ယိုးဒယားသွား တောလား - ၂

၂၀၂၂ ဧပြီ ၂၅ တနင်္လာနေ့ ညနေ ၄ နာရီလောက် Skywalk ကနေ ရထားစီး မြစ်ဆိပ်ကိုလမ်းလျှောက်။ လမ်းဘေးက ဆန်မုန့်လေးတွေကို ဝယ်စားတယ်။ သန့်သန့်ရှင်းရှင်း လုပ်ထားတာကလည်း လှလှပပ တအားမချို ရောင်းတဲ့သူကလည်း သဘောကောင်း။ သဘေင်္ာဆိပ်ရောက်တော့ နိုင်ငံခြားသားမှန်းသိတော့ ခရူစီးဖို့ လာခေါ်တယ်။ ထိုင်းပြည်သူတွေစီးတဲ့ ရိုးရိုးဘုတ်ပဲ စီးမယ်တဲ့။ ကျောက်ဖယားမြစ်တလျှောက် မောင်းနှင်းနေတာ လမ်းပိတ်တာလည်းမရှိ။ ရန်ကုန်မြစ်ကမ်းတလျှောက် အဲ့လိုဘုတ်လေးတွေ ပြေးဆွဲရင်ကောင်းမှာလို့ တွေးနေမိတယ်။ အတက်အဆင်းကို ဆွဲချမတတ် လုပ်ကြတာကတော့ ရန်ကုန်ဘတ်စ်ကားတွေအတိုင်းပဲ။ ညနေ နေဝင်ချိန် ကျောက်ဖယားမြစ်ကမ်းတလျှောက် လေလေးတဖြူးဖြူးနဲ့ ဘုတ်စီးရတာ သဘောကျတယ်။ Temple of Dawn သို့မဟုတ် Wat Arun လက်ရာအနုစိတ်ပြီး အင်မတန်လှတယ်။ ဘုရားတပတ် ပတ်လျှောက် တန်ဆောင်းထဲက ဘုရားစာရွတ်လို့ ဝင်နားထောင်။ ဘီလူးရုပ်တွေက လက်ရာလည်းမြောက် ကြောက်စရာလည်းကောင်း။ မြန်မာမိသားစုတစု တွေ့ခဲ့တယ်။ ညနေမှောင်လာတော့ ဘုတ်စီး ရထားစီးပြီး နိုဗိုတယ်ဟိုတယ်ဝင် အဖေတို့ကျန်ခဲ့တဲ့အထုပ်ဝင်ယူ။ တူတော်မောင်က နိုဗိုတယ်ဟိုတယ်က ပိုကောင်းတယ်တဲ့ အကြီးကြီး ရေကူးကန်နဲ့ ။ နိုဗိုတယ်ဟိုတယ်က ထမင်းကြော်က ကောင်းတယ်တဲ့။ အကောင်းသိတာကတော့ သူ့အဖေအတိုင်းပဲ။ ညစာစားဖို့ဆိုင်တွေ လိုက်ကြည့်ကြတာ လျှောပင်းမောတွေလည်းရောက်။ ​ညစျေးတန်းလိုမျိုး ဆိုင်တန်းမှာ လူတွေကြိတ်ကြိတ်တိုး။ မြန်မာမှန်းသိတော့ သူတို့ကမြန်မာ ဟိုဖက်ဆိုင်ကလည်း မြန်မာတဲ့။ ထိုင်စရာခုံတွေကအပြည့် လမ်းဘေးမှာထိုင်ပြီး စားကြသူတွေနဲ့။ စမူတီသောက်နေတဲ့ ထိုင်းကလေးမတွေဆီက ထိုင်ခုံအပိုသွားတောင်းတော့ လူကြီးတွေကိုအားနာ သူတို့လည်း စားလို့ပြီးပြီဆိုတော့ ခုံနေရာပေးလို့ အဆင်ပြေသွားတယ်။ တူတော်မောင်ကို ရေဝယ်ခိုင်းတာ မဝယ်ချင်ဘူးပြောလို့ အတင်းချော့မော့လွှတ်။ သူ့အိမ်မှာက ကွဲကျမှာစိုး သူ့ကိုခိုင်းရတာနည်းနည်း ပြောရတာ ပြန်လုပ်ရတာ များများဆိုတော့ မခိုင်းဘူး။ ကိုယ်တို့အိမ်မှာတော့ မရဘူး ထမလုပ်မချင်း အာပေါက်ရင် ပေါက်ပါစေ ခိုင်းနေတော့ နားပူမခံချင်လို့ ထလုပ်တယ်။ ခုလည်း ချော့လိုက် အတင်းလေးခိုင်းလိုက်နဲ့ မဝယ်ချင်ဝယ်ချင်နဲ့ သွားဝယ်တယ်။ အဖေက သူ့မြေးနဲ့နောက် လိုက်ပြီးဝယ်ပေးမလို့ ဘယ်ရမလဲ။ မနီးမဝေးကနေ အသာလေးစောင့်ကြည့်။ မြန်မာကောင်လေးတယောက်က ကလေးကိုသင်ပေးနေမှန်းသိလို့ ကူညီလုပ်ပေးသွားတယ်။ အဖေတို့ဟာ သူ့မြေးကိုချစ်လိုက်တာလည်း တုန်မတတ် အသုံးမကျဘူးလို့ပြောလို့ ကလေးကမျက်နှာငယ်။ မကြီးက မျက်နှာရိပ်မျက်နှာကဲနဲ့ တားပေမဲ့ ဆူနေတုန်း။ ကိုယ်က စိတ်ပေါက်ပေါက်နဲ့ ဒါလေးလုပ်တာနဲ့ပဲ ကလေးကို အသုံးမကျဘူးလို့ ပြောရသလား။ နားလည်သဘောပေါက်အောင် ရှင်းပြရမှာမဟုတ်ဘူးလားနဲ့ အဖေ့ကိုဆူ။ တော်သေးတယ် ကိုယ့်မိဘတွေက ငါမိဘပဲ နင်တခွန်းမှ ပြန်မပြောနဲ့ အာဏာရှင်ဆန်တဲ့မိဘ မဟုတ်ပေးလို့။ အဲ့ဒီကတည်းက တူတော်မောင်ဟာ ကိုယ့်ကို ကယ်တင်ရှင်လို့ထင်ပြီး ကိုယ့်နားကပ်တော့တာပဲ။ ကိုယ်က သေချာရှင်းပြ ဂရုစိုက် နားထောင်ပေးလို့ ကိုယ်က သူ့ဖေးဖရိတ်အန်တီ ဖြစ်သွားတယ်ထင်တာ မကြီးက မဟုတ်ဘူး ကိုယ်က သူပြောတာကို သေချာနားထောင်ပေးလို့တဲ့။ နောက်နေ့တွေ ဘယ်ကိုသွားပြီး လည်ကြသလဲဆိုတာ မကြာမှီလာမည် မျှော်။

Happy Traveling!

စန်းထွန်း

အောက်တိုဘာ ၁၅။ ၂၀၂၂။

No comments: