Showing posts with label Asia. Show all posts
Showing posts with label Asia. Show all posts

06 December 2011

ဟောင်ကောင်သွား တောလား _ ၃

from Google Map
from Google


တက္ကစီ စီးရင်း လိုဏ်ခေါင်းကနေ ဖြတ်နေတာမို့ ခု ပင်လယ်ရေအောက်က သွားနေတာလားလို့ မေးတော့ ဟုတ်တယ်တဲ့။ Cross-Harbour Tunnel ကို The Cross-Harbour Tunnel Company Ltd က တာဝန်ယူတည်ဆောက်ပြီး ၁၉၇၂မှာ ဖွင့်လှစ်ခဲ့တဲ့ ဟောင်ကောင်ရဲ့ပထမဆုံးသော ရေအောက်လိုဏ်ခေါင်းပါလို့ တက္ကစီမောင်းသမားက ရှင်းပြပါတယ်။ ဟောင်ကောင်ရဲ့ ရုံးသုံးဘာသာစကားက အင်္ဂလိပ်စကားမို့လို့  ဗြိသိသျှလေသံနဲ့ ပြောနိုင်ကြပါတယ်။  nonstop no break  နောက်က ကျားလိုက်နေသလို တရစပ် မရပ်မနား တ lah lah နဲ့ ပြောတဲ့ Singlish ထက်တော့ သာပါတယ်။ စီးပွားရေးအချက်အချာကျတဲ့ Victoria Harbour (Hong Kong Island) ကနေ Kellett Island Kowloon ကို ဆက်သွယ်ပေးတာမို့ကမ္ဘာ့မှာရော ဟောင်ကောင်မှာပါ အလုပ်အရှုပ်ဆုံးလမ်းတွေမှာ ပါပါတယ်။

from Google
from Google

၈နာရီ ခွဲသွားပြီမို့ Symphony of Lights ကို မမှီတော့ပါဘူး။ လိုဏ်ခေါင်းဖြတ်နေတုန်း ဒီအချိန် ငလျင်လှုပ်ပြီး လိုဏ်ခေါင်းပြိုရင် ငါတော့ တေပြီဆရာ။ လိုဏ်ခေါင်းတွေ ဝင်ရတိုင်း အဲဒီလို တွေးကြောက်တာ။ ကျိုက်ထီးရိုးက ကျီးကန်းပါးစပ်၊ ဘားအံက ဆန္ဒန်ဂူ၊ ပြင်ဦးလွင်က ပိတ်ချင်းမျှောင်တို့ကို ဝင်တုန်းကလည်း ဒီလို တွေးကြောက်တာ။ ပင်ပန်းတာရော၊ Symphony of Light ကို မမှီတော့ဘူး သိလိုက်ရလို့ ကြည့်မယ်လို့ အားခဲထားတဲ့ စိတ်တွေ လျှော့လိုက်တဲ့အချိန်မှာ လိုဏ်ခေါင်းကို ဖြတ်ရတာတွေ ပေါင်းပြီး မူးနောက်နောက်ဖြစ်ကာ အန်ချင်သလို ဖြစ်ပါတယ်။ Mona က ဆေးတိုက်ရတယ်။
from Google
from Google

နာမည်ကြီး ဟောင်ကောင်အနုပညာရှင်တွေ လက်ရာတွေ ရှိတဲ့ Avenue of Stars ကို ဖြတ်လျှောက်ကြပါတယ်။ ညမှောင်မို့လို့ မမြင်ရတဲ့ ကြားထဲ ဂျက်ကီချန်းကလွဲရင် တခြားဟောင်ကောင်အနုပညာရှင်တွေကို နာမည်နဲ့ လူနဲ့ မတွဲမိတာမို့လို့ ကိုယ့်အတွက်ကတော့ ဘာမှ မထူးခြားပါဘူး။ Symphony of Lights ကတော့ ထူးခြားနိုင်တယ်။ ထိန်ထိန်ကတော့ သူသိတဲ့ အနုပညာရှင်ရဲ့လက်ရာနားရောက်ရင် Winarto နဲ့ Shiwu မန်ဒရင်းလို မှုတ်လိုက်။ မနေ့က စီနီယာ တရုတ်အကိုကြီးနဲ့ လေပန်းကြရင်း San Franciso China Town ကြီးတဲ့အကြောင်း စကားစပ်မိရင်း

စီနီယာ။ နင် Burce Lee သိလား။ Kun Fu မင်းသားလေ။
စန်းထွန်း။ သိတာပေါ့။ စန်းထွန်းတို့ ငယ်ငယ်တုန်းက သူ နာမည်အရမ်းကြီးတယ်။ စွန်းဝူခုန်းတို့၊ ပေါင်ချိန်တို့  ကျန်ကျောင်းတို့က သူ့နောက်မှ နာမည်ကြီးတာ။
စီနီယာ။ အဲဒီ Burce Lee က San Franciso China Town မှာ မွေးတာ။ နောက်တော့ ဟောင်ကောင်မှာ   သူနာမည်ကြီးတာ။
စန်းထွန်း။ သြော် ကလိုလား။



အေးမြတဲ့ လေညှင်းနဲ့အတူ CuttleFish လို့ ခေါ်တဲ့ ရန်ကုန်အခေါ် ပြည်ကြီးငါး မြစ်ဝကျွှန်းပေါ်ဒေသအခေါ် ခက်တဲ့ အကင်ကို မြည်းစားရင် တဖက်ကမ်းက ဟောင်ကောင်ရဲ့ စီးပွားရေးအချက်အချာ နာမည်ကြီး ဗစ်တိုးရီးယားဆိပ်ကမ်းအလှကို ရူစားပါတယ်။ နေ့လည်ပိုင်းက မိုးမျှော်တိုက် အဆောက်အဦးဒီဇိုင်းတွေကြောင့် လှပသလို ညပိုင်းမှာလည်း နီယွန်မီးရောင်တွေက ဟောင်ကောင်ရဲ့အလှကို မြှင့်တင်ပေးနေသလို။


အနီးအနားက Shopping Mall  မှာ Lao Po Bing (Wife Cake) ဝယ်ကြပါတယ်။ ဒီနားမှာ ရှိတဲ့ ဖယ်ရီဂိတ်ကို လမ်းလျှောက်ကြတာ Clock Tower နားသာ ရောက်လို့ နာရီဝက်တောင် ရှိတော့မယ်။ ဖယ်ရီဂိတ်က မတွေ့။ မေးမြန်းတော့မှ  ဒီနားမှာ ဖယ်ရီဂိတ် မရှိဘူးတဲ့။ အင်တာနက်မှာ ရှာတာပဲ မှားတာလား၊ ဖယ်ရီ website ကပဲ update မလုပ်တာလား။ တက္ကစီလည်း မတွေ့တော့ လာလမ်းအတိုင်း Star Avenue လမ်းပြန်လျှောက်။

Lao Po Bing (Wife Cake)

Interchange မှာ ပြောင်းတဲ့အခါ MTR မြှားက အောက်ကို ညွှန်လို့ အောက်ထပ်ကို ဆင်း၊ အောက်ထပ်ရောက်ပြန်တော့ MTR မြှားက အပေါ်ကို ညွှန်း။ တက်လိုက် ဆင်းလိုက် ၂ ကြိမ်လောက်မှာတော့ မဖြစ်ချေဘူးဆိုပြီး လမ်းမအပြင်ကို တက္ကစီ ငှားမယ်ဆိုပြီး ထွက်တော့မှ လားလား ၃မိနစ်လောက် လမ်းလျှောက် လမ်းဖြတ်ကူးမှ MTR ဆိုတာကြီး တွေ့တယ်။ ထိန်ထိန်ကတော့ Lousy MTR တဲ့။ အမှန်ပါပဲ ဟောင်ကောင်ရဲ့ လမ်းညွှန်စနစ်ထက် စလုံးက လမ်းညွှန်စနစ်က ပိုရှင်းပြီး ပိုစနစ်ကျပါတယ်။

ဖယ်ရီတွေက ၂၄နာရီ ရှိပါတယ်။ အန်မလားလို့ Mona က ဂရုတစိုက် စောင့်ကြည့်နေပေမဲ့  ပင်ပန်းတာရော၊ ညဖက်ရောက်လို့ ပင်လယ်က လှိုင်းပေါက်လို့ ဖယ်ရီသင်္ဘောလေးကို လှိုင်းက တပုတ်ပုတ် ရိုတ်ခတ်နေတာက ကိုယ့်အတွက်တော့  ပုခတ်လွှဲပြီး ချော့သိပ်နေသလို။ အိပ်နေတာများ မကာအို ရောက်ပြီလို့ နှိုးလာတော့မှပဲ နိုးလေရဲ့။ Mona က ဖယ်ရီစီးနေတုန်း လှိုင်းမှုးလို့ အန်သေးတယ်တဲ့။ သိတောင်မသိလိုက်။ သူက ကိုယ်အန်မလားလို့ ဂရုစိုက်နေတာ အန်မယ်ထင်တဲ့သူက မအန်ဘဲ အိပ်လိုက်တာများ သိုးလို့။

တခါတုန်းကလည်း မကြီးက စန်းထွန်း ငါကိုယ်အပူရှိနေများလား မသိဘူးတဲ့။ လက်နဲ့သူ့နဖူးကို စမ်းကြည့်ရင်း ပူပါဘူး တူတူပဲ။ အိမ်ရှေ့ဆိုင်က မုန့်တီရောင်းတဲ့ အန်တီကြီးကို သွားစမ်းခိုင်းတော့မှ ဟဲ့ ကောင်မလေး အပူကြီးတယ် ဆေးခန်းသွားတဲ့။ ကောင်းချီးပေးတယ် ငါ နင်နဲ့ နေရင် သေမယ်တဲ့ .. :)

ဟောင်ကောင်မှာ လည်ပတ်စရာတွေ များပါတယ်။ မရောက်ဖြစ်ပေမဲ့ သိသလောက်လေး အာချောင်ရရင်

from Google

၁၉၇၆ ကတည်းက ဖွင့်လှစ်ခဲ့တဲ့ Jumbo Floating Restaurant ဆိုရင် ကြယ်၆ပွင့် အဆင့်ရှိတဲ့ စားသောက်ဆိုင်ပါ။ ပင်လယ်စာကောင်းကောင်း ရသလို တရုတ်နန်းတွင်းကို ရောက်သွားရတယ်လို့ ခံစားစေရမယ့် စားသောက်ဆိုင်ပါ။

from Google
Golden Bauhinia Square ကတော့ ၁၉၉၇ ဇွန်၃၀ မှာ ဗြိတိသျှလက်အောက်ကနေ တရုတ်ပြည်ကို လွှဲပြောင်းပေးအပ်တဲ့ သမိုင်းဝင် အလံတင်အခမ်းအနား ကျင်းပရာနေရာပါ။ တရုတ်သမ္မတ ကျန်ဇီမင်းနဲ့ ချားလ်မင်းသားတို့ တက်ရောက်ခဲ့ပါတယ်။ နှစ်ပေါင်း ၁၅၀ကျော် ဗြိတိသျှလက်အောက်ကနေ တရုတ်ပြည်ကို ပြန်အပ်တာကို ကြိုဆိုတဲ့အနေနဲ့ ပြည်မကြီးကနေ ရွှေရောင်ပန်းဖူးရုပ်ထုကြီးကို ပေးခဲ့ပါတယ်။ လစဉ်လတိုင်း ၁ရက်နေ့က လွဲရင်  မနက် ၇ ၅၀ ကနေ ၈ နာရီ ၃မိနစ်အထိ ဟောင်ကောင်ရဲအရာရှိက နိုင်ငံတော်သီချင်းနဲ့ အလံတင်လေ့ ရှိပါတယ်။

Lan Kwai Fong ကတော့ နိုက်ဂလပ်တွေရှိတဲ့ နေရာပါ။ ပန်းခြံတွေကို သွားချင်တယ်ဆိုရင်တော့ Hong Kong Park ၊ Ocean Park Hong Kong ၊ Kowloon Walled City Park  ဘုရားကျောင်းတွေ သွားချင်ရင်တော့ Hollywood Road, Cat Street, Man Mo Temple ၊ Sik Sik Yuen Wong Tai Sin Temple Lam ၊Tsuen Wishing Trees and Tin Hau Temple ပင်လယ်ဖက်ကို သွားချင်ရင်တော့ Repulse Bay Aberdeen Lei Yue Mun Seafood Bazaar လျှော့ပင်းဖို့ကတော့ Ladies Market  ၊ Temple Street Night Market ၊ Jade Market & Jade Street
မြင်းပွဲလောင်းချင်ရင်တော့ Happy Valley Racecourse

ဟောင်ကောင်ကို သွားမယ်ဆိုရင် မဖြစ်မနေ ကြည့်ရမဲ့ ဆိုဒ်လေးပါ DiscoverHongKong

ရုံးက စလုံးမတွေကတော့ ဗီဇာမလိုတဲ့ မကာအိုကနေ ကားစီးရင် ရောက်တဲ့ Zhuhai ကို သွားပြီး လျှော့ပင်းကြပါတယ်။ တရုတ်ပြည်ဖြစ်ပစ္စည်းတွေမို့ ဈေးက တော်တော်ချိုပါတယ်။ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ပြင်သစ်၊ မလေးရှား၊ အင်ဒိုနီးရှားကတော့ ဆိုက်ရောက်ဗီဇာလုပ်ရုံပါပဲ။ ရွှေမြန်မာဆိုရင်တော့ ဗီဇာလျှောက်ဖို့ လိုမယ် ထင်ပါတယ်။ Yanzi ကတော့ Zhuhai က လေက အနံ့ရှိလို့ သူမကြိုက်ပါဘူးတဲ့။

သက်သာတဲ့ ဟိုတယ်တွေ ရနိုင်တာက  ကိုယ့်ကုမ္ပဏီဆိုဒ်ကို မညွှန်ဘဲ ပြိုင်ဖက်ကြီးကို လက်တို့ပြီး သတင်းပေးလိုက်ပါတယ် Agoda ။ ရူး..တိုးတိုး.. ထိန်ထိန်တောင် ယိုးဒယားသွားတုန်းက ကိုယ့်ကုမ္ပဏီဆိုဒ်မှာ မဘွတ်ဘဲ အဲဒီဆိုဒ်မှာ ဘွတ်တာ။ လေယာဉ်လတ်မှတ်တွေကတော့ JetStar AirAsia Tiger Airways ကနေ သက်သာတဲ့ လေယာဉ်လတ်မှတ်တွေ ရနိုင်ပါတယ် ။ ဗီဇာဖိုး သက်သာစေတဲ့ နည်းလမ်းတော့ မတွေ့ပေါင်ဗျား။ အာဆီယံ ၁၀နိုင်ငံသွားရင် ဗီဇာမလိုဆိုတာ တခြားနိုင်ငံသားတွေ အတွက်ပါ။ ရွှေမြန်မာ မပါပါ။

ခရီးသွားရင်
သက်တော့သက်သာ ဖြစ်စေတဲ့ ရူးဖိနပ် စီးပါ။ မကာအိုမှာတုန်းက ဒေါက်ဖိနပ် တဂွက်ဂွက်နဲ့ ပဲများနေတာ။ ခြေထောက်နာတော့မှ ဖိနပ် လဲတော့တယ်။ ခရီးကပြန်လာတော့ ဖိနပ်က ဒေါက်လည်းပြုန်း။

Darmawi က မှတ်တမ်းတင်လိုက်စဉ်
ပတ်စ်ပို့၊ လေယာဉ်လတ်မှတ်၊ ပိုက်ဆံတွေကို ခါးမှာပတ်တဲ့ အိတ်နဲ့ ထည့်ပြီး ဆောင်ပါ။
ဟိုတယ်လိပ်စာကို ကူးယူထားပါ။ အဖော်တွေနဲ့ ကွဲသွားရင် ဟော်တယ်ကို ပြန်ရောက်နိုင်တယ်။
အနွေးထည်၊ မာဖလာ၊ ပုဝါ၊ ဦးထုပ်၊ နေကာမျက်မှန် ဆောင်ပါ။
အေးတဲ့ ဒေသသွားရင် နှုတ်ခမ်းဆိုးဆေး အဆီ၊ လိုရှင်း၊ ဆေးဆောင်ပါ။ အေးလို့ နှုတ်ခမ်းတွေ အဖတ်လန်၊ ကွဲလို့ နှုတ်ခမ်းဆိုးဆေး အမြဲထုတ်ဆိုးရတယ် ။ မူးမေ့တာ၊ အန်ချင်တာမျိုးတွေ အတွက် ဆေး၊ ဒဏ်ကြေလိမ်းဆေးလိုမျိုး ဆောင်ပါ။
သံတွေပါတဲ့ ကျောပိုးအိတ်ကို ရှောင်ပါ။ မကာအိုက အထွက်မှာ တတီတီ မြည်နေလို့။ စစ်တာ တခုချင်း ပြန်ထုတ် ပြန်စစ်။ နောက်ဆုံးတော့မှ ကျောပိုးအိတ်မှာပါတဲ့ စတီးကွင်းအဖွင့်အပိတ်ကြောင့်။
သွားမဲ့ဒေသရဲ့ ဆောင်ရန်၊ ရှောင်ရန်လေးတွေ မှတ်ထားပါ။
သူတို့ ယဉ်ကျေးမူကို လေးစားပါ။

စကားမစပ် ဒီနေ့ ဒီနှစ်ဆောင်းရဲ့ ပထမဆုံးနှင်းကျပါတယ်။ ဖြူဖြူဖွေးဖွေး နှင်းလေးတွေ တဖွဲဖွဲ ကျနေတာ၊ နေရာတိုင်း ဖြူဖွေးပြီး အလင်းရောင်ပြန်ဟပ်လို့ လင်းနေတာ အရမ်းချစ်ဖို့ ကောင်းပါတယ်။ ကိုယ့်ပုံထက် ပန်ဒါလေး Yanzi ပုံက ပိုချစ်ဖို့ ကောင်းနေလို့ ပို့စ်နဲ့ မစပ်မဟပ် တင်လိုက်ပါတယ်။ သည်းခံတော်မူကြပါကုန်။

နှင်းကျလို့ ပျော်နေတဲ့ Yanzi
ဟောင်ကောင်သွား တောလား  ဤတွင် ပြီး၏။

ချစ်စရာကောင်းတဲ့ ဒီဇင်ဘာရက်ကလေးတွေ  ပိုင်ဆိုင်ပါစေ။

စန်းထွန်း
ဒီဇင်ဘာ ၆၊ ၂၀၁၁။

03 December 2011

ဟောင်ကောင်သွား တောလား _ ၂

ခရစ်စမတ်ကျရင် ဟောင်ကောင်သွားမှာမို့ အဲဒီက ရာသီဥတု အခြေအနေကို သိချင်ပါတယ်ဆိုပြီး မေးလာတဲ့ Thandar Lwin အမေးကို ဖြေဖို့ ကွမ်ကျိုးသူ Yanzi ကို စပ်စုကြည့်တော့ ဟောင်ကောင်မှာ နှင်းမကျပါဘူးတဲ့။ ၄၊၅ ဒီဂရီလောက် အေးတာမို့ ချမ်းတတ်ရင် အနွေးထည်ကောင်းကောင်း၊ ဦးထုပ်၊ မာဖလာတို့ ယူသွားတာ ကောင်းပါတယ်။ ရန်ကုန်လို ပူတဲ့နေရာက သွားမှာမို့လို့ အေးမှာပါ။ ဟိုကျမှ ဝယ်မယ်ဆိုရင်လည်း ဟောင်ကောင်က လျှော့ပင်းထွက်လို့ အရမ်းကောင်းပါတယ်။ မသွားခင်တော့ ရာသီဥတု တချက်လောက်တော့ check သွားပါ။ တော်ကြာ စန်းထွန်းပြောလို့ အနွေးထည် မယူသွားတာ ဟိုကျမှ ချမ်းလိုက်တာ ဂတ်..ဂတ်.. ဖြစ်နေဦးမယ် :)

Tung Chung ဘူတာ ပြန်ရောက်တော့ နေ့လည် ၁နာရီ ကျော်နေပါပြီ။ ဟောင်ကောင် အစားအသောက်တွေက တကယ်ကောင်းပါတယ်။ စလုံးက အအေးဘူးတွေဆိုရင် ချိုပြီး ရေကတောင် အအေးထက် ကောင်းဦးမယ်။ ဟောင်ကောင်က အအေးဘူးတွေကတော့ တကယ်ကောင်းဗျား။



နာမည်ကြီးတဲ့ Yin Yang ကို မြည်းကြည့်ပါတယ်။ အရသာက ကော်ဖီနဲ့ လက်ဖက်ရည် ရောထားသလိုမျိုး။

credit to Ira

ဗိုက်ပြည့်တာနဲ့ ၁နာရီလောက် လျှော့ပင်း ကြပါတယ်။ ဟောင်ကောင်  GIORDANO နာမည်ကြီးပါတယ်။ ငါ့အကြိုက် နင်သိပါတယ် ကြည့်ကျက်ပြီး ဝယ်လာခဲ့လို့ မှာကြားလိုက်တဲ့ မကြီးအတွက် လိုက်ရှာပါသော်ငြားလည်း ပင်ပန်းတာနဲ့ ဈေးကလည်း သိပ်မကွာတာနဲ့ နည်းနည်းပါးပါး လျှောက်ကြည့်ပြီး နားနေတာပါ။ ဟောင်ကောင်ဖက်ရှင် စလုံးဖက်ရှင်နဲ့ မတူ ရိုးရိုးရှင်းရှင်းနဲ့ ဆန်းပါတယ်။ စလုံးမတွေလောက် မိတ်ကပ်မများဘဲ ဟောင်ကောင်သူတွေ မိတ်ကပ်လိမ်းတာ Natural ဆန်ပါတယ်။ မကာအိုမှာတော့ ဟောင်ကောင်ဒေါ်လာ လက်ခံပေမဲ့ ဟောင်ကောင်ကတော့ မကာအိုဒေါ်လာ လက်မခံပါ။



SingTel လိုင်းက မကာအိုနဲ့ ဟောင်ကောင်မှာ မိပါတယ်။ မကာအို ရောက်တာနဲ့Welcome to Singtel, Grand Libosa ၊ Jackpot ဘယ်လောက်ပေါက်သွားပြီဆိုတဲ့ ကြော်ငြာတဲ့ SMS တွေ ဝင်လာပါတယ်။ ချိန်ထားတဲ့ အချိန်ရောက်လို့ စုရပ်မှာ ဆုံကြတော့ ကောင်လေးတွေက သူတို့ချစ်ဇနီးတွေအတွက် လက်ဆောင်ကိုယ်စီ။ ကောင်မလေးတွေကတော့ မိန်းကလေးပီသစွာ ဘာမှ မဝယ်။ အေးအေးဆေးဆေး လျှော့ပင်းဖို့ ကောင်းတဲ့ ဟောင်ကောင်ပါ။

Tung Chung အဝါရောင်လိုင်းကနေ နာမည်ကြီး Peak Tram စီးဖို့ ဂိတ်ဆုံးစီးကာ Central MTR Island Line  ဆီချီတက်ခဲ့ကြပါတယ်။ စလုံးမှာ ရထားလိုင်းက ၂ထပ်၊ ဟောင်ကောင်မှာတော့ ၃ထပ်။ Interchange တွေ အဝေးကြီး လမ်းအများကြီး လျှောက်ရပါတယ်။ ဒီလောက် စာတွေ ရေးထားတာတောင် လည်ချင်သလိုဖြစ်နေလို့ ကန်တုန်စကားတတ်တဲ့ ထိန်ထိန်က မေးရပါတယ်။




ဟောင်ကောင်မှာ မဖြစ်မနေ စားရမဲ့ Dim Sum စားဖို့ လိုက်ရှာတော့ မွန်းလွဲပိုင်းဆိုရင် ဘယ်ဆိုင်မှာ Dim Sum မရောင်းတော့ပါဘူးတဲ့။ Dim Sum ဆိုတာ မနက်ပိုင်းသာ စားကြတာတဲ့။

credit to Ira

ဒါဆိုလည်း နာမည်ကြီး Lao Po Bing (Wife Cake) ဝယ်ဖို့ ချီတက်ကြပြန်တော့လည်း တနင်္ဂနွေနေ့မို့ ဆိုင်ပိတ်တယ်တဲ့။ တိန်။ သေပြီဆရာ။ မထူးတော့တဲ့အတူ ဟိုကြည့် ဒီကြည့်ကြပါတယ်။ တိုက်တွေက အမြှင့်ကြီး၊ ဆိုင်ခန်းက ကျဉ်းကျဉ်း ရန်ကုန်က တရုတ်တန်း ရောက်နေသလို၊ အသက်ရူမဝသလို ခံစားရပါတယ်။ လူဦးရေများပြားတဲ့ ဟောင်ကောင်လေက မသန့်တော့ Mask တပ်ထားတဲ့ သူတွေ တွေ့ခဲ့ရတယ်။


ညစာ စားရမှာလည်း စောနေသေးပေမဲ့ ညစာစားမယ်လို့ ဆုံးဖြတ်ပြီး ကောင်းမယ်ထင်တဲ့ စားသောက်ဆိုင်ကို ဝင်တီးကြပါတယ်။ ဗိုက်ပဲဆာနေလို့လား ဟောင်ကောင်စာတွေကပဲ စားကောင်းလို့လား စားကောင်းတာတော့ အသေအချာပါ။

credit to Ira
Peak Tram ဆီ ချီတက်ကြတော့ တက္ကစီမောင်းတဲ့ ကားဆရာက ဖုန်းပြောရင်း ရန်များဖြစ်သလားပေါ့။ အချင်းချင်း မျက်စပစ်ပြီး ကြောက်နေကြပြီ။ ဖုန်းပြောပြီးတော့ တောင်းပန်ပါတယ်။ သူတို့က အားရပါးရ ပြောကြတာ ကိုယ်တွေက ရန်ဖြစ်တယ် ထင်နေတာ။ Peak Tram ရောက်တော့ Qတန်းကြီးက ရှည်နေပါပြီ။


လက်မှတ်ဝယ်ဖို့ နာရီဝက်လောက် တန်းစီရတယ်။ ကားနဲ့လည်း  တက်လို့ ရပါတယ်။ ရထားလေးကို  ပင်နယံသုံးပြီး စတီးကေဘယ်တွေအားနဲ့ တောင်ထိပ်ရောက်အောင် အင်္ဂလိပ်တွေက ၁၈၈၈ ကနေ ၁၉၂၆ အထိ တည်ဆောက်ခဲ့တာပါ။


နာမည်ကြီး အနုပညာရှင် ဖယောင်းရုပ်ထုတွေ ရှိတဲ့ Madame Tussauds ကလည်း လည်ပတ်သင့်တဲ့ စာရင်းထဲမှာ ပါပါတယ်။ အချိန်မရှိ၊ ပိုက်ဆံမရှိတာနဲ့ပဲ အပြင်မှာ အလကား ရိုက်လို့ရတဲ့ ဂျက်ကီချမ်း၊ Pierce Brosnan ၊ Michelle Yeoh တို့နဲ့ပဲ တွဲရိုက်ခဲ့တယ်။


၇၀ ဒီဂရီလောက် မတ်စောက်ပြီး တိုက်တွေနဲ့မျဉ်းပြိုင်လား ထောင်တက်သွားတဲ့ Tram ကို အသည်းတအေးအေး ကျောတစိမ့်စိမ့် စီးရတာနဲ့ ၁နာရီလောက် စောင့်ရကျိုး နပ်ပါတယ်။



တောင်ထိပ်ကနေ ဗစ်တိုးရီးယားဆိပ်ကမ်း၊ Kowloon  နာမည်ကြီးတဲ့ ဟောင်ကောင်ညအလှကို ရူစားနိုင်ပါတယ်။ စားသောက်ဆိုင်တွေ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်တွေနဲ့ ကြိတ်ကြိတ်တိုးလှပါတယ်။ Peak Tower ရှိပေမဲ့ မတက်တော့ပါဘူး။


နေ့လည်ပိုင်းမှာ မအေးပေမဲ့ ညနေရောက်လို့ လေတိုက်တဲ့အခါ အေးတာကို မေ့သွားတဲ့ ထိန်ထိန်တယောက် ၇၅ရာခိုင်နှုန်းဒစ်စကောင့်လို့ စကြတဲ့ အနွေးထည်အတို၊ ဘောင်းဘီအတိုနဲ့ ချမ်းလို့ ကုပ်နေရှာပါတယ်။

တောင်အောက်ပြန်ဆင်းတော့လည်း Q က အရှည်ကြီး။ အဆင်းကျတော့လည်း မတ်မတ်ကြီး တဒိုင်းဒိုင်း ဆင်းချသွားတော့လည်း ရင်တုန်ရတာပါပဲ။

ဟောင်ကောင်မိန်းကျွှန်း ဗစ်တိုးရီးယားဆိပ်ကမ်းတလျှောက်မှာ ရှိတဲ့ စီးပွားရေး အဆောက်အဦး၄၀ကျော်ကနေ မီးဆလိုက်တွေ ထွန်းညှိတဲ့ Symphony of Lights ကလည်း မဖြစ်မနေကြည့်ရမဲ့ စာရင်းမှာ ပါပါတယ်။ Peak Tram ရှိတာက ဟောင်ကောင်မိန်းကျွှန်း။ နေရာယူရမှာက ဟိုဖက်ကမ်း Kowloon။ မီးထွန်းညှိမှာ ည၈နာရီ။ တက္ကစီငှားက ဟိုဖက်ကမ်းကို တက်သုတ်ရိုက်ကာ ပြေးကြပါတယ်။ မှီမှ မှီပါ့မလား..

စန်းထွန်း
ဒီဇင်ဘာ ၂၊ ၂၀၁၁။

29 November 2011

ဟောင်ကောင်သွား တောလား...


နောက်နေ့မနက်စာကို ကတိုက်ကရိုက်စားပြီး ဖယ်ရီဂိတ်ဆီ ချီတက်ခဲ့ကြပါတယ်။ ဖယ်ရီတွေက အများကြီးပါ။ တနာရီ တစီးနှုန်းမက ရှိပါတယ်။ ဖယ်ရီဆွဲတဲ့ ကုမ္ပဏီတွေရဲ့ website ကနေတဆင့် အွန်လိုင်းကနေလည်း ဝယ်လို့ရပါတယ်။ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ပြင်သစ်၊ စလုံးတွေ ရှိတဲ့ ရုံးမှာ ရွှေမြန်မာသာလျှင် ဗီဇာလိုပါတယ်။ ဗီဇာဖိုးက စင်းဒေါ်လာ ၇၀ ကျော်လောက် ကုန်ပါတယ်။ pay slip (လခပြေစာ) ၊bank statment ၃ လစာ ၊ ရုံးက recommendation ထောက်ခံစာ လိုပါတယ်။ မခိုင်လုံရင် ဗီဇာပယ်တတ်သေးတာ။

တယောက် ဗီဇာပယ်ခံရတယ် ကြားတော့ အိမ်က စန်းထွန်း နင်ဖြစ်လိမ့်မယ်တဲ့။ ကျောင်းပြီးလို့ အလုပ်ရထားနဲ့ ကျောင်းတောင် မပြီးသေးခင် ပေးထားတဲ့ PR(Permanent Residence) offer ကြီး ကိုင်ပြီး ပီအာ တန်းလျှောက်ရပါတယ်။ ပီအာ processing လုပ်နေတုန်းမှာ Temp EP (Employment Pass) ထုတ်ပေးထားပြီး ၃လ ၁ခါ သက်တမ်း တိုးရပါတယ်။ Temp EP က white card လိုပါပဲ။ Temp EP သက်တမ်းကုန်ခါနီးမှာ ဗီဇာသွားလျှောက်တော့ ပယ်ခံရမှာပေါ့။ သက်တမ်းကလည်း ကြိ ုပြီး တိုးလို့မရ။ သက်တမ်းမကုန်ခင် ၃ရက် အလိုမှ တိုးပေးတာ။

ဘာအရာမဆို လွယ်လွယ်နဲ့ မရ အမြဲတစ် အနှောင့်အယှက်ဖြစ်ရပေမဲ့ အဆုံးကျရင် ကံကောင်းတတ်တဲ့ စန်းထွန်း ထုံးစံအတိုင်း reject တံဆိပ်တုံးကြီးကို စန်းထွန်းပတ်စ်ပို့အစား ဇေ့ပတ်စ်ပို့ကို မှားထုလိုက်ပါတယ်။ ဇေ နောက်တကြိမ် ဗီဇာပြန်လျှောက်ဖို့ကို အေးဂျင့်က ပိုက်ဆံထပ်မယူပါဘူး။ တော်သေးတယ် ဗီဇာ reject ဖြစ်ပြီးမှ ပြန်လျှောက်ရင် ၂ပတ်လောက် ကြာမှာ ခရီးကို လိုက်ရတော့မှာ မဟုတ်ဘူး။

မကာအိုကနေ ဟောင်ကောင်ကို တနာရီလောက် စီးရပါတယ်။ မကာအိုဗီဇာကတော့ တလရပါတယ်။ ကြိုက်သလောက် ဝင်ထွက်။ ဟောင်ကောင်ကတော့ double entry ကို ၃လ ရပါတယ်။ ဖယ်ရီတွေက သန့်ရှင်းပြီး ခုံတိုင်းအောက်မှာ အသက်ကယ်အင်္ကျီတွေ ရှိပါတယ်။ ဖယ်ရီမထွက်ခင် ယူနီဖောင်းလှလှ ဝတ်ထားတဲ့ မိန်းကလေးက အသက်ကယ်အင်္ကျီဝတ်နည်း၊ အသက်ကယ်ဘော လေသွင်းနည်းတွေ သရုပ်ပြပါတယ်။ လေယာဉ်မှာ လေယာဉ်မယ်တွေ လုပ်သလိုမျိုး။


ပင်လယ်ပြာပြာ၊ တောင်တန်းစိမ်းစိမ်းတွေနဲ့ ဟောင်ကောင်က တကယ့်ကို သာယာပါတယ်။ ဟောင်ကောင်ကို ဟိုအဝေးကြီးကနေ လှမ်းမြင်ရကတည်းက အရင်ဆုံးသတိထားမိတာက တိုက်တွေက စင်ကြားပူက တိုက်တွေထက် ပိုမြှင့်ပြီး မီးခြစ်ဘူးလေးတွေ ထောင်ထားတဲ့အတိုင်း။ လည်ပင်းကြီး မော့ပြီး ကြည့်ရတယ်။ မြင့်မားလှတဲ့ တိုက်တွေကြားမှာ ကိုယ်က ပုဝင်သွားသလို ခံစားရတယ်။

ဖယ်ရီဆိပ်ဆိုတော့ သွားတဲ့လူနဲ့ ပြန်တဲ့သူနဲ့ ကြိတ်ကြိတ်တိုးနေပါတယ်။ Immigration ဖြတ်ရပါတယ်။ ဘာမှလည်း မမေးဘဲ ပတ်စ်ပို့ကို ဖင်ပြန်ခေါင်းပြန် စကန်ဖတ်ပြီး စစ်နေတာများ ၁၅ မိနစ်လောက် ကြာတယ်။ တခြားနိုင်ငံသား ဘော်ဒါတွေက ၅မိနစ်တောင် မကြာ။ နောက်က တန်းစီနေတဲ့ အန်တီကြီးက ဘာလူမျိုးလဲလို့ ထိန်ထိန့်ကို မေးတယ်။ ရွှေမြန်မာဆိုတာ သိတာနဲ့ တခြားလိုင်းကို ပြောင်းစီတော့တာပဲ။ ရွှေမြန်မာဆိုရင် ကြာလို့တဲ့။ အောင်ညလေး အဲဒီလိုမျိုး ရွှေမြန်မာတို့က နာမည်ကြီးတာ။

ထိန်ထိန်က နင်တို့ ရွှေမြန်မာတွေ ထူးတယ်နော်။ မကာအိုမှာ ဘယ်နိုင်ငံသားမှ ဆိုက်ရောက်ဗီဇာကို ပိုက်ဆံပေးစရာမလို။ ရွှေမြန်မာကတော့ မကာအိုဒေါ်လာ ၁၀၀ပေးမှ ဝင်လို့ရတယ်။ ဟောင်ကောင်ဆိုရင်လည်း တခြားနိုင်ငံသားတွေ ဗီဇာမလို။ ရွှေမြန်မာကတော့ ဗီဇာကြိုလျှောက်ရတယ်။ အခွန်ဆိုရင်လည်း တခြားနိုင်ငံသားတွေက အလုပ်နေတဲ့နိုင်ငံက အခွန်ကို ဆောင်ရုံပဲ။ အလုပ်လုပ်နေတဲ့ နိုင်ငံရော၊ မိခင်နိုင်ငံရော double tax ဆောင်ရတဲ့ ရွှေမြန်မာပါ။ ဘယ်သွားသွား ဗီဇာလိုပါတယ်။ ရွှေမြန်မာတွေ ဗီဇာမလိုဘဲ သွားနိုင်တာကတော့ မြောက်ကိုရီးယားနဲ့ ဖိလစ်ပိုင် ပါတဲ့ ခင်ည :)

ဟောင်ကောင်က လည်ပတ်စရာတွေ များပါတယ်။ ၃ရက်၊ ၅ရက်လောက် အချိန်ပေးပါမှ ဟောင်ကောင်တခွင် ပြဲပြဲစင်မှာပါ။ ပထမဆုံး သွားလည်ပတ်မဲ့ နေရာကတော့ Lantau Island မှာ ရှိတဲ့ Giant Buddha ပါ။ Ferry Terminal နဲ့ အနီးဆုံး MTR က Central နဲ့ Sheung Wang station ရှိတဲ့ Hong Kong Island Line အပြာရင့်ရောင်လိုင်းပါ။ တနေ့စာ ရထားလတ်မှတ် ဖြတ်ပါတယ်။ အကြွေစေ့တွေ ဘယ်လောက်ထည့်ထည့် စက်က လက်မခံဘဲ ပြန်ထွက်လာပါတယ်။ ဝန်ထမ်းကို အကူအညီ တောင်းရပါတယ်။ သွားမဲ့ ခရီးဆုံးကတော့ Tung Chung station Tung Chung Line အဝါရောင်လိုင်းပါ။ ထိန်ထိန်တို့က ဆင်းဆိုရင် ဆင်းလိုက်ပြီး တက်ဆိုရင် တက်လိုက်ပါတယ်။ ၂လိုင်း၊ ၃လိုင်း ပြောင်းရတာကိုတော့ မှတ်မိတယ်။ အင်္ဂလိပ်၊ ကန်တုန်၊ မန်ဒရင်း သုံးဘာသာနဲ့ ဘူတာစဉ် ကြေငြာပါတယ်။ ဟောင်ကောင်မှာ ရထားလိုင်း ၁၁လိုင်း ရှိပါတယ်။



ဟောင်ကောင် DisneyLand သွားမဲ့သူတွေက Sunny Bay ကနေ Disneyland Resort Line ပန်းရောင်လိုင်း ပြောင်းရပါတယ်။



ဒစ်စနေကတော့ အကျယ်ကြီးမို့ တနေ့လောက် အချိန်ပေးမှပါ။ ကလေးတွေကတော့ ပျော်မှာ အသေအချာပါ။ ဒစ်စနေလမ်း အမှတ်တရ ကော်ဖီခွက်ကလေးတွေက အရမ်းချစ်ဖို့ကောင်းပါတယ်။

ခရီးဆုံးတာနဲ့ ကေဘယ်ကားဆီးဖို့ တန်းစီပါပြီ။ ပိတ်ရက်မို့လို့ Qတန်းကြီးက အရှည်ကြီး။ Ngong Ping 360 ကေဘယ်ကို ၂၅ မိနစ်စီးရင် Ngong Ping Village ရောက်ပါတယ်။ အပေါ်၊ အောက်၊ ဘေးပတ်လည် မြင်နိုင်တဲ့ Crystal Cable က ဈေးကြီးပါတယ်။ ပင်လယ်ကိုဖြတ်ပြီး တောင်ထိပ်တက်မှာ အချိန်မှာ အသည်းတအေးအေး။ အတက်အဆင်းအလုပ်များတဲ့ ဟောင်ကောင်လေဆိပ်ကြီး။ မကာအို၊ ဟောင်ကောင် လေဆိပ်တွေက ကျွှန်းသပ်သပ် ခွဲထားပါတယ်။


လွန်ခဲ့တဲ့ ၃နှစ်လောက်က ဒီကေဘယ်မရှိသေးပါဘူး။ ထိန်ထိန်တို့ လာလည်တုန်းက သဘောၤစီးပြီး သွားရတာတဲ့။


ငါးဘယ်နှစ်ကောင်ရလဲဝေ့

  တောင်ထိပ်ပေါ်တွင်

ဂိတ်ကို ကျော်နေတုန်းမှာ ပြုံးနေပါ။ ဓာတ်ပုံရိုက်ထားတယ်။ အဆင်းကျရင် ကေဘယ်စီးနေတုန်း ရိုက်ထားတဲ့ ဓာတ်ပုံတွေ ဝယ်လို့ရတယ်။
credit to Ira
credit to Ira

လမ်းလျှောက်ပြီး သွားတဲ့သူတွေကို ကျော်ဖြတ်ခဲ့ပါတယ် ပင်လယ်ပြာပြာ ရေစိမ်းလဲ့ တောင်အုပ်တောင်တန်းလေးတွေကို တရိပ်ရိပ် ဖြတ်ကျော်နေတာ တကယ့်ကို အမှတ်တရပါပဲ။



Ngong Ping ရွာမှာတော့ ရိုးရာ လက်မှုပစ္စည်းလေးတွေ ရောင်းပါတယ်။ ဆိုင်ကယ်ကြီးကြီးတွေ ပြထားတာ တွေ့ခဲ့သေးတယ်။




ဗုဒ္ဓရုပ်ပွားတော်က အတော့်ကို ကြည်ညိုဖို့ ကောင်းပြီး သပ္ပာယ်ပါတယ်။ တရုတ်ပြည်မှာ ၁၂နှစ်ကြာ ထွင်းထုခဲ့ပြီး ၁၉၉၃မှာ ဖွင့်လှစ်ခဲ့တာပါ။ ဘုရားဆီရောက်အောင် လှေကားထစ် ၂၅၆ထစ် ရှိပါတယ်။ လှေကားထစ်တိုင်း ရှိခိုးပြီး တက်တဲ့ တရုတ်မယ်သီလရင်ကို တွေ့ခဲ့ပါတယ်။




ဘုရားအောက်မှာတော့ ပြတိုက်ရှိပါတယ်။ ဝင်ကြေးပေးရပါတယ်။ ရေခဲမုန့်ပြန်ကျွှေးတယ်။ စွယ်တော်ဖူးချင်လို့ ထိန်ထိန်နဲ့ နှစ်ကောင်သား ဝင်ဖူးကြလေရဲ့။



Po Lin Monastery နဲ့ Monkey Temple ရှိပါတယ်။ ဓာတ်ပုံတော့ ရိုက်ခဲ့တယ် ဒါပေမဲ့ ဘယ်ဟာက Po Lin Monastery ဘယ်ဟာက Monkey Temple မှန်း မသိပါ။ ကိုယ့်ဘာသာ မှန်းယူကြပါကုန်။

credit to Ira
credit to Ira
credit to Ira
credit to Ira
credit to Ira
credit to Ira
credit to Ira

အပြန်မှာ ကီးချိန်းလေးတွေ၊ သော့ချိတ်လေးတွေ ရောင်းနေတာ တွေ့လို့ ဝယ်ခဲ့သေးတယ်။ ဟောင်ကောင်ဒေါ်လာ ၃၀၊ စင်းဒေါ်လာ ၁၀လောက် ကျပါတယ်။ စန်းထွန်းတောင် အင်္ကျီတွေဝယ်ဖို့ ချွှေတာတဲ့ အနေနဲ့ ဖေ့အတွက် သော့ချိတ်တခု၊ ကိုယ်အတွက် ကီးချိန်းတခုပဲ ဝယ်ဖြစ်တယ်။ Mona ဆို သူ့သူငယ်ချင်းတွေအတွက် ဝယ်သွားပြီး လက်ဆောင်ပေးတာ ကြိုက်ကြလို့။ များများမဝယ်မိတာ နောင်တရတယ်။

credit to San Htun   :D
credit to San Htun   :P

ဟောင်ကောင်ကိုများ သွားလည်ကြမယ်ဆိုရင် Lantau Island က Giant Buddha ကို Nong Ping Cable Car  စီးပြီး သွားလည်ပါလို့ အပေးကြံလိုက်ပါတယ်။

စန်းထွန်း
နိုဝင်ဘာ ၂၉၊ ၂၀၁၁။