နွေဦးတော်လှန်ရေး - ၈

 ၂၀၂၁ ဇွန် ၁၉ စနေနေ့ ၁၂-၃ ကွင်းရပ်ကွက် St.James Episocopal Church မှာ အမေစု ၇၆ နှစ်ပြည့်မွေးနေ့ ဈေးရောင်းပွဲလုပ်တယ်။ အဲ့ဒီပွဲမတိုင်ခင် နှစ်ပတ်က အဲ့ဒီဘုရားကျောင်းမှာပဲ ပထမဆုံးအကြိမ် ဈေးရောင်းပွဲ ကျင်းပတာ တနာရီအတွင်း အကုန်ရောင်းလို့ကုန်။ ကိုယ်တောင် စောစောသွားလို့ ရလိုက်တာ လူထောင်ကျော်လာတယ် ကြိတ်ကြိတ်တိုးပဲ။ ဒီတခါတော့ ဗော်လန်တီယာခေါ်လို့ ဗော်လန်တီယာလုပ်တယ်။ ဗော်လန်တီယာတွေက မနက် ၁၀ နာရီ ညနေ ၄ နာရီအထိ နေပေးရမယ်။ ညနေ ၃ နာရီလောက် စောထွက်ပြီး ၁၄ လမ်းမှာလုပ်မဲ့ အမေစုမွေးနေ့ ဆုတောင်းပွဲ ၄-၆ ပွဲကို ဆက်သွားမယ်လို့ စိတ်ကူးထားတယ်။ စားပွဲခုံအခင်းတွေခင်း၊ ဘောလုံးတွေနဲ့အလှဆင်၊ လိုတာပြေးယူပေး၊ ဈေးရောင်းမဲ့လူတွေရဲ့ ပစ္စည်းတွေ ဝိုင်းသယ်ပေး။ ပူဖောင်းတွေ အလှဆင်တော့ ကူလုပ်ပေးတဲ့ အန်ကယ်ကြီးက ရှေ့အပတ်ဆန္ဒပြပွဲမှာ ဘေးနားမှာရပ်တဲ့သူတွေ။ သူတို့က မိသားစုလိုက် ဆန္ဒပြကြတာ သူ့သမီးလေးက ဆံပင်အဖြုရောင်လေးနဲ့ ကိုရီးယားမလေးလို။ ခုစေ◌ျးရောင်းပွဲမှာလည်း မုန့်ရောင်းတယ် သူ့သမီးက No Fly Zone ရဖို့ Advocate လုပ်နေတာတဲ့။ သူ့သမီးလေးက ကိုယ့်ကိုမှတ်မိတယ် အသံပြဲ အသားကုန်အော်တဲ့အမကြီးလို့ မှတ်မိနေတာနေမှာ။ ကိုယ်က အလှုခံကောင်တာမှာ တာဝန်ကျတယ်။ တာဝန်အတူကျတဲ့ အန်တီကြီးတွေက နှင်းဆီပန်းပန်ပေးတယ်။ ကလေးတွေကြိုက်ကြတဲ့ ဘောလုံးရောင်းတဲ့အစ်ကိုကြီးက ဘောလုံးနဲ့လုပ်ထားတဲ့ ပန်းပွင့်ပုံလက်ကောက် လာပေးတယ်။ ကလေးမလေးတယောက်ကို ကြိုက်လားယူမလားလို့မေးတော့ ကြိုက်တယ်တဲ့။ လက်မှာဝတ်ပေးလိုက်တော့ သူ့အမေက ဘာပြောရမလဲသမီးလို့မေးတော့ thank you ပါတဲ့။ ဝင်လာသမျှလူတွေကို ကံစမ်းမဲ့တစ်ကဒ်အနီရောင်ကို ဟိုမှာထည့်၊ တစ်ကဒ်နဲ့ဝယ်ရမှာမဟုတ်ဘူး၊ ပိုက်ဆံနဲ့ဝယ်ရမှာလို့ အော်ရတာ တရစပ်ပဲ။ အိမ်သာဘယ်မှာလဲ၊ အိမ်သာထဲမှာ တစ်ရှူးလိုသေးလား၊ မုန့်ဟင်းခါးဆိုင်က ဘယ်နားမှာလဲ၊ ခက်ရင်း ဇွန်း တစ်ရှူးတွေ ဘယ်မှာရလဲ။ ဝင်ခွင့်ကို အွန်လိုင်းမှာ register လုပ်ရတော့ ပထမပွဲလောက် လူမလာပေမဲ့ ပွဲစီစဉ်တာ စနစ်ကျတယ်။ ဈေးရောင်းတဲ့သူတွေ ငွေလာအပ်ရင် ခေါင်းဆောင်အစ်မကြီးကို ပြေးခေါ်နဲ့ ဖတ်ဖတ်ကိုမော။ ဆန္ဒပြပွဲကိုတောင် မသွားနိုင်ဘူး ဆန္ဒပြပွဲကို ပန်ဆယ်လိုလာတယ်။ ပွဲပြီးသွားတော့ ခုံတွေသိမ်း၊ အမှိုက်တွေသိမ်း၊ ဈေးရောင်းတဲ့လူတွေရဲ့ပစ္စည်းတွေ ကူသယ်ပေးနဲ့ အတော်ပင်ပန်းတယ်။ ပင်ပန်းလွန်းလို့ နောက်တခါ ဗော်လန်တီယာ မလုပ်တော့ဘူးလို့ တွေးမိတယ်။ ဈေးရောင်းတဲ့သူတွေက မကုန်တာတွေကို ဗော်လန်တီယာကိုပေးလို့ ဒီတခါမုန့်တွေ အတော်ရတယ်။ ပွဲပြီးအောင်နေလို့ ဗော်လန်တီယာ certificate ရတယ် အမှတ်တရသိမ်းထားတယ်။ ဈေးရောင်းရငွေ ဒေါ်လာ ၃၅,၅၇၉ ရပါတယ်။

Photo credit - Wayne Chin

အရေးတော်ပုံ အောင်ရမည်!!!
စန်းထွန်း

ဇူလှိုင် ၃၁၊ ၂၀၂၁။

ပန်းအမြဲပန်တဲ့အမေစုအတွက် နှင်းဆီပန်းတွေပန်ကြတယ်…
ဘောလုံးတွေနဲ့ လုပ်ထားတဲ့ သရဖူ၊ လက်ကပန်းပွင့်၊ လက်သုံးချောင်း တကယ်လက်ရာမြောက်တယ်…ကလေးတွေ သိပ်သဘောကျကြတယ်...

ဒေါင်း နှင်းဆီပန်း ပန်ထားတာလေး သဘောကျလို့ …. <3 Photo credit - Daung



နွေဦးတော်လှန်ရေး - ၇

 ၂၀၂၁ ဇွန် ၁၂ စနေနေ့ ညနေ ၄-၆ နယူးယောက်တိုင်းစကွဲယား ၄၇လမ်းကနေ စင်ထရယ်ပါ့ခ်ပန်းခြံဘေး လမ်း၈၀ ပြတိုက်အထိ ချီတက်ကြွေးကြော် ဆန္ဒပြကြပါတယ်။ အကင်္ျီအဖြူရောင်ဝတ်ဆင်ကြပြီး နဖူးမှာ အနီရောင်တွေစည်းကြပါတယ်။ လမ်းမတလျှောက် ချီတက်ကြရာမှာ NYPD ရဲကားတွေက မီးပွိုင့်ဖြတ် လမ်းတွေဖြတ်တဲ့အခါ ကားတွေ တားပေးပြီး ကူညီပေးတယ်။ တက်ညီလက်ညီ ကြွေးကြော်ကြတာ လမ်းဘေးတလျှောက်က ဘိုတွေက လက်ခုပ်တီးပြီးအားပေး ဓာတ်ပုံရိုက်ကြတယ်။ နိုင်ငံခြားမှာနေပေမဲ့ မြန်မာပြည်သူနဲ့ တသားတည်းပါပဲ။ ကြီးကြီး ဆန္ဒသွားပြမလို့ ဘယ်လိုအော်ရမလဲမေးတော့ တူတော်မောင် အရေးတော်ပုံ အောင်ရမည်လို့အော်တဲ့။ အဖေနဲ့အမေကလည်း နယူးယောက်မှာရှိနေရင် သူတို့လည်း ဆန္ဒလိုက်ပြပါတယ်တဲ့။ မော်တင်စွန်းဘုရားပွဲမှာ ဆန္ဒပြပွဲရှိတုန်းက အဖေနဲ့အမေ သွားပြတယ်။ သူတို့က ကိုယ့်ထက်တက်ကြွတယ်။


Photo credit - Wayne Chin, Tun Tun Win

အရေးတော်ပုံ အောင်ရမည်!!!
စန်းထွန်း
ဇူလှိုင် ၂၄၊ ၂၀၂၁။

 

နွေဦးတော်လှန်ရေး - ၆

၂၀၂၁ မေ ၂၉ စနေနေ့ ညနေ ၄-၆ နယူးယောက်တိုင်းစကွဲယားမှာ ဆန္ဒပြပွဲရှိတယ်။ အဲဒီနေ့က မိုးတအားရွာ အေးတော့ ဆန္ဒပြဖို့လာတဲ့လူ နည်းနေမှာ။ စောင်အောက်မှာ ကွေးချင်ပေမဲ့ လူနည်းနေမှာသိလို့ သွားဖြစ်အောင်သွားတယ်။ ဆန္ဒပြနေကျနေရာမှာ ကိုယ့်လူတွေမတွေ့လို့ လှည့်ပတ်ရှာတော့ NLD အလံကိုင်ထားတဲ့လူတွေက လမ်းညွှန်ပေးတယ်။ အရင်ဆန္ဒပြနေရာကို private party နဲ့ တခြားအဖွဲ့တွေ ပေးထားတာ NYPD ရဲတွေက ခုမှပြောတေယ်တဲ့။ ဒီတခါတော့ ပစ်တိုင်းထောင်အရုပ်လေးတွေ ကိုင်ကြတယ်။ အဲဒီနေ့လာတဲ့သူတွေက အမာခံတွေ။ မိုးတွေတအားရွာလို့ ထီးဆောင်းကြ၊ မိုးကာအင်္ကျီတွေ ဝတ်ကြတယ်။ ကိုယ်က မိုးကာအင်္ကျီ၊ တောင်တက်ဘောင်းဘီ၊ တောင်တက်ဖိနပ် စီးထားတော့ ရေခြောက်တာမြန်တယ်။ လူနည်းရှေ့ဆုံးတန်းမှာဆိုတော့ ဓာတ်ပုံတွေ အများကြီးရတယ်။ နေမကောင်းမှာစိုးလို့ ၅ နာရီခွဲမှာ ဆန္ဒပြပွဲ ပြီးဆုံးလိုက်တယ်။ ပွဲမပြီးခင် တိုင်းစကွဲယားတပတ် သုံးယောက်တတွဲ စီတန်းလှည့်လည် ကြွေးကြော်သံတွေ အော်တယ်။ ဘိုတွေ စိတ်ဝင်တစားနဲ့ ဓာတ်ပုံရိုက်ကြတယ်။ လက်မှတ်ရောင်းတဲစင်ရောက်မှာ တရုတ်တွေ ဆန္ဒပြနေတယ် ထိုင်ဝမ်၊ ဟောင်ကောင် တခုခုနေမှာ။ 

အရေးတော်ပုံ အောင်ရမည်!!! 

စန်းထွန်း 

ဇူလှိုင် ၁၇၊ ၂၀၂၁။ 

Photo credit - Wayne Chin

နွေဦးတော်လှန်ရေး - ၅

 ဧပြီလကုန်ခါနီးမှာ တရုတ်သံရုံးရှေ့ ဆန္ဒသွားပြတယ်။ ပထမတခါတုန်းကလို လမ်းထောင့်မှာရပ်ပြီး စောင့်နေတာ လူတယောက်မှမရှိဘူး။ ဆန္ဒပြခေါင်းဆောင်က အနားကနေဖြတ်သွားရင်း ဟိုဖက်လမ်းကူးရမှာတဲ့။ ဟုတ်ပါ့ တခြားဖက်အခြမ်းမှာ အယ်လ်နယ်ဒီအလံကြီးလွှင့်ထားတယ်။ အဲဒီနေ့က သောကြာနေ့ညနေပိုင်း မိုးသည်းမှာဆိုတော့ လူသိပ်မလာကြဘူး။ ယူအက်စ်ကွန်ကရက်ရုံးရှေ့မှာလည်း ဆန္ဒပြပွဲတပွဲ ရှိတယ်။ တချို့များဆို တပွဲကနေ နောက်တပွဲ ချီတက်ကြတယ်။ ကိုယ်ကလည်း ပုံမှန်ဆို သောကြနေ့ ဆန္ဒပြပွဲ သွားဖြစ်မှာမဟုတ်ဘူး။ အဲဒီသောကြာနေ့က မနက်ပိုင်း သွားဆေးခန်းကို သွားရမှာမို့ ခွင့်ယူထားတာမို့လို့ သွားနိုင်တာ။ ဘေးမှာလာရပ်တဲ့ အန်တီကြီးက အသက် ၆၀ နီးပါး အပြန်ရထားအတူစီးပြီး ပြန်ကြတယ်။ ဖုန်းနံပါတ်ယူထားပြီး မေ ၁ ရက် စနေနေ့ တိုင်းစကွဲယားမှာ ၂ - ၄ နာရီ အတူတူပြမယ်လို့ ချိန်းထားတယ်။ အဲဒီပွဲက အမျိုးသားညီညွတ်ရေးအစိုးရ NUG  ကိုထောက်ခံပွဲ။ ကိုယ်ကစောစောရောက်နေလို့ ဒုတိယတန်းမှာနေရာယူပြီး အန်တီကြီးအတွက် နေရာဦးပေးထားတယ်။ တိုင်းရင်းသားရိုးရာဝတ်စုံ ဝတ်ထားတဲ့သူတွေ ဒုတိယတန်းမှာ နေရာယူခိုင်းတော့ ကိုယ်တို့တတိယတန်း ရောက်သွားတယ်။ လက်သီးလက်မောင်းတန်းပြီး အသံကုန်အော်တာ။ ဆန္ဒပြပွဲပြီးရော လည်ပင်းတွေနာလို့ ဗီတာမင်စီသကြားလုံး ငုံရတယ်။ အန်တီကြီးက ဆရာဝန် သူ့သူငယ်ချင်းက မြန်မာပြည်ကနေ မကြာသေးခင်ကမှ ရောက်လာတဲ့ မေ့ဆေးဆရာဝန်မကြီး။ မေ့ဆေးဆရာဝန်မကြီး စင်ပေါ်တက်ပြောတယ် စကားပြောတာ တော်တော်ယဉကျေးနှိမ့်ချတယ်။ ကြံဖူးတဲ့မြန်မာပြည်ဆရာဝန် တော်တော်များများ အော်ငေါက်ကြတာများတယ်။ ဒီမေ့ဆေးဆရာဝန်မကြီးကတော့ တော်တော်ထူးခြားတယ်။ ရှေ့က ချင်းလူငယ်က ဖုန်းနဲ့ live လည်းလွှင့် ဓာတ်ပုံလည်းရိုက် အော်လည်းအော်နဲ့ တကယ့် multitasking ။ ကိုယ်ဆို ဆန္ဒပဲပြတယ် ဓာတ်ပုံမရိုက်ဘူး။ အဲဒီတော့ ဓာတ်ပုံဆရာက ကိုယ့်ပုံမရိုက်ဖြစ်ရင် ပြစရာဓာတ်ပုံမရှိဘူး။ စင်ပေါ်တက်ပြောတော့မှ တောင်ဖက်ဂျော်ဂျီယာပြည်နယ်က ၁၆ နာရီကားမောင်းပြီးလာတာ ၆ ယောက်အဖွဲ့ထဲက ချင်းလူငယ်ခေါင်းဆောင်တဲ့။ ကိုယ့်ဗွီဒီယိုက အန်တီကြီးရိုက်ပေးတာ အမှတ်တရတဲ့။ ဆန္ဒပြပွဲတွေလုပ်မှ မြန်မာပြည်ကလူတွေနဲ့ တသားတည်းရှိနေပါတယ်ဆိုပြီး အားရှိတာပေါ့လေ။

အရေးတော်ပုံ အောင်ရမည်!!!
စန်းထွန်း
ဇူလှိုင် ၁၀၊ ၂၀၂၁။

Photo credit - Wayne Chin, Kyaw Soe Latt, Terry Win 

တတိယတန်းအလယ် ဦးထုပ်ကားကားကြီးဆောင်း နေကာမျက်မှန် မတ်စ်အနီ‌‌ရောင်

My 3 fingers salute

နွေဦးတော်လှန်ရေး - ၄

 ၂၀၂၁ ဧပြီ ၁၇ စနေနေ့ နယူးဂျာစီပြည်နယ် မဟာစည်မြန်မာဘုန်းကြီးကျောင်းမှာ ဈေးရောင်းပွဲတော် ကျင်းပတယ်။ အသိညီမလေး ဈေးရောင်းမှာကိုလိုက်ရင်း ဗော်လန်တီယာ လုပ်ဖြစ်သွားတယ်။ ဘုန်းကြီး‌ကျောင်းရောက်ခါနီး ဂတ်စ်ကုန်သွားလို့ ကားထိုးရပ်သွားတယ်။ ကားအာမခံကုမ္ပဏီကို ဖုန်းဆက်ပြီး ဓာတ်ဆီလာပို့ခိုင်းတာ တနာရီလောက်ကြာတယ်။ လာပို့တဲ့ကားကို မြေပုံမှာမြင်ရပြီး နီးနေရက်နဲ့ မရောက်နိုင်ဘူးဖြစ်နေတယ်။ ဟိုင်းဝေးလမ်းတံတားပေါ်မှာ ထိုးရပ်သွားတာ နှစ်လမ်းမောင်းကနေ တလမ်းမောင်းဖြစ်သွားလို့ ကားတွေပိတ်တယ်နဲ့ တူပါရဲ့ ရဲကားရောက်လာပြီး ဘာကူညီပေးရမလဲ လာမေးတယ်။ ဂတ်စ်ကုန်သွားတာဆိုတော့ သေချာလားတဲ့ ကားပျက်တယ်ထင်နေတာ။ သဘောကောင်းတဲ့ ထရပ်ကားဒရိုင်ဘာက ကားရပ်ပြီး ဘာကူညီပေးရမလဲ လာမေးတယ်။ ရဲစီစဉ်ပေးလို့ ဆယ့်ငါးမိနစ်အကြာ တိုးကားရောက်လာပြီး ကားကိုဆွဲ ကားရှင်းတဲ့နေရာမှာ ဓာတ်ဆီထည့်ပေးတယ်။ အနားကဆီဆိုင်မှာ ဆီထည့်ပြီး ဘုန်းကြီးကျောင်းရောက်တော့ ၁၂ နာရီ။ ပွဲက ၁၂ ကနေ ၄ နာရီအထိ ဗော်လန်တီယာတွေက မနက် ၁၀ နာရီခွဲရောက် ဈေးရောင်းမဲ့သူတွေက ၁၁ နာရီရောက်ရမှာ။ အသိညီမမိသားစုက မုန့်လက်ဆောင်း၊ မုန့်ဖက်ထုပ်ရောင်းတာ တနာရီအတွင်း ပြိုက်ကနဲကုန်တယ်။ ပွဲစပြီး တနာရီအတွင်း ကုန်သလောက်ဖြစ်နေပြီ။ ကိုဗစ်ဖြစ်လို့ ပွဲငတ်နေတာ တစ်နှစ်ကျော်နေပြီ ရသမျှလှုမှာဆိုတော့ ဝယ်မဟဲ့ဆိုပြီးအားခဲပြီး လာကြတယ်။ မတွေ့တာကြာတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ တွေ့တယ်။ ချစ်အမကြီး မခိုင်နဲ့မတွေ့တာ ကြာပြီဆိုတော့ ဓာတ်ပုံရိုက်။ လေးစားအားကျရတဲ့ စီနီယာဘလော့ဂါ မနိုင်းနိုင်းစနေ၊ ကိုရန်အောင်နဲ့ အမှတ်တရဓာတ်ပုံရိုက်။ မုန့်ပတ်ဝယ် ကျန်တဲ့မုန့်ဟင်းခါးအရည်ထုတ် ကူရောင်းပေး။ ဝယ်လာတဲ့မုန့်တွေက စားဖို့အဆင်မပြေတော့ မုန့်ဖက်ထုပ်ပဲစား။ ညနေစောင်းတော့ ဓမာရုံဘေးက ထမင်းစားဆောင်မှာ ထမင်းသွားစားတယ်။ ထမင်းစားလိုက်တော့မှ နေသာထိုင်သာရှိသွားတယ်။ ဗော်လန်တီယာ ဈေးကူရောင်းပေးရတာပဲဆိုတော့ သက်သာတယ်။ တချို့ဗော်လန်တီယာတွေက တော်တော်ပင်ပန်းတယ် မနေ့ညကတည်းက လာအိပ်ပြီး စီစဉ်ရတာ။ ကိုဗစ်ကာလဆိုတော့ ပွဲတခုစီစဉ်ရတာ မလွယ်ဘူး။ အလှုငွေဒေါ်လာတသိန်းကျော်ရတယ်။ အစိုးရက ထောက်ပံ့တဲ့ stimulus check ၁၄၀၀ အကုန်လှုတဲ့သူ၊ သောင်းချီလှုတဲ့သူ၊ ဘာမဟုတ်တဲ့ကိုယ်တောင် တလ ၃၀၀ အထက်လှုနေတာ ကိုယ့်အသိမိတ်ဆွေတွေဆို အတော်လှုကြတယ်။ အသိမိတ်ဆွေအားလုံး တော်လှန်ရေးအတွက် တတ်နိုင်သလောက် လုပ်ကြတယ်။ ခုချိန်မှာ ဘာသာရေးထက် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ပိုလှုဖြစ်တယ်။ ဗော်လန်တီယာလုပ်တာ မပင်ပန်းပေမဲ့ ကား ၂နာရီ အသွားအပြန်စီးရ တနေကုန်ဆိုတော့ ပင်ပန်းတာပါပဲ။ ဈေးရောင်းတဲ့သူတွေဆို ၂၊ ၃ ရက် ပြင်ဆင်ရတာ ပိုပင်ပန်းတာပေါ့။ ပိုလှုချင်တဲ့ စိတ်ဆောင်နေလို့ ဝိုင်းဝန်းကြတာပါပဲ။ 

အရေးတော်ပုံ အောင်ရမည်!!!
စန်းထွန်း
ဇူလှိုင် ၃၊ ၂၀၂၁။

ချစ်ရတဲ့ မခိုင်နဲ့
မခိုင်၊ မနိုင်းနိုင်းစနေ…. ကိုယ့်ဖုန်းကင်မရာက ဝါးတားတား… ဝါးဝါးလေးပဲ ကောင်းပါတယ်
စီနီယာဘလော့ဂါ မနိုင်းနိုင်းစနေ၊ ကိုရန်အောင်နဲ့