Showing posts with label My nephew. Show all posts
Showing posts with label My nephew. Show all posts

19 July 2025

Happy Birthday ဘုန်းသန့်ခေါင်

၂၀၂၅ မတ် ၁ တူတော်မောင် ဘုန်းသန့်ခေါင် ၁၀ နှစ်ပြည့်ပြီ။ မွေးနေ့လက်ဆောင် တရာကျော်တန် ဖိနပ်တောင်းထားတယ်။ ၅၀ တန်ပဲဝယ်ပေးနိုင်မယ်ဆိုတော့ ကြီးကြီးခင်စန်း ၅၀၊ ကြီးကြီးစန်းထွန်း ၅၀ ပေးတဲ့။ ကြီးကြီးပိုက်ဆံတွေကို မျက်စောင်းမထိုးဘဲ ကိုယ်လိုချင်တာတွေ ကိုယ့်ပိုက်ဆံနဲ့ အမြန်ဆုံးဝယ်နိုင်ပါစေကွယ်။

စန်းထွန်း

ဂျုလှိုင် ၁၉၊ ၂၀၂၅။

07 September 2024

တူတော်မောင် - ၁၆

၂၀၂၄ သြဂုတ် ၈ မကြီးမွေးနေ့ မွေးနေ့ကဒ်ဆွဲခိုင်းတာ နှစ်ပတ်နောက်ကျပြီးမှ ဆွဲပေးမယ်။ သားမွေးနေ့ကျရင်လည်း နှစ်ပတ်နောက်ကျပြီးမှ ပေးမယ်။ ဘယ်လိုဆုတောင်းပေးလဲဆိုတော့ ပိုချေးကား မွေးနေ့လက်ဆောင်ရပါစေတဲ့။ ပေးတဲ့ဆုနဲ့ ပြည့်ပါစေတော်။ အင်္ဂလိပ်စာတော့ အမှတ်ပြည့်ရတယ် ဘူးယိုကိုး။ တပတ်တခါ ကြီးကြီးနဲ့ ဖုန်းပြောမယ်ဆိုပြီး စကားမပြောဘဲ ဂိမ်းတွေဆော့။ သူ့အမေက ဗျင်းတော့ ကြီးတော်တွေနဲ့ အဘွားက တားမယ်ထင်လား။ ရိုက်ပါစေ ဗျင်းပါစေ ဝမ်းသားအာရ အားပေးအားမြောက်။

စန်းထွန်း

စက်တင်ဘာ ၇၊ ၂၀၂၄။

26 June 2024

တူတော်မောင် - ၁၅

တူတော်မောင်ကို ဆရာမက တတန်းကျော်တက်ခွင့်ပြုလို့ လေးတန်းကျောင်းသားကြီး ဖြစ်နေပြီ။ မနှစ်က နောက်ဆုံးနှစ် report card ခေါ်ပေးတော့ အတန်းပိုင်ဆရာမက သူက စာကောင်းကောင်းလိုက်နိုင်တယ်။ knowledge လဲကြွယ်တယ်။ အတန်းကျော်ချင်ရင်ကျော် စာလိုက်နိုင်တယ်ဆိုပြီး ထောက်ခံချက်ပေးတယ်။ ဆရာမ အဲ့လိုထောက်ခံပေးတာ တတန်းလုံးမှာ ကျောင်းသားနှစ်ယောက်ပဲရှိတယ်။ နွေနှစ်လကို သူ့အမေက သင်္ချာနဲ့ အင်္ဂလိပ်ပြန်သင်ပြီး ဝင်ခွင့်ဖြေခိုင်းတော့ အောင်တယ်။ သင်္ချာက ၅၀ ဖိုးစစ်တာ ၄၄.၅၊ အင်္ဂလိပ်စာက ၅၀ ဖိုးစစ်တာ ၃၈ ရတယ်။ ဝင်ခွင့်က ၃၀ ရရင် ကျော်လို့ရတာဆိုတော့ ကျော်လိုက်တာ။ တစ်နှစ်စရိတ်သက်သာလည်း မနည်းဘူး။ စာလိုက်နိုင်လား ခက်လားမေးတော့ လိုက်နိုင်တယ်တဲ့။ သားက ငယ်ငယ်လေးနဲ့ မျက်မှန်တပ်ရတယ်။ ကြီးကြီးတို့ဆို ၈ တန်းလောက်မှာ တပ်ရတာ။ သူ့မျက်မှန်က ဒီဂရီမပါဘူး စလင်ဒါအတွက် တပ်ရတာတဲ့။ အမဲရပ်ပါအဆိုတော်ပုံကို ဆွဲထားတာ အတော်တူတယ်။ XXX tentacion rapper 20 years old, dead on June  18, 2018 တဲ့။ ကိုယ်တွေမသိဘူး သူကဘယ်လိုသိ။ အရင်တုန်းက လူပုံမဆွဲတတ်ဘူး။ ပန်းချီသင်တန်းတက်ပြီးတော့ တိုးတက်လာတယ်။ အမေစုပုံဆွဲရင် စျေးပွဲတော်မှာ ရောင်းပေးမယ်လို့ ပြောထားတယ်။

စန်းထွန်း

မေ ၂၆၊ ၂၀၂၄။

15 May 2024

တူတော်မောင် - ၁၄

ဆုရလို့ ဘေးအိမ်က တသောင်းဆုချတယ်၊ နာရီလက်ဆောင်ပေးတယ်။ ကြီးကြီးတို့က ဘာဆုချရမလဲမေးတော့ စာအုပ်ဖိုးပဲပေးပါတဲ့။ အတန်းကြီးလာလို့ စာများလာပြီ ခက်လာပြီတဲ့။ ကားမောင်းတဲ့ဂိမ်းဆော့တဲ့အခါ ကြီးတော်က ကျော်ပစ်၊ တိုက်ပစ်၊ စျေးအကြီးဆုံးကားဝယ်ပစ်လို့ မြှောင့်ပစ်လိုက်သေးတယ်။

စန်းထွန်း

မေ ၁၅၊ ၂၀၂၄။

20 March 2024

တူတော်မောင် - ၁၃

ပုံဆွဲတော်တဲ့ တူတော်မောင် ဆွဲထားတဲ့ လက်ရာလေးတွေပါ။ ရောင်းမယ်တဲ့ တပုံ ၅ ကျပ်..တပုံ တကျပ်ပေးမယ်ပြောတော့ ဘိုးဘိုးတို့ နောက်ထပ်စတိတ်ထပ်သွားရင် ထည့်ပေးလိုက်မယ်တဲ့။ အဖေတို့လာတုန်းက ထည့်ပေးလိုက်တဲ့ပုံ ၂ ချပ် တပုံ ၅ ကျပ်နဲ့ ဘဘဝယ်ထားတာ ပိုက်ဆံမရသေးလို့ တောင်းနေတယ်။ ကြီးတော်ခင်စန်းကတော့ သူ့တူတော်မောင်လုပ်စာ စားရမယ်လို့ မျှော်လင့်နေတယ်။ Jordan Air shoe ၊ iPhone 15၊ ဝက်မောင်း၊ ကိုရီးယား၊ စတိတ်သွားလည်ဖို့ လေယာဥ်ခတောင်းနေတယ်။ သူတောင်းတာတွေ ပေးနိုင်ဖို့ မီလီယံနာဖြစ်အောင် လုပ်ကြပါစို့ဆိုပြီး ရယ်နေရသေးတယ်။ New Year၊ Grandpa's  Birthday cards တွေဆွဲပေးမှာဆိုတော့ ဆွဲပေးတယ်။ ဘိုးဘိုးမွေးနေ့ကဒ်မှာ ဆွဲထားတာ ဘာအဓိပ္ပာယ်လဲဆိုတာ မေးနေတာ ခုထိမဖြေသေးဘူး။

စန်းထွန်း

မတ် ၂၀၊ ၂၀၂၄။

07 February 2024

တူတော်မောင် - ၁၂

PE & Sports တခုပဲ D..ကျန်တာ အကုန် A+, A ရတဲ့ တူတော်မောင်.. Congratulations ! I am so proud of you !

Kyi kyi I got A+ in all subjects without maths. I got A. I got D in sports. I don't think I am not good at sports.

၄ နှစ်အရွယ် တီချယ်ဂျက်ကျောင်း တက်ခိုင်းတုန်းက ကြီးကြီးခင်စန်းကို မုန်းတယ်။ ကြီးကြီးကြောင့် ကျောင်းတက်ရတာလို့ ပြောတဲ့သူက ခုတော့ ဘိုလိုချည်း မှုတ်နေတော့တာ။

စန်းထွန်း

ဖေဖေါ်ဝါရီ ၇၊ ၂၀၂၄။

03 January 2024

တူတော်မောင် - ၁၁

ပန်းချီဆွဲတော်တဲ့ တူတော်မောင် ဆွဲထားတဲ့ ပန်းချီကားလေးတွေပါ။ အဖေတို့လာတုန်းက ထည့်ပေးလိုက်တဲ့ ပန်းချီကားထဲက နှစ်ချပ်ကို ဘဘက ၁၀ ကျပ်နဲ့ ဝယ်ထားတာ မပေးသေးလို့ ကြီးကြီးခင်စန်းဆီမှာ တောင်းနေလေရဲ့။ သူ့အဘိုးလို ထောင့်စေ့နေအောင် ခိုင်းတတ်တဲ့သူက class president ဖြစ်နေပြီ။

ကြီးရေ သား class president ဖြစ်ပြီ..

ကွန်ဂရက်ကျူလေးရှင်း..class president ကို ဆရာမက ရွေးတာလား..ကျောင်းသားတွေက မဲပေးပြီး ရွေးတာလား..

ဆရာမကရွေးတာ..

class president ကဘာတွေလုပ်ရလဲ..

စာသင်ချိန် စာနားမထောင် စာလိုက်မလုပ် စကားများ စနောက်တဲ့သူတွေကို မှတ်ထားပြီး ဆရာမကို ပြန်ပြောရတာ..

အိုးမိုင်ဂါ့ တတန်းလုံးက သူ့ကိုမုန်းကြတော့မှာပဲ..

စန်းထွန်း

ဇန်နဝါရီ ၃၊ ၂၀၂၃။

23 December 2023

တူတော်မောင် - ၁၀

တူတော်မောင်က ဆုရလို့ ကြွားတယ်။ ကြီးတော်က ဖေ့ဘွတ်နဲ့ ဘလော့မှာ ထပ်ကြွားတယ်။ သူ့နာမည်က အဲလက်စ် မဟုတ်တော့ဘူး မိုက်ကယ်ဂျက်ဆင်ကို အားကျလို့ မိုက်ကယ်လို့ ပြောင်းထားတယ်တဲ့။ ဆုရလို့ ဘာလိုချင်လဲမေးတော့ ဂျော်ဒန်အဲယားဖိနပ် လိုချင်တယ်။ သူ့ဖိနပ်ဆိုဒ်က ဘယ်လောက်မှန်း မသိဘူးတဲ့။ သူလိုချင်တဲ့ဖိနပ်ပုံတွေကို အင်တာနက်ကနေ ရှာပို့တယ်။ သူပို့တာတွေက ဒေါ်လာ ၅၀၀ ကျော်။ သား ကိုယ့်ပိုက်ဆံရှာနိုင်တဲ့အခါ ကြိုက်တာဝယ်။ ကြီးကြီးတို့ကတော့ ဒေါ်လာ ၅၀ ပဲ ဝယ်ပေးနိုင်မယ်။ အင်တာနက်မှာရှာတော့ သူလိုချင်တာတွေမတွေ့။ ဖိနပ်ဆိုဒ်မတော်တာ၊ အရောင်မကြိုက်တာတွေ ဖြစ်မှာနဲ့ ပိုက်ဆံပေးလိုက် သူကြိုက်တာ ဝယ်ပါစေလို့ အဖေက အကြံပေးတယ်။ ပိုက်ဆံတသိန်း ပေးလိုက်တာ သူကြိုက်တဲ့ဖိနပ်ဝယ်တယ်။ ဖိနပ်ဆိုဒ်က ကြီးပေမဲ့ ဝယ်လာတယ်။ ခြေထောက်ကြီးလာမှာနဲ့ အတော်ပဲပေါ့။ အရောင်လေးကလဲလှတယ် အရမ်းကြိုက်တယ်။ အတုပေမဲ့ ကောင်းတဲ့အတုတဲ့။ ဖိနပ်က သုံးသောင်း၊ ခြေအိတ်က ခြောက်ထောင်။ ဆိုင်မှာ လိုချင်တာမရလို့ ငိုယိုနေသေးတယ်တဲ့ ကြီးတော်ခင်စန်းနဲ့တူတာ။ အခုတော့ ဂျော်ဒန်အဲယားဖိနပ်ကို ခရေစီဖြစ်နေတယ်။ သူပြောမှပဲ အဲ့ဖိနပ်တွေ အဲ့လောက်စျေးကြီးမှန်းသိတယ်။ ကိုယ့်မွေးနေ့ဆုတောင်းကဒ်မှာတောင် Tesla ၊ mansion ၊ iPhone ၊ Jordan air shoes ရပါစေလို့ သူလိုချင်တာတွေကို ဆုတောင်းပေးနေတယ်။

စန်းထွန်း

ဒီဇင်ဘာ ၂၃၊ ၂၀၂၃။

29 November 2023

တူတော်မောင် - ၉

လူကြုံရှိလို့ တူတော်မောင်တောင်းတဲ့ ပိုကီမွန်ကဒ်လေးတွေ ပို့ဖြစ်တယ်။ ရွှံ့နဲ့လုပ်ထားတဲ့ ကားလေးက အတော်စိတ်ရှည်လက်ရှည် လုပ်ထားတာ သူ့ကျောင်းကားတဲ့။ ကျောင်းကားမှာ နေရာကောင်းရဖို့ လုရသေးသတဲ့။ နေရာကောင်းဆိုတာ မြင်ကွင်းကျယ်ကို ပြောတာတဲ့။ ဖိနပ်တွေက ဆင်တူဆိုတော့ သူ့ဖိနပ်ကို ဘယ်ကောင်စီးသွားလဲမသိဘူးဆိုပြီး ရှာရသေးတယ်။ ပိုကီမွန်ကဒ် မှာတာလည်း ဟိုဟာမကြိုက်၊ ဒီဟာမကြိုက်နဲ့။ အင်မတန် ဂျီးထူတဲ့ကောင် သူ့အဖေလိုပဲ။ ပိုကီမွန်ကဒ် အများဆုံးစုဆောင်းတဲ့ collector ဖြစ်ချင်တာတဲ့။ ပိုကီမွန်ကဒ်တွေကလည်း စျေးကြီးလိုက်တာ။ စျေးကြီးတာ မဝယ်ပေးနိုင်ဘူး။ သားဘွဲ့ရပြီး အလုပ်လုပ် ပိုက်ဆံတွေရတဲ့အခါ ကြိုက်တာဝယ်။ တဦးတည်းသော တူတော်မောင်ဆိုတော့ ချစ်နေရတာပါပဲ။

စန်းထွန်း

နိုဝင်ဘာ ၂၉၊ ၂၀၂၃။

18 October 2023

တူတော်မောင် - ၈

သားရေ အမေစုပုံဆွဲရင် စျေးပွဲတော်မှာရောင်းပြီး တော်လှန်ရေးရန်ပုံငွေ ရှာလို့ရတယ်။ လူပုံတော့ မဆွဲတတ်ဘူးတဲ့။ သူရောင်းချင်တဲ့ ပန်းချီကားတွေကို အဖေတို့နဲ့ ပေးလိုက်တယ်။ ပုဂံပုံက အတော်လက်ရာမြောက်လို့ ဧည့်ခန်းနံရံမှာ ကပ်ထားတယ်။ သူဆွဲထားတဲ့အိမ်က ဆိုလာတွေနဲ့ ရေကူးကန်တွေနဲ့ ဒီဇိုင်းမိုက်တယ်။ မိုင်းခရက်ထဲက သူတည်ထောင်ထားတဲ့ ထီလာစတိတ်နိုင်ငံတော်မှာ ကြီးကြီးတို့အတွက် နွေရာသီစံအိမ်ကို ဆောက်ပေးတယ်။ သူ့ပန်းချီကားတွေကို ဖေ့ဘွတ်မှာရောင်းတော့ ကြီးကြီးခင်စန်းရဲ့ အိမ်သားက တပုံငါးကျပ်နဲ့ ဝယ်ပြီးအားပေးတယ်။ ပိုက်ဆံကို သူ့အမေဆီ ချက်ချင်းလွှဲခိုင်းတော့တာပဲ။

စန်းထွန်း

အောက်တိုဘာ ၁၈၊ ၂၀၂၃။