ရထားအတူစီးခဲ့သူ …

ကိုယ့်အတွက်တော့ မီးရထားဆိုတာ နေ့စဉ်ဘဝထဲမှာ မရှိမဖြစ် အရေးပါတဲ့အရာတခု။ ရထားပေါ် ကြုံဆုံရသူတွေထဲမှာ အမှတ်တရဖြစ်တဲ့ သူတယောက်ရှိခဲ့တယ်။ အဲ့ဒီနေ့က ကိုယ့်ထိုင်ခုံရှေ့မှာ အာရှနဲ့လူဖြူ လူလတ်ပိုင်းအရွယ် လူနှစ်ယောက် လာထိုင်ခဲ့တယ်။ သူတို့ပြောစကား‌တွေအရ အသိမိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက် ဖြစ်ပုံရတယ်။ အာရှသားက အသားဖြူဖြူ မျက်ခုံးနက်နက် တရုတ်၊ ကိုရီးယားလူမျိုးဖြစ်ပုံရပြီး သာမန်ရုပ်ရည်ပါပဲ။ မျက်မှန်တပ်မထား‌တော့ သူ့မျက်နှာကို ဝါးတားတားပဲ မြင်ရတယ်။ တဖြည်းဖြည်း ရထားတွဲပေါ် လူပြည့်လာပေမဲ့ လူတွေကြပ်သိပ်မနေခဲ့ဘူး။ ကိုယ်က Heather Morris ရဲ့ The Tatooist of Auschwitz စာအုပ်ဖတ်နေပြီး ဆတ်ခနဲ ငိုက်သွားခဲ့တယ်။ ချက်ခြင်းဆတ်ခနဲ မျက်စိပြန်ဖွင့်လိုက်တဲ့အခါ ကိုယ့်ကိုပြုံးစိစိနဲ့ ကြည့်နေတဲ့ အာရှသားကို တွေ့လိုက်ရတော့ ရှက်သွားတယ်။ ရထားပေါ်မှာ အမြဲတမ်း အိပ်ပျော်တာကို ဘယ်တုန်းကမှ မရှက်ဖူးသူက ဘာလို့သူ့ကျမှ ရှက်နေမိပါလိမ့်။ မအိပ်ချင်အောင် ကြိုးစားပေမဲ့ မျက်စိညောင်းလာတဲ့အခါ စာအုပ်ပိတ်ကာ မျက်စိမှိတ်ပြီး အိပ်နေလိုက်တော့တယ်။ စကားသံတွေက ဝေးလာလိုက် နီးလာလိုက်။ ခါတိုင်းလို ကိုယ်ဆင်းရမဲ့ ဘူတာမတိုင်မှီ နိုးလာခဲ့တယ်။ ကိုယ့်ကိုကြည့်ပြီး ပြုံးနေတဲ့မျက်လုံးတွေကို မမြင်ချင်ယောင်ဆောင်ရင်း စာအုပ်ဖတ်နေလိုက်တယ်။ တခါတုန်းက အိပ်ပျော်သွားရာကနေ ရုတ်တရက်လန့်နိုးလာပြီး ဘယ်ဘူတာမှန်းရှာကြည့်နေရင် ဘေးမှာထိုင်နေတဲ့ အလိုက်သိတဲ့သူက ဘယ်ဘူတာရောက်နေပြီလို့ ပြောပြဖူးတယ်။ ဆင်းခါနီး ဂွတ်ဘိုင်လို့ စိတ်ထဲကနေ နှုတ်ဆက်ခဲ့တယ်။ နောင်ထပ်ဆုံဖို့ မမျှော်လင့်သလို ဆုံခဲ့ရင်လည်း မှတ်မိပါ့မလား...

စန်းထွန်း
ဇွန် ၂၆၊ ၂၀၂၀။

credit - Google



ဘိုးဘိုးတံတား...

သားသားက ပုံဆွဲတာတော်လိုက်တာ ဘယ်သူနဲ့တူလို့လဲလို့မေးရင် ကြီးကြီးနဲ့တူလိုက်တာလို့ အရင်တုန်းကဖြေပေမဲ့ ခုတော့ ကိုယ့်ဘာသာတတ်တာလို့ ပြောနေပြီ အဆင့်မြင့်လာပြီ။ ငါးနှစ်ဆိုတဲ့အရွယ်က သူသိသူတတ် ဆရာကြီးသိပ်လုပ်တဲ့ အရွယ်တဲ့။ အဘိုး၊ အဖေဆီက ဆရာကြီးလုပ်တဲ့ ဗီဇရတဲ့အပြင် အသက်အရွယ်ကလည်း ဆရာကြီးလုပ်တဲ့အရွယ်ဆိုတော့ သူသိသူတတ် ကိုဖိုးသိ။ မကြီးက လန်ဒန် Tower of Brige က သ‌ေ င်္ဘာတွေလာရင် တံတားကို နှစ်ပိုင်းချိုးပြီးအပေါ်ကို ‌မြှောက်တင်လိုက်တဲ့အကြောင်း ဓာတ်ပုံနဲ့ပြောပြတော့ စိတ်ဝင်စားလို့ မျက်စိကိုပြူးနေတာပဲတဲ့။ သိချင်တတ်ချင် စူးစမ်းချင်တာကို ကျေနပ်မိပေမဲ့ ပြောမရဆိုမရ ခေါင်းမာတဇွတ်ထိုး နိုင်တာကတော့ ရင်လေးစရာ။ သူဆွဲထားတဲ့ပုံ ဓာတ်ပုံဝါးဝါးတွေပို့လို့ မကြီးက ဝါးဝါးတွေမပို့နဲ့လို့ပြောတာ လက်မခံဘူး။ ကိုယ်က ကြည်ကြည်လင်လင် ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း မမြင်ရဘူး။ မမြင်ရလို့ သားဆွဲတာ ကောင်းသလား မကောင်းသလား မမြင်ရဘူး။ ပို့ပေးတာ ကျေးဇူးပဲနော် ကြီးကြီးကြိုက်တယ်လို့ အသံဖိုင်ပို့လိုက်တော့ သဘောကျတယ် ထပ်ကာထပ်ကာ နားထောင်တယ်တဲ့။ ခုတော့ ဓာတ်ပုံကြည်ကြည်‌‌လေးတွေ ပို့တတ်နေပြီ။ မကြိုက်ရင် ဖျက်တတ်နေပြီ။ twinle twinle little star ၊ london bridge is falling down ၊ you are my sunshine ၊ marry had a little lamp သီချင်းလေးတွေ ပို့ပေးတော့ ကြိုက်ပါ့မလား တွေးမိသေးတယ်။ သူက အသက်ကသာငါးနှစ် အသိညာဏ်ကရှစ်နှစ်ဆိုတော့ ကလေးသီချင်း‌တွေ ကြိုက်မှကြိုက်ပါ့မလား။ ၂၀၁၈ အောက်တိုဘာ လန်ဒန်သွားတုန်းက ဓာတ်ပုံကိုပြလိုက်တော့ ဘယ်သူတွေဆိုတာသိတယ်။ သားသားဘိုးဘိုးက ကြီးကြီးဖေဖေလားတဲ့ :D ။ ခုမှ သဘောပေါက် ကွက်ကွက်ကွင်းကွင်း မြင်သွားပုံရတယ်။ ကိုယ်တို့ကိုအတူတူ တခါ၊ နှစ်ခါပဲ မြင်ဖူးတော့လေ။ သူ့အဘိုးဆီကို ဖုန်းဆက်တော့ ဘိုးဘိုးရောက်တဲ့တံတား၊ ဘိုးဘိုးရောက်တဲ့တံတား လို့ချည်းပဲပြောနေလို့ အဖေက ဘိုးဘိုးအိမ်ရှေ့က တံတားလားလို့မေးတော့ မဟုတ်ဘူးတဲ့။ လန်ဒန်ကတံတား ဓာတ်ပုံအကြောင်း ပြောလိုက်တော့မှ သဘောပေါက်သွားတယ်။ အဲ့ဒီလို သူပြောတဲ့ ဘာသာစကားကို နားမလည်ပါဘူးဆို။ ဆံပင်မညှပ်ချင်လို့ ဆံပင်လာညှပ်ပေးတဲ့သူကို ဓားကြီးနဲ့ထိုးလိုက်မယ်လို့ပြောလို့ ကိုယ်တွေမှာ လန့်ဖျန့်သွားတယ်။ သူ့ပတ်ဝန်းကျင်မှာ ဘယ်သူအဲ့ဒီစကား ပြောသလဲမသိဘူး။ အဲ့ဒီစကားကို လူဆိုးတွေမှ ပြောတာနော် သားသားက တော်တယ် လူဆိုးလုပ်ချင်လား လူကောင်းလုပ်ချင်လား သားသားဆုံးဖြတ်လို့ အင်္ဂလိပ်လိုတကြောင်း မြန်မာလိုတကြောင်း ပြောတဲ့အသံဖိုင်ပို့လိုက်တယ်။ သူက ဘိုလိုမှုတ်တာကြိုက်တယ်။ မကြီးက အဲ့ဒီစကားကို လူဆိုးတွေ ပြောတာနော် အဲ့ဒီလိုပြောတာ ကြီးကြီးမကြိုက်ဘူး။ သားသားဖေဖေလည်း လုံးဝမကြိုက်ဘူးလို့ပြောတော့ သားသားဖေဖေမှ မရှိတော့တာလို့ပြောလို့ စိတ်မကောင်းဖြစ်ရသေးတယ်။ သားသား သိပါတယ် အဲ့ဒါလူဆိုးတွေပြောတာတဲ့။ ဒင်းက ကြီးကြီးကို သားသား ဖုန်းမခေါ် ပုံတွေမပို့ဘဲ နေလိုက်မှာနော်လို့ ခြိမ်းခြောက်သေးတယ်။ ဒင်းအဖေကိုတောင် တို့တွေစည်းကမ်းတကျဖြစ်အောင် လုပ်လာတာ ဒင်းလောက်တော့လား။ သူက သူ့အဖေထက် စိတ်ဓာတ်ပြင်းထန်လို့ စိတ်ပူရတယ်။

၂၀၁၈ အောက်တိုဘာ လန်ဒန် Tower of Bridge
Tower of Bridge ...credit - Google
တူ‌တော်မောင်ရဲ့ tower of bridge

တနေ့တနေ့ သားသားတော်တယ် ဆံပင်ကေအသစ်လေးနဲ့ မိုက်တယ်ကွာလို့ မြှောက်ပြောရနဲ့ ကိုယ်တွေလည်း ငဖားကြီး ငဖြီးကြီးကို ဖြစ်လို့။ သူမှမဟုတ်ပါဘူး လူတိုင်း ကိုယ့်ကိုတော်တယ် ချစ်တယ်လို့ပြောတာကို ကြိုက်ပါတယ်။သူ့အဖေဆုံးတော့ အသက် ၄ နှစ်နဲ့ ၄ လ ကလေးဆိုပြီး မသိဘူးမထင်နဲ့ အကုန်သိတယ်။ မကြီးက သားသားဖေဖေ ပြန်မလာနိုင်တာကို သားသားက ဝမ်းနည်းတယ်ဆိုတာ ကြီးကြီးသိတယ်။ ကြီးကြီးတို့လည်း အင်မတန် စိတ်ထိခိုက်ရတယ်။ သားသား ဘိုးဘိုးဆီသွားလည်တိုင်း ဘိုးဘိုးငိုတာ ဘာကြောင့်လဲသိလား။ သားသားဖေဖေကို သတိရလို့ချစ်လို့။ သားသားဖေဖေက ကောင်းကင်ကနေ သားသားကို စောင့်ကြည့်နေတယ်လို့ လူချင်းတွေတဲ့အခါ ပြောမယ်တဲ့။ ဖခင်ဆုံးပါးသွားတဲ့ ငါးနှစ်အရွယ်ကလေးတယောက်ရဲ့ စိတ်ခံစားချက်၊ ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတဲ့ စိတ်ပညာဆောင်းပါးတွေ ဖတ်ကြတယ်။ ယောင်းမက ကွန်ပျူတာတက္ကသိုလ် ကျောင်းထွက်ဆိုပေမဲ့ အိမ်ထဲကနေ အိမ်ပြင်မထွက်။ ရန်ကုန်မှာမွေး ရန်ကုန်မှာကြီးပြီး ဘတ်စ်ကားမစီးတတ်ဘူး။ မောင်မောင်ဆုံးတုန်းကလည်း အမေငိုတာ မကြိုက်ဘူး။ ကိုယ်တို့က ငိုချင်ငိုပါစေ တအားငိုကြီးချက်မတော့ မဖြစ်ရအောင် ထိန်းတယ်။ ငိုချင်တာကို မထိန်းချုပ်နဲ့ ဘယ်လောက်ငိုနိုင်မှာ မို့လို့လဲ။ ယောင်းမအမေက ယောင်းမကို သူငယ်ချင်းတွေနဲ့ သွားခွင့်မပေး၊ ဖုန်းပြောခွင့်မပေးဘူးတဲ့။ အဲ့ဒီလို ဂရုစိုက်လွန်း ထိန်းချုပ်လွန်း ရင့်ကျက်ခွင့် မပေးတဲ့၊ ကျောင်းပို့ကျောင်းကြို နောက်ကနေ တကောက်ကောက်လိုက်တဲ့ မိဘတွေကို အမြင်ကပ်တယ်။ ကွန်ပျူတာတက္ကသိုလ်မှာတုန်းက အတန်းရှေ့မှာ ထိုင်စောင့်နေတဲ့ အမေတယောက်ကို တွေ့ဖူးတယ်။ ဘာမှလုပ်စရာမရှိ တော်တော်အားတယ် ထင်ပါရဲ့။ ကိုယ့်မိဘတွေကတော့ အလုပ်များလွန်းလို့  ကိုယ်တွေက ကိုယ့်ဘာသာလုပ်ရလို့ပဲ ဘာမဆိုလုပ်နိုင် ကိုင်နိုင်တာလား မသိဘူး။ အလာစကာကိုသွားတုန်းက ဟိုတယ်မှာ ကိုယ့်ဘာသာစားသောက်နေတဲ့ ၈ နှစ်အရွယ် အမေရိကန်ကလေးတွေကိုတွေ့တော့ ဟန်က ဗီယက်နမ်မှာဆို ဒီအရွယ်ကလေးတွေကို မိဘတွေက နောက်ကနေ လိုက်ခွံ့နေရတုန်းတဲ့။ အာရှမိဘတွေက သားသမီးကို လုပ်ပေးလွန်းတယ်။ အဖြူတွေက သားသမီးကို ကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ပေးတယ်။ ငယ်ငယ်ကတည်းက စာဖတ်ပြ၊ တယောက်တည်းခွဲအိပ်။ အစားအသောက်ဆိုလည်း မိဘကရွေးပေးတာထက် သူ့တို့ဘာသာ ရွေးချယ်တတ်အောင် မိဘကလုပ်ပေးတယ်။ ဒါကြောင့် အဖြူကလေး ၁၈ နှစ်ဆို အိမ်ခွဲနေဖို့ ကမ္ဘာပတ်ဖို့ အဆင်သင့်ဖြစ်နေပြီ။ အာရှကလေး ၁၈ နှစ်ဆိုတာ ဘာမှမသိသေးဘူး တကယ့်ကလေးသာသာ မိဘက စောင့်ရှောက်ထိန်းသိမ်းနေရတုန်း။ ကိုယ်တွေက ၇တန်းလောက်ကတည်းက မိဘပေးတဲ့ပိုက်ဆံကို ကိုယ့်ဘာသာစီမံခန့်ခွဲသုံး။ ဘယ်ကျူရှင်တက်မယ်၊ ဘာစာအုပ်တွေဝယ်မယ်၊ ဘာတွေစား၊ ဘာတွေဝယ်၊ ဘယ်အချိန် ဘာလုပ်မယ် ကိုယ့်ဘာသာ ဆုံးဖြတ်ရတယ်။ တူ‌တော်မောင်ကို ကိုယ့်အားကိုယ်ကိုး ကိုယ့်‌ခြေထောက်‌ပေါ် ရပ်တည်နိုင်အောင်၊ အချိန်ပိုင်းလုပ်လို့ရတဲ့ အရွယ်ရောက်ရင် အလုပ်လုပ်ခိုင်းမယ်။ လုပ်အားပေးလုပ်ခိုင်းမယ်၊ ၁၈ နှစ်ပြည့်လို့ အိမ်ခွဲ‌‌နေချင်တယ်ဆိုရင် နေခိုင်းမယ်နဲ့။ အလိုလိုက်မယ်၊ အစစအရာရာ လုပ်‌ပေးမယ်မထင်နဲ့။ ကြီးတော်တွေက ဘိုဆန်ဆန် တွေ့ကြသေးတာပေါ့ကွာ။ ခုတော့ ဒင်းက‌လေး‌ကြောင့် london bridge is falling down ဖြစ်နေရပြီ။

စန်းထွန်း
ဇွန် ၁၉၊ ၂၀၂၀။

ကွာရန်တင်း ...

၂၀၁၉ ဒီဇင်ဘာ တရုတ်ပြည်မှာ ကိုဗစ်ဖြစ်တော့ SARS လိုပဲ တရုတ်ပြည်မှာပဲ ပြီးသွားမယ်ထင်တာ ၂၀၂၀ ဖေဖေါ်ဝါရီ စတိတ်မှာ စတွေ့တယ်။ ကူးစက်နှုန်းတွေ တဖြည်းဖြည်း မြင့်လာလိုက်တာ မတ်လ ၁၀ ပီအေရုံးက အကြီးဆုံးကြီး Executive Director မှာ ပေါ့စစ်တစ်တွေ့တယ် ဆိုတဲ့သတင်းကို စီအန်အန်မှာ တွေ့လိုက်တော့ တရုံးလုံး အုံ့အော်သောင်းနင်းဖြစ်။ အကြီးဆုံးကြီးက ဝေါထရိတ်စင်တာရုံးမှာ ဘုတ်ဒါရိုက်တာ အစည်အဝေးရှိရင် တဖက်ကမ်းက နယူးဂျာစီကိုယ်တို့ရုံးကို လာတယ်။ ကိုယ်တို့ဌာန အကြီးဆုံးနှစ်ယောက်က နှစ်ပတ်တခါ အကြီးဆုံးကြီးနဲ့ တွေ့ရတယ်။ အကြီးဆုံးကြီး ပေါ့စစ်တစ်ဆိုတော့ သူနဲ့တွေ့ခဲ့သူအားလုံး ကွာရန်တင်း။ ကိုယ်တို့ဌာနက တပတ်တခါ အိမ်ကနေ အလုပ်လုပ်ခွင့်ပြုတယ်။ ဘာတွေလုပ်တယ်ဆိုတာ ရီပို့တင် မန်နေဂျာလက်မှတ်ယူရ အလုပ်ရှုပ်လို့ ကိုယ်က ရုံးသွားရတာကြိုက်တော့ အိမ်ကနေ တခါမှအလုပ် မလုပ်ဖူးဘူး။ မတ် ၁၃ သောကြာနေ့မှာတော့ ဘယ်သူတွေ အိမ်ကနေအလုပ်လုပ် Internet capacity ကိုစစ်မယ်ဆိုပြီး အမိန့်ထုတ်လိုက်တော့ အိမ်ကနေ အလုပ်လုပ်ရမဲ့စာရင်းမှာ ကိုယ်ပါနေတယ်။ မတ်လ ၁၆ မှာ နယူးယောက်က ရုံး‌တွေအကုန်လုံးပိတ် မတ်လ ၁၇ မှာ နယူးဂျာဆီက ရုံး‌တွေအကုန်လုံး ပိတ်လိုက်တော့မှ ကိုယ်တို့ရုံးက ပိတ်တယ်။ ကိုယ်တို့ရုံးက နယူးရော့ခ်နဲ့ နယူးဂျာစီပြည်နယ် ပြည်နယ်နှစ်ခုလုံးအတွက် အလုပ်လုပ်ပေးတဲ့ ရုံးဆိုတော့လေ။ မတ်လ ၁၇ ရုံးလာတော့ ရထားမှာ ဘယ်သူမှမရှိဘူး အမြဲကြိတ်ကြိတ်တိုးတဲ့ Oculus လည်း လူတွေရှင်းလို့။ လာမိတာမှားပြီလား စွန့်စားရာကျနေပြီလားလို့တောင် တွေးမိတယ်။ ရုံးကလိုအပ်တာတွေယူ နောက်နေ့ကနေစပြီး အိမ်ကနေ အလုပ်လုပ်တာ ခုထိရုံးမဖွင့်သေးဘူး။ ရုံးပိတ်တာ ၂ လကျော်ပြီ ၃ လလောက်မှ ဖွင့်နိုင်မယ်ထင်ပါရဲ့။ သေတဲ့နှုန်းက တဖြည်းဖြည်း တက်လာလိုက်တာ တရက်ကို သေတဲ့နှုန်းက ၈၀၀-၉၀၀ နယူးယောက်တင်ပဲနော်။ တခြားပြည်နယ်တွေ မပါသေးဘူး နယူးယောက်မြို့က အဆိုးဆုံး။ သတင်းတွေမှာလည်း ကိုဗစ်သတင်းချည်းပဲ တစက်မှစိတ်ချမ်းသာစရာ မရှိဘူး။ ကိုဗစ်ကလည်း ကူးစက်နှုန်းမြန် တော်တော်ဆိုးတဲ့ဗိုင်းရပ်စ်။ ဆေးရုံတွေမှာ ကုတင်နေရာတွေမရှိ အသက်ရှူစက်တွေ အလုံအလောက်မရှိ။ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှုး အမ်းထရူးကူမိုရဲ့ သတင်းစာရှင်းလင်းပွဲ၊ ဘေးကင်းအောင် နေထိုင်နည်း၊ ကာကွယ်ဆေး သတင်းလောက်ပဲ ကြည့်တယ်။ အလုပ်လုပ်ရာမှာ အခက်အခဲက အစည်အဝေးခန်းထဲမှာ စကားတွေ ပြိုင်တူပြောကြတာ တခုတော့ရှိတယ်။

အစားအသောက်က လွန်ခဲ့တဲ့နှစ်ပတ်လောက်ကတည်းက တတ်နိုင်သလောက် ဝယ်ခြမ်းထားတာဆိုတော့ အဆင်ပြေတယ်။ သုံးပတ်လောက်ကြာတော့ ပစ္စည်းတွေပြတ်လာပြီ အင်တာနက်ကနေရှာတော့ Fresh Direct မှာ မရတော့ဘူး။ ဝိုင်းက အရင်ကတည်းက Fresh Go Go တရုတ်ဝက်ဆိုဒ်ကနေဝယ်တယ် ခုတော့ တလကြာမှ ရောက်မယ်တဲ့။ နယူးယောက် အော်ဂင်းနစ်ဆိုဒ်ကမှာတာ ၂ ပတ်ကြာတယ်။ နောက်တော့ InstaCart ကနေမှာတာ ချက်ခြင်းရတယ်။ စေ◌ျးကအရင်ကထက် စေ◌ျးကြီးတယ် ဆားဗစ်၊ တစ်ဖ်၊ ပို့ခတွေပေးရတယ်။ ဝယ်လို့ရနေတာကိုက ကံကောင်းလို့ စူပါမားကတ်စ်မှာ သွားဝယ်ရင် ကိုဗစ်ကူးဖို့များတယ်။ အရင်တုန်းက တလ ၃၀၀ လောက်ပဲ ကုန်ပေမဲ့ ခုတော့ ၇၀၀ လောက်ကုန်တယ်။ ပစ္စည်းတွေ ရောက်လာရင် မျက်နှာဖုံးတပ် လက်အိတ်စွပ်ပြီးကိုင်ပြီး ကိုယ့်အိတ်ထဲထည့်။ အထားခံတယ်ဆိုရင် အပြင်မှာတပတ်လောက် ပစ်ထားတယ်။ နေ့တိုင်းမနက် ငှက်စာကျွှေးတာရယ်၊ တပတ်နှစ်ခါ အမှိုက်အိမ်ရှေ့ ထွက်ပစ်တာလောက်ပဲ။ ဒါတောင် လူဖြတ်သွားရင် ကူးမလားဆိုပြီး ကြောက်သေးတယ်။ ရာသီဥတု နည်းနည်းနွေးလာပြီး နေသာတဲ့နေ့ဆိုရင် အိမ်နဲ့သုံးမိနစ်အဝေးက ပန်းခြံလေးဆီ လမ်းသွားလျှောက်ချင်ပေမဲ့ ပြန်လာရင် ဝတ်ထားတဲ့အဝတ်တွေကိုလျှော်၊ ခေါင်းလျှော်ရေချိုး ဆယ်မိနစ်လေး လမ်းလျှောက်ဖို့ကို မိနစ်၂၀ လောက် သန့်ရှင်းရေးလုပ်ရမှာနဲ့ မသွားဖြစ်တော့ဘူး။ ကိုယ်က underlying conditions ရှိတော့ ကူးရင်မလွယ်ဘူး။ ကိုယ့်မန်နေဂျာနဲ့ အသိညီမလေးတယောက် ကိုဗစ်ဖြစ်တာ အတော်ခံရတယ်။ အိပ်လိုက်စားလိုက်နဲ့ နှစ်ပေါင်တက်လာတယ် ညဖက်ဆို တော်တော်နဲ့မအိပ်ဘူး မနက် ၃ နာရီမှ အိပ်တယ် မနက် ၈ နာရီ ၄၅ ထတယ်။ အိပ်ချိန်တွေ ကမောက်ကမဖြစ်လို့ မျက်ကွင်းညို မျက်လုံးအောက်ဖက်မှာ အရေးအကြောင်းတွေ များလာတယ်။ အရင်တုန်းကဆို ည ၁၁ နာရီခွဲဆို အိပ်ချင်နေပြီ။ ခုက ကိုယ်လက်လှုပ်ရှားမှု မရှိတော့ မအိပ်ချင်တာ ယောဂ ၁၅ မိနစ်လောက်ပဲ လုပ်တယ်။ ခုဆို ခြေလှမ်းတထောင်တောင် မလျှောက်ဘူး အရင်တုန်းကဆို ခြေလှမ်းတသောင်း တနာရီလမ်းလျှောက်ရတာကိုး။ ရထားစီးတဲ့အချိန် ၃ နာရီလောက် ပိုထွက်လာတော့ စာဖတ်မယ်၊ စာရေးမယ်၊ လေ့ကျင့်ခန်းလုပ်မယ်၊ တရားထိုင်မယ်ဆိုတာ ဘာဆိုဘာမှ မယ်မယ်ရရ မလုပ်ဖြစ်ဘူး။ ကိုယ့် mentor ဒရူးကတော့ အပတ်တိုင်း ကောင်းနိုးရာရာ ဆောင်းပါးလေးတွေ၊ လေ့လာစရာလေးတွေ ပို့ပေးတယ်။ သေသေချာချာ လုပ်ဖြစ်တာဆိုလို့ စန္ဒရားလေ့ကျင့်ဖြစ်တာပဲ ရှိတယ်။ အဲ့ဒါလည်း ဘယ်တော့ပျက်မလဲ မသိဘူး။ ကိုယ့်အိမ် ခြံပတ်ပတ်လည်ကို သံစည်းရိုး ကာထားတယ်။ တလမ်းလုံး လုံးခြင်းအိမ်၊ တွဲလျက်အိမ် town house တွေပဲဆိုတော့ တိုက်ခန်းလို လူမများဘူး။ တလတခါ အိမ်ရှေ့က မြက်တွေရှင်းပေးတယ်။ 


ကွာရန်တင်း  ၂ လပြည့်တုန်းက ရိုက်ထားတာ… 
Oculus, lower manhattan
Path train from New Jersey to New York

One month lockdown in Wuhan ဆိုတဲ့ ယူကျူဗွီဒီယိုလေး ကြည့်ရတယ်။ အစပိုင်းမှာ သတင်းအမှောင်ချတာ၊ သတိပေးတဲ့ ဒေါက်တာကို ဖမ်းဆီးတာတော့ တရုတ်တွေ မကောင်းဘူး။ ဒါပေမဲ့ အကုန်လုံးပိတ်၊ နေရာတိုင်းမှာ အပူချိန်တိုင်း၊ သွားလာခွင့် လက်မှတ်နဲ့မှသွား၊ မျက်နှာဖုံး မဖြစ်မနေတပ်ရ၊ အိမ်တိုင်းကို နေ့တိုင်း အပူချိန်တိုင်း၊ သံသယရှိတာနဲ့ စောင့်ကြည့်ရေးစင်တာပို့။ အတော့်ကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်လို့ ၃ လနဲ့ ထိန်းချုပ်နိုင်တယ်။ စတိတ်မှာတော့ မျက်နှာဖုံးတပ်ဖို့ကို ခုမှတိုက်တွန်းတယ်။ အိမ်မှာနေခိုင်းတဲ့အမိန့်ကို ဆန္ဒပြတယ်တဲ့ အေးပါကွာ။ အမေရိကန်တွေ အတော်ထူးဆန်းတာပဲ။ အာရှသားတွေကတော့ ကွန်မြူနစ်၊ စစ်အစိုးရ အုပ်ချုပ်မှုအောက်မှာ ကြီးပြင်းခဲ့ရတော့ အမိန့်နာခံတတ်တယ်။ အမေရိကန်တွေက အခွင့်အရေး၊ လွတ်လပ်ခွင့်ကို အရေးထားတဲ့နိုင်ငံ။ ခုထိ တချို့အမေရိကန်တွေ ကိုဗစ်ကို အလေးမထားဘူး။ အရေးထဲ သမ္မတထရန့်က ပေါက်ကရတွေပြော ငှက်ဖျားဆေး ဟိုက်ထရိုကလိုရိုကွင်းဆေးက ကိုဗစ်ပျောက်တယ်‌‌ပြောလို့ ဝယ်သောက်ကြလို့ သတင်းဌာနတွေက ဆရာဝန်ညွှန်ကြားချက်မပါဘဲ မသောက်ရလို့ပြောရတယ်။ Clorox အရက်ပျံ၊ အစွန်းချွှတ်ဆေးက ကိုဗစ်ကိုသေနိုင်တယ်ဆိုရင် ဘာလို့လူ့ခန္ဓာကိုယ်ထဲ မထိုးထည့်တာလဲလို့ ထရန့်ကပြောလို့ လျှောက်လုပ်ကြ။ ရောဂါထိန်းချုပ်ရေးဌာန စီဒီစီနဲ့ Clorox က ခန္ဓာကိုယ်ထဲ မထိုးထည့်နဲ့နော် သေတတ်တယ်လို့ သတိပေး။ ကိုဗစ်ကြောင့် စိတ်မချမ်းသာရတဲ့အထဲ ဒင်းကတမှောင့်။ သစ်ခွပန်းလေး သေသွားပြီ။ အိမ်ပေါ်မှာ အိမ်ရှင်တွေမနေဘူး တယောက်တည်းနေတာဆိုတော့ စကားပြောဖေါ် မရှိမှာစိုးလို့ ချစ်အစ်မတွေက သူ့ဆီဖုန်းခေါ်ပြောတဲ့။ ကိုယ်လား မနက်တခါ ညတခါ အဖေ၊ အမေ၊ နှစ်ရက်ခြားတခါ မကြီးနဲ့ပြော၊ အပတ်တိုင်း ဝိုင်းနဲ့ပြော၊ နေ့တိုင်း ချစ်အစ်မတွေကို မတ်ဆေ့ပို့၊ တယောက်တည်း နေသားကျနေပြီ။ ပန်းခြံထဲမှာ လမ်းလျှောက်ချင်၊ တောင်တက်၊ ခရီးမထွက်ရတာတော့ တော်တော်ဆိုးတယ်။ ကွာရန်တင်းအချိန်မှာ အလိုချင်ဆုံးက ‌ခွေးနဲ့‌ကြောင် နတ်စုနဲ့မိုချီကို သတိရတယ်။ သူတို့သာရှိရင် အတော်ပျော်ဖို့ကောင်းမှာ မိုချီကိုချီပြီး နတ်စုမနာလိုအောင်စ၊ မိုချီ့နှုတ်ခမ်းမွှေး၊ နားရွက်ကိုဆွဲ၊ ဗိုက်ခေါက်၊ အမြီးကိုကိုင်။ ကိုယ့်ဘေးနားမှာ လာထိုင် အိပ်နေတတ်တဲ့ ဒင်းကလေးတွေကို သတိရတယ်။ တခါတလေ မိုချီက စကားတွေ လာပြောတယ် တညောင်ညောင်နဲ့ ဘာတွေပြောနေမှန်း မသိဘူး။ သူ့လေသံအတိုင်း လိုက်ညောင်ရင် ရပ်သွားရော။ အဲ့ဒီအခါ စိတ်ညစ်သွားတဲ့ မျက်နှာပေးလေးက ရယ်ရတယ်။ ညောင်ဆိုတဲ့ အသံကလည်း အမျိုးမျိုးရှိတယ် ဗိုက်ဆာရင်၊ ချွှဲနွဲ့ရင် အသံကတမျိုး။ စိတ်တိုရင် ဘုကြည့်ကြည့်တတ်တယ်။ နတ်စုလေးက အင်မတန်ချစ်တတ် ကြောက်တတ် မနာလိုတတ်တယ်။ 

သစ်ပင်ပန်းပင်လေးတွေရှိတဲ့ ခြံလေးလိုချင်တယ်။ ခုအိမ်က ကွန်ကရစ်ခင်းထားလို့ သစ်ပင်လေးတွေစိုက်ထားတဲ့ မြေနည်းနည်းလေးပဲ ရှိတယ်။ အိမ်ကနေရာကျဥ◌်းလို့ အလုပ်လုပ်ဖို့ စားပွဲထိုင်ခုံအကြီးကြီး မရှိဘူး။ ဝယ်လို့ရပေမဲ့ နေရာရယ်၊ ပြောင်းဖို့ရွှေ့ဖို့ရယ်နဲ့ မဝယ်တော့ဘူး။ ကိုယ့်အိမ်ကျမှပဲ ကိုယ့်စိတ်တိုင်းကျ လုပ်တော့မယ်။ မဖြစ်မနေ ချက်ပြုတ်ရလို့ လက်ရာတိုးတက်လာတယ်။ ကိုယ့်ဘာသာချက် ကိုယ့်ဘာသာစား ကိုယ့်ဘာသာကောင်းတယ် ဆိုပါတော့။ ဝိုင်းကတော့ သူ့လက်ရာတွေကို မစားနိုင်တော့ဘူး ခဏအနားယူတယ်ဆိုပြီး ဆိုင်ကမှာစားတယ်။ ဆူနမ်၊ ရာမာ၊ ဂင်္ဂါကတော့ မနက်စာ၊ နေ့လည်စာ၊ ညစာဆိုပြီး သုံးယောက်သား မီးဖိုချောင်ကနေမထွက် အပြိုင်အဆိုင် ချက်ပြုတ်ကြသတဲ့။ ဆူနမ်က သူ့အဖေကို ဟင်းချက်နည်းတွေမေးပြီး ချက်တယ်တဲ့။ ဝိုင်းနဲ့ကိုယ်ကတော့ တန်ဖိုးရှိတဲ့အချိန်တွေကို မီးဖိုချောင်ထဲမှာ မကုန်ဆုံးနိုင်ပါဘူး။ Netflix ယူပြီး ရုပ်ရှင်တွေ ကြည့်ဖြစ်တယ်။ ဆူနမ် နင်ကတော့ အရင်ကတည်းက အိမ်ကနေအလုပ်လုပ်တာဆိုတော့ နင့်အတွက် မထူးခြားဘူးနော်လို့ပြောတော့ မထူးခြားပေမဲ့ မြင်ရကြားရတဲ့ သတင်းတွေက စိတ်မချမ်းသာစရာ။ ရောဂါကလည်း ကြောက်စရာဆိုတော့ စိတ်ပူပင်နေရတယ်တဲ့။ အလုပ်ပြုတ်တဲ့သတင်း၊ ကွန်ထရပ်တာတွေကို စာချုပ်ထပ်မတိုးတဲ့ သတင်းတွေကြားရတယ်။ အလုပ်ကလေးရှိတယ်၊ ကျန်းမာတယ်၊ စားစရာရှိနေတာကိုက အတော်ကံကောင်းနေပြီ။ ဘဝကြီးဟာ မရောရာ၊ မသေချာ၊ မမြဲခြင်းတွေနဲ့ ခန့်မှန်းလို့မရ စိတ်တထင့်ထင့်နဲ့ ပူပင်နေရတဲ့ဘဝ။ အလှလည်းမပြင် အိမ်နေရင်း အဝတ်အစားနဲ့ စုတ်ပြတ်နေတာများ အိမ်ခြေမဲ့ရုပ်ကိုပေါက်လို့။ ခုတော့လည်း နေ့စဥ◌်ရုံးတက်ရတဲ့ ဘဝလေးကို လွမ်းမိပြီး ပြန်ဖွင့်ရင်တော့လား ရုံးနားက နေ့လည်ထမင်းစားပြီးချိန် လမ်းလျှောက်နေကျ အောက်မန်ဟက်တန် စကိုင်းလိုင်းကို မြင်ရတဲ့ မြစ်ကမ်းနားဘေး၊ တရုတ်တန်းကနေ ၄၂ လမ်းအထိ အရှေ့မြစ်ကမ်းဘေး၊ ဘရွတ်ကလင်း တံတားအောက်ဖက်က ပန်းခြံ၊ စင်ထရယ်ပါ့ခ်ပန်းခြံမှာ တဝကြီးလမ်းလျှောက်ပစ်မယ်။

စန်းထွန်း
ဇွန် ၁၂၊ ၂၀၂၀။


ခေတ်မှီသူတိုင်း မတ်စ်တပ်ကြသည်...…ဗိုလ်ကြီးကား ကြည့်ပြီး လက်ဖျစ်လေးတွတ် အသည်းပေးတတ်နေပြီ… :)
နတ်စုနဲ့မိုချီ
Me, left
I am at stage 3

မောင်မောင်ရေ - ၁

ဇွန် ၃ ရက်မှာ မောင်မောင်ဆုံးတာ တစ်နှစ်ပြည့်ပြီ။ အချိန်ကုန်တာ မြန်လိုက်တာ တစ်နှစ်ဆိုတာ ခဏလေးပဲ။ ကိုယ့်အတွက်တော့ မနေ့ကလိုပဲ။ နေ့တိုင်း အိပ်ယာကနိုးတာနဲ့ ကားထဲကနေ ဆွဲထုတ်လိုက်တဲ့ သူ့ပုံရိပ်ကို မြင်ယောင်နေတုန်းပဲ။ အစ်မ ဘာလုပ်နေလဲဆိုပြီး မသေခင် ၃ ရက်အလို ဗွီဒီယိုကောပြောတုန်းက အသံကို ကြားနေတုန်းပဲ။ အရင်တုန်းကလို မငိုတော့ပေမဲ့ တွေးမိတိုင်း နာကျင်ကြေကွဲ ဝမ်းနည်းပက်လက် ခံစားနေရတုန်းပဲ။ ဓာတ်ပုံကို မကြည့်မိအောင် နေတယ်။ ကားတိုက်တဲ့အကြောင်း ရုပ်ရှင်ထဲမှာ ငိုရမဲ့အခန်းတွေပါရင် ဝမ်းနည်းပက်လက် ငိုနေတုန်းပဲ။ စိတ်က အရမ်းထိခိုက်ခံစားလွယ်တယ်။ ဘာမဟုတ်တာလေးကိုတောင် မျက်ရည်ကျချင်တယ်။ မတွေးမိအောင်လို့ မအားရအောင် စာဖတ်၊ စာရေး၊ ရုပ်ရှင်ကြည့်၊ စန္ဒရားတီးသင် တခုခုလုပ်နေတယ်။ တခါတလေတော့လည်း ခုထိ အသက်ရှင်နေ‌သေးသလို စိတ်တွေက တောင်စဥ◌်ရေမရ။ ကိုယ်တောင် ဒီလောက်ခံစားနေရတာ အဖေနဲ့အမေဆို ဘယ်လောက်ခံစားနေရမလဲ။ အဖေနဲ့အမေဆို ခုထိအချိန်တိုင်း မြင်နေတုန်းပဲတဲ့။ မိဘသေဆုံးရင် သားသမီးခံစားရတာထက် သားသမီးသေဆုံးရင် မိဘခံစားရတာက ပိုတယ်။ မျက်စိတမှိတ် လက်တဖျစ်အတွင်း သေနိုင်တယ်၊ အသက်ရှင်နေတာ ဘာအတွက်လဲ၊ သေပြီးရင် ဘာတွေဖြစ်မလဲ အဲ့ဒါတွေ တွေးမိနေတယ်။ သူ့အတွက် ရည်စူးပြီး နေ့စဥ◌်နေ့တိုင်း ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပြီး အမျှဝေတယ်။ ရောက်ရာဘုံဘဝကနေ သာဓုခေါ်နိုင်ပါစေ ကောင်းရာသုဂတိ ရောက်ပါစေ။

စန်းထွန်း
ဇွန် ၅၊ ၂၀၂၀။

စတိတ်မသွားခင် ၂၀၁၀ ဒီဇင်ဘာ ရန်ကုန်ပြန်လာတုန်းက လေဆိပ်မှာ
အဲ့ဒီလို အပြောလေးကချို ချစ်အောင်ပြောတတ်တယ်
၂၀၁၉ မေ ၃၁ နောက်ဆုံးဗွီဒီယိုကော
၂၀၁၉ ဖေဖေါ်ဝါရီ ၁၅ ပုဂံမှာ မောင်မောင် နောက်ဆုံးကျွှေးခဲ့တဲ့ ညစာ