ကိုယ့်အတွက်တော့ မီးရထားဆိုတာ နေ့စဉ်ဘဝထဲမှာ မရှိမဖြစ် အရေးပါတဲ့အရာတခု။ ရထားပေါ် ကြုံဆုံရသူတွေထဲမှာ အမှတ်တရဖြစ်တဲ့ သူတယောက်ရှိခဲ့တယ်။ အဲ့ဒီနေ့က ကိုယ့်ထိုင်ခုံရှေ့မှာ အာရှနဲ့လူဖြူ လူလတ်ပိုင်းအရွယ် လူနှစ်ယောက် လာထိုင်ခဲ့တယ်။ သူတို့ပြောစကားတွေအရ အသိမိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက် ဖြစ်ပုံရတယ်။ အာရှသားက အသားဖြူဖြူ မျက်ခုံးနက်နက် တရုတ်၊ ကိုရီးယားလူမျိုးဖြစ်ပုံရပြီး သာမန်ရုပ်ရည်ပါပဲ။ မျက်မှန်တပ်မထားတော့ သူ့မျက်နှာကို ဝါးတားတားပဲ မြင်ရတယ်။ တဖြည်းဖြည်း ရထားတွဲပေါ် လူပြည့်လာပေမဲ့ လူတွေကြပ်သိပ်မနေခဲ့ဘူး။ ကိုယ်က Heather Morris ရဲ့ The Tatooist of Auschwitz စာအုပ်ဖတ်နေပြီး ဆတ်ခနဲ ငိုက်သွားခဲ့တယ်။ ချက်ခြင်းဆတ်ခနဲ မျက်စိပြန်ဖွင့်လိုက်တဲ့အခါ ကိုယ့်ကိုပြုံးစိစိနဲ့ ကြည့်နေတဲ့ အာရှသားကို တွေ့လိုက်ရတော့ ရှက်သွားတယ်။ ရထားပေါ်မှာ အမြဲတမ်း အိပ်ပျော်တာကို ဘယ်တုန်းကမှ မရှက်ဖူးသူက ဘာလို့သူ့ကျမှ ရှက်နေမိပါလိမ့်။ မအိပ်ချင်အောင် ကြိုးစားပေမဲ့ မျက်စိညောင်းလာတဲ့အခါ စာအုပ်ပိတ်ကာ မျက်စိမှိတ်ပြီး အိပ်နေလိုက်တော့တယ်။ စကားသံတွေက ဝေးလာလိုက် နီးလာလိုက်။ ခါတိုင်းလို ကိုယ်ဆင်းရမဲ့ ဘူတာမတိုင်မှီ နိုးလာခဲ့တယ်။ ကိုယ့်ကိုကြည့်ပြီး ပြုံးနေတဲ့မျက်လုံးတွေကို မမြင်ချင်ယောင်ဆောင်ရင်း စာအုပ်ဖတ်နေလိုက်တယ်။ တခါတုန်းက အိပ်ပျော်သွားရာကနေ ရုတ်တရက်လန့်နိုးလာပြီး ဘယ်ဘူတာမှန်းရှာကြည့်နေရင် ဘေးမှာထိုင်နေတဲ့ အလိုက်သိတဲ့သူက ဘယ်ဘူတာရောက်နေပြီလို့ ပြောပြဖူးတယ်။ ဆင်းခါနီး ဂွတ်ဘိုင်လို့ စိတ်ထဲကနေ နှုတ်ဆက်ခဲ့တယ်။ နောင်ထပ်ဆုံဖို့ မမျှော်လင့်သလို ဆုံခဲ့ရင်လည်း မှတ်မိပါ့မလား...
စန်းထွန်း
ဇွန် ၂၆၊ ၂၀၂၀။
|
credit - Google |
No comments:
Post a Comment