Showing posts with label Gardens. Show all posts
Showing posts with label Gardens. Show all posts

11 October 2021

Untermyer သွားတောလား…

 ၂၀၂၁ စက်တင်ဘာ ၁၉ တနင်္ဂနွေနေ့ မနက် ၁၁ နာရီ နယူးယောက်ကနေ တနာရီလောက်ဝေးတဲ့ Upstate ဖက်က Untermyer ပန်းခြံမှာ ဓာတ်ပုံသွားရိုက်တယ်။ အဲ့ဒီပန်းခြံကို နှစ်ကြိမ်ရောက်ဖူးတယ်။ ပထမအကြိမ်တုန်းက ဂျွှန်လမ်းလျှောက်အဖွဲ့နဲ့ ဓာတ်ပုံရိုက်ဖို့ဝေးစွ မနည်းမှီအောင် ပြေးလိုက်ရတယ်။ ဒုတိယအကြိမ် ကိုယ့်ဘာသာသွားတော့မှပဲ ဓာတ်ပုံရိုက်ဖြစ်တယ်။ ဒီတကြိမ်မှာတော့ ဂါဝန်လှလှလေးဝတ်ခဲ့ ဒေါက်ဖိနပ်သယ်ခဲ့လို့ မှာတာနဲ့ ဝတ်ခဲ့သယ်ခဲ့တယ်။ နေ့လည်စာစားဖို့ရှာတာ ကားပါကင်နေရာမရ၊ တရုတ်ဆိုင်ဆီသွားတော့ ဆိုင်ကိုမတွေ့ နောက်ဆုံးတော့ လွယ်ကူအဆင်ပြေတဲ့ မက်ဒေါနယ်ပဲ စားဖြစ်တယ်။ မက်ဒေါနယ်စားတိုင်း ကျောင်းတုန်းက ငတ်ခဲ့တာတွေ သတိရမိတယ်။ ပိုက်ဆံရှိတဲ့အခါ အိန္ဒိယဘူဖေး၊ တရုတ်ဘူဖေး ၂ ဘူးဝယ် ထမင်းချက်ပြီး  ကိုယ်တို့လေးယောက် မျှစားနိုင်ပေမဲ့ ပိုက်ဆံမရှိတဲ့အခါ မက်ဒေါနယ်ဆိုင်က ၂ ကျပ်တန် MacChicken ပဲ စားခဲ့ရတာကိုး။ Pizza Ranch ကြက်ကြော်ဘူဖေးဆိုင်ဖွင့်တော့ သွားစားကြတာ ကြက်ကြော်၈ တုံးစားတယ်။ ဝေသာလီပြည် ဘီလူးဝင်စီးသလား အောက်မေ့ရတယ်။ ကိုယ်က ၁၀ ပဲပေးပြီး ဆိုင်ဆီက ၃၀ ဖိုးလောက်စားတယ်။ တို့ကျောင်းသားတွေလက်ချက်နဲ့ ကြက်ကြော်ဆိုင် ပြုတ်လိမ့်မယ်လို့ ဟားကြဖူးတယ်။ ၂၀၁၃ မတ်လ ကျောင်းကိုပြန်သွားရတုန်းက Pizza Ranch ဆိုင်မှာ သွားစားသေးတယ် အရင်လိုမစားနိုင်တော့ဘူး။ ပန်းခြံက ကျဉ်းတယ် ကားပါကင်နေရာရလို့ တော်သေးတယ်။ ဓာတ်ပုံရိုက်ပေးတဲ့သူတွေက တော်တော်စိတ်ရှည်ရှည်နဲ့ ပိုလှအောင်ရိုက်ပေးတယ်။ မျက်နှာမှာ ဘာမှမလိမ်းလာလို့ အရောင်မထွက်တာ နှုတ်ခမ်းနီဆိုးပါလားလို့ ဓာတ်ပုံဆရာတွေအကြံပေးလို့ ဆိုးလိုက်တော့မှ နည်းနည်းကြည့်ပျော်ရှုပျော် ဖြစ်သွားတယ်။ ဗိုက်ချပ် ခါးမတ် လက်ကိုတောင့်တောင့်ကြီး မထားနဲ့ နွဲ့နွဲ့လေးနေ။ မျက်လုံးက ဘဲကြည့်သလိုကြည့်နဲ့ ဓာတ်ပုံဆရာတွေ ညွှန်ကြားပေးသလိုလိုက်လုပ်။ အိန္ဒိယမင်္ဂလာဆောင်ရှိလို့ နေရာပိတ် ပန်းခြံလည်းတပတ်ပတ်ပြီးပြီဆိုတော့ အနီးအနားက ဟတ်ဆင်မြစ်ဘေးမှာ နေဝင်ဆည်းဆာကြည့်ဖို့သွားတာ တနာရီလောက် စောင့်ရမှာမို့ ဖလပ်ရှင်းက ပင်လယ်ကမ်းစပ်မှာ နေဝင်တာကြည့်။ ကိုရီးယားအကင်ဆိုင်မှာ သွားစားကြတယ်။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်မစားတာ အတော်ကြာပြီ။ အမြဲဘောင်းဘီနဲ့ tom boy လေးက ဂါဝန်လှလှလေး ဝတ်ထားတော့ အမြင်ဆန်းပြီး အားလုံးကလှတယ်လို့ ပြောကြတယ်။ ဂါဝန်က မကြီးပေးခဲ့တာ Zara နေကာမျက်မှန်ကတော့ အကြိုက်ဆုံးဖြစ်နေတဲ့ Gentle Monster Her 01 ပါ။ ကိုယ်မတ်တပ်ရပ်နေတဲ့ပုံက လွန်ခဲ့တဲ့အနှစ် ၂၀ တက္ကသိုလ်တက်တုန်းက အတိုင်းပဲ ဘာမှမပြောင်းဘူးတဲ့။ သူငယ်ချင်းအရင်းကြီးက ဓာတ်ပုံတွေနဲ့ အသေအချာပြတော့မှပဲ သတိထားမိတယ်။ ဘာဖြစ်လို့ ဘယ်ဖက်ကိုပဲ စောင်းရပ်နေတာလဲမသိဘူး။ နောက်တခါ ညည်းလို ခါးကြီးထောက်ပြီး မာန်ပါပါနဲ့ရပ်ဦးမှလို့ပြောတော့ သူငယ်ချင်းက ဟင်း‌နော် ငါ့ဖက်လှည့်လာပြီတဲ့။ ဘာဖြစ်လို့အဲ့ဒီဖက်ကို စောင်းနေရတာလဲလို့ ရှာဖွေလိုက်တော့ ကိုယ့်မျက်နှာက အဲ့ဒီဖက်ကနေရိုက်လို့ရှိရင် ပိုလှလို့ပါ။ အရင်အလုပ်တုန်းက ဘော်ဒါကြီးကက်သရင်းက Yorker မှာ ကြီးပြင်းခဲ့လို့ ဓာတ်ပုံမြင်လိုက်တာနဲ့ untermyer မှန်း တန်းသိတယ်။


စန်းထွန်း
အောက်တိုဘာ ၁၁၊ ၂၀၂၁။

15 October 2012

Singapore Botanic Garden

ဘလော့ဂင်းရင်း စင်္ကာပူရုက္ခဗေဒဥယျာဉ်ဆိုတာ တွေ့လိုက်ရတော့ ကိုယ်သွားခဲ့တာလေး သတိရသွားတယ်။ စန်းထွန်းတောင်တက်နေသည် - ၁ ပို့စ်တွေတုန်းက ဖလမ်းဖလမ်းထဖက် အဲလေ တောင်တက်ဖက် အိအိနဲ့ ၂၀၁၀ ဧပရယ်  Good Friday ပိတ်ရက်မှာ တခါ၊ စက်တင်ဘာမှာ ဘွဲ့ယူဖို့ ရောက်နေကြတယ့် ဖေ၊ မေ၊ မောင်မောင်တို့ကို လိုက်ပို့ပေးရလို့တခါ နှစ်ခါတိတိ ရောက်ပါတယ်။

စင်္ကာပူရောက်ရင် ရောက်သင့်တယ့်နေရာတွေထဲမှာ ဒီရုက္ခဗေဒဥယျာဉ်ကြီးလည်း ပါပါတယ်။ ဝင်ကြေးက အခမဲ့ပါ။ Buona Vista နဲ့ Orchard ပြေးဆွဲတယ့် ကားတွေစီး Gleneagles Hospital မှတ်တိုင်မှာ ဆင်းပြီး လမ်းကူးလိုက်တာနဲ့ ရောက်ပါပြီ။ Bukit Timah ဖက်ကလာရင် Singapore Botanic Garden မှတ်တိုင်မှာ ဆင်းတာနဲ့ ရောက်ပါပြီ။ Circle အဝါရောင်မီးရထားလိုင်းကြီး ပြီးသွားရင်တော့ ရထားစီးပြီး ရုက္ခဗေဒဥယျာဉ်မှတ်တိုင်မှာ ဆင်းရုံပဲ။ သစ်ခွဥယျာဉ် ဝင်ချင်ရင်တော့ စီနီယာစီတင်ဇင်၊ ကလေးတွေက အခမဲ့၊ ကျောင်းသားဆိုရင် ဒီစကောင့်နဲ့ ငါးကျပ်ပေးရပါတယ်။ ငါးကျပ်မပေးချင်လို့ အင်တင်တင်လုပ်နေတာ အိအိက နောင်ရောက်ဖြစ်မှာ မဟုတ်ဘူး ဝင်ရအောင်ဟာလို့ တိုက်တွန်းတာနဲ့ ဝင်ဖြစ်သွားပါတယ်။ ငါးကျပ်ပေးရတာ တကယ်တန်ပါတယ်။ အမျိုးအစားအစုံအလင် သစ်ခွပန်းကလေးတွေ မြင်ရတာ စိတ်ချမ်းသာပါတယ်။

ရုက္ခဗေဒ မှန်လှောင်အိမ်ထဲမှာ ကိုးတန်း၊ ဆယ်တန်း ဘိုင်အိုမှာ သင်ရတယ့် အပင်တွေ တွေ့ခဲ့သေးတယ်။


ဘွန်ဇိုင်းမျိုးစုံ၊ ကြာမျိုးစုံ၊ Symphony Lake မှာဆို တေးဂီတစင်ဆက်တယ့် အဆောက်အဦးတွေနဲ့ သာယာပါတယ်။ တနေ့တာ အပန်းဖြေစေမယ့် နေရာလေးပေါ့။ ရှုခင်းလှလို့ လက်ထပ်မင်္ဂလာဆင်နွှဲမယ့် မောင်နှံတွေ ဓာတ်ပုံအရိုက်များကြတယ့် နေရာလေးပါ။

အဲဒီတုန်းက ဘလော့ဂါ မဖြစ်သေးတော့ ရှုခင်းထက် ကိုယ့်ကိုကိုယ် ပြန်ရိုက်တာ များတယ်။ လှတယ့်နေရာလေးတွေ့ရင် အပြေးလေးကပ် လက်နှစ်ချောင်းထောင်လိုက်၊ ခါးလေးကုန်းလိုက်နဲ့ ပဲပေးနေတာများ မြင်ရသူ ရယ်ချင်စရာ။ သူများတွေက ရှုခင်းခံစားနေချိန်မှာ ဘယ်နေရာလေးမှာ ဘယ်လိုပဲပေးပြီး ရိုက်ရမလဲလို့စဉ်းစားနေတာကိုး။ နို့မို့ ဓာတ်ပုံဒီထက်များများ တင်နိုင်မှာ။ ( ဘုရား..ဘုရား တော်ပါသေးရဲ့ အဲဒီတုန်းက ဘလော့ဂါ မဖြစ်သေးတာ...သူ့ဟိုရိုက် ဒီရိုက်လက်ရာတွေနဲ့ နှိပ်စက်မယ့်ဒုက္ခက လွတ်သွားတယ်..  း D  )

အောက်ကသစ်ခွပုံကတော့ ကြွားတာ... း ) ။ မခိုင်ဆရာမဆီက ယူလာပြီး အိမ်မှာပွင့်တယ့် သစ်ခွလေးပါ။ Clementi အိမ်က နေရောင်ရတော့ ပွင့်လိုက်တာ။ ဘုရားပန်း အတော်ကပ်လိုက်ရတယ်။ Boon Lay အိမ်ပြောင်းတော့ နေရောင်မရလို့ သေသွားတယ်။

စင်္ကာပူရောက်ခဲ့ရင် ရုက္ခဗေဒဥယျာဉ်ကြီးကို သွားပြီး ခြေတို.. အဲလေ အပန်းဖြေကြပါနော်။

စန်းထွန်း
အောက်တိုဘာ ၁၅၊ ၂၀၁၂။