ဘိုးဘိုးတံတား...

သားသားက ပုံဆွဲတာတော်လိုက်တာ ဘယ်သူနဲ့တူလို့လဲလို့မေးရင် ကြီးကြီးနဲ့တူလိုက်တာလို့ အရင်တုန်းကဖြေပေမဲ့ ခုတော့ ကိုယ့်ဘာသာတတ်တာလို့ ပြောနေပြီ အဆင့်မြင့်လာပြီ။ ငါးနှစ်ဆိုတဲ့အရွယ်က သူသိသူတတ် ဆရာကြီးသိပ်လုပ်တဲ့ အရွယ်တဲ့။ အဘိုး၊ အဖေဆီက ဆရာကြီးလုပ်တဲ့ ဗီဇရတဲ့အပြင် အသက်အရွယ်ကလည်း ဆရာကြီးလုပ်တဲ့အရွယ်ဆိုတော့ သူသိသူတတ် ကိုဖိုးသိ။ မကြီးက လန်ဒန် Tower of Brige က သ‌ေ င်္ဘာတွေလာရင် တံတားကို နှစ်ပိုင်းချိုးပြီးအပေါ်ကို ‌မြှောက်တင်လိုက်တဲ့အကြောင်း ဓာတ်ပုံနဲ့ပြောပြတော့ စိတ်ဝင်စားလို့ မျက်စိကိုပြူးနေတာပဲတဲ့။ သိချင်တတ်ချင် စူးစမ်းချင်တာကို ကျေနပ်မိပေမဲ့ ပြောမရဆိုမရ ခေါင်းမာတဇွတ်ထိုး နိုင်တာကတော့ ရင်လေးစရာ။ သူဆွဲထားတဲ့ပုံ ဓာတ်ပုံဝါးဝါးတွေပို့လို့ မကြီးက ဝါးဝါးတွေမပို့နဲ့လို့ပြောတာ လက်မခံဘူး။ ကိုယ်က ကြည်ကြည်လင်လင် ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း မမြင်ရဘူး။ မမြင်ရလို့ သားဆွဲတာ ကောင်းသလား မကောင်းသလား မမြင်ရဘူး။ ပို့ပေးတာ ကျေးဇူးပဲနော် ကြီးကြီးကြိုက်တယ်လို့ အသံဖိုင်ပို့လိုက်တော့ သဘောကျတယ် ထပ်ကာထပ်ကာ နားထောင်တယ်တဲ့။ ခုတော့ ဓာတ်ပုံကြည်ကြည်‌‌လေးတွေ ပို့တတ်နေပြီ။ မကြိုက်ရင် ဖျက်တတ်နေပြီ။ twinle twinle little star ၊ london bridge is falling down ၊ you are my sunshine ၊ marry had a little lamp သီချင်းလေးတွေ ပို့ပေးတော့ ကြိုက်ပါ့မလား တွေးမိသေးတယ်။ သူက အသက်ကသာငါးနှစ် အသိညာဏ်ကရှစ်နှစ်ဆိုတော့ ကလေးသီချင်း‌တွေ ကြိုက်မှကြိုက်ပါ့မလား။ ၂၀၁၈ အောက်တိုဘာ လန်ဒန်သွားတုန်းက ဓာတ်ပုံကိုပြလိုက်တော့ ဘယ်သူတွေဆိုတာသိတယ်။ သားသားဘိုးဘိုးက ကြီးကြီးဖေဖေလားတဲ့ :D ။ ခုမှ သဘောပေါက် ကွက်ကွက်ကွင်းကွင်း မြင်သွားပုံရတယ်။ ကိုယ်တို့ကိုအတူတူ တခါ၊ နှစ်ခါပဲ မြင်ဖူးတော့လေ။ သူ့အဘိုးဆီကို ဖုန်းဆက်တော့ ဘိုးဘိုးရောက်တဲ့တံတား၊ ဘိုးဘိုးရောက်တဲ့တံတား လို့ချည်းပဲပြောနေလို့ အဖေက ဘိုးဘိုးအိမ်ရှေ့က တံတားလားလို့မေးတော့ မဟုတ်ဘူးတဲ့။ လန်ဒန်ကတံတား ဓာတ်ပုံအကြောင်း ပြောလိုက်တော့မှ သဘောပေါက်သွားတယ်။ အဲ့ဒီလို သူပြောတဲ့ ဘာသာစကားကို နားမလည်ပါဘူးဆို။ ဆံပင်မညှပ်ချင်လို့ ဆံပင်လာညှပ်ပေးတဲ့သူကို ဓားကြီးနဲ့ထိုးလိုက်မယ်လို့ပြောလို့ ကိုယ်တွေမှာ လန့်ဖျန့်သွားတယ်။ သူ့ပတ်ဝန်းကျင်မှာ ဘယ်သူအဲ့ဒီစကား ပြောသလဲမသိဘူး။ အဲ့ဒီစကားကို လူဆိုးတွေမှ ပြောတာနော် သားသားက တော်တယ် လူဆိုးလုပ်ချင်လား လူကောင်းလုပ်ချင်လား သားသားဆုံးဖြတ်လို့ အင်္ဂလိပ်လိုတကြောင်း မြန်မာလိုတကြောင်း ပြောတဲ့အသံဖိုင်ပို့လိုက်တယ်။ သူက ဘိုလိုမှုတ်တာကြိုက်တယ်။ မကြီးက အဲ့ဒီစကားကို လူဆိုးတွေ ပြောတာနော် အဲ့ဒီလိုပြောတာ ကြီးကြီးမကြိုက်ဘူး။ သားသားဖေဖေလည်း လုံးဝမကြိုက်ဘူးလို့ပြောတော့ သားသားဖေဖေမှ မရှိတော့တာလို့ပြောလို့ စိတ်မကောင်းဖြစ်ရသေးတယ်။ သားသား သိပါတယ် အဲ့ဒါလူဆိုးတွေပြောတာတဲ့။ ဒင်းက ကြီးကြီးကို သားသား ဖုန်းမခေါ် ပုံတွေမပို့ဘဲ နေလိုက်မှာနော်လို့ ခြိမ်းခြောက်သေးတယ်။ ဒင်းအဖေကိုတောင် တို့တွေစည်းကမ်းတကျဖြစ်အောင် လုပ်လာတာ ဒင်းလောက်တော့လား။ သူက သူ့အဖေထက် စိတ်ဓာတ်ပြင်းထန်လို့ စိတ်ပူရတယ်။

၂၀၁၈ အောက်တိုဘာ လန်ဒန် Tower of Bridge
Tower of Bridge ...credit - Google
တူ‌တော်မောင်ရဲ့ tower of bridge

တနေ့တနေ့ သားသားတော်တယ် ဆံပင်ကေအသစ်လေးနဲ့ မိုက်တယ်ကွာလို့ မြှောက်ပြောရနဲ့ ကိုယ်တွေလည်း ငဖားကြီး ငဖြီးကြီးကို ဖြစ်လို့။ သူမှမဟုတ်ပါဘူး လူတိုင်း ကိုယ့်ကိုတော်တယ် ချစ်တယ်လို့ပြောတာကို ကြိုက်ပါတယ်။သူ့အဖေဆုံးတော့ အသက် ၄ နှစ်နဲ့ ၄ လ ကလေးဆိုပြီး မသိဘူးမထင်နဲ့ အကုန်သိတယ်။ မကြီးက သားသားဖေဖေ ပြန်မလာနိုင်တာကို သားသားက ဝမ်းနည်းတယ်ဆိုတာ ကြီးကြီးသိတယ်။ ကြီးကြီးတို့လည်း အင်မတန် စိတ်ထိခိုက်ရတယ်။ သားသား ဘိုးဘိုးဆီသွားလည်တိုင်း ဘိုးဘိုးငိုတာ ဘာကြောင့်လဲသိလား။ သားသားဖေဖေကို သတိရလို့ချစ်လို့။ သားသားဖေဖေက ကောင်းကင်ကနေ သားသားကို စောင့်ကြည့်နေတယ်လို့ လူချင်းတွေတဲ့အခါ ပြောမယ်တဲ့။ ဖခင်ဆုံးပါးသွားတဲ့ ငါးနှစ်အရွယ်ကလေးတယောက်ရဲ့ စိတ်ခံစားချက်၊ ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတဲ့ စိတ်ပညာဆောင်းပါးတွေ ဖတ်ကြတယ်။ ယောင်းမက ကွန်ပျူတာတက္ကသိုလ် ကျောင်းထွက်ဆိုပေမဲ့ အိမ်ထဲကနေ အိမ်ပြင်မထွက်။ ရန်ကုန်မှာမွေး ရန်ကုန်မှာကြီးပြီး ဘတ်စ်ကားမစီးတတ်ဘူး။ မောင်မောင်ဆုံးတုန်းကလည်း အမေငိုတာ မကြိုက်ဘူး။ ကိုယ်တို့က ငိုချင်ငိုပါစေ တအားငိုကြီးချက်မတော့ မဖြစ်ရအောင် ထိန်းတယ်။ ငိုချင်တာကို မထိန်းချုပ်နဲ့ ဘယ်လောက်ငိုနိုင်မှာ မို့လို့လဲ။ ယောင်းမအမေက ယောင်းမကို သူငယ်ချင်းတွေနဲ့ သွားခွင့်မပေး၊ ဖုန်းပြောခွင့်မပေးဘူးတဲ့။ အဲ့ဒီလို ဂရုစိုက်လွန်း ထိန်းချုပ်လွန်း ရင့်ကျက်ခွင့် မပေးတဲ့၊ ကျောင်းပို့ကျောင်းကြို နောက်ကနေ တကောက်ကောက်လိုက်တဲ့ မိဘတွေကို အမြင်ကပ်တယ်။ ကွန်ပျူတာတက္ကသိုလ်မှာတုန်းက အတန်းရှေ့မှာ ထိုင်စောင့်နေတဲ့ အမေတယောက်ကို တွေ့ဖူးတယ်။ ဘာမှလုပ်စရာမရှိ တော်တော်အားတယ် ထင်ပါရဲ့။ ကိုယ့်မိဘတွေကတော့ အလုပ်များလွန်းလို့  ကိုယ်တွေက ကိုယ့်ဘာသာလုပ်ရလို့ပဲ ဘာမဆိုလုပ်နိုင် ကိုင်နိုင်တာလား မသိဘူး။ အလာစကာကိုသွားတုန်းက ဟိုတယ်မှာ ကိုယ့်ဘာသာစားသောက်နေတဲ့ ၈ နှစ်အရွယ် အမေရိကန်ကလေးတွေကိုတွေ့တော့ ဟန်က ဗီယက်နမ်မှာဆို ဒီအရွယ်ကလေးတွေကို မိဘတွေက နောက်ကနေ လိုက်ခွံ့နေရတုန်းတဲ့။ အာရှမိဘတွေက သားသမီးကို လုပ်ပေးလွန်းတယ်။ အဖြူတွေက သားသမီးကို ကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ပေးတယ်။ ငယ်ငယ်ကတည်းက စာဖတ်ပြ၊ တယောက်တည်းခွဲအိပ်။ အစားအသောက်ဆိုလည်း မိဘကရွေးပေးတာထက် သူ့တို့ဘာသာ ရွေးချယ်တတ်အောင် မိဘကလုပ်ပေးတယ်။ ဒါကြောင့် အဖြူကလေး ၁၈ နှစ်ဆို အိမ်ခွဲနေဖို့ ကမ္ဘာပတ်ဖို့ အဆင်သင့်ဖြစ်နေပြီ။ အာရှကလေး ၁၈ နှစ်ဆိုတာ ဘာမှမသိသေးဘူး တကယ့်ကလေးသာသာ မိဘက စောင့်ရှောက်ထိန်းသိမ်းနေရတုန်း။ ကိုယ်တွေက ၇တန်းလောက်ကတည်းက မိဘပေးတဲ့ပိုက်ဆံကို ကိုယ့်ဘာသာစီမံခန့်ခွဲသုံး။ ဘယ်ကျူရှင်တက်မယ်၊ ဘာစာအုပ်တွေဝယ်မယ်၊ ဘာတွေစား၊ ဘာတွေဝယ်၊ ဘယ်အချိန် ဘာလုပ်မယ် ကိုယ့်ဘာသာ ဆုံးဖြတ်ရတယ်။ တူ‌တော်မောင်ကို ကိုယ့်အားကိုယ်ကိုး ကိုယ့်‌ခြေထောက်‌ပေါ် ရပ်တည်နိုင်အောင်၊ အချိန်ပိုင်းလုပ်လို့ရတဲ့ အရွယ်ရောက်ရင် အလုပ်လုပ်ခိုင်းမယ်။ လုပ်အားပေးလုပ်ခိုင်းမယ်၊ ၁၈ နှစ်ပြည့်လို့ အိမ်ခွဲ‌‌နေချင်တယ်ဆိုရင် နေခိုင်းမယ်နဲ့။ အလိုလိုက်မယ်၊ အစစအရာရာ လုပ်‌ပေးမယ်မထင်နဲ့။ ကြီးတော်တွေက ဘိုဆန်ဆန် တွေ့ကြသေးတာပေါ့ကွာ။ ခုတော့ ဒင်းက‌လေး‌ကြောင့် london bridge is falling down ဖြစ်နေရပြီ။

စန်းထွန်း
ဇွန် ၁၉၊ ၂၀၂၀။

No comments: