ပြိုင်မလား...

ကြီးကြီးစန်းထွန်းနဲ့ စကားပြောမလားလို့မေးရင် ကြီးကြီးပဲပြောလိုက်ပါ၊ နောက်မှပြောမယ်နော်ဆိုပြီး ငြင်းတတ်တဲ့ တူတော်မောင်ဟာ ဒီနေ့ကြီးကြီးစန်းထွန်းမွေးနေ့ ကြီးကြီးစန်းထွန်းနဲ့ စကားပြောမလားလို့မေးတော့ ပြောမယ်တဲ့။ ကြီးကြီးစန်းထွန်းကို ဟတ်ပီးဘတ်ဒေးဆိုပေးရအောင်ဆိုတော့ မဆိုချင်ဘူးတဲ့။ သားမွေးနေ့တုန်းက ကြီးကြီးစန်းထွန်းက ပီယာနိုတီးပြီး ဟတ်ပီးဘတ်ဒေးသီချင်းဆိုပေးတယ်။ ကြီးကြီးစန်းထွန်းမွေးနေ့ကျတော့ သားကဆိုပေးရမှာပေါ့လို့ပြောတော့ ဟတ်ပီးဘတ်ဒေးမဆိုချင်ဘူး တိုင်တန်းနစ်သီချင်းပဲ ဆိုမယ်တဲ့။ ဟတ်ပီးဘတ်ဒေးပဲ နားထောင်မယ် တခြားဟာဆို နားမထောင်ဘူး။ မွေးနေ့လက်ဆောင် တိုင်တန်းနစ်သင်္ဘောပုံ ဆွဲပေးမယ်တဲ့။ မလိုချင်ပါဘူး မွေးနေ့ကဒ်ဆိုရင်ယူမယ်။ မွေးနေ့ကဒ် သားမှမဆွဲတတ်တာ ကြီးကြီးခင်စန်း ဓာတ်ပုံပို့ပေးရင် သားဆွဲတတ်မှာပါ။ သားက မဆွဲတတ်ဘူး ပထမဆုံးဆိုတော့ အစမှာနည်းနည်းခက်မှာပေါ့။ ဘယ်ဟာပဲဖြစ်ဖြစ် အစမှာခက်တယ် နောက်လွယ်သွားလိမ့်မယ် စမ်းဆွဲကြည့်ရင်သိမှာပေါ့။ cup cake နဲ့ မိုးပျံပူဖောင်းဆွဲပေးတော့ ကြည့် သားသားဆွဲတတ်တယ်မလား နောက်ဆိုမစမ်းကြည့် မကြိုးစားကြည့်ဘဲနဲ့ ခက်တယ်လို့မပြောနဲ့။ ဟတ်ပီးဘတ်ဒေးကြီးကြီးစန်းထွန်းလို့ရေးလိုက် သားသားမှမရေးတတ်တာ။ နာမည်မရေးရင် ဘယ်သူ့မွေးနေ့လို့ ဘယ်လိုလုပ်သိမှာလဲ။ စာလုံးပေါင်းပြတော့ ကြီးကြီးခင်စန်း ကြီးကြီးစန်းထွန်းလို့ရေးတယ်။ ကြီးကြီးစန်းထွန်းမွေးနေ့လေ ကြီးကြီးခင်စန်းနာမည်ဖျက်လိုက် မဖျက်ဘူးလုပ်နေတယ်။ အဲ့ဒါဆိုမယူတော့ဘူး ဟတ်ပီးဘတ်ဒေးစန်းထွန်းလို့ မက်ဆင်ဂျာမှာ သားသားရေးလိုက်တယ်။ အဲဒါမလိုချင်ဘူး ကဒ်မှာရေးတာကို လိုချင်တာ။ ဟတ်ပီးဘတ်ဒေးသီချင်းမဆိုချင်၊ ဘတ်ဒေးကဒ်မရေးချင်တဲ့ တူတော်မောင်ကို အတင်းပြောလိုက်၊ ချော့လိုက်၊ နားလည်အောင် ပြောရတာ မောလိုက်တာ သူ့အဖေအတိုင်းပဲ ခေါင်းမာချက်။ သူပုံဆွဲနေတာကို ကိုယ်တွေကဝိုင်းပြောနေလို့ ကြီးကြီးတို့က ရှုပ်လိုက်တာတဲ့။ အေး ရှုပ်တယ်ဆိုရင် ဖုန်းချလိုက်မယ်ဆိုပြီး ဖုန်းချလိုက်တာ ပြန်ခေါ်တယ်။ အဖေက ကိုယ့်ကြီးကြီးတွေကို အဲ့လိုပြောရသလားလို့ပြောတော့ ဘာမှပြန်မပြောဘူး ငြိမ်နေတယ်။ သားက ဟတ်ပီးဘတ်ဒေးမဆိုပေးလို့ ကြီးကြီးစန်းထွန်းက အရမ်းဝမ်းနည်းနေတယ်လို့ပြောတော့ အဲလောက်လည်း ဝမ်းနည်းမနေပါနဲ့ဗျာတဲ့။ 

မကြီးပြောထားလို့ ကြီးကြီးရေ ဆောရီးပါ ဘာကိုဆောရီးတာလဲ ဟတ်ပီးဘတ်ဒေးသီချင်းမဆိုပေးတာ။ အေး နောက်ဆိုရင် ဘယ်သူ့ဘတ်ဒေးပဲဖြစ်ဖြစ် ဟတ်ပီးဘတ်ဒေးသီချင်းဆိုပေးရမယ်၊ မွေးနေ့ကဒ်ဆွဲပေးရမယ် မွေးနေ့ရှင် ပျော်သွားတာပေါ့။ နိုင်ငံခြားမှာဆိုရင် Teacher Day ၊ Mother Day နေ့ဆိုရင် ဆရာတွေ၊ မိဘတွေကို ကဒ်လေးပေးကြတယ်။ ကြီးကြီးခင်စန်းအတွက် အပင်စိုက်ပေးလို့ပြောတော့ စိုက်ပေးတယ်။ ကိုယ့်သစ်ခွနဲ့ peace lily ကိုပြတော့ သူကလည်းအားကျမခံ ကြီးကြီးခင်စန်းအတွက် စိုက်ထားတဲ့အပင်ပြပြီး ပြန်ကြွားတယ်။ တူတော်မောင်ဟာ ပုံဆွဲတော်တယ် ကိုယ်တို့အိမ်မှာ မကြီးတယောက်ပဲ ပုံဆွဲတော်တယ်။ ရွှေတိဂုံဘုရားနဲ့ သီတဂူဆရာတော်ကို အတော်ကြည်ညိုတယ်တဲ့။ အားရင် ဘုရားပုံပဲဆွဲနေတယ် ခုတိုင်တန်းနစ်ကို ဓာတ်ကျနေတယ်။ ဒီကောင် ဘုန်းကြီးဝင်စားတာလား၊ ဘုရားနဲ့နီးတဲ့ အသိုင်းအဝိုင်းက လာတာထင်တယ်။ လေသံက ဆရာကြီးသူသိသူတတ် သူ့အဖေက ဆရာကြီး သူ့အမေက ဆရာမဆိုတော့ ဒင်းတို့သားက ဆရာ့ဆရာကြီးဖြစ်နေတာပေါ့။ တနေ့ ပြောတာမကြားလို့ ကြီးကြီးနားမပါဘူးလားတဲ့ ကြည့် ကြီးကြီးခင်စန်းမှာ နားပါတယ်တွေ့လား ကြီးကြီးစန်းထွန်းမှာလည်း နားပါတယ် သားမှာလည်း နားပါတယ်။ နားမပါတဲ့သူလို့ သားမြင်ဖူးလား နောက်ဆို နားမပါဘူးလားလို့ ဘယ်သူ့ကိုမှ မပြောနဲ့ ကြီးတော်တွေကလည်း မလွယ်ဘူး။ ဖေ့ဘွတ်မက်ဆင်ဂျာမှာ voice message ပို့တာကိုသိသွားလို့ ပထမဆုံးပို့တာက ဟီးဟီးဟားဟား ဒုတိယမက်ဆေ့က ကြီးကြီးရေ ဒိန်ချည်ပုံပို့ထားတယ် တတိယမက်ဆေ့ကျတော့ "ကြီးကြီးရေ … သားလေ ကြီးကြီးကို သိပ်အရမ်းချစ်ပါတယ်”တဲ့။ ကြီးကြီးခင်စန်းမှာ မျက်ရည်တောင်ဝဲတယ်။ ကြီးကြီးသုံးယောက်ထဲမှာ ကြီးကြီးခင်စန်းကို အချစ်ဆုံးပဲ။ ကြီးကြီးခင်စန်းကလည်း သားသားကို အတော်ချစ်တာ။ ကြီးကြီးသိတဲ့ ကလေးတယောက်ဆို အဂင်္လိပ်၊ မြန်မာ၊ တရုတ်လို ဘာသာစကားသုံးမျိုး ပြောတတ်တယ်လို့ပြောတော့ အဲ့ဒီကလေးကို ရွှေတိဂုံဘုရားပုံပို့လိုက် သားနဲ့ပြိုင်ဆွဲမလားတဲ့ ရယ်လိုက်ရတာ။ သူဘာကိုလိုချင်တာ၊ ဘာကိုမကြိုက်တာ၊ သူတော်တဲ့ဟာကို တိတိကျကျသိပြီး ယုံကြည်မှုအပြည့်နဲ့ စိန်ခေါ်နေလေရဲ့…. 

စန်းထွန်း 
ဒီဇင်ဘာ ၁၁၊ ၂၀၂၀။

No comments: