Showing posts with label Yangon. Show all posts
Showing posts with label Yangon. Show all posts

17 August 2019

ရန်ကုန်သွား တောလား - ၆

ရန်ကုန်မှာ ကိုယ်သွားလည်ချင်တဲ့ နေရာနှစ်ခုရှိတယ်။ တခုက ဦးသန့်ပြတိုက် နောက်တခုက ရုပ်သေးပွဲ။ ပုဂံကနေ ရန်ကုန်ပြန်တဲ့ ကားပေါ်မှာ ဦးသန့်ပြတိုက် ဖွင့်ချိန်၊ တိုးတွေအကြောင်း ဖုန်းဆက်မေးကြည့်တယ်။ ပြတိုက်က သောကြာ၊ စနေ၊ တနင်္ဂနွေ မနက် ၁၀ နာရီကနေ ည ၅ နာရီအထိ ဖွင့်တယ် ဝင်ကြေးအခမဲ့။ ပြတိုက်ကနေ စီစဉ်တဲ့တိုးတွေထဲမှာ ရန်ကုန်မြို့လယ်ကောင် အထင်ကရ နေရာတွေဖြစ်တဲ့ ဗိုလ်ချုပ်လုပ်ကြံခံရတဲ့ ဝန်ကြီးများရုံး၊ လွတ်လပ်ရေးကျောက်တိုင်၊ ဂျူးဘုရားကျောင်းတွေကို သွားလည်တဲ့ လမ်းလျှောက်တိုး၊ တရုတ်တန်းအနှံ့လည်တဲ့ လမ်းလျှောက်တိုးတွေအကြောင်း မေးကြည့်တယ်။ ဘယ်နေ့ဘယ်ရက်တွေမှာ ရှိတယ် တယောက် ယူအက်စ်ဒေါ်လာ ၄၀။ မြန်မာနိုင်ငံသားဆိုရင် အခမဲ့ waiting list စောင့်ရမယ်။ အခု waiting list စောင့်နေတဲ့လူ တစ်ထောင်ကျော်ရှိတယ်။ နောက်ဆုံးတော့ ဦးသန့်ပြတိုက် မသွားဖြစ်ဘူး။ မကြီးက မော်ဒယ်သန္တာလှိုင် ခဏခဏသွားတဲ့ indoor skydiving သွားချင်တယ်။ မရမ်းကုန်းမြိ ု့နယ် တော်ဝင်လမ်းဆိုတော့ Grab တက္ကစီငှားသွားတယ်။ စကိုင်းဒိုက်ဗင်း မထိုးခင် တခုခုဖြစ်ရင် ကိုယ့်တာဝန်ဆိုတဲ့ အာမခံချက်ထိုးရတယ်။ တမိနစ်တစ်သောင်း နှစ်မိနစ်အရင်စမ်းကြည့်မယ် ကြိုက်မှနောက်ထပ် ထပ်တိုးမယ်။ ဝတ်စုံလဲရတယ် sneaker မစီးထားရင် ဆိုင်ကပေးတယ်။ညွှန်ကြားပြသသူက ဘယ်လိုနေရမယ် ဘယ်သင်္ကေတတွေက ဘာအဓိပ္ဗာယ်ဆိုတာ မှတ်ရတယ်။ လှိုဏ်ခေါင်းအလုံးအဝိုင်းကြီးထဲမှာ လဲချလိုက်ပေမဲ့ အရှိန်ပြင်းတဲ့လေက ပင့်ထားလို့ လူကပျံဝဲနေတယ်။ ကိုယ့်ရိုးကားရားဖြစ်နေတဲ့ကိုယ်ကို ဆရာမက လက်နှစ်ဖက်ပေါ်တင်ပြီး ခါးကိုမတ် ခြေထောက်ဆန့်နေဖို့ ထိန်းညှိပေးတယ်။ ဆရာမက အချက်ပြပေမဲ့ ဘာမှန်းမသိဘူး မေးစေ့ကိုလာကိုင်ပြီး မော့ခိုင်းတယ်။ ဆရာမက ရလောက်ပြီထင်ပြီး လက်လွှတ်လိုက်ရင် နံရံဆီကိုလွင့်သွားတယ်။ နံရံကို ဖနောင့်နဲ့ပေါက်လိုက်တော့ အလယ်ကို ပြန်ရောက်လာတယ်။ မျက်နှာကို လေတွေ တအားတိုက်နေတော့ စပ်ဖျင်းနေတယ် နားထဲမှာ တဝူးဝူးနဲ့။ ကိုယ်က လေယာဉ်ပေါ်ကနေ ခုန်ချတဲ့ စကိုင်းဒိုင်းဗင်း ထိုးချင်တာ ကြောက်တော့ကြောက်သား။ ဒီအင်ဒိုးစကိုင်းဒိုင်းဗင်းက ကြောက်ဖို့မကောင်းဘူး အတွေ့အကြုံအသစ်တခုပေါ့။ ဆရာမက စကိုင်းဒိုင်ဗင်း အရင်ကထိုးဖူးလားတဲ့ ဟင့်အင်း။ ပထမဆုံးဆိုပေမဲ့ အနေအထားမဆိုးဘူးတဲ့။ ဆရာမ ဒိုင်ဗင်ပစ်နေတာများ လေထဲမှာ ငှက်မွှေးလေး ပျံဝဲလွင့်မျောနေသလို တကယ့်ကို ပေါ့ပေါ့ပါးပါးပဲ။ စကိုင်းဒိုင်ဗင်း ပစ်နေတဲ့ပုံတွေ တပုံမှမလှဘူး မျက်နှာကိုရှုံ့မဲ့နေတာပဲ။ ခုံပေါ်မှာတင်ထားတဲ့ ဓာတ်ပုံထဲမှာတော့ ပြုံးရယ်နေကြတာ လှတယ်။ 

ညနေစောင်းမှာ အဖေနဲ့ ရုပ်သေးပွဲသွားကြည့်တယ်။ ဖုန်းနဲ့အရင်ဘွတ်ကင်းလုပ်ရတယ်။ အောက်ကြည့်မြင်တိုင်လမ်း သစ်တောလမ်းမှတ်တိုင်မှာဆင်းပြီး ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်ရတယ်။ ရုပ်သေးကတဲ့အိမ်လို့မေးလိုက်ရင် လမ်းညွှန်ပေးကြတယ်။ ရုံနဲ့မဟုတ်ဘူး တိုက်ခန်းအိမ်ဧည့်ခန်းမှာ ရုပ်သေးစင် ပြင်ထားတယ်။ နိုင်ငံတကာဆုတွေ ရထားတယ်။ ဘိုမိသားစုက မင်္ဂလာပါလို့ နှုတ်ဆက်တယ်။ နောက်ထပ် နိုင်ငံခြားသားငါးယောက် ထပ်ရောက်လာတယ်။ ပွဲစချိန်က ညခြောက်နာရီဆိုပေမဲ့ လူစုံပြီမို့ ဆယ်မိနစ်စောစတယ်။ ဓာတ်ပုံကြိုက်သလောက် ရိုက်လို့ရတယ်။ ကိုယ့်တသက်မှာ ပထမဆုံးရုပ်သေးပွဲ ကြည့်ဖူးခြင်းပဲ။ အဝတ်မဝတ်ထားတဲ့ ရုပ်သေးရုပ်ကို ပြတယ်။ အရုပ်ဆိုပေမဲ့ လူအင်္ဂါအပြည့်အစုံပါတယ်။ ဟင်... ပုဂံမှာတွေ့တဲ့ ရုပ်သေးရုပ်ထက် အတော်ကြီးတာပဲ။ အဖေတို့ ငယ်ငယ်တုန်းက ရုပ်သေးပွဲတွေကို ကြည့်ခဲ့ရတယ်တဲ့။ မြန်မာဇာတ်ပွဲစရင် အပျိုတော်ယိမ်းနဲ့စသလို ရုပ်သေးပွဲမှာလည်း အပျိုတော်ယိမ်းနဲ့စတယ်။ နောက်ခံတေးဂီတ မီးဆလိုက်တွေနဲ့ ပွဲချိန် ၄၅ မိနစ်အတွင်းမှာ မြင်း၊ နဂါး၊ မျောက်၊ ဘီလူး၊ ဇော်ဂျီ၊ ကိန္နရီ၊ ကိန္နရာ၊ ဖိုးဝရုပ်၊ ဦးရွှေရိုးနဲ့ ဒေါ်မိုး အတော်စုံစုံလင်လင် တင်ဆက်သွားတယ်။ ဦးရွှေရိုးက မျက်ခုံးမွှေးလှုပ်၊ မျက်လုံးပြူး၊ ဒေါ်မိုးက တင်ပါးခါပြတာကို အတော်သဘောကျတယ်။ ရုပ်သေးရုပ်တွေအကြောင်းကို အင်္ဂလိပ်လို ရှင်းပြတယ်။ နဂါးရုပ်မှာ ကြိုးသုံးချောင်းပဲပါပြီး ဆွဲရတာအလွယ်ဆုံး။ မင်းသား၊ မင်းသမီး၊ ဇော်ဂျီရုပ်တွေက ကြိုးတွေအများဆုံး ဆွဲရတာအခက်ဆုံး။  Horizon မဂ္ဂဇင်းကနေ ကျင်းပတဲ့ အရှေ့တောင်အာရှစာရေးဆရာများ ဖိတ်ခေါ်ပြိုင်ပွဲမှာ ဆုရထားတဲ့ ဆရာမကြီးဒေါ်ခင်မျိုးချစ်ရဲ့ Her Infinite Variety မူယာစုံလင်သူ့ရုပ်သွင် ဝထ္ထုတိုဟာ ရုပ်သေးဆရာရဲ့ အချစ်ဇာတ်လမ်း။ လှည်းတန်းက ဆရာကြီးဦးမြကြိုင် စာဖတ်တန်းမှာ အဲ့ဒီဝထ္ထုတိုသင်တော့ အတော်လေးနှစ်သက်ခဲ့တယ်။ အဘိုးအဘွားတွေဆီ အလည်ရောက်နေတဲ့ ကလေးမလေး ရုပ်သေးဆရာနဲ့ဆုံတော့ ရုပ်သေးရုပ်အကြာင်း မေးကြည့်ရာကနေ ကံမဆုံလို့ မပေါင်းလိုက်ရတဲ့ သူ့ချစ်သူအကြောင်း၊ သူ့ချစ်သူအစား သူနဲ့တူတဲ့ ရုပ်သေးရုပ်လေးကို သူ့ကိုယ်စားပေါ့လို့ပြောပြီး ရုပ်သေးရုပ်လေးကို ကျောပိုးထွက်ခွာသွားတဲ့ ရုပ်သေးဆရာအကြောင်း ရေးထားတဲ့ ဝထ္ထုလေးက အိုး ... တကယ့်ကို လွမ်းမောကြေကွဲစရာ။ ဖတ်ခွင့်ကြုံခဲ့ရင် ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါ ရင်ထဲတခုခု ကျန်ခဲ့မှာသေချာတယ်။

အင်ဒိုးစကိုင်းဒိုင်းဗင်း
မားဂြိုလ်သွားမဲ့နှစ်ယောက်...
ကိုယ့်အိမ်မက်က အာကာသယာဉ်မှုး ဖြစ်ချင်တာ... နာဆာကို သွားလည်ဦးမယ်တနေ့....
စံရိပ်ငြိမ် ဂမုန်းပွင့်
ရုပ်သေးပွဲ

ဆရာမကြီးဒေါ်ခင်မျိုးချစ်ရဲ့ Colorful Myanmar စာအုပ်ထဲမှာ ရုပ်သေးပွဲအကြောင်းပါတယ်။ ဟိုးအရင်ခေတ်တုန်းက ဘုရားပွဲဆိုရင် ရုပ်သေးပွဲက မပါမဖြစ်။ ရုပ်သေးပွဲကို အပျိုတော်ယိမ်း ကန်တော့ခန်းနဲ့စတာဟာ ရိုသေထိုက်သူကို ရိုသေတဲ့ အစဉ်အလာပါတဲ့။ ပြီးတာနဲ့ ပထမဆုံး ဝင်လာတာက မြင်းရုပ် ဗုဒ္ဓဘာသာအယူအဆအရ စကြာဝဋ္ဌာမှာ ပထမဆုံးဖြစ်ပေါ်လာတဲ့ဂြိုလ်က မြင်းခေါင်းပုံသဏန်ရှိတယ်။ မြင်းပြီးတော့ ဆင်၊ ကျား၊ ငှက်၊ မျောက်၊ နဂါး၊ ဘီလူး၊ ဇော်ဂျီ။ ရုပ်သေးပွဲနောက်ခံက အဖြူရောင်ပိတ်သားဖြစ်ပြီးတော့ သီဆိုတဲ့သူ၊ ကြိုးဆွဲတဲ့သူတွေကို မြင်နိုင်တယ်။ အများအားဖြင့်က သီဆိုသူတယောက်၊ ကြိုးဆွဲသူတယောက်။ တခါတလေ တယောက်တည်းက သီဆိုတာရော၊ ကြိုးဆွဲတာရော လုပ်ပါတယ်။ အဲ့ဒီလိုမျိုးက အင်မတန့် အင်မတန် ရှားပါတယ်။ တညလုံးကတဲ့ မြန်မာဇာတ်ပွဲကို နိုင်ငံခြားသားတွေက အံ့သြကြတယ်။ တညလုံးဟုတ်လား .... ဟုတ်တယ် တညလုံးကတာ။ တချို့ပညာရှင်တွေက ပွဲကချိန်ကို လျော့ချဖို့ ကြိုးစားခဲ့ပေမဲ့ ပွဲကြည့်ဖို့ အဝေးကြီးကနေ လာခဲ့ကြတာ ညဉ့်နက်သန်းခေါင် ပွဲပြီးတဲ့အခါ ရွာပြန်ဖို့ အဆင်မပြေတာရော၊ ပွဲကြိုက်တဲ့လူမျိုး ဖြစ်တာကြောင့်ရော မအောင်မြင်ခဲ့ဘူး။ ရုပ်သေးရုပ်တွေကို ယမနေသားနဲ့ ထုလုပ်ပြီး လူဆိုရင် လူအင်္ဂါအပြည့်အစုံ တိရစ္ဆာန်ဆိုရင် တိရစ္ဆာန်အင်္ဂါအပြည့်အစုံ ထုလုပ်ရတယ်။ ဘုရင်၊ မင်းသား၊ မင်းသမီး၊ ဝန်ကြီး၊ ရသေ့ စီနီယာတွေကို ညာဖက်သေတ္တာပုံးမှာ သိမ်းဆည်းရတယ်။ နည်းနည်းနိမ့်တဲ့ တိရစ္ဆာန်၊ လူရွှင်တော်တွေကိုတော့ ဘယ်ဖက်သေတ္တာပုံးမှာ သိမ်းဆည်းရတယ်။ ဇော်ဂျီဆိုရင် ပိတ်ကားပေါ်ကနေ ပျံဝဲဝင်လာပြီး ထွက်ရင်လည်း အပေါ်ကနေ ပျံဝဲထွက်ရတယ်။ ဆင်ဆိုရင် ညာဖက်ကနေဝင် ညာဖက်ကနေထွက် ကျားဆိုရင် ဘယ်ဖက်ကနေဝင် ဘယ်ဖက်ကနေထွက်။ ဇာတ်စကားနဲ့ပြောရရင် ရုပ်သေးဆရာနဲ့ ရုပ်သေးရုပ် တသားတည်းဖြစ်ပြီး လမိုင်းကပ်မှ ဖျော်ဖြေရတာ ကောင်းပါတယ်တဲ့။ အဲ့ဒီလိုလမိုင်းကပ်ဖို့ ရုပ်သေးဆရာဟာ ရုပ်သေးရုပ်ကို ဖျော်ဖြေတဲ့အချိန် ပြင်ပမှာတောင် အနီးအနားမှာထားရတယ်။ ၁၇၇၆ စဉ့်ကူးမင်းက ယဉ်ကျေးမှုဝန်ကြီးဦးတော်ကို ဖျော်ဖြေမှုအနုပညာတခု ဖန်တီးဖို့ တာဝန်ပေးတယ်။ ထိုင်းနိုင်ငံကို တိုက်ခိုက်အောင်မြင်ပြီး ခေါ်ဆောင်လာတဲ့ ထိုင်းအနုပညာရှင်တွေကြောင့် မြန်မာ့အနုပညာဟာ အတော်အဆင်မြင့်နေပြီ။ အဲ့ဒီခေတ်တုန်းက လူရှေ့သူရှေ့ လင်မယား လက်ကိုင်ဖို့ဆိုတာ မလုပ်သင့်တဲ့အရာတခု။

လူတွေဟာ ချစ်ခြင်မေတ္တာကို မြင်တွေ့ခံစားချင်ကြတယ်။ သီချင်းထဲ၊ ကဗျာထဲ၊ ပုံပြင်ထဲမှာတင်မဟုတ်ဘဲ မြင်ကြားချင်တယ်။ ဘုရားလောင်းအဖြစ် သရုပ်မဆောင်ချင်ကြ၊ လင်မယားမဟုတ်ဘဲ စင်ပေါ်မှာ သရုပ်ဆောင်တဲ့အခါ မျက်မှောင်ကြုတ်ကြမဲ့  ပြသနာတွေကို ရုပ်သေးရုပ်က ဖြေရှင်းပြီးသား ဖြစ်သွားတယ်။ ဦးတော်က တိကျတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ရုပ်သေးရုပ် ၂၈ ရုပ်ကို တီထွင်ခဲ့ပါတယ်။ အဲ့ဒီအကြောင်းကို ဆရာမကြီးစာအုပ်ကနေ နောက်မှ ကူးတင်တော့မယ်။ အဖေက ဇော်ဂျီနှစ်ရုပ်ကမတူဘူး ပထမဇော်ဂျီရဲ့ တောင်ဝှေးမှာ အလိမ်လေးတွေပါတယ် ဒုတိယဇော်ဂျီရဲ့ တောင်ဝှေးမှာ မပါဘူး။ ဟင်...ဟုတ်လား သမီးသတိမထားမိဘူး ဓာတ်ပုံပြန်ကြည့်လိုက်တော့ ဟုတ်တယ်။ အဲ့ဒီလို အဖေက ပတ်ဝန်းကျင်စူးစမ်းလေ့လာမှု သိပ်ကောင်းတယ်။ ပွဲပြီးတော့ တယောက်တသောင်း ပေးကြတယ်။ တချို့နိုင်ငံခြားသားတွေက tip ထပ်ပေးတယ်။ မြန်မာနိုင်ငံသားဆိုရင် အခမဲ့လုပ်ချင်ပေမဲ့ စရိတ်ကြီးလို့တဲ့။ အစပိုင်းကတော့ အတော်လေးရုန်းကန်ခဲ့ရတယ် ခုအိမ်မှာဆိုတော့ အခန်းငှားစရိတ် မပေးရဘူး အဲ့ဒီတော့မှ အဆင်ပြေတာတဲ့။ ရုံနဲ့ကျကျနနတင်ဆက်နိုင်ဖို့ မျှော်မှန်းထားတယ်တဲ့။ ကြည့်လို့တကယ်ကောင်းတယ် ဒီထက်မက အောင်မြင်ပါစေ။ ဖြိုးလမ်းညွှန်တဲ့ လှိုင်မြို့နယ် ဘူတာရုံလမ်း စံပြဓာတ်ပုံဆိုင် မျက်စောင်းထိုးက သင်းရနံ့ချင်းအထည်ဆိုင်မှာ ထမီလေးတွေ သွားဝယ်တယ်။ အမေစု ချင်းတောင်သွားတုန်းက ဝတ်စုံလေးတွေ သဘောကျလို့ ဈေးကြည့်လိုက်တော့ တသိန်းကျော်တဲ့။ အယ်မလေး ... ဈေးကြီးလိုက်တာ ဆိုင်ပိုင်ရှင်က သဘောကောင်းတယ် သေသေချာချာရှင်းပြတယ်။ ဈေးနှုန်းသင့်သလို အဆင်လေးတွေလည်းလှတယ်။ ကိုယ်ကြိုက်တဲ့အဆင်လေးက ၂၀၀၅ မတ်လ မော်တင်စွန်းဘုရားပွဲကို သွားတုန်းကဝတ်ထားတဲ့ ချင်းထမီလေးနဲ့ အတူတူပဲ။ အနက်ရောင်နဲ့ အနီရောင်၊ ချစ်အစ်မ မမီးနဲ့မခိုင်အတွက် လက်ဆောင်ပေးဖို့ တယောက်တထည်။ ဖက်ရှင်အကြောင်း ကျွှမ်းကျင်တဲ့မကြီးက ရွေးပေးတယ် တထည်တသောင်း။
စတိတ်ကိုသယ်ဖို့ ငါးဖယ်၊ ငါးကျဉ်း ကြော်တယ်။ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ် ကိုယ်အထက်တန်းတုန်းက ပဲပြုတ်ရောင်းတဲ့ အန်တီကြီးက ခုထိပဲပြုတ်ရောင်းနေတုန်း။ သူ့ဆီကနေ ပဲပြုတ် နှစ်ပိသာမှာတယ်။ ညနေလေးနာရီလောက် လာပို့တယ်။ တခါစား အထုပ်လေးတွေထုပ် ဖရီဇာထဲထည့် လေဆိပ်မသွားခင် နှစ်နာရီလောက်မှာထုတ် လက်ကေ့ထဲထည့်သယ်တယ်။

၂၀၀၅ မတ်လ မော်တင်စွန်းဘုရားပွဲသွားတုန်းက ဝတ်ထားတဲ့ချင်းထမီလေးကို ကြိ ုက်တယ်
အပေါ်ဘယ်အနက်အနီနှစ်ထည်က ကိုယ့်အတွက် အပေါ်ညာနှစ်ထည်က မမီး၊ မခိုင်အတွက်
လှိုင်မြို့နယ် ဘူတာရုံလမ်း စံပြဓာတ်ပုံဆိုင် မျက်စောင်းထိုးက သင်းရနံ့ချင်းဆိုင်မှာ
ဝယ်တာပါ...တထည်တသောင်း...ဈေးနှုန်းသင့်တယ်...လက်ရာသန့်တယ်..
အလယ်ချိတ်အဆင်လေးက ဖြိုး လက်ဆောင်ပေးတာ
အောက်ဆုံးက ပတ်ထမီလေးက ဝေ လက်ဆောင်ပေးတာ...
ရွှေတိဂုံဘုရားတက်တော့ အဲ့ဒီပတ်ထမီလေးဝတ်ပြီး တက်တယ်...
မပြန်ခင် အပြေးအလွှား သွားတွေ့ခဲ့ရတဲ့သူ... ည ၆ နာရီကနေ ၈ နာရီအထိ စကားတွေ ကောင်းနေလိုက်တာ
ည ၁၀ နာရီ လေဆိပ်သွားရမှာ ည ၈ နာရီအထိ အိမ်ပြန်မရောက်သေးလို့ အဖေ၊ မကြီးက ဖုန်းဆက်သတိပေးရတယ်...
လက်ကေ့အိတ်တအိတ်က မပြင်ရသေးလို့ အဖေက ပြင်ပေးတယ်...
အချစ်ဆုံးများနဲ့ လေဆိပ်မှာ
လေဆိပ်မှာ ဝင်းဒိုးလျှော့ပင်း...အဲ့ဒီထီးလေးတွေ သဘောကျတယ်...
အဲ့ဒီထီးလေးဆောင်း မြန်မာအင်္ကီျလေးနဲ့ ဓာတ်ပုံရိုက်ချင်တယ်...

တီတင့်စီစဉ်တဲ့ ဘလော့ဂါ ၉၂ ယောက် ပါဝင်ရေးသားထားတဲ့ Feeling 92 စာအုပ်ငါးအုပ် ရရချင်း တီတင့်က လာပို့ပေးတယ်။ စတိတ်ပြန်မဲ့နေ့ ညနေစောင်း ဗိုလ်ချုပ်ဈေးမှာ ဝေနဲ့ဆုံတော့ လက်ဆောင်တအုပ် ပေးလိုက်တယ်။ လတ်မှတ်ထိုးပေးချင်တာ ဘော့ပင်မပါလို့ ထီဆိုင်ကနေ ဘော့ပင်ငှားပြီး လတ်မှတ်ထိုးပေးလိုက်တယ်။ ဝေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ Letters from Burma မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာ အမေစုဓာတ်ပုံလေးတွေပါတဲ့ စာအုပ်လက်ဆောင်ပေးတယ်။ ကျောင်းတုန်းက လမင်းမိုမိုဝထ္ထုကို ဝေပြောပြတာ ဖတ်စရာမလိုဘူး တလုံးမကျန်ပြောပြတယ်။ ည ၆ နာရီ အပြေးအလွှားသွားတွေ့ရတဲ့သူက အလုံဆင်မင်းဈေးနားမှာနေတဲ့ ထားဝယ်သူနွယ်ဝင်။ ဆင်မင်းဈေးက ဘောလုံးကွင်း ဖြစ်နေတယ်။ တိုက်အဆောက်အဦးတွေ များလာလို့ မမှတ်မိဘူး။ IDCS သူငယ်ချင်းတွေ တွေ့တုန်းကလည်းမလာ၊ ရီဟာမိဘမဲ့ဂေဟာ သွားလှုတုန်းကလည်း အလှုငွေထည့်ပြီးမလာ။ ခုမှအပြေးအလွှားတွေ့ရတာ။ ၂၀၀၁ အိုင်ဒီစီအက်သင်တန်းကနေပြန်ရင် ဘတ်စ်ကားတွေက ဆင်မင်းဈေးနားကဆီဆိုင်မှာ ဆီဝင်ထည့်တယ်။ ကိုယ်တို့နှစ်ယောက်က ဆင်မင်ဈေးအထိလမ်းလျှောက် ကိုယ်ကဆင်မင်းဈေးကနေ အိမ်အထိ ဘတ်စ်ကားဆက်စီး။ ကျောင်းမှာလည်းပြော ဘတ်စ်ကားမှာလည်းပြော ပြောစရာတွေမကုန်သေးလို့ ဖုန်းဆက်ပြီးပြောကြသေးတယ်။ ပါးရိုက်မယ်ဆိုတဲ့ စကားကို ချစ်စဖွယ်ကောင်းအောင် ပြောတတ်သူ။ ခုတော့ ဘာသာတရား ကိုင်းရှိုင်းတယ် ကိုယ်နာဖို့ တရားတွေ ပို့ပေးတတ်တယ်။ ကော်ဖီဆိုင်ကဝန်ထမ်းကောင်လေးကို အကူအညီတောင်းပြီး ဓာတ်ပုံရိုက်ခိုင်းတော့ မောင်လေး နှစ်ပုံရိုက်ပေးနော်ဆိုတော့ နှစ်ပုံရိုက်ထားပြီးပြီတဲ့။ ဟယ်... ငါတို့ကို လှအောင်မရိုက်ပေးဘူး မလှပေမဲ့ အမှတ်တရ ဖေ့ဘွတ်ပေါ်မှာတင်မယ်နော်။ နောက်ဒီလိုတွေ့ဆုံဖို့ဆိုတာ ဘယ်လောက်ကြာမလဲမသိဘူး။ ည ၆ နာရီကနေ ၈ နာရီအထိ ပြောစရာစကားတွေ မကုန်နိုင်သေးဘူး။ ညည့်နက်သန်းခေါင်လေယာဉ်ဆိုတော့ အိမ်ကနေ ည၁၀နာရီထွက်ရမှာ ည၈နာရီထိုးနေပြီး အိမ်ပြန်မရောက်သေးလို့ အဖေ၊ မကြီးက ဖုန်းဆက်သတိပေးရတယ်။ လက်ကေ့အိတ်တလုံးက မထည့်ရသေးဘူး အဖေ ထည့်ပေးပါလို့ ပြောရတယ်။ ဖေဖေါ်ဝါရီ ၂၀ မနက် ၁ နာရီလေယာဉ် ဟောင်ကောင်ထရန်စစ် နယူးယောက်ကို နေ့လည်တနာရီရောက်တယ်။ ခဏနေတော့ နှင်းမုန်တိုင်းတိုက်တယ် တော်သေးတယ် လေယာဉ်ဆင်းတာ စောသွားလို့။ ၈ နှစ်ကြာပြီးမှ ပြန်တဲ့ခရီးစဉ်ဆိုတော့ မိသားစု၊ သူငယ်ချင်းတွေနဲ့ အတော်ပျော်ခဲ့ပါတယ်။ မမေ့နိုင်တဲ့ခရီးလေးပါပဲ။ မေလမှာ ကျူးဘား၊ ဇူလှိုင်လမှာ ချီကာဂို၊ ဆူနမ်၊ ရာမားတို့နေတဲ့ ဗာဂျီးနီးယားပြည်နယ်ကို တလတခါ သွားလည်ရင်း အနီးတနားတဝိုက်က အနောက်ဗာဂျီးနီးယား၊ မေရီလန်းပြည်နယ်တို့ကို သွားလည်ဖြစ်ပါတယ်။ အဲ့ဒီခရီးတွေအကြောင်း တောလားပို့စ်တွေ ရေးပါဦးမယ်။

Happy Traveling !
စန်းထွန်း
သြဂုတ် ၁၇၊ ၂၀၁၉ ။

တီတင့်စီစဉ်တဲ့ ဘလော့ဂါ ၉၂ ယောက် ပါဝင်ရေးသားထားတဲ့ Feeling - 92
ကိုယ်ကို့တွေ့လား...ဖိုတိုဂရက်တစ် မသက်ဝေ...
ကိုယ်ရေးထားတဲ့ အက်ဆေးကို စာအုပ်ပေါ်မှာ မြင်တွေ့လိုက်ရတဲ့အခါ...
၂၀၁၂ ဇွန်လ ဆယ်ကျော်သက်မဂ္ဂဇင်း ဘလော့ဒိုင်ဂျက်ဂဏမှာ
ရွေးချယ်ခံရတဲ့ စာကြည့်တိုက်ချစ်သူ အက်ဆေး
အဝတ်မပါတဲ့ ရုပ်သေးရုပ်
အပျိုတော်ယိမ်း
ဘီလူး
ဒီဇော်ဂျီရဲ့ တောင်ဝေးမှာ အလိမ်လေးတွေ ပါတယ်
ဒုတိယဇော်ဂျီရဲ့ တောင်ဝှေးမှာ အလိမ်လေးတွေ မပါဘူး...
တို့အဖေ မျက်စိစူးချက်...
ကိန္နရီ၊ ကိန္နရာ
မင်းသားနဲ့ မင်းသမီး
သူငယ်တော်အက
ဦးရွှေရိုးနဲ့ ဒေါ်မိုး
အဖေတို့ငယ်ငယ်တုန်းကအကြောင်း ပြောကြတော့ အောက်လင်းဓာတ်မီးဆိုတာ မမြင်ဘူးလို့
ဂူဂယ်မှာ ရှာကြည့်လိုက်တာ အဲ့ဒါအောက်လင်းဓာတ်မီးပါတဲ့

28 July 2019

ရန်ကုန်သွား တောလား - ၅

ပထမဆုံးရောက်လာသူက ဇာခြည်လေး။ စင်္ကာပူအမျိုးသားတက္ကသိုလ်တက်တုန်းက ကိုယ်တို့အုပ်စုထဲမှာ အငယ်ဆုံး။ အဲ့ဒီတုန်းက ရှပ်အင်္ကီျနဲ့ဘောင်းဘီတို အမြဲဝတ်တတ်တဲ့ ချာတိတ်မလေးက ခုတော့ ချောမောလှပတဲ့ လေဒီလေးဖြစ်နေပြီ။ ဒုတိယရောက်လာသူက ဘ၊ အလုပ်များလို့ နောက်ဆုံးမှ ရောက်လာသူက တွေ့ဆုံပွဲကို အားခြင်းစီစဉ်ပေးတဲ့ ကိုစိုင်း။ အန်ယူအက်စ်ကျောင်းနေဖက် သူငယ်ချင်းဆယ်ယောက်လောက် တွေ့ဖို့ချိန်းကြပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မလာဖြစ်ကြဘူး။ ပရောဂျက်အတူတူ လုပ်ခဲ့ကြတဲ့ ဘော်ဒါကြီးသုံးယောက်ကတော့ မဖြစ်မနေလာတွေ့တယ်။ ကိုစိုင်းက စန်းထွန်းကို တနေ့ကမြို့ထဲမှာတွေ့လိုက်တယ် နေကာမျက်မှန်ကြီး တကားကားနဲ့။ စန်းထွန်းများ ရန်ကုန်ရောက်နေသလားဆိုပြီး ဖေ့ဘွတ်တက်ကြည့်လိုက်တော့မှသိတာ အဲ့ဒါနဲ့အားခြင်းစီစဉ်လိုက်တာ။ ဟုတ်တယ် သောကြာနေ့က ဘတို့ကမ္ဘောဇဘဏ်မှာ စတော့အိပ်ချိန်းစင်မင်နာ အဖေတက်ချင်တယ်ပြောလို့ လိုက်ပို့ပေးတာ။ ပြီးတော့ ရန်ကုန်ဘူတာကြီးမှာ ပုဂံရထားအကြောင်း သွားစုံစမ်းရင်း မြို့ထဲမှာ လမ်းလျှောက်နေတာ။ အလုပ်အကြောင်း၊ သူငယ်ချင်းတွေအကြောင်း စကားတွေ ပြောလိုက်ကြတာ။ မတွေ့တာ ဆယ်နှစ်ဆိုပေမဲ့ စိတ်ထဲရင်းရင်းနှီးနှီး အန်ယူအက်စ်တက်တုန်းကလို ခံစားရတုန်း။ ဇာခြည် ... ညည်း ယောကျာ်းမယူသေးဘူးလား ... အာ ... ကိုစိုင်းကလည်း ယူစရာလား။ အဲ့ဒါဆို မိန်းမယူမှာလား... ဟမ် ... မယူပါဘူး ... အဲ့ဒီလိုတွေ့တာနဲ့ စနောက်ကြတော့တာပဲ။ ဘက ရန်ကုန်မှာ စရိတ်ကြီးတယ် ပဲခူးမှာဆို သိပ်မကုန်ဘူး ငါလည်း ဘာမှပိုမစားပါဘူး မျက်လုံးလေးပြ ူးပြီး နောက်ပြောင်နေတာ အရင်အတိုင်းပဲ။ မန္တလေးမှာနေတဲ့ ကိုဇော်မျိုးအောင်ကို ဖုန်းခေါ်ကြတယ်။ သူက အမ်ဘီအေ၊ အိုင်အက်စ်အက်စ် ဝင်ခွင့်သင်တန်းတွေသင်တဲ့ coach လုပ်၊ သူတက်တဲ့သင်တန်း၊ လုပ်တဲ့အလုပ်တွေ စုံနေတာပဲ။ ဟိုဒေါက်တာပါတီမှာ အမတ်လောင်းအဖြစ် ဝင်ပြိ ုင်လို့ ဖေ့ဘွတ်မှာ unfriend လုပ်လိုက်တာနဲ့ အဆက်အသွယ် ပြတ်သွားတယ်။ ဒီကောင် အဲ့ဒီပါတီ အမတ်လောင်းအဖြစ် ဝင်ပြိ ုင်လို့ သူ့ကို unfriend လုပ်တဲ့သူတွေ အတော်များတယ်။ စကားတွေ ကောင်းနေလိုက်တာ ည ၉  နာရီခွဲမှ အိမ်ပြန်ကြတယ်။ ခုနေခွဲခွာပြီးရင် နောင်ဘယ်တော့များမှ ပြန်တွေ့ကြမလဲမသိ။ ၂၀၀၇ စက်တင်ဘာ MICT Park ထဲမှာ ဖြေခဲ့တဲ့ အန်ယူအက်စ်ဝင်ခွင့်စာမေးပွဲက ကိုယ်ဖြေဖူးသမျှ စာမေးပွဲထဲမှာ အခက်ဆုံးပဲ။ အေးစိမ့်နေတဲ့အခန်းထဲမှာ ချွှေးချွှေးပြိုက်ပြိုက်ကျနေအောင် ဖြေခဲ့ရတယ်။

အန်ယူအက်စ်မှာ ကျောင်းတက်ရတာ အတော်ပင်ပန်းပေမဲ့ ပညာအတော်ရတယ် ပျော်ဖို့ကောင်းတယ်။ မနက် ၉  နာရီကနေ ညနေ ၄ နာရီအထိ ဟောခန်းထဲမှာ စာသင်ရတယ်။ ပြီးရင် သတ်မှတ်ထားတဲ့အခန်းမှာ စာလုပ်ကြ ပရောဂျက်အတူ လုပ်ကြတယ်။ ည ၁၁ နာရီခွဲ နောက်ဆုံးဘတ်စ်ကား၊ နောက်ဆုံးရထားစီးပြီး အိမ်ပြန်တယ်။ အိမ်မှာအိပ်ရုံပဲအိပ်ပြီး မနက် ၈ နာရီဆိုတာနဲ့ ကျောင်းကိုလာတယ်။ စနေ၊ တနင်္ဂနွေလည်း ကျောင်းမှာပဲ မာစတာကျောင်းသားတွေနဲ့ အခန်းလုရတယ်။ ပရောဂျက်တွေ အတူလုပ်၊ ငြင်းကြခုန်ကြ၊ ကျောင်းမှာစား ကျောင်းမှာမအိပ်ရုံ တမယ်ပါပဲ။ စာမေးပွဲက open book အဲ့ဒါက closed book ထက် ပိုခက်တယ်။ teamwork ၊ project management လုပ်တတ်အောင် သင်ပေးတယ်။ ကျောင်းပြီးခါနီး Application Development AD ပရောဂျက် တလလုပ်ရတယ်။ မနက် ၉  နာရီကနေ ည ၆ နာရီအထိ ရုံးတက်အလုပ်လုပ်သလိုမျိုး ကျောင်းတက်ရတယ်။ user requirement စုဆောင်း၊ system design ၊ database design ချ၊ coding ရေး၊ testing လုပ်၊ presentation ပြ၊ စာအုပ်ထုတ်။ တယောက်တည်း တော်နေလို့မဖြစ်ဘူး။ အုပ်စုထဲကသူတွေရဲ့ အားသာချက်တွေကိုသိပြီး သတ်မှတ်ထားတဲ့အချိန်အတွင်း ပရောဂျက်ပြီးမြောက်အောင်  အုပ်စုလိုက်လုပ်ဆောင်တတ်ဖို့ သင်ကြားပေးတယ်။ အင်တန်းရှစ် ၆ လဆင်းပြီးတဲ့အချိန်မှာ ဘာတွေလုပ်ခဲ့တယ်ဆိုတာ presentation ပေး၊ စာအုပ်ထုတ်ရတယ်။ သင်တန်းတစ်နှစ်ပြီးတာနဲ့ လုပ်ငန်းခွင်ဝင်ဖို့ ရယ်ဒီဖြစ်နေပြီ။ ကျောင်းတောင်မပြီးသေးဘူး ICA က အလုပ်ရရင် ပီအာတန်းလျှောက်ဖို့ PR offer letter ရောက်နေပြီ။ ကိုယ်တို့လျှောက်တဲ့နှစ်က ပီအာတွေ ကျပ်နေချိန်ဆိုတော့ ပီအာရတဲ့သူ အင်မတန်နည်းတယ်။ အိုင်အက်စ်အက်စ်တက်တုန်းက အမှတ်တရတွေထဲမှာ ပိုက်ဆံမရှိလို့ အင်ဂျင်နီယာကျောင်းကန်တင်းက ဟော့ပေါ့တပွဲကို နှစ်ယောက်မျှစားကြတယ်။ ပရောဂျက်မပြီးလို့ ကျောင်းမှာတညအိပ်ဖူးတယ်။ ကိုယ်တို့အုပ်စုထဲက မိန်းခလေးတွေက မိန်းမ,မဆန်ကြဘဲ ယောကျ်ားလေးတွေက စည်းစနစ်ကျ သိမ်းဆည်းတာ တော်ကြတယ်။ ဟင်းချက်ဝါသနာပါတဲ့ ကိုဇော်မျိုးအောင်က ကြက်သားဟင်းချက်လာမယ် ညည်းတို့တွေ ထမင်းချက်လာခဲ့လို့ပြောရင် ဆန်မရှိဘူး၊ ပေါင်းအိုးမဆံ့ဘူး ဆင်ခြေဆင်လက်တွေနဲ့။

မတွေ့တာ ဆယ်နှစ်လောက်ရှိပြီ...
စန်းထွန်း၊ ဘ၊ ကိုစိုင်း၊ ဇာခြည်
မိန်းကလေး သိပ်ဆန်ကြသူတွေ...
ဘ၊ ပြည့်ပြည့်၊ ဇာခြည်၊ စန်းထွန်း၊ အိကေ၊ အိအိ
ကိုယ့်ဂိုဏ်းစတားများ...
ဘ၊ အိအိ၊ အေကေ၊ ကိုဇော်မျိုးအောင်၊ ကောင်းကောင်း၊ ကိုစိုင်း၊ စန်းထွန်း၊ ပြည့်ပြည့်

ပေါင်းအိုးထဲကို ဆန်နဲ့ရေထည့်ပြီး ခလုတ်လေး နှိပ်ရုံလေးကိုတောင် မလုပ်ချင်ကြဘူး။ ငပျင်းမလေးတွေ စားမယ်ဆိုရင် သူတို့က အရင်ဆုံး။ ပန်းကန်ဆေးနေတုန်း သေချာဆေး ဆီမပြောင်ဘူး ထပ်ဆေးလို့လာပြောရင် သူများဆေးနေတာကို စိတ်တိုင်းမကျရင် ကိုယ့်ဘာသာဆေးပါလားလို့ ပြန်ပက်ကြတယ်။ သြော် ... အချိန်ပေးရအလုပ်ရှုပ်တဲ့ ကြက်သားကို ကျုပ်ချက်လာပြီးပြီ ညည်းတို့က ပန်းကန်လေးတောင် မဆေးချင်ကြဘူးပေါ့လေ နောက်ဆို ညည်းတို့ကို ချက်မကျွှေးတော့ဘူး။ အဲ့လိုမလုပ်ပါနဲ့နော် အစ်ကိုချက်တဲ့ ကြက်သားက အင်မတန်စားကောင်းတာ။ စားဖူးသမျှထဲမှာ အကောင်းဆုံးပဲ နောက်ကိုချက်‌ကျွှေးပါနော်လို့ ပြန်ချော့ကြတယ်။ ပရောဂျက်လုပ်တဲ့အခါ မိန်းခလေးတွေက စာရွက်တွေကိုဖွလွှင့်ပစ် ပြန့်ကျဲနေတဲ့စာရွှက်တွေကို ယောကျာ်းလေးတွေက ပြန်ကောက်ပြီး စနစ်တကျသိမ်းဆည်း။ ဘက သူ့ဖိနပ်ဒေါက်ပြုတ်နေမှန်းမသိဘူး လိမ်ဖယ်လိမ်ဖယ်နဲ့ လမ်းလျှောက်နေလို့ ဟဲ့... ကောင်မလေး နင့်ဖိနပ်ဒေါက်ပြုတ်နေတယ်။ အံမယ် ... မဟုတ်ပါဘူး ကိုစိုင်းရဲ့လို့ ငြင်းလိုက်သေးတယ်။ လှန်ကြည့်လိုက်တော့မှ ဟုတ်ပါ့ ဒေါက်ပြုတ်နေတယ် အံမလေး ... ရယ်လိုက်ရတာ။ ကျောင်းစတက်တုန်းက အုပ်စုထဲက တရုတ်တွေနဲ့ ငြင်းကြခုန်ကြတယ် နှစ်လည်လောက်ရောက်တော့ မငြင်းကြတော့ဘူး။ ပရောဂျက်တွေပြီးတိုင်း အမှတ်တရဓာတ်ပုံတွေ ရိုက်ကြတယ်။ စင်္ကာပူရောက်နေတဲ့ ကွန်ပျူတာကျောင်းသားကျောင်းသူ တွေ့ဆုံပွဲတွေ အင်မတန်ပျော်ဖို့ကောင်းတယ်။ အန်ယူအက်စ်ဟာ ကိုယ်တက်ဖူးတဲ့တက္ကသိုလ်တွေထဲမှာ အကောင်းဆုံး ပညာအရဆုံးကျောင်းပဲ။ အင်မတန်ပင်ပန်းသလို ပျော်ဖို့ကောင်းတဲ့ အန်ယူအက်စ်ကျောင်းသားဘဝက သတိရတိုင်း လွမ်းမောစရာ။ ပုဂံကို ဖေဖေါ်ဝါရီ ၁၃ ကနေ ၁၅ ရက်နေ့အထိ ၂ ညအိပ် ၃ ရက်ခရီး သွားဖြစ်တယ်။ ၂၀၀၂ ကွန်ပျူတက္ကသိုလ်ကနေ ပုဂံ၊ ပုပ္ဗားခရီးစဉ်နဲ့ ရောက်ခဲ့ဖူးတာဆိုတော့ ပုဂံမရောက်ဖြစ်တာ ၁၇ နှစ်ရှိပြီ။ ပြင်ဦးလွင်ကနေ ဂုတ်ထိပ်တံတားကို သွားချင်ပေမဲ့ အချိန်မရလို့ မသွားဖြစ်ဘူး။ မိသားစု၊ သူငယ်ချင်းသုံးယောက်နဲ့အတူ လည်ပတ်ခဲ့တဲ့ ပုဂံခရီးစဉ်အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
ဇူလှိုင် ၂၈၊ ၂၀၁၉ ။

Team 12 ကန်တင်းမှာ ညစာထွက်စားကြချိန်
အခန်းထဲမှာ ပရောဂျက်အတူလုပ်ကြချိန်
Presentation Day
AD Project Team 2
AD Project Team 2 အခန္းထဲမွာ
ပရောဂျက်ပြီးတဲ့နေ့
Internship Attachment Briefing Day
Internship Project Team 19
အေးပို၊ အီးတီ၊ စန်းထွန်း
Graduation Day AD Project Team 2
သီရိ၊ သော်သော်၊ စန်းထွန်း၊ အိအိ၊ သင်းယု၊ ကောင်းကောင်း
တချိန်တုန်းက တက္ကသိုလ်ဆီ
UCSY Batch 11
UCSY Gathering batch from 4 to 15
ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ကျောင်းသားဟောင်းများ တွေ့ဆုံပွဲ

02 June 2019

ရန်ကုန်သွား တောလား - ၄

၂၀၁၉  ဖေဖေါ်ဝါရီ ၁၁ တနင်္လာနေ့ နေ့လည်ဖက် ဗိုလ်ချုပ်ဈေးသွားတယ်။ အိမ်နားကနေ ဗိုလ်ချုပ်ဈေးရောက်တဲ့ ဘတ်စ်ကားရှိတယ် ဘယ်စီးစီး ၂၀၀ကျပ်။ ဆင်မလိုက်အဝေးပြေးရောက်ရင် အရိုးအထူးကုဆေးရုံးနားကနေ ကြည့်မြင့်တိုင်အပေါ်လမ်းဖက်ကို တက်သွားပြီး မီးရထားလမ်းနဲ့ကပ်လျက် လမ်းကနေ မြို့ထဲကိုသွားတာ။ ဗိုလ်ချုပ်ဈေးက အရင်အတိုင်းပဲ ဘာမှမပြောင်းလဲဘူး။ Diamon Ruby ရတနာဆိုင်က ပုသိမ်ထ၂  မကြီးဆယ်တန်းအတန်းပိုင် ဆရာမဒေါ်ကြင်မြတူမဆိုင်။ ၂၀၀၀ လောက်ကတည်းက အားပေးလာတဲ့ဆိုင်။ ရင်ထိုးဝယ်နေတဲ့ ကောင်မလေးကို တချက်လှမ်းကြည့်တော့ ယွန်းဝတီလွင်မိုး။ မကြီးကိုပြောလိုက်တော့ သူက သေသေချာချာကြည့်တယ် ပြီးတော့မှတ်မိသွားတယ်။ ကိုယ်လား ... အဲ့ဒီလိုမျိုးဆိုရင် သိပ်မှတ်မိတယ် စာဆိုရင်မမှတ်မိဘူး။ ယွန်းဝတီလွင်မိုးလေးက ချောလိုက်တာ ... ကိုယ်လား ထိုင်ငေးကြည့်နေတော့တာပဲ။ ဆိုင်မှာ မလိုချင်တဲ့ပစ္စည်းတွေရောင်းတော့ ဘောက်ချာမရှိဘူး။ ဘောက်ချာတွေကို မီးခံသေတ္တာထဲမှာ မသိမ်းထားမိဘူး။ ဟိုင်းကြီးအိမ်မှာ သိမ်းထားတာ နာဂစ်မုန်တိုင်းနဲ့ ပါသွားလေသလားမသိ။ ဆိုင်ရှင်အစ်မက သူ့အိမ်မှာသိမ်းထားတဲ့ ဘောက်ချာတွေထဲကနေ ရှာပေးတယ်။ ၂၀၀၄ ခုနှစ် ဘောက်ချာတွေထဲမှာ တွေ့တယ်တဲ့။ မကြီးက တလုံးစိန်နားကပ် လိုချင်နေတဲ့ ကိုယ့်ကိုကြည့်လေတဲ့။ ကိုယ်က တစ်ဖနီစိန်နားကပ် လိုချင်နေတာ။ သေးတဲ့နားကပ်ကျတော့ အတော့်ကိုသေး ကြီးတဲ့နားကပ်ကျတော့ အတော့်ကိုပြူး ကြိုက်တဲ့နားကပ်ကျတော့ အတော့်ကိုဈေးကြီး မဝယ်နိုင်။ လိုချင်တဲ့ဆိုဒ်ကို အော်ဒါမှာလို့ရတယ်ဆိုပြီး ပြပေးတယ်။ ဆိုင်ရှင်ညီမလေးက ဆရာမဒေါ်ကျင်မြနေတဲ့ ဆန်ဖရန်စစ္စကိုရောက်ဖူးတယ်။ မေစီမှာ သွားကြည့်ဖူးတယ် ရွှေညံ့တယ် ဈေးကြီးတယ် ဒီမှာဝယ်တာ ပိုတန်တယ်။ မကြီးက ဟုတ်တယ် ဒီမှာဝယ်မှာဝယ်လို့ တိုက်တွန်းတာနဲ့ ဝယ်ဖို့ဆုံးဖြတ်လိုက်တယ်။ ကိုယ်လိုချင်တဲ့ဆိုဒ်ကို အဖြ ူရောင်ဂရိတ်ရွေးဖို့အတွက် ဂရိတ်အလိုက်ပြပေးတယ်။ ဂရိတ် G ၊ H ၊ I  ထဲမှာ I က အဖြူဆုံးအသန့်ဆုံး ဈေးအကြီးဆုံး ဂရိတ်အလိုက် ကျသင့်ငွေကို တွက်ချက်ပေးတယ်။ မှန်းထားတာထက် နှစ်ဆဖြစ်သွားတယ် ၁၉  ရက်နေ့ ညသန်းခေါင်ပြန်မှာမို့လို့ ၁၈ ရက်နေ့ ညနေရအောင် တပတ်တည်းနဲ့ လုပ်ပေးတယ်။

စင်္ကာပူကနေပြန်လာပြီး ရန်ကုန်မှာ အလုပ်လုပ်နေတဲ့ မကြီးသူငယ်ချင်းပြုံးမြတ်နဲ့ ဆုံကြတယ်။ ACCA တက်ကတည်းက ခင်လာကြတာဆိုတော့ ဆယ့်ငါးနှစ်ကျော်ပြီ။ ကိုယ်စားချင်တာက ကြာဇံဟင်းခါး၊ ရှောက်သီးသုပ်၊ ငါးဖယ်သုပ်။ ဝမ်းသွားမှာကြောက်လို့ မုန်းဗိုင်းတောင့်၊ မုန့်စိမ်းပေါင်း မြန်မာမုန့်ပဲ စားလိုက်တော့တယ် စားလို့ကောင်းတယ်။ ပြုံးမြတ်က ဂုံးကျော်တံတားအောက်မှာ ရောင်းနေတဲ့ ဗာဒံစေ့ခြောက်တွေ ဝယ်တယ်။ ရေစိမ်ပြီးစားရတယ် စားလို့ကောင်းတယ် စိမ့်တယ် ဗီတာမင်တွေ အများကြီးပါတယ် ကျန်းမာရေးအတွက် ကောင်းတယ်လို့ ဈေးရောင်းသူက ကြော်ငြာဝင်တယ်။ ဂျမ်းရှင်းစင်တာ ကြိတ်ကြိတ်တိုး အိမ်သာကသန့်တယ် တန်းစီရတာအကြာကြီး။ ယိုးဒယားဆိုင်မှာ စားကြတယ် Holy Trinity Anglican ဘုရားရှိခိုးကျောင်း၊ ဗိုလ်ချုပ်ဈေးကို အပေါ်စီးကနေ မြင်ရတယ်။ ရေခဲသုတ်က ချိုလွန်းလို့ ရေခဲအမှုန့်တောင်းတာကို နားမလည်ဘူး မရဘူးပဲပြောနေတယ်။ ရေခဲသုတ်ကို ဘယ်လိုလုပ်လဲ စက်ထဲကနေထွက်လာတာ ရေခဲအတုံးအကြီးကို အမှုန့်လုပ်တဲ့ဟာ ရှိတယ်မလား။ ရှိတယ် အဲ့ဒီရေခဲအမှုန့်ကို လိုချင်တာ အိုကေ ရမယ်။ ဟမ်မလေး ... အာပေါက်အောင် ပြောရတယ် မသိလို့မဟုတ်ဘူး မလုပ်ပေးချင်တာတဲ့။ Mindset အတွေးအမြင်တွေ ပြောင်းဖို့လိုသေးတယ်။ အားကစားရုံမှာကစား အရွက်စိမ်းရည် ဗူးကြီးတဗူးဆောင်ပြီး တနေကုန်သောက် ဆီနည်းတဲ့အစားအသောက်စားတဲ့ ပြုံးမြတ်အသားအရည်က စိုစိုပြေပြေ ညိုပြာညက်လေး။ ပြုံးမြတ်က အဆိုတော်ဝစ်တနီဟူစတန်နဲ့ တူတယ်။ အပြန်ကျတော့ ဗဟိုလမ်းကနေပြန်တဲ့ ဘတ်စ်ကားစီးကြတယ်။ လမ်းမှာတချို့နေရာတွေကို မမှတ်မိ ဒီတော့ ရမ်းတုတ်ပြီး ခန့်မှန်းကြ။ ဖေဖေါ်ဝါရီ ၁၂ ပြည်ထောင်စုနေ့ နေ့လည် ၁၂ နာရီ IDCS ကသူငယ်ချင်းတွေ မိဘမဲ့ဂေဟာမှာ သွားလှုဖို့အတွက် တောင်ဥက္ကလာပ ဂန္ဓမာ whole sale မှာ ဆုံကြမယ်။ ကိုယ့်အိမ်ကနေ ဂန္ဓမာဟိုးဆေးကို တက္ကစီငှားသွားရင် ၄၅ မိနစ်လောက်ပဲ။ အိမွန်နဲ့စကားပြောချင်လို့ ပန်းဆိုးတန်းကသူ့အိမ်ကို မနက် ၁၁ နာရီ အရောက်သွားပြီး သူ့ကားကပ်စီးတယ်။ ကားပါကင်ပြသနာအကြောင်း မေးကြည့်တော့ ရှိတာပေါ့ ဖိုက်တာအိမွန် အမတ်ကိုတိုင်ထားလို့ မလုပ်ရဲတာတဲ့။ မှတ်ပုံတင်ပျောက်သွားလို့ လဝကရုံးမှာလျှောက်တာ ပိုက်ဆံတောင်းချင်လို့ ဟိုဖက်ရုံးကိုလွှတ် ဟိုဖက်ရုံးက ဒီဖက်ရုံးကိုလွှတ်။ တပြားမှမပေးဘူးဆိုပြီး လွှတ်တော်အမတ်ဆီကို ဖေ့ဘွတ်ကနေ တိုင်တော့မှ ချက်ချင်းရတယ်တဲ့။

ဂျမ်းရှင်းစင်တာကနေ မြင်ရတဲ့ Holy Trinity Anglican Church
တောင်ဥက္ကလာ ဂန္ဓမာဟိုးဆေး စည်တော်ကြီးဆိုင်မှာ ဆုံကြတယ်
ဂန္ဓမာဟိုးဆေးမှာ ဆန်၊ဆီ၊မုန့်၊ အအေးဗူးတွေဝယ်

အင်း... ကောင်းတယ် တပြားမှမပေးနဲ့ အဲ့လိုလုပ်မှ စနစ်ဟောင်းကနေပြောင်းမှာ ဖိုက်သာဖိုက်။ ဟမ်မလေး ... ဖွားစန်း ဖိုက်တာကို မြှောက်ပေးနေတယ်။ သဲသဲပြောတဲ့ စည်တော်ကြီးဆိုင်မှာ မနက်စာစားကြတယ်။ ဆိုင်ဖွင့်ပွဲမို့လို့ ဒင်ဆမ်းနဲ့ ဟင်းထုပ်က အလကားတဲ့။ ရှေ့ကထိုင်ခုံမှာ ကိုကိုလင်းမောင်လို့ပြလို့ ကြည့်လိုက်တော့ နေကာမျက်မှန်နဲ့မမြင်မစမ်း ဝါးတားတား။ နေကာမျက်မှန်ချွှတ် စာကြည့်မျက်မှန်တပ်လိုက်တော့မှ မြင်တယ်။ အဲမွန်ရောက်လာပြီး ကားပါကင်ထိုးတာ အလုပ်သမားလေးတွေ ပြပေးတာ အဆင်မပြေလို့ ဆိုင်ပိုင်ရှင်သွားကူရတယ်။ အဲမွန်ကားက SUV ခပ်ကြီးကြီး ခပ်မြင့်မြင့်။ IDCS တက်တုန်းက ပိုနီတေးဆံပင် ခပ်မြင့်မြင့်စည်း ဘောင်းဘီရှည်အမြဲဝတ်ပြီး ယောကျာ်းလေးစတိုင်နဲ့ တွေ့ရတတ်တဲ့ အဲမွန်က လေဒီဆန်တဲ့ရှေ့နေ ဖြစ်နေပြီ။ ဝါဝင်းတဲ့အသားအရေနဲ့ ချောမောတဲ့ ယဉ်ယဉ်လည်း ကားမောင်းပြီး ရောက်လာတယ်။ ယဉ်ယဉ်က ကွန်ပျူတာဘာသာ ဆရာမ။ မော်ဒယ်လေးလို  ပိန်သွယ်တဲ့ ဟေမာန်လည်း မရှေးမနှောင်း ကားမောင်းပြီး ရောက်လာတယ်။ ဟေမာန်က လန်ဒန်မှာ ကျောင်းတက်ပြီး ရတနာဆိုင်ကို ဦးစီးနေတယ်။ ဟေမာန်နဲ့ ယဉ်ယဉ်က IDCS မှာ အတူတူထိုင်၊ ပရောဂျက်လည်းအတူတူ၊ တက္ကသိုလ်မှာ အီးမေဂျာတက်တော့လည်း အတူတူ။ ခုထိခင်မင်ကြတုန်း ခင်လာတာ အနှစ်နှစ်ဆယ်ရှိပြီ။ IDCS တက်တုန်းက ကလေးလေးတွေ ခုတော့ ရင့်ကျက်တည်ငြိမ်ပြီး ကိုယ့်ခြေထောက်ပေါ် ရပ်တည်နေကြပြီ။ ချောမောထက်မြက်တဲ့ ညီမငယ်လေးတွေ ရည်းစားမရှိကြဘူးဆိုတော့ မအံ့သြတော့ဘူး။ ထက်မြက်ပြီး ကိုယ့်အားကိုယ်ကိုး ရပ်တည်နိုင်တဲ့ မိန်းကလေးအများစု စင်ကယ်ဖြစ်နေတဲ့ခေတ်ကိုး။ နောက်ဆုံးမှ သမီးလေးနဲ့ ကားမောင်းပြီး ရောက်လာသူက မစု။ မစုမှာ သားတယောက်၊ သမီးတယောက်၊ သားသမီးတွေကို ဂရုတစိုက်စောင့်ရှောက် ဆုံးမသွန်သင်တတ်တဲ့ အိမ်ရှင်မကောင်း။ ဖေ့ဘွတ်မှာ မစုရေးတဲ့စာလေးတွေ ဖတ်လို့ကောင်းတယ်။ ချစ်သူမရှိရင် ချစ်သူမရှိသေးဘူးလား၊ ချစ်သူရှိရင် မယူသေးဘူးလား၊ ယူပြီးရင် ကလေးမယူသေးဘူးလား၊ ကလေးတယောက်ရှိရင် နောက်တယောက်ထပ်မမွေးသေးဘူးလား မေးကြတဲ့သူတွေ မစုကို မေးစရာမလိုတော့ဘူး။ မစု အပြောကိုမခံဘူးနော်လို့ စကြတယ် ဟုတ်တယ်လေ မစုက ယောကျာ်းလည်းယူပြီးပြီ ကလေးနှစ်ယောက်လည်း မွေးပြီးပြီ မေးစရာမလိုတော့ဘူး အပြောကိုမခံတော့ဘူး။ အဲမွန်၊ မစု၊ ယဉ်ယဉ်၊ ဟေမာန်တို့နဲ့ မတွေ့တာ ၁၈ နှစ်ရှိပြီ။ တွေ့တော့လည်း စိတ်ထဲရင်းရင်းနှီးနှီး IDCS တက်တုန်းကလို ခံစားရတုန်း။

စည်တော်ကြီးမှာ ပိုက်ဆံရှင်းတော့ ပိုက်ဆံမယူဘူး ဆိုင်ဖွင့်ပွဲမို့လို့ အလကား‌ကျွှေးတယ်တဲ့။ ဟေ... အဲ့ဒါဆို ထပ်စားလိုက်ရအောင် အဲ့ဒီလို မျက်ခွက်သိပ်ပြောင်ပါတယ်ဆို။ မစုရဲ့ ရေးပေးပါစာအုပ်ထဲမှာ ကိုယ့်အကြိုက်ဆုံးစာအုပ်တွေက လေရူးသုန်သုန်၊ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်၊ လင်္ကာဒီပချစ်သူတဲ့။ မစုက ခုမှအဲ့ဒီစာအုပ်တွေ ဖတ်ဖူးတာ ဖွားစန်းက အနှစ်နှစ်ဆယ်လောက်စောပြီး ဖတ်ပြီးနေပြီ။ ၁၉၉၉  ဆရာဦးမြကြိုင်အင်္ဂလိပ်စာသင်တန်းက သူငယ်ချင်းတွေက စာဖတ်ဝါသနာပါတယ် စာအုပ်တွေလဲဖတ်ကြတယ်။ လှည်းတန်းစာပေလောကစာအုပ်ဆိုင် အမြဲသွား စာအုပ်ဈေးပွဲတော်မှာ စာအုပ်တွေ အများကြီးဝယ်တဲ့ စာဂျပိုးတွေ။ သူတို့နဲ့ပေါင်းလို့ စာတွေအများကြီး ဖတ်ဖြစ်တာ။ IDCS က သူငယ်ချင်းတွေစုပြီး လှုရအောင်လို့ တိုင်ပင်ကြတော့ အဲမွန်လှုဖူးတဲ့ မြောက်ဥက္ကလာပက ရီမာပရဟိတကျောင်းကို ရွေးလိုက်ကြတယ်။ ရီမာပရဟိတကျောင်းက ဘာသာပေါင်းစုံ မိဘမဲ့ကလေးတွေကို စောင့်ရှောက်ပေးတယ်။ သူငယ်တန်းကနေ တက္ကသိုလ်တက်နေတဲ့သူတွေ ရှိတယ်။ ကိုယ်ပိုင်ပိုက်ဆံနဲ့ရပ်တည်နေပြီး အစိုးရဆီကအထောက်အပံ့ မရပါဘူး။ ဖေ့ဘွတ်မှာတင်လို့ လူသိလာပြီး ခုအလှုရှင်တွေ ပိုများလာတယ်။ ဆီ ၅ အိတ်၊ ဆီ ၂ ပုံး၊ ပိုက်ဆံ ၁ သိန်း၊ အိမွန်က ကလေးအရုပ်တအိတ်၊ မုန့်၊ အချိုရည် တနပ်စာလှုဖြစ်ပါတယ်။ ယုံကြည်ရာသီချင်းကို အားလုံအတူတူဆိုတဲ့အခါ ဝမ်းသာကြည်နူးစိတ်ကြောင့် မျက်ရည်ဝဲမိတယ်။ ကလေးတွေအိပ်တဲ့နေရာကို လိုက်ပြတော့ ငယ်တဲ့ကလေးတွေက တကုတင်မှာ နှစ်ယောက်အိပ်ရတယ်တဲ့။ ပိုက်ဆံများရှိလို့ကတော့ ဒီလိုတကယ်လိုအပ်တဲ့ နေရာတွေမှာ လှုချင်တယ်။ ကိုယ်တို့ပြန်တော့ နောက်ထပ်အလှုရှင်တဖွဲ့ လာတယ် အလှုရှင်တွေ များများလာပါစေ။ သုံးပန်းလှဆိုင်မှာ ထပ်စားကြတယ် ကိုယ်က လက်ဖက်ရည်သောက်တယ်။ ဟမ်မလေး ... လက်ဖက်ရည်ခွက်က သေးသေးလေး တငုံစာပဲရှိတယ်။ လက်ဖက်ရည်နှစ်ခွက် ပလာတာ၂ ချပ်လို့မှာတော့ စားပွဲထိုးက ပြုံးစိစိနဲ့ မခိုင်ပြောပြတုန်းက ကိုယ်လည်း ပြုံးစိစိ။ ဟုတ်ပါ့ လက်ဖက်ရည်က တငုံစာ ပလာတာက လက်ဖဝါးတခြမ်းစာ နှစ်ခွက်၊ နှစ်ချပ်စားမှဝမယ်။ အပြန် မြေနီကုန်း ဂါးဒင်းစားသောက်ဆိုင်မှာ ချပေးခဲ့တယ်။ ညနေ ၆ နာရီ NUS က သူငယ်ချင်းတွေနဲ့ဆုံဖို့ ချိန်းထားတာ ကိုယ်က ညနေ ၅ နာရီလောက်ကတည်းက စောရောက်နေတယ်။ ခြင်ကိုက်တယ် စာဖတ်၊ မျက်စိညောင်းရင် အိပ်ပြီးစောင့်။ ဘယ်သူငယ်ချင်းတွေနဲ့ ဆုံသလဲဆိုတာကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
ဇွန် ၂၊ ၂၀၁၉ ။

IDCS Section 13 သူငယ်ချင်းများ စုပေါင်းအလှု
မြောက်ဥက္ကလာ ရီမာပရဟိတကျောင်း
ယုံကြည်ရာသီချင်းကို လက်ခုပ်တီးပြီး သံပြိုင်သီဆိုကြတော့ ဝမ်းသာကြည်နူးစိတ်ကြောင့် မျက်ရည်ဝဲမိတယ်