ဇွန် ၃ ရက်မှာ မောင်မောင်ဆုံးတာ တစ်နှစ်ပြည့်ပြီ။ အချိန်ကုန်တာ မြန်လိုက်တာ တစ်နှစ်ဆိုတာ ခဏလေးပဲ။ ကိုယ့်အတွက်တော့ မနေ့ကလိုပဲ။ နေ့တိုင်း အိပ်ယာကနိုးတာနဲ့ ကားထဲကနေ ဆွဲထုတ်လိုက်တဲ့ သူ့ပုံရိပ်ကို မြင်ယောင်နေတုန်းပဲ။ အစ်မ ဘာလုပ်နေလဲဆိုပြီး မသေခင် ၃ ရက်အလို ဗွီဒီယိုကောပြောတုန်းက အသံကို ကြားနေတုန်းပဲ။ အရင်တုန်းကလို မငိုတော့ပေမဲ့ တွေးမိတိုင်း နာကျင်ကြေကွဲ ဝမ်းနည်းပက်လက် ခံစားနေရတုန်းပဲ။ ဓာတ်ပုံကို မကြည့်မိအောင် နေတယ်။ ကားတိုက်တဲ့အကြောင်း ရုပ်ရှင်ထဲမှာ ငိုရမဲ့အခန်းတွေပါရင် ဝမ်းနည်းပက်လက် ငိုနေတုန်းပဲ။ စိတ်က အရမ်းထိခိုက်ခံစားလွယ်တယ်။ ဘာမဟုတ်တာလေးကိုတောင် မျက်ရည်ကျချင်တယ်။ မတွေးမိအောင်လို့ မအားရအောင် စာဖတ်၊ စာရေး၊ ရုပ်ရှင်ကြည့်၊ စန္ဒရားတီးသင် တခုခုလုပ်နေတယ်။ တခါတလေတော့လည်း ခုထိ အသက်ရှင်နေသေးသလို စိတ်တွေက တောင်စဥ◌်ရေမရ။ ကိုယ်တောင် ဒီလောက်ခံစားနေရတာ အဖေနဲ့အမေဆို ဘယ်လောက်ခံစားနေရမလဲ။ အဖေနဲ့အမေဆို ခုထိအချိန်တိုင်း မြင်နေတုန်းပဲတဲ့။ မိဘသေဆုံးရင် သားသမီးခံစားရတာထက် သားသမီးသေဆုံးရင် မိဘခံစားရတာက ပိုတယ်။ မျက်စိတမှိတ် လက်တဖျစ်အတွင်း သေနိုင်တယ်၊ အသက်ရှင်နေတာ ဘာအတွက်လဲ၊ သေပြီးရင် ဘာတွေဖြစ်မလဲ အဲ့ဒါတွေ တွေးမိနေတယ်။ သူ့အတွက် ရည်စူးပြီး နေ့စဥ◌်နေ့တိုင်း ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပြီး အမျှဝေတယ်။ ရောက်ရာဘုံဘဝကနေ သာဓုခေါ်နိုင်ပါစေ ကောင်းရာသုဂတိ ရောက်ပါစေ။
စန်းထွန်း
ဇွန် ၅၊ ၂၀၂၀။
|
စတိတ်မသွားခင် ၂၀၁၀ ဒီဇင်ဘာ ရန်ကုန်ပြန်လာတုန်းက လေဆိပ်မှာ |
|
အဲ့ဒီလို အပြောလေးကချို ချစ်အောင်ပြောတတ်တယ် |
|
၂၀၁၉ မေ ၃၁ နောက်ဆုံးဗွီဒီယိုကော |
|
၂၀၁၉ ဖေဖေါ်ဝါရီ ၁၅ ပုဂံမှာ မောင်မောင် နောက်ဆုံးကျွှေးခဲ့တဲ့ ညစာ |
No comments:
Post a Comment