စန်ထရယ်ပါ့ခ် ၂၀၂၂ - ၁

၂၀၂၂ ဇွန် ၂၆၊ ဇူလှိုင် ၃ စင်ထရယ်ပါ့ခ်ကို လမ်းသွားလျှောက်ရင်း ဓာတ်ပုံတွေ ရိုက်ခဲ့တယ်။ နွေရာသီဆိုတော့ စိမ်းစိုလန်းဆန်း ပန်းတွေဖူးပွင့်နေတာ အရမ်းလှတယ်။ ရှဥ့်ကလေးက အရမ်းယဥ်တယ် ကိုယ် nuts တွေစားတော့ လာတောင်းတယ်။ ကျွှေးတာအကုန်စားတယ် ပန်းခြံဝန်ထမ်းလာပြောမှာစိုးလို့ ခိုးကျွှေးပါတယ်ဆိုတယ်ဆိုမှ လမ်းလျှောက်တဲ့သူတွေ ဝိုင်းကြည့်နေလို့။ လမ်းမလျှောက်တာကြာလို့ ၅ မိုင်လျှောက်တာနဲ့ ခြေထောက်နာနေပြီ။ တလရလည်း လုပ်တယ်၊ ဟိုက်ကင်းထွက်၊ ခရီးလည်းသွားတယ်။ ကျန်းမာလှပ စိတ်ချမ်းသာအောင် ကြိုးစားပြီး နေထိုင်ပါတယ်။

စန်းထွန်း

ဇန်နဝါရီ ၂၈၊ ၂၀၂၃။

နွေဦးတော်လှန်ရေး - ၂၂

၂၀၂၂ ဇွန် ၁၉ အမေစု ၇၇ နှစ်ပြည့်မွေးနေ့ ကျင်းပပါတယ်။ ပန်ဆယ်လိုလည်း လာရောက်အားဖြည့်ပါတယ်။ ဓာတ်ပုံတွေကတော့ NYCBC ၊ Wayne Chin ဆီကနေ ယူပါတယ်။

အရေးတော်ပုံ အောင်ရမည်!

စန်းထွန်း

ဇန်နဝါရီ ၂၁၊ ၂၀၂၃။

နွေဦးတော်လှန်ရေး - ၂၁

၂၀၂၂ သြဂုတ် ၇ တနင်္ဂနွေနေ့ ညနေ ၄ နာရီ ၇ နာရီခွဲ။ ၃၄ နှစ်မြောက် ၈၈၈၈ နှစ်ပတ်လည် ချီတက်ပွဲ နာမည်ကျော် ဘရွှတ်ကလင်းတံတားကို ဖြတ်ကျော်လမ်းလျှောက် ချီတက်ပွဲ။ လမ်းလျှောက်သူတွေနဲ့ အမြဲကြိတ်ကြိတ်တိုးနေတဲ့ ဘရွှတ်ကလင်းတံတား လူသွားလမ်းတခြမ်းကိုပိတ်ပြီး ချီတက်ကြတယ်။ လမ်းဖြတ်ကူးတဲ့အချိန် NYPD ရဲတွေက မီးပွိုင့်ကို တားပေး လုံခြုံရေးတာဝန် ယူပေးတယ်။ မနှစ်တုန်းက လူတထောင်ကျော်၊ ဒီနှစ်တော့ ၅၀၀ လောက်ရှိတယ်။ ဆန္ဒပြပွဲ၊ စျေးရောင်းပွဲတိုင်းပါတဲ့ လူတွေကို မှတ်မိနေပြီ။ ဟိုကမ်းပိန်းလည်း ဒီလူတွေပဲ ဒီကမ်းပိန်းလည်း ဒီလူတွေပဲ ထောက်ပို့ကြတယ်။ လူတိုင်း တယောက်တဆယ် လတိုင်းထောက်ပို့ရင် တော်လှန်ရေး နိုင်ပါတယ်။ လူတိုင်းပါဝင် ထောက်ပို့ဖို့၊ ကလစ်ကြဖို့ လိုပါတယ်။ တော်လှန်ရေးအတွက် ဘာမှမပါဝင် အားမထုတ်ဘဲ တော်လှန်ရေး ဘယ်တော့နိုင်မလဲလို့ လာမေးရင် သိပ်အသည်းယားတာပဲ။ စနေနေ့က ၈၈၈၈ စျေးရောင်းပွဲမှာ PRF အတွက် ထောက်ပို့ငွေကောက်၊ တနင်္ဂနွေနေ့ကျတော့ ၈၈၈၈ ချီတက်ပွဲ။ ပွဲတွေများလို့ ပင်ပန်းသွားတယ်နဲ့တူတယ် နောက်အပတ် သောကြာနေ့ကျတော့ ရင်ဘတ်မှာ မိတ်ဖုတွေတွေ့လို့ ဆရာဝန်ဆီ သွားရတော့တာပဲ။ ကိုယ်က မိတ်ဖုထွက်တတ်တဲ့သူမှ မဟုတ်ဘဲ။ လုပက်ကြောင့် ဖြစ်တာ ပင်ပန်းလို့ ကိုယ်ခံအားကျရင် အဲ့လိုမီးလောင်ဖုလို ထွက်လာတော့တာပဲ။ ဒီတခါတော့ မိတ်ဖု၊ အင်ပြင်ထသလိုဖြစ်တာ။ Shingles ဖြစ်တယ်ထင်နေတာ Hives တဲ့။ ထင်တဲ့အတိုင်း လုပက်စ်ကြောင့် ဆေးတပတ်လောက်သောက်ရင် ပျောက်သွားတယ်။ သူဌေးရောဂါ စိတ်ပင်ပန်း၊ လူပင်ပန်းလို့ မရဘူး။ လုပ်နိုင်ရဲ့သားနဲ့ လုပ်သင့်လုပ်ထိုက်တာမှန်း သိရဲ့သားနဲ့ လုပ်တာ မလုပ်တာကတော့ ကိုယ့်သဘောပါ။ ခေတ်ဝန်ကိုထမ်းရတဲ့သူတွေမို့ ကျရာတာဝန်ကို လုပ်နိုင်သလောက်လုပ်ပြီး လိပ်ပြာလုံချင်ပါတယ်။ မှားနေတာကိုလည်း မပြောရဲ မှန်တဲ့ဖက်လည်း မရပ်တည် ကျရာတာဝန် မထမ်းတဲ့သူမျိုးတော့ မဖြစ်ပါရစေနဲ့။

အရေးတော်ပုံ အောင်ရမည်

စန်းထွန်း

ဇန်နဝါရီ ၁၆၊ ၂၀၂၃။

နွေဦးတော်လှန်ရေး - ၂၀

၂၀၂၂ သြဂုတ် ၂ အင်္ဂါနေ့ ညနေ ၅-၆ နာရီအထိ ယူအန်ရုံးရှေ့ ဆန္ဒပြကြတယ်။ မန်နေဂျာကို တနာရီခွင့်ယူလို့ရမလား နောက်နေ့အစားဖြည့်ပေးမယ်လေလို့ပြောတော့ ရပါတယ်တဲ့။ ဒါပေမဲ့ နောက်ဆို တစ်ရက်နှစ်ရက်လောက်ကြိုပြော ဒါမှအဖွဲ့ကနေ backup စီစဥ်ထားလို့ရမှာ။ သွားနာနေလို့ အရေးတကြီးခွင့်ယူတာလို့ ပြောလိုက်တော့ ဘာမှမပြောတော့ဘူး။ ဆန္ဒသွားပြတာများသိရင် လည်ပင်းညှစ်မလား မသိဘူး။ ၂၀၂၂ သြဂုတ် ၆ စနေနေ့ ကွင်းက စိန့်ဂျိမ်းဘုရားကျောင်းမှာ ၈၈၈၈ အမှတ်တရ စျေးရောင်းပွဲလုပ်တယ်။ ကိုယ်တို့ SMS အဖွဲ့က PRF အတွက် ခုံရပြီး အလှုခံတယ်။ Spring Myanmar Society (SMS) က OFP အသိအမှတ်ပြု Fundraiser ပါ။ နယူးယောက်မှာ အခြေစိုက်ပြီး ကမ်းပိန်းတော်တော်များများမှာ ပါဝင်ပြီး ထောက်ပို့ငွေတွေ ကောက်ပေးတယ်။ ဘယ်လောက်ရတယ်၊ ဘယ်လောက် ဘယ်ကိုလှုတယ်ဆိုတာ စာရင်းရှင်းတမ်းနဲ့ အမြဲတမ်း ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ပေးတယ်။ People's Revolution Supply Family (PRF) ထောက်ပို့မိသားစုပရိုဂရမ်က ကာကွယ်ရေးဝန်ကြီးဌာနက စီစဥ်ဆောင်ရွက်တာဖြစ်ပြီး PDF တယောက်ကို တလ $၂၀ နဲ့ စားဝတ်နေရေး ထောက်ပို့လို့ရပါတယ်။ တလ $၂၀ ကနေ $၅၀၀၀ အထိ ထောက်ပို့လို့ရပါတယ်။ အဆင်မပြေတဲ့လတွေမှာ ရပ်နားလို့ရပြီး အဆင်ပြေတဲ့လတွေမှာ ဆက်လက်ထောက်ပံ့၊ ပိုပြီးထောက်ပံ့လို့ ရပါတယ်။ လစဥ်ဒေါ်လာ ၇ သိန်းကျော်ရတဲ့ သိပ်ကောင်းတဲ့ ပရိုဂရမ်လေးပါ။ နိုင်ငံတော်တော်များများမှာရှိတဲ့ OFP Fundraiser တွေကနေ ထောက်ပို့လို့ရပါတယ်။ PRF ထောက်ပို့တပ်သားဝင်ချင်ရင် အောက်လင့်ခ်ကနေ သက်ဆိုင်ရာနိုင်ငံတွေက OFP Fundraiser တွေကို ဆက်သွယ်လိုက်ပါ။

https://www.facebook.com/SpringMyanmarSociety/

https://ofp.crphmyanmar.org/

အရေးတော်ပုံ အောင်ရမည်!!!

စန်းထွန်း

ဇန်နဝါရီ ၁၁၊ ၂၀၂၃။