Showing posts with label biking. Show all posts
Showing posts with label biking. Show all posts

24 December 2022

ပိုကိုနိုသွား တောလား ...

၂၀၂၂ ဇွန် ၅ တနင်္ဂနွေနေ့ ပန်ဆယ်ဗေးနီးယားပြည်နယ် ပိုကိုနိုဖက်မှာ စက်ဘီးသွားစီးတယ်။ စနေနေ့ညနေ ၆ နာရီ နယူးယောက် Port Authority Bus Terminal ကနေ ၂ နာရီ ဘတ်စ်ကားစီးပြီးတော့ ပန်ဆယ်ဗေးနီးယားပြည်နယ် အီတန်မြို့ရောက်တယ်။ မခိုင်က လာကြိုနေတယ် ပြီးတော့ မက်ဆီကန်ဆိုင်မှာ ညစာသွားစားတယ်။ ပင်ညာကိုလာဒါမှာတော့ အရက်နည်းနည်းပါလို့ အိုင်ဒီတောင်းတယ်။ အိုင်ဒီတော့ မပါလာဘူး အသက် ၄၀ ဆိုတာမယုံလို့ အိုင်ဒီဓာတ်ပုံ ပြလိုက်တယ်။ ဓာတ်ပုံကို သေသေချာချာ ဖြဲကြည့်ပြီး အံ့အားသင့်တဲ့ပုံစံ မယုံနိုင်တဲ့ပုံစံနဲ့ ရယ်နေတယ်။ ပြီးတော့ ထရေးလမ်းမှာ လမ်းသွားလျှောက်တယ် သစ်ပင်တောတောင်တွေနဲ့ အင်မတန်သာယာတယ်။ ရှေးခေတ်ကလို အဝတ်အစားတွေဝတ်ပြီး မြစ်အတိုင်းအစုန်အဆန်စီးကာ သမိုင်းကြောင်းကို ရှင်းပြတဲ့တိုးတွေလည်း ရှိတယ်တဲ့။ မြင်းတွေတွေ့ရတယ် ထရေးလမ်းမှာ လမ်းလာလျှောက်တဲ့သူတွေက ပြုံးပြီးနှုတ်ဆက်ကြတယ်။ နယ်ကလူတွေက ပိုဖော်ရွေတယ်။ နောက်နေ့ မနက်စောစောထ ထမင်းကြော်စားပြီး တနာရီကျော်ကားမောင်းပြီး Jim Thorpe မြို့လေးရဲ့ မြို့လယ်ခေါင်မှာ ဆုံကြတယ်။ waiver form မှာ လက်မှတ်ထိုး စက်ဘီးငှားထားတော့ စက်ဘီးထုတ်ပေးပြီး ထိုင်ခုံအနိမ့်အမြင့်ပြင်ပေးပြီး နံပါတ်ပေးလိုက်တယ်။ မခိုင်တို့ကတော့ သူတို့ mountain စက်ဘီးယူလာတယ်။ အဲ့ဒီစက်ဘီးက စျေးကြီးတယ် ၈၀၀ ကျော်လောက် ပေးရတယ်။ မနက် ၁၀ နာရီ ရှယ်တယ်ဘတ်နဲ့ စက်ဘီးစီးမဲ့နေရာ ပို့ပေးတယ်။ စက်ဘီးစီးမဲ့နေရာက နာရီဝက်လောက်ဝေးတယ်။ ကိုယ်တွေအုပ်စုက ကလေးတွေရော၊ လူကြီးတွေရောနဲ့ ရှယ်တယ်ဘတ်စ်ရဲ့ တဝက်ကျော်လောက် နေရာယူထားတယ်။ ဦးထုပ်တောင်း၊ ခုံအနိမ့်အမြင့်ပြင်ပြီး ဒီနှစ်တော့ လမ်းပြင်နေလို့ ၁၅ မိနစ်လောက် စက်ဘီးတွန်းပြီး လမ်းလျှောက်ရတယ်။ စီးလို့ရပြီဆိုတာနဲ့စီး နာရီဝက်လောက်နင်း ခဏနား မြစ်ဘေးနား သွားကြည့်ကြတယ်။ နေ့လည်စာအဖြစ် ယူလာတဲ့ ဗီယက်နမ်ဆန်းဒွတ်စား။ နေလေးကလည်းသာ လမ်းတလျှောက် မြစ်ရေစီးသံ တသွင်သွင်နဲ့ သစ်ပင်အုပ်ဆိုင်းနေ အဆင်းပဲဆိုတော့ စက်ဘီးစီးလို့ အတော်လေးကောင်းတယ်။ နှစ်တိုင်း အဲ့ဒီအဖွဲ့နဲ့ စက်ဘီးလိုက်စီးတယ်။ မခိုင်နဲ့ သူ့အမျိုးသားက မာရသွန်၊ မာရသွန်တဝက် ပြေးတဲ့သူတွေမို့လို့ ကိုယ့်ထက် အသက် ၁၅ နှစ်ကျော် ကြီးပေမဲ့ ကိုယ်က သူတို့နောက်ကို မနည်းလိုက်ရတယ်။ ၂၃ မိုင်ခွဲကို ၃ နာရီ ၁၈ မိနစ် စီးရတယ်။ အပြန် ၆ နာရီ ဘတ်စ်ကားနဲ့ပြန် အိမ်ကို ည ၉ နာရီ ပြန်ရောက်တယ်။ မိုင် ၅၀ စီးကြည့်ချင်တယ်လို့ ကြုံးဝါးနေသေးတယ်။ ပင်ပန်းပေမဲ့လည်း ပျော်ပါတယ်။

Merry Christmas!

စန်းထွန်း

ဒီဇင်ဘာ ၂၄၊ ၂၀၂၂။