နွေဦးတော်လှန်ရေး - ၃

 ၂၀၂၁ ဧပြီ ၃ စနေနေ့ ညနေ ၃ခွဲ ကနေ ၅ခွဲအထိ တိုင်းစကွဲမှာ CRPH က တင်မြှောက်တဲ့ National Unity Government (NUG) အစိုးရသစ်ကို ထောက်ခံပွဲ ကျင်းပပါတယ်။ လွန်ခဲ့တဲ့နှစ်ပတ်တုန်းက တိုင်းစကွဲမှာ ပထမဆုံးကျင်းပတဲ့ ဆန္ဒပြပွဲကို နေမကောင်းလို့ မသွားလိုက်ရဘူး။ ဒီတခါတော့ မခိုင်ပေးတဲ့ NLD မတ်စ်အနီရောင်လေးတပ်၊ အရင်လိုဆိုင်းဘုတ် မယူသွားတော့ဘူး။ ပွဲမှာ ဆိုင်းဘုတ်၊ အော်ရမဲ့စာသားတွေ ပါတဲ့စာရွက် ဝေပါတယ်။  ဒုတိယတန်းမှာ နေရာယူတယ်။ နှစ်နာရီလုံး မြန်မာလိုအော်လိုက် အင်္ဂလိပ်လိုအော်လိုက် သီချင်းတွေဆိုလိုက်နဲ့ အသားကုန်အော်တော့ ဆန္ဒပြပွဲပြီးတာနဲ့ လည်ချောင်းနာလို့ ရေသောက်၊ ဗီတာမင်စီသကြားလုံး ငုံရတယ်။ သူများတွေဆို အဝေးကြီးကနေ လာရတာ။ ကိုယ်လုပ်ပေးနိုင်တာလေးကိုမှ မလုပ်ရရင် တာဝန်မကျေသလို ခံစားရတယ်။ မြန်မာနိုင်ငံထဲကသူတွေနဲ့ တသားတည်းဖြစ်ကြောင်း ပြသဖို့လိုတာပေါ့။ လူတိုင်း လုပ်ပေးနိုင်တဲ့အရာလေးတွေ ရှိပါတယ်။ တော်လှန်ရေးကာလမှာ လူတိုင်းအရေးပါ,ပါတယ်။

အရေးတော်ပုံ အောင်ရမည်!!!
စန်းထွန်း
ဇွန် ၂၆၊ ၂၀၂၁။

Photo credit - Kyaw Soe Latt

ဘယ်ဖက် ဒုတိယတန်း ဦးထုပ်ကားကားဆောင်း မတ်စ်အနီရောင် အပြာရောင်ယူအန်ဆိုင်းဘုတ်နဲ့
 


နွေဦးတော်လှန်ရေး - ၂

၂၀၂၁ မတ်လ ၂၇ တော်လှန်ရေးနေ့မှာ မြန်မာ၊ ယိုးဒယား၊ ထိုင်ဝမ်၊ ဟောင်ကောင် Milk Tea Alliance တွေစုပေါင်းပြီး စနေနေ့ နေ့လည် ၂ နာရီ ၄ နာရီအထိ ချီတက်ဆန္ဒပြကြပါတယ်။ စုရပ်က စီးတီးဟောနားကအဝိုင်းကနေစပြီး ဘရွှတ်ကလင်းတံတားကို ဖြတ်ကျော်ပြီး ပန်းခြံမှာဆုံးမှာပါ အနက်ရောင်ဝတ်ဆင်ခဲ့ကြပါတဲ့။ စစ်တပ်က အာဏာသိမ်းထားတဲ့ ယိုးဒယား၊ တရုတ်ရဲ့ဖိနှိပ်မှုကို ခံရတဲ့ ထိုင်ဝမ်၊ ဟောင်ကောင်၊ တိဘက်၊ ဝီကန်၊ ကာဂျစ်စတန်။ ကာဂျစ်စတန်ရဲ့အလံလေးက စိမ်းပြာရောင်လေး။ ကိုယ့်ဘေးနား လာရပ်တဲ့အစ်မကို ဟိုဗော်လန်တီယာဆီမှာ ဆိုင်းဘုတ်တောင်းလို့ရတယ်ဆိုပြီး ပြောတော့ သူက upstate ဖက် kingston ကနေ လာတာ မနက် ၁၀ နာရီကတည်းက ထွက်လာတာ။ ကားမမောင်းရဲလို့ အသိမိတ်ဆွေကို ကားမောင်းခိုင်း အလုပ်ကခွင့်ယူလာတာတဲ့။ ဆန္ဒပြပွဲမှာ မပါရင် တာဝန်မကျေဘူးလို့ ခံစားရပြီး ကိုယ်တတ်နိုင်တာ လုပ်ပေးမယ်ဆိုပြီး လာတာတဲ့။ နှစ်ယောက်တတန်း တန်းစီတော့ အဲ့ဒီအစ်မလည်း ဘယ်ရောက်သွားမှန်းမသိဘူး။ သူငယ်ချင်းတွေနဲ့ အတူတူ ဆန္ဒပြရင် ပိုအားရှိပေမဲ့ ကိုယ်ယုံကြည်ရာ ဆောင်ရွက်ချင်တာကို တယောက်တည်း လုပ်ရတဲ့အခါလည်း ရှိတာပါပဲ။ တချို့များဆို မိသားစုလိုက် ချီတက်ကြတာ။ ဘရွှတ်ကလင်းတံတားက သိတဲ့အတိုင်း ကြိတ်ကြိတ်တိုး။ ဗော်လန်တီယာတွေက လမ်းတဝက်ကို ကြိုးတားပေး NYPD ရဲတွေက လမ်းကူးတာတားပေး စောင့်ရှောက်ပေးတော့ အရမ်းအဆင်ပြေတယ်။ အဲဒီနေ့က လူတထောင်ကျော် ချီတက်ဆန္ဒပြကြတယ်။ ကိုယ့်ပုံမထင်မရှား ပါတာလေးတွေကို အမှတ်တရတင်လိုက်ပါတယ်။ ဓာတ်ပုံဆရာတွေက ဘယ်သူတွေလဲ မသိတော့ဘူး credit to original uploader ။


အရေးတော်ပုံ အောင်ရမည်!!!
စန်းထွန်း
ဇွန် ၁၉၊ ၂၀၂၁။

ယူအန်ဆိုင်းဘုတ်ကိုင် အသားကုန်အော်
ကလေးတွန်းလှည်းတွန်းပြီး မိသားစုလိုက် ချီတက်ကြတယ်
ဘယ်ဖက်အစွန် ဦးထုပ်ကားကား ယူအန်အပြာဆိုင်းဘုတ်နဲ့

နွေဦးတော်လှန်ရေး - ၁

ဖေဖေါ်ဝါရီ ၁ ရက်နေ့ကစလို့ မအိပ်နိုင်၊ မစားနိုင်၊ မပျော်နိုင် သတင်းတွေကြည့်ပြီး ဒေါသထွက် လူသတ်ချင် မဆဲတတ်တဲ့လူတောင် ဆဲတတ်လာပြီ။ ဖေဖေါ်ဝါရီ ဒုတိယပတ် နယူးယောက်ယူအန်မှာလုပ်တဲ့ ပထမဆုံးဆန္ဒပြပွဲသွားတယ်။ တအားအေးပေမဲ့ လူတွေအများကြီးပဲ တချို့ဆို ပန်ဆယ်ဗေးနီးယားပြည်နယ်ကနေ သုံးနာရီကျော် ကားမောင်းလာကြတယ်။ ဒုတိယအကြိမ် တရုတ်သံရုံးရှေ့မှာ ဆန္ဒပြတယ်။ တယောက်တည်းသွားတာဆိုတော့ ဓာတ်ပုံရိုက်ပေးမဲ့သူမရှိဘူး။ အေးတော့ လက်အိတ်ချွှတ်ပြီး မရိုက်ချင် ဆယ်ဖီလည်း မရိုက်ချင်နဲ့ ဓာတ်ပုံတပုံမှမရှိဘူး။ ဖေဖေါ်ဝါရီ ၂၆ နေ့လည် ၂ ခွဲကနေ ၄ ခွဲ ယူအန်နားမှာ တတိယအကြိမ် ဆန္ဒပြပွဲဆင်နွှဲတယ်။ အဲဒီနေ့က စောစောရောက်လို့ ရှေ့တန်းအလံကိုင်တဲ့ နေရာမှာပါလို့ ဓာတ်ပုံထဲပါတယ်။ အဲဒီနေ့မနက်ပိုင်းမှာ စင်္ကာပူသံရုံးရှေ့မှာ ဆန္ဒပြပွဲတပွဲ နေ့လည် ယူအန်ရှေ့တပွဲ နှစ်ပွဲရှိတယ်။ ကိုယ့်ဘေးကအမတွေဆို နှစ်ပွဲလုံးပါတာတဲ့။ နှစ်နာရီလေး အေးအေးချမ်းချမ်း ဆန္ဒပြတာတောင် ဒီလောက်ပင်ပန်းတာ ပူပြင်းလွန်းတဲ့ မြန်မာပြည်ရဲ့နွေရာသီ အပူချိန် သေနတ်နဲ့ပစ်သတ်ခံရမှာ အဖမ်းခံရမှာ သိရက်နဲ့ ဆန္ဒပြတဲ့သူတွေကို တကယ်လေးစားမိတယ်။ မြန်မာပြည်ကလူတွေ အသက်စွန့်ပြီး အာဏာရှင်ကို အံတုနေချိန်မှာ နိုင်ငံရပ်ခြားကမြန်မာတွေလည်း တတ်နိုင်သလောက် ဆောင်ရွက်ကြပါတယ်။ ဟိုဟာလုပ်ပါလား ဒီဟာလုပ်ပါလား ဝေဖန်ဖို့အချိန်မရှိဘူး။ ကိုယ်တတ်နိုင်တာ ကိုယ်လုပ်တယ် အလှုငွေထည့်၊ ဆန္ဒပြတယ်။ ရန်ပုံငွေရှာ ​ဈးရောင်းပွဲတွေမှာ လုပ်အားပေးတယ်။ အမတ်တွေကို စာပို့အီးမေးလ်ပို့ Petition တင်ဖို့လက်မှတ်ထိုး သိသင့်သိထိုက်တဲ့ပို့စ်တွေရှယ် ကြားနေတဲ့သူအနည်းစုကို အဆက်ဖြတ်။ လှုတာလည်းပြတ်တယ် စိတ်ချရတဲ့နေရာမှာလှုတယ် ပြေစာမလို ဓာတ်ပုံမလိုဘူး။ အမေက စစ်ကောင်စီပွဲတက်တဲ့ ကျောင်းထိုင်ဆရာတော်ကျောင်းကို ဆွမ်းမပို့ဘူး အဖေက ထီမထိုးဘူး။ 

အရေးတော်ပုံ အောင်ရမည်!!! 
စန်းထွန်း 
ဇွန် ၁၂၊ ၂၀၂၁။ 

Photo credit - Kyaw Soe Latt

မောင်မောင်ရေ - ၂

ဇွန် ၃ ရက် မောင်မောင်ဆုံးတာ နှစ်နှစ်ပြည့်ပြီ။ တွေးမိတိုင်း နာကျင်ကြေကွဲ ဝမ်းနည်းနေတုန်းပဲ။ မကြီးသူငယ်ချင်း မမျိုးရဲ့သူငယ်ချင်း သဘာဝတရားရိပ်သာက သီလရှင်ဆရာလေးဝိမလစာရီ နယူးယောက်ရောက်နေတယ်ဆိုလို့ မေ ၂၂ စနေနေ့မနက်မှာ သွားတွေ့ဆုံပြီး နဝကမ္မအလှုငွေ လှုဖြစ်တယ်။ မြောက်ဦးဆရာတော်ကို လှုတယ်။ မှော်ဘီဝါးနက်ချောင်း ဗောဓိရိပ်ငြိမ်တောရမှာ ၂ နှစ်ပြည့် ဆွမ်းကပ်လှုတယ်။ မကြီးသူငယ်ချင်းယိမ်းယိမ်းက ဆောင်ရွက်ပေးလို့ အဆင်ပြေသွားတယ်။ မိတ်ဆွေကောင်းတွေရှိတာ ကံကောင်းခြင်းတမျိုးပါပဲ။ ကိုယ်တို့မိသားစုဝင်တိုင်းရဲ့ မွေးနေ့ရက်တိုင်း ဗောဓိရိပ်ငြိမ်တောရမှာ ရာသက်ပန်ဆွမ်းလှုပါတယ်။ တရက်မှမေ့မရ နေ့တိုင်းကုသိုလ်လုပ်ပြီး အမျှဝေပါတယ်။ ရောက်ရာဘုံဘဝကနေ သာဓုခေါ်ဆိုနိုင်ပါစေ ကောင်းရာသုဂတိ ရောက်ပါစေ။


စန်းထွန်း
ဇွန် ၅၊ ၂၀၂၁။