့် သင်တန်းများကို မတက်မနေ တက်ရသည့်အခါ ကွန်ပလိမ်းသည်။

မိန်းကလေးအုပ်စုထဲတွင် ကျွန်မတစ်ယောက်သာ ဘာလို့ ဒီလောက်ကွန်ပလိမ်းမှန်း ဆူနမ်၊ ရာမားတို့ နားမလည်။ သူတို့လည်း ကျောင်းနှင့်ပတ်သက်၍ မကြိုက်သော အရာများ ရှိသော်လည်း မျိုသိပ်ထားကာ ထုတ်ဖော်မပြော ကွန်ပလိမ်းမတက်။ ကျွန်မ ကွန်ပလိမ်းလွန်းသည့်အကြောင်း ဆူနမ်တို့တွေ မိုင်းဖန်နှင့် ပြောဆိုဆွေးနွေးကြသည့်အခါမှ ကျွန်မ ဘာကြောင့် ကွန်ပလိမ်းမှန်း သူတို့ သဘောပေါက်သွားသည်။ မိုင်းဖန်သည် မလေးရှားတွင် အလုပ်လုပ်ဖူးသည်မို့ ခြင်္သေ့ကျွှန်းသူကျွှန်းသားအထာကို နားလည်သည်။ ခြင်္သေ့ကျွှန်း/တွင် ဆိုဒ်စုံ၊ ဒီဇိုင်းစုံ စီးကြည့်၊ ဝတ်ကြည့်သော်လည်း အရောင်းစာရေးမှ မကြည်လင်သည့် အမူအယာ တချက်မှမပြ။ သူတို့ဆိုင်မှာ ဈေးဝယ်ရတာ စိတ်ချမ်းသာလျှင်ဆိုလျှင်ပဲ ကျေနပ်ပျော်ရွှင်ပုံပြသည်။ ဈေးဝယ်ရသည်မှာ အင်မတန် စိတ်ချမ်းသာသည်။


ပူအိုက်သောတိုင်းပြည်မှ လာခဲ့သောသူတစ်ယောက်မို့ ဆောင်းရာသီတွင် လိုအပ်သော အသုံးအဆောင်များ ပါမလာခဲ့။ ယူအက်စ်တွင် ရာသီဥတုလေးမျိုး ရှိသောကြောင့် ဥတုလေးမျိုးစာ အသုံးအဆောင် အဝတ်အထည်များ လိုလေသည်။ ကျယ်ဝန်းလှသော ယူအက်စ်တွင် မြို့ကြီးများတွင် လျှော့ပင်းမောလ်ရှိသော်လည်း ဒီဇိုင်းစုံမရှိ။ လျှော့ပင်းသွားလျှင်လည်း ကြိ ုက်တာမတွေ့ ကြိုက်တာတွေ့လျှင်လည်း ဆိုဒ်ကမတော်။ အွန်လိုင်းတွင်တော့ စုံသည်။ ထိုအခါ အွန်လိုင်းလျှော့ပင်း ခေတ်စားသည်။ အွန်လိုင်းတွင် ဝယ်၊ မကြိုက်လျှင် ပြန်ပို့။ Sckechers ဖိနပ်ဆိုင်တွင် Boot ဖိနပ် သွားရှာသောအခါ အရောင်းစာရေးကောင်လေးညွှန်းသည့် ဖိနပ်ကိုပင် ဝယ်လာကာ နှစ်သက်သောကြောင့် နှင်းအရမ်းကျသည့်နေ့ကလွဲလျှင် တဆောင်းတွင်းလုံး ထိုဖိနပ်ကိုသာ စီးတော့သည်။

ဂျင်းဘောင်းဘီများ ရှိသော်လည်း နှစ်သက်သော ESpirit နှင့် Levis နှစ်ထည်ကိုသာ လှည့်ပတ်ဝတ်လေရာ ဓာတ်ပုံများကြည့်လိုက်တိုင်း ထိုနှစ်ထည်တည်းသော ဂျင်းဘောင်းဘီကို မြင်လျှင် အန်ယူအက်စ်ကျောင်းမှ တရုတ်ကလေး Wang Ming နှင့် တူနေပါလားဟု တွေးမိသည်။ (တကယ်တော့ ဂျင်းဘောင်းဘီ နှစ်ထည်သာဝတ်မှန်း ဘယ်သူမျှ သတိမထားမိ။ အမှန်က ဘောင်းဘီအသစ် ဝယ်ချင်သောကြောင့် အကြောင်းပြချက် ပေးနေခြင်းသာ ဖြစ်သည်။) အိအိ၊ ဘ၊ ကိုစိုင်း၊ ကောင်းကောင်းတို့ အုပ်စုထဲမှ တရုတ်ကလေး ဝမ်းမင်သည် တက္ကသိုလ်တက်စဉ် တလျှောက်လုံး ဘောင်းဘီနှစ်ထည်၊ ဈေးကြီးသော ဘောလုံးအားကစားသမား အင်္ကျီနှစ်ထည်သာ ရှိသည်။ တက္ကသိုလ်တုန်းက ဓာတ်ပုံမှန်သမျှ ထိုနှစ်ထည်တည်းသော အင်္ကျီနှင့်သာ ဖြစ်သည်။

တရုတ်ကျောင်းသားအများစုသည် အင်္ကျီတစ်ထည်ကို သုံးရက်တိတိ ဝတ်သည်။ အေးသော တရုတ်ပြည်တွင် မသိသာသော်လည်း ပူအိုက်သော ခြင်္သေ့ကျွှန်းတွင် သိသာလှသည်။ သူတို့ကလည်း အင်္ကျီအများကြီးရှိသည့် ကျွန်မတို့ကို နားမလည်။ အိအိတို့တိုက်တွန်းသောကြောင့် အင်္ကျီအသစ်များ ဝတ်ပြီး နေ့စဉ်ဝတ်တော့သည်။ Fifth Ave အမှတ်ငါးလမ်းမနားမှ Levis ဆိုင်သို့ ဝင်သောအခါ ဂျင်းအမျိုးမျိုး၊ ကပ်တင်းအမျိုးမျိုးရှိသော်လည်း ဘယ်ဟာနှင့်လိုက်ဖက်မှန်းမသိ။ Skinny Jeans ကို ကြိ ုက်သော်လည်း တချို့Skinny များက Skinny လေးများနှင့်သာ လိုက်ဖက်သည်။ လိုချင်တာကို မကြီးကို မှာထားလိုက်ရုံ၊ ကျွန်မနှင့် လိုက်ဖက်မည်ထင်လျှင် ဝယ်လာပေး၊ လိုက်ဖက်မဖက် ကြည့်ပေးတတ်သော မကြီးတို့နှင့်သာ လျှော့ပင်းဖူးသောသူမှာ ကိုယ်တိုင် လျှော့ပင်းရသောအခါ အခက်ကြုံလေသည်။


Bold ID ၊ Curve ၊ Straight ကပ်တင်းမြင်လိုက်သည်နှင့် ဘယ်ဟာနှင့် လိုက်ဖက်မှန်းမသိ။ ထိုအခါ အရောင်းစာရေးကောင်လေးကို မေးမြန်းရလေသည်။ တအားကြီး Skinny တာလည်း မကြိုက်ဘူး၊ ပွနေတာကိုလည်း မကြိုက်ဘူးဟုဆိုသည့်အခါ အရောင်းစာရေး ခေါင်းကုတ်လေသည်။ ခန္ဓာကိုယ်ကို တိုင်းကြည့်ပြီးမှ ဘယ်ဟာနှင့် လိုက်မလဲ ပြောနိုင်မယ်။ တိုင်းမလားဟု မေးသည့်အခါ ဘယ်ဟာနှင့် လိုက်ဖက်မည်မှန်း သိချင်သည့် ကျွန်မက ခေါင်းညိမ့်သည်။ လက်နှစ်ဖက် ပိုက်ခိုင်းထားပြီး တိုင်းတာသည်။  နောက်ဆုံး Bold Curve နှင့်လိုက်မည် ထင်သည် တခြားကပ်တင်းတမျိုးကိုလည်း ပေးလိုက်သေးသည်။ ဝတ်ကြည့်သည့်အခါ သူညွှန်းသည့်အတိုင်း Bold Curve ကသာ သက်တောင့်သက်သာဖြစ်စေသည်။

ကျေးဇူးတင်စကားဆိုဖို့ ရှာသောအခါ အဆိုပါအရောင်းစာရေးအား မတွေ့တော့ပါ။ နာမည်လည်းမသိ၊ ရုပ်လည်း မမှတ်မိသော ထိုအရောင်းစာရေး ပေးလိုက်သည့် ဝန်ဆောင်မူကြောင့် စိတ်ချမ်းမြေ့ရသည်။ အဆိုပါ အရောင်းစာရေး၏ ဝန်ဆောင်မူကြောင့် စိတ်ကျေနပ်ဝမ်းမြောက်မိသောအခါ ထိုကဲ့သို့ ဝန်ဆောင်မူမျိုး ပေးတတ်သည့် သူတစ်ယောက်ကို မြင်ယောင်မိသည်။ ကာစတာဆားဗစ်ဟူသော စကားလုံးကို ကျွန်မဖခင် ကြားတောင်ကြားဖူးလိမ့်မည် မထင်။ ဈေးဝယ်သူ ဝယ်ချင်သောပစ္စည်း၊ တပ်ဆင်ရမည့် စက်အမျိုးအစား၊ အရည်အသွေး၊ ဘက်ဂျက်ပေါ် မူတည်ပြီး ပစ္စည်းကို စိတ်ရင်းစေတနာ၊ အတွေ့အကြုံများဖြင့် ရောင်းချလေ့ရှိသည်။ အဖေ့ဆီမှ ဝယ်ယူဖူးသူတိုင်း စိတ်ချမ်းသာသည်။

ခြင်္သေ့ကျွှန်းတွင် ကျောင်းတက်စဉ်က 7 11 ဆိုင်တွင် လုပ်ဖူးသည်။ ဘယ်ပစ္စည်းက ပိုကောင်းလဲဟု ဈေးဝယ်သူက မေးလျှင် အကြံညဏ်ကောင်းများ မပေးနိုင်။ ထိုဆိုင်တွင် အလုပ်လုပ်သော်လည်း ထိုဆိုင်မှ မုန့်များကို ဘယ်တော့မှ ဝယ်မစားသောကြောင့် ဖြစ်သည်။ စိတ်စေတနာကောင်းဖြင့် ဝန်ဆောင်မူပေးသည့်အခါ စိတ်ချမ်းမြေ့ရသည်။ ကျွန်မ ဝန်ဆောင်မှု ပေးခဲ့တုန်းက ထိုကဲ့သို့ စိတ်ချမ်းမြေ့စရာကောင်းသော ကာစတာဆားဗစ်မျိုးများ ပေးခဲ့ဖူးလေသလား။ ဝတ်ကြေတန်းကြေ ကျေးဇူးတင်စကား မဟုတ်ဘဲ ရင်ထဲကလာသော ကျေးဇူးတင်စကား ဆိုခံရဖူးလေသလား၊ မရရှိခဲ့လေတာလား၊ မှတ်ညဏ်တွေကပဲ ယိုယွင်းလာတာလား ကျွန်မကိုယ်တိုင်လည်း သေသေချာချာ မသိတော့ပါ။

စန်းထွန်း
မတ် ၁၁၊ ၂၀၁၄။


ဒီနေ့ဆရာတော်ဦးဇောတိကရဲ့ "စိတ်ချမ်းသာဖို့လိုရင်းပါ" စာအုပ်ကို ဖတ်ရင်း ဒီပို့စ်နဲ့ တိုက်ဆိုင်တဲ့စာသားလေးတွေ ဖတ်ရတော့ သဘောကျနှစ်သက်တာနဲ့ ဘလော့ကို အလည်လာကြတဲ့ မိတ်ဆွေတွေကိုလည်း ဖတ်စေချင်လို့ ရှယ်လိုက်ပါတယ်။

ရောင်းတဲ့သူကော ဝယ်တဲ့သူပါ ပျော်အောင်လုပ် ဈေးရောင်းတာမှာရော ဈေးရောင်းတဲ့သူကိုယ်တိုင်က ပျော်ပျော်ရွှင်ရွှင် ဈေးရောင်းရင် ဝယ်တဲ့သူက ပိုဝယ်ချင်တယ်။ ဈေးရောင်းတဲ့သူက မပျော်မရွှင် ဖြစ်နေရင် ဝယ်တဲ့သူက မဝယ်ချင်တော့ဘူး။

ကိုယ်ရောင်းတဲ့ပစ္စည်းကို စိတ်ဝင်စားပြီး ပစ္စည်းအကြောင်းကို စိတ်ဝင်စားစရာဖြစ်အောင် ပြောနိုင်ရင် ဝယ်တဲ့သူက ဝယ်ချင်လာမယ်။ ပစ္စည်းရဲ့ အရည်အသွေး၊ ဈေးနှုန်းစတဲ့ အချက်အလက်တွေကို ရိုးရိုးသားသားပြောရင် ဝယ်တဲ့သူက စိတ်ချပြီး ဝယ်မယ်။ စိတ်ချလက်ချ ဝယ်ရတာ စိတ်ချမ်းသာတယ်။ စိတ်မချရရင် စိတ်မှာ မအေးဘူး။ ဒါကြောင့် ဝယ်တဲ့သူကို စိတ်အေးအောင် စိတ်ချအောင် ပြောရင် မကြာခဏ ဝယ်မယ်။

လူတွေဟာ အလိမ်ခံရမှာ ကြောက်တယ်။ အမြဲတမ်းလည်း အလိမ်ခံနေရတော့ ဘယ်သူ့ကိုမှ မယုံတော့ဘူး။ ကိုယ်က မလိမ်မညာဘဲ ရိုးရိုးသားသားပြောရင် စိတ်အေးချမ်းမှုရလို့ ကိုယ့်ဆိုင်မှာ ဝယ်မှာပဲ။ ပစ္စည်းရောင်းလိုက်ရုံ မကဘူး။ စိတ်အေးချမ်းမှုကိုပါ ပေးလိုက်တာပေါ့။

ဒီပစ္စည်းဟာ ဝယ်တဲ့သူအတွက် တကယ်အသုံးတည့်ရဲ့လား ဆိုတာကိုလည်း လေ့လာဖို့ မေးဖို့ လိုတယ်။ ဝယ်တဲ့သူက မဝယ်တတ်ရင် အဲဒါကို အခွင့်ကောင်းယူပြီး ညာရောင်းရင် တစ်နေ့သိသွားတဲ့အခါ ကိုယ့်ကို ယုံကြည်မှုရှိမှာ မဟုတ်တော့ဘူး။ အထူးသဖြင့် ကျန်းမာရေးအတွက် သုံးရတဲ့ဆေးကို ရောင်းတဲ့အခါ ပိုပြီး အရေးကြီးတယ်။ မသင့်တော်တဲ့ဆေးကို ရောင်းလိုက်ရင် ကျန်းမာရေး ထိခိုက်သွားနိုင်တယ်။ သေသေချာချာ မေးပြီးမှ ရောင်းရမယ်။ စာစရာရောင်းတာမှာလည်း ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားစရာကိုပဲ ရောင်းသင့်တယ်။

ဝယ်တဲ့သူကိုလည်း စိတ်ဝင်စားမှု ရှိဖို့လိုတယ်။ ဈေးဝယ်လာတဲ့သူကို ပျော်အောင် စိတ်ချမ်းသာအောင် ပြောရင် ဈေးဝယ်တဲ့သူက ပိုပြီးဝယ်မယ်။ ဈေးဆိုင်ကို သန့်ရှင်းအောင် လှပအောင် လုပ်သင့်တယ်။ သန့်ရှင်းလှပတဲ့နေရာဟာ စိတ်ကို ကြည်လင်ချမ်းသာစေတယ်။ တချို့ဈေးဆိုင်တွေမှာ ဥယျာဉ်လေးလို သစ်ပင်ပန်းပင်တွေ စိုက်ထားတယ်။ ပန်းအိုးနဲ့ အလှစိုက်ထားတဲ့ အပင်တွေနဲ့ အလှဆင်ထားတယ်။ သာယာနာပျော်ဖွယ်ရှိတဲ့ တီးလုံးတွေကို ဖွင့်ပေးတယ်။  အဲဒီလို စိတ်ချမ်းသာအောင် လုပ်ထားရင် လာရတာ ပျော်လို့ မကြာမကြာ လာတယ်။ လာတိုင်းလည်း တစ်ခုခု ဝယ်တယ်။

ရောင်းတဲ့သူရော ဝယ်တဲ့သူပါ ပျော်အောင်လုပ်ရင် အရောင်းအဝယ် ပိုဖြစ်မယ်။ တချို့က ဝယ်တဲ့သူကို စိတ်ညစ်အောင် ပြောတယ်။ အထင်သေးတဲ့ အပြောမျိုး ပြောတယ်။ မေးရင် မပြောချင်ပြောချင်နဲ့ စိတ်မပါသလို ပြောတယ်။ ဝယ်တဲ့သူကို စိတ်မဝင်စားဘူး။ အဲဒီတော့ ဝယ်မဲ့သူက မဝယ်ချင်တော့ဘူး။ ဝယ်တဲ့သူကို စိတ်ဝင်စားဖို့ သိပ်အရေးကြီးတယ်။ လူတိုင်းဟာ ကိုယ့်ကိုစိတ်ဝင်စားတဲ့သူကို ရှာနေတယ်။ ရောင်းတဲ့သူက ကိုယ့်ကိုစိတ်ဝင်စားရင် သူ့ဆီမှာပဲ ဝယ်မှာပေါ့။ ရောင်းတဲ့သူရော ဝယ်တဲ့သူပါ ပျော်တဲ့ ဈေးရောင်းနည်းကို လေ့လာပါ။

(ဆရာတော် ဦးဇောတိက "စိတ်ချမ်းသာဖို့ လိုရင်းပါ" စာအုပ်မှ ကောက်နုတ်ချက်။ ဘားမီးကလပ်စစ်စာအုပ်စင်ကနေ ဒေါင်းဖတ်နိုင်ပါတယ် )

4 comments:

Iora said...

ဒီမွာကေတာ့ကပ္စတမ္မာကအျမဲမွန္တာဘဲ။
စကော့ဈေးပိုဆိုးသေး။
အိုင်အိုရာ

မီးမီးငယျ said...

ကျတာလည်းရှိသေးဗျား...

San San Htun said...


San San Htun said...

Iora said...
ဒီမှာကတော့ကပ်စတမ်မာကအမြဲမှန်တာဘဲ။
မြန်မာပြည်မှာတော့ဈေးသည်ကိုကြောက်နေရတာ။
စကော့ဈေးပိုဆိုးသေး။
အိုင်အိုရာ
May 12, 2014 at 10:53 PM
မီးမီးငယ် said...
ဈေးဝယ်သူတွေတအားလူလည်
ကျတာလည်းရှိသေးဗျား...
ဘာဘဲဖြစ်ဖြစ်ဒီမှာဈေးဝယ်ထွက်ရရင်တော့အရမ်းပျော်တာနော့်..
May 13, 2014 at 7:41 AM
San San Htun said...
မမအိုင်အိုရာ း ဟုတ်ပါ့ စကော့ဈေးက နာမည်ကြီး
မမီးငယ် း ဈေးဝယ်တဲ့လူတွေ လူလည်ကျတဲ့အကြောင်း ရေးဦးလေ..ဘယ်လိုလူလည်ကျလို့ရသလဲ သိရတာပေါ့..း)
May 13, 2014 at 10:05 PM