ယိုးဒယားသွား တောလား - ၄

၂၀၂၂ ဧပြီ ၂၇ ဗုဒ္ဓဟူးနေ့ မနက်ဖက် ဘာမင်ဂရပ်ဆေးရုံမှာ ပိုက်ဆံရှင်း။ အမေ့ရဲ့သွေးစစ်တဲ့ အဖြေရလာဒ်ကို ဆရာဝန်က ကောင်းတယ်တဲ့။ အဖေ့အလှည့်ကျတော့ အတော်စောင့်ရတယ်။ ဆရာဝန်က ညနေ ၄ နာရီလောက်မှ လာမယ်ပြောတော့ ငါတို့လေယာဥ်ကညနေ ဆရာဝန်ကို ညနေအထိ မစောင့်နိုင်ဘူး။ သွေးစစ်တဲ့အဖြေရလာဒ်ကို တခြားဆရာဝန်နဲ့ ကြည့်ပေးပါလို့ တောင်းဆိုတော့ ဝန်ထမ်းတယောက်က သိပ်မလုပ်ပေးချင်ဘူး။ ကံကောင်းချင်တော့ တယောက်က အသေအချာစီစဥ်ပေးတယ်။ နေ့လည် ၁ နာရီဆိုတော့ တူတော်မောင်ကို နေ့လည်စာလိုက်ကျွှေး။ ဘာစားချင်လဲမေးတော့ မက်စီဒေါနယ် စားချင်တယ်တဲ့ မက်ဒေါနယ်ကိုပြောတာ။ ကိုယ်ကလည်း fast food တွေမစားတော့ သိပ်မသိ တူတော်မောင်ကလည်း ဂျီးကခပ်များများဆိုတော့ ဝယ်ရတာ တော်တော်ကြာတယ်။ သူက သူ့အိမ်မှာ ဘာမှမလုပ် သူ့အမေ သူ့ကြီးဒေါ်ကို အကုန်ခိုင်းတဲ့သူ။ ကိုယ်က အသေအချာပြောပြ စောင့်ကြည့်ပြီး သူ့ကို အကုန်ခိုင်းတယ်။ အဖေက နှလုံးသွေးကြောထဲက အဆီတွေကို ထိန်းထားနိုင်တယ်။ သောက်နေတဲ့ ဆေးလေးမျိုးထဲက တမျိုးကဘာလို့သောက်တာလဲ။ ဘာလို့သောက်ရတာလဲ မသိဘူး ဆရာဝန်က သောက်ခိုင်းလို့သောက်တာ။ အဲ့ဒီဆေးကို မသောက်နဲ့တဲ့ ဆေး၂မျိုး အမြဲသောက်ပြီး လိုတော့မှ တတိယဆေးကိုသောက်တဲ့။ မြန်မာပြည်က ဆရာဝန်တွေ အဲ့လိုပဲ ဆေးတွေအများကြီးသောက်ခိုင်း ထစ်ခနဲဆို ခွဲမယ်ဆိုတာကြီးပဲ။ အသိတယောက်ရဲ့အမေဟာ လမ်းမလျှောက်နိုင်လို့ ဝှီးချဲနဲ့။ စင်္ကာပူမှာပြတော့ ဆရာဝန်က သောက်နေတဲ့ဆေးတွေ အကုန်ဖြတ်လိုက်တာနဲ့ လမ်းထလျှောက်တော့တာပဲ။ စကားပြန်မြန်မာကောင်လေးကို မေးကြည့်တော့ ပလာဇာမှာ ကိုဗစ်ကာကွယ်ဆေး အလကားထိုးပေးတယ်ဆိုလို့ ပလာဇာဆီ တက္ကစီနဲ့သွား။ ကိုဗစ်စင်တာမှာ လူသိပ်မရှိဘူး သိပ်မကြာခင် ပိတ်တော့မယ်။ ပလာဇာကနေ ပြီးတော့ နာမည်ကျော်ပလက်တီနမ်မောလ်ကို တုတ်တုတ်စီးပြီးသွားတာ နေ့လည်ချိန်မို့ ပူလိုက်တာ။ အသားကင်ရင် မီးဖိုမှာ ကင်စရာမလိုဘူး။ အပြင်မှာထားရုံနဲ့တင် ကျက်သွားလောက်တယ်။ အရီဇိုးနားပြည်နယ် Antelope Canyon တုန်းကလည်း အသေပူတာ မီးဖိုနားနေရသလိုပဲ။ ကိုဗစ်ကာလမို့လို့ စျေးဆိုင်တွေ သိပ်မရှိဘူး။ အဖေက သူ့အတွက် ချည်သားရှပ်အင်္ကီျလေးတွေဝယ်။ သူ့ညီတွေ၊ သူငယ်ချင်းတွေ၊ အလုပ်သမားတွေအတွက် ဘန်ကောက်ပြန်လက်ဆောင် ရှပ်အင်္ကီျဆယ်ထည် ဝယ်တယ်။ မြန်မာဆိုင်တွေက အားပေးပါဦးလို့ လှမ်းခေါ်ကြတယ်။ တူတော်မောင်အတွက် တီရှပ်တွေဝယ်တယ်။ အမေက ဒေါက်မြှင့်ဖိနပ်တရံပဲဝယ်ဖို့ အတင်း၂ရံဝယ်ခိုင်း။ ကိုယ်တို့ငယ်ငယ်တုန်းက ကျောင်းသား၃ယောက်ဆိုတော့ အဖေနဲ့အမေမှာ အင်္ကီျသိပ်မရှိဘူး။ ခုတော့ ကိုယ်တို့တွေလည်း အရွယ်ရောက် ထောက်ပံ့စရာမလိုတော့ဘူးဆိုတော့ ခုမှအတိုးချပြီး အမေက လိုချင်တာဝယ်တယ်။ ဒစ်စကောင့်မချ သားသမီးမျက်နှာမကြည့်ဘဲ လိုချင်တဲ့စလင်းဘတ်အိတ်နှစ်လုံး ဆွဲချဝယ်တဲ့ အမေတွေအကြောင်းကြားရရင် ကိုယ့်မိဘတွေကို သိပ်ကျေးဇူးတင်တာပဲ။

ပလက်တီနမ်မောလ်မှာ ကြက်ကြော် ယိုးဒယားသဘေင်္ာသီးထောင်းစား။ ဘန်ကောက်က အစားအသောက် သိပ်ကောင်းတာပဲ။ ပြီးတော့ မောလ်တခုစီလမ်းလျှောက်ပြီး အဖေ့အတွက် Uniqlo က ဘောင်းဘီ၊ တူတော်မောင်အတွက် ဘောင်းဘီ၊ အမေ့အတွက် ဘောင်းဘီဝယ်တယ်။ လျှောပင်းမောလ်က ကြီးလွန်းလို့ Zara ဆိုင်ကို ဝန်ထမ်းတယောက်က ကားလေးမောင်းပြီး လိုက်ပို့ပေးတယ်။ ညီမဝမ်းကွဲလိုချင်တဲ့ အိတ်က စျေးမချ သူလိုချင်တဲ့ အရောင်လည်းမရှိ။ မြန်မာပြည်ကလူတွေကို လက်ဆောင်ပေးရတာ သိပ်ခက်တာပဲ။ စျေးချတဲ့ဟာ ကိုယ်ပေးချင်တဲ့ဟာဆို သူတို့ကမကြိုက် သူတို့ကြိုက်တဲ့ဟာတွေကျတော့ ကိုယ်ကမပေးနိုင်။ အမေရိကားကဝေးတော့ ပို့ခစျေးကြီးတော့ ကိုယ့်ဆီက သိပ်မတောင်းကြဘူး။ မကြီးကတော့ အဲ့ဒီဒဏ်တွေ အများကြီးခံရတာပေါ့။ ကိုယ်ကလက်ဆောင်ပေးချင်ရင် ဘာလိုချင်လဲမေးလိုက်တယ်။ မကြီးက သင့်တော်တာဝယ်ပေး ကိုယ်ကကျသင့်ငွေ ပေးရုံပဲဆိုတော့ အဲ့ဒါတွေသိပ်မသိဘူး။ လက်ဆောင်ပေးရတာ အတော်ဦးနှောက်စားတာပဲ။ စျေးဝယ်ပြီးတော့ ပင်ပန်းလို့ ရေခဲမုန့်သွားစားတယ်။ ဆိုင်က နာမည်တော်တော်ကြီးတယ် တော်တော်စားကောင်းတယ်။ တူတော်မောင်က အီးပါချင်တာ ချုပ်ထားလို့ အိမ်သာထဲလိုက်ပို့။ အိမ်သာထဲကျတော့လည်း မဝင်လို့ ဝင်ပါ မပါပါဘူးဆို မဝင်ဘူးနဲ့ ငြင်းနေကြတာ မြန်မာသန့်ရှင်းရေးအမက သူအတူတူလိုက်ဝင်ပေးမယ်ဆိုတာတောင် မဝင်ဘူးတဲ့။ သားအမိလား မေးနေလို့ တူဝရီးလို့။ ဝမ်းချုပ်တာတော့ သူ့ကြီးတော်ကြီး မကြီးနဲ့တူတယ် တနေရာသွားတော့မယ် လူရှိတယ်ဆို ဝမ်းမသွားတော့ဘူး။ မကြီးက တယောက်တည်း ညစာသွားဝယ်တာကို တူတော်မောင်က စိတ်မချလို့ လိုက်ချင်တယ်။ သူ့အဘိုးအဘွားတွေကို ထားခဲ့ရမှာလည်း စိတ်မချဘူးနဲ့ ဗျာများနေတာ အတော်ရယ်ရတယ်။ တမျှော်မျှော်နဲ့ စိတ်ပူတတ်တာကတော့ သူ့အဘိုးအတိုင်းပဲ။ နောက်နေ့ အယုဒ္ဓယသွားလည်တဲ့အကြောင်းကတော့ နောက်အပတ်မှပဲ တင်ပါတော့မယ်။


Happy Travelling!

စန်းထွန်း

အောက်တိုဘာ ၂၉၊ ၂၀၂၂။

ဆြာကြီး သူ့ဘာသာ ဆယ်ဖီဆွဲထားတာ
သိချင် စပ်စုချင် ရှေ့ဆုံးကနေ ချီတက်နေတာ
မနည်းပြုံးခိုင်းရတယ်
အတော်ကောင်းတဲ့ ရေခဲမုန့်ဆိုင်

ယိုးဒယားသွား တောလား - ၃

၂၀၂၂ ဧပြီ ၂၆ အင်္ဂါနေ့ မနက်ဖက် ဘာမင်ဂရပ်ဆေးရုံကိုသွားတော့ ကားသမားက လမ်းမှားပြီး တခြားနေရာရောက်သွားတယ်။ ရောက်တော့မယ် ဆေးရုံနဲ့နီးနေပြီလို့ သိပေမဲ့ ဘယ်လိုမောင်းချလိုက်လဲမသိ ရောက်ပြီဆိုတော့မှ နေရာမှားမှန်းသိတယ်။ ဘန်ကောက်မှာ တက္ကစီငှားရတာ အဆင်မပြေဘူး။ အင်္ဂလိပ်လို၊ ထိုင်းလိုရေးပြီး ပြတာတောင် မှားဖြစ်အောင် မှားသေးတယ်။ သုဝဏ္ဏဘူမိလေဆိပ်ပဲ မမှားတာ ကျန်တာအကုန်မှားတယ်။ သူငယ်ချင်းက ယူအက်စ်ဗီဇာကို ဘန်ကောက်မှာ လာလျှောက်တာ တလလောက် ဘန်ကောက်မှာ သောင်တင်နေတယ်။ ဘန်ကောက်မှာ တက္ကစီငှားတာ ခက်တယ် Grab နဲ့ငှားလည်း အဆင်မပြေဘူး ပြောတုန်းက ဟုတ်ပါ့မလားပေါ့။ ခုတော့ ဟုတ်ပါ့ သွေးထွက်အောင် မှန်လိုက်တာ။ ရထားစီးရတာ ကြိုက်တယ်။ သွေးဖောက်၊ X-ray ရိုက်။ ဒီကြားထဲ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ သွားမေးတာ ဘတ်တထောင်ကျော် ကျမယ်တဲ့။ အလကားထိုးပေးတဲ့နေရာရှိတယ်ဆိုလို့ အင်တာနက်ကနေ လိုက်ရှာ။ စကားပြန်မြန်မာကောင်လေးကို မေးကြည့်တော့ ဘယ်ပလာဇာမှာလဲမသိ အလကားထိုးပေးတယ်တဲ့။ ဘာမင်ဂရပ်ဆေးရုံမှာ ဆေးလာကုတဲ့မြန်မာများလို့ မြန်မာဌာနတောင် ရှိတယ်တဲ့။ ဆေးရုံမှာ နေ့လည်စာစား ထိုင်းမှာ ဘယ်နေရာမဆို အစားအသောက် တော်တော်ကောင်းတာပဲ။ အပြန်ကျတော့ အဖေတို့ပင်ပန်းနေတာနဲ့ တက္ကစီငှားတာ အဝေးကြီးရောက်ပြီးမှ မှားမှန်းသိတယ်။ ဒီလောက် ဂူဂယ်မတ်၊ မတ်တော့မီ apps တွေနဲ့ ကြည့်နေတာတောင်။ ကားပိတ်လို့ ဟိုင်းဝေးဖက်ကနေ ပတ်မောင်းတယ် ထင်နေတာ။ တက္ကစီသမားကလည်း ယိုးဒယားလိုပြော အင်္ဂလိပ်လို ရေးပြတဲ့ apps နဲ့ ပြန်ပြောတယ်။ ဆေးရုံက ကားကြီးကြပ်တဲ့ကောင်လေး ညွှန်တဲ့အတိုင်း မောင်းတာတဲ့။ အဲ့ဒီကောင်လေးညွှန်လို့ မှားတာ နှစ်ခါရှိပြီ။ မသိရင်လည်း မသိဘူး ပြောတာမဟုတ်ဘူး။

ညနေစောင်းကျတော့ အိုရှန်းမော မရောက်ဖူးသေးလို့ မကြီးက လိုက်ပို့ပေးတယ်။ တူတော်မောင်ကိုလည်း လိုက်မလားမေး သူလိုချင်တဲ့ ဂျုံမှုန့်၊ ကော်မှုန့်တွေ၊ ဆေးတွေ ဝယ်ပေးမယ်ဆိုတော့ ချက်ချင်းကို ထလိုက်တာ။ ကိုဗစ်ကာလမို့လို့ လမ်းဘေးဆိုင်တွေ ပိတ်ထားလို့ လမ်းကတော်တော်ရှင်းနေတယ်။ ဘုရားမှာ ဝတ်ပြုသူတွေ စည်ကားတယ်။ ယိုးဒယားတွေ ဘာသာတရား ကိုင်းရှိုင်းတယ်။ ယိုးဒယားအက သာယာငြိမ့်ငြောင်းတယ်၊ အဲ့ဒီနေရာမှာ ဗုံးပေါက်မှု ဖြစ်တာတဲ့။ ဂုံးကျော်တံတားအတိုင်းလျှောက်၊ ဟိုဖက်ဒီဖက်ကူး။ စူပါမားကတ်ဆိုင်ထဲမှာ စားစရာတွေ၊ တူတော်မောင် လိုချင်တာတွေဝယ်။ ည ၉ နာရီကျော်တော့မှ ရထားနဲ့ အိမ်ပြန်ကြတယ်။ တူတော်မောင် စပ်စုချိန်က ခြေထောက်က ခွေခေါက်နေပြီ လမ်းမလျှောက်ချင်ဘူး အိမ်ပြန်ချင်တယ်လို့ မညည်းဘူး လူကြီးတယောက်လိုပဲ။ သူ့ကို ဒီလောက် ခရီးသွားဖို့ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်မထားဘူး။ ရထားပေါ်မှာလည်း ဘယ်ဘူတာမှာ ဆင်းရမယ်၊ ဘယ်နှစ်ဘူတာ လိုသေးလဲ ကြည့်ထားဆို ကြည့်နေတယ်။ ဘူတာကနေ ဟိုတယ်ပြန်တဲ့လမ်းလည်း မှတ်မိတယ်။ သူ့အမေကို ဖုန်းဆက်ပါဆိုတာ မဆက်ဘူး။ အိမ်နဲ့ အမေနဲ့ တခါမှမခွဲဘူးတဲ့ ကလေးပေမဲ့ ခရီးသွားလို့ အတော်အဆင်ပြေတာပဲ။ နောက်နေ့ ဘယ်တွေသွားကြလဲဆိုတာကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။ ဒီပို့စ်တင်တဲ့အချိန် နယူးယောက်မှာ ကိုပေါက်ရဲ့ မိုးခါးရေ ရုံတင်ပြသလို့ လက်မှတ်စစ်တဲ့နေရာမှာ ဗော်လန်တီယာ တာဝန်ယူထားပါတယ်။ တွေ့ခဲ့ရင် လာနှုတ်ဆက်လို့ ရပါတယ်နော်။

Happy Travelling!
စန်းထွန်း

ယိုးဒယားသွား တောလား - ၂

၂၀၂၂ ဧပြီ ၂၅ တနင်္လာနေ့ ညနေ ၄ နာရီလောက် Skywalk ကနေ ရထားစီး မြစ်ဆိပ်ကိုလမ်းလျှောက်။ လမ်းဘေးက ဆန်မုန့်လေးတွေကို ဝယ်စားတယ်။ သန့်သန့်ရှင်းရှင်း လုပ်ထားတာကလည်း လှလှပပ တအားမချို ရောင်းတဲ့သူကလည်း သဘောကောင်း။ သဘေင်္ာဆိပ်ရောက်တော့ နိုင်ငံခြားသားမှန်းသိတော့ ခရူစီးဖို့ လာခေါ်တယ်။ ထိုင်းပြည်သူတွေစီးတဲ့ ရိုးရိုးဘုတ်ပဲ စီးမယ်တဲ့။ ကျောက်ဖယားမြစ်တလျှောက် မောင်းနှင်းနေတာ လမ်းပိတ်တာလည်းမရှိ။ ရန်ကုန်မြစ်ကမ်းတလျှောက် အဲ့လိုဘုတ်လေးတွေ ပြေးဆွဲရင်ကောင်းမှာလို့ တွေးနေမိတယ်။ အတက်အဆင်းကို ဆွဲချမတတ် လုပ်ကြတာကတော့ ရန်ကုန်ဘတ်စ်ကားတွေအတိုင်းပဲ။ ညနေ နေဝင်ချိန် ကျောက်ဖယားမြစ်ကမ်းတလျှောက် လေလေးတဖြူးဖြူးနဲ့ ဘုတ်စီးရတာ သဘောကျတယ်။ Temple of Dawn သို့မဟုတ် Wat Arun လက်ရာအနုစိတ်ပြီး အင်မတန်လှတယ်။ ဘုရားတပတ် ပတ်လျှောက် တန်ဆောင်းထဲက ဘုရားစာရွတ်လို့ ဝင်နားထောင်။ ဘီလူးရုပ်တွေက လက်ရာလည်းမြောက် ကြောက်စရာလည်းကောင်း။ မြန်မာမိသားစုတစု တွေ့ခဲ့တယ်။ ညနေမှောင်လာတော့ ဘုတ်စီး ရထားစီးပြီး နိုဗိုတယ်ဟိုတယ်ဝင် အဖေတို့ကျန်ခဲ့တဲ့အထုပ်ဝင်ယူ။ တူတော်မောင်က နိုဗိုတယ်ဟိုတယ်က ပိုကောင်းတယ်တဲ့ အကြီးကြီး ရေကူးကန်နဲ့ ။ နိုဗိုတယ်ဟိုတယ်က ထမင်းကြော်က ကောင်းတယ်တဲ့။ အကောင်းသိတာကတော့ သူ့အဖေအတိုင်းပဲ။ ညစာစားဖို့ဆိုင်တွေ လိုက်ကြည့်ကြတာ လျှောပင်းမောတွေလည်းရောက်။ ​ညစျေးတန်းလိုမျိုး ဆိုင်တန်းမှာ လူတွေကြိတ်ကြိတ်တိုး။ မြန်မာမှန်းသိတော့ သူတို့ကမြန်မာ ဟိုဖက်ဆိုင်ကလည်း မြန်မာတဲ့။ ထိုင်စရာခုံတွေကအပြည့် လမ်းဘေးမှာထိုင်ပြီး စားကြသူတွေနဲ့။ စမူတီသောက်နေတဲ့ ထိုင်းကလေးမတွေဆီက ထိုင်ခုံအပိုသွားတောင်းတော့ လူကြီးတွေကိုအားနာ သူတို့လည်း စားလို့ပြီးပြီဆိုတော့ ခုံနေရာပေးလို့ အဆင်ပြေသွားတယ်။ တူတော်မောင်ကို ရေဝယ်ခိုင်းတာ မဝယ်ချင်ဘူးပြောလို့ အတင်းချော့မော့လွှတ်။ သူ့အိမ်မှာက ကွဲကျမှာစိုး သူ့ကိုခိုင်းရတာနည်းနည်း ပြောရတာ ပြန်လုပ်ရတာ များများဆိုတော့ မခိုင်းဘူး။ ကိုယ်တို့အိမ်မှာတော့ မရဘူး ထမလုပ်မချင်း အာပေါက်ရင် ပေါက်ပါစေ ခိုင်းနေတော့ နားပူမခံချင်လို့ ထလုပ်တယ်။ ခုလည်း ချော့လိုက် အတင်းလေးခိုင်းလိုက်နဲ့ မဝယ်ချင်ဝယ်ချင်နဲ့ သွားဝယ်တယ်။ အဖေက သူ့မြေးနဲ့နောက် လိုက်ပြီးဝယ်ပေးမလို့ ဘယ်ရမလဲ။ မနီးမဝေးကနေ အသာလေးစောင့်ကြည့်။ မြန်မာကောင်လေးတယောက်က ကလေးကိုသင်ပေးနေမှန်းသိလို့ ကူညီလုပ်ပေးသွားတယ်။ အဖေတို့ဟာ သူ့မြေးကိုချစ်လိုက်တာလည်း တုန်မတတ် အသုံးမကျဘူးလို့ပြောလို့ ကလေးကမျက်နှာငယ်။ မကြီးက မျက်နှာရိပ်မျက်နှာကဲနဲ့ တားပေမဲ့ ဆူနေတုန်း။ ကိုယ်က စိတ်ပေါက်ပေါက်နဲ့ ဒါလေးလုပ်တာနဲ့ပဲ ကလေးကို အသုံးမကျဘူးလို့ ပြောရသလား။ နားလည်သဘောပေါက်အောင် ရှင်းပြရမှာမဟုတ်ဘူးလားနဲ့ အဖေ့ကိုဆူ။ တော်သေးတယ် ကိုယ့်မိဘတွေက ငါမိဘပဲ နင်တခွန်းမှ ပြန်မပြောနဲ့ အာဏာရှင်ဆန်တဲ့မိဘ မဟုတ်ပေးလို့။ အဲ့ဒီကတည်းက တူတော်မောင်ဟာ ကိုယ့်ကို ကယ်တင်ရှင်လို့ထင်ပြီး ကိုယ့်နားကပ်တော့တာပဲ။ ကိုယ်က သေချာရှင်းပြ ဂရုစိုက် နားထောင်ပေးလို့ ကိုယ်က သူ့ဖေးဖရိတ်အန်တီ ဖြစ်သွားတယ်ထင်တာ မကြီးက မဟုတ်ဘူး ကိုယ်က သူပြောတာကို သေချာနားထောင်ပေးလို့တဲ့။ နောက်နေ့တွေ ဘယ်ကိုသွားပြီး လည်ကြသလဲဆိုတာ မကြာမှီလာမည် မျှော်။

Happy Traveling!

စန်းထွန်း

အောက်တိုဘာ ၁၅။ ၂၀၂၂။

ယိုးဒယားသွား တောလား - ၂

၂၀၂၂ ဧပြီ ၂၅ တနင်္လာနေ့ နေ့လည် အဖေတို့ ဘာမင်ဂရပ်ဆေးရုံကနေ မိနစ် ၂၀ လမ်းလျှောက်ပြီး ကိုယ့်ဟိုတယ်ဆီ ပြန်လာတယ်။ ခဏနားပြီး မြေပေါ်ရထားနဲ့ ဘန်ကောက်မှာ အမြင့်ဆုံး King Power Mahanakhon မှာရှိတဲ့ Skywalk ဆီ သွားကြတယ်။ ဘန်ကောက်ရထား စီးရတာ အဆင်ပြေတယ်။ ယိုးဒယားတွေ ဆင်တွေ အလေးထားပုံရတယ် ဆင်ရုပ်ကို နေရာတော်တော်များများ တွေ့ရတယ်။ အပေါ်တက်ခါနီး အစားအသောက် မယူရဆိုလို့ အဒေါ်ပေးလိုက်တဲ့ မုန့်ဖက်ထုပ်တွေ အစားပြေစားဖို့ ယူလာတာ။ လွှင့်ပစ်ရမှာ နှမျောတော့ အလယ်က အုန်းသီးထန်းညက်တွေ ဖောက်စားပြီ' မုန့်သားတွေလွှင့်ပစ်။ လက်မှတ်ဝယ်ပြီး locker ပေးတော့မှ အဲ့လိုမှန်းသိရင် မုန့်ဖက်ထုပ်တွေ မလွှင့်ပစ်ပါဘူးဆိုပြီး နှာမြောတသဖြစ်။ အပေါ်မတက်ခင် ဓာတ်ပုံရိုက်။ ခြေထောက်မှာ အိတ်စွပ်ပြီး မှန်ပေါ်မှာ လမ်းလျှောက်ရတာ အတော်ကြောက်ဖို့ ကောင်းတယ်။ တုန်ချိတုန်ချိ မထိရဲမနင်းရဲ ဖြစ်နေတာများ ဘေးကကြည့်တဲ့သူ အူတက်။ တူတော်မောင်က ကြောက်လို့ မျက်စိဇွတ်မှိတ်ပြီး အပေါ်တက်ပြေးလို့ လာပါအတင်းခေါ်။ ခဏနေတော့ မကြောက်မရွံ့ လမ်းနှစ်ပတ်လောက် ပတ်လျှောက်ပြလို့ well done၊ good job၊ bravo ဝိုင်းအော်။ လေတိုက်လို့ အပေါ်မှာခဏနေပြီး အောက်ထပ်မှာ တပတ်ပတ်ကြည့်။ မြင်ကွင်းက လန်ဒန်က Shan Tower လိုပါပဲ။ ရေဆာလို့ အအေးဝယ်သောက်။ မြဘုရားက ဘယ်နားလောက်မှာဆိုပြီး ခန့်မှန်းကြည့်  ဝန်ထမ်းကိုမေး ဘယ်နားမှာလည်းလို့ပြခိုင်း။ ဘန်ကောက်က တော်တော်ကြီးတယ် သန့်ရှင်းတယ်။ အေးအေးဆေးဆေး အနားယူ ညနေ နေဝင်ချိန်ဆို ပိုလှမှာ။ ဒါပေမဲ့ နေဝင်ချိန်အထိ မစောင့်နိုင်တော့ဘူး။ Temple of Dawn or Wat Aarun ဘုရားကို ရထားစီး ဘုတ်စီးပြီး သွားလည်တဲ့အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။ ဒီပို့စ်တင်တဲ့အချိန် အော်ရီဂွန်ပြည်နယ်က ပို့လန်း၊ ဝါရှင်တန်ပြည်နယ်က ဆီရေတယ်ကို ခရီးသွားနေချိန်ပါ။ ပေါ့လန်း ဆီရေတယ်သွား တောလားပို့စ်တွေကတော့ နောက်မှပဲ တင်ပါတော့မယ်။ လာမည် ကြာမည် မျှော်။

Happy Travelling!

စန်းထွန်း

အောက်တိုဘာ ၈၊ ၂၀၂၂။

ယိုးဒယားသွား တောလား - ၁

ယိုးဒယားသွားဖို့ မစီစဥ်ထားဘဲ မထင်မှတ်ဘဲ သွားဖြစ်သွားတယ်။ အဖေတို့က နှစ်စဥ်ဆေးစစ်တာ စင်္ဂကာပူ၊ ယိုးဒယားမှာ စစ်တယ်။ ဒီနှစ်မှာတော့ စင်္ဂကာပူကို လေယာဥ်လက်မှတ် မရတာနဲ့ ဘန်ကောက်သွားစစ်ဖြစ်တယ်။ ဗီဇာလျှောက်စရာ မလိုပေမဲ့ ကိုဗစ်ကာလဆိုတော့ ဘန်ကောက်ရောက်တာနဲ့ သတ်မှတ်ထားတဲ့ ဟိုတယ်ကိုတန်းသွား။ ပီစစ်အာစစ် နောက်နေ့ နက်ဂတစ်အဖြေရရင် ကိုယ်တည်းမဲ့ဟိုတယ်ကိုပြောင်း။ ရန်ကုန်ကနေ မထွက်ခင် ၃ ရက်အလို ပီစစ်အာစစ်ရ တော်တော်အလုပ်ရှုပ်တယ်။ တူတော်မောင်ကို လိုက်မလားမေးလိုက်တာ လိုက်မယ်ဆိုလို့ ပတ်စ်ပို့စ်အပြေးအလွှားလုပ်။ လေယာဥ်၊ ဟိုတယ်၊ ခရီးစဥ်အားလုံး မကြီးစီစဥ်တာ။ သူက အဖေတို့ဆေးခန်းပြတိုင်း၊ လေယာဥ်ခသက်သာလို့ဆိုပြီး ဘန်ကောက်တဂျိမ်းဂျိမ်း သွားနေတာ။ မိသားစုဆုံမှာ မတွေ့တာလဲ သုံးနှစ်လောက်ရှိပြီ လာခဲ့ဆိုတာနဲ့ ကိုယ်လည်း ကမန်းကတန်း သွားဖို့စီစဥ်။ family emergency ဆိုပြီးခွင့်တင် အင်္ဂါနေ့ လေယာဥ်လက်မှတ်ဝယ် စနေနေ့ ဘန်ကောက်ထွက်လာတော့တာပဲ။ အဲ့ဒီအချိန်တုန်းက တိုက်ခန်းဝယ်ဖို့ကိစ္စအတွက် အင်မတန်အလုပ်များနေတာ။ ဘဏ်က ပိုက်ဆံချေးဖို့အတွက် တင်ထားတဲ့စာရွက်စာတမ်း၊ တိုက်ခန်းကို စစ်ဆေးနေတဲ့အချိန်။ နေ့တိုင်း ဘဏ်၊ ရှေ့နေ၊ တိုက်ခန်းအုပ်ချုပ်ရေးအဖွဲ့ ကို ဖုန်းဆက်ပြီး လိုက်နေရတဲ့အချိန်။ ကူညီပေးတဲ့ အသိညီမလက်ထဲ အပ်ထားခဲ့ပြီး ထွက်လာလိုက်တယ်။ တိုက်ခန်းဝယ်တဲ့အကြောင်း နောက်မှပို့စ်ရေးဦးမယ်။ ThaiPass က မသွားခင် ၃ - ၇ ရက်အတွင်း တင်ရတာကို မကြီးက ၂ ရက်မတိုင်ခင်ကမှတင်။ သတ်မှတ်ထားတဲ့ ဟိုတယ်မှာဘွတ်ပြီးမှ ThaiPass လျှောက်လို့ရတယ်။ အချိန်ဆွဲတတ်တဲ့ မကြီးက နောက်ဆုံးမှလျှောက်တယ်။ သောကြာနေ့ပဲ လေယာဥ်စီးရတော့တယ် ThaiPass မရသေးဘူး။ ဘာမင်ဂရပ်ဆေးခန်း အပွိုင့်မန့်က မရသေးလို့မရမကတောင်း။ အဖေက နှလုံးအရေးတကြီးပြစရာရှိလို့ ThaiPass အမြန်ဆုံးရအောင် လုပ်ပေးပါဆိုပြီး အရေးပေါ်အီးမေးလ်ပို့။ ဘန်ကောက်ရောက်နေတဲ့ ကိုယ့်သူငယ်ချင်းရဲ့အေးဂျင့်ကိုလှမ်းမေး ဗြောင်းဗြောင်းဆန်။ သောကြာနေ့လေယာဥ်စီးမှာ ကြသပတေးနေ့မှရတယ်။ ThaiPass မရရင် လေယာဥ်ပေါ်မတက်ရမှာကို စိတ်ပူနေတာ။ ThaiPass ရမှပဲ ဟင်းခနဲ သက်ပြင်းချနိုင်တော့တယ်။

ကိုယ့်အမက ခရီးစဥ်အကုန်လုံး စီစဥ်တာတော်ပေမဲ့ အဲ့လိုအချိန်ဆွဲတတ်တယ်။ ၂၀၁၈ အောက်တိုဘာ လန်ဒန်သွားတုန်းကလည်း စနေနေ့ပဲ လေယာဥ်စီးရတော့မယ် ဗုဒ္ဓဟူးနေ့အထိ တိုးမရွေးမဘွတ်လို့ နင်မရွေးရင် ငါ့ဘာသာရွေးပြီး ဘွတ်လိုက်မယ် ဒီနေ့ဘွတ်ကိုဘွတ်ရမယ်လို့ အော်တော့မှရွေးတာ။ ချက်ကင်ဝင်တော့ ကိုဗစ်ကာကွယ်ဆေးထိုးပြီးကဒ်၊ ThaiPass တောင်းတယ်။ နီပေါသွားမဲ့ အမေရိကန်တယောက် ကိုဗစ်ကာကွယ်ဆေးမထိုးထား ဝက်ဆိုဒ်မှာ ကိုဗစ်စစ်စရာမလိုဘူးဆိုလို့ မစစ်လာဘူး။ ဒီရောက်တော့မှ ပီစီအာစစ်ဖို့လိုတယ်ဆိုတော့မှ သွားစစ်။ အနည်ဆုံး ၄-၅ နာရီ ကြာမှာဆိုတော့ ဒီလေယာဥ်တော့မမှီလောက်ဘူး။ ၂၀၂၂ ဧပြီ ၂၃ စနေနေ့ နယူးယောက်ကနေ ဒိုဟာ ၁၆ နာရီ လူမပြည့်ဘူး ခုံ ၂ ခုခြားပြီး ထိုင်ရတယ်။ ခုံလေးခုံလွတ်တဲ့နေရာမှာ သွားအိပ်တယ် နိုးရင်ရုပ်ရှင်ကြည့်တယ် ပြီးရင်ပြန်အိပ်တယ် ကျွှေးတာအကုန်စားတယ်။ နယူးယောက်ကနေ ၁၁ နာရီထွက်ရမှာ ၄၅ မိနစ်နောက်ကျထွက်တော့ ကာတာကို တနာရီနောက်ကျပြီးမှရောက်တယ်။ ထရန်စစ် တနာရီပဲအချိန်ရှိတော့ စိတ်ပူနေတာ ကာတာလေကြောင်းလိုင်းက လေယာဥ်နံပါတ်ဆိုင်းဘုတ်ကိုင်ပြီး လာစောင့်နေတယ်။ ဝန်ထမ်းနောက်ကိုလိုက်တော့မြန်တယ် ကိုယ့်ဘာသာဆို ဘယ်တာမင်နယ် ဘယ်ဂိတ်ဆိုပြီး ရှာနေရမှာ အချိန်ကြာတယ်။ ဘန်ကောက်ကို ၆ နာရီ လူအပြည့်ဘဲ။ ၂၀၂၂ ဧပြီ ၂၄ တနင်္ဂနွေနေ့ ည ၅ နာရီခွဲ အင်မီဂရေးရှင်းဖြတ် ဟိုတယ်ကဇုန်အလိုက်ဆိုတော့ ဇုန်ရှာ ဟိုတယ်ရှာ ချက်ကင်ဝင်။ သတ်မှတ်ထားတဲ့ app ကိုဒေါင်းပြီး နာမည် ပတ်စပို့စ်နံပါတ်ထည့်။ အဲ့ဒီ app ပြပြီး ဆင်းကဒ်တောင်း ဝိုင်ဖိုင်ချိတ်။ ဖုန်းတွေလိုက်ခေါ် ဆေးခန်းဝင် ပီစီအာစစ် ဟိုတယ်ရောက်တော့ ချက်ကင်ဝင်ပြီး သူတို့ပေးတဲ့ညစာစားနား။ မနက်စောစော ပီစီအာအဖြေသွားယူ မနက်စာစား အဖေတို့ကိုစောင့်။ ဟိုးအဝေးက တူတော်မောင်က ကိုယ့်ကိုမှတ်မိတယ်။

၂၀၁၉ ဇွန် ၃ သူ့အဖေဆုံးတုန်းက သူက လေးနှစ်အရွယ် ကလေ။း ခု ၇ နှစ်အရွယ် ကလေးကြီး အရပ်အတော်ရှည်လာပြီး လူကြီးလေးဖြစ်လာပြီ။ ခေါင်းမိုးထပ်က ရေကူးကန်မှာ တူတော်မောင်နဲ့ မကြီး ရေကူးကြတယ်။ နေပူလွန်းလို့ butterfly rush ဖြစ်မှာစိုးလို့ မကူးတော့ဘူး။ ၂၀၁၅ ဇူလှိုင် ဘော်စတွန်ခရူ ခေါင်မိုးထပ် နေပူကြဲတောက်မှာ နှစ်နာရီစီးလိုက်တာ မျက်နှာ butterfly rush ဖြစ်သွားလို့ ကုရတာ နှစ်နှစ်ကျော်ကြာတယ်။ အဲ့ဒီကတည်းက နေပူကြဲတောက်ဆို ရှောင်တယ်။ ဘာမင်ဂရပ်ဆေးရုံကို မိနစ် ၂၀ လောက် လမ်းလျှောက်ပြီး အဖေ၊ အမေတို့ကို ဆေးခန်းပြ။ တူတော်မောင်နဲ့ကိုယ်က ဟိုတယ်ပြန်လာ လမ်းတလျှောက် ဓမ္မစေတီကသူရဲအကြောင်း ကိုယ့်ကိုပြောပြ ဆရာကြီးလုပ်နေတာများ သူ့အဖေနဲ့ တပုံစံတည်းပဲ။ ဒီခေတ်ကလေးများ အတော်မလွယ်ချက် ကလေးအမေတွေကို ကိုယ်ချင်းစာမိသွားတယ်။ ဟိုတယ်ရောက်တော့ ချက်ကောက်လုပ် ဟိုတယ်ကကျွှေးတဲ့ နေ့လည်စာကို သူ့ကိုကျွှေး။ လူကြီးတယောက်စာ နီးပါးလောက်စားတယ် ကိုယ့်ဖုန်းနဲ့ သူ့ကိုဂိမ်းဆော့ခွင့်ပေ။း သူမေးတာပြောတာတွေကိုနားထောင် ရှင်းပြသင်ပေးနဲ့ တချက်မှမအားရဘူး။ နောက်နေ့ဘယ်တွေကို သွားလည်တယ်ဆိုတာကတော့ နောက်အပတ်မှလာမည်။

Happy Traveling!
စန်းထွန်း
အောက်တိုဘာ ၁၊ ၂၀၂၂။