Showing posts with label MySelf. Show all posts
Showing posts with label MySelf. Show all posts

28 January 2026

Portrait

၂၀၂၅ ဇွန် ၂ ဓာတ်ပုံမရိုက်တာ ကြာပြီဆိုတော့ လှလှလေးပြင်ပြီး ကိုယ့်ဘာသာ ဓာတ်ပုံရိုက်တယ်။

စန်းထွန်း

ဇန်နဝါရီ ၂၈၊ ၂၀၂၆။



28 December 2024

Vote ..

၂၀၂၄ အောက်တိုဘာ ၂၈ မဲသွားပေးတယ် ပထမဆုံးအကြိမ် မဲပေးခြင်းပါ။ မဲပေးဖို့ vote.org မှာ အရင်စာရင်းသွင်းရပါတယ်။ အိမ်နားက စာကြည့်တိုက်မှာ မနက် ၈ နာရီကနေ ည ၈ နာရီအထိ မဲပေးလို့ရတယ်။ ည ၅ နာရီအလုပ်ပြီးတာနဲ့ ၁၃ မိနစ်ဝေးတဲ့ စာကြည့်တိုက်ဆီသွားတယ်။ မြေအောက်ထပ်မှာ မဲပေးရတာ။ နာမည်ပြော အိုင်ဒီပြလိုက်တာနဲ့ စာရွက်နှစ်ရွက်ထုတ်ပေးတယ်။ တလိုင်းမှာ တခုပဲရွေးရတယ်။ စက်ထဲစာရွက်ထည့်တော့ လက်မခံဘူး။ အဝိုင်းကို ဖြည့်ပေးရမဲ့အစား အမှန်ခြစ်ထားလို့။ တိုဖယ်ဖြေရသလိုပဲ အဝိုင်းလေးကို ခြစ်ရတာ။ အဲ့တော့မှ စက်ကလက်ခံတယ်။ ဝန်ထမ်းမလေးက နီပေါလား နင့်ဦးထုပ်လေးလှတယ် နင်လုပ်တာကောင်းတာ ကွန်ဂရက်ကျူလေးရှင်းလုပ်တယ်။ ကမလာကိုမဲပေးခဲ့တယ် ထရန့်ကိုလုံးဝမကြိုက် သောက်ညင်ကိုကပ်တာ။ ဒီမိုကရေစီနိုင်ငံဖြစ်ပြီး အမျိုးသမီးသမ္မတမရှိ။ ခုတော့ ပထမဆုံးအာဖကန်နွယ်ဖွား တောင်အာရှနွယ်ဖွား အမျိုးသမီးသမ္မတဖြစ်ရင် သိပ်ကောင်းတယ်။ ညီမလေးအိဝေနဲ့ နိုင်ငံရေးအကြောင်းတွေပြော။ သူက အောက်တိုဘာ ၂၉ ကမလာရဲ့ ဒီစီပွဲသွားတဲ့အကြောင်းတွေပြောပြ။ မဲပေးရတာ အင်မတန်လွယ်ပါတယ်။ မဲပေးပြီးတော့ ဘယ်လိုခံစားရလဲဆိုတော့ ငါ့တာဝန်ကျေပြီ၊ ငါလုပ်နိုင်တာ လုပ်ခဲ့ပြီ၊ နှမ်းတစေ့ပါဝင်ခဲ့ပြီလို့ ခံစားရတယ်။

စန်းထွန်း

ဇန်နဝါရီ ၄၊ ၂၀၂၅။

22 June 2024

၂၀၂၄ ရေခြားမြေခြား ခရီးသွား - ၁၄

၂၀၂၄ ဇွန် ၁၆ တနင်္ဂနွေနေ့ Pier 26 မှာ Kayak သွားလှော်တယ်။ အဖေတို့ကတော့ ပီတိဂေဟာမှာ ကျင်းပတဲ့အမေစုမွးနေ့ပွဲကိုသွားတယ်။ အသိညီမလေးကို စောင့်နေတုန်း photography reels တွေထဲကလို timer နဲ့ရိုက်တာ ဓာတ်ပုံတွေက ထွက်ချင်သလိုထွက်။ ဖရီးပေမဲ့ အသက် ၁၈ နှစ်အထက် ရေကူးတတ်မှ လှော်လို့ရတယ်။ အစပိုင်းကတော့ နည်းနည်းကြောက်သလိုပဲ။ နောက်တော့ ကြိုက်သွားလို့ နှစ်ခေါက်လောက် ပတ်လိုက်တယ်။ မိနစ် ၂၀ ပဲခွင့်ပြုပေမဲ့ တနာရီလောက် လှော်ဖြစ်သွားတယ်။ ရေတွေစိုပေမဲ့လည်း နေပူလေတိုက်နေတော့ အခြောက်မြန်ပါတယ်။ တရုတ်တန်းကို ဘတ်စ်ကားစီးပြီး ကွေ့သယိုသွားစားတယ်။ ဗော်လန်တီယာအုပ်စုက ညီမလေးနဲ့ စကားတွေပြော။ တရုတ်တန်းကိုပတ် ၁ ကျပ် ၂၅ ပြားတန်ကိတ် သွားစားတယ်။ ချီကာဂိုက Cloud လိုအလူမီနီယမ်အလုံးကြီးတွေ့တော့ ဓာတ်ပုံဝင်ရိုက်တယ်။ ဟက်ဆန်မြစ်ဘေးအတိုင်းလျှောက်ပြီး Little Island ဝင်လည်တယ်။ မြစ်ဘေးတလျှောက် ပြေးတဲ့သူ၊ လမ်းလျှောက်တဲ့လူ၊ ပစ်ကနစ်ထွက်တဲ့သူ၊ နေစာလှုံတဲ့သူနဲ့ အတော်စည်ကားတယ်။ ပင်ပန်းနေလို့ ဓာတ်ပုံမရိုက်ချင်တော့ဘူး။ Chelsea Market က Loccitane က ၂၅ နှစ်ပြည့် လက်ဆောင်တွေပေးနေတယ်ဆိုလို့ သွားယူတာ လက်ဆောင်ကုန်သွားပြီမို့လို့ sample တွေပဲရတယ်။ စက်ဘီးအဝါ၊ ဘူးအဝါတွေနဲ့ ဓာတ်ပုံရိုက်။ Loccitane ကိုသုံးဖူးတယ် အမွှေးနံ့တွေ ကိုယ်လိမ်းတာတွေ ကြိုက်ပေမဲ့ မျက်နှာအတွက် skincare ကတော့ ကိုရီးယားမှ ကိုရီးယားပဲသုံးတယ်။ ရထားသံလမ်းဟောင်းကို ပန်းခြံလုပ်ထားတဲ့ High Line အတိုင်းလမ်းလျှောက်တယ်။ ၃၄ လမ်း မိုးမျှော်တိုက်က The Edge မျှော်စင်ကို မြင်ရတယ်။ ၂၃ လမ်းလျှောက်မှာ စျေးတန်းကြီး စည်ကားလိုက်တာ။ ငုံ့ကြည့်လိုက်တော့ ဂေးပွဲတော် လိင်တူခြင်း စုံမက်တာကို ဘာမှမဖြစ်ပေမဲ့ ဖော်ချွှတ်သမတွေလို ဝတ်စားထားတာကို မနှစ်သက်ဘူး။ ၃၄ လမ်း The Wave အဆောက်အဦးနားက 7 train စီးပြီး အိမ်ပြန်တာ ည ၆ နာရီပြန်ရောက်တယ်။ ခုလိုသူငယ်ချင်းနဲ့ အပြင်ထွက်မလည်တာ တစ်နှစ်ကျော်ပြီ။ ဝိုင်း အီဂျစ်သွားပြီးကတည်က ဆိုပါတော့။ ဝိုင်းကို သတိရသား။

စန်းထွန်း

ဇွန် ၂၂၊ ၂၀၂၄။

photography reels တွေကြည့်ပြီး timer နဲ့ရိုက်တာ ဂလိုတွေထွက်

25 May 2024

ဒူးရင်းသီးစားခြင်း အနုပညာ

ဒူးရင်းသီးစားတိုင်း အဲ့ဒီအကြောင်းတွေးမိတယ် တွေးမိတိုင်းလည်း ပြုံးမိတယ်။ ၁၉၉၉ - ၂၀၀၀ ဆရာကြီးဦးမြကြိုင် အင်္ဂလိပ်စာသင်တန်းတက်တုန်းက သီရိမင်္ဂလာစျေးမှာ ဒူးရင်းသီးသွားဝယ်စားကြတယ်။ နေ့လည်ဆရာ့သင်တန်းမှာ တယောက်ကခေါင်းတွေမူး သွေးတွေတက်လို့ ဘေးကလူတွေက လက်တွေချိုး ယက်ခက် ရေတိုက် ရှုဗူးတိုက်။ ဆရာက သံပုရာစေ့လာယူခိုင်းပြီး စားခိုင်းတော့မှ သက်သာသွားတယ်။ တော်သေးတယ် ဒူးရင်းသီးပဲစားလို့ သူကြိုက်တဲ့ ဒညင်းသီးအုန်းနို့ဆမ်းပါ စားလိုက်ရင် ဆေးရုံရောက်သွားမလား မသိဘူး။ အဲ့ဒီကတည်းက ဒူးရင်းသီးစားဖို့ လန့်သွားတာ စလုံးရောက်မှပဲ စားဖြစ်တော့တယ်။ သင်တန်းမှာ ကိုယ်တို့အဖွဲ့ကို လူတိုင်းသိတယ် စာကြိုးစားလို့မဟုတ်ဘူး။ အတန်းလစ်ရင် ဆယ်ခုံလောက်ကွင်းကွင်းကြီး ဖြစ်နေတော့ ကိုယ်တွေအတန်းလစ်တာ သိသာတယ်။ ကိုယ်တို့အဖွဲ့ထဲကောင်မလေးကို လာကြောင်တဲ့စီနီယာတွေကို ခက်တာတွေမေး။ ဗရုတ်သုတ်ခလုပ် တချိန်လုံးစားရင်စား မစားရင်စကားများနေလို့။ သူငယ်ချင်းရဲ့အကိုက နင်တို့တွေ ဆိတ်တွေကျနေတာပဲ။ စားရင်းစား မစားရင်စကားပြော ဆိတ်တွေလို တချိန်လုံးပါးစပ်လှုပ်နေလို့တဲ့။ တယောက်နဲ့တယောက် စိတ်နေစိတ်ထား အမူအကျင့်တွေ မတူကြပေမဲ့ ခုထိပေါင်းနေကြတုန်း။ ဝေးနေပေမဲ့ ရင်ဘတ်ခြင်း နီးနေကြတုန်း။ 

P.S ၁၉၉၉ - ၂၀၀၀ ဖုန်းလူတိုင်းမှာမရှိ ဓာတ်ပုံရိုက်မယ်ဆိုရင် ရန်ကုန်တက္ကသိုလ်ဝင်းထဲက မြဝတီကျော်ဝင်းတို့ဆီမှာ သွားရိုက်ရတယ်။

စန်းထွန်း

မေ ၂၅၊ ၂၀၂၄။

ဒူးရင်းသီး စားကြသူများ

31 January 2024

ဖီလင် - ၄၁

၂၀၂၃ နိုဝင်ဘာ ၂၄ မှာ အသက် ၄၁ နှစ်ပြည့်ပြီ။ မွေးနေ့တိုင်း Thanksgiving holiday နားကပ်နေတယ်။ တူတော်မောင်ကို မွေးနေ့ကဒ်ဆွဲခိုင်းတာ ဂူဂယ်မှာရှာတာ စိတ်တိုင်းမကျလို့တဲ့။ သာမန်ကာလျှံကာ မဆွဲပေးဘူး သေချာစိတ်တိုင်းကျမှ ဆွဲပေးတယ်။ အိုင်ဒီယာမရလို့ မကြီးကို မေးတယ်တဲ့၊ မကြီးက အိမ်၊ ကား ကြိုက်မှာပေါ့လို့ ပြောလိုက်လို့ ဆွဲပေးတယ်။

Happy Birthday Kyi Kyi San Htun

Wish you get a Tesla, iPhone and an off white Jordan shoe

Best whishes Bhone Thant Kaung

Wish you have a Tesla

Wish you have a mansion

ကိုယ်ကြိုက်မယ် ထင်တာတွေရော၊ သူကြိုက်တာ၊ လိုချင်တာတွေရော ရောသမမွှေ ဆုတောင်းပေးတယ်။ အရင်က Elon Musk ကြိုက်လို့ Tesla လိုချင်ပေမဲ့ ခုတော့ သူ့စိတ်ဓာတ်ကိုမကြိုက်လို့ Elon Musk မကြိုက်တော့သလို Tesla မကြိုက်တော့ဘူး။ minimalist အားကျပေမဲ့ minimalist လည်း မလုပ်နိုင် ဥယျာဥ်ခြံမြေလေးနဲ့ အိမ်လေးတလုံးလိုချင်ပေမဲ့ အိမ်အကြီးကြီးတော့ မလိုချင်ဘူး။ Children with Hair Loss အတွက် ဆံပင်လှူလိုက်တယ်။ ကရင်နီစစ်ဘေးရှောင်တွေကို ထမင်းကျွှေးအလှူလုပ်တယ်။ ဓာတ်ပုံမရိုက်တာကြာလို့ လှတပတလေးဝတ်ပြီး အမှတ်တရရိုက်တယ်။ ပုံတရာရိုက်တော့မှ လှတပတ တပုံရတယ်။ အလှူဓာတ်ပုံတွေကြည့်ပြီး ကြည်နူးပီတိဖြစ်ပါစေ။

Happy Birthday!

စန်းထွန်း

ဇန်နဝါရီ ၃၁၊ ၂၀၂၄။

30 December 2023

Photo Essay - 3

၂၀၂၃ အောက်တိုဘာ ၁ တနင်္ဂနွေနေ့ ဝိုင်းနဲ့ စင်ထရယ်ပါ့ခ်သွားလည်းတယ်။ ဝိုင်းက ဇွန်တုန်းက အီဂျစ်ပြောင်းသွားတာ ခုနယူးယောက်မှာ သင်တန်းလာတက်တာ။ ကိုယ့်အိမ်မှာတည်းတာ မနက် ၇ နာရီလောက် ရုံးသွားပြီး ည ၈၊ ၉ နာရီမှ ပြန်လာတော့ ပင်ပန်းနေပြီ။ စနေနေ့က မိုးတအားရွာလို့ နေ့လည်လောက်မှာ ယိုးဒယားဘုန်းကြီးကျောင်း၊ ကော်စကိုသွားကြတယ်။ ဝိုင်းက ယိုးဒယားက မှာ ၂ နှစ်လောက်နေပြီး Assumption University မှာ မာစတာတက်ခဲ့တာဆိုတော့ ယိုးဒယားအစားအစာ ကြိုက်တယ်။ စထရယ်ပါ့ခ်ကနေ တရုတ်တန်းမှာ ဟော့ပေါ့သွားစားတယ်။ ပြီးတော့ ဘရွှတ်ကလင်းတံတားကိုလမ်းလျှောက် မက်ဟန်တန်စကိုင်းလိုင်းကိုငေး။ အဲ့ဒီနေ့က ၆ မိုင်လောက် လမ်းလျှောက်လိုက်တော့ ဒူးနာသွားတယ်။ ဘရွှတ်ကလင်းတံတားမှာ ဆုံလည်ဝိုင်းပေါ် မတ်တပ်ရပ် သီချင်းလေးနဲ့က အိုင်ဖုန်းနဲ့ပတ်ပတ်လည် လှည့်ရိုက်ပေးတဲ့ဆိုင်တွေ အများကြီးပဲ။ ဝိုင်းက ဆူနမ်နဲ့ ပါရင် အဲ့လိုရိုက်ကြမယ်တဲ့။ နယူးယောက်မှာ ၉ နှစ်နေခဲ့ပြီး ထွက်သွားတာ ၃ လပဲရှိသေးတဲ့သူက နယူးယောက်ကို ကြိုက်တယ် ကြိုက်တယ်လို့ အော်နေတော့တာပဲ။

Happy New Year!

စန်းထွန်း

ဒီဇင်ဘာ ၃၀၊ ၂၀၂၃။

08 July 2023

Photo Essay - 2

၂၀၁၇ ဝယ်ပြီးကတည်းက ဘယ်တုန်းကမှ မပွင့်တဲ့စံပယ်ပင် သေမလိုဖြစ်လာလို့ အကုန်ညှပ်ပစ်လိုက်တော့မှ အဖူးသေးသေးလေး ထွက်လာတယ်။ ဪ စံပယ်ပင်ဆိုတာ မှန်သားပဲ။ ၂၀၁၇ နယူးဂျာစီဘုန်းကြီးကျောင်းပွဲက ဝယ်ခဲ့တဲ့ ယုဇနပင် နွေရာသီရောက်ပြီဆိုတာနဲ့ ပွင့်တော့တာပဲ။ အနံ့လေးက သင်းသင်းလေးနဲ့ မွှေးကြိုင်နေတာပဲ။ ၂၀၂၁ ဆောင်းရာသီမှာ ပိုးတွေကျပြီး သေသွားပြီ နှမြောလိုက်တာ။ ဝိုင်းနဲ့မတွေ့တာကြာလို့ တနေ့ Rockerfeller မှာ ဆုံကြတယ်။ ခရစ်စမတ်ချိန်ဆို နယူးယောက်မှာ နီယွန်မီးရောင်တွေနဲ့ သိပ်လှတယ်။ Rockerfeller XMas tree က အကြီးဆုံးပဲ။ ဒီဇင်ဘာ ၁ ရက် ဖွင့်ပွဲနေ့ဆို အဆိုတော်တွေ ဖျော်ဖြေကြလို့ တိုးမပေါက်အောင်စည်တယ်။ Rockerfeller XMas အကပွဲကလည်း နာမည်ကြီးတယ် စျေးကြီးတယ် တခါမှ မကြည့်ဖူးဘူး။ Saks Fifth Avenue စတိုးဆိုင်က ၁၅ မိနစ်တိုင်း မီးရောင်စုံထွန်းပြတယ်။ မြူးကြွတဲ့ သီချင်းတွေနဲ့ လှပတဲ့မီးရောင်စုံဆိုတော့ နှစ်တိုင်းသွားငေးရတာပါပဲ။ ပထမတကြိမ် ဗွီဒီယိုရိုက်တာ မလှလို့ နောက်တကြိမ် စောင့်ရိုက်တယ်။ အဲ့ဒီတုန်းက ရိုက်ထားတာ မှန်သွားတယ်။ ခရစ်စမတ်နေ့ ဆူနမ်နဲ့သူ့သူငယ်ချင်းကို ဝိုင်းလိုက်ပို့တုန်းက ကံဆိုးစွာနဲ့ မီးမထွန်းတော့ ဆူနမ်တို့ မတွေ့ခဲ့ရဘူး။ ဆူနမ်တို့ကို Dyker Heights မီးထွန်းတာ လိုက်ပြတယ်။ အဲ့ဒီနေ့က အတော်အေးတာ နောက်နေ့လည်း အရမ်းအေးလို့ ဆူနမ်တို့ကို လိုက်မပို့ဖြစ်ဘူး။ မက်ဟန်တန်မှာနေတဲ့ဝိုင်းကတော့ တိုင်းစကွဲယား၊ ရော်ကာဖယ်လာ လိုက်ပြတယ်။ အသစ်ဝယ်လိုက်တဲ့ Crate & Barrel က rocking chair နဲ့ Osaki ခြေထောက်အနှိပ်ခံစက်။ နောင်အပတ်ကျမှပဲ ၂၀၂၃ ဇန်နဝါရီ နယူးရီးယားနေ့ လူဝီဇီယားနားပြည်နယ် နယူးအော်လင်းသွားတဲ့အကြောင်း တင်ပါတော့မယ်။

စန်းထွန်း

ဇူလှိုင် ၈၊ ၂၀၂၃။

27 June 2023

ဖီလင် ၄၀ ...

၂၀၂၂ နိုဝင်ဘာ ၂၄ အသက် ၄၀ ပြည့်ပြီ။ တူတော်မောင် ဟက်ပီးဘတ်ဒေးတီးပြီး မွေးနေ့ကဒ်ဆွဲပေးတယ်။ မွေးနေ့တိုင်း ကျေးဇူးတော်ပိတ်ရက်နဲ့ တိုက်ဆိုင်တယ်။ အဲ့ဒီအချိန် ဝိုင်းက အရမ်းအလုပ်များတဲ့အချိန်မို့လို့ ဟော့ပေါ့လည်း သွားမစားဖြစ်ဘူး။ ဝိုင်းဆီက မွေးနေ့လက်ဆောင်အဖြစ် yoga mat တောင်းတယ်။ ကျန်းမာပြီး စိတ်ချမ်းသာ ကိုယ်လုပ်နေချင်တာတွေ လုပ်နေရတာ ကျေနပ်စရာပါပဲ။

Happy Belated Birthday to me!

စန်းထွန်း

ဇွန် ၂၇၊ ၂၀၂၃။

ဒီနှစ်နှင်းမကျဘူး အေးတောင်မအေးဘူးလို့ ပြောနေတုန်း Buffalo မှာ တိုက်သွားတဲ့ နှင်းမုန်တိုင်း