နွေဦးတော်လှန်ရေး - ၄

 ၂၀၂၁ ဧပြီ ၁၇ စနေနေ့ နယူးဂျာစီပြည်နယ် မဟာစည်မြန်မာဘုန်းကြီးကျောင်းမှာ ဈေးရောင်းပွဲတော် ကျင်းပတယ်။ အသိညီမလေး ဈေးရောင်းမှာကိုလိုက်ရင်း ဗော်လန်တီယာ လုပ်ဖြစ်သွားတယ်။ ဘုန်းကြီး‌ကျောင်းရောက်ခါနီး ဂတ်စ်ကုန်သွားလို့ ကားထိုးရပ်သွားတယ်။ ကားအာမခံကုမ္ပဏီကို ဖုန်းဆက်ပြီး ဓာတ်ဆီလာပို့ခိုင်းတာ တနာရီလောက်ကြာတယ်။ လာပို့တဲ့ကားကို မြေပုံမှာမြင်ရပြီး နီးနေရက်နဲ့ မရောက်နိုင်ဘူးဖြစ်နေတယ်။ ဟိုင်းဝေးလမ်းတံတားပေါ်မှာ ထိုးရပ်သွားတာ နှစ်လမ်းမောင်းကနေ တလမ်းမောင်းဖြစ်သွားလို့ ကားတွေပိတ်တယ်နဲ့ တူပါရဲ့ ရဲကားရောက်လာပြီး ဘာကူညီပေးရမလဲ လာမေးတယ်။ ဂတ်စ်ကုန်သွားတာဆိုတော့ သေချာလားတဲ့ ကားပျက်တယ်ထင်နေတာ။ သဘောကောင်းတဲ့ ထရပ်ကားဒရိုင်ဘာက ကားရပ်ပြီး ဘာကူညီပေးရမလဲ လာမေးတယ်။ ရဲစီစဉ်ပေးလို့ ဆယ့်ငါးမိနစ်အကြာ တိုးကားရောက်လာပြီး ကားကိုဆွဲ ကားရှင်းတဲ့နေရာမှာ ဓာတ်ဆီထည့်ပေးတယ်။ အနားကဆီဆိုင်မှာ ဆီထည့်ပြီး ဘုန်းကြီးကျောင်းရောက်တော့ ၁၂ နာရီ။ ပွဲက ၁၂ ကနေ ၄ နာရီအထိ ဗော်လန်တီယာတွေက မနက် ၁၀ နာရီခွဲရောက် ဈေးရောင်းမဲ့သူတွေက ၁၁ နာရီရောက်ရမှာ။ အသိညီမမိသားစုက မုန့်လက်ဆောင်း၊ မုန့်ဖက်ထုပ်ရောင်းတာ တနာရီအတွင်း ပြိုက်ကနဲကုန်တယ်။ ပွဲစပြီး တနာရီအတွင်း ကုန်သလောက်ဖြစ်နေပြီ။ ကိုဗစ်ဖြစ်လို့ ပွဲငတ်နေတာ တစ်နှစ်ကျော်နေပြီ ရသမျှလှုမှာဆိုတော့ ဝယ်မဟဲ့ဆိုပြီးအားခဲပြီး လာကြတယ်။ မတွေ့တာကြာတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ တွေ့တယ်။ ချစ်အမကြီး မခိုင်နဲ့မတွေ့တာ ကြာပြီဆိုတော့ ဓာတ်ပုံရိုက်။ လေးစားအားကျရတဲ့ စီနီယာဘလော့ဂါ မနိုင်းနိုင်းစနေ၊ ကိုရန်အောင်နဲ့ အမှတ်တရဓာတ်ပုံရိုက်။ မုန့်ပတ်ဝယ် ကျန်တဲ့မုန့်ဟင်းခါးအရည်ထုတ် ကူရောင်းပေး။ ဝယ်လာတဲ့မုန့်တွေက စားဖို့အဆင်မပြေတော့ မုန့်ဖက်ထုပ်ပဲစား။ ညနေစောင်းတော့ ဓမာရုံဘေးက ထမင်းစားဆောင်မှာ ထမင်းသွားစားတယ်။ ထမင်းစားလိုက်တော့မှ နေသာထိုင်သာရှိသွားတယ်။ ဗော်လန်တီယာ ဈေးကူရောင်းပေးရတာပဲဆိုတော့ သက်သာတယ်။ တချို့ဗော်လန်တီယာတွေက တော်တော်ပင်ပန်းတယ် မနေ့ညကတည်းက လာအိပ်ပြီး စီစဉ်ရတာ။ ကိုဗစ်ကာလဆိုတော့ ပွဲတခုစီစဉ်ရတာ မလွယ်ဘူး။ အလှုငွေဒေါ်လာတသိန်းကျော်ရတယ်။ အစိုးရက ထောက်ပံ့တဲ့ stimulus check ၁၄၀၀ အကုန်လှုတဲ့သူ၊ သောင်းချီလှုတဲ့သူ၊ ဘာမဟုတ်တဲ့ကိုယ်တောင် တလ ၃၀၀ အထက်လှုနေတာ ကိုယ့်အသိမိတ်ဆွေတွေဆို အတော်လှုကြတယ်။ အသိမိတ်ဆွေအားလုံး တော်လှန်ရေးအတွက် တတ်နိုင်သလောက် လုပ်ကြတယ်။ ခုချိန်မှာ ဘာသာရေးထက် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ပိုလှုဖြစ်တယ်။ ဗော်လန်တီယာလုပ်တာ မပင်ပန်းပေမဲ့ ကား ၂နာရီ အသွားအပြန်စီးရ တနေကုန်ဆိုတော့ ပင်ပန်းတာပါပဲ။ ဈေးရောင်းတဲ့သူတွေဆို ၂၊ ၃ ရက် ပြင်ဆင်ရတာ ပိုပင်ပန်းတာပေါ့။ ပိုလှုချင်တဲ့ စိတ်ဆောင်နေလို့ ဝိုင်းဝန်းကြတာပါပဲ။ 

အရေးတော်ပုံ အောင်ရမည်!!!
စန်းထွန်း
ဇူလှိုင် ၃၊ ၂၀၂၁။

ချစ်ရတဲ့ မခိုင်နဲ့
မခိုင်၊ မနိုင်းနိုင်းစနေ…. ကိုယ့်ဖုန်းကင်မရာက ဝါးတားတား… ဝါးဝါးလေးပဲ ကောင်းပါတယ်
စီနီယာဘလော့ဂါ မနိုင်းနိုင်းစနေ၊ ကိုရန်အောင်နဲ့

No comments: