ခုတလော Sales & Marketing Dept မှ လူများ ပရောဂျက်တခုရဖို့ အသည်းအသန် လိုက်နေကြသည်။ ရွှေမြန်မာကုမ္ပဏီ၏ ၅၀မီလျံတန် လျှပ်စစ်ဓာတ်အားပေးရုံ ( Power Plant) တည်ဆောက်ရေးစီမံကိန်း တင်ဒါအတွက် ဖြစ်သည်။ အာရှအင်အားကြီးနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယနိုင်ငံများကြားတွင် ရှိသော မြန်မာနိုင်ငံသည် ပထမဆုံးအမျိုးသမီးသမ္မတလက်ထက်တွင် အာရှကျားတကောင် ဖြစ်လာခဲ့သည်။ အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စနစ်ကျသည့်အပြင် ဘဏ်စနစ်သည်လည်း ခိုင်မာသည်။ သယံဇာတပေါကြွယ်ဝသည့် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု တဖွဲဖွဲဝင်လာသည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာသည်နှင့် စွမ်းအင်လိုအပ်ချက် မြှင့်လာသည်။
Coal Fired Generation နည်းသည် ကျောက်မီးသွေးကို လောင်ကျွမ်းခြင်းဖြင့် လျှပ်စစ်ဓာတ်အား ထုတ်သည်။ ကျောက်မီးသွေး ရှားပါလာသည်နှင့်အတူ လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှင့်နှုန်း၊ စွန့်ပစ်ပစ္စည်းများကလည်း သဘာဝပတ်ဝန်းကျင်အတွက် စိုးရိမ်ရသည်။
 |
Traditional Utilities |
 |
Coal Fired Generation |
 |
Gavin Power Plant - 1300 MW |
သဘာဝဓာတ်ငွေ့တွေ့ရှိခြင်းက Natural Gas Electricity Generation ၏ အစ ဖြစ်သည်။ ဈေးသက်သာသော သဘာဝဓာတ်ငွေ့က ကျောက်မီးသွေးနေရာ ဝင်ယူလာသည်။ Simple Cycle တွင် သဘာဝဓာတ်ငွေ့အား လောင်ကျွှမ်းခြင်းဖြင့် ရေကို အပူပေးကာ လျှပ်စစ်ဓာတ် ထုတ်ယူသည်။ ပိုထွက်လာသော အပူဓာတ်ကို လေထုထဲသို့ ထုတ်လွှင့်သည်။ ကျောက်မီးသွေးထက် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်မှုနှုန်း နည်းသော်လည်း လေထုညစ်ညမ်း ထိန်းချုပ်ရေးကိရိယာ (Pollution Control Equipment) လိုအပ်သည်။
 |
Natural Gas Electricity Generation |
 |
Simple Cycle |
Combined Cycle တွင် ပိုထွက်လာသော အပူဓာတ်ကို လေထုထဲသို့ မထုတ်လွှင့်ဘဲ ရေကို အပူပြန်ပေးကာ လျှပ်စစ်ဓာတ် ထုတ်ယူသည်။ ထိုကဲ့သို့ ပိုမိုကောင်းမွန်သော Heat Recovery Steam Generator ( HRSG) နည်းလမ်းကို ၁၉၆၂ တွင် Vogt Power International မှ ပထမဆုံး တီထွင်ခဲ့သည်။ ကမ္ဘာပေါ်တွင် HRSG ထုတ်လုပ်သော ကုမ္ပဏီ ၁၀ ခန့်သာ ရှိသည်။
 |
Combined Cycle |
Nuclear Electricity Generation တွင် ယူရေနီယံ အသုံးပြုကာ လျှပ်စစ်ဓာတ်အား ထုတ်သည်။ ၂၀၀၇ အထိ ကမ္ဘာပေါ်တွင် လည်ပတ်နေသော နူးကလီးယားဓာတ်ပေါင်းဖို ၄၃၉ ခု ရှိသည်။ ပြင်သစ်နိုင်ငံ သုံးစွဲနေသော လျှပ်စစ်ဓာတ်အား၏ ၇၅ ရာခိုင်နှုန်းကို နူကလီးယားစွမ်းအင်မှ ရရှိသည်။ ၂၀၁၁ ဂျပန်ငလျင်နှင့်အတူ ဖူကူရှီးမား နူးကလီးယား ဓာတ်ရောင်ခြည်စိမ့်မှုက တကမ္ဘာလုံးကို နူးကလီးယားအန္တရာယ် မီးမောင်းထိုးပြလိုက်သည်။ လည်ပတ်နေသာ နူးကလီးယား ဓာတ်ပေါင်းဖိုများကို တတ်နိုင်သမျှ ပိတ်ပစ်ဖို့ ဖိအားပေးသည်။
 |
Nuclear Electricity Generation |
 |
Nuclear Process |
 |
Nuclear Power Plant |
Renewable Energy တွင် ပြောင်းဖူးရိုးတို့လို စွန့်ပစ်ပစ္စည်းများမှ လျှပ်စစ်ဓာတ် ထုတ်သည်။ နေရောင်ခြည်သုံး ဆိုလာနည်းကလည်း တနှစ်ပတ်လုံး နေရောင်ခြည်ကောင်းမွန်စွာ ရရှိသော နိုင်ငံများနှင့်သာ ကိုက်ညီသည်။ လေရဟတ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ခြင်းသည် လေတိုက်နှုန်းမြှင့်သော နေရာများတွင် တည်ဆောက်ရန်လိုအပ်ပြီး ငှက်များ သေကြေပျက်စီးသည်။ မြစ်ချောင်းများကိုပိတ်ကာ ရေအားလျှပ်စစ်ထုတ်ယူခြင်းကလည်း မြစ်ကောခြင်း၊ သက်ရှိများ၏ ဂေဟစနစ် ပျက်စီးခြင်း၊ ရေကြီးနိုင်ခြင်း အန္တရာယ် ရှိသည်။ လက်ရှိတွင် Combined Cycle သည် အကောင်းဆုံးနည်း ဖြစ်သည်။
 |
Renewable Energy |
Alstom SA ၊ Nooter/Eriksen Inc ၊ နယ်သာလန်မှ NEM ၊ ကိုရီးယားမှ Doosan တို့နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ပြီးမှ ထိုပရောဂျက်ကို ရရှိခဲ့သည်။ စက်ရုံတည်ဆောက်ရေးသည် ကုမ္ပဏီ၏ အဓိကအစိတ်အပိုင်း မဟုတ်သော်လည်း ရွှေမြန်မာကုမ္ပဏီမှ တောင်းဆိုလာသောအခါ တည်ဆောက်ရေးပိုင်းကိုပါ တာဝန်ယူရသည်။ သင့်တော်သော မြစ်ကမ်းဘေးနေရာကို ပညာရှင်များဖြင့် တိုင်ပင်ပြီး ရွေးချယ်ရသည်။ မြန်မာပြည်၏ စံချိန်စံညွှန်း၊ ဥပဒေများနှင့် ကိုက်ညီအောင် သတ်မှတ်ပြဋ္ဌာန်းချက်များ ရရှိအောင် မြန်မာပြည်အစိုးရဌာနဆိုင်ရာများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် မြန်ဆန်တိကျသည်။
ပရောဂျက် အတည်ပြုသည်နှင့် သက်ဆိုင်ရာဌာနအလိုက် တာဝန်ခွဲဝေဆောင်ရွက်ရသည်။ Supply Management ဌာနမှ HRSG အတွက် လိုအပ်သောပစ္စည်းများ ဝယ်ယူရေး၊ သယ်ယူပို့ဆောင်ရေးတာဝန်ယူသည်။ Quality Assurance ဌာနမှ ထိုဝယ်ယူသောပစ္စည်းများ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေးရသည်။ I & C ( Instrumentation & Control) ဌာနသည် HRSG အား ထိန်းချုပ်စောင့်ကြည့်သော Valves ၊ Gates ၊ Transmitters များ ဝယ်ယူရသည်။ ME ( Mechanical Engineer) ဌာနမှ ဖိအားတွက်ချက်မှု ၊ FEA ( Finite Element Analysis) သုံးကာ ဘွိုင်လာများ ကောင်းမွန်စွာ ရေရှည်လည်ပတ်နိုင်ရေး တာဝန်ယူသည်။ Pipe Stress Engineering ဌာနသည် လိုအပ်သော ပိုက်ဒီဇိုင်းများကို ဝယ်ယူသူ၏ လိုအပ်ချက်နှင့်အညီ ဆောင်ရွက်ရသည်။
 |
Horizontal HRSG with vertical tubes |
Structural Engineering ဌာနသည် HRSG ၏ လိုအပ်သော စတီးဒီဇိုင်း၊ ဂျိုင့်များ ဆက်သွယ်ခြင်း အပြီးသတ်ဒီဇိုင်းဆွဲရသည်။ CAD ဌာနသည် 2 D ၊ 3 D မိုဒယ် ရေးဆွဲရသည်။ Thermal Engineering ဌာနသည် အပူမျက်နှာပြင်၊ ပိုက်များ၏ အတွင်းဒီဇိုင်း၊ ဘွိုင်လာ၏ လုပ်ဆောင်နှုန်းကို ရေးဆွဲရသည်။ Product Engineering ဌာနသည် ပစ္စည်းအားလုံး စံချိန်စံညွှန်းနှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေးရပြီး Project Engineering ဌာနသည် ပရောဂျက်တခုလုံး ကောင်းမွန်စွာ လည်ပတ်နိုင်အောင် ကြိ ုးစားရသည်။ Estimating ဌာနသည် Customer မှာယူသော ဘွိုင်လာ၏ ကုန်ကျစရိတ် ၊ ပရောဂျက် အစမှသည် လည်ပတ်နေစဉ်အတွင်း ကုန်ကျစရိတ်များကို တွက်ချက်ရသည်။ Sales & Marketing ဌာန၊ Aftermarket & Field Services ဌာနသည် Customer များနှင့် ညှိနှိုင်းပူပေါင်းဆောင်ရွက်ရပြီး လည်ပတ်နေသောစက်ရုံများ ပြသနာတခုခုရှိလျှင် ချက်ချင်းဖြေရှင်းနိုင်ဖို့ အဆင့်သင့်ဖြစ်နေခဲ့သည်။ ကိုယ်တို့ Central Engineering ဌာနသည် ဌာနအားလုံး၏ လိုအပ်သော ဆော့ဝဲများကို ရေးသားပေးရသည်။
 |
HRSG Flow |
လပေါင်းများစွာ ပင်ပန်းခဲ့ကြပြီး နောက်ဆုံးတွင်တော့ ရွှေမြန်မာလျှပ်စစ်ဓာတ်အားပေးရုံကြီးကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားကို မြန်မာလူမျိုးအားလုံး ဂုဏ်ယူချစ်ခင်ကြသော ပထမဆုံးအမျိုးသမီးသမ္မတ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ မြို့တော်အသစ်တည်ဆောက်မည့်အစား မြန်မာပြည်အလယ်ပိုင်းတွင် လျှပ်စစ်ဓာတ်အားပေးရုံတခု၊ တနသာၤရီကမ်းရိုးတန်းဒေသတွင် လျှပ်စစ်ဓာတ်အားပေးရုံတခု တည်ဆောက်မည်။ ပိုလျှံပါမှ နိုင်ငံခြားသို့ တင်ပို့ရောင်းချမည်ဟု ဆိုသည်။ ထားဝယ်စီမံကိန်းကြောင့် တနသာၤရီကမ်းရိုးတန်းသည် ကုန်စည်စီးဆင်းမှု အချက်အချာ ဖြစ်လာသည်။ သင်္ဘောများသည် စင်္ကာပူထိ ခုတ်မမောင်းတော့ဘဲ တနသာၤရီဒေသမှတဆင့် တောင်တရုတ်ပင်လယ်ဖက်သို့ သွားကြသည်။ တနင်္သာရီသည် စင်္ကာပူကို ကျော်တက်သွားသည်။

စပိန်ကုမ္ပဏီ Initec Energia မှ MPX ကုမ္ပဏီအတွက် ဘရာဇီးတွင် တာဝန်ယူတည်ဆောက်ပေးသော Parnaiba ပရောဂျက်၊ ဂျာမန်ကုမ္ပဏီ Siemens မှ စင်္ကာပူတွင် တည်ဆောက်သော Tuas ပရောဂျက်၊ ရွှေမြန်မာကုမ္ပဏီမှ တည်ဆောက်သော ရွှေမြန်မာပရောဂျက် အောင်မြင်မှုအထိမ်းအမှတ် ဂုဏ်ပြုနေ့လည်စာ တည်ခင်းသည်။ တောင်အမေရိက အစားအစာ၊ စင်္ကာပူမှ နာမည်ကြီး Prawn Noodles နှင့်အတူ မြန်မာအစားအစာ ဝက်သားပုန်းရည်ချက်၊ ချဉ်ပေါင်ကြော်တို့ဖြင့် ဧည့်ခံခဲ့သည်။ မြန်မာ့နှစ်သစ်ကူး အခါသမယနှင့် တိုက်ဆိုင်နေ၍ မုန့်လုံးရေပေါ်၊ ရွှေရင်အေးတို့ဖြင့်
ကျွှေးမွေးသောအခါ အချိုကြိုက်သော အမေရိကန်များ အကြိုက်တွေ့ခဲ့သည်။
စက်ရုံသို့ သွားရောက်လည်ပတ်သောအခါ စက်ရုံလည်ပတ်ပုံအကြောင်း စက်ရုံမှုးမှ ရှင်းပြသည်။ စက်ရုံမှ စွန့်ပစ်ရေကို သန့်စင်ပြီးမှ စွန့်ထုတ်ပုံ၊ လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို သက်မှတ်နှုန်းထားအတိုင်း စွန့်ပစ်ပုံ၊ ရေအသွေးညံ့လျှင် ပိုက်များ ပျက်စီးသောကြောင့် ဘွိုင်လာထဲ ရေမထည့်မှီ PH ပမာဏ ထိန်းညှိပုံ၊ ငလျင်လှုပ်လျှင်ဖြစ်ဖြစ် အရေးပေါ်အရေးအခြေအနေတွင် စက်ရုံလည်ပတ်မှု ရပ်တန့်သွားအောင် စီမံထားပုံ၊ အပူချိန်လွန်ကဲလာလျှင် အချက်ပေးခေါင်းလောင်းစနစ်၊ စက်ရုံမှ ဘွန်း..ဘွန်း..ဘွန်း မြည်သံ လျော့နည်းအောင် နည်းစနစ်ရှာဖွေနေပုံများကို ရှင်းပြသည်။
ဘွိုင်လာကို အမှတ်တမဲ့ သွားထိမိသည့်အခါ
အောင်ညလေးဂျ..ပူလိုက်တာ...
ပူပေမပေါ့။ ကွန်ပျူတာဖွင့်လျက် အိပ်ပျော်နေတာ ဘထ္ထရီတုံးကြီးကို သွားထိမိတာကိုး။ တော်သေးတယ် နီရုံ နီသွားလို့။ တကယ့် ဘွိုင်လာနဲ့များ ထိလို့ကတော့...။
ငါ့နဲ့နော် Orientation ပြီးသွားတာတောင်မှ အိမ်မက်ထဲ ထည့်မက်နေရတယ်လို့...အဟက်..အဟက်...
စန်းထွန်း
မေ ၆၊ ၂၀၁၂။
(HRSG နှင့် ပတ်သက်သော သတင်းအချက်အလက် မှားယွင်းမှုရှိပါက စာရေးသူ၏ အားထုတ်မှု ပေါ့လျော့မှုကြောင့်သာ ဖြစ်သည်။ ဓာတ်ပုံများကို ဂူဂယ်နှင့် ကုမ္ပဏီ Presentation Slides များမှ ရယူပါသည်။)