ဒူးရင်းသီးစားတိုင်း အဲ့ဒီအကြောင်းတွေးမိတယ် တွေးမိတိုင်းလည်း ပြုံးမိတယ်။ ၁၉၉၉ - ၂၀၀၀ ဆရာကြီးဦးမြကြိုင် အင်္ဂလိပ်စာသင်တန်းတက်တုန်းက သီရိမင်္ဂလာစျေးမှာ ဒူးရင်းသီးသွားဝယ်စားကြတယ်။ နေ့လည်ဆရာ့သင်တန်းမှာ တယောက်ကခေါင်းတွေမူး သွေးတွေတက်လို့ ဘေးကလူတွေက လက်တွေချိုး ယက်ခက် ရေတိုက် ရှုဗူးတိုက်။ ဆရာက သံပုရာစေ့လာယူခိုင်းပြီး စားခိုင်းတော့မှ သက်သာသွားတယ်။ တော်သေးတယ် ဒူးရင်းသီးပဲစားလို့ သူကြိုက်တဲ့ ဒညင်းသီးအုန်းနို့ဆမ်းပါ စားလိုက်ရင် ဆေးရုံရောက်သွားမလား မသိဘူး။ အဲ့ဒီကတည်းက ဒူးရင်းသီးစားဖို့ လန့်သွားတာ စလုံးရောက်မှပဲ စားဖြစ်တော့တယ်။ သင်တန်းမှာ ကိုယ်တို့အဖွဲ့ကို လူတိုင်းသိတယ် စာကြိုးစားလို့မဟုတ်ဘူး။ အတန်းလစ်ရင် ဆယ်ခုံလောက်ကွင်းကွင်းကြီး ဖြစ်နေတော့ ကိုယ်တွေအတန်းလစ်တာ သိသာတယ်။ ကိုယ်တို့အဖွဲ့ထဲကောင်မလေးကို လာကြောင်တဲ့စီနီယာတွေကို ခက်တာတွေမေး။ ဗရုတ်သုတ်ခလုပ် တချိန်လုံးစားရင်စား မစားရင်စကားများနေလို့။ သူငယ်ချင်းရဲ့အကိုက နင်တို့တွေ ဆိတ်တွေကျနေတာပဲ။ စားရင်းစား မစားရင်စကားပြော ဆိတ်တွေလို တချိန်လုံးပါးစပ်လှုပ်နေလို့တဲ့။ တယောက်နဲ့တယောက် စိတ်နေစိတ်ထား အမူအကျင့်တွေ မတူကြပေမဲ့ ခုထိပေါင်းနေကြတုန်း။ ဝေးနေပေမဲ့ ရင်ဘတ်ခြင်း နီးနေကြတုန်း။
P.S ၁၉၉၉ - ၂၀၀၀ ဖုန်းလူတိုင်းမှာမရှိ ဓာတ်ပုံရိုက်မယ်ဆိုရင် ရန်ကုန်တက္ကသိုလ်ဝင်းထဲက မြဝတီကျော်ဝင်းတို့ဆီမှာ သွားရိုက်ရတယ်။
စန်းထွန်း
မေ ၂၅၊ ၂၀၂၄။
ဒူးရင်းသီး စားကြသူများ |
1 comment:
တက္ကသိုလ်တက်တုန်းကအချိန်တွေကို ပြန်လွမ်းမိ
ချစ်တဲ့
မိုးငွေ့
Post a Comment