၂၀၂၅ ဇန်နဝါရီ ၃ Black & White သဲကန္တာရ တညအိပ်ခရီး။ private tour မဟုတ်လို့ အိမ်ရှေ့ထိလာမခေါ်ဘူး။ Giza ရပ်ကွက် KFC ဆိုင်မှာ မနက် ၇ နာရီခွဲ သွားစောင့်ရမယ်။ Uber ကို မနက် ၆ နာရီခွဲမှာထားတာ ၁၅ မိနစ်နောက်ကျတယ်။ ကိုင်ရိုမြို့မှာ Uber ရပေမဲ့ credit card နဲ့ပေးလို့မရဘူး။ ငွေသားနဲ့ပေးရတယ်။ စုရပ်ကို မနက် ၇ နာရီခွဲရောက်ပေမဲ့ တိုးကားမရောက်သေးဘူး။ ကိုရီးယားတွေတစီး၊ စပိန်စကားပြောတဲ့ ၃ ယောက်ကတစီး၊ အိန္ဒိယစုံတွဲကတစီး အသီးသီးထွက်သွားကြပေမဲ့ ကိုယ်တို့တိုးကားတော့ ရောက်မလာဘူး။ ဖုန်းဆက်မေးကြည့်တော့ သောကြာနေ့ ဗလီမှာ ဘုရားဝတ်ပြုကြတဲ့နေ့၊ coptic ပွဲတော်ရှိလို့ လမ်းပိတ်နေလို့ပါတဲ့။ ၉ နာရီခွဲလောက်မှ ရောက်လာတယ် ၂ နာရီနီးပါးလောက် စောင့်လိုက်ရတယ်။ လမ်းတွေပိတ်နေတာ အကြာကြီးပဲ။ ဂတ်စ်ဆိုင်မှာ ရှူးပေါက်ဖို့ တန်းစီရတာအကြာကြီး။ မအောင့်နိုင်တဲ့မိန်းကလေးတွေ လူနည်းတဲ့ ယောကျာ်းလေးအိမ်သာမှာ သွားပေါက်ကြတယ်။ တို့ကားထဲက ဂျပန်အန်တီကြီး ယောကျာ်းလေးအိမ်သာ သွားပေါက်တယ်။ အိမ်သာစောင့်ရင်း စကားပြောကြတော့ တို့ရှေ့ကထွက်သွားတဲ့ကားက မြူတွေကျနေလို့ တနာရီလောက် ရပ်စောင့်ရတယ်တဲ့။ အဲ့ဒါကြောင့် ကိုယ်တို့ရှေ့ကထွက်သွားတဲ့ကားပေါ်က လူတွေနဲ့ အိမ်သာပြန်ဆုံတယ်။ အိမ်သာမှာ ချက်မရှိဘူး တယောက်ကို တံခါးပေါက်ကို ဆွဲထားပေးရတယ်။ တွေးထားတဲ့အတိုင်း စက္ကူမရှိဘူး အိတ်ထဲ စက္ကူ၊ လက်သန့်ဆေး၊ wipe tissue ဆောင်ရတယ်။ အီဂျစ်လူမျိုးတွေ အင်မတန်ဆေးလိပ်သောက်တယ်။ ကားနှစ်နာရီလောက်မောင်းပြီးရင် ဆေးလိပ်သောက်ဖို့ ဆယ်မိနစ်လောက်ရပ်တယ်။
နေ့လည်ဖက် Bedouin ရွာလေးမှာ နေ့လည်စာစားတယ် မစားနိုင်ဘူး။ Bedouin tea က mint ပါလို့ သောက်ရတာ ခံတွင်းရှင်းတယ်။ အီတလီလင်မယား၊ ၁၀ နှစ်အရွယ် သမီးလေး Elsa ၊ honeymoon တလထွက်လာတဲ့ ဟောင်ကောင်က လူငယ်လင်မယား၊ ဂျပန်အကိုကြီးနဲ့ ၁၀ နှစ်အရွယ်သားလေး၊ ဂျပန်အန်တီကြီး၊ ဂျာမန်အမကြီး၊ ကိုယ်တို့နှစ်ယောက်။ တိုရိုတာ 4 wheels ကား ၂စီးနဲ့ လူခွဲတမ်းချလိုက်တော့ ကိုယ်တို့က အီတလီမိသားစုနဲ့ကျတယ်။ ဝိုင်းက ဒရိုင်ဘာဘေးမှာထိုင်၊ အီတလီမိသားစုက အလယ်တန်း၊ ကိုယ်ကနောက်ဆုံးတန်းမှာ လက်ကေ့အိတ်တွေနဲ့ ထိုင်ခုံကနိမ့်လို့ ဒူးကွေးလို့မရဘူး။ လမ်းကကြမ်းတယ် ဝိုင်းဆိုရှေ့ဆုံးမှာထိုင်ပြီး ကားမူးနေတယ်။ Crystal တောင်မှာ ကျောက်တုံးလေးတွေ ကြည်လင်နေတာ ထူးဆန်းတယ်။ လက်ဆောင်ပေးဖို့ဆိုပြီး ကျောက်တုံးအကြည်လေးတွေ ကောက်လာတယ်။ White desert မှာ ကျောက်တုံးဖြူလေးတွေ ပုံသဏ္ဌာန်အမျိုးမျိုး ဖြစ်နေတာ အင်မတန်ထူးဆန်းတယ်။ Mother nature is amazing and beautiful။ Sand Dune သဲတောင်ပေါ်ကနေ စကိတ်ဘုတ်လေး လျောစီးကြတယ်။ လျောဆင်းသွားရင် လက်ခုပ်တီးလိုက်၊ ဘိုင်းခနဲပစ်လဲကျရင် ဝိုင်းရယ်ကြ။ သဲတောင်ပေါ်ကို မနည်းတက်ရတယ်။ ဝိုင်းက မစီးဘူး ထိခိုက်ဒဏ်ရာရမှာစိုးလို့။ ကလေး ၂ ယောက်ကတော့ အင်မတန်ပျော်ကြတာ။ ညအိပ်မဲ့နေရာကို ညနေ ၆ နာရီလောက်ရောက်ပြီး ရွက်ဖျင်တဲလေးတွေထိုးတယ်။ ချမ်းလို့မီးပုံဘေးဝိုင်းထိုင်ကြပြီး စကားတွေပြောကြတယ်။ ကြက်ဘာဘီကျူကင်တယ်။ ဗိုက်စာနေလို့ ညစာစားကောင်းတယ်။ အိမ်သာရှိလားမေးတော့ ရှိတယ်ဟိုးအပင်နောက်မှာ တံခါးပိတ်ဦးမယ်လို့နောက်တယ်။ အိမ်သာမရှိဘူး ချုံပုတ်နောက်မှပဲ ကိစ္စရှင်းရမှာ။ မအိပ်ခင် ချုံပုတ်နောက်သွား။
ဝိုင်းတို့ Siwa အိုအေစစ်သွားတော့ resort မှာတည်းခဲ့တာ အိမ်သာရှိတယ်။ Alexander The Great က ကိုင်ရိုမြို့ကို မသိမ်းခင် Siwa မှာရှိတဲ့ ဘုရားရှိခိုးကျောင်းဆီလာပြီး blessing ခံယူတယ်။ ကြမ်းတမ်းတဲ့ သဲကန္တာရကို ဖြတ်ကျော်ပြီး Siwa ဆီအရောက် ခရီးကြမ်းကြီး။ အဲ့ဒီ documentary film ကြည့်ပြီး Siwa သွားချင်နေတာ ဝိုင်းက ၅ ရက်လောက်ကြာတယ်။ တယောက်တည်းဆို ၆၀၀ - ၈၀၀ လောက်ကျမယ် မသွားနဲ့လို့ အကြံပေးတာနဲ့ မသွားဖြစ်ဘူး။ Siwa သွားတဲ့လမ်းလည်း တအားဆိုးတယ် ကားကခုန်လွန်းလို့ fibit tracker ကခြေလှမ်းပေါင်းသုံးသောင်း လျှောက်တယ်လို့ပြတယ်။ နီပေါနိုင်ငံ ပိုခရာမြို့သွားတုန်းက ကိုယ့် fibit က ခြေလှမ်းပေါင်းခြောက်သောင်း လျှောက်တယ်လို့ပြတယ်။ သဲကန္တာရမှာ ညဖက်အတော်အေးတယ်။ sleeping bag နဲ့ စောင်တထပ်နဲ့မို့ သိပ်မအေးဘူး။
Happy Traveling!
စန်းထွန်း
သြဂုတ် ၉၊ ၂၀၂၅။
Giza Pyramid |
Bedouin ရိုးရာ နေ့လည်စာ |
Bedouin ရိုးရာတဲအိမ် |
White Desert |
No comments:
Post a Comment