၂၀၂၅ နီပေါသွားတောလား - ၉

၂၀၂၅ နိုဝင်ဘာ ၉၊ ၁၀၊ ၁၁ Shoden (Level 2) Okuden (Level 3) သင်ရတယ်။ ၂၀၀၈ စင်္ကာပူအမျိုးသားတက္ကသိုလ်မှာ တခန်းတည်းအတူတူတက်ခဲ့တဲ့ စလုံးက ညီမလေးနဲ့ ၁၆ နှစ်အကြာမှာ ပြန်ဆုံတယ်။ လမ်းချင်းတူတော့ လူချင်းဆုံကြတာပေါ့။ အဲ့ညီမလေးက Shinhan ။ Reiki စတင်တည်ထောင်သူ Mikao Usui ကနေတဆင့် -> တပည့် Chujiro Hayashi -> တပည့် Hawayo Takata -> Inamoto Sensei။ တီချယ်ကြီးခွင့်ပြုလို့ ကိုယ်က Inamoto Sensei ဆီကနေ သင်ခွင့်ရပါတယ်။ Chuden (Level 1) -> Shoden (Level 2) -> Okuden (Level 3) -> Shinpidan (Level 4) ။ အဲ့လိုမျိုး ၂ ခေါက်တက်မှ Shinhan ဖြစ်တာပါ။ Western Reiki နဲ့ နည်းနည်းကွဲပါတယ်။

Happy Traveling!

စန်းထွန်း

ဇှုလှိုင် ၂၂၊ ၂၀၂၅။

သီလရှင်ဆရာကြီးကျောင်းမှာ
With Inamoto Sensei & Teacher Gyi
Okuden students with Ma Chaw
Shinhan classmate after 16 years
with Ma Chaw

၂၀၂၅ နီပေါသွားတောလား - ၈

၂၀၂၅ နိုဝင်ဘာ ၇ တီချယ်နန်းက မနက်အစောကြီးလေယာဥ်နဲ့ အိန္ဒိယကိုသွားတယ်။ အဲ့ကနေ ယောဂအဖွဲ့နဲ့ မြန်မာပြည်ကိုပြန်မှာ။ မနက်စာစားပြီးတော့ တက္ကစီနဲ့ Gom pa ဘုန်းကြီးကျောင်းသွားတော့ တရားစခန်းရှိလို့ တံခါးပိတ်ထားတယ်။ ဂူဂယ်မှာတွေ့တဲ့ ကျောင်းဓာတ်ပုံပြပြီးသွားတာ လမ်းတွေမှား တနာရီလောက် ခက်ရခဲစစ် မေးမြန်းပြီးတော့မှရောက်တယ်။ အောက်ထပ်မှာ နိုင်ငံခြားသားနှစ်ယောက် တရားထိုင်နေတယ်။ ဘုန်းကြီးက ပိတ်ထားတဲ့တံခါးတွေဖွင့်ပြီး သေချာလိုက်ပြတယ်။ အပေါ်ဆုံးထပ်ကနေ မြင်ရတဲ့ရှူခင်းက အင်မတန်လှတယ်။ ကလေးတွေ ဘောလုံးဆော့နေတယ်။ ပြီးတော့ သီလရှင်ဆရာကြီးကျောင်းဆီသွားတယ်။ ကျောင်းနေရာတော့ အတိအကျမမှတ်မိဘူး အဲ့နားကစေတီကိုပဲ မှတ်မိတယ်။ စေတီရောက်တော့မှ ဆရာကြီးဓာတ်ပုံပြလိုက်တော့ ဆရာကြီးကျောင်ကို ညွှန်ပေးတယ်။ မနှစ်တုန်းကတွေ့ခဲ့တဲ မြန်မာစကားပြောတဲ့ နီပေါသီလရှင်နဲ့တွေ့တယ်။ ဆရာကြီးက နေ့လည်စာစားပြီး ခဏကျိမ်းနေတယ် နေ့လည် ၁ တနာရီဆို နှိုးတယ်တဲ့။ ထိုင်စောင့်နေတုန်း သက်သက်လွတ်ထမင်းစားဖို့ အတင်းခေါ်တာနဲ့ စားဖြစ်တယ်။ တလတခါ အနားကအမျိုးသမီးတွေ ဆွမ်းကပ်အလှုလုပ်တယ်။ အကုန်လာပြီး ဝိုင်းဝန်းထူချက်ပြုတ်စားသောက်ဆေးကြောလုပ်ပြီး ပြန်သွားတယ်။ ခဏကြာတော့ ဆရာကြီးကနိုးလာလို့ တွေ့ခွင့်ရတယ်။ မြန်မာစကားကို ပီပီသသပြောနေတုန်း အသက် ၉၀ ကင်ဆာရှိပေမယ့် ထူထူထောင်ထောင်ပါပဲ။ ဆရာကြီးကိုမြင်ရတာ ဘယ်ကြောင့်မှန်းမသိ မျက်ရည်ဝဲမိတယ်။ နီပေါဆရာလေးတစ်ယောက် ထပ်ရောက်လာတယ် ဗဟန်းစာသင်ကျောင်းကနေ မကြာခင်ကမှ ရောက်လာတာတဲ့။ ၈၈ အကြောင်းတွေ ပြောပြတယ်။ အဖွဲ့ထဲက ၂ ယောက်က monkey temple ဆက်သွားတယ်။ ကိုယ်ကတော့ ပိုက်ဆံလဲ thamel စျေးထဲပတ်ကြည့်။ ခြေထောက်ညောင်းလာတော့မှ တက္ကစီစီးပြီး ဟိုတယ်ပြန် လက်ကေ့ယူ reiki retreat လုပ်တဲ့ဟိုတယ်ဆီသွား ချက်ကင်လုပ် လက်ကေ့အိတ်ကို ကောင်တာမှာတင်ထားခဲ့ပြီး တက္ကစီနဲ့ Spa ဆီသွားတယ်။ ဆူနမ်ညွှန်လို့ မနှစ်ကသွားခဲ့တဲ့ဆိုင် ၂ နာရီ message ယူတယ်။ ဟိုတယ်ပြန်လာပြီးနား ညနေကျတော့ welcome dinner မှာ မနှစ်ကနီပေါ retreat က လူတွေနဲ့ဆုံတယ်။

Happy Traveling!

စန်းထွန်း

ဇှုလှိုင် ၁၈၊ ၂၀၂၅။

၂၀၂၅ နီပေါသွားတောလား - ၇

၂၀၂၅ နိုဝင်ဘာ ၆ Buddha Stupa မှာ ဘုရားဝင်ဖူးတော့ တိဘက်ဆရာတော်တပါးက လိုက်ပြတယ်။ ဘုရားမျက်လုံးတော် ဆေးသုတ်ဖို့ အလှူငွေထည့်ခဲ့တယ်။ ဘုရားအပေါ်ဖက်တက်လို့ရတယ်။ တီချယ်နဲ့မလဲ့ကို အထက်ပစ္စယံတက်ဖို့ ဘုန်းကြီးတွေက လာခေါ်သွားပြီး သူတို့ပြန်ဆင်းလာလို့ တက်မယ်ပြင်တော့ တက်ခွင့်မပြုတော့ဘူးတဲ့။ ခေါင်းလောင်း၊ ဗာဂျရာ၊ Signing Bowlဝယ်ခဲ့တယ်။ Signing Bowl က အသံအင်မတန်သာယာတယ်။ ခက်မန်ဒူကနေ တနာရီအဝေးမှာရှိတဲ့ Guru Ripoche ဂူကိုသွားတယ်။ တောင်မြင့်တွေ တက်ရတယ် ဂုရုကြီး တရားကျင့်ခဲ့တဲ့ဂူမှာ တရားခဏဝင်ထိုင်တယ်။ တိဘက်တွေ အင်မတန်ယုံကြည်ကိုးကွယ်တယ်။ ဗိုက်ဆာလို့ စားသောက်ဆိုင်ဝင်တာ လူမတွေ့။ တွေ့တိုင်ကုန်စုံဆိုင်ကိုဝင်ပြီး ခေါက်ဆွဲပြုတ်ပေးဖို့ပြောတာ အန်ကယ်ကြီးက အင်္ဂလိပ်စာတလုံးမှနားမလည်။ အမူအယာနဲ့ပြတော့ နားလည်တယ်။ သူ့အမျိုးသမီးရောက်လာပြီး ကြက်ဥကိုကြော်ပြီး ခေါက်ဆွဲပြုတ်ပေးတယ်။ ဗိုက်ဆာနေလို့ အင်မတန်စားကောင်းတယ်။ စေတနာပါပါ သန့်သန့်ရှင်းရှင်း လုပ်ကိုင်ပေးတယ်။

Happy Traveling!

စန်းထွန်း

ဇှုလှိုင် ၁၅၊ ၂၀၂၅။

၂၀၂၅ နီပေါသွားတောလား - ၆

၂၀၂၅ နိုဝင်ဘာ ၅ တီချယ်နန်းရဲ့ သူငယ်ချင်းက လေဆိပ်မှာ လာစောင့်နေတယ်။ နာမည်က Kailash တဲ့ ကိုယ်သွားချင်တဲ့ Mount Kailash တောင်။ တရုတ်တိဘက်ထဲမှာရှိပေမယ့် နီပေါဖက်ကနေသွားရင် လူသက်သာတယ်။ တရုတ်ဖက်ကနေသွားရင် High Attitude မို့လူမသက်သာ။ ဟိန္ဒူဘာသာဝင်၊ တိဘက်တွေရဲ့ အထွတ်အမြတ်တောင် မြန်မာလိုဆိုရင် မြင့်မိုရ်တောင်၊ ကေလာသတောင်။ အိန္ဒိယပတ်စ်ပို့စ်ကိုင်ထားရင် သွားခွင့်မရှိ၊ ကိုယ့်ဓာတ်ပုံတွေထဲမှာ ဒလိုင်းလားမားပုံ ပိစိလေးပါရင်တောင် တကားလုံးကို ပြန်လွှတ်တာတဲ့။ တနေ့တော့ Mount Kailash ကို သွားချင်ပါသေးတယ်။ လူသေတွေ သဂြိုလ်တဲ့နေရာကို သွားကြည့်တယ်။ ဆင်းရဲချမ်းသာ မာန်မာန၊ ဒေါသတွေ နောက်ဆုံးမှာတော့ ပြာပုံပဲကျန်ခဲ့။ မီးခိုးတလူလူနဲ့ တနေ့တနေ့ သေတဲ့သူတွေ မနည်းမနော။ သံဝေဂရသော်ငြား မသေခင် ခရီးတွေထွက်ချင်ပါသေးတယ်။ နိုင်ငံခြားသားဆိုရင် ဒေါ်လာ ၄၀ ပေးရတဲ့ cultural show & dinner သွားစားတယ်။ နီပေါလူမျိုးပါပြီး သူတောင်းဆိုပေးလို့ ဒေါ်လာ ၂၀ ပဲ ပေးခဲ့ရတယ်။ သူ့ညီမကလည်း အိုင်အိုဝါက ကိုယ်တက်ခဲ့တဲ့ကျောင်းမှာ တက်နေတာ။ နီပေါလူမျိုးစုတွေရဲ့ ရိုးရာအကတွေကို တွေ့ရတယ်။ နောက်ဆုံးပိတ်ကတော့ နာမည်ကျော် Resham firiri သီချင်း။ Ghandruk က Hotel Mud & Rock မှာ ရွာကလူတွေ လာဖျော်ဖြေတုန်းက Resham firiri နဲ့ ကကြတာကို သတိရမိတယ်။ အဲ့တုန်းက အင်မတန်ပျော်ဖို့ကောင်းတာ မမေ့နိုင်တဲ့နေ့စွဲတစ်ခု။

Happy Traveling!

စန်းထွန်း

ဇှုလှိုင် ၁၁၊ ၂၀၂၅။

Gurung dance

၂၀၂၅ နီပေါသွားတောလား - ၅

၂၀၂၅ နိုဝင်ဘာ ၅ မနက်စာစားပြီးတော့ Ganesha temple သွားတယ်။ ပိုခရာမြို့ကို အပေါ်စီးကနေမြင်ရတယ်။ ရာမားအခန်းထဲက Ganesha ရုပ်ကိုတွေ့တိုင်း ချစ်စရာကောင်းတဲ့ဆင်လေးလို့ပြောရင် သိပ်စိတ်ဆိုးတာ။ ခုတော့ အရင်တုန်းက မသိလို့ပြောဆိုခဲ့တဲ့ အမိုက်အမဲလေးကို ခွင့်လွှတ်ပါနော် ဖြစ်ကုန်ပြီ။ ပိုခရာမြို့ရေကန်ဘေးနားကဆိုင်မှာ ရုဒရာခြာပုတီး၊ လက်ကောက်တွေဝယ်။ ဆိုင်ရှင်ကောင်မလေးက အတော်သဘောကောင်းတယ်။ ငွေလဲကောင်တာမှာ ငွေလဲ ဗိုက်ဆာလို့ စမူဆာဆိုင်မှာ နေ့လည်စာဝင်စားတယ်။ လုပ်တာကိုင်တာကကြာလို့ လေဆိပ်သွားမှာမို့လို့ မြန်မြန်လုပ်ပါပြောရတယ်။ စမူဆာတယောက်တခု၊ လက်ဖက်ရည်တယောက်တခွက်၊ မုန့်လုံးထဲအာလူးတွေထည့်ထားတာတပွဲကိုမှာ ရူပီး ၃၀၀ ဒေါ်လာ ၂ ပဲကျလို့ ဟုတ်ရဲ့လား တယောက် ၃၀၀ လားထပ်မေးရတယ်။ ကားသမားက သဘောကောင်းတယ်။ ပိုခရာလေဆိပ်ကြီးက ခမ်းနားတယ် ခက်မန်ဒူလေဆိပ်ထက်တောင် သားနားသေးတယ်။ ထုံးစံအတိုင်း လေယာဥ်က ၂ နာရီလောက် နောက်ကျတယ်။

Happy Traveling!

စန်းထွန်း

ဇှုလှိုင် ၈၊ ၂၀၂၅။

Annapura

၂၀၂၅ နီပေါသွားတောလား - ၄

၂၀၂၅ နိုဝင်ဘာ ၄ Pokhara မြို့ပေါ်က Saragot ကို ညနေ ၄ နာရီလောက် ရောက်တယ်။ ခဏနားပြီး Peace Pagoda နဲ့ Shiva Temple သွားလည်တယ်။ ၂၀၂၄ နိုဝင်ဘာတုန်းက ခရီးစဥ်ထဲမှာ Peace Pagoda ပါပေမယ့် လမ်းပြင်နေလို့ တနာရီလောက်လျှောက်ရမယ်ဆိုတာနဲ့ မရောက်ခဲ့ဘူး။ တောင်ထိပ်ကို လမ်းလျှောက်တော့ ရေကန်နဲ့ ပိုခရာမြို့ကို မြင်ရတယ်။ ပိုခရာမြို့က ဆူနမ့်ရဲ့ဇာတိမြို့ သူ့အိမ်က ရေကန်ကနေ မိနစ် ၂၀ လောက်ပဲဝေးတယ်လို့ပြောတယ်။ ကားသမားက Peace Pagoda ကနေ Shiva Temple ကို လမ်းလျှောက်ခိုင်းတယ်။ မလျှောက်ပါဘူး လာခေါ်လို့။ Shiva Temple တောင်ပေါ်တက်တော့လည်း ကားကိုအပေါ်တက်ခွင့်မပေးဘူး။ လုံခြုံရေးယူထားတဲ့ရဲနဲ့ အခြေအတင်ပြောကြ။ နိုင်ငံခြားသူတွေပါတယ်လို့ ပြောတယ်နဲ့တူပါရဲ့ တက်ခွင့်ပေးလိုက်တယ်။ ကားသမားက အဆင်မပြေလို့ ညစာစားဖို့ ထမင်းဆိုင်လိုက်ပို့တော့ ကောင်းတဲ့ဆိုင်ကိုခေါ်သွားပါ့မလား စိတ်ထင့်နေတာ။ ထမင်းပုံစားဆိုင် စားကောင်းလို့ တော်ပါသေးရဲ့။ Paragliding စီးချင်လား ငါ့ညီတွေရှိတယ် နဲ့ ပြောနေတယ်။ သူ့ဝန်ဆောင်မှုကို မကြိုက်တာနဲ့ သူကချိတ်ပေးမယ့်ဟာတွေကို မကြိုက်တော့ဘူး။ Ghandruk ကဂျစ်ကားသမားကို မနက်ဖြန်အတွက် အဲ့ကားသမားကို မကြိုက်ဘူး တခြားတယောက်ကို လွှတ်ပေးပါလို့ တောင်းဆိုလိုက်တယ်။
Happy Traveling!
စန်းထွန်း
ဇှုလှိုင် ၄၊ ၂၀၂၅။
World Peace Stupa
Shiva Temple