ဒေါ်ဇစ်…

တောလားစီးရီးတွေ ရေးစရာမရှိတော့ တွေ့ကြုံဖူးတဲ့သူတွေထဲက ထူးခြားပြီး အမှတ်တရဖြစ်တဲ့သူတွေအကြောင်း ပြောရဦးမယ်။ ၂၀၀၆ သင်္ကြန်မှာ မှော်ဘီဝါးနက်ချောင်း ဗောဓိရိပ်ငြိမ်တောရမှာ ပထမဆုံးတရားစခန်းဝင်ဖြစ်တယ်။ လှည်းတန်းက ဆရာကြီးဦးမြကြိုင် အင်္ဂလိပ်စာသင်တန်းကျောင်းမှာ တက်နေတဲ့မကြီးသူငယ်ချင်းက ဆရာကြီးက တရားစခန်းဝင်ချင်တဲ့ရှိရင်ခေါ်ခဲ့ ဝင်မလားတဲ့။ တရားစခန်း တခါမှမဝင်ဘူးလို့ အဖေါ်ကောင်းတာနဲ့ လိုက်သွားတာတာ ဆရာတော်ကို ကြည်ညိုလို့ ၂၀၀၇ သင်္ကြန်မှာ သီလရှင်ဝတ်နဲ့ တရားစခန်းဝင်တယ်။ ဘုန်းကြီးကျောင်းကို သွားလေ့မရှိပေမဲ့ ဗောဓိရိပ်ငြိမ်ဆရာတော်ကို ကြည်ညိုလို့ အစ်မတွေဆွမ်းသွားကပ်မယ်ဆိုရင် လိုက်တယ်။ ဆရာတော်က နိုင်ငံခြားရောက်ရင် တရားအားထုတ်ဖြစ်မှာ မဟုတ်ဘူး အခုတရားအားထုတ်ထားလို့မိန့်တာ သိပ်မှန်တာပဲ။ ဆယ်နှစ်ကြာမှ ၂၀၁၇ ကျေးဇူးတော်ပိတ်ရက်မှာ မမီးခေါ်လို့ နယူးဂျာစီပြည်နယ်က မဟာစည်ရိပ်သာမှာ တရားစခန်းဝင်ဖြစ်တယ်။ ရွှေတိဂုံစေတီငယ် တည်ထားပြီး ဓမ္မာရုံ၊ ဆွမ်းစားဆောင်၊ အမျိုးသား၊ အမျိုးသမီးယောဂီဆောင် ကျယ်ကျယ်ဝန်းဝန်း၊ အလှုရှင်တွေကလည်း သဒ္ဓါတရားကောင်း၊ ဝေယျာဝစ္စ လိုလေးသေးမရှိ ပြည့်စုံတယ်။ အဲ ... အဆင်မပြေတာက ဓမ္မာရုံထဲမှာ တရားစုထိုင်ကြရင် အမျိုးသမီးယောဂီတယောက်က အိတ်ကိုဖွင့်လိုက်ပိတ်လိုက်လုပ်ပြီး ပစ္စည်းရှာတာ အတော်ဆိုးတယ်။ တရားထိုင်နေကျမဟုတ်လို့ မျက်စိမှတ်ထားပေမဲ့ စိတ်တွေက ဟိုရောက်ဒီရောက်။ ဂယောက်ဂယက် စုစည်းလို့မရ၊ နာကျင်တဲ့ဝေဒနာနဲ့ နပန်းလုံးနေရလို့ တရားမှတ်လို့မရတဲ့အထဲ ဇစ်သံကတမှောင့်။ တိတ်ဆိတ်နေတော့ ဇစ်သံကအတော့်ကို ကျယ်တယ် တခါတည်းဖွင့်တာလည်းမဟုတ်။ ဖွင့်လိုက်ပိတ်လိုက်နဲ့ အတော်အနှောင့်အယှက်ဖြစ်တယ်။ တစ်ရှူး၊ ပရုတ်ဆီယူမယ်ဆိုရင်လည်း ဇစ်ဖွင့်ထားလို့ ရပါတယ် တရားစခန်းမှာ ဘယ်သူမှမခိုးပါဘူး။ ဇစ်ကိုဖွင့်လိုက်ပိတ်လိုက်မလုပ်ရင် အိပ်ငိုက်ပြီးဟောက်သံက တခေါခေါ။ ဟောက်သံမခံမရပ်နိုင်အောင် ကျယ်လာလို့ ပခုံးကိုပုတ်ပြီး အသိပေးရတယ်။ အန်တီကြီးက အသက်ငါးဆယ်ကျော် ဖြူဖြူပုပု တရုတ်မ မျက်နှာလေးက ကလေးလေးလိုပဲ။ သူ့ဇစ်သံကြောင့် သူများ‌တွေ အနှောင့်အယှက်ဖြစ်မှန်း သိပုံမရဘူး။ ပြောလိုက်ချင်တာ မကောင်းတတ်လို့။ သဘောကောင်းပြီး ခင်မင်တတ်တဲ့ပုံပေါက်ပေမဲ့ သူ့ဇစ်သံကြောင့် မခင်ချင်တော့ဘူး။ ဒေါ်ဇစ်ကိုကြည့်ပြီး သူ့လိုမဖြစ်ချင်ဘူး၊ ကိုယ့်အပြုအမူကြောင့် သူတပါးစိတ် အနှောင့်အယှက်မဖြစ်စေချင်ဘူး၊ ဒေါ်ဇစ်ကိုကြည့်ပြီး သင်ခန်းစာရတယ်။ နယူးဂျာစီကျောင်းမှာ တစ်နှစ်တကြိမ်လောက် တရားစခန်းဝင်ဖြစ်ပေမဲ့ ဒေါ်ဇစ်နဲ့ နောက်တခါမှ မဆုံတော့ဘူး။ ဒေါ်ဇစ်ကြောင့် သူတပါးစိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူတွေမလုပ်ဖို့ သတိထားဆင်ခြင်မိတယ်။


စန်းထွန်း

ဒီဇင်ဘာ ၁၈၊ ၂၀၂၀။


Isla del Sol (Sun Island), Lake Titicaca, Bolivia, 11/04/2019.

ပြိုင်မလား...

ကြီးကြီးစန်းထွန်းနဲ့ စကားပြောမလားလို့မေးရင် ကြီးကြီးပဲပြောလိုက်ပါ၊ နောက်မှပြောမယ်နော်ဆိုပြီး ငြင်းတတ်တဲ့ တူတော်မောင်ဟာ ဒီနေ့ကြီးကြီးစန်းထွန်းမွေးနေ့ ကြီးကြီးစန်းထွန်းနဲ့ စကားပြောမလားလို့မေးတော့ ပြောမယ်တဲ့။ ကြီးကြီးစန်းထွန်းကို ဟတ်ပီးဘတ်ဒေးဆိုပေးရအောင်ဆိုတော့ မဆိုချင်ဘူးတဲ့။ သားမွေးနေ့တုန်းက ကြီးကြီးစန်းထွန်းက ပီယာနိုတီးပြီး ဟတ်ပီးဘတ်ဒေးသီချင်းဆိုပေးတယ်။ ကြီးကြီးစန်းထွန်းမွေးနေ့ကျတော့ သားကဆိုပေးရမှာပေါ့လို့ပြောတော့ ဟတ်ပီးဘတ်ဒေးမဆိုချင်ဘူး တိုင်တန်းနစ်သီချင်းပဲ ဆိုမယ်တဲ့။ ဟတ်ပီးဘတ်ဒေးပဲ နားထောင်မယ် တခြားဟာဆို နားမထောင်ဘူး။ မွေးနေ့လက်ဆောင် တိုင်တန်းနစ်သင်္ဘောပုံ ဆွဲပေးမယ်တဲ့။ မလိုချင်ပါဘူး မွေးနေ့ကဒ်ဆိုရင်ယူမယ်။ မွေးနေ့ကဒ် သားမှမဆွဲတတ်တာ ကြီးကြီးခင်စန်း ဓာတ်ပုံပို့ပေးရင် သားဆွဲတတ်မှာပါ။ သားက မဆွဲတတ်ဘူး ပထမဆုံးဆိုတော့ အစမှာနည်းနည်းခက်မှာပေါ့။ ဘယ်ဟာပဲဖြစ်ဖြစ် အစမှာခက်တယ် နောက်လွယ်သွားလိမ့်မယ် စမ်းဆွဲကြည့်ရင်သိမှာပေါ့။ cup cake နဲ့ မိုးပျံပူဖောင်းဆွဲပေးတော့ ကြည့် သားသားဆွဲတတ်တယ်မလား နောက်ဆိုမစမ်းကြည့် မကြိုးစားကြည့်ဘဲနဲ့ ခက်တယ်လို့မပြောနဲ့။ ဟတ်ပီးဘတ်ဒေးကြီးကြီးစန်းထွန်းလို့ရေးလိုက် သားသားမှမရေးတတ်တာ။ နာမည်မရေးရင် ဘယ်သူ့မွေးနေ့လို့ ဘယ်လိုလုပ်သိမှာလဲ။ စာလုံးပေါင်းပြတော့ ကြီးကြီးခင်စန်း ကြီးကြီးစန်းထွန်းလို့ရေးတယ်။ ကြီးကြီးစန်းထွန်းမွေးနေ့လေ ကြီးကြီးခင်စန်းနာမည်ဖျက်လိုက် မဖျက်ဘူးလုပ်နေတယ်။ အဲ့ဒါဆိုမယူတော့ဘူး ဟတ်ပီးဘတ်ဒေးစန်းထွန်းလို့ မက်ဆင်ဂျာမှာ သားသားရေးလိုက်တယ်။ အဲဒါမလိုချင်ဘူး ကဒ်မှာရေးတာကို လိုချင်တာ။ ဟတ်ပီးဘတ်ဒေးသီချင်းမဆိုချင်၊ ဘတ်ဒေးကဒ်မရေးချင်တဲ့ တူတော်မောင်ကို အတင်းပြောလိုက်၊ ချော့လိုက်၊ နားလည်အောင် ပြောရတာ မောလိုက်တာ သူ့အဖေအတိုင်းပဲ ခေါင်းမာချက်။ သူပုံဆွဲနေတာကို ကိုယ်တွေကဝိုင်းပြောနေလို့ ကြီးကြီးတို့က ရှုပ်လိုက်တာတဲ့။ အေး ရှုပ်တယ်ဆိုရင် ဖုန်းချလိုက်မယ်ဆိုပြီး ဖုန်းချလိုက်တာ ပြန်ခေါ်တယ်။ အဖေက ကိုယ့်ကြီးကြီးတွေကို အဲ့လိုပြောရသလားလို့ပြောတော့ ဘာမှပြန်မပြောဘူး ငြိမ်နေတယ်။ သားက ဟတ်ပီးဘတ်ဒေးမဆိုပေးလို့ ကြီးကြီးစန်းထွန်းက အရမ်းဝမ်းနည်းနေတယ်လို့ပြောတော့ အဲလောက်လည်း ဝမ်းနည်းမနေပါနဲ့ဗျာတဲ့။ 

မကြီးပြောထားလို့ ကြီးကြီးရေ ဆောရီးပါ ဘာကိုဆောရီးတာလဲ ဟတ်ပီးဘတ်ဒေးသီချင်းမဆိုပေးတာ။ အေး နောက်ဆိုရင် ဘယ်သူ့ဘတ်ဒေးပဲဖြစ်ဖြစ် ဟတ်ပီးဘတ်ဒေးသီချင်းဆိုပေးရမယ်၊ မွေးနေ့ကဒ်ဆွဲပေးရမယ် မွေးနေ့ရှင် ပျော်သွားတာပေါ့။ နိုင်ငံခြားမှာဆိုရင် Teacher Day ၊ Mother Day နေ့ဆိုရင် ဆရာတွေ၊ မိဘတွေကို ကဒ်လေးပေးကြတယ်။ ကြီးကြီးခင်စန်းအတွက် အပင်စိုက်ပေးလို့ပြောတော့ စိုက်ပေးတယ်။ ကိုယ့်သစ်ခွနဲ့ peace lily ကိုပြတော့ သူကလည်းအားကျမခံ ကြီးကြီးခင်စန်းအတွက် စိုက်ထားတဲ့အပင်ပြပြီး ပြန်ကြွားတယ်။ တူတော်မောင်ဟာ ပုံဆွဲတော်တယ် ကိုယ်တို့အိမ်မှာ မကြီးတယောက်ပဲ ပုံဆွဲတော်တယ်။ ရွှေတိဂုံဘုရားနဲ့ သီတဂူဆရာတော်ကို အတော်ကြည်ညိုတယ်တဲ့။ အားရင် ဘုရားပုံပဲဆွဲနေတယ် ခုတိုင်တန်းနစ်ကို ဓာတ်ကျနေတယ်။ ဒီကောင် ဘုန်းကြီးဝင်စားတာလား၊ ဘုရားနဲ့နီးတဲ့ အသိုင်းအဝိုင်းက လာတာထင်တယ်။ လေသံက ဆရာကြီးသူသိသူတတ် သူ့အဖေက ဆရာကြီး သူ့အမေက ဆရာမဆိုတော့ ဒင်းတို့သားက ဆရာ့ဆရာကြီးဖြစ်နေတာပေါ့။ တနေ့ ပြောတာမကြားလို့ ကြီးကြီးနားမပါဘူးလားတဲ့ ကြည့် ကြီးကြီးခင်စန်းမှာ နားပါတယ်တွေ့လား ကြီးကြီးစန်းထွန်းမှာလည်း နားပါတယ် သားမှာလည်း နားပါတယ်။ နားမပါတဲ့သူလို့ သားမြင်ဖူးလား နောက်ဆို နားမပါဘူးလားလို့ ဘယ်သူ့ကိုမှ မပြောနဲ့ ကြီးတော်တွေကလည်း မလွယ်ဘူး။ ဖေ့ဘွတ်မက်ဆင်ဂျာမှာ voice message ပို့တာကိုသိသွားလို့ ပထမဆုံးပို့တာက ဟီးဟီးဟားဟား ဒုတိယမက်ဆေ့က ကြီးကြီးရေ ဒိန်ချည်ပုံပို့ထားတယ် တတိယမက်ဆေ့ကျတော့ "ကြီးကြီးရေ … သားလေ ကြီးကြီးကို သိပ်အရမ်းချစ်ပါတယ်”တဲ့။ ကြီးကြီးခင်စန်းမှာ မျက်ရည်တောင်ဝဲတယ်။ ကြီးကြီးသုံးယောက်ထဲမှာ ကြီးကြီးခင်စန်းကို အချစ်ဆုံးပဲ။ ကြီးကြီးခင်စန်းကလည်း သားသားကို အတော်ချစ်တာ။ ကြီးကြီးသိတဲ့ ကလေးတယောက်ဆို အဂင်္လိပ်၊ မြန်မာ၊ တရုတ်လို ဘာသာစကားသုံးမျိုး ပြောတတ်တယ်လို့ပြောတော့ အဲ့ဒီကလေးကို ရွှေတိဂုံဘုရားပုံပို့လိုက် သားနဲ့ပြိုင်ဆွဲမလားတဲ့ ရယ်လိုက်ရတာ။ သူဘာကိုလိုချင်တာ၊ ဘာကိုမကြိုက်တာ၊ သူတော်တဲ့ဟာကို တိတိကျကျသိပြီး ယုံကြည်မှုအပြည့်နဲ့ စိန်ခေါ်နေလေရဲ့…. 

စန်းထွန်း 
ဒီဇင်ဘာ ၁၁၊ ၂၀၂၀။

Hallelujah...

Leonard Cohen ရဲ့ Hallelujah ... အရမ်းကြိုက်တဲ့ သီချင်းတပုဒ်..ဝိုင်းအခန်းဖော်တရုတ်မရဲ့ရည်းစားက ဝိုင်းတယောလေ့ကျင့်သံကို ဖုန်းထဲကနေကြားတော့ တော်တော်တိုးတက်လာတယ်လို့ ပြောတယ်။ မနှစ်က သူ့ခမျာ တော်တော်နားကလော်နေမှာပဲ ခုတော့ တို့တွေ နည်းနည်းတိုးတက်လာပြီကွ 1 out of 100 လို့ ပြောလို့ရပြီ။ အိမ်ရှင်သားနဲ့သူ့ရည်းစား အိမ်အပေါ်ထပ်ကို ပြောင်းလာကြတယ်။ သူတို့ခြေသံတဒုန်းဒုန်းကြောင့် ကိုယ်အိပ်လို့မရဘူးလို့ပြောတော့ ဝိုင်းက မင်း ပီယာနိုလေ့ကျင့်တာလည်း  သူတို့ကြားလိမ့်မယ်။ တယောများ သွားမလေ့ကျင့်နဲ့နော် တော်သေးတယ် မနှစ်ကပြောင်းမလာလို့ ကိုယ့်တယောသံများ ကြားရရင် ရဲခေါ်မလားမသိဘူး။ ရဲခေါ်တာက တော်သေးတယ် get out ဆိုပြီး အိမ်ပေါ်ကမောင်းချမှ ဒုက္ခဆိုပြီး ရယ်ရလိုက်တာ။ ငှက်စာကျွှေးတဲ့ခွက် လေတိုက်ပြီးကွဲသွားလို့ အသစ်ဝယ်တယ် အစာခွက်လေးက အိမ်ပုံစံချစ်စရာလေး။ ပထမနှစ်ရက်လောက် ငှက်တွေ မသိလာမစားဘူး။ အစာတွေလျော့မနေလို့ ကိုယ့်မှာ စိတ်တောင်မကောင်းဘူး။ အမေက သူတို့မသိသေးလို့ နှစ်ရက်လောက်ဆိုသိမှာ ငှက်တွေက လူကိုမှတ်မိတယ်တဲ့။ ဟုတ်မှာ ကိုယ်အိမ်ထဲနေထွက်လာရင် အော်ကြဟစ်ကြတာ ဆူညံနေတာပဲ။ ဘယ်သူရေ ဘယ်ဝါရေ ဒီမှာအစာကျွှေးနေပြီလို့ သူတို့အဖော် မိသားစုတွေကို လှမ်းခေါ်နေကြတာနေမှာ။ ငှက်တွေ အစာစားနေတာမြင်တော့ စိတ်ချမ်းသာရတယ်။ ရေကိုတော့ နှစ်ရက်တခါလဲပေးတယ်။ ငှက်တွေက ရေချိုးကြ ဆော့ကြတယ်တဲ့ အမေပြောတာ ဟုတ်မှာ။ ငှက်ရေခွက်ထဲမှာ ငှက်မွှေးတွေတွေ့တယ်။ အိမ်ကကြောင် အစာမစားလို့ အမေက စိတ်မကောင်းဘူး ငါးဝယ်ပြီးပြုတ် ထမင်းနဲ့နယ်ကျွှေးတော့ စားတယ်တဲ့။ ငှက်တွေကို ဆန်ကျွှေးတာမစားလို့ ဆန်ကွဲဝယ်ကျွှေးတော့ စားတော့တယ်တဲ့။ အသစ်ဝယ်လာတဲ့ သစ်ခွနဲ့ peace lily အပင်လေးတွေ မြင်ရတာ စိတ်ချမ်းသာတယ်။


စန်းထွန်း

နိုဝင်ဘာ ၄၊ ၂၀၂၀။